ခေါင်းကြီးကြီး နားရွက်ကားကား
Vol. 6 Ch. 87
"အပြင်ကလူက အသစ်ခန့်အပ်လိုက်တဲ့ ရှင်းရှန်ခရိုင်ရဲ့ ခရိုင်တရားသူကြီး ကန်ချွမ်းကန်?"
ချန်ရှီ အနည်းငယ် လန့်သွားပြီး။
"သူက ငန်းဝယ်ချင်တာလား ပြီးတော့ အကုန်လုံးကို ဝယ်လိုက်တာလား?"
တစ်ခုခု မှားနေပြီဟုသာ သူခံစားမိသည်။
အရှေ့ဈေးသည် မကြာသေးမီက နေ့ခင်းဘက်တွင် လမင်းပေါ်လာတာကြောင့် အနီးနားတွင် လူအနည်းငယ်သာ ဆိုင်ဖွင့်ဖို့ သတ္တိရှိကြကာ အရှေ့ဈေးသို့ လာရောက်ကြပြီး ပစ္စည်းလာဝယ်သူကလည်း အနည်းငယ်သာ ရှိသည်။ အရှေ့ဈေးကို ခရိုင်တရားသူကြီး ကန်ချွမ်းသည် ငန်းများဝယ်ရန်အတွက် ရောက်လာ၏။ ငန်းရောင်းသူ တစ်ဦးကလည်း ကျောင်းသားများကို ငန်းအဖြစ်သို့ ပြောင်းလဲပစ်ခဲ့သည်။
ဒါက အရမ်းထူးဆန်းနေပြီ။
ချန်ရှီ အိတ်ထဲမှ ငန်းတစ်ကောင်ကို လှမ်းကြည့်လိုက်ရာ အခြားငန်းတစ်ကောင်ကို ကိုက်နေတာ တွေ့လိုက်ရသည်။ ဟက်ဟက်ပက်ပက် အော်ဟစ်ခံခဲ့ရသူမှာ ဟူဖေးဖေးသာ ဖြစ်ပေမည်။
ထူးဆန်းသည်မှာ လူတိုင်း ငန်းကောင်များအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ၎င်းတို့ပြုလုပ်နိုင်သော အသံများကလည်း ငန်းသံများသာ ဖြစ်လာသော်လည်း ငန်းဘာသာစကားကို ကျွမ်းကျင်နေသလိုမျိုး အချင်းချင်းရဲ့ စကားကို အမှန်တကယ် နားလည်နိုင်ကြသည်။
ထိုအချိန်တွင် ချန်ရှီသည် အပြင်မှ ငန်းသံများကို ကြားလိုက်ရ၏။ တစ်စုံတစ်ယောက်က ငန်းလှောင်အိမ်သို့ ရွေ့သွားတာပဲ ဖြစ်လိမ့်မည်။ သူတို့ပါလာတဲ့ အိတ်ကိုတော့ တစ်စုံတစ်ယောက်၏ ကျောပေါ်တွင် သယ်ဆောင်ထားပြီး အိတ်အတွင်းမှ နေရာလွတ်ကလည်း ယိမ်းနွဲ့နေသည်။
သူတို့မြို့ထဲကို ဝင်နေကြပြီ။
အပြင်မှာရှိတဲ့ ငန်းတွေက ငိုယိုပြီး ကတုန်ကယင် အသံတွေကို ထုတ်လွှတ်နေကြသည်။ သူတို့က တခြားပျောက်နေတဲ့ ကျောင်းသားတွေ ငန်းဖြစ်သွားကြတာပဲ ဖြစ်လိမ့်မည်။
"ခရိုင်တရားသူကြီးနဲ့ ငန်းရောင်းသူက အတူတူ အလုပ်လုပ်နေတာလား... သူတို့က ငန်းတွေ ဖြစ်သွားအောင် ကျောင်းသားတွေကို ပြောင်းထားတာဆိုတော့ တကယ်စားမှာလား ဒါက လူသားစားတာ မဟုတ်ဘူးလား"
ချန်ရှီ အနည်းငယ် တုန်လှုပ်သွားသော်လည်း အိတ်ထဲတွင် ငန်းကောင်များအဖြစ် ပြောင်းလဲသွားသော ကျောင်းသားများက ဟူဖေးဖေးကို ဝိုင်းထားဆဲ ဖြစ်သည်။
ချန်ရှီ ခေါင်းခါပြီး သူ့ဘာသာသူ တွေးနေသည်။
"ကလေးတစ်ယောက်ရဲ့ စိတ်သဘောသဘာဝ...အမ် နေပါဦး...ငါလည်း ကလေးပဲ မဟုတ်ဘူးလား?"
ထို့ကြောင့် သူသည် ကျော်ပြေးကာ တောင်ပံများခတ်ရင်း အော်ဟစ်ကာ အတန်းဖော်များနှင့်အတူ ဝိုင်းဖွဲ့ကာ ဟူဖေးဖေးကို ကိုက်ပြီး ဟူဖေးဖေးရဲ့ ခေါင်းမှ ငန်းအမွေးများကို ဆွဲနုတ်ပစ်လိုက်သည်။ ဟူဖေးဖေးမှာ စိတ်ဆင်းရဲသွားတဲ့အထိ အရိုက်ခံခဲ့ရသည်။
ချန်ရှီနှင့် အခြားသူများလည်း ရိုက်နှက်ရတာ ပင်ပန်းလာသောအခါတွင် အနားယူရန် ရပ်တန့်ကာ နောက်မှ ထပ်မံရိုက်ရန် ပြင်ဆင်ခဲ့သည်။
"ဒီအိတ်က ဘာလဲ... ဒီအိတ်က ငါတို့ကို အကောင်တွေဖြစ်အောင် လုပ်နိုင်တယ်... နတ်တစ္ဆေဘုံလိုပဲ..."
