အခန်း (၅၇၂)
Vol. 39 Ch. 572
ကျန်းယုချန်နှင့် တခြားသော သင်္ဘောသားများ၏ မျက်လုံးထဲတွင်တော့ အလွန်ကြောက်စရာကောင်းသော အရှိန်အဝါမျိုး ရှိနေသည့် ဓားသမားက အစွမ်းထက်ဆုံး ပညာရှင်တစ်ယောက် ဖြစ်သည်။ သူကပင် တိုက်ခိုက်ခံလိုက်ရပြီး ဦးနှောက်က ပျက်စီး၍ ခန္ဓာကိုယ်က တစ်စစီဖြစ်သွားခဲ့သည်။
လှေငယ်လေးကလည်း ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် လွင့်မျောနေခဲ့၏။ ထိုအချိန်တွင် အလွန်ဆန်းကြယ်သော တာအိုဝတ်စုံ ဝတ်ဆင်ထားသည့် လူတစ်ယောက်က လေထဲတွင် လွင့်မျောနေကြောင်း မြင်လိုက်ရသည်။
သူက ကောင်းကင်ဘိုးဘေး မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး (၇)ပေခန့် အရပ်အမြင့် ရှိနေသည့်အတွက် အလွန်ကြောက်စရာ ကောင်းလွန်းလှ၏။ အနှစ်သာရများနှင့် ပြည့်နှက်နေသည့်အလား သူ့ခန္ဓာကိုယ်တစ်ခုလုံးက ကမ္ဘာမြေကြီးနှင့် ပေါင်းစပ်နေပြီး ပင်လယ်ကြီးနှင့် တစ်သားတည်း ဖြစ်နေသလို ထင်မှတ်ရသည်။
စလာသည့်အချိန်တွင် အရာအားလုံးက နတ္ထိသာ ဖြစ်နေခဲ့၏။ ထိုအရာက ကျန်းယုချန်နှင့် အခြားသင်္ဘောသားများမျက်လုံးထဲတွင် အလွန်အံ့သြစရာကောင်းသော အရာတစ်ခု ထင်ဟပ်လာစေခဲ့သည်။ ထို့ပြင် ပင်လယ်ကြီးက တည်ငြိမ်နေပြီး လေလှိုင်းများက အေးချမ်းနေ၏။ မြူခိုးများထဲတွင် လျှပ်စီးကြောင်းများလည်း တောက်ပနေခဲ့သည်။
သူတို့၏ရင်ထဲတွင်တော့ ကောင်းကင်ဘိုးဘေးက အစစ်အမှန် အင်မော်တယ် တစ်ပါးကဲ့သို့ ထင်မှတ်ရသည်။
မုန့်ချီက သူ၏စိတ်ဝိညာဉ်စွမ်းအားကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး စဉ်းစားနေရန် အချိန်မရှိခဲ့ပေ။ သူက နိယာမဖြစ်စဉ်အစွမ်းကို အသုံးပြုပြီး လေထဲသို့ခုန်၍ ညာဘက်လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူ၏လက်အရိုးအဆစ်များက အလွန်သန့်စင်ပြီး အစွမ်းထက်နေသယောင် ထင်မှတ်ရ၏။
မြူခိုးထဲတွင် ပုန်းအောင်းနေသောသူက အလွန်ကြီးမားသော လက်သီးကြီးတစ်ဖက် ကျဆင်းလာနေသည်ကို မြင်လိုက်ရသည်။ ထိုအရာ၏ ပတ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး ကြီးကျယ်ခမ်းနားသည့် အငွေ့အသက်များ ထွက်ပေါ်လာနေခဲ့၏။
မကောင်းဆိုးဝါးများ၊ သာမန်လူများအားလုံးက ရောင်စုံအလင်းတန်းများထဲတွင် လွှမ်းခြုံနေခဲ့သည်။ ထိုသို့ဆိုရာတွင် မည်သည့်အရာမျှ ဆုံးရှုံးရခြင်း မရှိချေ။ ယခင်တုန်းက အတိုင်းသာဖြစ်၏။ လှိုင်းလုံးများကလည်း ယခင်အတိုင်းသာဖြစ်သည်။ မြူခိုးများကလည်း ယခင်အတိုင်းသာဖြစ်ပြီး မိုးကြိုးများ လျှပ်စီးများအားလုံးကလည်း မူလအတိုင်းသာ ပြန်ဖြစ်သွားခဲ့၏။
