ချန်ရှီ တောင်ကို ဖြိုချနေပြီ
Vol. 6 Ch. 80
ချန်ရှီသည် စားသောက်ဆိုင် တစ်ဆိုင်တွင် ကြုံရာကျပန်း နေရာရှာဖွေပြီး ဟေးကော်နှင့် အတူ စားသောက်လိုက်သည်။ ထို့နောက် ဈေးထဲသို့သွားကာ သံဦးထုပ်နှစ်လုံး ဝယ်သည်။ တစ်လုံးကို သူ့ဘာသာ စောင်းထားကာ တစ်လုံးကိုတော့ ဟေးကော်ခေါင်းပေါ်တွင် တင်ထားပေးသည်။ ဒီလိုဆို ကြွက်အမြီး လာထိလည်း စိတ်ပူစရာ မလိုတော့ပေ။
ခရိုင်အတွင်း ရောင်းချသော ဦးထုပ်များက စစ်တပ်ထဲတွင် အမှုထမ်းသော ကျင့်ကြံသူတွေ ဝတ်ဆင်တတ်ကြပြီး ဦးထုပ်အတွင်းဘက်တွင် ချပ်ဝတ်တန်ဆာ ခြောက်ခုပင် ပါရှိသေးသည်။
အဘွားဟေးရှန်းရဲ့ ဘုံကျောင်း တည်နေရာကို မေးမြန်းခဲ့ရာ ခရိုင်မြို့မှ မိုင် ၂၀ ကျော်သာဝေးပြီး အလယ်မှာ တဲကျန်းမြစ်က ခြားထားပေမယ့် သိပ်မဝေးလှပေ။
"အဘွားဟေးရှန်းရဲ့ မှော်စွမ်းအားက တာအို ဘုန်းကြီးလေးထက် အဆပေါင်းများစွာ ပိုပြင်းထန်တယ်... တာအိုဘုန်းကြီးလေးရဲ့ မှော်အစွမ်းက ငါ့ထက် အများကြီးသာတယ်... သူ့ မှော်အစွမ်းကို ချိုးဖျက်ဖို့ နည်းလမ်း အရင်ရှာရမယ်!"
သူသည် ဘုံကျောင်းကို သွားဖြိုချဖို့ အလျင်စလိုမလုပ်ဘဲ အမွှေးတိုင်အနည်းငယ်နှင့် ထူးခြားသော တိရိစ္ဆာန်အသားနှစ်ကျင်ကို ဝယ်ယူကာ ဟေးကော်နဲ့အတူ ချန်ယန်တောင်သို့ ပြန်လာခဲ့သည်။ ပထမဆုံး တောင်တန်းအရှင်ဘုံကျောင်းသို့ ပြန်သွားရမည်။
အဘွားဟေးရှန်းအတွက် အမွှေးတိုင်များကို အနီးနားရှိ လူများက ပူဇော်ကြပြီး နှစ်သစ်ကူးကာလတွင် ယောက်ျားလေးများနှင့် မိန်းကလေးများကိုလည်း စားသုံးတတ်သေးသည်။ ထူးကဲသော စွမ်းအားများဖြင့် ဖွဲ့စည်းထားသော အစီအရင်ကို ချိုးဖျက်ရန် အကောင်းဆုံး နည်းလမ်းမှာ အဲဒါတွေထက် သာလွန်တဲ့ တန်ခိုးရှိ ရတနာများကို သုံးဖို့ပဲ ဖြစ်သည်။
ချန်ရှီ လက်ရှိ တွေးနိုင်တဲ့ တစ်ခုတည်းသော နေရာကတော့ တောင်တန်းအရှင်ဘုံကျောင်းပါပဲ။ အနှီဘုံကျောင်းက သူမြင်ဖူးသမျှထဲတွင် အထူးခြားဆုံး စွမ်းအားများရှိသည့် နေရာဖြစ်သည်။
ချန်ရှီရဲ့ ပထမဆုံး စိတ်ကူးမှာ အမွှေးတိုင် ထွန်းညှိရန်အတွက် ကြေးမီးဖိုဆီ သွားရန် ဖြစ်သည်။
ဘုံကျောင်းထဲတွင် ကြေးနီမီးဖို နှစ်လုံးရှိသည်။ တစ်လုံးမှာ အလျားတစ်ပေ၊ အမြင့်ငါးပေနှင့် အနံသုံးပေရှိသော စတုဂံပုံသဏ္ဌာန်ရှိသော မီးဖိုတစ်ခုဖြစ်သည်။ နောက်တစ်လုံးမှာ အောက်ခြေတွင် ကြေးနီလိပ်ထိုင်ရန် ထိုင်ခုံတစ်ခု၊ အပေါ်က ကြေးနီလိပ်နှင့် လိပ်နောက်ဘက်တွင် လုံးဝန်းသော အမွှေးတိုင်ထွန်းရမယ့် မီးဖိုတစ်ခုပါသည်။
