အဖွားရောက်လာပြီ၊ အဖွားသွားပြီ
Vol. 6 Ch. 78
လုဝေမြို့တွင် ကျေးလက်တောရွာများက တက်လာသော ကျင့်ကြံသူတွေ ရှိသည်။ မြို့တွင်း၌ စာသင်ကျောင်းတော်များလည်း ရှိကာ ဤရှားပါးသော မြင်ကွင်းကို ကြည့်ရှုရန် လမ်းမပေါ်ထွက်နေကြသော စာပေ ပညာရှင် အများအပြားလည်း ရှိသည်။
လုဝေမြို့ရဲ့ ခေါင်းလောင်း မျှော်စင်အောက်မှာတော့ မီးခိုးရောင်အင်္ကျီ ဝတ်ထားတဲ့ ကြွက်တွေက ခေါင်းလောင်းမျှော်စင်ကို ဝိုင်းထားကြသည်။ ၎င်းတို့က ခေါင်းလောင်းမျှော်စင်ရှေ့ ဆယ်ပေကျော်လောက်အထိ ပိတ်ဆို့ထားခဲ့သည်။
ခေါင်းလောင်း မျှော်စင်ပေါ်တွင်။
တာအိုဘုန်းကြီးငယ်သည် ခေါင်းလောင်းအောက်တွင် ရပ်နေ၏။ မုတ်ဆိတ်ဖြူများရှိသော ကြွက်အိုတချို့က ရှေ့သို့ ထွက်လာကြကာ နတ်ကွန်းများကို ထုတ်လိုက်ကြသည်။ နတ်ကွန်းများထဲတွင် အထင်ကြီးဖွယ်ကောင်းသည့် သန္ဓေသားလေးများ ထိုင်နေကြတာ တွေ့ရပေသည်။
အသွင်အပြင်ကလွဲလို့ ကျန်တာတွေက လူသားတွေနဲ့ သိပ်မကွာပါဘူး။
ကြွက်အို: "တာအိုမိတ်ဆွေ.... ကျေးဇူးပြုပြီး အဘွားရဲ့ တာအိုနယ်မြေကနေ ထွက်သွားပေးပါ...!"
တာအိုဘုန်းကြီးငယ်က အေးစက်စွာ ဟစ်အော်ကာ သူတို့ကို မကြည့်ဘဲ ထိုင်ခုံပေါ်ရှိ အနက်ရောင်ရုပ်တုကိုသာ ကြည့်လိုက်သည်။
"အဘွားဟေးရှန်း... အရင်တစ်ခေါက်က မင်းရဲ့ တာအိုနယ်မြေကို ငါလာလိုက်လို့ မင်းက အားသာချက်ရှိတဲ့ နေရာကို သိမ်းပိုက်ပြီး ငါ့ကို အနိုင်ယူခဲ့တယ်... ဒါပေမယ့် ဒီတစ်ကြိမ်တော့ ငါ့နယ်မြေကို လာခဲ့တာ မင်းပဲ... အနိုင်အရှုံးက မသိရသေးပါဘူး...."
လုဝေမြို့က လူတွေကတော့ ခပ်ဝေးဝေးမှာ ပုန်းပြီး ဟိုကြည့်ဒီကြည့်နဲ့ စပ်စုနေကြသည်။ တာအိုဘုန်းကြီးငယ်ရဲ့ အသံကို ကြားရပေမယ့် လူကိုတော့ မမြင်နိုင်ကြပါဘူး။ သို့ရာတွင် သူတို့ကိုးကွယ်သော ကန့်ညောင်ကို လာမောင်းထုတ်နေတာကြောင့် ဒေါသထွက်ကာ စိတ်မသက်မသာ ဖြစ်လာသည်။
ထိုအရာများကို သာမာန်လူများတောင် လက်ခံနိုင်ရုံသာမက သည်းမခံနိုင်ကြပေ။ တောအရပ်သို့ ကြွလာသော ကျင့်ကြံသူက တီးတိုးဆိုလာသည်။
"ဒါက တောင်တွေကို ဖြိုချပြီး ဘုံကျောင်းတွေကို ဖြိုဖျက်တဲ့ကိစ္စပဲ... ပြောရရင် ကန့်ညောင်တွေကြားက ရန်ပွဲ... လူတွေ ဝင်စွက်ဖက်ခွင့် မရှိဘူး... ကျင့်ကြံသူတွေကလည်း ဒီကိစ္စမှာ ဝင်စွက်ဖက်နိုင်တာ မရှိသလောက်ပဲ... စောင့်ကြည့်ရအောင်"
