← Chapters

အခန်း (၅၇၁)

Vol. 39 Ch. 571

အခန်း (၅၇၁)

Vol. 39 Ch. 571

နန်းတော်၏တစ်နေရာတွင် ယဇ်ပူဇော်စင်မြင့်တစ်ခုကို တည်ဆောက်ထား၏။ ထိုစင်မြင့်က ကောင်းကင် (၉) သွယ်ကို ကိုယ်စားပြုသည့်အနေနှင့် (၉)ပေတိတိ မြင့်မားသည်။ နန်းတော်၏ တခြားနေရာများကိုတော့ အပိုင်း (၁၂) ခွဲခြားထားပြီး ကောင်းကင်ဘုံတွင် ရှိနေသော ကြယ်များ၏ အစီအစဉ်အတိုင်း ချမှတ်ထားသည်။ ထိုအရာက ဆွဲဆောင်မှုရှိသော မြင်ကွင်းတစ်ခုကို ဖန်တီးထားနိုင်သည်။

လက်ရှိအချိန်တွင် အနီရောင်ပိုးမျှင်များက ကျောက်စိမ်းစင်မြင့်ကြီးကို အတွင်း၊ အပြင်၊ အလယ်ဟူ၍ ခွဲခြားပေးထား၏။ စင်မြင့်တစ်ခုချင်းဆီကို ဝင်္ကပါနှင့် ခွဲခြားထားပြီး ထိုဝင်္ကပါပေါ်တွင် အဆောင်စာရွက်ပေါင်းများစွာ ပြည့်နှက်နေသည်။ ဝင်္ကပါတွင် ရှိနေသော မီးအိမ်များက လင်းလက်နေသည့်အချိန်၌ အလွန်ကြီးကျယ်ခမ်းနားသော ခံစားမှုတစ်ခု ပေါ်လာခဲ့၏။

ထိုအချိန်တွင် လက်သည်း (၅)ချောင်း နဂါးတစ်ကောင်၏ ပုံသဏ္ဍာန် ချည်ထိုးထားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် ဘုရင်ကြီးက ထိုအဆောက်အဦး၏ ရှေ့တွင် ရပ်နေပြီး သူ၏အမတ်ကြီးများ၊ မိန်းမစိုးများနှင့်အတူ တလက်လက် တောက်ပနေသော မီးအိမ်ကို စိုက်ကြည့်နေခဲ့ကြသည်။ အဆောင်စာရွက်များက နေရာတိုင်းတွင် ပြည့်နှက်နေပြီး အနီရောင်ပိုးသားမျှင်များက တောက်ပနေခဲ့၏။

ဘုရင်ကြီးက အတော်လေးကို စိုးရိမ်နေခဲ့သည်။ စိမ်းပြာနန်းတော်က တော်ဝင်မိသားစုကို ကူညီရန် အင်မော်တယ်တစ်ယောက် စေလွှတ်လိုက်ပြီဟူသော အကြောင်းကြားစာတစ်ခုကို ယမန်နေ့တွင် ရရှိခဲ့သည်။ ထိုသတင်းကြောင့် သူတို့က အလွန်မျှော်လင့်တောင့်တနေခဲ့ကြ၏။

အထူးသဖြင့် ချောင်စီရင်စုထဲရှိ အခြေအနေကို စိုးရိမ်နေသည့် ဘုရင်ကြီးက ရင်ထဲတွင် အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။ သူက အနည်းငယ်လေးပင် နှောင့်နှေးနေလိုခြင်း မရှိချေ။

"ဘယ်အင်မော်တယ် ရောက်လာမှာလဲမသိဘူး…"

သံသယဝင်သော အခြေအနေနှင့် စောင့်ဆိုင်းနေရင်း ဘုရင်ကြီးက တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့သည်။ တစ်ချိန်တည်းတွင် သူ့ဘေး၌ ရှိနေသော အမတ်ကြီးများနှင့် မိန်းမစိုးများကိုလည်း မေးနေမိ၏။

လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း စိမ်းပြာနန်းတော်မှ ရောက်လာသော အင်မော်တယ်များစွာ ရှိသည်။ ထိုရှေးဟောင်းအင်မော်တယ်များအားလုံးက မျက်နှာဖုံးများ ဝတ်ဆင်ထားကြပြီး သူတို့၏အဆင့်အတန်းကို ခန့်မှန်းကြည့်နိုင်သည်။ သူတို့က တော်ဝင်မိသားစုနှင့် နန်းတွင်းအတွက်တော့ လူစိမ်းများ မဟုတ်ကြပေ။ သူတို့ကို ကူညီပေးနေသော အင်မော်တယ်များနှင့် ပတ်သက်၍ စိတ်ဝင်စားမှုများ ၊ ထင်မြင်ချက်များလည်း ရှိနေခဲ့သည်။

ထိုအချိန်တွင် မုတ်ဆိတ်တိုတိုနှင့် အမတ်ကြီးတစ်ယောက်က ပြောလိုက်သည်။

"တကယ်လို့ ဘိုးဘေးဒိုမူ ၊ အင်မော်တယ်ထိုက်ရီနဲ့ တခြားအင်မော်တယ်တွေ ရောက်လာတယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ပြဿနာတွေကို အလွယ်တကူ ဖြေရှင်းပေးနိုင်မှာပါ…”

“ဒါပေမယ့် ချောင်စီရင်စုမှာရှိတဲ့ အခြေအနေက ဒီကမ္ဘာကြီးရဲ့ လည်ပတ်မှုကို ထိခိုက်ရလောက်အောင် မကြီးကျယ်ဘူး။ သူတို့က လာမှာ မဟုတ်လောက်ဘူး။ ဒီတော့ ယွင်ကျုံးကျိ ဒါမှမဟုတ် တိမ်တိုက်ပြာဘိုးဘေးလို အင်မော်တယ်တွေပဲ ရောက်လာနိုင်တယ်။ ဘယ်သူပဲဖြစ်ဖြစ် ရောက်မလာတာထက်စာရင် ပိုပြီးတော့ ကောင်းသေးတယ်လေ။ ချောင်စီရင်စုမှာရှိတဲ့ သစ္စာဖေါက်တွေက စိမ်းပြာနန်းတော်ကိုတော့ ဆန့်ကျင်ရဲမှာ မဟုတ်ဘူး.."

