← Chapters

ခွေးနဲ့ ကောင်လေးရဲ့ ပြဿနာ

Vol. 6 Ch. 85

ခွေးနဲ့ ကောင်လေးရဲ့ ပြဿနာ

Vol. 6 Ch. 85

သူတို့ဟာ ချန်ယင်တုရဲ့ ကျင့်ကြံမှု အဆင့်ကိုပင် မဖော်ထုတ်နိုင်သောကြောင့် လက်တံပေါ်က ဝိညာဉ်ဆိုးတစ်ခုစီရဲ့ အဆင့်ကို ဆွေးနွေးရန်မှာ အဓိပ္ပာယ်မရှိပေ။ ၎င်းတို့အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်လျှင် ချန်ရှီက အဘယ်အဆင့် နတ်ဆိုးဖြစ်မလဲ။

​မော်အဆင့် ?

ကျိုင်းအဆင့်?

ဒါမှမဟုတ် အယ့်အဆင့်တစ်ခုလား။

ထို့အပြင် ယခုဆို ချန်ရှီဟာ အထက်ကမ္ဘာနဲ့ မြေအောက်ကမ္ဘာကို ဆက်သွယ်ထားသော လမ်းကြောင်းတစ်ခုနဲ့ တံတားတစ်စင်းလို ဖြစ်နေပြီ။ ချန်ရှီ ကိုယ်အတွင်းသို့ တွားသွားသော နတ်ဆိုးများက ပိုများလာပြီ။ ၎င်းတို့သည် တွားသွားပြီးနောက် ပုန်းနေကြလေ၏။

နတ်ဆိုး​တွေရဲ့ ရင်းမြစ်ကို ရှာဖွေဖို့ ချန်ရှီ အိပ်မက်ထဲသို့ ဖောက်ထွင်း ဝင်ရောက်ကြည့်ဖို့ အကြံ​ပေးခဲ့ဖူးတဲ့ တောင်ဆိတ်စိမ်းမှာ ယခုတော့ ထိတ်လန့်တုန်လှုပ်နေပြီ။

တကယ်​သာ ဝင်​မိသွားရင်​ သူတို့ ၃ ​ကောင်​က အနိုင်ရပါ့မလား။

နတ်တစ္ဆေလက်မှ ချန်ရှီဆီသို့တက်သွားသော နတ်ဆိုးများကို ချန်ယန်တောင်ရှိ နတ်ဆိုးတွေ လုံးဝ မယှဉ်နိုင်ပေ။ ချန်ယန်တောင်ပေါ်က နတ်ဆိုးတွေကတောင် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ဆိုးရွားနေပြီ ဖြစ်ရာ မြေအောက်ကမ္ဘာရှိ နတ်ဆိုးများက ပို၍ပင် ဆိုးရွားနေလိမ့်မည်။

"လူအိုကြီးချန်... တစ်ဆယ်လေးက မရင့်ကျက်သေးပေမယ့် တရားမျှတမှုအတွက် ဆွေမျိုးတွေကို သတ်လိုက်တာ ပိုကောင်းပါတယ်..."

အဘွားရှားက သက်ပြင်းချလိုက်ပြီး "သူသာ တစ်ခုခု ဖြစ်လာရင် သေချာပေါက် ကျိုင်းအဆင့် မဟုတ်ရင် အယ့်အဆင့်အထိ ဖြစ်သွားမှာ... အဲဒီအချိန်ရောက်မှ ရှင် ပြန်တက်လာမယ်ဆိုရင်တောင် ဘယ်တော့မှ သူ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး"

တောင်ဆိတ်စိမ်းနှင့် မုတ်ဆိတ်မွေး လောင်ဟူကလည်း အဆက်မပြတ် ခေါင်းညိတ်သည်။

မုတ်ဆိတ်မွေး လောင်ဟူ: "ဒီနေ့ ကုသိုလ်တရားနဲ့ဆိုရင် လောကလုံခြုံရေးကို အာမခံနိုင်မှာပါ... တစ်ဆယ်လေး ကိုယ်ထဲမှာရှိတဲ့ နတ်ဆိုး ဘယ်အချိန်ပေါက်ကွဲမယ် ဆိုတာ ဘယ်သူမှ မသိဘူး... သူ ပါးစပ်ကို ဖွင့်လိုက်လို့ နတ်ဆိုးတစ်ကောင် လည်ချောင်းထဲက တွားသွားလာရင် နတ်ဆိုး ဘုရားလောင်းထက် မနည်းတဲ့ ဘေးဒုက္ခတစ်ခု ဖြစ်သွားလိမ့်မယ်... သူ့ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးတွေ ရာနဲ့ချီရှိနေပြီမလား"