ချန်ရှီသည် သူ၏ခြေထောက်တိုများကို ဖွင့်ကာ အမြီးကို ကျွမ်းကျင်စွာ ဆွဲကာ အိတ်ထဲသို့ လှမ်းဝင်လိုက်သည်။ အိတ်အတွင်းဘက်က မည်းမှောင်နေပြီး အတွင်းခန်းက ရာနဲ့ချီတဲ့ အကောင်တွေကို ထည့်ထားရင်တောင် ပြဿနာ မရှိလောက်တဲ့ အနေအထားပင်။
"ချန်ရှီယ.. ချန်ရှီ... ဟိုဟိုဒီဒီ လျှောက်မပြေးနဲ့!"
ချန်ရှီ သူတို့ကို လျစ်လျူရှုထားသည်။ ငန်းရဲ့ မျက်လုံးတွေက ထူးထူးခြားခြား ရှိတာကြောင့် အိတ်ထဲမှာ အနက်ရောင်ချည်း ဖြစ်နေရင်တောင်မှ သူတို့အတွက်က နေ့အလင်းရောင်လိုပါပဲ။ မတ်တပ်ရပ်လျက် လည်ပင်းကို လှည့်၍ နောက်ကျောဘက်ကို ခေါက်လိုက်ရင်း ငန်းခန္ဓာကိုယ်အပေါ် ဆန်းသစ်သော ခံစားမှုက သိသိသာသာ တိုးလာတာကို သတိထားမိလာသည်။
ထိုအချိန်တွင် ရှန်ယွိရှန်းကနေ အသွင်ပြောင်းထားသော ငန်းဖြူကြီးက သူနှင့် ဘေးချင်းကပ်လျက် လျှောက်လာသည်။
"ဒါက နတ်တစ္ဆေဘုံ မဟုတ်ဘူး....နတ်တစ္ဆေဘုံက ကျယ်ပြန့်တဲ့ လွှမ်းမိုးမှုမျိုး ရှိပြီး အရာဝတ္ထုတွေရဲ့ ဖွဲ့စည်းပုံနဲ့ မျိုးစိတ်တွေကို ပြောင်းလဲပေးနိုင်တယ်...ဒါပေမဲ့ ငါတို့ခန္ဓာကိုယ်ထဲက သွေးကြောနဲ့ အပ်စိုက်အမှတ်တွေက သူ့နေရာနဲ့သူ ရှိနေတုန်းပဲ...လူ့ခန္ဓာကိုယ်နဲ့ ဖွဲ့စည်းတည်ဆောက်ပုံအရဆို ချီစီးဆင်းမှုင မပြောင်းလဲသေးဘူး....ငါတို့ရဲ့ အသွင်အပြင်နဲ့ အသားအရေကို ပြောင်းလဲနိုင်ပေမယ့် ငါတို့ရဲ့ ဖွဲ့စည်းပုံကိုတော့ မပြောင်းလဲနိုင်ဘူး"
ချန်ရှီ ထိုသူ့ကို လေးလေးနက်နက် စေ့စေ့ကြည့်ရင်း ရှန်ယွိရှန်းလို့ ခေါ်တဲ့ ဒီကျောင်းသားက အရမ်းထက်မြက်ပြီး သူ့ကို အထင်ကြီးသွားစေတယ်လို့ မှတ်ချက်ပေးလိုက်၏။
"ငါတို့ရဲ့ ကျင့်ကြံမှုတွေသာ ဒီထက်ပိုပြီး တိုးတက်ထားခဲ့ရင် အိတ်ရဲ့ ဖိနှိပ်မှုကို ဖြတ်ကျော်ပြီး လူသားပြန်ဖြစ်နိုင်တယ်!"
ရှန်ယွိရှန်းက ပြောနေသည်။
"နတ်ကွန်းနယ်ပယ်ထဲမှာ ပိတ်မိနေတာတော့ သနားစရာပဲ မဟုတ်ရင် စမ်းကြည့်လို့ ရတယ်... ဒီငန်းရောင်းသူက ကျောင်းသားတွေကိုပဲ ဖမ်းပြီး စာပေပညာရှင်တွေကို မဖမ်းဝံ့တဲ့ အကြောင်းရင်းက သူ့အိတ်က နတ်ကွန်းနယ်ပယ်တွေကိုပဲ ခံနိုင်လို့ပဲ"
ချန်ရှီ သူ့ခေါင်းကို မော့ပြီး ပတ်ပတ်လည်ကို ကြည့်ကာ ပြောလိုက်သည်။
"အိတ်ကို နတ်တစ္ဆေဘုံ တစ်ခုအဖြစ် မှတ်ယူနိုင်ပေမယ့် သူ့ရဲ့ အတိုင်းအတာက အရမ်းသေးလွန်းတယ်... ဒါ့အပြင် သူ့ကို ချိုးဖျက်ဖို့ နတ်သန္ဓေသား မလိုပါဘူး... ဒါက ထူးဆန်းတဲ့ အဆောင်လက်ဖွဲ့တွေနဲ့ တည်ဆောက်ထားတဲ့ ထူးဆန်းတဲ့ နေရာတစ်ခုပဲ..."