ချန်ရှီသည် ဤကြေးနီနံ့သာပေါင်း မီးဖိုနှစ်ခုကို သန့်ရှင်းရေး လုပ်နေသောအခါ မီးဖိုထဲတွင် ထူထပ်သော နံ့သာပြာများ စုပုံနေတာ တွေ့လိုက်သည်။ တောင်တန်းအရှင်ဘုံကျောင်းတွင် ယခင်က အမွှေးတိုင်များကို မီးရှို့ပြီး ကိုးကွယ်ရန်အတွက် ဤနေရာကို လူတွေအများကြီး လာဖူးကြပေလိမ့်မည်။
ကြေးနီမီးဖိုနှစ်ခုရဲ့ နံရံတွေထဲကိုတောင် အမွှေးနံ့သာ ရနံ့များက စိမ့်ဝင်နေပြီး ထူးကဲသော စွမ်းအားများစွာလည်း ထွက်ပေါ်နေသည်။ ယခုအချိန်တွင်ပင် နံ့သာပေါင်းမီးဖိုမှ ထူးကဲသော စွမ်းအားများ စီးဆင်းနေသေး၏။
ချန်ရှီ ခဏလောက် စဉ်းစားပြီး ကြေးမီးဖိုကို ယူမယ့်အစား ပင်မခန်းမထဲကို ဝင်သွားလိုက်သည်။ ပင်မခန်းမရှေ့တွင် တိုင်လေးတိုင်ရှိပြီး တိုင်တွေပေါ်က ကျောက်နဂါးကြီးများက တစ်ယောက်ယောက် သန့်ရှင်းပေးထားသလို တောက်ပြောင်နေပါသည်။
ဤတိုင်လေးခုတွင် ပါရှိသော ထူးကဲသောစွမ်းအားသည် အလွန်အံ့အားသင့်စရာ ကောင်း၏။ ဤနေရာမှ ကျောက်နဂါးများသည် အသွင်ပြောင်းရန် ခြေတစ်လှမ်းသာ လိုတော့တဲ့ အငွေ့အသက်တွေတောင် ရနေသေးသည်။
တိုင်ကိုယူသွားလျှင် အဘွားဟေးရှန်းရဲ့ မှော်စွမ်းအားကို ချိုးဖျက်နိုင်လောက်သည်။
"ဒါပေမဲ့ အမွှေးတိုင်တွေ နဲ့ တိုင်တွေက ထူးထူးခြားခြား အစွမ်းထက်ဆုံး ရတနာတွေတော့ မဟုတ်သေးဘူး... တန်ခိုးအကြီးဆုံးတွေက ခန်းမထဲမှာပဲ ရှိနေလောက်တယ်!"
ချန်ရှီ တံခါးကိုဖွင့်ပြီး ပင်မခန်းမထဲသို့ ၀င်သွားသည်။ ခန်းမကြီးမှာဆို ထူးကဲသော စွမ်းအားသည် အပြင်းထန်ဆုံး ဖြစ်၏။ ချန်ရှီဟာ တစ်စုံတစ်ခု ဖြစ်ပေါ်လာခဲ့သလိုမျိုး သူ့ရှေ့က နတ်ကွန်းကို အလိုအလျောက် ကြည့်လိုက်မိသည်။ ပတ်ပတ်လည်ကို ကြည့်ပြီးနောက် သူ့မျက်လုံးတွေက ဗလာကျင်းနေတဲ့ နတ်ကွန်းပေါ်မှာ ပြန်ရောက်လာ၏။
ယခုအချိန်တွင် ဘုံကျောင်းထဲ၌ အထူးခြားဆုံး တန်ခိုးအကြီးဆုံး နေရာမှာ နတ်ကွန်းသာ ဖြစ်သည်။
"ဒါပေမဲ့ အထူးခြားဆုံး စွမ်းအားတွေ စုဆောင်းထားတဲ့ နေရာက နတ်ကွန်းတော့ မဟုတ်သေးသလိုပဲ..."
ချန်ရှီ အဝေးကို လှမ်းကြည့်ကာ မျှော်ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
"အမွှေးနံ့သာရနံ့က အပေါ်ကို လွင့်နေတယ်ဆိုတော့ အထူးခြားဆုံး စွမ်းအားကို စုပ်ယူတဲ့သူက အပေါ်မှာ ဖြစ်သင့်တယ်....ဧကန္တ..."
သူ့မျက်လုံးများသည် ဘုံကျောင်းထိပ်နှင့် ပင်မခန်းမထဲရှိ ပါးကွာ့အစီအရင်ပေါ် ရောက်သွားသည်။ ဤအခန်းသည် ပုံမှန်မဟုတ်တဲ့ စွမ်းအား အပြင်းထန်ဆုံး နေရာ ဖြစ်ရမည်။
"ပါးကွာ့အစီအရင်က တိုက်ပွဲအတွက် မသင့်တော်ဘူး... ပင်မခန်းမခေါင်မိုးကို ဖယ်ရှားဖို့ကလည်း မလွယ်ကူဘူး... အဲဒါကို ဖယ်ရှားလိုက်တာနဲ့ ပင်မခန်းမက ပြိုကျသွားလိမ့်မယ်..."