တခြားကျင့်ကြံသူတွေကလည်း တူညီတဲ့ အကြံအစည်တွေ ရှိထားကြတော့ ဝင်မစွက်ဖက်ဘဲ စောင့်ကြည့်နေကြသည်။
ကျင့်ကြံသူ: "တောင်တွေကို ဖြိုဖျက်ပြီး ဘုံကျောင်းတွေကို ဖျက်ဆီးတာက အစတုန်းက ဘုရင်ကျန်းလက်ထက်က ဓလေ့တစ်ခုပဲ...ရှဲ့အဆင့် နတ်ဆိုးတွေ ကိုးကွယ်တဲ့ တောင်တွေ၊ ဆွေ့အဆင့် နတ်ဆိုးတွေ ကိုးကွယ်တဲ့ ဘုံကျောင်းတွေနဲ့ တောင်တွေကို တိုက်ခိုက်ဖို့၊ တစ်ဖက်ရဲ့ အုတ်မြစ်တွေကို ဖြိုဖျက်ပြီး နတ်ဆိုးတွေကို သတ်ပစ်တာ... ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ လူတွေရဲ့ နှလုံးသားကို တိုက်ခိုက်ဖို့ ကန့်ညောင်တွေက တွန်းအားပေးနေကြပြီ"
ရွာနှစ်ရွာမှ ကန့်ညောင်များက ရံဖန်ရံခါ ကတောက်ကဆ ဖြစ်တတ်သည်။ ပြီးရင်တော့ ကန့်ညောင်နှစ်ပါး အချင်းချင်း သတ်ဖြတ်၍ သုတ်သင်ကြကုန်၏၊
ဥပမာအားဖြင့် လုဝေမြို့မှ တာအိုဘုန်းကြီးငယ်သည် မဟူရာတောင်သို့ သွား၍ အဘွားဟေးရှန်းရဲ့ ဘုံကျောင်းကို တိုက်ခိုက်ပြီး အဘွားဟေးရှန်းရဲ့ အစစ်အမှန်ပုံစံကို ဖျက်ဆီးရန် ကြိုးစားခဲ့သည်။
အဘွားဟေးရှန်းကလည်း အခု နယ်စပ်ကိုဖြတ်၍ သူ့လူများကို သတ်ရန် လာခဲ့ပြီ။ တာအိုဘုန်းကြီးငယ် အတွက်ကတော့ သူဟာ လုဝေမြို့ရဲ့ ကန့်ညောင် ဖြစ်သောကြောင့် ဤလူများအတွက် တရားမျှတမှုကို ရှာရမည်ဟု ချန်ရှီက ပြောခဲ့သည်။
"ဆရာ... အဘွားဟေးရှန်းက ဘယ်သူလဲ"
တာအိုကျင့်ကြံသူ ဘေးက လူငယ်က မေးလိုက်သည်။
ကျင့်ကြံသူ:"သူမက ကဲပိခရိုင်မှာရှိတဲ့ မဟူရာတောင်က ကန့်ညောင်... တချို့က နတ်ဆိုးလို့ခေါ်တယ် ဒါပေမယ့် မဟူရာတောင်ကို ဖြတ်သွားတိုင်း နံ့သာတိုင်ပူဇော်ဖို့ အဘွားဟေးရှန်းရဲ့ ဘုံကျောင်းကို သွားရမယ်... မဟုတ်ရင် မင်းအန္တရာယ်ကြုံလိမ့်မယ်"
ဒီလိုပြောပြီးတာနဲ့ ခေါင်းလောင်းမျှော်စင်ပေါ်က တာအိုဘုန်းကြီးငယ်က လက်ကို မြှောက်လိုက်သည်။ ခေါင်းလောင်းမျှော်စင်မှာ ချိတ်ဆွဲထားတဲ့ ကြေးနီခေါင်းလောင်း တစ်ထောင်က ချိတ်တွေပေါ်ကနေ ပြုတ်ကျလာ၏။ ၎င်းတို့က တဆတ်ဆတ် တုန်ကာ လှည့်ပတ်ပြေးရင်း အဘွားဟေးရှန်းရဲ့ ထိုင်ခုံကြီးထဲကို ပြုတ်ကျသွားပါတော့သည်။
ဤထိုးနှက်ချက်သည် ကြီးကျယ်ခမ်းနားလွန်းသဖြင့် နာရီစင်အောက်ရှိ တိုက်ပွဲကို စောင့်ကြည့်နေသည့် လူများအားလုံး လျှို့ဝှက်စွာ ချီးမွမ်းလိုက်ကြသည်။
"လုဝေမြို့ရဲ့ ကန့်ညောင်ကလည်း အရမ်း အစွမ်းထက်တာပဲ...!"
