အခန်း (၅၇၃)
Vol. 39 Ch. 573
ကျန်းယုချန်က ပြန်မေးလိုက်သည်။
“သူတို့ကို အရင်ဆုံး တိုက်ခိုက်သင့်တာလား…”
သူ့ခေါင်းထဲတွင် ထိုအတွေးမျိုး လုံးဝပေါ်မလာခဲ့ပေ။ အပြင်ဘက်တွင်တော့ မိုးခြိမ်းသံများ ထွက်ပေါ်လာနေပြီး လေလှိုင်းများက တိုက်ခတ်နေသည့်အတွက် သူတို့၏စကားလုံးများကို သဘာဝအတားအစီးများက ကာကွယ်ပေးထားသလို ဖြစ်နေသည်။
“ဟုတ်တယ်…။ ဒီလိုဆိုမှပဲ ငါတို့က သူတို့ရဲ့လှည့်စားမှုတွေကို ရှောင်တိမ်းသွားရမဲ့အစား ဒီနေရာမှာ ဘာတွေလုပ်နေလဲ ဆိုတာကို ပိုပြီးတော့ သိနိုင်မယ်။ ငါတို့က အဓိကတရားခံတွေကိုလည်း ရှာနိုင်လိမ့်မယ်။ငါတို့က သူတို့ထဲက တစ်ယောက်ကို ထိန်းသိမ်းထားလိုက်ရုံနဲ့ သူ့ဆီမှာ အဖြေရဖို့ စုံစမ်းစစ်ဆေးလို့ရပြီ…”
ကောင်းကင်ဘိုးဘေး မျက်နှာဖုံးနောက်ကွယ်တွင် ရှိနေသော မုန့်ချီက ပြောလိုက်သည်။ သူတို့က ထိုကဲ့သို့ အရာမျိုးကို အသေးအဖွဲကိစ္စတစ်ခုကဲ့သို့ ပြောနေခြင်းလည်း ဖြစ်၏။
“ဒါဆိုရင် တခြားစီရင်စုမှာရှိတဲ့ မြို့စားတွေကို လှုပ်ခတ်မသွားစေနိုင်ဘူးလား..”
ကျန်းယုချန်က အနည်းငယ် တွေဝေစွာ ပြောလိုက်သည်။
“ဒီကိစ္စကြောင့် သူတို့က ပူးပေါင်းဖို့ ဆင်ခြေရသွားပြီး တုံ့ပြန်တိုက်ခိုက်နိုင်တယ်လေ..”
ထိုကဲ့သို့ အရာမျိုးက သူ ခံနိုင်ရည်မရှိသော ဝန်ထုတ်ဝန်ပိုးမျိုးလည်း ဖြစ်၏။
“ငါတို့က ရှင်းဟိုင်မြို့ကို ရောက်နေတာ တစ်ရက်ရှိသွားပြီ။ဒါပေမဲ့ တခြားမြို့စားတွေက ပင်မကုန်းမြေက လွှတ်လိုက်တဲ့ သင်္ဘောတွေအကြောင်း စုံစမ်းစစ်ဆေးတဲ့သတင်းတွေ ဘာမှမကြားရဘူး။ သူတို့အားလုံးက ငှက်တစ်ကောင်ရဲ့တောင်ပံတွေလိုပဲ။ ငါတို့က ထိုင်ကြည့်နေရုံနဲ့ လှုပ်ရှားမှုကို ခန့်မှန်းဖို့ခက်တယ်။ ဒီတော့ ပင်မကုန်းမြေကအဖွဲ့တွေ လာရောက်စစ်ဆေးတဲ့အခါကျရင် သူတို့ဆီမှာ ပြင်ဆင်မှုတွေ မရှိဘူးလို့ ထင်နေလား…”
မုန့်ချီ၏စကားလုံးများကြောင့် ကျန်းယုချန်က အတော်လေးကို ကြောက်လန့်သွားခဲ့သည်။
မုန့်ချီက ဆက်ပြောလိုက်သည်။
“ပင်လယ်လမ်းကြောင်းက တစ်လအတွင်း ပြတ်တောက်သွားလိမ့်မယ်…။ တကယ်လို့ အဲဒီလူတွေကသာ တုံ့ပြန်ချင်တယ်ဆိုရင် ပင်လယ်လမ်းကြောင်း ပြတ်တောက်သွားတာနဲ့ တိုက်ခိုက်ကြမှာ မဟုတ်လား…”