ဘုရင်ကြီး၏ဘေးတွင် ရပ်နေသော မိန်းမစိုးက စိတ်လှုပ်ရှားလာပုံရသည်။ အမှန်အတိုင်းပြောရလျှင် သူလည်း အတော်လေးကို စိတ်သက်သာရာ ရသွားခဲ့၏။

ဘုရင်ကြီးက သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်ပြီး သူ့စိတ်ထဲတွင်လည်း နောက်တစ်ကြိမ် အေးချမ်းသွားခဲ့သည်။ ချောင်စီရင်စုထဲတွင် ထိုကဲ့သို့ ဆန့်ကျင်မှုမျိုး ပေါ်လာလိမ့်မည်ဟု သူလည်း လုံးဝမထင်ထားခဲ့ပေ။

သူက ပထမဆုံး တမန်တော်ကို စေလွှတ်လိုက်သည့်အချိန်တွင် သူ၏ရည်ရွယ်ချက်ကတော့ ထိုစီရင်စုကို နိုးထလာအောင် သတိပေးရုံသက်သက်သာ ဖြစ်သည်။ ပထမဆုံး တမန်တော် သေဆုံးသွားသည့်အချိန်တွင်တော့ ထိုအရာက အင်မော်တယ်သုတ်သင်ရေးနယ်မြေထဲတွင် ရှိနေသော မကောင်းဆိုးဝါးတစ်ကောင်နှင့် တွေ့ကြုံရခြင်း သို့မဟုတ် လျှပ်စီးနှင့် မတော်တဆ တိုက်ခိုက်ခံရခြင်းဖြစ်မည်ဟု ယူဆမိခဲ့သည်။

ယခုတော့ ထိုပြဿနာက အင်မော်တယ်များ၏ အကူအညီကို တောင်းခံရန် လိုအပ်သည်ဟု တွေးခဲ့မိသည်။ သူတို့သာ ဝင်ရောက်ပါဝင်လာမည်ဆိုလျှင် ထိုပြဿနာက အလွယ်တကူ ဖြေရှင်းနိုင်သွား၏။ ထိုလူများက တော်ဝင်မိသားစုကို ဆန့်ကျင်ရန် မည်သူက သတ္တိများ ပေးနေသနည်း။ သူတို့က အစွမ်းထက်ပညာရှင်များ၏ တုံ့ပြန်မှုကို မကြုံဖူးခြင်းပေလော။

သိပ်မကြာခင် နာရီသံတစ်ချက်ကို ကြားလိုက်ရသည်။ အချိန်ကျရောက်လာပြီ ဖြစ်၏။ ဘုရင်ကြီးက ခန္ဓာကိုယ်ကို မတ်မတ်ရပ်လိုက်ပြီး လှေကားပေါ်သို့ ဖြည်းညင်းစွာ တက်သွားကာ အင်မော်တယ်များ ဖိတ်ခေါ်သည့်မန္တန်ကို ရွတ်ဆိုလိုက်သည်။

သူက အနီရောင်ကော်ဇောများ ခင်းထားသော လမ်းအတိုင်း လျှောက်သွားပြီး ဤကမ္ဘာကြီးထဲတွင် ပျောက်ကွယ်သွားသလို ထင်ရသည်။ သူက ထိုစင်မြင့်၏အပေါ်သို့ ရောက်လာသည့်အချိန်တွင် အဝါရောင်စာရွက်များနှင့် အစိမ်းရောင် စာရွက်များကို ထုတ်လိုက်ပြီး မန္တန်ကို တီးတိုးရွတ်ဆိုလိုက်သည်။ ထို့နောက် စိမ်းပြာနန်းတော်မှ အင်မော်တယ်ကို တလေးတစား ကြိုဆိုလိုက်၏။

အဝါရောင်စာရွက်များက ရုတ်တရက် မီးလောင်သွားပြီး အနီရောင်မီးတောက်များ ထွက်ပေါ်လာသည်။ ထိုမီးတောက်များက စာရွက်ကို လောင်ကျွမ်းသွားခြင်းဖြစ်ပြီး သူ့လက်ချောင်းလေးများကို လောင်ကျွမ်းနေခြင်း မရှိချေ။ ထိုမီးတောက်များက ကြောက်စရာကောင်းစွာ လောင်ကျွမ်းနေပြီး မီးတောက်အရှိန်က မြင့်တက်လာခဲ့၏။

ထိုအချိန်တွင် အဆောက်အဦး၏ အရှေ့ဘက် လေထဲတွင် မှေးမှိန်နေသော အစိမ်းရောင်အလင်းတန်းတစ်ခု လွင့်မျောလာပြီး အလွန်လျှို့ဝှက်ဆန်းကြယ်သော မှော်အင်းကွက်များ ပြည့်နှက်နေသည့် အစိမ်းရောင်တံခါးတစ်ခု ပေါ်လာခဲ့သည်။