တစ်ခုထူးဆန်းနေသည်မှာ လျှပ်စီးနှင့်မြူခိုးများအားလုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားခြင်းသာ ဖြစ်သည်။ ထိုအချိန်တွင် အလွန်ကြီးမားသော လက်သီးကြီးအတွက် လမ်းကြောင်းတစ်ခု ပွင့်လာသလို ဖြစ်လာခဲ့သည်။
ဝေ့ကျင်းအဆင့် ပညာရှင်ကိုလည်း မြင်လာရပြီး သူ့လမ်းကြောင်းတွင် မည်သည့်အရာမျှမရှိတော့ချေ။ သို့သော် သူကတော့ ဓားသမား၏ အဆုံးသတ်ကို မြင်လိုက်ရသည့်အတွက် တူညီသော အဆုံးသတ်နှင့် ကြုံရမှာကို ကြောက်လန့်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲမှနေ၍ ဦးနှောက်အရည်များ စီးကျလာနေပြီး ခန္ဓာကိုယ်က ပျက်စီးသွားမှာကို စိုးရိမ်နေခဲ့သည်။
သူ၏လက်ချောင်းလေးများထဲတွင် အထွဋ်အမြတ်ကျမ်းစာများ ရှိနေသော်လည်း သူကတော့ ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမရှိဘဲ နောက်ကို ဆုတ်သွားခဲ့သည်။ သူက မြူခိုးများနှင့် တစ်သားတည်းဖြစ်သွားခဲ့ပြီး အဝေးတွင် ပျောက်ကွယ်သွားခဲ့၏။
သူက အလွန်လျှို့ဝှက်ဆန်းကြယ်သော ထွက်ပြေးခြင်းနည်းလမ်းကို သုံးလိုက်သော်လည်း သူ့ရင်ထဲတွင်တော့ အန္တရာယ်အငွေ့အသက်တစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် လက်သီးကြီးက သူ့နောက်ကိုဆက်၍ လိုက်လာနေကြောင်း ခံစားမိခဲ့၏။
"ဒါက ဘယ်လိုဖြစ်ရတာလဲ…."
ထိုအချိန်တွင် နတ္ထိသဘောတရား၊ ကောင်းခြင်းနှင့်ဆိုးခြင်း မည်သို့ဖြစ်စေကာမူ အရာအားလုံးက သံသရာစက်ဝိုင်းတစ်ခုကဲ့သို့ ဖြစ်နေကြောင်း သူက နားလည်သွားခဲ့၏။
သာမာန်လူများက လှုပ်ရှားနေကြပြီး မဆုံးနိုင်သော ထိုက်ကျိစက်ဝိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူက စက်ဝိုင်းထဲတွင် လှည့်ပတ်သွားလာနေသော်လည်း တစ်နေရာတည်းတွင်သာ သွားလာနေမိသလို ခံစားမိနေခဲ့သည်။
ရွှေရောင်အငွေ့အသက်များက မြူခိုးများနှင့် ပေါင်းစပ်သွားပြီး ပတ်ဝန်းကျင်က ကြောက်စရာကောင်းလာသည်။ အချိန်မရွေး ပျက်စီးတော့မလို ဖြစ်လာခဲ့၏။
"ဒါက ဘယ်လိုသိုင်းကွက်မျိုးလဲ။ ဘယ်လိုနတ်ဘုရားစွမ်းရည်မျိုးလဲ... "
သူက ပြန်လည်တိုက်ခိုက်တော့မည့်အချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး အားနည်းသွားသလို ခံစားလိုက်ရသည်။ သူက သဘာဝရန်သူတစ်ယောက်ကို ရင်ဆိုင်လိုက်ရသလို ခံစားလိုက်ရ၏။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း မရှိသည့်အတွက် သူ၏လှုပ်ရှားမှုများက အတော်လေးကို ဆိုးရွားလာပြီး သူက အရှိန်တစ်ဝက်ခန့် နှေးကွေးသွားခဲ့၏။