တောင်ဆိတ်: "အဘိုးကြီးချန်... မင်းရဲ့ဂုဏ်သိက္ခာကို တစ်နေ့တည်းနဲ့ မပျက်စီးစေချင်ဘူး မဟုတ်လား မင်းရဲ့ ဆွေမျိုးတွေကို တရားသဖြင့် သတ်လိုက်တာနဲ့ မင်းရဲ့ ဂုဏ်သတင်းကလည်း ထာဝရ ပျံ့နှံ့သွားလိမ့်မယ်"

ချန်ယင်တု သူတို့ကို တစ်ချက်သာ ကြည့်လိုက်ပြီး အေးစက်စွာ ဆိုလာသည်။

"ငါ့မြေးကို ထိရင် ငါအဲ့လူအသက်ကို နုတ်ပစ်လိုက်မယ်!"

တောင်ဆိတ် နဲ့ မုတ်ဆိတ်မွေး လောင်ဟူရဲ့ စကားတွေလည်း တိကနဲ ရပ်သွားတော့သည်။

ယခုအချိန်တွင် ချန်ယင်တုက မကောင်းဆိုးဝါးဖြစ်နေပြီ။ သို့သော်လည်း ကံကောင်းထောက်မစွာပင် သူသည် မြေအောက်ကမ္ဘာတွင် ရှိနေ၏။ မဟုတ်ပါက သူ့ကို မြေကြီးပေါ်သို့ ပြန်ရောက်ပါက ချက်ချင်း နတ်ဆိုး​ကြီး ဖြစ်လာလိမ့်မည်။

နတ်ဆိုးစွဲနေသော နတ်ဆိုးကြီး ချန်ယင်တုကို ဘယ်သူမှ မတွေ့ချင်ကြချေ။ သူ့ကို ဒေါသထွက်အောင် လုပ်မိရင် သူနဲ့ ချန်ရှီတို့ဟာ မြေအောက်ကမ္ဘာမှာ အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်သွားအောင် လုပ်ကြလိမ့်မည်။

ထိုအချိန်တွင် ဒုက္ခအကြီးကြီးနှင့် ဒုက္ခသေးသေးဟူ၍ နှစ်မျိုး ရင်ဆိုင်ရလိမ့်မည်။

အဘွားရှားက သက်ပြင်းချရင်း ရေရွတ်သည်။

"နောက်တစ်မျိုး ပြောင်းပြောရအောင်..ရှီလေးရဲ့ ခန္ဓာကိုယ်ထဲက နတ်ဆိုးတွေက ဘာလုပ်ဖို့ အစီအစဉ်ရှိ​နေလဲ အရင်စုံစမ်းကြည့်ရအောင်.... ဒီနတ်ဆိုးတွေက သူ့ခန္ဓာကိုယ်ထဲမှာ ထာဝရမနေနိုင်ဘူး တချို့က မလွှဲမရှောင်သာ ထွက်ကုန်ကြလိမ့်မယ်... ထွက်ပြေးလာတဲ့ အကောင်တွေကို အရင်ရှင်းပစ်ရမှာပဲ... ငါတို့ရဲ့ ခွန်အားနဲ့ ရှောင်ဝမ်စွင်းကို ထည့်ပေါင်းလိုက်ရင် တားဆီးနိုင်မယ် ထင်ပါတယ်"

စိမ်းပြာရောင် နတ်တစ္ဆေ၏ လက်​မောင်းအဆုံးကို ကြည့်လိုက်ရာ စိမ်းပြာရောင် တစ္ဆေလက်သည် လူ့လောကထဲသို့ ရောက်ရှိသွားကာ လက်ကောက်ဝတ်ကိုသာ မြင်နိုင်လေသည်။

တောင်ဆိတ်စိမ်း: "တစ်ယောက်ချင်းဆို ငါ ဘယ်နတ်ဆိုးကိုမှ မကြောက်ဘူး... အဓိကကတော့ ရှီလေးကိုယ်ထဲကို နတ်ဆိုးတွေ အများကြီး တွားသွားနေတာပဲ....အဲဒါတွေကို စုပေါင်းပြီး မသတ်နိုင်​လောက်ဘူး"

မုတ်ဆိတ်မွေးနဲ့ လူကြီးက "ဒါဆို ဆွေမျိုးသားချင်းတွေကို တရားမျှတအောင် သတ်တာက ပိုကောင်းတယ်!"