ထိုအစိမ်းရောင်တံခါးက အလွန်ရှေးကျပြီး ရိုးရှင်းလှ၏။ ထိုအရာကို ကျောက်တုံးနှင့် ထွင်းထုထားသလို ထင်မှတ်ရသည်။ မှော်အင်းကွက် တစ်ခုချင်းဆီတိုင်းကလည်း ကမ္ဘာမြေကြီး၏ လျှို့ဝှက်ချက်များကို သယ်ဆောင်ထားသလို ထင်မှတ်ရသည်။ အစိမ်းရောင်တံခါးက တဖြည်းဖြည်းပွင့်လာပြီး အလင်းတန်းသောင်းပေါင်းများစွာ ပေါ်လာသည်။

ဘုရင်ကြီး၏မျက်လုံးထဲတွင် အလင်းရောင်များ ပြည့်နှက်လာသော်လည်း သူ့မျက်လုံးကို ထိခိုက်သွားခဲ့ခြင်း မရှိချေ။ ဘုရင်ကြီး၊ အမတ်ကြီးများနှင့် မိန်းမစိုးများအားလုံးက ထိုရွှေရောင်အလင်းတန်းကို စိုက်ကြည့်နေရင်း အသက်ကို အောင့်ထားမိကြသည်။

သူတို့က တံခါးထဲမှ ထွက်လာသော အနက်ရောင်ဝတ်စုံနှင့် အင်မော်တယ် တစ်ယောက်ကို မြင်လိုက်ရ၏။ အင်မော်တယ်၏ မျက်နှာပေါ်တွင် ဖုံးအုပ်ထားသော မျက်နှာဖုံးက အလွန်ကြီးကျယ်ခမ်းနားလွန်းလှသည်။ ထိုအရာနှင့် သူ့အသက်ကို ပြောပြရန် လုံးဝမဖြစ်နိုင်ပေ။ သူ၏ရုပ်ရည်က တာအိုကျောင်းဆောင်များထဲတွင် အများဆုံး မြင်တွေ့ရသည့် ရုပ်ရည်မျိုး ဖြစ်သည်။

"ကောင်းကင်ဘိုးဘေး..."

ဘုရင်ကြီးနှင့် မှူးမတ်များအားလုံးက ပင့်သက်ရှိုက်လိုက်မိကြ၏။ ရောက်လာသည့်သူက ကောင်းကင်ဘိုးဘေး ဖြစ်လိမ့်မည်ဟု သူတို့လည်း လုံးဝ မထင်ထားခဲ့ကြပေ။

စိမ်းပြာနန်းတော်ထဲတွင် ရှိနေသော အင်မော်တယ်များ၏ ဂုဏ်ပုဒ်က သူတို့၏အစွမ်းကို ကိုယ်စားပြုနေခြင်း မဟုတ်ကြောင်း သူတို့က သိနေကြသည်။ ထိုသို့ဆိုရာတွင် သူတို့က သန့်စင် (၃)သွယ်နှင့် ဆက်စပ်နေသော ဂုဏ်ပုဒ်တစ်ခုဖြစ်သည့် ဘိုးဘေးလင်းပေါင်ဆီမှ ကြားထားဖူးသည်။

ယခုတော့ သူတို့က ကောင်းကင်ဘိုးဘေးနှင့် မျက်နှာချင်းဆိုင် ကြုံနေရသည့်အတွက် အတော်လေးကို ထိတ်လန့်အံ့ဩသွားကြ၏။ ပုံပြင်ဒဏ္ဍာရီများအရ ကောင်းကင်ဘိုးဘေး ဟူသောအဆင့်က ဘိုးဘေးလင်းပေါင်ထက်ပင် အဆင့်မြင့်သည်။ ထိုအရာက တာအိုလမ်းစဉ် ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အရာအားလုံး၏ မူလစတင်ရာနှင့် ကံကြမ္မာအားလုံး၏ မျိုးစေ့လည်း ဖြစ်သည်။

ဘုရင်ကြီးက ပင့်သက်ရှိုက်လိုက်မိပြီး စိတ်ထဲတွင် စဉ်းစားနေရင်း အရိုအသေပေးလိုက်၏။

"ကျွန်တော်တို့က ဘိုးဘေးကို ကြိုဆိုပါတယ်…"

ကောင်းကင်ဘိုးဘေး ရောက်လာခြင်းက တခြားသော အင်မော်တယ်များ ရောက်လာခြင်းထက် ပို၍ စိတ်လှုပ်ရှားစရာကောင်းသည်။ အမတ်ကြီးများနှင့် မိန်းမစိုးများ အားလုံးကလည်း ဘုရင်ကြီးကဲ့သို့ ကြိုဆိုလိုက်ကြ၏။

"ကျွန်တော်တို့က ဘိုးဘေးကိုကြိုဆိုပါတယ်…"

………….

လျှို့ဝှက်အခန်းတစ်ခုထဲတွင် အခန်း၏အလယ်၌ စိုက်ထားသော ဖယောင်းတိုင်မီးဆီမှ အလင်းတန်းလေးတစ်ခု ထွက်လာနေသည်။ လူ (၁၀) ယောက်ကျော်က ထိုဖယောင်းတိုင်၏ ပတ်ပတ်လည်တွင် စုဝေးနေပြီး အမှောင်ထဲတွင် သူတို့၏ မျက်နှာများကို မမြင်ရပေ။

"အခု ငါတို့က ဘာလုပ်ကြမလဲ။ စိမ်းပြာနန်းတော်က ဒီနေရာကို တော်ဝင်တမန်တော်တစ်ယောက် ခေါ်လာဖို့အတွက် သူတို့ရဲ့ အင်မော်တယ်တစ်ယောက် လွှတ်လိုက်တယ်လို့ ကြားတယ်…"