သူသည် ရွှေအမြုတေကို အသက်သွင်းရန် ကြိုးစားပြီး ညာခြေကို ရွှေ့လိုက်ရာ သူ့ညာခြေသည် ငန်းခြေထောက်မှ လူခြေထောက် ပြန်ပြောင်းသွားတာ တွေ့လိုက်ရသည်။
ချန်ရှီ ရွှေအမြုတေကို တည်ငြိမ်စွာ ပြန်ရွှေ့လိုက်ပြီး ငန်းခြေထောက်ကို မြှင့်တင်ကာ ချက်ချင်း ရပ်လိုက်သည်။ သူ့ခြေဖဝါးအောက်မှ စစ်မှန်သော ချီစွမ်းအင်များ ထွက်လာကာ အိတ်ပေါ်တွင် ဝှက်ထားသော အနက်ရောင်လိုင်းများကို အသက်သွင်းလိုက်သည်။
ထိုအနက်ရောင် မျဉ်းလိုင်းများသည် စစ်မှန်သော ချီစွမ်းအင်၏ လှုံ့ဆော်မှုအောက်တွင် ပိုမိုတောက်ပလာပြီး ရေးဆွဲထားသော မှင်စာပုံစံများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။ အဆောင်စာလုံး ပုံစံများက ၎င်းတို့ကို ဝန်းရံထားပြီး အိမ်တစ်လုံး အရွယ်အစားရှိ နေရာလွတ်တစ်ခုအဖြစ် ဖန်တီးပေးလိုက်သည်။
ငန်းတစ်ကောင်သည် တည်ငြိမ်စွာ အနားယူနေပြီး ဟူဖေးဖေးကို အနိုင်ယူရန် ဒုတိယအကြိမ် တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေချိန်တွင် တခြားငန်းတွေနဲ့အတူ မထိန်းနိုင်ဘဲ အံ့အားသင့်သွားခဲ့သည်။
ချန်ရှီ သူငန်းခြေထောက်ကို ဖယ်လိုက်တဲ့အခါ မျဥ်းကြောင်းများက တဖြည်းဖြည်း မှိန်ဖျော့သွားပြီး ပျောက်ကွယ်သွားသည်။ ရှန်ယွိရှန်းက သူ့ကို တအံ့တသြကြည့်ကာ တိုးတိုးလေး ပြောလာသည်။
"ချန်ရှီ... မင်းရဲ့ချီက အရမ်းသန်မာတယ် နတ်သန္ဓေသားကို ရပြီးပြီလား..."
ချန်ရှီက ခေါင်းယမ်းပြီး သူ့ကိုယ်သူ ပြောနေသလိုဖြင့် ပြောလိုက်သည်။
"ငါ့မှာ နတ်သန္ဓေသား မရှိဘူး ဒါပေမယ့် ငါက ရွှေအမြုတေကို ဖွဲ့ထားပြီးပြီ"
သူ့လက်ရှိ အဆင့်ဖြင့် အိတ်ကို ဖြိုခွင်းရန် မခက်ခဲလှပေ။ အဆောင်ဆွဲချက်တွေင အလွန်ရိုးရှင်းလှသည်။ ထိုအချိန်တွင် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာပြီး အမျိုးသမီးတစ်ဦးက တုန်လှုပ်ခြောက်ခြားသွားသလို ဆိုလာ၏။
"ငန်းတွေလား? အများကြီးပဲ... သခင်မတော့ အရမ်း ပျော်နေတော့မှာပဲ!"
နောက်ထပ် အမျိုးသမီးတစ်ယောက်ကလည်း ရယ်ပြီးပြောသည်။
"သခင်မက ဒီရက်ပိုင်း ငန်းအသားစားရဖို့ စိတ်ကူးနေတာ...သူမ ခဏခဏကို တောင်းတနေတာ..."
တရားသူကြီးကန်ရဲ့ အသံက တစ်ဆင်တည်း ထွက်လာသည်။
"မင်းတို့ ငန်းလှောင်အိမ်ကို အိမ်နောက်ဖေးမှာ အရင်ဆွဲထား... ပန်းကန်ခွက်ယောက်တွေ ထား၊ ဓားနဲ့ တူတွေ ပြင်ထား... ငါ့မိန်းမနဲ့ ငါ ဒီည ညစာစားမယ်... ငါတို့ကိုစောင့်စရာ မလိုဘူး... မင်းတို့ ဘယ်သူမှ ဝင်လာခွင့်မရှိဘူး...."
အိမ်အကူတွေကလည်း အမိန့်ကို နာခံကာ ငန်းလှောင်အိမ်ကို အိမ်နောက်ဖေး ယူသွားကြသည်။
“လူကြီးမင်း... ဒီအိတ်ထဲမှာ ငန်းဖြူနည်းနည်း ပါသေးတယ်...လတ်ဆတ်တယ်နော်” ငန်းရောင်းသူက ပြောသည်။
"ကျေးဇူးပြုပြီး အိမ်နောက်ဖေးကို ယူသွားပြီး ငန်းလှောင်အိမ်ထဲမှာ ထည့်ထားပေးပါ..."