ချန်ယင်တုက သူ့ကို စိုက်ကြည့်ကာ ပြုံးပြလိုက်သည်။

"ဟူရှောင်လျောင်... အမျိုးတွေရဲ့ ကုသိုလ်တရားနဲ့ အမျိုးတွေ ပျက်စီးခြင်း အကြောင်း ထပ်ပြီး ပြောရဲရင် မင်းရဲ့ ဆွေမျိုးသားချင်းတွေကို ဖြောင့်မတ်သွားအောင် ငါ ချေမှုန်း​ပေးမယ်"

မုတ်ဆိတ်မွေးနဲ့ လူကြီးလည်း တုန်လှုပ်သွားပြီး စကားရပ်လိုက်ရ၏။

ချန်ယင်တု: "ဒီအရင်းအမြစ်ကို ငါပိတ်မယ်... အထက်ကမ္ဘာ ကိစ္စကို မင်းတို့ ထိန်းထားပေး... တကယ်လို့..."

သူက ခဏလောက် တုံ့ဆိုင်းသွားပြီး သွားတွေကို အံကြိတ်ကာ။

"မင်းတို့ တကယ်လို့ မခံနိုင်တော့ရင် ငါ့ကို အကြောင်းကြားလိုက်... ရှီလေးကို မြေအောက်ကမ္ဘာဆီ ခေါ်သွားလိုက်မယ်... ငါတို့ဘဝအတွက် တစ်ယောက်ကို တစ်ယောက် အားကိုးရလိမ့်မယ်"

မုတ်ဆိတ်မွေး၊ အဘွားရှားနဲ့ တောင်ဆိတ်တို့ဟာ သူ ဒီစကားတွေပြောဖို့ ဘယ်လောက်ခက်ခဲလဲ ဆိုတာကို သိနေပုံဖြင့် တိတ်ဆိတ်နေကြသည်။

ချန်ယင်တုသည် သူ့ဘဝတစ်လျှောက်လုံး တခြားလူတွေအပေါ် ကြီးစိုးနေခဲ့ပြီး သူ့စိတ်ကူးများအတိုင်း လိုက်လျှောက်ရန် သူ့မိသားစုကိုတောင် လျစ်လျူရှုခဲ့သည်။ သူ၏မြေးဖြစ်သူသည် သူရဲ့နောက်ပိုင်းနှစ်များတွင် သူ့နှလုံးသားထဲတွင် နေရာယူလာခဲ့ပြီး အခု ဘယ်လောက် အထီးကျန်နေတယ် ဆိုတာကို သိသာ၏။

ကံမကောင်းစွာပဲ သူ့အချစ်ဆုံး မြေးလေးဟာ အေးစက်တဲ့ အလောင်းအဖြစ် ပြောင်းလဲသွားခဲ့ရသည်။

နောက်ပိုင်းတွင် ချန်ရှီကို ကယ်တင်ရန် သူအတတ်နိုင်ဆုံး ကြိုးစားခဲ့ရာ ရှစ်နှစ်တောင် ကြာသွားခဲ့သည်။ မဖြစ်နိုင်သော အရာကို သူက ပြီးမြောက်အောင်၊ ဖြစ်နိုင်အောင် လုပ်ခဲ့ပြီး လွန်ခဲ့သည့်နှစ်နှစ်က ချန်ရှီရဲ့ ဝိညာဉ်က ပြန်လည်ရောက်ရှိလာသည်။

ရှစ်နှစ်ကြာ သေဆုံးသွားသော လူတစ်ဦး၏ ရှင်ပြန်ထမြောက်ခြင်းသည် တခြားသူများအတွက် အလွန်ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။ ဒါပေမဲ့ ချန်ယင်တု အတွက်ကတော့ ဒါဟာ သူ့ဘဝမှာ အပျော်ဆုံးပါပဲတဲ့လေ။

ချန်ယင်တုနဲ့ အတူနေထိုင်ခဲ့တဲ့ နှစ်နှစ်တာ ကာလမှာ ချန်ရှီဟာ ဥာဏ်ရည်ထက်မြက်ပြီး မိုက်မဲတဲ့ ကလေးတစ်ယောက် ဖြစ်လာတဲ့အပြင် ပုံမှန်လူတစ်ယောက်လို ကြီးပြင်းလာတာကို ကြည့်ရတာဟာ သူ့အတွက် အပျော်ဆုံး ခံစားချက်တစ်ခု ဖြစ်ခဲ့ပြန်သည်။

ချန်ရှီဟာ နေရောင်ခြည်အောကိမှာ ထာဝရနေထိုင်နိုင်လိမ့်မယ်လို့ သူမျှော်လင့်ခဲ့သည်။ အခုတော့ ချန်ရှီကို သူနဲ့ အတူတူနေထိုင်ရန် မြေအောက် ကမ္ဘာသို့ ကိုယ်တိုင်ကိုယ်ကျ ခေါ်ဆောင်သွားမည်ဟု ပြောလာခဲ့သည်။

"အဘိုးကြီးချန်... ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ!"