ထိုအချိန်တွင်၊ မုတ်ဆိတ်ဖြူ ကြွက်အိုကြီးများ အားလုံးကလည်း ၎င်းတို့၏ နတ်ကွန်းအသီးသီးရှိ နတ်သန္ဓေသားလေးများရဲ့ ပါးစပ်ကို ဖွင့်လိုက်ကြသည်။ ရွှေအမြုတေများက နတ်သန္ဓေသား၏ ပါးစပ်ထဲမှ ပြေးထွက်လာကြ၏။ ၎င်းတို့က ရှဲ့အငွေ့အသက်များကို သယ်ဆောင်လာခဲ့ရာ တာအိုဘုန်းကြီးငယ်လေး ပစ်လွှတ်လိုက်သော ခေါင်းလောင်းတောင်မှ ပျက်စီးသွားခဲ့သည်။
ဝုန်း!
ကြေးခေါင်းလောင်းကြီး ရွှေအမြုတေများနဲ့ တိုက်မိသွားချိန် ရွှေရောင်အဆင်းရှိပြီး ရာနှင့်ချီသော စာလုံးများကို ခေါင်းလောင်းနံရံ အောက်တွင် ဖျတ်ခနဲ မြင်ရသည်။ ခေါင်းလောင်းသံ တုန်ခါသွားစဥ် မုတ်ဆိတ်ဖြူနှင့် ကြွက်အိုကြီးများက အော်ဟစ်လိုက်သော်လည်း ခေါင်းလောင်းကြီးကို ပိတ်ဆို့ထားဆဲ ဖြစ်သည်။
ရုတ်တရက် တာအိုဘုန်းကြီးငယ်က ပျံတက်သွားပြီး ခေါင်းလောင်း နံရံအောက်တွင် နေရာယူလိုက်သည်။ ရာနှင့်ချီသော စကားလုံးများကို ကြေးနီခေါင်းလောင်းပေါ်တွင် ရိုက်နှိပ်လိုက်ရာ ကျယ်လောင်သော အသံနှင့်အတူ နတ်အလင်းရောင်များ အဖြစ်သို့ ပြောင်းလဲသွားသည်။
မုတ်ဆိတ်ဖြူနှင့် ကြွက်အိုမျာလည်း ထိတ်လန့်တုန်လှုပ်သွားကာ ၎င်းတို့၏ ရွှေအမြုတေများကို အမြန် ပြန်သိမ်းပစ်ခဲ့သည်။ ဒီခေါင်းလောင်းသည် နှစ်ထောင်ပေါင်းများစွာ မကွဲဘဲ ခိုင်ခံ့နေခဲ့သည်။ ၎င်းက ရွာသူရွာသားများ၏ ပူဇော်သက္ကာအောက်တွင် ဝိညာဉ် မွေးဖွားလာခဲ့တာမလို့ အသေးအဖွဲ့ မဟုတ်ပါ။
တာအို ဘုန်းကြီးငယ်လေးက ကျယ်လောင်စွာ အော်ငေါက်ပြီး အဘွားဟေးရှန်းရဲ့ ပုလ္လင် ထိုင်ခုံကြီးဆီသို့ ပြေးသွားခဲ့သည်။
အလွန်အစွမ်းထက်သော ဤကြွက်အိုများက ကျင့်ကြံနည်းကို သင်ယူထားကြသည်။ သို့သော် ၎င်းတို့သည် လရောင်ကို စုပ်ယူကာ နတ်ဆိုးစွမ်းအင်ကို စုဆောင်ထားတာမို့ မကောင်းဆိုးဝါး စွမ်းအင်များကို သန့်စင်ပေးသည့် အစွမ်းရှိသော်လည်း ၎င်းတို့က ကန့်ညောင်နောက်တွင် ရှိနေသေးသည်။
ခေါင်းလောင်းက လှည့်နေချိန် ခေါင်းလောင်းနံရံ အပြင်ဘက်ရှိ စကားလုံး ရာပေါင်းများစွာဖြင့် ရေးထားသည့် စာလုံးများသည်လည်း ခေါင်းလောင်းပုံသဏ္ဌာန် လှည့်ပတ်ကာ ကြီးမားသော စွမ်းအားဖြင့် ပုလ္လင်ထိုင်ခုံပေါ်သို့ ပျက်ကျသွားသည်။
ဒီမြင်ကွင်းသည် မြို့သူမြို့သား အများအပြားကို တအံ့တသြ စိုက်ကြည့်သွားစေခဲ့သည်။
"ကျေးလက်မှာ တကယ်ကောင်းတဲ့ အရာတွေ ရှိနေတာပဲ!"
