ဒေသနန်းတော်
Vol. 012 Ch. 1200
သွေးနဂါးဘုံတွင် သွေးနဂါးမြို့တော် အနီးဝန်းကျင် မြို့များထဲမှ တစ်မြို့သည် အုပ်ချုပ်သူ အပြောင်းအလဲ ဖြစ်သွားပြီဟူသော သတင်းက ပျံ့နှံသွားသည်။
မြို့ကို သိမ်းပိုက်သွားခဲ့သူမှာ အင်ပါယာလီဘုံမှ တန်ခိုးရှင်များ ဖြစ်ပြီး ထိုမြို့ကို 'လီ'မြို့ဟု အမည်ပြောင်းလဲရန် စီစဉ်လေသည်။
အချိန်တိုအတွင်းမှာပင် မြို့နှစ်မြို့က အစဉ်လိုက် သိမ်းပိုက်ခံခဲ့ရပြီး နှစ်မြို့လုံးကို ရန်ဟောင်ဘုံမှ သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည့်အတွက် လူအများ၏ဆွေးနွေးစရာ ဖြစ်လာခဲ့သည်။
ထို့အပြင် ထိပ်တန်းပုဂ္ဂိုလ် အများအပြားတွင် သွေးနဂါးဘုံ၏ မြေပုံရှိကြပြီး အင်ပါယာလီဘုံနှင့် အင်ပါယာရှားဘုံတို့မှာ ဘေးချင်း ကပ်လျက်ရှိသော ရန်ဟောင်ဘုံများ ဖြစ်ကြောင်း သိကြသည်။
ယခု အင်ပါယာလီဘုံကနေ မည်သို့မှ သတိပေးခြင်း မရှိဘဲ ရုတ်တရက်ကြီး မြို့ကို သိမ်းပိုက်လိုက်ခြင်းမှာ အင်ပါယာရှားဘုံက တန်ခိုးရှင်များ ချန်ယဲ့မြို့ကို သိမ်းပိုက်လိုက်ခြင်းနှင့် သက်ဆိုင်နေသလား။
မကြာခင်မှာပဲ သူတို့ အဖြေကို သိကြရတော့သည်။
အင်ပါယာလီဘုံက မြို့ကို သိမ်းပြီးနောက်၌ ချန်ယဲ့မြို့သို့ သံတမန် စေလွှတ်ခဲ့သည်။ သူတို့က မြို့စားအိမ်တော်သို့ သွားကာ စစ်ကြေညာချက် သဝဏ်လွှာကို လက်ကမ်းပေးခဲ့သည်။
ချန်ယဲ့မြို့မှ ရီဖူရှင်းသည် စစ်ကြေညာချက်ကို လက်ခံရရှိသည့်အခါ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရ၏။
သူက စစ်ကြေညာချက် သဝဏ်လွှာကို ဘေးမှာချထားလိုက်ပြီး အဝေးသို့ ကြည့်ကာ အသံတိတ် သက်ပြင်းချသည်။
ဖြစ်လာသည့်အခြေအနေက သူမျှော်လင့်ထားသည်နှင့် လုံးဝ ကွဲလွဲနေ၏။
ရောက်လာသည့်လူက အဘယ်ကြောင့် တာလီတော်ဝင်အကြံပေး ဖြစ်နေရသနည်း။
သူ့နောက်တွင် လူရိပ်တစ်ခုက ရှေ့သို့ လှမ်းလာပြီး သူ့ဘေးတွင် ရပ်ကာ သူ့ကဲ့သို့ပင် အဝေးသို့ ကြည့်သည်။