အက်ရှရှလေသံတစ်ခုက ပြောလိုက်သည်။

"ဒီတော့ ငါတို့က ဘာလုပ်နိုင်မှာလဲ။ ငါတို့က အဲဒါကို လုပ်မှာလား မလုပ်ဘူးလား။ ငါတို့က ဒီတစ်ကြိမ် တမန်တော်ကိုလည်း အရင် (၂) ယောက်လိုပဲ ရင်ဆိုင်လို့ရတယ်လေ…"

အသံတစ်ခုက ပြတ်သားစွာ ပြောလိုက်၏။

ထိုအချိန်တွင် အိုမင်းပြီး တွေဝေနေသော အသံပိုင်ရှင်က ပြောလိုက်သည်။

"ဒါက စိမ်းပြာနန်းတော်က အင်မော်တယ်တစ်ယောက်နော်…"

စိမ်းပြာနန်းတော်က အလွန်အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။ အင်မော်တယ် တစ်ယောက်နှင့် ရင်ဆိုင်နေသော သာမန်လူတစ်ယောက်ကတော့ ယုံကြည်မှုများကို ဖယ်ရှားရန် ခက်ခဲနိုင်၏။

"ဒီတော့ ဘာဖြစ်လဲ။ ဒါဆိုရင် ငါတို့ရဲ့ကြိုးစားအားထုတ်မှုတွေအားလုံးကို လက်လျော့လိုက်ရမှာလား။ စိမ်းပြာနန်းတော်က အစွမ်းထက်တယ်ဆိုရင်တောင် အရင်နှစ်မှတ်တမ်းတွေအရ အင်မော်တယ်တွေကြားထဲမှာ စွမ်းအားကွာဟမှုတွေ ရှိတယ်ဆိုတာ သိနိုင်တာပဲ။ ငါတို့က သူတို့ကို ရင်ဆိုင်တဲ့အချိန်မှာ လုံးဝမသက်မသာ ခံစားနေရတာ မဟုတ်ဘူး…"

တခြားသော အသံပိုင်ရှင်က ဝင်ပြောလိုက်သည်။

"ငါတို့ရဲ့ပြဿနာတွေ ပေါ်သွားတဲ့ အချိန်ကတည်းက စိမ်းပြာနန်းတော်က ငါတို့ကို အရမ်းကြီးအလေးထားနေတာ မရှိဘူး။ ဒီတော့ သူတို့က အစွမ်းထက်တဲ့ အင်မော်တယ်တစ်ယောက်ကို လွှတ်မှာ မဟုတ်လောက်ဘူး။ ငါတို့လုပ်ဖို့ လိုတာက ဒီကိုလာနေတဲ့ သင်္ဘောအုပ်ကြီးကို ရေထဲမှာ မြှုပ်ပစ်လိုက်ဖို့ပဲ လိုတယ်။ ပြီးရင်တော့ သူတို့က အင်မော်တယ်သုတ်သင်ရေးနယ်မြေကို ဖြတ်သန်းလာဖို့အတွက် နောက်တစ်နှစ် ထပ်စောင့်ရလိမ့်မယ်။ အဲဒါဆိုရင်တော့ ငါတို့ရဲ့အစီအစဉ်တွေက အောင်မြင်သွားပြီဆိုတော့ ငါတို့ကြိုးစားအားထုတ်မှုရဲ့အသီးအပွင့်ကို ရိတ်သိမ်းဖို့ပဲ ကျန်တော့တယ်။ ငါတို့က ဘာကိုကြောက်ရမှာလဲ…"

အကျိုးအမြတ်များနှင့် ပတ်သက်လာသည့်အချိန်တွင် သူတို့၏ရင်ထဲ၌ လှုပ်ရှားသွားခဲ့ပြီး လောဘက သူတို့၏အမြင်အာရုံကို လွှမ်းခြုံသွားခဲ့သည်။

ထိုစကားကို ကြားသည့်အချိန်တွင် သူတို့အားလုံးက တိတ်ဆိတ်သွားခဲ့၏။ ခဏကြာပြီးနောက် အလွန်စူးရှသော အသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းလာသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ဒီမှာရှိတဲ့အဘိုးကြီးက စိမ်းပြာနန်းတော်အကြောင်းကို လုံးဝမကြားဖူးဘူး။ ဒီကမ္ဘာကြီးထဲမှာ အင်မော်တယ်တွေ ရှိနေတယ်ဆိုတာလည်း ငါကတော့ မယုံဘူး။ မင်းတို့အားလုံးက မင်းတို့ရဲ့မိသားစုတွေ ဆွေမျိုးတွေအားလုံးကို ဒီနေရာဆီ တိတ်တဆိတ် ရွှေ့ပြောင်းလာခဲ့...။ မင်းတို့က ဘာကိုကြောက်နေတာလဲ..”

“ဒါဆိုလည်း အရင် (၂) ယောက်လိုပဲ ဒီတစ်ကြိမ် တမန်တော်ကို ဖြေရှင်းလိုက်ကြတာပေါ့။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ သူ့ရဲ့အကူအညီကို တောင်းဆိုရမယ်။ အင်မော်တယ်တစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ငါတို့က သတိမထားလို့တော့ မရဘူး…"

ပထမဆုံး ပြောလိုက်သော အက်ရှရှလေသံပိုင်ရှင်က ပြောလိုက်သည်။

"ဟုတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိမ်းပြာနန်းတော်က ကောင်းကင်ဘိုးဘေးလို့ခေါ်တဲ့ အင်မော်တယ်တစ်ယောက်ကို လွှတ်လိုက်တယ်။ ဒါက ဘိုးဘေးဒိုမူနဲ့ အင်မော်တယ်ထိုက်ရီတို့ကို ယှဉ်နိုင်တဲ့ အင်မော်တယ်တစ်ယောက် မဟုတ်နိုင်ဘူး။ ဘာတွေကြောက်ရမှာလဲ…"