အဘွားရှားတို့ သုံးယောက် လှည့်ထွက်သွားသည်။

"နောက်တစ်ခု ရှိသေးတယ်"

ချန်ယင်တုက ရုတ်တရက် ထပ်ပေါင်းပြောလာသည်။

"ငါ ငရဲပြည်မှာနေတာ ကြာပြီ ငရဲဘုရင်ဆီက ဘာသတင်းမှ မကြားရသေးဘူး"

သူတို့သုံးယောက်လုံး အံ့အားသင့်သွားသည်။ အဘွားရှားဆိုလျှင် အသက်ရှုပါ ကြပ်သွား၏။

"ငရဲဘုရင်ကို မတွေ့ဘူးလား... ဒီမှာ နေရာတွေက အရမ်းများတယ်... မေ့လျော့ခြင်းမြစ်မှာလည်း ယင်စွမ်းအားတွေ အများကြီးရှိတယ်၊ ဘယ်လိုလုပ် ငရဲဘုရင် မရှိနိုင်မှာလဲ"

ချန်ယင်တုလည်း အနည်းငယ် ခေါင်းညိတ်ပြပြီး သူတို့ထွက်သွားတာကို ကြည့်ပြီး စိမ်းပြာရောင် နတ်တစ္ဆေရဲ့ ညာဘက်လက်ဆီကို သွားဖို့ အစပြုလိုက်ပါ၏။

သူနဲ့ နီးလေလေ စိမ်းပြာရောင် သရဲတစ္ဆေကြီး ကြီးလာလေလေပါပဲ။ သူ့ခန္ဓာကိုယ်က ပုရွက်ဆိတ်တစ်ကောင်လို သေးငယ်သွားတော့သည်။ ယခု သူသည် နတ်ဆိုးဖြစ်နေသောကြောင့် ထိုနတ်ဆိုးများက သူ့ကိုတွေ့လျှင်ပင် တိုက်ရိုက် တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။

သို့သော် သူသည် လမ်းကြောင်းကို ပိတ်ဆို့ပါက ဤနတ်ဆိုးများက သူ့ကို အရူးအမူး တိုက်ခိုက်လိမ့်မည်။

"နတ်ဆိုးတွေချည်းပဲ...ငါက ဘယ်သူ့ကို ကြောက်နေရမှာလဲ"

......

မုတ်ဆိတ်မွေးကြီးသည် သိမ်မွေ့သော နှာခေါင်းဖြင့် အမွှေးအကြိုင် ရနံ့ကို အနံ့ခံနေသည်။ တောင်ဆိတ်သည် တောက်ပသော မျက်လုံးများရှိပြီး ၎င်းတို့နှင့်အတူ အဝေးက လှမ်းမြင်နေရသည့် အမွှေးတိုင်ကြီးကို လှမ်းကြည့်နေသည်။

ယခု နေ့တစ်ဝက်လောက် လမ်းလျှောက်ပြီးနောက် အဖွားရှားရဲ့ မျက်နှာအရောင်က အနည်းငယ် ပြောင်းလဲသွားသည်။

"မြန်မြန် လာ... တစ်ခုခု ကြည့်နေတယ်!"

မုတ်ဆိတ်မွေး လောင်ဟူသည် ခေါင်းသုံးလုံးဖြင့် လှည့်ပတ်ကြည့်ရာ သူ့ပတ်ဝန်းကျင်တွင် အုံ့မှိုင်းနေသော မြူများကိုသာ မြင်ရလေ၏။ အဘွားရှားပြောတဲ့ တစ်စုံတစ်ခုက မြူထဲတွင် ဝှက်ထားပုံရသည်။ သူတို့စိတ်ထဲမှာ အံ့သြထိတ်လန့်သွားသလို ခံစားလာရ၏။ တစ်စုံတစ်ခုက သူတို့ကို တကယ် စိုက်ကြည့်နေတာပဲ။

တောင်ဆိတ်: "အဘွား.... ခင်ဗျား မြေအောက်ကမ္ဘာက ဧရာမအကောင်ကြီးတွေကို စော်ကားခဲ့တာမလား... လက်စားချေဖို့ ရောက်လာကုန်တာလား?"