“လူသားတွေ အစီအစဉ်ချရင် နတ်ဘုရားတွေ ပြက်ရယ်ပြုတယ်” ရှားရှင်းယွန်က ညင်သာစွာ ပြောသည်။ ရီဖူရှင်း ပထမဆုံး သွေးနဂါးဘုံကို ရောက်လာစဉ်က သူ့အကြံအစည်သည် သွေးနဂါးဘုံတွင် ခြေကုပ်ယူရန် ဖြစ်သည်။ အတန်းအစားမြင့်မားသော ဘုံများသို့သွားရန်အတွက် သူတို့က သွေးနဂါးအင်ပါယာ၏ တည်နေရာ ရွှေ့ပြောင်းခြင်း အာကာသ အစီအရင်ဝင်္ကပါကို ငှားရမ်း သုံးစွဲလိုပေသည်။
သွေးနဂါးဘုံသည် နယ်မြေကြီးတစ်ခုလုံး၏ အဓိကဘုံဖြစ်ပြီး သူ့တွင် ပိုင်ဆိုင်သော ရွှေ့ပြောင်းအစီအရင် ဝင်္ကပါမှာ အတန်းအစားမြင့်ဘုံများနှင့် ဆက်သွယ်ထားလေသည်။
ထို့ကြောင့် သွေးနဂါးဒေသမှ လူများသည် တခြားဝေးလံသော ဘုံများသို့ သွားမည်ဆိုပါက ဦးဆုံး သွေးနဂါးဘုံကို ဖြတ်သန်းသွားရန် လိုပေသည်။ မဟုတ်လျှင် ထိုဝေးလံသော ဘုံများသို့ မည်မျှ ကြာကြာ ခရီးနှင်ရမည် မသိတော့ပေ။
ထို့ကြောင့် သွေးနဂါးဘုံသို့ ပြဿနာအရှုပ်ခံပြီး ရောက်လာခဲ့ခြင်းဖြစ်သည်။
ရီဖူရှင်းသည် အင်ပါယာလီဘုံမှ မထွက်ခွာမှီ ဖြစ်ခဲ့သည့် ဖြစ်ရပ်များကို အမှတ်ရခဲ့သည်။ အကယ်၍ အင်ပါယာရှားနန်းတော်မှ အတွင်းလူက သတင်းများ ပေါက်ကြားစေခဲ့သည်ဆိုလျှင် ယခုခရီးစဉ်မှာလည်း ပေါက်ကြားနိုင်သည့် အခွင့်အရေး ရှိပေသည်။
ထို့ကြောင့် သူက ရှားရှင်းယွန်ကို မေး၍ အကူအညီတောင်းကာ သည်ကိစ္စအတွက် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
သူက လီယောင်ကို သွေးနဂါးဘုံတွင် စောင့်လိုခဲ့သည်။
လီယောင်က သူ့ကို သတ်ရန် လက်ဦးမှုယူပါက လီယောင်ကို ဖယ်ရှားပစ်ရန် အခွင့်အရေး ရှိပေသည်။
သို့သော်လည်း ရီဖူရှင်း လုံးဝ ထင်မထားမိတာက အင်ပါယာလီဘုံမှ ပို့လိုက်သူမှာ တော်ဝင်အကြံပေး ဖြစ်နေခဲ့၏။
တာလီတွင် ထိုအချိန်က ကိစ္စများမှာ အကြီးအကျယ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆုံးတွင် တော်ဝင်အကြံပေးသည် တာလီကျောင်းတော်မှ သူ့ရာထူးကို နုတ်ထွက်ခဲ့ရသည်။ အင်ပါယာလီက တော်ဝင်အကြံပေးကို အသုံးချပြီး သူနဲ့ ထိပ်တိုက် ဖြေရှင်းစေလိုသည်မှန်း သာမန်လူပင် သိနိုင်၏။ တစ်ဖက်တွင် သူတို့က တော်ဝင်အကြံပေး၏ သစ္စာစောင့်သိမှုကို ဖြေရှင်းနိုင်သလို ရီဖူရှင်းကိုလည်း သတ်ဖြတ်နိုင်ပေမည်။