လက်သီးကြီးကတော့ သူ့ဆီကို ကျရောက်လာခဲ့သည်။ သူကချက်ချင်းဆိုသလိုပင် လျှို့ဝှက်ရတနာအကာအကွယ်နှင့် တားဆီးလိုက်သော်လည်း လက်သီးက သူ၏နဖူးပေါ်ကို တည့်တည့် တိုက်ခိုက်လိုက်မိ၏။
"ဖြောင်းး…"
သူ၏နဖူးပင်က အက်ကွဲသွားခဲ့ပြီး ဦးနှောက်ရည်များ စီးထွက်လာခဲ့သည်။ သို့သော် သူကတော့ ဓားသမားကဲ့သို့ မဟုတ်ပေ။ သူ့ခန္ဓာကိုယ်က အကောင်းအတိုင်း ရှိနေသေးပြီး လက်သီးက သူ၏ဦးခေါင်းကိုသာ ဖျက်ဆီးပစ်နိုင်ခဲ့သည်။
ထိုခဏတွင် ဓားသမား၏ ခန္ဓာကိုယ်က ချက်ချင်း စုစည်းလာပြီး အလယ်တွင် ဝဲကတော့တစ်ခု ဖြစ်လာခဲ့သည်။ သူက စက္ကန့်ပိုင်းလေးအတွင်း ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့၏။ ကျန်ရှိနေခဲ့သည်မှာ အပြင်ဘက်ပိုင်း ပစ္စည်းများသာဖြစ်သည်။
ထိုနေရာတွင်တော့ သစ်ပင် ပင်စည်တစ်ခုကဲ့သို့ ရှည်မျောမျော ခန္ဓာကိုယ်တစ်ခုသာ ဖြစ်နေသည်။ ခန္ဓာကိုယ်ပေါ်တွင် အရေးအကြောင်းများ ပြည့်နှက်နေပြီး အလွန်ပါးလွှာသော ခြေလက်များက ဘေးနှစ်ဖက်တွင် ပြည့်နှက်နေ၏။ သူက ပင်လယ်ထဲသို့ ဒိုင်ဗင်ထိုးသွားခဲ့ပြီး ရေလှိုင်းများထဲတွင် လှုပ်ရှားသွားခဲ့သည်။
မုန့်ချီက ထိုလူ၏နှလုံးခုန်သံကိုပင် လက်လွှတ်ခဲ့ရ၏။ မုန့်ချီက ထူးဆန်းသော ငရဲဝိညာဉ်ကို ထိန်းချုပ်နိုင်သည့် မကောင်းဆိုးဝါးကို အာရုံစိုက်နေခဲ့သည်။ ထိုအချိန်တွင် သူက တူညီသောအရာတစ်ခုကိုလည်း တွေ့လိုက်ရ၏။ ကွဲပြားသွားသည်မှာ သူ့ခန္ဓာကိုယ်ဖြစ်သည်။ ကျန်ရှိနေသည်မှာ လက်သီးဆုပ်အရွယ် အနီရောင်အလုံးလေးတစ်ခုသာ ဖြစ်၏။
ထိုအရာက ကျောက်တုံးတစ်တုံးနှင့် သစ်သီးတစ်လုံး ပုံစံရှိနေပြီး သူ့ဆီတွင် မျက်လုံးနှင့် ပါးစပ်တစ်ခုရှိနေသည့်အလား အပေါ်ဘက်တွင် ရောင်စုံအင်းကွက်များ ပြည့်နှက်နေသည်။ အနီရောင်အလုံးလေးက ပင်လယ်ထဲသို့ ကျဆင်းသွားခဲ့သည်။ မုန့်ချီက မည်သည့်အရာကိုမျှ ဖမ်းဆုပ်မိခဲ့ခြင်း မရှိချေ။
"ထူးဆန်းတယ် အဲဒါတွေက ဘာတွေလဲ…"
မုန့်ချီက ထိုကဲ့သို့ အရာမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။ သူက ပြင်ဆင်မထားခဲ့ရသည့်အတွက် သေချာပေါက် လွတ်မြောက်သွားခဲ့ရ၏။ သူ ဇဝေဇဝါဖြစ်နေသည်မှာ ထိုကိစ္စတစ်ခုတည်းသာ ဖြစ်သည်။
အလွန်ထူးခြားသော အရှိန်အဝါနှင့် ဓားသမား၊ ပုံသဏ္ဍာန်မဲ့သော နည်းလမ်းနှင့် ငရဲဝိညာဉ်များကို ထိန်းချုပ်သူ (၂)ယောက်လုံး၏အစွမ်းက ကျန်းယုချန်ထက် သေချာပေါက် ကျော်လွန်နေခဲ့သည်။ အကယ်၍ သူတို့က ပထမကောင်းကင်လှေကားအနားသို့ နီးကပ်နေမည်ဆိုလျှင်ပင် သူတို့ဆီ၌ အလွန်ကောင်းမွန်နိုင်သော တိုက်ခိုက်ရေးနည်းလမ်းများ ရှိနေနိုင်၏။