ချန်ရှီ လှည့်ကြည့်လိုက်ပြီး ခန်းမဆောင်၏ ထိပ်တွင် နှစ်ပေကျော်ရှည်သော အနီရောင်နဂါး ဆေးခြယ်ထားသော ထုပ်တန်းကြီး တစ်ခုရှိသည်။ ခန်းမရှေ့ရှိ နံ့သာပေါင်း အငွေ့များဟာ ပင်မခန်းမထဲရှိ ဤအနီရောင် နဂါးဆေးခြယ်ထားသော ထုပ်တန်းထဲ တိုးဝင်သွားကြသည်။ အဲဒီတော့ ထွက်ပေါ်သော ထူးခြားသော စွမ်းအားသည် နတ်ကွန်းကဲ့သို့ ကြွယ်ဝသည်။
"ဒါဆိုရင်!"
ချန်ရှီ ပင်မခန်းမသို့ ပြန်သွားပြီး စာအုပ်သေတ္တာထဲမှ သူဝယ်ထားသော အမွှေးတိုင်အနည်းငယ်ကို ထုတ်ကာ အားလုံးကို မီးညှိပြီး နတ်ကွန်းရှေ့တွင် ပူဇော်လိုက်သည်။
"အရှင်တောင်တန်း... ကျွန်တော် ရတနာဗိမာန်ရဲ့ ထုပ်တန်းကို ငှားချင်ပါတယ်... လူဆိုးကို သတ်ပြီးတာနဲ့ ဒီရတနာကို ကျွန်တော် သေချာပေါက် ပြန်ပေးမှာပါ... ဘုံကျောင်း ဘယ်တော့မှ သိက္ခာမကျစေရပါဘူး!"
သူသည် အရှေ့ခန်းသို့ ပြန်ရောက်ရှိလာပြီး ထုပ်တန်းပေါ်သို့ ခုန်တက်လိုက်သည်။ ဝုန်းကနဲ အသံတစ်သံ ကြားလိုက်ရချန် အရှေ့ခန်း တစ်ဝက်ခန့်က ပြိုကျသွားပြီ။ ဤဘုံကျောင်းသည် လေနှင့်မိုးဒဏ်ကို အချိန်အတော်ကြာအောင် ခံနိုင်ရည်ရှိခဲ့သည်။ မြေအောက်ထဲ၌ နှစ်ပေါင်း ခြောက်ထောက်ကျော် ဝှက်ထားခဲ့ရတာမလို့ ယနေ့တိုင် ဤဘေးဒုက္ခမှ မလွတ်မြောက်နိုင်သေးပေ။
ချန်ရှီ နဂါးဆေးခြယ်ထားသော ထုပ်တန်းတိုင်ကို ဖယ်ရှားလိုက်သည်။ ၎င်းဟာ ရေပုံးတစ်ပုံး၏အထူလောက် ရှိကာ ရွှေနန်းမူတိုင် တစ်ခုဆိုလည်း ဟုတ်သည်။ လက်သမားဆရာများက နဂါးကို အနီရောင်ဆေးခြယ်ပြီး အလွန်ကောင်းမွန်စွာ ပုံဖော်ထားသည်။
အနောက်နွားရှင်းကျိုးတွင် ရွှေနန်းမူသစ်သား မရှိချေ။ ဤသစ်သားတိုင်ကို အမတ်စန်းပေါင်ရဲ့ တပ်ဖွဲ့ဝင်များက ဘုံကျောင်းတည်ဆောက်ရန် သုံးခဲ့တာဖြစ်ကာ ကြိုးပမ်းအားထုတ်မှုများစွာလည်း ပြုလုပ်ခဲ့ရကြောင်း တွေ့ရပေသည်။
ချန်ရှီ ဟေးကော်ကို လှမ်းခေါ်ပြီး တိုင်ပေါ်ရှိ ဖုန်မှုန့်များကို သုတ်လိုက်သည်။ ခွေးနက်သွေး၊ သစ်ကြံပိုးခေါက်နှင့် ရွှေမှုန့်တို့ကို ယူကာ ဆေးခြယ်ပေးလိုက်တော့ ရွှေရောင်တောက်လာသည်။
သူသည် စုတ်တံကို လေနဲ့အတူ လှုပ်ရှားနေသလိုမျိုး အသုံးပြု၍ မိုးကြိုးငါးလုံးအဆောင်လက်ဖွဲ့၊ မိုးခြိမ်းသံငါးခု၊ မိုးခြိမ်းသံကြီးငါးချက်၊ မိုးကြိုးနှလုံးလက်ဝါး၊ မိုးကြိုးနတ်ဘုရား ၁၀ ပါး၊ နေမိုးကြိုးငါးပါး၊ နေကိုးလုံးမိုးကြိုး၊ မိုးခြိမ်းသံဆွဲဆောင်ခြင်း စသည့် အဆောင်ဆွဲချက်တို့ကို လျင်မြန်စွာ ရေးဆွဲခဲ့သည်။