“အဲဒါတော့ သေချာတယ်…ဆရာဘိုးဘေး…”
ကျန်းယုချန်က လျင်မြန်စွာ ပြန်ဖြေလိုက်သည်။
“တကယ်လို့ ငါတို့ကသာ ဒီအခွင့်အရေးကို ဆုံးရှုံးလိုက်မယ်ဆိုရင် စိမ်းပြာနန်းတော်က အင်မော်တယ်နဲ့ ငါက ပင်လယ်လမ်းကြောင်း ပြန်မပွင့်ခင် (၉)လလုံးလုံး ဒီလူတွေက ရင်ဆိုင်ရလိမ့်မယ်…”
ထို့ပြင် ကောင်းကင်ဘိုးဘေးက မြို့စား(၅)ယောက်ကို ပင်မကုန်းမြေဆီသို့ ပြန်ခေါ်သွားပြီး တော်ဝင်မိသားစုမှ ဝေ့ကျင်းအဆင့် ပညာရှင်နှစ်ယောက်ကိုသာ သူနှင့်အတူ ချန်ထားခဲ့မည် ဖြစ်သည်။
“ဒါဆို ငါက ကြိုမမြင်ရတဲ့ နယ်မြေထဲမှာ အန္တရာယ်တွေကိုလည်း သိနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ ပင်လယ်လမ်းကြောင်း မပိတ်ခင် အပြစ်သားတွေ ထကြွလာမယ် ဆိုလျှင်တော့ ငါက ဘေးကင်းလုံခြုံဖို့အတွက် တခြားနယ်မြေနှစ်ခုက အကူအညီတွေကို ဆင့်ခေါ်လို့ ရနိုင်သေးတယ်…”
အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်သွားပြီးနောက် ကျန်းယုချန်၏ မျက်နှာက ပြတ်သားလာခဲ့သည်။ သူက အသံတိုးတိုးနှင့် ပြောလိုက်သည်။
“ဆရာဘိုးဘေး…
ဒါက တော်တော်လေးကို နူးညံ့သိမ်မွေ့တဲ့ အခြေအနေမျိုးပဲ။ ဒီတော့ ဖန်းပုတုံက ဒီလိုလုပ်ရပ်တွေလုပ်ဖို့ တခြားအဖွဲ့အစည်းတွေရဲ့ အကူအညီလည်း ရှိနိုင်တယ်…. ဘိုးဘေးက အောင်မြင်ဖို့ သေချာရဲ့လား…”
“တခြားမြို့စား(၅)ယောက်ကသာ စိုးရိမ်နေကြမယ်ဆိုရင် ပင်လယ်ထဲမှာ နန်းတွင်းတမန်တော်ရဲ့ သင်္ဘောအုပ်ကြီးကို တိုက်ခိုက်မှာတဲ့လား..”
“သင်္ဘောအပျက်အစီးတွေကြောင့် ဂိုဏ်းတွေ ၊ အဖွဲ့အစည်းတွေက ဘုရင်ကြီးဆီက လွှတ်လိုက်တဲ့သူတွေကို သေချာပေါက် အထင်သေးနေလိမ့်မယ်။ အချိန်ဆွဲနေမယ်ဆိုရင် ပင်လယ်လမ်းကြောင်းက ပိတ်သွားနိုင်ပြီး ပင်မကုန်းမြေနဲ့ ဆက်သွယ်မှု ပြတ်တောက်သွားလိမ့်မယ်…”
မုန့်ချီက အခြေအနေကို သုံးသပ်ပြလိုက်သည်။
တချိန်တည်းတွင် မုန့်ချီက တစ်ယောက်တည်း တွေးနေလိုက်၏။
“သူ့ရဲ့စွမ်းအားတွေ ၊ အဆင့်တွေက ဝေ့ကျင်းအဆင့်ရှိပေမဲ့ ဒီတမန်တော်မှာ သူ့ရဲ့ နေရာကို ထိန်းသိမ်းထားနိုင်လောက်တဲ့ အရည်အချင်းမျိုး မရှိတာတော့ နှမြောစရာပဲ..”