ယင်းက လီယောင်၏ ယုတ်ညံ့သော လှည့်ကွက် ဖြစ်ရမည်။
ပုံမှန်အားဖြင့် သည်အခြေအနေက မည်မျှ အန္တရာယ်များသည်ကို သူသိသည်။
ယခုတော့ သူက ဘေးကျပ်နံကျပ် ဖြစ်နေလေသည်။ သည်အခြေအနေမျိုးက သူ မျှော်လင့်ထားသော ပုံစံမျိုး မဟုတ်ပေ။
သူတို့နှစ်ယောက်က ထိုနေရာ၌ ရပ်ကာ တိတ်ဆိတ်နေကြ၏။ ရီဖူရှင်းက စစ်ကြေညာချက် သဝဏ်လွှာကို ကောက်ယူလိုက်ပြီး ဆန့်ကျင်ဘက်သို့ လှန်ကြည့်သည်။ ထိုဘက်၌ ရေးသားထားသည့် စာတစ်ကြောင်း ရှိနေသည်။ ၎င်းမှာ 'အသိစိတ်ရှင်းလင်းရင် အကြောက်တရားကင်းတယ်' ဟူ၍ ဖြစ်လေသည်။
ရှားရှင်းယွန်က ထိုစာကို ဖျတ်ခနဲ လှည့်ကြည့်သည်။ သူမက အခု တာလီတော်ဝင်အကြံပေး၏ အကြောင်းကို အနည်းငယ် စိတ်ဝင်စားပေသည်။
“တာလီတော်ဝင်အကြံပေးက နင် စိတ်မကောင်း ဖြစ်နေမယ်ဆိုတာ သိလို့ ဒီစာလုံးလေးလုံးကို ရေးလိုက်တာ ဖြစ်မယ်။ နင် ဘာကိုပဲ ရွေးရွေး ငါ ပြောစရာမရှိဘူး” ရှားရှင်းယွန် ညင်သာစွာ ပြောသည်။
တိုက်ခိုက်သည်ဖြစ်စေ၊ ဆုတ်ခွာသည်ဖြစ်စေ သူမအတွက် အရာအားလုံးက အဆင်ပြေသည်။
“ကျေးဇူးအများကြီးတင်ပါတယ်” ရီဖူရှင်းက ပြောသည်… “ဆရာက တာဝန်သိစိတ်အပြည့်နဲ့ ကိုယ်တိုင် လာခဲ့တယ်။ ကျုပ်တို့က သွေးနဂါးဘုံမှာ ချန်ယဲ့မြို့ကို သိမ်းပိုက်ပြီး ခြေကုပ်ယူထားခဲ့ပြီးပြီ။ အခုမှတော့ ဘယ်လိုထွက်သွားနိုင်ပါ့မလဲ။ ကျုပ်တို့ ထွက်သွားကြရင် ဒီကို တစ်ခါ ပြန်လာနိုင်ပါတော့မလား”
သူက ပြုံးလိုက်ပြီး သူ့ဝတ်စုံအနားစကို ဆုတ်ဖြဲသည်။ စုတ်ပြဲသွားသည့် အသံနှင့်အတူ ဝတ်စုံအနားစက သူ့လက်ထဲ ပါလာ၏။
ရှားရှင်းယွန်က ရီဖူရှင်း၏ အပြုအမူများကို အသေအချာ လိုက်ကြည့်နေသည်။ သူမ နှလုံးသားထဲမှာတော့ အနည်းငယ် ရှုပ်ထွေးနေ၏။
ရီဖူရှင်းက ဝတ်စုံ အပိုင်းအစပေါ်တွင် စာကြောင်းတစ်ကြောင်း ရေးသားခဲ့သည်…
'တိုက်ပွဲတွင် သနားညှာတာမှု မလိုအပ်'
သူ ရေးပြီးသွားသည့်အခါ ရှေ့သို့ လျှောက်သွားပြီး စေလွှတ်ရန်အသင့် ဖြစ်နေသည့် သံတမန်မှတစ်ဆင့် လီမြို့မှ တော်ဝင်အကြံပေးထံသို့ ပေးပို့စေခဲ့သည်။