ကျင့်ကြံသူတစ်ယောက်: "ဒီခေါင်းလောင်းက ရှေးခေတ်က ကျန်ခဲ့တဲ့ မှော်လက်နက်အစစ်ပဲ...သက်တမ်းရင့်ပြီး အရမ်း အစွမ်းထက်တယ်... ကျေးလက်က မသိနားမလည်သူတွေဆီမှာ စတေးခံနေရတာ... သနားစရာပဲ"
တခြားလူတွေကလည်း ဒါကို ကောင်းကောင်း သဘောပေါက်ကြသည်။
ဤကြေးခေါင်းလောင်းကြီး မုတ်ဆိတ်ဖြူ ကြွက်အိုများကို တွန်းလှန်နိုင်ခဲ့ခြင်းမှာ နှစ်ပေါင်းများစွာ အမွှေးတိုင်ကရသော ကုသိုလ်တော် စွမ်းအားကြောင့် မဟုတ်ပေ။ အကြောင်းရင်းမှာ ၎င်း၏ကိုယ်ပိုင် စွမ်းအားသည် ထူးထူးခြားခြား ဖြစ်နေတာကြောင့်ပါပဲ။
ကြေးခေါင်းလောင်းကြီးသည် ဝိညာဉ်မရှိသလို ဝိညာဉ်အသွင်အပြင် မရှိပေ။ ထို့ကြောင့် ယင်းက အလွန်အရေးကြီးသော ရတနာတစ်ခု ဆိုတာ သေချာပါသည်။
ကြွက်များ၏ နောက်တွင် ကြေးခေါင်းလောင်းကြောင့် ဖြစ်ပေါ်လာသော လေလှိုင်းကြီးကြောင့် ကုလားထိုင်ကြီး၏ ကန့်လန့်ကာကို မြှောက်လိုက်ရာ ထိုင်ခုံပေါ်ရှိ လူမည်းရုပ်တု၏ ပုံစံအစစ်အမှန်က ပေါ်ထွက်လာခဲ့သည်။
အနက်ရောင်ရုပ်တုသည် အမျိုးသမီးရုပ်တု ဖြစ်ပြီး ကြင်နာတတ်သော အဘွားအိုပုံစံ ဖြစ်ပါသည်။ သူမက ချစ်ကြင်နာစွာ ပြုံးပြနေလျက် လက်ချောင်းများပေါ်တွင် ပန်းပွင့်များ ကိုင်ဆောင်ထားသည်။
သို့သော် နောက်အခိုက်အတန့်တွင် ရုပ်တုမျက်နှာသည် အောက်ခြေမရှိသော တွင်းနက်တစ်ခုလို အတွင်းပိုင်းက နစ်မြုပ်သွားတာ မြင်တွေ့လာရသည်။ တွင်းနက်အစွန်းက သွားဖုံးအလွှာများတွင်တော့ စပါးစေ့အရွယ် သွားများ ရှိလေသည်။
ခေါင်းလောင်းကြီးသည် အနက်ရောင် ရုပ်ထုဆီသို့ နီးကပ်လေလေ သေးငယ်လာလေ ဖြစ်၏။ ထိုခေါင်းလောင်းက တာအိုဘုန်းကြီးငယ်နှင့်အတူ အနက်ရောင်ရုပ်ထု၏ မျက်နှာပေါ်ရှိ တွင်းနက်ထဲသို့ စိမ့်ဝင်သွားတော့သည်။
အနက်ရောင်ရုပ်တုသည် တာအိုဘုန်းကြီးငယ်နှင့် ခေါင်းလောင်းကြီးအား မျိုချလိုက်ပြီးသောအခါ မရေမတွက်နိုင်သော သွားများက အပြင်ဘက်သို့ လှည့်ထွက်သွားကာ တစ်ဖန် ပြန်ဝင်သွား၏။ ၎င်း၏မျက်နှာသည် ပုံမှန်အတိုင်း ကြင်နာတတ်သော အဘွားအိုတစ်ဦးလို ပြန်ဖြစ်သွားသည်။
လုဝေမြို့မှ ကျင့်ကြံသူများ အံ့အားသင့်သွားခဲ့ကြသည်။ အားလုံးလိုလို ဦးရေပြားများ ထုံကျင်လာကာ ကျောကုန်းတစ်လျှောက်လုံးကို အေးစက်သော ချွေးများ စီးကျသွားတာ ခံစားခဲ့ရသည်။
အဘွားဟေးရှန်းက တကယ်ကို အစွမ်းထက်လွန်းတာပဲ။
မီးခိုးရောင်ဝတ် ကြွက်လူတစ်စုက ပုလ္လင်ကြီးကို ဖြည်းဖြည်းချင်း ချလိုက်သည်။ ထိုစဥ် မီးခိုးရောင်ဝတ် ကြွက်တစ်ကောင်က ရှေ့ထွက်လာပြီး။
"အဖွားအတွက် နန်းတော် ဆောက်ဖို့ အခုမှစပြီး နေ့ရောညပါ အလုပ်လုပ်ရမယ်... လူတိုင်း ဒီအမိန့်ကို နာခံရမယ်!"