အဘွားရှားက ခေါင်းခါပြီး "ငါ့ရဲ့ အစီအရင်က ရှိနေသေးတယ်... ငါတို့ရဲ့ မျက်နှာတွေကို ဖုံးကွယ်ထားတာ... ရန်သူတွေ သိသွားတာမျိုးက မဖြစ်နိုင်ဘူး... ငါတို့ကို ပစ်မှတ်ထားတာက မတော်တဆ ဖြစ်နိုင်တယ်...ငါတို့က ချန်ယင်တုကို ရှာဖို့ သွားခဲ့တယ် တစ်ယောက်ယောက်က ချန်ယင်တုကို စောင့်ကြည့်နေတာ... သူနဲ့ ထိတွေ့လာတာကို တွေ့တော့ သူတို့က ငါတို့ကိုပါ အာရုံစိုက်နေတာ"

သူတို့သုံးယောက်သည် အရှိန်ပြင်းပြင်းနှင့် ချောင်ဖုန်းနံ့သာအိုးဆီသို့ ဦးတည်သွားကြသည်။ နံ့သာအိုးသည် ကောင်းကင်အထိ မြင့်ကာ တောင်များထက် ကြီးမားလျက်ရှိကာ အမွှေးတိုင်ကြီးက နေဝင်ချိန်ကဲ့သို့ မီးတောက်နေသည်။

အဲဒီအချိန်မှာ တိမ်တွေက ရုတ်တရက် ပြိုကျပြီး မြေပြင်ကို ရိုက်ခတ်လာကာ မြူခိုးတွေအဖြစ် ဖုံးလွှမ်းသွားသည်။ သုံးယောက်သား ရှေ့သို့ ပျံသန်းလာစဉ်တွင် မြူမှုန်ဖြူများ ဝင်လာတာ တွေ့လိုက်ရပြီး အလွန်လေးလံတဲ့ အငွေ့အသက်နဲ့ နစ်မြုပ်သွားခဲ့သည်။

ထိုအခိုးအငွေ့သည် အလွန်ထူးဆန်းသော ပုံစံဖြင့် ပေါက်ထွက်လာခြင်းပင်။ ဘယ်လောက် မြင့်သလဲ၊ ဘယ်အကွာအဝေးအထိ ဖုံးလွှမ်းထားသလဲမသိ။ ပတ်ဝန်းကျင်က အတက်၊ အဆင်း၊ ဘယ်နှင့်ညာကို ဘယ်လို ခွဲခြားရမလဲ မသိတော့အောင် လမ်းပျောက်စေ၏။ ထိုစဥ် အမှောင်ထဲမှ ထူးထူးခြားခြား ရယ်မောနေတာကို ကြားလိုက်ရသည်။

မုတ်ဆိတ်မွေးနှင့် တောင်ဆိတ်စိမ်းမှာလည်း လက်ခြောက်ချောင်းစီကနေ ၎င်းတို့၏လက်နက်များကို ထုတ်ထားလိုက်သည်။

လေး၊ မြှား၊ ဓား၊ ဓားပျံ၊ ကြိုး၊ လှံ စတာတွေပင်။ ၎င်းတို့လက်ထဲရှိ လက်နက်များကို အဘွားရှားက ပေးထားတာတွေပဲ ဖြစ်သည်။ သာမန်ပစ္စည်းများ မဟုတ်သော ဒေါသနှင့် သတ်ဖြတ်ခဲ့သော သရဲများနှင့် နတ်တစ္ဆေတွေရဲ့ လက်နက်များသာ ဖြစ်၏။ အလွန်ကြွယ်ဝသော သွေးနှင့် နတ်ဆိုးသဘာဝများပါ ကူးစက်ခံထားရသည်။ အဘွားရှား ဘယ်ကရလာတာလဲ မသိ။

"အမွှေးတိုင်ကို ကြည့်ဦး!"

အဘွားရှား: "အမွှေးတိုင်ကိုကြည့်ပြီး လိုက်သွားရင် လမ်းပျောက်မှာ မဟုတ်ဘူး!"

"တကယ်လား?"

မြူခိုးများထဲက ရယ်သံတစ်သံ ထွက်လာပြန်သည်။ အရှေ့ဘက်မှ မြူမှုန်များသည် လေထဲတွင် လွင့်မျောနေသော သဲဖြူဖြူများကဲ့သို့ နှစ်ဖက်စလုံးဆီသို့ ပြန့်ကျဲသွားကာ အဖြူရောင်ဝတ် အမျိုးသမီးတစ်ဦးက လက်ထဲတွင် အမွှေးတိုင်ကို ကိုင်လျက် ပြုံးပြနေတာ တွေ့လိုက်ရသည်။

တောင်ဆိတ်က အပြေးအလွှား သွားကာ ထိုအမျိုးသမီးကို သတ်ပစ်တော့မည် ဖြစ်သော်လည်း ရုတ်တရက် မြူခိုးများဝင်လာပြီး အမျိုးသမီးက ပျောက်သွားခဲ့သည်။ မြူခိုးများထဲ၌ အမွှေးတိုင်ခေါင်းများကဲ့သို့ အနီရောင်အစက်များ ပေါ်လာသည်။