"သူတို့ (၂) ယောက် ပူးပေါင်းလိုက်မယ်ဆိုရင် သင်္ဘောအုပ်ကြီးကို မတော်တဆမှုဖြစ်သလို လုပ်လို့ရပြီး အင်မော်တယ်သုတ်သင်ရေးနယ်မြေထဲမှာ နစ်မြုပ်သွားအောင် လုပ်ဆောင်နိုင်တယ်…"

အသံတိုးတိုးက ထပ်ဖြည့်ပြောလိုက်သည်။

ထိုအဖွဲ့က တဖြည်းဖြည်းနှင့် သဘောတူညီမှုရသွားပြီး လူတစ်ယောက်က မေးလိုက်၏။

"အခု တခြားတစ်ဖက်မှာ ဘယ်လိုအခြေအနေရှိလဲ…"

………….

ပင်လယ်ရေများက အပြာရောင်တောက်ပနေပြီး အလွန်သိမ်မွေ့ညင်သာစွာ လှုပ်ရှားနေသည်။ မျက်နှာပြင်ပေါ်တွင်တော့ လျှပ်စီးကြောင်းလေးများ လှုပ်ရှားနေပြီး အိပ်မက်ဆန်သော လှိုင်းလုံးများ ပေါ်နေခဲ့၏။ ထိုနေရာက အလွန်ကြောက်စရာ ကောင်းသော မကောင်းဆိုးဝါးများ ကျင်လည်ကျက်စားသည့်အလား သိပ်သည်းသော မြူခိုးများ လွှမ်းခြုံနေသည်။

သင်္ဘောအုပ်ကြီးကတော့ တာအိုသခင် တွက်ချက်ပေးသည့် ရလဒ်များအတိုင်း ပင်လယ်ရေပြင်ပေါ်တွင် ရွက်လွှင့်နေကြ၏။ အကြီးဆုံးသင်္ဘောပေါ်တွင်တော့ သင်္ဘောသားများစွာက ရေပြင်ကြီးနှင့် သူတို့၏မြင်ကွင်းကို ဖြတ်တောက်ထားသော မြူခိုးများ၊ မကြာခဏ တောက်ပနေသော အစိမ်းရောင် လျှပ်စီးကြောင်းများကို စိုက်ကြည့်နေကြသည်။

သူတို့၏ရင်ထဲတွင် ကျောက်ခဲဆွဲထားသလို ခံစားနေရ၏။ ပေါ်လာသော မြင်ကွင်းက အလွန်ကြမ်းတမ်းခက်ထန်လွန်းလှပြီး သူတို့ကို သေခြင်းတရားများ ယူဆောင်ပေးနေသလို ခံစားရသည်။

ထိုခံစားမှုက အင်မော်တယ်သုတ်သင်ရေးနယ်မြေပေါ်တွင် ရွက်လွှင့်နေသူများ ကြားထဲ၌ သာမန်သာ ဖြစ်သည်။ ထိုသင်္ဘောသားများစွာကတော့ အချင်းချင်း တီးတိုးပြောနေကြ၏။

"မင်းက သူ့ကိုမြင်ခဲ့ဖူးလား။ အင်မော်တယ်က ဒီသင်္ဘောပေါ် တက်လာခဲ့တာလား.."

သာမန်မြို့သားများက စိမ်းပြာနန်းတော်အကြောင်းကို စိတ်ဝင်စားမှုများ ပြည့်နှက်နေကြသည်။

"ငါတို့လို သာမန်လူတွေက အင်မော်တယ်တစ်ယောက်ကို ဘယ်လိုလုပ်ပြီး မြင်နိုင်မှာလဲ။ သူက တစ်ချိန်လုံး သူ့အခန်းထဲမှာပဲ နေတာ။ စားစရာကိုတောင် သူ့အခန်းရဲ့ အပြင်ဘက်မှာပဲ ချပေးရတယ်။ တော်ဝင်တမန်တော်ကတောင် သူ့မျက်နှာကို မမြင်ဖူးသေးဘူး…"

သင်္ဘောသားတစ်ယောက်က သက်ပြင်းချပြီး ပြောလိုက်သည်။

တခြားသော သင်္ဘောသားကလည်း နောင်တရနေသလို ခံစားနေရ၏။

"ဒါက ဘယ်လိုအင်မော်တယ်လဲမသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူက အစစ်အမှန် အင်မော်တယ်တစ်ယောက် မဖြစ်နိုင်ဘူး။ အင်မော်တယ်တစ်ယောက်က ကမ္ဘာမြေကြီးကို ဘယ်လိုဖြစ်ပြီး ရောက်လာနိုင်မှာလဲ…"

တခြားသော သင်္ဘောသားတစ်ယောက်က ပြောလိုက်သည်။

"မင်းက အစစ်အမှန်အင်မော်တယ်တွေကို မြင်ဖူးလို့လား…”

“အစစ်အမှန် အင်မော်တယ်တွေက မိန်းမလှလေးတွေ အရက်တွေကို သဘောကျတယ်လို့ ပုံပြောသမားတွေကတော့ ပြောခဲ့ဖူးတယ်…"

တခြားသော သင်္ဘောသားတစ်ယောက်က ပြန်ပြောလိုက်သည်။

ထိုအချိန်တွင် သူတို့ ငြင်းခုံနေမှုက ရုတ်တရက် ရပ်တန့်သွားပြီး မတ်တပ်ရပ်၍ တလေးတစား ဦးညွတ်လိုက်သည်။

"တမန်တော်ကြီး..."