ရှည်လျားသော ကြာပွတ်ကို ကိုင်ဆောင်ထားသော မီးခိုးရောင်ဝတ် ကြွက်တွေက လူများကို ဘုံကျောင်း တည်ဆောက်ပေးဖို့ ခေါ်ထုတ်သွားကြသည်။ ကြွက်တစ်ကောင်က ပုလ္လင်ရှေ့မှာ ဦးညွှတ်နေ၏။
"အဘွား....ချန်ရှီဆိုတဲ့ ကလေးငယ်ကို သတ်ဖို့ ကျွန်တော်တို့ ရာဇသံပေးလိုက်ပါပြီ"
ထိုစဥ် ဘုံကျောင်းထဲမှ ကြင်ကြင်နာနာ ရှိသော အသံတစ်ခု ထွက်ပေါ်လာ၏။
"ကန့်ညောင် တစ်ယောက်အနေနဲ့ ကတိကို ဖောက်ဖျက်လို့ မရဘူး...ငါက မနက်ဖြန် သေစေချင်ရင် သူ မနက်ဖြန်မှာ သေရမယ်... ဒီည သန်းခေါင်ကျော်ရင် အဘွား သူ့ကို သွားသတ်ပစ်မယ်"
.......
ချန်ရှီ ဟွမ်ဖောရွာကို ပြန်ရောက်တဲ့အခါ နောက်ကျနေပြီ။ ဟေးဟော်က စားပြီးပြီ။ သူ အိမ်ထဲ ဝင်သွားတော့ ဟေးကော်က ပန်းကန်ဆေးပေးနေကာ မီးမငြိမ်းသေးတဲ့ အိုးအောက်မှာလည်း ထင်းကျန်နေသေးသည်။
ချန်ရှီမှာ ဟေးကော်ရဲ့ ထူးဆန်းမှုများကို ကျင့်သားရနေပါပြီ။
"ဟေးကော် မင်းအရင် ထည့်ထားလိုက်... ငါရှင်းလိုက်မယ် ငါခဏနေမှ ဆေးကျိုလိုက်မယ်"
ဟေးကော်က သူ့ဆီလာပြီး လေးနက်တဲ့မျက်နှာနဲ့ အသံပေး၏။
"ဝူး ဝူး ဝူး"
ချန်ရှီဟာ သူ့စာအုပ်သေတ္တာကို ချလိုက်ပြီး အိုးနဲ့ ပန်းကန်တွေကို ဆေးဖို့ ထသွားလိုက်သည်။
"ဟင်းချက်ပြီးပြီလား... ဟင်း ၃ ခွက်တောင်ပေါ့... ဒါပေါ့ ငါ့မှာ ယုံကြည်ချက်ရှိတယ်... အခုငါ့ဆီကို အဘွားဟေးရှန်း ရောက်လာရင် အလာပဲရှိမယ် အပြန်တော့ ဘယ်တော့မှ မရှိစေရဘူး"
"ဝုတ်!"
"စိတ်မပူပါနဲ့ ငါရန်သူကို လျှော့တွက်မှာ မဟုတ်ဘူး"
"ဝုတ်..."
"ကောင်းပြီ... မင်းက ငါ့အဘိုးထက် အမ် ငါ့အဖိုးနဲ့ ပိုတူတယ်!"