အမှန်အတိုင်း ပြောရလျှင် မုန့်ချီက သူ၏ပထမဆုံး တိုက်ခိုက်မှုတွင် အနိုင်ရရန် မျှော်လင့်ထားခဲ့ခြင်း မရှိချေ။ သူက ကောင်းကင်ဖျက်လက်ဝါးနှင့် နိယာမဖြစ်စဉ်တို့ကို ပေါင်းစည်းအသုံးပြုခဲ့သည့်အတွက် သူ့ပုံစံက အလွန်ကြောက်စရာကောင်းသယောင် ထင်မှတ်ရသည်။
ဓားသမားက ဒဏ်ရာရသွားသော်လည်း တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သေး၏။ ထိပ်တိုက် တိုက်ပွဲတွင်တော့ ဆုတောင်း(၃)မျိုးလက်သီးကို နောက်ဆုံးမှသာ အသုံးပြုလိုက်ခြင်းဖြစ်သည်။ ဓားသမားက ထိုစွမ်းအားကြောင့် တိုက်ရိုက်ပျက်စီးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ပုံသဏ္ဍာန်မရှိသလို မမြင်ရသော လူတစ်ယောက်ကိုတော့ ဆုတောင်း(၃)မျိုး လက်သီးကိုသုံး၍ အနိုင်ယူခဲ့သည်။ သူတို့နှစ်ယောက်လုံးက သူတို့၏အစစ်အမှန် စွမ်းအားကို အသုံးပြုနိုင်ပုံမရချေ။
"သူတို့က ငါ့ရဲ့အရှိန်အဝါ ဖိနှိပ်မှုကို ခံလိုက်ရတဲ့အတွက် သူတို့ရဲ့အစွမ်းကို ပြည့်ပြည့်ဝဝ မသုံးနိုင်တာလား။ ဒါမှမဟုတ် ကောင်းကင်ဘိုးဘေး အဆင့်အတန်းက သူတို့ကို ကြောက်လန့်သွားစေနိုင်တာလား…"
မုန့်ချီက စိတ်ထဲတွင် စဉ်းစားနေရင်း ပြန်လှည့်လာခဲ့သည်။
သူက သင်္ဘောဆီသို့ ဦးတည်လာသည့်အချိန်တွင် သူ့ခန္ဓာကိုယ်က သာမာန်လူသား အရွယ်အစားကို ပြောင်းလဲသွားခဲ့၏။ သင်္ဘောသားများနှင့် ကျန်းယုချန်၏ မျက်လုံးထဲတွင်တော့ အမြင်က လုံးဝပြောင်းလဲသွားခဲ့သည်။
သူက စိမ်းပြာနန်းတော်မှ သာမန်အင်မော်တယ်တစ်ယောက်ပင် မဟုတ်ချေ။ သူက အပြာရောင်ကောင်းကင်ကြီးကို အုပ်စိုးနိုင်သော အစစ်အမှန် အင်မော်တယ်တစ်ပါးဖြစ်သည်။ သူ၏အဆင့်အတန်းက မည်မျှသာမန်ဖြစ်စေကာမူ သူတို့အတွက်တော့ အလွန်ကြီးကျယ်ခမ်းနားလွန်းလှ၏။
ထို့ကြောင့်လည်း သူ့ကို တာအိုဘိုးဘေး(၃)ပါးထဲမှ တစ်ပါးဟုခေါ်နိုင်ပြီး အမှန်တကယ်လည်း အစွမ်းထက်လွန်းလှသည်။ မျက်နှာဖုံးက မုန့်ချီ၏ ခံစားချက်များကို ဖုံးကွယ်ပေးထား၏။ သူက သင်္ဘောပေါ်သို့ လျှောက်သွားပြီး စကားတစ်ခု ပြောခဲ့သည်။
"ဓားသမားရဲ့ဓားကို ငါ့ဆီယူခဲ့။ ငါက သဲလွန်စတွေ စစ်ဆေးချင်တယ်…"
အဖြူရောင်ဓားသမားနှင့် သဏ္ဍာန်မဲ့ပညာရှင်ဆီမှ ပစ္စည်းများကိုတော့ ထူးဆန်းသော အရာတစ်ခုက ယူဆောင်သွားသည်။ ကျန်ရှိနေသည်မှာ ရတနာဓားသာ ဖြစ်၏။ လက်ရှိအချိန်တွင် သူက ကောင်းကင်ဘိုးဘေး ဖြစ်သည်။ သူက ထိုအရာများကို ကိုယ်တိုင်ယူဆောင်ရမည်လော။