မကြာခင်မှာပဲ အိတ်ကိုဖွင့်လိုက်တော့ ချန်ရှီ နဲ့ တခြားသူတွေက တောက်ပတဲ့ အလင်းတန်းတွေ ဝင်လာတာကို ရုတ်တရက် တွေ့လိုက်ကြပြီး ကျောင်းသား တော်တော်များများ ကမန်းကတန်း ထအော်ကြပါတော့သည်။
ထိုအခိုက်တွင် အသံမြည်လာပြီး အထည်အိတ်ထဲမှ အိုးမည်းကြီး ပြေးထွက်လာလေရာ အိမ်အကူများလည်း စူးစူးဝါးဝါး အော်ဟစ်ကုန်လေ၏။
"ခွေး ခွေး ခွေးနက်ကြီးတစ်ကောင် အထဲကို ဝင်သွားပြီ"
ခရိုင်အစိုးရရုံးမှာ ရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။ အိမ်အကူတွေက ခွေးထွက်လာတာကြောင့် လန့်ဖြတ်ကုန်ကာ အစောင့်တွေကလည်း ခွေးဖမ်းဖို့ အပြေးအလွှား ရောက်လာကြသည်။
ပါးလွှာပြီး အစွမ်းထက်တဲ့ လက်တစ်စုံက လှောင်အိမ်ထဲကို ရောက်ရှိလာပြီး ချန်ရှီရဲ့လည်ပင်းကို ဖမ်းကိုင်ကာ သူ့ကို ဆွဲထုတ်လိုက်လေသည်။
ချန်ရှီ အသွင်ပြောင်းထားသော ငန်းဖြူကြီးသည် မရုန်းကန်ဘဲ လက်ကြီးများနောက် အသာလေး ပါသွား၏။ လက်ကြီးပိုင်ရှင်မှာ မုတ်ဆိတ်ဖြူ၊ ဆံပင်ဖြူနှင့် ငန်းရောင်းသူဖြစ်ပြီး ရှုံ့တွနေသော မျက်နှာဖြင့် ချန်ရှီကို ကြည့်ကာ သူ့ရဲ့ကြည့်မကောင်းသော မျက်နှာကြီးနဲ့ ပြုံးပြနေသည်။
"ဆူဖြိုးတဲ့ ငန်းတစ်ကောင်ပဲ... ငါ့ကို အပြစ်မတင်နဲ့ကွာ... သခင်ကြီးနဲ့ သူ့မိန်းမကို စိတ်ကျေနပ်အောင် ဒီလိုလုပ်ရတာပဲ..."
သူက ချန်ရှီကို အိမ်နောက်ဖေး သစ်ပင်ပေါ်မှ ငန်းလှောင်အိမ်ထဲမှာ ချိတ်ဆွဲထားလိုက်သည်။ ငန်းလှောင်အိမ်သည် ဝါးအခင်းများဖြင့် ပြုလုပ်ထားပြီး အပေါက်များက ငန်းဦးခေါင်းများ ပေါက်ထွက်ရန် လုံလောက်သော်လည်း ခန္ဓာကိုယ်ကတော့ လုံးဝ မရပေ။
များမကြာမီပင် ငန်းဆယ့်ရှစ်ကောင်သည် အဝိုင်းကြီးပုံစံဖြင့် သစ်ပင်ကြီးပေါ်တွင် ချိတ်ဆွဲခံထားရကာ အတွင်းမှ ငန်းဖြူဖြူများက စိုးရိမ်တကြီး လှည့်ပတ်သွားလာနေကြသည်။
တခြားလူတွေရဲ့နားထဲမှာ ဒီငန်းတွေက မရပ်မနား အော်နေပေမယ့် ချန်ရှီနဲ့ တခြားကျောင်းသားတွေရဲ့ နားထဲမှာတော့ ဘဲတွေက အော်ဟစ် အကူအညီ တောင်းနေကြတာကို ကြားနေရသည်။
"ဘာတွေဖြစ်နေတာလဲ... ခွေးက မဖမ်းမိသေးဘူးလား ဟေ့ကောင်တွေ မင်းအလုပ်တွေကို ဘယ်လိုလုပ်နေကြတာလဲ"
တစ်ဖက်မှာတော့ ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်းပါပဲ။
အိမ်အကူများစွာသည် အိမ်နောက်ဖေးကို သန့်ရှင်းရေးလုပ်ကာ မီးဖိုချောင်သုံး ဓား၊ တူ၊ ပုဆိန်နှင့် ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ နံနံ၊ ဆီ၊ ဆား၊ ငံပြာရည်၊ ရှာလကာရည်စသည့် ဟင်းခတ် အမွှေးအကြိုင်များကို ပြင်ဆင်နေကြသည်။