တော်ဝင်အကြံပေးက သူဆိုလိုသော သဘောကို နားလည်ပေလိမ့်မည်။
အင်ပါယာလီက တော်ဝင်အကြံပေးကို လာရန် အမိန့်ပေးခဲ့သည်။ ထို့ကြောင့် တော်ဝင်အကြံပေးက သူ့ကို သတ်ရန် အစွမ်းကုန် ကြိုးစားရမည်။ သူက သက်ညှာမှုအား ပြသ၍ မရပေ။
မဟုတ်ပါက သူ့ဆရာသည် အင်ပါယာလီကို သစ္စာမဲ့သူ ဖြစ်သွားလိမ့်မည်။
ဝတ်စုံအပိုင်းအစပေါ်မှ ကြေညာချက်ကို တော်ဝင်အကြံပေးထံသို့ ပို့ဆောင်ခဲ့ပြီး ထိုသဝဏ်လွှာလဲလှယ်မှုက သွေးနဂါးဘုံအတွင်း လူအများ၏ အာရုံစိုက်မှု အများအပြားကို ရရှိစေခဲ့၏။
ထိုရန်ဟောင်ဘုံနှစ်ခုသည် သွေးနဂါးဘုံ၌ အလွန်ကြီးမားသော စစ်ပွဲကြီးတစ်ခု စတင်ရန် ဦးတည်နေသည်ဟု ထင်မြင်ရပေသည်။
သည်စစ်ပွဲတွင် မည်သူက အနိုင်ရရှိမည်နည်း။
သို့သော်လည်း မည်သည့်ဘက်ကမှ စစ်ပွဲကို မစတင်ကြသေးပေ။ အချိန်များ ကုန်သွားပြီးနောက် အိပ်မောကျနဂါးပြိုင်ပွဲကို ပြန်လည်စတင်ရန် အချိန်က နီးကပ်လာခဲ့သည်။
ပင်မမြို့များမှ လူများသည် ပြိုင်ပွဲတွင် မည်သူပါဝင်မည်ဆိုသည့် စာရင်းကို ပေးသွင်းနေကြသော်လည်း သည်တစ်ခေါက်တွင် ချန်ယဲ့မြို့က ပါဝင်ယှဉ်ပြိုင်ရန် စိတ်ကူးမရှိပေ။
ထိုနေ့၌ စစ်ထိုရန်က မြို့စားအိမ်တော်သို့ လာရောက်ပြီး ရီဖူရှင်းကို တွေ့ခဲ့သည်။
စစ်ထိုရန်က အင်ပါယာလီဘုံမှ စစ်ကြေညာချက် သတင်းကို ကြားပြီး ဖြစ်သော်လည်း ဘာမှမမေးခဲ့။ ထိုအကြောင်းမှာ သူမ၏ လုပ်ပိုင်ခွင့်အောက်၌ တည်ရှိသော အရာမဟုတ်ပေ။
“မြို့တော်အရှင်ရီ” စစ်ထိုရန်က ခေါ်သည်။ ယခုအချိန်တွင် ရီဖူရှင်းက ချန်ယဲ့မြို့၏ မြို့တော်အရှင် ဖြစ်လာခဲ့ပြီး 'မြို့တော်အရှင်ရီ' ဟူသော ဂုဏ်ပုဒ်မှာ အံဝင်ခွင်ကျပင် ဖြစ်၏။
“မိန်းကလေးကို ဘာအကူအညီပေးရမလဲ” ရီဖူရှင်းက ပြုံးကာ မေးသည်။
“အရင် အိပ်မောကျနဂါးပြိုင်ပွဲ ပြီးတဲ့နောက်မှာ ဒါက ဆယ်ကြိမ်မြောက် ကျင်းပတဲ့ ပြိုင်ပွဲပဲ။ အိပ်မောကျနဂါးပြိုင်ပွဲက ဆယ်ကြိမ်မြောက်ပွဲ ကျင်းပတိုင်းမှာ နိုးထနဂါးဖြစ်လာခဲ့တဲ့ လူတိုင်းအတွက် ခမ်းနားကြီးကျယ်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာလိမ့်မယ်ဆိုတာ ရှင်သိလား” စစ်ထိုရန်က ရီဖူရှင်းကို မေးသည်။