ချန်ရှီဟာ အဆောင်ဆွဲချက်များကို သူ၏ စစ်မှန်သော ချီစွမ်းအင်ဖြင့် သန့်စင်ပြီး သစ်သားထဲသို့ တွန်းလိုက်ပို့သောကြောင့် ၎င်းတို့ဟာ အလွယ်တကူ စွမ်းအင် မကုန်သွားနိုင်ပေ။ သစ်ကြံပိုးခေါက်နဲ့ မှင်ပန်းကန်လုံး ကုန်သွားသောအခါ ချန်ရှီသည် ဆက်မရေးတော့ဘဲ သူ့ပစ္စည်းများကို ထုပ်ပိုးကာ ထုပ်တန်းကို ထမ်ရင်း အပြင်သို့ ပြန်ထွက်သွားသည်။
ဟေးကော်ကလည်း အသား နှစ်ကျင်ကို စားပြီး သူ့နောက်မှာ လိုက်လာခဲ့သည်။ အဲဒီနောက် လူတစ်ယောက်နဲ့ ခွေးတစ်ကောင်တို့ဟာ မဟူရာတောင်သို့ ဦးတည် ထွက်ခွာသွားကြသည်။
ခရိုင်မြို့ အစွန်အဖျား၊ တဲကျန်းမြစ်ဘေးရှိ မဟူရာတောင်သည် တောင်ပေါ်သို့ တက်သွားရာလမ်း၏ တစ်ဝက်တစ်ပျက်မှာကို အမွှေးတိုင် အငွေ့များက ကောင်းကင်က တိမ်တိုက်များလို စုပုံနေသည်။
အဘွားဟေးရှန်း ဘုံကျောင်းရှေ့၌။
မုတ်ဆိတ်ဖြူနှင့် ကြွက်အိုငါးကောင်သည် သင်္ကန်းဝတ်ကာ လက်တစ်ဆုပ်စာ အမွှေးတိုင်များ ကိုင်ဆောင်ထားကြသည်။ မဟူရာတောင်တန်းရဲ့ အဘွားဟေးရှန်း ဘုံကျောင်းကို ရိုသေစွာ ဦးညွှတ်ကာ ပါးစပ်ကလည်း တစ်စုံတစ်ရာ မြည်တမ်းနေကြ၏။
သူတို့နောက်မှာတော့ အမှောင်ထုကြီးတစ်ခု ရှိနေသည်။ အားလုံးက မီးခိုးရောင်အဝတ်အစား ဝတ်ထားတဲ့ ကြွက်ကြီးတွေပဲ ဖြစ်ကာ လူတွေလိုပဲ ရပ်နေကြသည်။ တချို့က လူကြီးတွေထက် အရပ်ရှည်ကြပြီး အရပ်ပုပုတိုတိုနဲ့ ကောင်တွေကတော့ နှစ်ပေသုံးပေလောက်ရှိကာ ဘုံကျောင်းဘက်ကို ဦးညွှတ်နေကြသည်။
မီးခိုးရောင်ဝတ်ထားသော ကြွက်အချို့၏ ဦးခေါင်းနောက်တွင် နတ်ကွန်းများက ပေါ်ထွက်နေသည်။ ထိုင်နေလျက်သား နတ်သန္ဓေသားလေးများက နတ်ကွန်းထဲ၌ အမှန်တကယ် ပေါ်လာသည်။ သူတို့ ပါးစပ်ထဲက ရွတ်ဆိုနေသော အသံများက အလွန်ဆန်းကြယ်သော ကျမ်းဂန်တစ်ခုသာ ဖြစ်လိမ့်မည်။
တောင်ခြေရင်းတွင် ဟေးရှန်းမြို့အနီးရှိ ရွာသူရွာသားများ၊ လူကြီးလူငယ်မရွေး စုဝေးကြပြီး နံ့သာသုံးချောင်း ကိုင်ဆောင်လျက် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကြွက်များနှင့်အတူ ရွတ်ဆိုနေကြသည်။ မဟူရာတောင် အနီးတွင် ရွာပေါင်း တစ်ဒါဇင်ကျော် ရှိပေမယ့် ရွာတစ်ရွာစီက ကန့်ညောင်တွေဟာ အဘွားဟေးရှန်းကို ပူဇော်နေရပြီး ထိုရွာများမှ လူများသည် တောင်ပေါ်ရှိ ကြွက်များကို ကျွေးမွေးပြီး ရာသီဥတုကောင်းဖို့ ဖန်တီးကြသည်။
ထိုကြွက်များသည် အဘွားဟေးရှန်းကို ထောက်ပံ့နိုင်အောင် လပန်းများကို စုဆောင်း ကျင့်ကြံကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် လပန်းများ၏ အမွှေးအကြိုင်များကို စုပ်ယူကာ ရှဲ့အဆင့် ဆွေ့အဆင့် နတ်ဆိုးများ ဖြစ်လာကြပြီး မကောင်းသော နည်းလမ်းများကို ကျင့်ကြံလာကြသည်။