"ကောင်းပါပြီ ဘိုးဘေး…"
ကျန်းယုချန်က လေးလေးစားစား ပြန်ဖြေလိုက်သည်။ သူလည်း ဝေ့ကျင်းအဆင့် ပညာရှင်(၂)ယောက်၏ ထူးဆန်းသော အခြေအနေကို မြင်တွေ့ထား၏။
ထိုအချိန်တွင် ချောင်စီရင်စု၌ ဖြစ်ခဲ့သောအရာများနှင့် ပတ်သက်ပြီး သူ၏သံသယများက ပို၍ကြီးထွားလာခဲ့သည်။ အစောပိုင်းတွင် မည်ကဲ့သို့ ထူးဆန်းသော သတ္တဝါများ ပေါ်လာခဲ့သနည်း။
မုန့်ချီက ထိုအရာကို စဉ်းစားပြီး ထပ်ဖြည့်ပြောလိုက်သည်။
"အဲဒါကို မပျောက်စေနဲ့…"
ထို့နောက် သူက အလွန်တည်ငြိမ်သော အမူအယာနှင့် အခန်းဆီကို လျှောက်သွားခဲ့သည်။
………..
လျှို့ဝှက်အခန်းလေးထဲတွင်တော့ ဖယောင်းတိုင် မီးထွန်းထားသော အပြာရောင်မီးအိမ်လေး(၂)ခုရှိနေသည်။ မီးတောက်များက အနီရောင်အလင်းတန်းများ လောင်ကျွမ်းနေခဲ့၏။ သူတို့ဆီတွင် အသက်စွမ်းအင်များ ပြည့်နှက်နေသည်။ ထိုအရာက အချိန်တိုအတွင်း ခံနိုင်ရည်ရှိနေသော ရိုးရိုးရှင်းရှင်း စိတ်ဝိညာဉ်မီးအိမ်တစ်ခု ဖြစ်သည်။
"အချိန်ကျသင့်ပြီ။ သူတို့က လှုပ်ရှားသင့်ပြီ။ တကယ်လို့ စိတ်ဝိညာဉ်မီးအိမ်က ပြောင်းလဲမှုမရှိဘူးဆိုရင် အရာအားလုံးက ချောချောမွေ့မွေ့ ပြီးဆုံးသွားပြီလို့ ဆိုလိုနေတာပဲ ... "
အလွန်စူးရှသောအသံပိုင်ရှင်က ပြောလိုက်သည်။
ထိုအချိန်တွင် အလွန်လေးနက်သော အသံတိုးတိုးက ပြန်ဖြေလိုက်၏။
"ငါတို့လည်း အဲဒါကိုသိတယ်။ ရှင်းပြနေဖို့မလိုဘူး။ အရင်အချိန်တွေတုန်းကလည်း အတူတူပဲ။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ စိမ်းပြာနန်းတော်က အင်မော်တယ် တစ်ယောက် ရှိနေတယ် ... "
အက်ရှရှလေသံနှင့် အသံပိုင်ရှင်က ပြောလိုက်၏။ သူတို့စကားပြောနေသည့်အချိန်တွင် လေတစ်ချက် တိုက်ခတ်လာသည်။ စိတ်ဝိညာဉ်မီးအိမ်(၂)ခုလုံးက တစ်ပြိုင်နက်တည်း ငြိမ်းသွားခဲ့ပြီး အခန်းက မည်းမှောင်သွားခဲ့၏။
"ဒါ ဒါက…ဘယ်လိုဖြစ်ရတာလဲ။ သူတို့နှစ်ယောက်လုံးက သေသွားတာလား။ တစ်ပြိုင်နက်တည်းနီးပါး သေသွားတာလား…"
လျှို့ဝှက်အခန်းထဲတွင် ရှိနေသော လူတိုင်းက မယုံကြည်နိုင်သလို ဖြစ်နေပြီး အမှန်တရားကို လက်မခံနိုင်ကြပေ။
အချိန်တော်တော်ကြာမှသာ သူတို့က နောက်တစ်ကြိမ် တည်ငြိမ်သွားခဲ့၏။ ခဏကြာပြီးနောက် အဘိုးအိုတစ်ယောက်က ဖြည်းညင်းစွာ ပြောလိုက်သည်။