“သိတယ်” ရီဖူရှင်းက ခေါင်းညိတ်၏။ သူက ထိုအကြောင်းကို ယခင်ကတည်းက သိခဲ့သောကြောင့်လည်း ယူချင်းကို အိပ်မောကျနဂါးပြိုင်ပွဲတွင် နေရာတစ်ခုယူရန် ပြောထားခဲ့ခြင်း ဖြစ်သည်။
“ဒီအကြောင်းကို ရှင် သိတာ ကောင်းတယ်။ ဒါက အခွင့်အရေး အကြီးကြီး ဖြစ်လာလိမ့်မယ်” စစ်ထိုရန်က ခေါင်းညိတ်သည်။
ဆယ်ကြိမ်တိုင်တိုင် အိပ်မောကျနဂါးပြိုင်ပွဲတွင် နိုးထနဂါး အမိန့်ပြားရရှိခဲ့သည့် အနိုင်ရရှိခဲ့သူ အားလုံးသည် ထိပ်တန်းတန်ခိုးရှင်များ ဖြစ်ကြသည်။ သူတို့ အားလုံးသည် ရှန့်ထိုအဆင့်ကို ဝင်ရောက်ရန် ခြေတစ်လှမ်းသာ လိုသည့် တန်ခိုးရှင်များဟုလည်း ပြောနိုင်သည်။
ထို့နောက်တွင် နောက်ဆုံးဗိုလ်လုပွဲကြီး၌ အသန်မာဆုံးသော လူများအကြားမှ တိုက်ပွဲ ဖြစ်လာလိမ့်မည်။
ထို့ကြောင့် ယူချင်းက ပြိုင်ပွဲကို ဝင်ပြိုင်သောအချိန်၌ စစ်ထိုရန်က ခွန်ရွှမ်ကို မြင်သောအခါ သူမ တွေးမိသည်။ ယူချင်းသာ တိုက်ပွဲမှာ အနိုင်ရပြီး ခွန်ရွှမ်နှင့် ထိပ်တိုက်တွေ့ခဲ့ရင် မည်သို့ ဖြစ်လာမည်နည်း။
ပြိုင်ပွဲတွင် ထိပ်တိုက် ရင်ဆိုင်နိုင်သော်လည်း သတ်ဖြတ်ခြင်းကို တားမြစ်ထားသည်။ သူတို့အားလုံးမှာ သွေးနဂါးစစ်တပ်ကို ဝင်ရောက်ရန် အရည်အချင်းပြည့်မီသည့် နိုးထနဂါးတံဆိပ် ရရှိထားသော ပါရမီရှင်များ ဖြစ်ကြသည် မဟုတ်ပါလား။
“ကောင်းပြီ” ရီဖူရှင်း ခေါင်းညိတ်သည်။ နိုးထနဂါးအဖြစ် အနိုင်ရရှိခဲ့သည့် ဆယ်ယောက်ကြားမှ တစ်ယောက်ကိုသာ ရွေးချယ်လိမ့်မည် ဖြစ်ကာ ထိုလူသည် သွေးနဂါးဘုံ၏ မရေတွက်နိုင်သည့် ပါရမီရှင်များအကြား အသန်မာဆုံးကို ရွေးထုတ်ခြင်းနှင့်လည်း ညီမျှပေသည်။ ထိုသူက သွေးနဂါးအင်ပါယာမှ ချီးမြှင့်သည့် ဆုကို လက်ခံရရှိမည် ဖြစ်သည်။
သူတို့က သွေးနဂါးဘုံ၏ စွမ်းအားအပြည့်ဝဆုံး ကျင့်ကြံရေး နန်းတော်ဖြစ်သော ဒေသနန်းတော်သို့ ကျင့်ကြံရန် ဝင်ရောက်နိုင်လိမ့်မည်။