အရိုအသေမဲ့သူတွေကို သတ်ပစ်ကြသလို ကုန်သည်တွေ အများအပြားကလည်း ဒဏ်ခတ်ခံရပြီး ကျင့်ကြံသူတချို့ဆိုလည်း ၎င်းတို့လက်ထဲမှာပဲ သေဆုံးသွားသည်။
ထို့နောက် ၎င်းတို့သည် လူသားများကို အတုယူကာ ကိုယ်ခံပညာကို လေ့ကျင့်ခဲ့ကြပြီး အမှန်တကယ် နတ်ကွန်းများ ဆောက်လုပ်ကာ နတ်သန္ဓေသားများကိုပါ ရရှိခဲ့ကြသည်။ မဟူရာတောင်ဟာ ရှင်းရှန်ခရိုင် မဟုတ်ဘဲ ရှန်ကျိုးနဲ့ ဆက်နွယ်နေသော ပိုင်ရှင့်ခရိုင် လက်အောက်တွင် တည်ရှိလေ၏။
ပိုင်ရှင့်ခရိုင်သည် ရှန်ကျိုးနယ်စပ် အစွန်းတွင်ရှိပြီး မဟူရာတောင်ကတော့ ပိုင်ရှင့်မြို့ အစွန်းတွင် တည်ရှိသည်။ ဧကရာဇ်မင်းအတွက် ဝေးကွာသော ကျေးလက်က နေရာတိုင်းတွင် နတ်ဆိုးများ ရှိပြီး အစိုးရကလည်း ၎င်းကိုထိန်းချုပ်နိုင်စွမ်း မရှိသဖြင့် အဘွားဟေးရှန်း အတွက် ကံကောင်းသွားခဲ့သည်။ အဘွားဟေးရှန်းက ဒါကို သိတာကြောင့် ရွာတိုင်းရှိ လယ်သမားများကို နှစ်တိုင်း အခွန်ပေးဆောင်ခိုင်းလေသည်။
တေးသံများ၊ ရွတ်ဆိုသံများနှင့်အတူ ကောင်းကင်၌ လွင့်မျောနေသော အမွှေးနံ့သာ တိမ်များက ထူးကဲသော စွမ်းအားသစ်များကို ဆက်လက် စုစည်းကာ ဘုံကျောင်းထဲသို့ စီးဆင်းသွားသည်။
ခမ်းနားထည်ဝါသော ပင်မခန်းမကြီးထဲတွင်တော့ အနက်ရောင်ရုပ်တုသည် ထူးကဲသော စွမ်းအားကို စုပ်ယူထားပြီး နတ်ဝိညာဥ်အသစ်ကို ပေါင်းစပ်နေ၏။
"ဒီချန်ရှီရဲ့ နောက်ခံက ဘာမလို့လဲ? သူ့ခန္ဓာကိုယ်ထဲမှာ ဒီလောက် အစွမ်းထက်တဲ့ နတ်ဆိုးတွေ ဖုံးကွယ်ထားတာ... ငါတောင် မခံနိုင်ဘူး အခုကစပြီး သူ့ကို ထပ်ပြီး မနှောင့်ယှက်တော့မှ ဖြစ်မယ်!"
အနက်ရောင်ရုပ်ထု တစ်ဝိုက်တွင် အနက်ရောင်စွမ်းအင်များက ပင်လယ်ထဲကို လှိုင်းလုံးကြီးနှယ် လှိုင်းထနေ၏။ ရုပ်တုတစ်ဝိုက်တွင် ဤထူးခြားသော စွမ်းအားများက အမှန်တကယ် ကြီးကျယ်ခမ်းနားလှသည်။
ရွာသားများနှင့် ကြွက်များ အများအပြား က သူမကို ကူညီရန် သူမနာမည်ကို အဆက်မပြတ် အော်နေသော်ငြားလည်း ချွေးစေးတွေ စီးကျနေတဲ့ အဘွားဟေးရှန်း နတ်ဝိညာဥ်ဖွဲ့စည်းမှု ပြီးမြောက်ရန် ရက်ပေါင်းများစွာ ကြာနိုင်၏။
တောင်ခြေရင်းတွင် ခြေလှမ်း ဆယ်လှမ်းတိုင်းတွင် မီးခိုးရောင်ဝတ်ထားသော ကြွက်တစ်ကောင် ရှိကာ လူအုပ်ကြီးအား လှည့်ပတ်ကြည့်ရှုနေသည်။ မီးခိုးရောင်ဝတ်ထားသော ကြွက်တစ်ကောင်က ကျယ်လောင်စွာ အော်လိုက်သည်။
“အမွှေးနံ့သာကို ဘယ်သူ လွှင့်ပစ်ရဲလဲ... ဘယ်သူ မရိုးမသား လုပ်ရဲလဲ...အကုန် အသတ်ခံရမယ်!”