ငန်းလှောင်အိမ်ထဲရှိ ကျောင်းသားများသည် ပို၍ပြင်းထန်စွာ အော်ဟစ် အကူအညီ တောင်းသော်လည်း ဘယ်သူမှ နားမလည်နိုင်ပေ။ အိမ်ဖော်များ အိမ်နောက်ဖေးမှ ထွက်သွားသော်လည်း ငန်းရောင်းသူက မထွက်ခွာဘဲ အိမ်နောက်ဖေးတွင် ကျန်ခဲ့သည်။
မသိလိုက်ဘဲ ညဘက် ရောက်လာ၏။ ငန်းရောင်းသူသည် မီးပုံးများကို တစ်ခုပြီးတစ်ခု ထွန်းညှိလိုက်တဲ့အခါ အိမ်နောက်ဖေးတွင် မီးပုံးတစ်ဒါဇင်ကျော်က နီမြန်းသော မီးလုံးများ ချိတ်ဆွဲထားသလို နီရဲသွားသည်။
ငန်းရောင်းသူက မတ်တပ်ရပ်၍ ဦးညွှတ်လိုက်သည်။
“သခင်မ... ဖြည်းဖြည်းလာပါ... သတိထားပြီး လျှောက်ပါ”
အသက်ရှုမဝတဲ့အသံက ပြန်ပြောလိုက်သည်။
"မင်းတို့ပြန်တော့.... သခင်ကြီးနဲ့ ငါ ညစာစားပြီးတဲ့အထိ ဘယ်သူမှ အိမ်နောက်ဖေးကို ဝင်ခွင့်မရှိဘူး"
"ဟုတ်ကဲ့"
အစေခံတွေရဲ့ ခြေရာလက်ရာတွေ ချက်ချင်း ပျောက်ကွယ်သွားသည်။ ချန်ရှီ ငန်းလှောင်အိမ်ထဲတွင် ရပ်နေကာ ငန်းရောင်းသော အဖိုးအိုကလည်း လန့်နေ၏။ ထိုလူက အိမ်နောက်ဖေးရှိ လဂူတံခါးကို စိုက်ကြည့်ကာ အနည်းငယ် ကြောက်ရွံ့သွားပုံရသည်။
ချန်ရှီ လဂူတံခါးဆီသို့ လှမ်းကြည့်လိုက်ရာ ဝဝတုတ်တုတ် ခရိုင်တရားသူကြီး၏ ဇနီးသည် ခက်ခက်ခဲခဲ ရွေ့လျားနေရတာကို မြင်လိုက်သည်။ သူမက လရောင်အောက်မှ မီးရောင်အောက်ဘက်သို့ လမ်းလျှောက်လာရင်း တစ်ဖက်ကလူကို မေးနေ၏။
"မစားရတာကြာပြီ... လတ်လတ်ဆတ်ဆတ်တွေ မစားရတာကြာပြီ...လောင်ဝူ... သခင်ကြီး ဘယ်မှာလဲ"
ငန်းရောင်းတဲ့ အဖိုးအိုက အလျင်အမြန် ဦးညွှတ်ပြီး "သခင်ကြီးက အပြင်မှာပဲ ရှိပါသေးတယ်... ပြန်မလာသေးပါဘူး"
သူ့အသံက တုန်တုန်ယင်ယင် ဖြစ်နေကာ အလွန်အမင်း ကြောက်လန့်တကြား ဖြစ်နေလေသည်။
“သ သခင်မ ဗိုက်ဆာရင် အရင်စားထားလို့ ရပါတယ်…”
ဝဝတုတ်တုတ် ခရိုင်တရားသူကြီး၏ ဇနီးသည် တုန်တုန်ယင်ယင်ဖြင့် ထမင်းစားပွဲဆီသို့ လှမ်းကာ ပြုံးလိုက်သည်။
"အလျင်လိုစရာ မလိုဘူး... အလျင်လိုစရာ မလိုပါဘူး... သူလာမှ အတူတူစားရအောင် သူက ရာထူးတက်လာပြီ... ရှင်းရှန်ရဲ့ မိခင်အရာရှိ ဖြစ်လာပြီ... သူ့မှာ လုပ်စရာတွေ အများကြီးရှိပြီး အရမ်းလည်း ကြိုးစားတယ် ငါ သူ့ကို ဖြည့်စွက်စာလေး ပေးရမယ်"
သူမ ခန္ဓာကိုယ်ကို ရွှေ့လိုက်သည်နှင့် ရုတ်တရက် အဝတ်အစားအတွင်းမှ လေသံများထွက်ပေါ်လာပြီး သူမနောက်ကွယ်က အဝတ်အထည်တွေကြားကနေ အပိုကိုယ်ထည်တစ်ခု ပေါ်လာသည်။ ခရိုင်တရားသူကြီး၏ ဇနီးသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်တဲ့အခါ သူမခန္ဓာကိုယ်သည် အနည်းငယ် ပိုရှည်ထွက်လာကာ မဖုံးကွယ်နိုင်တော့ပေ။
သူမသည် ထမင်းစား စားပွဲဆီသို့ ဆက်လျှောက်လာခဲ့စဥ် ရင်ခုန်သံများက ဆက်တိုက်ထွက်ပေါ်လာလေ၏။ သူမ၏ ခန္ဓာကိုယ်က ရှည်လျားလာတဲ့အပြင် ပေါ့ပါးလာပြီး အဝတ်ထူထူများအောက်မှ အလောင်းခွံများ ပိုပိုထွက်လာသည်။ သူမက ရှည်လျားလာသော ခန္ဓာကိုယ်ကို ထိန်းထားရန် မြေပြင်ပေါ်သို့ ဆင်းလာခဲ့သည်။