အခန်းထဲမှ ထွက်လာသည့်သူကတော့ မျက်နှာလေးထောင့်နှင့် တော်ဝင်တမန်တော် ကျန်းယုချန် ဖြစ်သည်။ သူက အသက် (၄၀) အရွယ်တွင် ရှိနေသေးသည့်အတွက် ငယ်ရွယ်နုပျိုမှု၏ အထွဋ်အထိပ်ကို ရောက်နေသည်ဟု ဆိုနိုင်၏။ သူက ယခုမှ ဝေ့ကျင်းအဆင့်ကို ရောက်သော်လည်း ချောင်စီရင်စုတွင် ရှိနေသော မြို့စားနေရာတွင် အစားထိုးရန် လုံလောက်အောင် အစွမ်းထက်သည်။

သူတို့၏ သင်္ဘောက အင်မော်တယ်သုတ်သင်ရေးနယ်မြေထဲသို့ ဝင်ရောက်လာသည့် အချိန်ကတည်းကစပြီး သူလည်း စိုးရိမ်ထိတ်လန့်နေခဲ့သည်။ သူကလည်း ယခင်တမန်တော်များကဲ့သို့ တူညီသော ကံတရားနှင့် ကြုံတွေ့ရမှာကို ကြောက်လန့်နေခဲ့၏။

မြို့စားများက သေချာပေါက် တုံ့ပြန်တိုက်ခိုက်ရန် ပြင်ဆင်ထားမည်ဖြစ်ကြောင်း သေချာနေခဲ့သည်။ သူတို့က ထိုကိစ္စကို အလွတ်ပေးလိမ့်မည် မဟုတ်ချေ။

"ငါက အင်မော်တယ်ကိုပဲ အားကိုးရတော့မယ်…"

သူက အခန်းကို လှည့်ကြည့်လိုက်သည့်အချိန်တွင် သူ့စိတ်ထဲ၌ ကောင်းကင်ဘိုးဘေးမျက်နှာဖုံး ပေါ်လာခဲ့သည်။ ကောင်းကင်ဘိုးဘေးက သူ့အစွမ်းကို ယခုအချိန်ထိ ပြသရခြင်း မရှိသေးသော်လည်း သူက အဆုံးမဲ့ တွင်းနက်ကြီးတစ်ခုကဲ့သို့ ခံစားမိနေခဲ့သည်။

ရုတ်တရက်ဆိုသလို လေလှိုင်းတစ်ခု တိုက်ခတ်လာသည့်အတွက် ကျန်းယုချန်က တစ်ကိုယ်လုံး အေးစက်ပြီး တုန်လှုပ်သွားခဲ့၏။ သင်္ဘောပေါ်တွင် ရှိနေသော သင်္ဘောသားများ၊ ရဲမက်များ အားလုံးကလည်း တစ်ကိုယ်လုံး တုန်ယင်နေကြ၏။ ရက်စက်ကြမ်းကြုတ်သော ပင်လယ်လေလှိုင်းများက ရေခဲလှိုင်းလုံးများအဖြစ် ပြောင်းလဲသွားခဲ့သည်။ အပြာရောင် ပင်လယ်ကြီးကလည်း နီလာကျောက်တုံးကြီး တစ်တုံးကဲ့သို့ ဖြစ်လာခဲ့၏။

ရေပြင်ကြီးက စူပွက်လာသယောင် ထင်မှတ်ရသော်လည်း ပူလောင်နေခြင်း မရှိချေ။ မျက်နှာပြင်ပေါ်တွင် မီးခိုးရောင်ရေမြှုပ်လေးများ ထွက်ပေါ်လာသည်။ ထိုရေမြှုပ်လေးများက အလွန်ကြောက်စရာကောင်းလွန်းလှပြီး သိပ်သည်းလွန်းလှသည့် ယင်ချီစွမ်းအင်များကို သယ်ဆောင်ထားခဲ့သည်။

ကျန်းယုချန် အပါအဝင် လူတိုင်းက ကြက်သီးမွေးညင်း ထလာကြ၏။ မမြင်ရသော မကောင်းဆိုးဝါးဝိညာဉ်များက သူတို့၏ ပတ်ပတ်လည်တွင် ပုန်းအောင်းနေသလို ခံစားနေရပြီး သူတို့ကို ခြေရာလက်ရာမရှိ သတ်ပစ်တော့မလို ခံစားနေရသည်။

မည်သူကမျှ စကားမပြောရဲကြဘဲ ပါးစပ်ဟလိုက်သည်နှင့် အော်သံထွက်လာမှာကို ကြောက်လန့်နေကြသည်။ အလွန်ကြောက်စရာကောင်းသော အအေးဓာတ်က တဖြည်းဖြည်း ပို၍ ကြောက်စရာကောင်းလာပြီး တချို့ကတော့ အသက်ရှူရပ်မတတ် ခံစားနေရ၏။

ကျန်းယုချန်က လေကို တဝကြီးရှူလိုက်ပြီး လက်သီးနှင့် ထိုးလိုက်သည်။ သူ၏လက်သီး ပတ်ပတ်လည်တွင် အစိမ်းရောင်လျှပ်စီးကြောင်းများ စုစည်းလာနေသည်မှာ ပန်းပွင့်လေးများ ပွင့်လန်းသကဲ့သို့ ဖြစ်နေ၏။ ထိုအချိန်တွင် လေထဲ၌ တဖျစ်ဖျစ် မြည်သံများ ထွက်ပေါ်လာနေသည်။