ဒေသနန်းတော်ကို ဘုံ၏ဒေသဘုရင်များ ကျင့်ကြံရာ နေရာအဖြစ် လူသိများကြသည်။ ထိုကျင့်ကြံခြင်းနေရာမှ ထွက်လာသည့်လူများမှာ သွေးနဂါးစစ်တပ်၏ အမြင့်ပိုင်းအဆင့်များ ဖြစ်လာလေ့ရှိသည်။ ထို့အပြင် ဒေသနန်းတော်တွင် ကျင့်ကြံသူ အရေအတွက်မှာလည်း အလွန်နည်းပါးကာ ထိုနေရာ၌ ကျင့်ကြံခွင့် ရရှိခြင်းသည် ကြုံတောင့်ကြုံခဲ အခြေအနေဖြစ်ပေသည်။
ယင်းက တာလီကျောင်းတော်နှင့် ဆင်တူသော်လည်း တာလီကျောင်းတော်ထက်ပို၍ အထောက်အပံ့ကောင်းများ ရှိသည်။ ၎င်းက သွေးနဂါးအင်ပါယာ တည်ထောင်ခဲ့သည့် ဘုံအတွင်းရှိ ဘုရင်များ စုဝေးရာ နေရာဖြစ်သည်။
ထိုနေရာမှ ရန်ဟောင်များ ထွက်ပေါ်ခဲ့သည်။
ဘုံအားလုံးမှ ရန်ဟောင်များမှာ သူတို့၏ အနာဂတ် မျိုးဆက်များကို ထိုနေရာသို့ ကျင့်ကြံရန် ပို့ဆောင်လိုကြ၏။
ထို့ကြောင့် အိပ်မောကျနဂါးပြိုင်ပွဲတွင် ပါဝင်ကြသူများမှာ ဒေသနန်းတော်ကို အဓိကရည်ရွယ်၍ သူတို့ ဘဝကို ပြောင်းလဲနိုင်မည့် အခွင့်အရေးကို ဆုပ်ကိုင်လိုကြသည်။
ထိုနေရာ၌ ဖူရှင်းမျှော်လင့်မိသည်က ယူချင်း၊ ဝူချင်းနှင့် အစ်ကိုသုံးတို့ အားလုံး ဝင်ရောက် ကျင့်ကြံနိုင်ရန် ဖြစ်သည်။
သို့သော်လည်း ဆယ်ကြိမ်တိုင်တိုင် ကျင်းပခဲ့သည့် နိုးထနဂါး အနိုင်ရရှိသူများကြားမှ တစ်ယောက်ကိုသာ ရွေးချယ်မည် ဖြစ်သည်။
ထို့ကြောင့်ပင် ရီဖူရှင်းသည် ယူချင်းတစ်ယောက်ကို ဒေသနန်းတော်သို့ ဝင်ရောက်နိုင်သူ ဖြစ်လာနိုင်စေရန် ရည်ရွယ်ချက် ရှိပေသည်။
ယူချင်းသာလျှင် ထိုအခွင့်အရေးအတွက် တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။
အစ်ကိုသုံးနှင့် ရီဝူချင်းသည် သန်မာသော်လည်း နိုးထနဂါးဖြစ်လာခဲ့သည့် ဆယ်ယောက်လုံးကို အနိုင်ရရှိရန် သေချာနိုင်ပါ့မလား။
ခွန်ရွှမ်နှင့် ခွန်ကျန်း ဘေးမှ လူတိုင်းသည် သူနှင့် တိုက်ခိုက်ဖူးသည့် လူများ ဖြစ်ကြသည်။ ယူချင်းမှလွဲ၍ အနိုင်ရရှိရန် အာမခံချက်ပေးနိုင်သူ ရှိလိမ့်မည်မဟုတ်ပေ။
ရှားရှင်းယွန်လို သန်မာသည့် သူသည်ပင် ဖိအားတော့ ရှိပေလိမ့်မည်။
“လီမြို့မှာ ဘာတွေဖြစ်နေလဲ စုံစမ်းဖို့ မေးထားတယ်လေ။ သူတို့ဘက်က လာမယ့် ဆယ်ကြိမ်မြောက် အိပ်မောကျနဂါးပြိုင်ပွဲမှာ ပါဝင်ဖို့ လူတွေပို့လိမ့်မယ်။ နိုးထနဂါးဖြစ်လာတဲ့ ဘယ်သူမဆို ယူချင်း၊ တခြားလူတွေနဲ့ တွေ့ရလိမ့်မယ်” စစ်ထိုရန်က ဆက်ပြောသည်။