သူမ ခန္ဓာကိုယ်က တဖြည်းဖြည်း ကိုယ်အလေးချိန်ကျလာပြီး စကားပြောရတာလည်း ပိုမိုလွယ်ကူလာတော့မှ သူမက ပြုံးလိုက်သည်။
"ဒါဆို ပိုပေါ့သွားပြီ"
သူမနောက်မှာတော့ ခန္ဓာကိုယ်အရှည်က သုံးပေကနေ လေးပေအထိ ကြီးထွားလာတာတောင် ခန္ဓာကိုယ်အသစ်တွေက အဆက်မပြတ် ကြီးထွားနေဆဲ။ ခန္ဓာကိုယ်က အပိုင်းလိုက် အပိုင်းလိုက်ကို ကြီးထွားနေတာ ဖြစ်သည်။
ခန္ဓာကိုယ်က သွေးတွေနီနေပေမယ့် ခြေထောက်နဲ့ ခြေဖဝါးတွေက နို့ရည်တွေလို ဖြူဖွေးနေသည်။ ပေါင်တွေက ထူထဲပြီး ခြေသလုံးလေးတွေ၊ ခြေထောက်တွေက သံမဏိနဲ့ လုပ်ထားသလိုမျိုး ပိန်ပါးသွားသည်။
သူမသည် လေးပေမှငါးပေအထိ ရှည်သော ကင်းခြေများကဲ့သို့ ထူထဲသော အခွံပါပေမယ့် အပြင်ဘက်တွင်မူကား ရှေ့ခန္ဓာကိုယ်သည် လူပုံသဏ္ဌာန် ရှိသေး၏။ ခန္ဓာကိုယ် အစိတ်အပိုင်းများ များပြားလာသည်နှင့်အမျှ လှပသောအသွင်အပြင်၊ ထူးခြားသော ကျက်သရေရှိပြီး ဖော်မပြနိုင်သော ကင်းခြေများလို အရေပြားများက ပါးလွှာလာသည်။
သူမ၏ ကောက်ကွေး ကျစ်လျစ်သော ခန္ဓာကိုယ်သည်လည်း ယခင်ကကဲ့သို့ တင်းမာခြင်း မရှိတော့ဘဲ အလွန်ပျော့ပျောင်းလာသည်။
သစ်ပင်ပေါ်ရှိ ငန်းလှောင်အိမ်ထဲက ငန်းဖြူကြီးတွေကလည်း မအော်တော့ဘဲ ဒီမြင်ကွင်းကိုသာ တအံ့တသြ စိုက်ကြည့်နေကြ၏။ ချန်ရှီလည်း ဒါကိုကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားသည်။
'ခရိုင်မှာ နတ်ဆိုးတွေ မရှိဘူးမလား အခု နတ်ဆိုးက ခရိုင်တရားသူကြီးရဲ့ ဇနီးတောင် ဖြစ်သွားပြီလေ... လူတွေကို ကျွန်ခံခိုင်းပြီး ယောက်ျားလေးတွေ ကောင်မလေးတွေတွေကိုတောင် စားဖို့ ဖမ်းပေးနေသေးတယ်'
အဓိပ္ပာယ်မရှိသလိုပဲ။
တစ်ချိန်က သူ မနာလိုဆုံးအရာမှာ မြို့ထဲရှိ ကလေးငယ်များ အလွန်ပျော်ရွှင်နေမည်ဟု သူထင်ခဲ့သော်လည်း တကယ်တမ်းကျတော့ မြို့ထဲက ကလေးငယ်များက သူတို့ထက်တောင် အန္တရာယ် ပိုကြီးမားနေလိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့ပေ။
ရုတ်တရက် တစ်စုံတစ်ယောက်က ငန်းအော်သံဖြင့် အော်ဟစ်လိုက်ရာ ခရိုင်အစိုးရရုံး နောက်ဖေးတွင် ဆူညံသံများ ထွက်ပေါ်လာသည်။ ခရိုင်တရားသူကြီးရဲ့ ဇနီးကလည်း အော်ဟစ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို လွင့်တင်လိုက်ကာ ငန်းလှောင်အိမ်ထက် ပိုမြင့်တဲ့ အရပ်ကြီး ဖြစ်သွားသည်။
သူမ၏ ပျော့ပျောင်းသော ခန္ဓာကိုယ်ဖြင့် သစ်ပင်ကြီးတစ်ပင်ကို လှည့်ပတ်နေသည်။
"ဆူညံမနေနဲ့... ဆူညံနေတဲ့လူကို အရင်စားပစ်မယ်!"