ထို့နောက် တိမ်ထုထဲက ကြီးမားသော အရာတစ်ခုက သူတို့ဆီသို့ ရောက်လာခဲ့​လေသည်။

ဟွမ်​ဖောရွာ အပြင်ဘက်တွင်တော့ ချန်ရှီသည် ခရိုင်မြို့တော်မှ အမြန် ပြန်ပြေးလာခဲ့သည်။ ထိုစဥ် ရွာအပြင်ဘက်ရှိ ယဇ်ပလ္လင်တွင် အဘွားရှားရဲ့ တစ္ဆေဘုရင်ငါးပါးက ယဇ်ပလ္လင်ကို စောင့်နေကြဆဲ ဖြစ်တာကို တွေ့လိုက်ရသည်။

"အဘွားရှား ဘာလုပ်နေတာလဲ"

"အစ်ကိုတို့... စားပြီး​ပြီလား"

ချန်ရှီက ချဉ်းကပ်သွားပြီး မေးလိုက်သည်။ တစ္ဆေဘုရင်လေးပါးတို့သည် အသီးသီး တင်ပျဉ်ခွေထိုင်ကာ သူတို့ရှေ့တွင် ထည့်ထားသော နံ့သာချောင်းကို စိုက်ကြည့်နေကြသည်။

ဝက်ဝံနက်ထက် အရပ်မြင့်ပြီး လက်ထူကြီးကြီးတွေ၊ ခြေဖဝါးကြီးများ၊ အစွယ်များ၊ မျက်ခုံးမွှေးများ၊ မဲနယ်လို မျက်နှာများနှင့် မီးတောက်နေသော ဆံပင်များကို မည်သူမဆို မြင်တာနဲ့ ချက်ချင်း သေသွားမှာ သေချာပါသည်။

ချန်ရှီက သူတို့ဆီလာပြီး စာအုပ်သေတ္တာထဲက အသစ်ဝယ်လာတဲ့ အမွှေးတိုင်ကို ထုတ်ယူပြလိုက်သည်။ သူက တစ္ဆေဘုရင်တစ်ယောက်စီက အနည်းငယ်ကို ပေးကာ။

"ဒါက ခရိုင်မြို့၊ ပိုင်ရှန်းကျိကလာတဲ့ အမွှေးတိုင်အသစ်တဲ့....ခင်ဗျားတို့အတွက် အရသာရှိလောက်တယ်"

တစ္ဆေဘုရင်များစွာက မီးညှိခဲ့ကြပြီး အသီးသီးက "အရသာ ကောင်းကြောင်း" လို့ ချီးမွမ်းပြောဆိုနေကြသည်။

ချန်ရှီ: "အကိုငါးယောက်... ကျွန်တော်က တချို့ကိစ္စတွေကို နားမလည်ဘူး... ဒီက အကိုငါးယောက်နဲ့ သူငယ်ချင်းကောင်းတွေ ဖွဲ့ချင်တယ်... ဒါပေမယ့် ခင်ဗျားတို့နဲ့ ဘယ်လိုရင်းနှီး​အောင် လုပ်ရမလဲ ဆိုတာတော့ မသိဘူး... ကံကောင်းချင်တော့ ကျွန်တော့်မှာက ပိုက်ဆံနည်းနည်းပဲ ရှိတယ်...အဲဒါကြောင့် ဒီညီကအစ်ကိုတွေကို နောက်ထပ် အမွှေးတိုင်နည်းနည်းလောက်ပဲ ပေးလို့ရ​တော့တယ်..."

တစ္ဆေဘုရင်ငါးပါးသည် ချန်ရှီက ပညာတတ်ပြီး ယဉ်ကျေးသိမ်မွေ့တာကို မြင်သောအခါ ရှက်ရွံ့စွာ လွှတ်လိုက်ကြ၏။ ချန်ရှီက နောက်ထပ် အမွှေးတိုင် အနည်းငယ်ကို ထုတ်လိုက်ပြန်သည်။

"ကျွန်တော်က အဘွားရဲ့သားအရင်းထက် ပိုရင်းနှီးပါတယ်... ဒါပေမဲ့ ကျွန်တော်က အမြင်တိမ်ပြီး ဗဟုသုတလည်း မရှိပါဘူး... အဘွားက ဘာစီစဉ်ထားတာလဲ မသိဘူး အစ်ကိုတို့က ပြောပြပေးပါဦး...."

တစ္ဆေဘုရင်လေးပါးရဲ့ စိတ်နေစိတ်ထားတွင် သရဲတစ္ဆေများသာ ဖြစ်တာကြောင့် အဘွားရှား၊ တောင်ဆိတ်နဲ့ မုတ်ဆိတ်မွေး လောင်ဟူတို့ မြေအောက်ကမ္ဘာထဲ ဝင်သွားတဲ့ ဇာတ်လမ်းကို ပြောပြလိုက်သည်။ တစ္ဆေဘုရင်ကြီးက ၎င်းတို့ပါးစပ်ကို ရပ်တန့်ရန် အချက်ပြသော်လည်း နောက်ကျသွားပြီ ဖြစ်သည်။

ထိုစဥ် ချန်ရှီရဲ့ မျက်လုံးတွေက တောက်ပနေပြီး။

"ကျွန်တော် တက်ကြည့်လို့ရမလား?"