ရီဖူရှင်း၏ မျက်လုံးများထဲတွင် အရိပ်တချို့ဖြတ်ပြေးသွားပြီး စစ်ထိုရန်ကို ကြည့်သည်။
ရန်ဟောင်ဘုံနှစ်ခုကြားက စစ်ပွဲကို ထိုနေရာမှ စတင်မည်လား။
ဒါက တော်ဝင်အကြံပေးရဲ့ အကြံအစည်လား... လီယောင်ရဲ့ အကြံအစည်လား
တိုက်ပွဲတွင် တာလီမှ တစ်ယောက်ယောက် ပါဝင်မည်ဆိုရင် သူတို့သည် ရှန့်ထိုအဆင့်ကို ရောက်မနေရန်လိုပြီး တစ်ယောက် သို့မဟုတ် နှစ်ယောက် ဖြစ်လိမ့်မည်။
ထိုစဉ်က တာလီတွင် ရှန့်ထိုအဆင့်အောက် အသန်မာဆုံးသူ နှစ်ယောက်မှာ တောက်လီတောင်မှ တိဟောက်နှင့် တာလီကျောင်းတော်မှ ဒွန်ချန်းတို့ ဖြစ်ကြသည်။
နောက်ပိုင်းတွင် တိဟောက်က ဒွန်ချန်းကို အနိုင်ယူခဲ့ပြီး သူက တိဟောက်ကို ရှုံးနိမ့်စေခဲ့သည်။
ဤသို့ဆိုရင် သူတို့ကို သွေးနဂါးဘုံသို့ ခေါ်ဆောင်လာခဲ့သည်များလား။
တော်ဝင်အကြံပေးနှင့်အတူ မင်းသားသုံးလည်း ရောက်လာသည်ဟု သူ ကြားသည်။ ယခုတွင် မင်းသားသုံးသည် တာလီကျောင်းတော်၏ အုပ်ချုပ်သူ ဖြစ်ပေသည်။
“ကျုပ် သိပြီ.. ကျေးဇူးပဲ” ရီဖူရှင်းက စစ်ထိုရန်ကို ပြောသည်။
“ကျွန်မ အခု ပြန်တော့မယ်” စစ်ထိုရန်က ပြောပြီး ပြန်လှည့် ထွက်သွားတော့သည်။
အိပ်မောကျနဂါးပြိုင်ပွဲက တဖန်ပြန် စတင်ခဲ့ပြီး သွေးနဂါးမြို့တော်မှ နိုးထနဂါးဝင်မြင့်က မရေတွက်နိုင်သည့် တန်ခိုးရှင်များ စုစည်းရာ နေရာဖြစ်လာခဲ့ပြန်သည်။
ပုံမှန်ကဲ့သို့ပင် ရဲတိုက်တွင် လူများစွာတို့ စုဝေးနေပြီး နေရာတိုင်းတွင် ထိပ်တန်း အုပ်ချုပ်သူများဖြင့် ပြည့်နေသည်။
တာလီပြည်ထောင်မှ မင်းသားသုံးနှင့် လီယောင်ကဲ့သို့ တန်ခိုးရှင်များလည်း ရောက်ရှိနေကြသည်။
ဤတစ်ခေါက် ကျင်းပသော အိပ်မောကျနဂါးပြိုင်ပွဲတွင် တာလီမှ လူများလည်း ပါဂင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
တာလီတော်ဝင်အကြံပေး၊ ရန်ယွင်နှင့် အခြားလူများလည်း ယနေ့တွင် ရောက်ရှိနေကြသည်။ ရဲတိုက်ထိပ်ဖျားပိုင်း၌ အားလုံး၏ မျက်လုံးများသည် အလင်းမျက်နှာပြင်နှင့် ဖုံးလွှမ်းထားသည့် ကြီးမားသော ထုလုံးရှည်ပေါ်၌ တည်ရှိနေသည်။