ကျန်းယုချန်က တံခါးပိတ်လေ့ကျင့်ပြီး ရာထူးပိုင်ဆိုင်ထားခဲ့ခြင်း ဖြစ်သည်။ သူက ဆေးရည်များ၏ အကူအညီနှင့် လက်ရှိအစွမ်းကို ရရှိထားခြင်း မဟုတ်သော်လည်း သူ့ဆီတွင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများ နည်းပါးနေသေးသည်။ ထို့ကြောင့် သူက မုန့်ချီ ကဲ့သို့သော အခြေအနေမျိုးကို ကြုံတွေ့ရဖူးခြင်းမရှိချေ။
“ဟုတ်ပါတယ်။ တကယ်လို့ ဖန်းပုတုံက ဆန့်ကျင်ထားတာမျိုး မရှိဘဲ အပြစ်ကင်းစင်နေတယ်ဆိုရင် ဘာလုပ်မလဲ…”
ကျန်းယုချန်က ခေါင်းညိတ်ပြောလိုက်သည်။ အင်မော်တယ်၏ အစီအစဉ်က အရာမထင်မှာကိုလည်း သူက စိုးရိမ်နေခဲ့၏။
“တကယ်လို့ သူ့မှာ အပြစ်မရှိဘူးဆိုရင် သူက မူလအတိုင်း ဆက်နေမှာပေါ့ …။ သူက ဘုရင်ကြီးရဲ့ အစစ်အမှန် နောက်လိုက်တစ်ယောက်၊ နန်းတွင်းရဲ့ သစ္စာရှိအစေခံ တစ်ယောက်လို နေမှာပဲ…။ လှိုက်လှိုက်လှဲလှဲ တောင်းပန်လိုက်တာနဲ့ သူ့ကိုပြန်ပြီးတော့ လက်ခံမှာပဲလေ..”
သူ၏ထိန်းချုပ်မှုက ကောင်းမွန်သည်ဟု မုန့်ချီက ခံစားနေရသည်။
စိမ်းပြာနန်းတော်မှ ကောင်းကင်ဘိုးဘေးဟူသော ဂုဏ်ပုဒ်ကြောင့် နောက်ဆုံးတွင်တော့ ကျန်းယုချန်က ဆုံးဖြတ်ချက်ချလိုက်သည်။ သူက ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေပြီး တံခါးကို တွန်းဖွင့်၍ သူ၏လက်အောက်ငယ်သားကို လှမ်းခေါ်လိုက်သည်။
“မြို့စားဖန်းကို ခေါ်လိုက်… ငါက နယ်မြေနဲ့ ပတ်သက်တဲ့ကိစ္စတွေ ဆွေးနွေးချင်တယ်လို့ ပြောလိုက်..”