အသံများကလည်း သူတို့၏ ပတ်ပတ်လည်ကို ပျက်စီးသွားစေနိုင်သော မိုးကြိုးသစ်တောကြီးတစ်ခုသဖွယ် ပြောင်းလဲသွားခဲ့၏။ သို့သော် အအေးဓာတ်ကတော့ သူ၏လျှပ်စီးကြောင်းများကို ဝါးမျိုသွားသလို ထင်မှတ်ရပြီး ပြောင်းလဲမှု အနည်းငယ်လေးပင် ယူဆောင်နိုင်ခြင်း မရှိချေ။

ကြောက်စရာကောင်းသော အငွေ့အသက်များက အလွန်အစွမ်းထက်လွန်းလှသည့်အတွက် ထိတွေ့၍ ရနိုင်သော ပစ္စည်းများအဖြစ် စုစည်းလာခဲ့သည်။ ထိုအရာများက လူတစ်ယောက်ကို မွန်းကျပ်ပြီး တိတ်တဆိတ် သေဆုံးသွားစေနိုင်၏။

ထိုအချိန်တွင် သင်္ဘောအုပ်ကြီးနှင့် မလှမ်းမကမ်း မြူခိုးများထဲတွင် လှေငယ်လေးတစ်စီး ပေါ်လာခဲ့သည်။ ထိုလှေငယ်လေးပေါ်တွင် အဖြူရောင်ဝတ်စုံဝတ်ထားပြီး ဓားရှည်တစ်ချောင်း ကိုင်ထားသော လူတစ်ယောက်က ဒူးထောက်၍ ထိုင်နေခဲ့၏။

သူ၏ဆံပင်ဖြူများက ရှည်လျားနေသော်လည်း အသက်ကြီးသေးပုံ မရချေ။ သူက အေးအေးဆေးဆေး အမူအရာနှင့် လှေငယ်လေးပေါ်တွင် လွင့်မျောနေရင်း မျက်လုံးများက တစ်ပိုင်းတစ်စ ပွင့်နေခဲ့၏။

သူက အငွေ့အသက်များကို ထိန်းသိမ်းထားပြီး ပုံမှန်မဟုတ်သည့် လက္ခဏာမျိုး ပြသခဲ့ခြင်း မရှိချေ။ သူ့ပုံစံက ဓားအိမ်ထဲတွင်ရှိနေသော ဓားတစ်ချောင်းကဲ့သို့ ဖြစ်နေ၏။ သူ ပေါ်လာသည့်အချိန်တွင် လျှပ်စီးကြောင်းများ၊ မြူခိုးများနှင့် လှိုင်းလုံးများ ပေါ်လာပြီး သူက အရာအားလုံး၏အလယ်တွင် ထိန်းချုပ်သူတစ်ယောက် ဖြစ်ပုံရသည်။

"ဒီအရှိန်အဝါ ၊ ဒီအငွေ့အသက်နဲ့ ဒီခံစားမှု..."

ကျန်းယုချန်က မျက်မှောင်ကြုတ်၍ ထိတ်လန့်သွားခဲ့သည်။ ထိုလူသစ်က မည်မျှ ကြောက်စရာကောင်းကြောင်း သူလည်း ပြောနိုင်၏။ ကြောက်စရာအကောင်းဆုံး အရာကတော့ အလွန်ကြောက်စရာကောင်းသော ခံစားမှုနှင့် မမြင်ရသော မကောင်းဆိုးဝါးဝိညာဉ်များ ဖြစ်သည်။

"ဘိုးဘေး..."

ထိုအချိန်တွင် ကျန်းယုချန်က စိမ်းပြာနန်းတော်မှ အင်မော်တယ်ကို အမှတ်ရသွားပြီး သူ့နောက်ကို သတိလက်လွတ် လှည့်ကြည့်လိုက်မိသည်။

သူက အပူရှိန်တစ်ခုကို ခံစားလိုက်ရ၏။ အေးစက်သော လေလှိုင်းများက ရုတ်တရက် နွေးထွေးသွားခဲ့ပြီး ယင်က ယန်အဖြစ် ပြောင်းလဲသွားသည့်အချိန်တွင် ကမ္ဘာမြေကြီးထဲတွင်လည်း ပြောင်းလဲမှုများ ပေါ်လာခဲ့၏။

အလွန်အေးစက်ပြီး ကြောက်စရာကောင်းသည့်အချိန်တွင် ပုန်းနေခဲ့ကြသည့် နေရာမှနေ၍ အရိပ်ပေါင်းများစွာ ထွက်ပေါ်လာပြီး စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ သူတို့က လျှပ်စီးကြောင်းများနှင့် ယင်ချီစွမ်းအင်များကို ခံနိုင်ရည်ရှိနေသော်လည်း အေးစက်သော ယင်ချီစွမ်းအင်များက ရုတ်တရက်ဆိုသလို သန့်စင်သော ယန်စွမ်းအားများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့ကြောင့် သူတို့က တိုက်ခိုက်မှုကို ရှောင်တိမ်းရန်နေရာ မရှိတော့ချေ။

သူတို့က ဆီပူအိုးထဲကို ရေခဲတုတ်တစ်ခု ပစ်ချလိုက်သလို ခံစားလိုက်ရပြီး တခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်ကျမှသာ ရန်သူများက သူတို့၏ သင်္ဘောပေါ်၌ ပုန်းနေသည်မှာ အတော်လေး ကြာနေပြီဖြစ်ကြောင်း ကျန်းယုချန်က နားလည်သွားခဲ့သည်။