ထိုသို့ ရက်စက်လှသည့် ပြိုင်ပွဲနှင့် သိုင်းပညာဖလှယ်မှု ပုံစံမျိုးသည် အဖွဲ့များ၏ ထိပ်ဆုံးအဆင့်လူများကို မွေးထုတ်ပေးနိုင်ပြီး အောင်မြင်မှုနှင့် သိုင်းပညာအပေါ် စိတ်ဝင်စားမှုကို တက်ကြွစေသည်။ သို့သော်လည်း တာလီတော်ဝင်အကြံပေးသည် ထိုသို့သော ရက်စက်လှသည့် နည်းလမ်းမျိုးဖြင့် ယှဉ်ပြိုင်သည့် ပြိုင်ပွဲများကို သိပ်မနှစ်သက်တာကြောင့် စိတ်ဝင်စားမှု နည်းပါးနေသည်။
“စီနီယာရန် ... လွန်ခဲ့တဲ့ တစ်လက အင်ပါယာရှားဘုံက လူတွေက နိုးထနဂါးတိုက်ပွဲစင်မြင့်မှာ တခြားအင်အားကြီးတဲ့ လူတွေကို အနိုင်ပိုင်းနိုင်ခဲ့တယ်။ အထူးသဖြင့် ရီဖူရှင်းရဲ့ မိတ်ဆွေဖြစ်တဲ့ ယူချင်းက ယှဉ်ပြိုင်ခဲ့တဲ့ တန်ခိုးရှင်တွေ အားလုံးကို ဖိနှိပ်ပြီး နာမည် ကျော်ကြားလာခဲ့တယ်” လီယောင်က သူ့ဘေးမှ ရန်ယွင်ကို ပြောသည်။ သူက ဆက်ပြော၏။ “တိဟောက်နဲ့ ဒွန်ချန်းတို့ နိုင်ဖို့အခွင့်အရေး ရှိမယ်လို့ စီနီယာရန် ထင်သလား”
“မသိဘူး” ရန်ယွင်က ပေါ့ပါးစွာ တုံ့ပြန်သည်။
“ခဏနေလို့ တိုက်ခိုက်ကြရင် သိလာပါလိမ့်မယ်” လီယောင်က ပြောသည်။ သူက ရန်ယွင်၏ အေးစက်မှုနှင့် မောက်မာသည့် စရိုက်ကို ဂရုမစိုက်ပေ။
သူတို့၏ မျက်နှာချင်းဆိုင်တွင် လူတစ်စုက တိတ်တဆိတ် လာနေကြသည်။ ရန်ယွင်နှင့် အခြားလူများက သူတို့ကို ကြည့်လိုက်လျှင် ရီဖူရှင်းက အင်ပါယာရှားဘုံမှ တန်ခိုးရှင်များ ခြံရံလျက် ရောက်လာသည်ကို မြင်လိုက်ရသည်။ သူ့အနားတွင် ခြုံထည်ကြီး ခြုံထားသည့် မှော်ဆရာကပင် လိုက်ပါလာခဲ့သည်။
ရီဖူရှင်းက ရဲတိုက်အစွန်သို့ လျှောက်လာခဲ့သည်။ သူ၏ အာရုံက သူတို့နှင့် ဆန့်ကျင်ဘက်တွင် ရှိနေသော တာလီ တော်ဝင်အကြံပေးနှင့် ရန်ယွင် အပေါ်၌ ကျရောက်နေသည်။ သူ့မျက်လုံးများတွင် ပြုံးရိပ်သန်းနေ၏။
အတိတ်မှာ သူတို့ ခွဲခွာခဲ့တဲ့အချိန်က အချင်းချင်း ဤသို့သော ပုံစံမျိုးဖြင့် ပြန်တွေ့ရလိမ့်မည်ဟု မထင်ထားမိခဲ့ကြပေ။
***