……
အချိန်သည် မသိလိုက်ဘဲ ကုန်ဆုံးသွား၏။ လရောင်အောက်တွင် အမှောင်ထုများက တဖြည်းဖြည်း ဝင်ရောက်လာကာ မကြာမီ သူတို့သည် ဟွမ်ဖောရွာ အပြင်ဘက်သို့ ရောက်ရှိလာသည်။ ရွာလယ်ရှိ ရှေးဟောင်းသစ်ပင်ပေါ်တွင် အသက်၁၈နှစ်အရွယ် မိန်းကလေးသည် ရုတ်တရက် နိုးကြားလာပြီး ရှေးဟောင်းသစ်ပင်၏ အကိုင်းအခက်များကို အမှောင်ထုဆီသို့ မရည်ရွယ်ဘဲ ရွှေ့လိုက်သည်။
ရုတ်တရက် အကိုင်းအခက်များ လျင်မြန်စွာ ညှိုးနွမ်းသွားကာ မျက်စိတစ်မှိတ် အတွင်းမှာပင် ရှေးဟောင်းသစ်ပင်၏ အကိုင်းအခက်များအားလုံး ညှိုးနွမ်းပျက်စီးကာ ပြိုလဲသွားခဲ့သည်။
ကောင်မလေး လန့်သွားသည်။
သူမ သစ်ပင်အိုပေါ်မှ အမြန်ခုန်ဆင်းကာ ချန်ရှီအိမ်သို့ ပြေးသွားခဲ့သည်။
ဒါက အလေ့အထတစ်ခုပဲ။
ချန်ရှီအိမ်သည် သူမအတွက် လျှို့ဝှက်ဆန်းကြယ်သော နယ်မြေတစ်ခု ဖြစ်နေခဲ့တာ အချိန်အတော် ကြာခဲ့ပါပြီ။ သူမစွမ်းအားက နည်းသည်။ ယခုအခါ အန္တရာယ် ကျရောက်နေပြီ ဖြစ်သောကြောင့် မစဉ်းစားဘဲ ချန်ရှီအိမ်ထဲတွင် ဝင်ပုန်းနေခဲ့သည်။
ဟေးကော်က လရောင်ကွယ်နေသော ထောင့်စွန်းတွင် အိပ်နေ၏။ မိန်းကလေးက ချန်ရှီရဲ့ အခန်းတံခါးကိုဖြတ်၍ ချန်ရှီအိပ်ခန်းထဲသို့ ဝင်လာစဉ် တိတ်ဆိတ်စွာသာ ကြည့်နေခဲ့သည်။
ချန်ရှီက အိပ်နေတုန်းပါပဲ။ စောင်က ရုတ်တရက် ဖောင်းတက်လာပေမယ့် သတိမထားမိပေ။ မိန်းကလေးက သူ့စောင်ထဲ ဝင်ပုန်းနေ၏။ ဟေးကော်က သူ့အမြီးကိုသာ ခါယမ်းပြီး မမြင်ချင်ယောင်ဆောင်ထားသည်။
ထိုအချိန်တွင် မမြင်နိုင်သော တွန်းအားတစ်ခုကြောင့် တံခါးတုံးက ကျိုးသွားကာ ဝင်းတံခါးက ရုတ်တရက် ပွင့်သွားသည်။ အနက်ရောင်စကတ်ရှည်ကို သယ်ဆောင်လာတဲ့ အရိပ်တစ်ခုက အမှောင်ထုနှင့်အတူ ဝင်းထဲသို့ ဖြည်းညှင်းစွာ ဝင်လာခဲ့သည်။
အနက်ရောင်အရိပ်က အမှောင်ထဲတွင် လဲလျောင်းနေသော ခွေးလေးကို ငုံ့ကြည့်လိုက်ပြီး သူ့အကြည့်ကိ ပင်မအခန်းရှိ ချန်ရှီဆီသို့ တိုက်ရိုက် ရွှေ့သွားခဲ့သည်။ ဟေးကော် သူ့ခေါင်းကို လျှို့ဝှက်စွာ မြှောက်လိုက်သည်နှင့် ရုတ်တရက် အနက်ရောင် အရိပ်က ပြန်လှည့်လာသည်။
ခွေးက မှောင်ရိပ်ထဲမှာ လဲလျောင်းနေတုန်းပါပဲ။ ၎င်းက နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေ၏။ ထိုစဥ် အနက်ရောင် အရိပ်သည် ချန်ရှီ၏ အခန်းထဲသို့ ပုံစံမဲ့ အမှောင်များ စီးဆင်းသွားသကဲ့သို့ လှည့်ဝင်သွားသည်။