မြူခိုးများထဲမှနေ၍ ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခု ထွက်လာပြီး လှေငယ်လေးပေါ်တွင် ရှိနေသော အဖြူဝတ်ဓားသမားက မျက်လုံးဖွင့်လိုက်သည်။ သူ၏အငွေ့အသက်များ ပေါက်ကွဲထွက်လာသည့်အချိန်တွင် သူ့ဓားကို ဆွဲထုတ်လိုက်ပြီး မြူခိုးများထဲကို ခုတ်ချလိုက်သည်။

သို့သော် သူ၏မျက်လုံးထဲတွင် အလွန်အစွမ်းထက်သော လက်ဝါးတစ်ခုသာ ပြည့်နေခဲ့၏။ ထိုလက်ဝါးက ရိုးရှင်းပြီး ကြောက်စရာကောင်းလွန်းလှသည်။ လက်ဖဝါးပေါ်တွင်ရှိနေသော တံဆိပ်က နက်မှောင်ပြီး မထင်မရှားဖြစ်နေသလို ထင်ရ၏။

လက်ဖဝါး ကျဆင်းလာသည့်အချိန်တွင် သူ၏မျက်နှာပေါ်၌ အဆုံးမဲ့ ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ၏ပတ်ပတ်လည်တွင်လည်း အမှောင်ထုကြီး ကျရောက်လာပြီး ထိုကမ္ဘာကြီးတစ်ခုလုံးက ပျက်စီးသွားသလို ခံစားလိုက်ရ၏။ သူ၏ပတ်ပတ်လည်တွင် ရှိနေသော လေဟာနယ်က ကျုံ့လာသလိုပင် ဓားသမားက ခံစားနေရသည်။ ကမ္ဘာကြီးက သေးငယ်လာသလို ဖြစ်လာခဲ့၏။

လေစီးကြောင်းများက တားဆီးခံလိုက်ရပြီး ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားသည့်အတွက် သီးသန့်ခံစားနေရသော ခံစားမှုက ကမ္ဘာကြီး၏ အဖျက်စွမ်းအားကို ရင်ဆိုင်လိုက်ရသည်။ သူ့စိတ်ထဲတွင် ခုခံနေရင်း သူက ဓားချီစွမ်းအင်များကို ထုတ်လွှတ်လိုက်၏။ ထို့နောက် သူကိုယ်တိုင် ထိုခံစားမှုမှ အတင်းအကျပ် ရုန်းထွက်လိုက်သည်။

သူက ဓားကို အပေါ်သို့ ချိန်လိုက်ပြီး ဓားနှင့်တသားတည်း ဖြစ်သွားခဲ့၏။ ထို့နောက် အလွန်တောက်ပသော ဓားအလင်းတန်းများ ထွက်ပေါ်လာနေပြီး အမှောင်ထုကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုသို့ဆိုမှသာ သူက လက်ဖဝါးထဲတွင် ရှိနေသော ကြောက်မက်ဖွယ်ရာ စွမ်းအားများကို ဖယ်ရှားနိုင်မည် ဖြစ်၏။ မြင့်တက်လာသော ဒီရေလှိုင်းများက ရေဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီး လေထဲကို ထိုးစိုက်လိုက်သည်။

"ချွမ်..."

လက်ဖဝါးက မည်သည့် ထူးခြားမှုမျှ ပေါ်မလာဘဲ ဓားရှည်ပေါ်ကို ရိုက်ချလိုက်၏။

ဓားသမားကတော့ သူ့အပေါ်ကို ကျရောက်လာသော ဖိအားတစ်ခုကိုသာ ခံစားလိုက်ရသည်။ ထိုဖိအားကို ပြောပြ၍ပင် မရနိုင်ချေ။ သူ၏လက်မနှင့်လက်ညှိုး ကြားထဲတွင်လည်း အက်ကွဲသွားခဲ့ပြီး လက်မောင်းက ပြုတ်ထွက်သွားခဲ့၏။ ခြေထောက် (၂) ဖက်က လှေငယ်လေးထဲသို့ ကျွံဝင်သွားခဲ့သည်။ သူက အစွမ်းထက်သည့် လက်ဖဝါးကို မသက်မသာ ကြည့်နေရပြီး သူ့ဓားနှင့် နောက်ပြန်ထိုးလိုက်ရ၏။

"ဘယ်လိုဖြစ်ပြီး ဒီလောက်ကြောက်စရာကောင်းတဲ့အစွမ်းမျိုး ရှိနေရတာလဲ…"

သူ့နဖူးက ကွဲထွက်သွားပြီး ဒဏ်ရာမှနေ၍ ဦးနှောက်များ စီးကျလာခဲ့သည်။

ထိုအချိန်တွင် မျက်နှာဖုံးဝတ်ထားသော ကြီးကျယ်ခမ်းနားသည့် လူတစ်ယောက်ကို မြင်လိုက်ရ၏။ ထိုလူက အရပ် (၇) ပေနီးပါးခန့်ရှိပြီး အနှစ်သာရများနှင့် ပြည့်နှက်နေသည်။ သူ့ဆီမှ ပုံမှန်မဟုတ်သော ခံစားမှုတစ်ခု ထွက်လာနေ၏။ သူက ကမ္ဘာမြေကြီးအောက်တွင် အရာအားလုံးကို ထိန်းချုပ်နိုင်ပုံ ရသည်။ သူက အစစ်အမှန် အင်မော်တယ်တစ်ပါးကဲ့သို့ ထင်မှတ်ရ၏။

"ကောင်းကင်ဘိုးဘေးလား...။ ကောင်းကင်ဘိုးဘေး..."

ဓားသမား၏မျက်လုံးထဲတွင် အမှောင်ထုကြီးကသာ တဖြည်းဖြည်း လွှမ်းခြုံသွားခဲ့၏။

Translated by Hein Htet.

All Chapters