ထိုအချိန်တွင် လူငယ်တစ်ဦးသည် ရေပုံးတစ်ပုံးစာ ထူထဲသော အနီရောင်တိုင်ကြီးကို ထမ်းကာ လူအုပ်ကြီးအား ဖြတ်သွားလေသည်။
ထိုလူငယ်သည် ခြေသလုံးအောက်အထိ ရှည်လျားသော အစိမ်းဖျော့ရောင်ပိတ်စကို ၀တ်ဆင်ထားပြီး အဖြူရောင် ဘောင်းဘီရှည်၊ ခါးတွင် ဖဲကြိုးနီနှင့် ကျောတွင် အိတ်တစ်လုံး လွယ်ထားသည်။ ခေါင်းကို သံဦးထုပ်ဖြင့် ဖုံးအုပ်ထားသည်။
သူပုခုံးပေါ်ရှိ အနီရောင် တိုင်ကြီးပေါ်တွင် သွယ်လျသော ကိုယ်ထည်ဖြင့် ရွှေချထားသည့် နဂါးကြီးသည် တိုင်အရှေ့ဘက်မှ အနောက်အထိ ရစ်ပတ်ထားလျက် ရှိသည်။ သစ်သားတိုင်ထဲသို့ ထိုးဖောက်ဝင်သော ဆွဲချက်များပေါ်တွင် ရွှေပုံစံအမျိုးမျိုးရှိသည်။
ထိုလူငယ်သည် မာနကြီးပြီး တောင်ပေါ်သို့ လျှောက်သွားတဲ့အခါ မီးခိုးရောင်အဝတ်အစားဝတ် ကြွက်တစ်ကောင်က ပြင်းပြင်းထန်ထန် အော်လိုက်သည်။
"ဘယ်သူလဲ"
"ချန်ယန်တောင်.. ချန်ရှီ!"
ချန်ရှီ မရပ်မနား ရှေ့ကို ဆက်လျှောက်သည်။ မီးခိုးရောင် အဝတ်အစား ဝတ်ထားတဲ့ ကြွက်က ထပ်အော်၏။
"ဒါက အဘွားဟေးရှန်းရဲ့ နယ်မြေကွ! မင်းကို ဖောက်ထွင်းခွင့် မပေးဘူး... ခဏလေး... မင်းနာမည်ကို ဘာပြောလိုက်တယ်"
ချန်ရှီသည် သူညာဖက်ပုခုံးပေါ်တွင် အနီရောင်တိုင်ကြီးတစ်ခုကို ထမ်းထားပြီး ဘယ်ဘက်လက်မှ လက်ညှိုးနဲ့ လက်ခလယ်ကိုသုံး၍ ကြွက်ကို ထိုးညွှန်လိုက်သည်။ သူ့မျက်နှာပေါ်တွင်တော့ တောက်ပသော အပြုံးတစ်ပွင့် ရှိနေ၏။
ထိုစဥ် အလင်းသုံးပါးကျင့်စဥ်က သူ့ခန္ဓာကိုယ်ထဲမှာ လည်ပတ်နေပြီ။ သူ့ခန္ဓာကိုယ်တစ်ဝိုက်မှာ အလင်းရောင်က ရုတ်တရက် တောက်ပလာကာ ကြယ်စွမ်းအားတွေ စုစည်းလာချိန်၌ မတူညီတဲ့ ကြယ်သင်္ကေတ ခုနစ်လုံးအဖြစ် ပြောင်းလဲသွားပါတော့သည်။
သူ့ခေါင်းနောက်မှာ နတ်ကွန်းတစ်ခု ပေါ်လာပြီး နတ်ကွန်းထဲမှ ဓားစွမ်းအင်တွေ ပေါ်လာခဲ့သည်။
"သခင်လေးက ချန်ယန်တောင်က... ချန်ရှီ!"
သူသည် သူ့ဘယ်လက်ကို ရှေ့သို့ ဝှေ့ယမ်းကာ တိမ်ဓား၏ အသွင်အပြင်ကို ထိန်းချုပ်လိုက်သည်။ နတ်ကွန်းထဲမှ မမြင်နိုင်သော ဓားစွမ်းအင်တစ်ခု ထွက်ပေါ်လာတဲ့အခါ သူ့ရှေ့ကလေထုဟာ တစ်ခဏမျှ မှုန်ဝါးသွားခဲ့သည်။ ၎င်းက ဓားစွမ်းအင် ပြင်းထန်စွာ တုန်ခါသွားသောကြောင့်သာ ဖြစ်ပေ၏။
ရွှင်း!
ဓားစွမ်းအင်က ရွေ့လျားသွားသောအခါ မီးခိုးရောင်ဝတ် ကြွက်ဟာလည်း သူ့အပေါ်ပိုင်းနဲ့အတူ ချက်ချင်း ပျံတက်သွားသည်။
"ရန်သူ တိုက်ခိုက်နေပြီ!... ဟေး.... ငါဘာလို့ ပျံနေတာလဲ.... နေဦး! ငါ့တင်ပါးက ဘာလို့ မြေကြီးပေါ်မှာ ရှိနေသေးတာလဲ!"