ချန်ရှီ အိပ်မက်လှလှလေး မက်နေခဲ့သည်။ အိမ်မက်ထဲမှာတော့ အဖိုးဖြစ်သူ ချန်ယင်တုက အသက်ပြန်ရှင်လာတယ်လို့ မက်နေကာ ငရဲဘုရင်အား သူ့မြေးကို ပြုစုစောင့်ရှောက်ဖို့ အထက်ကမ္ဘာကို ပြန်ဖို့ ခွင့်တောင်းနေခဲ့သည်။
ထို့နောက် သူ စာမေးပွဲအောင်ပြီး ရွာကိုပြန်လာတော့ ရွာက ယွိကျူရဲ့အဘွား၊ အဘွားယွိသည် လူကြီးမင်းကို ကြောက်လွန်းလို့ မြေပြင်ပေါ်မှာ ဒူးထောက်ထိုင်နေရလေသည်။
ယွိကျူ ကြီးပြင်းလာချိန်မှာတော့ သူမဟာ ကျင်းဟုန်ရိနဲ့ အရွယ်တူတဲ့ မိန်းကလေးဖြစ်လာသည်။ သူမဟာ လူကြီးမင်းတစ်ယောက်ရဲ့ ရင်ခွင်ထဲကို တိုးဝင်သွားပြီး လင်မယားလို အမူအရာမျိုး ပြုလုပ်နေသည်။
"သခင်ကြီးကျွိရန်.... မင်းက ငါ့မြေးကောင်းကို သတ်ပစ်လိုက်တယ်.... မင်းရဲ့ အချိန်တွေ ကုန်သွားပြီ... မင်းအသက်နဲ့ ပေးဆပ်ရမယ်!"
ချန်ရှီရဲ့ အိပ်မက်လှလှလေးက ရုတ်တရက် အလွန်အမင်း မှောင်မိုက်သွားသော်လည်း မှောင်မိုက်သော အိပ်မက်ထဲတွင် သူသည် အလင်းထဲက တစ်ဦးတည်းသော လူလိုမျိုး အမှောင်ထုထဲ၌ ရပ်နေ၏။ အမှောင်ထဲတွင် သေးငယ်သော အလင်းမှုန်များ ရှိနေသလိုပါပဲ။
"အဘွားဟေးရှန်း?"
ချန်ရှီ ထိတ်လန့်သွားသည်။
"အဘွားဟေးရှန်း... ခင်ဗျားက ခင်ဗျား လက်အောက်က ကြွက်တွေကို လူတွေဒုက္ခရောက်အောင် လွှတ်ထားတယ်....ကျွန်တော် သူတို့ကို သတ်လိုက်တာက အပြစ်မဟုတ်ဘူးလေ... အခု ကျွန်တော့်အိမ်မက်ထဲကို ဖောက်ဝင်လာတယ်ပေါ့... ကျွန်တော် နိုးသွားရင် ခင်ဗျား ဘာမှ မလုပ်နိုင်ပါဘူး!"
"မင်း မနိုးနိုင်တော့ပါဘူး!"
အမှောင်ထဲတွင် ဆန်စေ့နှင့်တူသော အလင်းတန်းများသည် ပြုံးနေသကဲ့သို့ တုန်ခါသွားကာ ချန်ရှီကို ဝိုင်းထားကြသည်။ အဘွားဟေးရှန်းရဲ့ အလွန်မာနကြီးနေတဲ့ အသံက ထပ်ထွက်လာသည်။
"မင်း အဘွားရဲ့ ပါးစပ်ထဲ ကျသွားပါပြီ... ဒါတောင် မင်းက နိုးချင်သေးတာလား... ဒါက ဘာလဲ၊ ဒါက ဘာလဲ... မင်း အိပ်မက်ထဲမှာ ဘာဖွက်ထားတာလဲ"
သူမ၏ အသံသည် အလွန်ကြောက်စရာကောင်းသော အရာတစ်ခုကို ကြုံတွေ့ခဲ့ရသလို အော်ဟစ်နေတော့သည်။ မကြာသေးမီက သူမသည် မာနကြီးသော နတ်ဆိုးတစ်ကောင်လို ဖြစ်နေသော်လည်း ယခုအခါတွင် သူ့အဝတ်အစားများကို အချွတ်ခံရမှာ ကြောက်နေသည့် ကလေးမလေးတစ်ယောက်လို ဖြစ်နေသည်။
"မင်း အိပ်မက်ထဲမှာ ဘာတွေ ပုန်းနေတာလဲ... ငါ့ကို ကယ်ပါ မြန်မြန် ကယ်ကြပါ!"