အနီးတစ်ဝိုက်တွင် တိတ်ဆိတ် ငြိမ်သက်သွားသည်။ ငန်းဖြူကြီးများသည် လှောင်အိမ်၏ ထောင့်များတွင် စုပြုံနေပြီး မလှုပ်ရှားဝံ့တော့ပေ။ ခရိုင်တရားသူကြီး၏ ဇနီးသည်ကလည်း အလွန်ကျေနပ်အားရစွာဖြင့် ငန်းလှောင်အိမ်အား သစ်ကိုင်းပေါ်မှ ဆွဲချွတ်ကာ ထမင်းစားပွဲဘက်သို့ လှည့်ထွက်သွားသည်။ ထမင်းစားပွဲပေါ်၌ ငန်းလှောင်အိမ်အား ချထားပြီးနောက် သူမက မျက်လုံးများ မှိတ်ထားလိုက်သည်။
"ငန်းနှလုံးသား၊ ငန်းအသည်း၊ ငန်းအူ၊ ငန်းခြေထောက်၊ ငန်းဦးနှောက်တွေက ငါအကြိုက်ဆုံး အစားအစာပဲ"
သူမက ရယ်မောလိုက်တဲ့အခါ အရေပြားနဲ့ ခန္ဓာကိုယ်အောက်ပိုင်းက ခြေထောက်များလည်း တုန်တုန်ယင်ယင် ဖြစ်သွားတော့သည်။
“မကြောက်နဲ့... ကြောက်ရင် အရသာ မကောင်းတော့ဘူး... ငါအစကတော့ ယောင်္ကျားလေးတွေရဲ့ သွေးကို အဂ္ဂိရတ်ဆေး လုပ်ဖို့အတွက်သာ သုံးခဲ့ပေမယ့် မြည်းစမ်းပြီးတော့ ပိုပိုပြီး ကြိုက်လာတယ်... သခင်ကြီးကို စောင့်ရမလား... ငါ့ဘာသာငါ အရင်စားရမလား…”
ထိုအချိန်တွင် ခြံဝန်းအပြင်ဘက်မှ တရားသူကြီးကန်ရဲ့ အသံထွက်လာသည်။
"...လူကြီးမင်းဖု ဒီအချိန်ကြီး ရောက်လာတာ အရေးကြီးတာတစ်ခု ရှိလို့လား"
"ခရိုင်မှူး.... ကျုပ် ငန်းယူဖို့ လာခဲ့တာ..."
ဖုလိန်ရှန်းရဲ့ အသံထွက်လာပြီး သူက ပြုံးပြီးပြောနေ၏။
"ငန်းရောင်းတဲ့ အဘိုးကြီးနဲ့ သဘောတူညီမှု ရပြီးသားပါ.... သူ့ကို နည်းနည်း ချန်ထားပေးဖို့ တောင်းဆိုထားတယ်... သူက ဒီအိမ်ရောက်ပြီး ပြန်မထွက်လာဘူး ကြားလို့ ဒီကို လာခဲ့ရတာ... ခရိုင်မှူးရဲ့ အနားယူမှုကို နှောင့်ယှက်မိလို့ ခွင့်လွှတ်ပေးပါဦး... ငန်းယူပြီးတာနဲ့ ချက်ချင်း ထွက်သွားမယ်!"
တရားသူကြီးကန်က နည်းနည်းတော့ မကျေမနပ် ဖြစ်သွားသည်။
"အဲဒီငန်းတွေကို ငါဝယ်ပြီးသွားပြီ... ငွေလည်း ပေးချေပြီးပြီ... အဲဒါကို ဘာလို့ပေးရမှာလဲ လူကြီးမင်းဖုက စာပေ ပညာရှင်တစ်ယောက်ပါ.... ကိုယ့်ကိုကိုယ် အရမ်းမတွန်းလှန်စမ်းပါနဲ့"
ဖုလိန်ရှန်း: "ကျုပ်လည်း ပေးချေပြီးပါပြီ... ခရိုင်တရားသူကြီးက အရာရှိဖြစ်ပေမဲ့ ဒီလိုလုပ်တာ ယုတ္တိမတန်ပါဘူး... ကျုပ် ငန်းရောင်းသူကို ခေါ်ပြီး မေးလိုက်မယ်...ငန်းသည် ငန်းသည်!"
သူ့အသံက ပိုနီးလာပြီး အိမ်နောက်ဖေးကို ဖောက်ဝင်ဖို့ ကြိုးစားနေတာ သိသာ၏။
ခရိုင်တရားသူကြီးရဲ့ ဇနီးသည် မျက်လုံးထဲတွင် ပြင်းထန်သော အလင်းရောင်ကို လင်းလက်တောက်ပသွားစေကာ ချိုသာသော အပြုံးဖြင့် ပြောသည်။
"ဆရာကြီးဖုလား... သူ့ကို ဝင်ခွင့်ပြုလိုက်ပါ... တူတစ်ချောင်း ထပ်ပေးလိုက်ရတာထက် မပိုပါဘူး"
တစ်ဖက်မှာတော့ သူမ မျက်လုံးများက ပုဆိန်ပေါ်ကျသွားပြီ။ သူမခန္ဓာကိုယ်က ဆက်လက် ကျုံ့သွားကာ သူမ၏ ထွားကျိုင်းသော ဖက်တီးအသွင်အပြင်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
ဖုလိန်ရှန်းနဲ့ ခရိုင်မှူးကန်တို့ တစ်ယောက်ပြီး တစ်ယောက် လမ်းလျှောက်ဝင်လာကြသည်။ ဖုလိန်ရှန်းက သစ်ပင်ပေါ်တွင် တွဲလောင်းကျနေသော ငန်းလှောင်အိမ်ကို တွေ့တော့ ပြုံးလိုက်သည်။
"ဟုတ်တယ်... အဲဒါ ကျုပ်ငန်းတွေပဲ... ခရိုင်မှူးကန်... ဒီငန်းတွေက ကျုပ်ဟာတွေဆိုတော့ ကျုပ် သိမ်းသွားပြီနော် !"