"သူတို့ရဲ့အစွမ်းက နန်းတွင်းထဲက ကောင်းကင်(၄)သွယ် ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ရဲ့ အစွမ်းမျိုးကို ရင်ဆိုင်ဖို့ လုံလောက်တယ်။ သူတို့သေသွားပြီဆိုတော့ စိမ်းပြာနန်းတော်က အင်မော်တယ်က ငါတို့ထင်ထားတာထက် အဆပေါင်းများစွာ ပိုသာနေတယ်ဆိုတာကို သက်သေပြနေတာပဲ။ သူက ဘိုးဘေးဒိုမူ၊ အင်မော်တယ်ထိုက်ရီတို့ကိုတောင် ယှဉ်နိုင်လောက်တယ် ... "
သူတို့၏ မျက်စိရှေ့တွင် အမှန်တရား ပေါ်လာသည့်အချိန်၌ မည်သူကမျှ ကန့်ကွက်နေခြင်း မရှိတော့ချေ။ အမှန်တရားကို မသိဘဲ ငြင်းဆန်နေခြင်းက သူတို့ကို ပို၍ထိခိုက်စေနိုင်၏။
"ငါတို့က ဒီအင်မော်တယ်နဲ့ ထိပ်တိုက်ရင်မဆိုင်တာ ပိုကောင်းမယ်။ ငါတို့က နောက်ကို တစ်လှမ်းဆုတ်ပြီး အခြေအနေကို စောင့်ကြည့်ရမယ်…"
အက်ရှရှလေသံနှင့်လူက ပြောလိုက်သည်။
"ငါတို့က နောက်ဆုတ်ပြီးသွားရင် ဘယ်လိုရှေ့တိုးကြမှာလဲ…"
လူတစ်ယောက်က ဝင်မေးလိုက်၏။
အဘိုးအိုက ပြန်ဖြေလိုက်သည်။
"ချောင်စီရင်စုကို ထိန်းချုပ်ဖို့အတွက် ကျန်းယုချန်ကို ခွင့်ပြုလိုက်။ သူက ငါတို့ကို မြို့တော်ဆီ ပို့လိုက်လိမ့်မယ်။ မြို့တော်ဆီကို ရောက်သွားပြီဆိုရင် ငါတို့က မိသားစုဝင်တွေကို ခေါ်မယ်ဆိုတဲ့ ဆင်ခြေပေးပြီး တတ်နိုင်သမျှ အချိန်ဆွဲလို့ ရနိုင်တယ်။ တကယ်လို့ အဲဒါက အလုပ်မဖြစ်ဘူးဆိုရင် ငါတို့က လှေကို ထိန်းချုပ်ပြီး တိတ်တဆိတ် ပြန်လာလို့လည်း ရတယ်။ ငါတို့က ငါတို့လွှမ်းမိုးထားတဲ့သူတွေကို တိတ်တဆိတ် စီစဉ်ပြီး မင်းတို့ရဲ့ အတွင်းသတင်းနဲ့ ပေါင်းလိုက်မယ်ဆိုရင် လမ်းကြောင်းမပိတ်ခင်အချိန်အထိ ကျန်းယုချန်ဆီ ဒီသတင်းကို ဖုံးကွယ်ထားလို့ ရနိုင်မယ်။ ဒီတစ်နှစ်ကုန်သွားရင် ငါတို့က အောင်မြင်နိုင်ပြီ။ ဒါဆိုရင် ဘာကိုကြောက်ရဦးမှာလဲ ... "
မြို့တော်တွင် ရှိနေသော တမာန်တော်က မည်သူဖြစ်ကြောင်း သိနေသည့်အတွက် တစ်ဖက်တွင် သူတို့ကို ထောက်ပံ့မည့်သူများ ရှိနေသည်။ တခြားတစ်ယောက်က အသံတိုးတိုးနှင့် ပြောလိုက်၏။
"စိမ်းပြာနန်းတော်က အင်မော်တယ်က ငါတို့ကို တခြားတစ်ဖက်ဆီ ခေါ်သွားရင် ဘာလုပ်မလဲ…"
လျှို့ဝှက်အခန်းထဲတွင် တိတ်ဆိတ်သွားခဲ့သည်။ အချိန်တော်တော်ကြာ တိတ်ဆိတ်သွားပြီးနောက် လူတစ်ယောက်က အံကြိတ်ပြီး ပြောလိုက်၏။
"ငါတို့က သူ့ကို ဒီနေရာမှာ နောက်ဆုံးအနေနဲ့ ဆွဲဆောင်ရမယ်။ ငါတို့က သူ့ကိုမသတ်နိုင်ဘူးဆိုတာ မယုံဘူး…"
"ဒါဆိုလည်း လုပ်လိုက်ကြစို့…"
တခြားသူများက ခဏကြာစဉ်းစားပြီး သဘောတူလိုက်ကြသည်။ လူတစ်ယောက်၏ သေဆုံးမှုက တခြားသူများအတွက် အိပ်မက်တစ်ခု ဖြစ်နေသည်။ သူတို့မသေတော့လျှင် သူတို့က နောက်နှစ်သောင်းပေါင်းများစွာ အသက်ရှင်တော့မည်ဟု ဆိုလိုနေ၏။
……………..