တစ္ဆေဘုရင်ငါးပါးလုံး အကျပ်အတည်း ဖြစ်ကုန်သည်။

“အဘွားရှားက သူ့သားလိုပဲ သဘောထားတာ ဆိုတော့ ဆက်တားနေရင် မကောင်းဘူး.... ပြီးမှ အဘွားကို သွားတိုင်ရင် ငါတို့ ဖိနပ်နဲ့ အရိုက်မခံရဘူးလို့ မသေချာဘူနော်?”

ဒါကြောင့် တ​စ္ဆေ​ဘုရင်ကြီးကလည်း ခေါင်းညိတ်လိုက်သည်။

“မင်းတက်ကြည့်လို့ရပေမယ့် ယဇ်ပလ္လင်ပေါ်က ပစ္စည်းတွေကို ထိတွေ့ခွင့်မပေးဘူး... မဟုတ်ရင် အဘွားက မြေအောက်ကမ္ဘာထဲမှာ ပိတ်မိနေပြီး ပြန်မလာနိုင်တော့ဘူး”

ချန်ရှီသည် ရွှင်လန်းမှုအပြည့်ဖြင့် လျင်မြန်စွာ ဟုတ်ကဲ့ဟု ပြောကာ ယဇ်ပလ္လင်ပေါ်သို့ ဂရုတစိုက် တက်ပြီး ယဇ်ပလ္လင်ပေါ်ရှိ ထူးဆန်းသော အလံများကို ကြည့်လိုက်သည်။

"အစ်ကိုကြီး... ခွေး​ရော တက်လို့ရလား!"

ဒုတိယတ​စ္ဆေဘုရင်သည် ချန်ရှီနောက်မှ ဟေးကော်ကည်း ယဇ်ပလ္လင်ပေါ်သို့ တက်လာတာ မြင်သောအခါ စိုးရိမ်စိတ်မထနိုင်ဘဲ ဖြစ်သွားသည်။

"ခွေး တက်လို့ မရဘူး!"

တစ္ဆေဘုရင်များ လန့်ဖျပ်သွားပြီး "မြန်မြန်ဆင်းလာခဲ့! ခွေးနက်ရဲ့ ယန်စွမ်းအင်က အရမ်းပြင်းထန်တယ်... ဒီမီးအိမ်တွေကို ဖျက်ဆီးမိလိမ့်မယ်!"

ချန်ရှီ ဒုတိယထပ်သို့ ရောက်နေပြီဖြစ်၍ လှည့်ကြည့်လိုက်သည်။ သူ ဟေးကော်ကို ကန်ချချင်ပေမယ့် ထိုခွေးက တတိယထပ်သို့ပင် ရောက်နေပြီဖြစ်ကာ နှာခေါင်းပေါက်ဖြင့် စူးစူးဝါးဝါး ရှူရှိုက်လိုက်သည်။

"ဟေးကော် မြန်မြန်ဆင်း!"

ချန်ရှီလည်း အနည်းငယ် ထိတ်လန့်သွားသည်။ ဟေးကော် ဒီနေရာက အပြင်အဆင်ကို ထိခိုက်မည်ကို စိုးရိမ်သဖြင့် တတိယထပ်သို့ အမြန်တက်လာခဲ့သည်။ တတိယထပ်ကို ရောက်တော့ ဟေးကော်တစ်ကောင် ခေါင်းပျောက်နေတာကို တွေ့လိုက်ရ၏။

သေသေချာချာ ကြည့်လိုက်တော့ ယဇ်ပလ္လင်အလယ်မှာ နံ့သာပေါင်း မီးဖိုလေးတစ်ခု ချထားတာကို တွေ့လိုက်ရသည်။ သို့သော် မီးခိုး၏ အခြားအစွန်းမှ ခွေးဦးခေါင်းက ထွက်မလာချေ။

"ဟေးကော်... မြန်မြန်ထွက်လာခဲ့!"