တိမ်ဓားဟုခေါ်သော ဓားသိုင်းကွက်ဟာ မတ်တတ်ရပ်လျက် ဓားကို လက်ထဲတွင် ကိုင်ထားရသည်။ ခြေထောက်များကို ဝင်ရိုးအဖြစ်အသုံးပြုကာ ဓားအား ရှေ့မှနောက်သို့ စက်ဝိုင်းပုံစံရွှေ့ရမည်။ ခါးကို ပျော့ပျောင်းထားရပြီး ခါးကို ဓားနှင့်အပြိုင် ဆွဲထုတ်ရန် လိုအပ်သည်။
သို့သော် ကျစ်ဝူရှဲ့သတ်ဓားတွင် ဤဓားချက်ဟာ လက်ဖဝါးနှင့် ကွဲကွာသွားပြီး ဓားစွမ်းအင်သည် စက်ဝိုင်းတစ်ခုကို ဆွဲယူကာ အရှိန်အဟုန်မြင့်စွာဖြင့် လှည့်ပတ်နေသည်။
ချန်ရှီရဲ့ ဓားစွမ်းအင်ဟာ မီးခိုးရောင် ဝတ်ထားသော ကြွက်၏ခါးကို ဖြတ်သွားပေမယ့် ၎င်း၏စွမ်းအားသည် လုံးဝ လျော့မသွားဘဲ တောင်ခြေရင်းဘက်သို့ တဟုန်ထိုး တိုးဝင်သွားကာ မြေပြင်ပေါ်တွင် ဒူးထောက်နေသော ကြွက်ခေါင်းများကို ဖြတ်တောက်ပစ်လိုက်သည်။
ချက်ချင်းပင် ဓားစွမ်းအင်သည် လူအုပ်ကို ဖြတ်သွားကာ ဝတ်ပြုကိုးကွယ်ရင်း သူတို့ရှေ့တွင် ဒူးထောက်နေသော မီးခိုးရောင်ဝတ် ကြွက်အိုကို ရုတ်တရက် ဖြတ်ပြေးသွားကာ ခြေလက်နှင့် လက်များ ကျိုးပဲ့၍ နေရာအနှံ့ သွေးများ စီးကျလာသည်။
လှည့်ပတ်နေသော ဓားစွမ်းအင်သည် မရေမတွက်နိုင်သော ခြေလက်အင်္ဂါများကို ဖြတ်တောက်ပြီး ၎င်းတို့ကို လေအားနဲ့အတူ ရှေ့သို့ တွန်းပို့လိုက်သည်။
သူတို့ရှေ့မှ ကြွက်ဘုန်းကြီးတွေကလည်း တစ်ယောက်ပြီး တစ်ယောက် မတ်တပ်ထရပ်လိုက်သည်။ နတ်ကွန်းထဲက သန္ဓေသားလောင်းတွေ ပွင့်လာပြီး ချန်ရှီရဲ့ ဓားစွမ်းအင်ကို တားဆီးဖို့ ကျစ်ဝူရှဲ့သတ်ဓားတွေ ထုတ်လွှတ်လိုက်၏။
ချန်ရှီ၏ တိမ်တိုက်ဓားစွမ်းအင်သည် ပကတိမျက်စိဖြင့် မြင်ရသော မီးခိုးရောင်ဝတ် ကြွက်တစ်ဒါဇင်ကျော်၏ သွေးကို စုပ်ယူထားသော်လည်း အရှိန်မှာ အံ့သြစရာ ကောင်းလောက်အောင် မြန်ဆန်နေဆဲ။ ထိုမီးခိုးရောင်ဝတ် ကြွက်ဘုန်းကြီးများ၏ ဓားစွမ်းအင်သည် သွေးစွန်းနေသောဓားကို ထိမှန်ကာ တစ်ခုပြီးတစ်ခု ပေါက်ကွဲကာ မရေမတွက်နိုင်သော ဓားစွမ်းအင်များအဖြစ် ဖြာထွက်ကုန်တာကြောင့် ၎င်းတို့ရဲ့ လူများစွာကို ဖြတ်တောက်ပစ်ခဲ့သည်။
သူတို့သည်လည်း ဓားစွမ်းအင်ကို လျင်မြန်စွာ ရှောင်ထွက်ကုန်သည်။ အသက်ကြီးသူ ငါးဦးအတွက်က သွေးစွန်းနေသော ဓားစွမ်းအင်ကို မြင်ရုံမျှသာ ရှိသည်။ မုတ်ဆိတ်ဖြူ ကြွက်ကြီးငါးကောင်မှာ ဒေါသတကြီး အမူအရာများဖြင့် မတ်တပ်ထရပ်လိုက်သည်။ ထိုစဥ် အသက်ကြီးသူများထဲမှ တစ်ဦးသည် တစ်ဖက်သို့ လှည့်ကာ မမြင်နိုင်သော ဓားစွမ်းအင်ကို ဖြိုခွင်းဖို့ ရွှေအမြုတေကို ပစ်လွှတ်လိုက်သည်။
သို့သော်လည်း သွေးထွက်သံယို ဓားစွမ်းအင်သည် ၎င်း၏ ရွှေအမြုတေ စွမ်းအားနယ်ပယ်ကိုပါ ထိုးဖောက်လာတာကြောင့် ရွှေအမြုတေက ဓားစွမ်းအင် ဖိအားကို မခံနိုင်တော့ဘဲ ကွဲအက်သွားခဲ့သည်။
ကြွက်ကြီးငါးကောင် ထိတ်လန့်တကြား ငုံ့ကြည့်လိုက်တော့ ချန်ရှီက တောင်အောက်ခြေတွင် ရှိနေဆဲ။ သူနှင့် ပေခြောက်ဆယ်ကျော် အကွာကနေ တောင်ပေါ်တက်လာနေတာ တွေ့လိုက်ရသည်။ ပေခြောက်ဆယ် အကွာအဝေးကနေ ဓားစွမ်းအင်တွေ ဖြတ်သွားတိုင်း အလောင်းတွေနဲ့ ပြည့်နှက်နေတဲ့ သွေးစွန်းတဲ့လမ်းကြီး ပေါ်လာ၏။
ကြွက်အိုကြီး: "ကျစ်ဝူရှဲ့သတ်ဓားရဲ့ စွမ်းအားက ၂၄ ပေကနေ ၂၅ပေအထိပဲ ရောက်နိုင်တာ ပေခြောက်ဆယ်အထိ မရောက်နိုင်ဘူး!"