ချောင်ရှစီရင်စု၊ ရှင်းဟိုင်မြို့ .......
စိမ်းပြာရောင်ပင်လယ်ကြီးပေါ်တွင် တောက်ပသော နေရောင်ခြည်များ ဖြာကျနေသည်မှာ ရွှေရောင်အကြေးခွံများကဲ့သို့ ဖြစ်နေသည်။ အဝေးမိုးကုတ်စက်ဝိုင်းတွင် သင်္ဘောကြီးများက တဖြည်းဖြည်း ကြီးမားလာခဲ့၏။ အလံတိုင်များက အလွန်မြင့်မားလွန်းလှသည့်အတွက် တိမ်တိုက်များထဲကိုပင် ရောက်ရှိနေသလို ထင်မှတ်ရသည်။
ကုန်သည်လှေများပေါ်တွင် ရှိနေသော ငါးဖမ်းသမားများက မျက်လုံးပြူးနေကြ၏။ သူတို့က တစ်နှစ်ပတ်လုံး ထိုကဲ့သို့ အရွယ်အစား ရှိနေသည့် သင်္ဘောကြီးများကို မမြင်ရသည်မှာ ကြာခဲ့ပါပြီ။ ထိုသင်္ဘောအိုကြီးက အလွန်ကြီးမားလွန်းလှပြီး ချောင်စီရင်စုကိုပင် တည်ထောင်ရန် လုံလောက်သည်။
ထိုသင်္ဘောများက ဆိပ်ကမ်းတွင် မကပ်ခင် ချောင်စီရင်စု၏ လက်ရှိမြို့စားဖြစ်သော ဖန်းပုတုံက အနားကို ကပ်လာခဲ့သည်။ သူက ကျန်းယုချန်၏ သင်္ဘောပေါ်ကို တက်လာခဲ့၏။
သူက လက်ရှိမင်းဆက်တွင် သက်တမ်းအကြာဆုံး ပညာရှင် တစ်ယောက်ဖြစ်သည်။ သူက အသက်ကြီးသော်လည်း ယခုအချိန်ထိ ဒုတိယကောင်းကင်အဆင့်ကို တက်လှမ်းနိုင်ခြင်း မရှိသေးပေ။ သူ့ဆီတွင် ပင်မချီစွမ်းအင် အလုံအလောက် ရှိသော်လည်း ရှားပါးတွင်းထွက်ပစ္စည်းများ နည်းပါးနေခဲ့သည်။ လျှို့ဝှက်တံခါးက ပဋိပက္ခဖြစ်သွားလျှင် အစားထိုးရန် ခက်ခဲနိုင်၏။
ဖန်းပုတုံက ဆံပင်ဖြူနှင့် ခါးကုန်းကုန်းဖြစ်ပြီး မျက်နှာပေါ်တွင် အရေးအကြောင်းများ ပြည့်နှက်နေသည်။ သူ့ပုံစံက မြို့စားတစ်ယောက်နှင့် လုံးဝတူညီနေခြင်း မရှိချေ။ သူနှင့် ကျန်းယုချန်တို့ တွေ့သည့်အချိန်တွင် သူက တလေးတစား ဦးညွတ်လိုက်၏။ သူက နောက်တွင် မျက်နှာဖုံးနှင့် ရပ်နေသော တာအိုသခင်ကိုလည်း သတိထားနေခဲ့သည်။ သူက ကောင်းကင်ဘိုးဘေး အဆင့်အတန်းရှိနေပြီး အတော်လေး ကြောက်စရာကောင်းသော လူတစ်ယောက်ဖြစ်သည်။
မုန့်ချီက သူ့ကို စိုက်ကြည့်လိုက်၏။ ထိုပိန်ပိန်ပါးပါး အဘိုးအိုနှင့် တခြားသော ဝေ့ကျင်းအဆင့် ပညာရှင်(၂)ယောက်က သင်္ဘောအုပ်ကြီးကို ပင်လယ်ထဲတွင် နစ်မြုပ်အောင် လုပ်ခဲ့သူများဖြစ်ကြသည်။ ရှင်းဟိုင်မြို့ထဲတွင် ပုန်းအောင်းနေသော သတင်းပေးက ထိုကိစ္စကို သတင်းပို့ထားခဲ့၏။