ငန်းရောင်းသူက သူ့နောက်မှာ ပေါ်လာပြီး အေးစက်စွာ ပြောလာသည်။
"လူကြီးမင်းဖု မှတ်ထားတာများ မှားသွားသလား မသိဘူး... အဲဒီငန်းတွေအတွက် ခင်ဗျား တစ်ပြားမှ မပေးသွားပါဘူး"
ဖုလိန်ရှန်းကလည်း သူ့မျက်နှာကို ပြုံးပြီး အနောက်ကို လှည့်ကြည့်လိုက်သည်။
"ငန်းရောင်းသူက ပိုက်ဆံ ထပ်တောင်းချင်လို့လား...ခရိုင်မှူးကန်ရဲ့ ပိုက်ဆံကို လက်ခံပြီးပြီလား... ခရိုင်မှူးကန်ရဲ့ ပိုက်ဆံကို လက်မခံရသေးရင် ကျုပ်က ဘာလို့ ထပ်ပေးရမှာလဲ"
လူလတ်ပိုင်းအရွယ် ငန်းရောင်သူက မူလက ဒေါသကြီးပြီး ငွေရှာလိုသော ဈေးသည်ဟောင်းတစ်ဦး ဖြစ်သော်ငြား ယခုမူ အကျင့်ပျက်ခြစားတဲ့ စိတ်အားက ထက်သန်လာလေပြီ။
“ငန်းက မရောင်းရသေးဘူးလေ... ဒါမှမဟုတ် ခင်ဗျားကပါ ခရိုင်တရားသူကြီးအိမ်မှာ ညစာစားဖို့ စိတ်ကူးထားတာလား?"
ခရိုင်မှူးကန့ကလည်း ဟက်ဟက်ပက်ပက် ရယ်မောကာ သူ့လက်ကို ဆန့်တန်းလိုက်သည်။
"လူကြီးမင်းဖုက ဟာသလုပ်ရတာ အရမ်းကြိုက်တာပဲ... ခင်ဗျား ဒီကို ရောက်နေပြီဆိုတော့ မထွက်သွားခင် ထမင်းစားသွားလေ... ကျေးဇူးပြုပြီး ထိုင်ပါ"
ဖုလိန်ရှန်းပါ ထမင်းစား စားပွဲသို့ ရောက်ရှိလာပြီး ထိုင်လိုက်သည်။
"ခရိုင်မှူးကန် ထိုင်ပါ"
ခရိုင်မှူးကန်: "လောင်ဝူ... လူကြီးမင်းဖုအတွက် ဝတဲ့ ငန်းဖြူတစ်ကောင် ရွေးပေးလိုက်..."
ဖုလိန်ရှန်းက ပြုံးလိုက်သည်။ သူသည် ငန်းရောင်းသူဟောင်းထံမှ ဝါးတိုင်ကိုဆွဲယူပြီး ငန်းလှောင်အိမ်တစ်ခုကို ဆွဲယူကာ ထိုငန်းလှောင်အိမ်အား စားပွဲပေါ် တင်လိုက်သည်။
"ခရိုင်မှူး ... ကျုပ် ရွေးလိုက်တဲ့ ငန်းဖြူက လူ့ဘာသာစကားလည်း ပြောတတ်တယ်"
ဖုလိန်ရှန်းဟာ ထမင်းစားပွဲပေါ်တွင် ငန်းလှောင်အိမ်အား ချထားရင်း ပြုံးပြုံးရွှင်ရွှင်နှင့် ပြောခဲ့သည်။
"သူမက ငန်းတစ်ကောင်ကနေ လူသားဖြစ်သွားအောင် ပြောင်းလဲနိုင်တဲ့ လှည့်ကွက်တွေကိုလည်း လုပ်နိုင်သေးတယ်"
"အိုး?"
ခရိုင်မှူးနဲ့ သူ့ဇနီး နှစ်ယောက်စလုံးလည်း စိတ်ဝင်တစား ရှိလာကြသည်။ ထိုအခါ ခရိုင်မှူးရဲ့ ဇနီးက ပြုံးပြီး။
"လှည့်ကွက်လေး ကြည့်ရအောင်"
ဖုလိန်ရှန်းက အနည်းငယ်ပြုံး၍ လှောင်အိမ်ထဲက ငန်းဖြူကို ပြောလိုက်သည်။
"ဟူဖေးဖေး.... ခရိုင်တရားသူကြီး ခရိုင်မှူးကန်နဲ့ ဇနီးကို တစ်ခုခုပြောလိုက်ပါဦး"
ငန်းဖြူ ဟူဖေးဖေးကလည်း ခရိုင်မှူးရဲ့ ဇနီးကို ကြည့်ပြီး အကျယ်ကြီး ပြောလိုက်ပါ၏။
"သခင်မကြီး.... ရှင့်မှာ ဝက်တစ်ကောင်လို ခေါင်းနဲ့ နားရွက်ကားကားကြီးတောင် ရှိနေပြီ ... ထပ်စားဦးမလို့လား?"