ချန်ရှီဟာ တိုင်ကို ထမ်းကာ တောင်ပေါ်သို့ လှမ်းတက်လိုက်သည်။ သူ့အသံက ကြည်လင်ပြီး ငြိမ်သက်နေဆဲ။
"ဟေးကော်.. မင်း တောင်အောက်ခြေမှာနေခဲ့ "
ဟေးကော် ရပ်တန့်ကာ ချက်ချင်း ထိုင်ချလိုက်ပြီး ရှေ့ကို လှမ်းကြည့်နေလိုက်သည်။
မီးခိုးရောင်အဝတ်အစားဝတ် ကြွက်များသည်လည်း တုန်လှုပ်ချောက်ချားမှုမှ ပြန်လည်သက်သာလာပြီး ချန်ရှီဆီသို့ အပြေးအလွှား ရောက်လာကြသည်။ ၎င်းတို့ရဲ့ နတ်ကွန်း အသီးသီးက တစ်ခုပြီးတစ်ခု တောက်ပလာကြသည်။
"အရမ်းနှေးတယ် မင်းတို့က အရမ်းနှေးလွန်းတယ်...."
ချန်ရှီ ဘယ်လက်ရှိ ဓားသိုင်းသည် တိမ်တိုက်ဓားပုံစံမှ မမြင်နိုင်သော ဓားစွမ်းအင်တစ်ချက် လွင့်ထွက်သွားပြီး မီးခိုးရောင်ဝတ် ကြွက်တစ်ကောင်၏ လည်ချောင်းမှာ ခုန်တက်လာ၏။
သူ့ဘယ်ဘက်လက်၏ ဓားချက်များသည် ဆူး၊ ခုတ်၊ သုတ်သင်၊ ကွေ့ကောက်၊ တိမ်တိုက်၊ ခွဲခြမ်းသည့် ဓားချက် ခြောက်ခုဖြစ်သည်။ သူ့ပတ်ဝန်းကျင်တွင် ပြေးလွှားနေသော မီးခိုးရောင် ဝတ်ကြွက်များသည် ခြေနှစ်လှမ်း အကွာအဝေး အတွင်းပင် မရောက်နိုင်ဘဲ ရုတ်တရက် သူတို့၏ ဦးခေါင်းများကသာ နေရာအမျိုးမျိုးသို့ ရောက်သွားကြသည်။
သူတို့ထုတ်လွှတ်လိုက်တဲ့ မမြင်နိုင်တဲ့ဓားစွမ်းအင်ဟာ ချန်ရှီရဲ့ ဓားစွမ်းအင်ကြောင့် ရိုက်ချိုးခံလိုက်ရသည်။ ဒါမှမဟုတ် ချန်ရှီက ကြယ်ခုနစ်ပွင့်ပေါ်တက်ပြီး အလွယ်တကူ ရှောင်ထွက်သွားပါသည်။
ချန်ရှီ သွားနေတဲ့ တောင်ပေါ်လမ်း တစ်လျှောက်လုံး သွေးချောင်းများ စီးကျနေပြီး သူ့ခြေဖဝါးအောက်တွင်တောင် စီးနေသေးသည်။
သူတို့ရှေ့မှာ မီးခိုးရောင်ဝတ်ထားတဲ့ ကြွက်လေးတွေက သူ့တိုက်ခိုက်မှုကို ရှောင်ဖို့ တလှိမ့်လှိမ့်နဲ့ ပျာယာခတ်နေ၏။ နောက်ဆုံးတော့ နှစ်ကောင်က အမြီးတွေကို လှန်ပြီး တိုက်ခိုက်ကြတော့သည်။
ချန်ရှီ ညာလက်မောင်းသည် ရုတ်တရက် တွန်းထုတ်လိုက်ရာ တိုင်သည် တခဏချင်းတွင် လေပြင်းများနဲ့အတူ မိုးခြိမ်းသံ၊ မီးနှင့် လျှပ်စီးလက်သံများ တဖျတ်ဖျတ် မြည်လာကာ မီးခိုးရောင် ဝတ်ထားသော ကြွက်များအားလုံး သူ့မနီးမဝေးတွင် ပေါက်ကွဲသွားကုန်သည်။
"အဘွားဟေးရှန်းရေ.... သခင်လေး ချန်ရှီက တောင်ကို ခုတ်လှဲပြီး ဘုံကျောင်းကို ဖျက်ဆီးဖို့ လာနေပါပြီ!!"