သူမသည် ကျယ်လောင်တဲ့ အော်သံကို ထုတ်လိုက်ပြီးနောက် ချန်ရှီ အိပ်မက်ထဲက အမှောင်ထုသည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ ချန်ရှီသည် အဘွားဟေးရှန်းကို အမှောင်ထဲသို့ ဆွဲငင်သွားပုံရတဲ့ အရာနဲ့ သွယ်လျသော နီမြန်းသော လျှာဖြင့် သူမလည်ပင်းကို ပတ်ထားတာ တွေ့လိုက်ရသည်။
"ကူညီကြပါဦး!"
အမှောင်ထုထဲတွင် စူးစူးရှရှ အော်သံတစ်ခု ထွက်ပေါ်လာ၏။ အမှောင်ထဲမှ ထွက်လာသော အရာကတော့ ပိန်လှီသော အမည်းရောင်လက်တစ်စုံ ဖြစ်ကာ အဘွားဟေးရှန်းကို ဖြစ်သလိုလေး ဆုပ်ကိုင်ထားသည်။
ချန်ရှီ အံ့သြတုန်လှုပ်သွားပြီး ချွေးတွေနဲ့ အိပ်မက်ဆိုးကနေ ရုတ်တရက် လန့်နိုးသွားသည်။ အသက်ပြင်းပြင်း ရှူနေတုန်း တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရတာမို့ စောင်ကို အမြန်ဖွင့်ကာ အောက်ကိုငုံ့ကြည့်လိုက်ရာ သူ့ဘေးနားတွင် နာခံမှုရှိစွာ လှဲလျောင်းနေသော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။
သူ့ကိုမြင်တော့ ကောင်မလေးက တောက်ပတဲ့ မျက်လုံးတွေကို မှိတ်ထားလိုက်ပေမယ့် သူမမှာ လက်မောင်းတွေ မရှိပေ။ ဟွမ်ဖောရွာရဲ့ ကန့်ညောင်ပဲ။
"မင်းဘာလို့ ငါ့အိပ်ရာထဲကို ဝင်လာတာလဲ"
ချန်ရှီ စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
ကောင်မလေး: “အိပ်တဲ့အခါ ဘာအဝတ်အစားမှ မဝတ်တာလဲ”
"ငါ အိပ်တဲ့အခါ အဝတ်လဲမဝတ်တတ်ဘူး... ခဏနေဦး... မင်းက ဘာလို့ ငါ့အိပ်ရာပေါ် လာတက်နေတာလဲ... မြန်မြန်ထွက်သွား... သွား!"
ချန်ရှီ ကောင်မလေးကို မောင်းထုတ်ပြီး ပြတင်းပေါက်နားမှာ ထိုင်ရင်း အိပ်မက်ကို တွေးနေလိုက်သည်။
"ငါအဲဒါကို နေ့တိုင်း တွေးပြီး အိပ်လိုက်လို့ အိပ်မက်ထဲ ရောက်လာတာလား... ငါ အဘွားဟေးရှန်းကို အရမ်းကြောက်နေလို အိပ်မက်မက်နေတာလား"
ဟွမ်ဖောရွာ အပြင်ဘက်တွင်တော့ အဘွားရှားသည် သိုးဦးချိုမီးအိမ်ကို ကိုင်ဆောင်ကာ ရွာလယ်ရှိ ချန်ရှီရဲ့အိမ်ကို လှမ်းကြည့်နေသည်။ တောင်ဆိတ်တစ်ကောင်က သူမအနောက်မှ ထွက်လာကာ ခေါင်းခါပြသည်။
"အဘွားကြီး... အဲဒါ အသုံးမဝင်ဘူး... အဘွားဟေးရှန်း ဆိုတာ အားနည်းတဲ့ နတ်ဆိုးတစ်ကောင်ပဲ... ချန်ရှီရဲ့ အဆင့်ကို ယှဥ်လို့ မရဘူး"
မုတ်ဆိတ်မွေးနဲ့ အဘိုးကြီးတစ်ယောက်က တစ်ဖက်က ထွက်လာပြီး ဝင်ပြောသည်။
"အဘွားဟေးရှန်းက ဒီနယ်မြေမှာ အပြင်းထန်ဆုံး ဆွေ့အဆင့် နတ်ဆိုးဖြစ်နေပြီ....ချန်ရှီ ကိုယ်ထဲက နတ်ဆိုးအဆင့်က ဘယ်လောက်တောင် မြင့်နေတာလဲ"