ချန်ရှီ ရှေ့ကို လှမ်းပြီး ခွေးကြီးဖမ်းဖို့ ပြင်နေပေမယ့် ဟေးကော်ရဲ့ ခြေလက်တွေက ရုတ်တရက် သူ့ကိုပြန်တွန်းထုတ်လိုက်ကာ မီးခိုးထဲ ခုန်ဆင်း ပျောက်ကွယ်သွားသည်။

ချန်ရှီလည်း ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးလာပြီး သူ့ခေါင်းကို မီးခိုးများကြား ဖြတ်သွားစေခဲ့ရာ ရုတ်တရက် အခြားကမ္ဘာတစ်ခုကို လှမ်းမြင်လိုက်သည်။ သူ့အောက်တွင် ကြီးမားသော ကြေးဝါရုပ်ထုကြီး ထွက်ပေါ်လာပြီး ပါးစပ်မှ မီးရှူးမီးပန်းများ ဖြန်းခနဲ ထွက်ပေါ်လာသည်။

အရှေ့ဘက်က မြူခိုးထဲတွင် ကြီးမားသော သားရဲကြီးများသည် မြူခိုးများကို ဖြတ်လျှောက်လာကာ တိုက်ခိုက်နေကြ၏။ တချို့က ဒေါင်လိုက်၊ အလျားလိုက် ခုန်ပေါက်ကာ အသေသတ်ရန် သို့မဟုတ် သူတို့ဘယ်လောက် ကြောက်စရာကောင်းလဲ မသိသေးသော မြူခိုးအတွင်းရှိ တစ္ဆေများကို ပညာပြသည့် အနေဖြင့် ဦးခေါင်းများကို ရိုက်ခွဲလိုက်ကြသည်။

ခဏအကြာတွင် ချန်ရှီ အံ့အားသင့်သွားကာ အဆမတန်ကြီးမားသော ဧရာမသားရဲကြီးနှင့် ထူးဆန်းသော အသွင်အပြင် အဘွားရှား၊ တောင်ဆိတ်နဲ့ မုတ်ဆိတ်မွေးတွန့်နေသော လူကြီးတို့ သူ့ဘက်သို့ ပြေးလာနေတာ တွေ့လိုက်ရသည်။

ဟေးကော်က ချန်ရှီရဲ့ အော်ဟစ်သံကို ကြားရုံမျှဖြင့် ခေါင်းကို အမြန်ညိတ်လိုက်ပြီး မီးခိုးထဲမှ ပြန်ခုန်ထွက်လာသည်။ ထို့နောက် အဘွားရှား၊ တောင်ဆိတ်နဲ့ မုတ်ဆိတ်မွေး ရှိသော လူကြီးသည် ယဇ်ပလ္လင်ပေါ်မှ လှိမ့်ဆင်းလာကြသည်။ သုံးယောက်လုံး သွေးဒဏ်ရာများဖြင့် ဖုံးလွှမ်းထားကာ ပွန်းပဲ့သွားခဲ့သည်။

"ဒီခွေးက ပြဿနာ ရှိတယ်!"

တောင်ဆိတ်က ခုန်ထကာ မတ်တတ်ရပ်လျက် ခြေထောက်နှစ်ဖက်ကို မြှောက်ကာ ဟေးကော်ကို လက်ညှိုးထိုး၍ အော်ဟစ်လိုက်သည်။ လောင်ဟူမှာ ၎င်းပါးစပ်ကို အလျင်အမြန် ဖုံးထားပေမယ့် ကံမကောင်းစွာဖြင့် သူ့မှာ အချိန်မရှိခဲ့။

အဘွားရှားက လျင်မြန်စွာထ၍ သူမခန္ဓာကိုယ်ပေါ်ရှိ ဖုန်မှုန့်များကို ခါထုတ်လိုက်သည်။

"သာမန်ခွေးတစ်ကောင်ပဲ.... သာမာန်ပဲ ငါ့ရဲ့ အစီအရင်ကြောင့် ဖြစ်နေတာ... ချင်းယန် အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့... ကြည့်... တစ်ဆယ်လေးရဲ့ ခေါင်းကလည်း အခုနတုန်းက ကြီးနေတာပဲ မဟုတ်ဘူးလား?"

တောင်ဆိတ် ချင်းယန်: "ဒါပေမဲ့ တစ်ဆယ်လေးကလည်း ရှိ..."

မုတ်ဆိတ်မွေး လောင်ဟူက သူ့ပါးစပ်ကို တင်းတင်းကြပ်ကြပ် လာဖုံးထားတာကြောင့် “ပြဿနာ” ဟူသော စကားလုံးကို လည်ချောင်းတွင်သာ ကပ်ထားခဲ့ရသည်။

"မင်းက သားရဲတစ်ကောင်ပဲလေ... မင်းမှာလည်း ပြဿနာမရှိဘူးလား"

မုတ်ဆိတ်မွေး လောင်ဟူက ဒေါသတကြီးနဲ့ ဝင်ပြောလိုက်မှ တောင်ဆိတ် ချင်းယန်လည်း ရပ်သွားတော့သည်။

All Chapters