ကျန်းယုချန်က အမိန့်စာကို ဖတ်ပြနေသည့်အချိန်တွင် ဖန်းပုတုံက ငြိမ်နေခဲ့သည်။ သူက အသက်ကြီးနေပြီ ဖြစ်သည့်အတွက် နေရပ်ကိုပြန်လာရန် ဘုရင်ရန်က အမိန့်ပေးထားခဲ့၏။ ကျန်းယုချန်ကတော့ ချောင်ရှစီရင်စု၏ မြို့စားနေရာကို လက်လွှဲယူဆောင်ပါလိမ့်မည်။
ထိုအမိန့်ကို ကြားသည့်အခါ ဖန်းပုတုံက ဘုရင်ကြီးကို ကျေးဇူးတင်စကားပြောလိုက်ပြီး မျက်ရည်များ ဖယ်ရှားလိုက်သည်။ သူကတော့ ဆန့်ကျင်သည့်လက္ခဏာမျိုး လုံးဝမပြခဲ့ပေ။
သူတို့က ရှင်းဟိုင်မြို့ထဲတွင် နေရာချပြီးသွားသည့်အချိန်၌ ကျန်းယုချန်က မုန့်ချီဆီကို အကြံတောင်းရန် ရောက်လာခဲ့သည်။
"ဘိုးဘေး …
ဖန်းပုတုံက အကုန်လုံး ပူးပေါင်းနေတဲ့အတွက် ကျွန်တော်က မသက်မသာ ခံစားနေရတယ်။ တစ်ခုခုတော့ မဟုတ်သေးဘူး။ သာမာန်မဟုတ်တဲ့ အရာမျိုး ဖြစ်လာတဲ့အချိန်မှာ မကောင်းဆိုးဝါးတစ်ကောင်ကောင်တော့ ပုန်းနေမှာပဲ.."
ကောင်းကင်ဘိုးဘေး မျက်နှာဖုံး ဝတ်ထားသော မုန့်ချီက အိပ်ရာပေါ်တွင် တင်ပျဉ်ခွေထိုင်နေခဲ့သည်။
"နန်းတွင်းတမန်တော်(၂)ယောက် ဆက်တိုက်သေဆုံးသွားခဲ့ရတာက သူနဲ့ပတ်သက်နေတာလား…"
သူက အေးစက်စွာ မေးလိုက်သည်။
လူတစ်ယောက်က စွန့်စားပြီးသွားလျှင် အလွယ်တကူ လက်လျှော့လိမ့်မည် မဟုတ်ချေ။ ကျန်းယုချန်က ထိုအချက်ကို နားလည်ထားခဲ့၏။ သူက တိုးတိုးလေး ပြန်ဖြေလိုက်သည်။
"ဘိုးဘေး …
ကျွန်တော်က ဖန်းပုတုံကို သေချာသတိထားစောင့်ကြည့်ပြီး ပြဿနာတွေကို သေချာစုံစမ်းလိုက်မယ်…"
"မင်းက သူတို့လုပ်ထားတဲ့ လုပ်ရပ်တွေကို ဘာလို့သတင်းပို့မှာလဲ။ သူတို့က တမင်အချိန်ဆွဲနေကြတာ။ သူတို့တွေကို ဖယ်ရှားပြီးမှပဲ မင်းက အရာအားလုံးကို အုပ်စိုးနိုင်ခွင့်ရလိမ့်မယ်။ စိမ်းပြာနန်းတော်ရဲ့ အထောက်အပံ့ရှိနေမှတော့ မင်းက အသာစီးယူပြီး ထိန်းချုပ်လိုက်လို့ရတယ် ... "
မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်၏။
Translated by Hein Htet.