မြို့စားဖန်းပုတုံ ရောက်လာခဲ့သည့်အချိန်တွင်တော့ နေဝင်သွားခဲ့ပြီ ဖြစ်သည်။ ခေါင်းပေါ်တွင် ထွက်ပေါ်လာသော လမင်းကြီးက သမုဒ္ဒရာထဲသို့ အလင်းရောင်များ ဖြာကျနေပြီး တည်ငြိမ်အေးချမ်းမှုကို ပြသနေသည်။
သို့သော် ဖန်းပုတုံက တစ်ယောက်တည်း ရောက်မလာခဲ့ပေ။ သူ၏ဘေးတွင် အစောင့်တစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသော လူတစ်ယောက် ရှိနေသည်။ ထိုလူ၏ ခေါင်းပေါ်တွင်တော့ ဆံပင်ဖြူ အနည်းငယ်ရှိနေပြီး မျက်နှာပေါ်တွင် အရေးအကြောင်းများ ပြည့်နှက်နေသည်။ သူ့ပုံစံက ရှေးဟောင်းအုတ်ဂူထဲမှ အလောင်းတစ်ခုကဲ့သို့ ဖြစ်နေသည်။ သူက အသက်ရှင်နေသလို မထင်ရဘဲ မျက်လုံးစိုက်ကြည့်လိုက်သည့်အချိန်၌ တကိုယ်လုံး ပူလောင်သွားသလို ခံစားနေရ၏။
ကျန်းယုချန်က ထိုင်ခုံမှထပြီး တံခါးတွင် ဧည့်သည်ကို ကြိုဆိုလိုက်သည်။ တမန်တော်ကလည်း ပြန်လည်ဦးညွတ်လိုက်ပြီးနောက် ထိုင်ခုံတွင် သွားထိုင်ပြီး သီးသန့်ဆွေးနွေးရန် ပြင်ဆင်လိုက်၏။
ဖန်းပုတုံက မလှုပ်မယှက် ရပ်နေသော ကောင်းကင်ဘိုးဘေးကို ကြည့်လိုက်ပြီး ရယ်ကာမောကာနှင့် ပြောလိုက်သည်။
“သူတို့က ဒီကျွန်းမှာ နေထိုင်တဲ့ အန်တုံမျိုးနွယ်ဝင်တွေပါ.။ သူတို့က တောရိုင်းထဲမှာ နေထိုင်တဲ့ ဝံပုလွေတွေလိုပဲ။ အင်မော်တယ်ထိုက်ရီနှင့် စိမ်းပြာရောင်နန်းတော်က အင်မော်တယ်တွေရဲ့ အကာအကွယ် ရှိနေခဲ့တာတောင် အန်တုံမျိုးနွယ်စုရဲ့ အကူအညီမရှိရင် ဘုရင်ကြီး လွှတ်လိုက်တဲ့သူတွေက ပျက်စီးသွားတာ ကြာလောက်ပြီ။ကျွန်တော်တို့က ဒီချောင်စီရင်စုကိုတောင် တည်ထောင်နိုင်မှာ မဟုတ်ဘူး…”
“အဲဒီအချိန် ကတည်းကစပြီး ကျွန်တော်တို့က အများကြီး ပူးပေါင်းကြိုးစားခဲ့ရတယ်။ ကျွန်တော်က လုပ်ကြံမှုတွေ အများကြီးကိုလည်း ရင်ဆိုင်ခဲ့ရတယ် ။ ဒါပေမဲ့ ရုတ်တရက် အလစ်ချောင်းတိုက်ခိုက်မှုနဲ့ ရင်ဆိုင်လိုက်ရတဲ့အချိန်မှာ ကျွန်တော့်ရဲ့ အကောင်းဆုံးစွမ်းရည်တွေကလည်း ဘာမှမထူးခြားခဲ့ဘူး။ ဒီတော့ ကျွန်တော့်ရဲ့ လူတွေက အဲဒီလူရိုင်းတွေဆီက အကူအညီတောင်းဖို့ပဲ ရှိတော့တယ်…”
“ဒီကဆရာကြီး ချန်းဝမ်တင်က ကျွန်တော့်ကို ကူညီပေးနေခဲ့တာ ကံကောင်းသွားတယ်။ တိုက်ပွဲနဲ့ ပတ်သက်ပြီး သူရဲ့ကျွမ်းကျင်မှုတွေက ကျွန်တော့်ရဲ့လက်အောက်မှာရှိတဲ့ ရဲမက်တွေကို စနစ်တကျ စုစည်းနိုင်သလို ကျွန်တော်တို့ ခြိမ်းခြောက်ခံရတဲ့ အခြေအနေကလည်း တော်တော်လေး အဆင်ပြေသွားခဲ့တယ်။ အခု ကျွန်တော့်ကို နန်းတွင်းဆီ ပြန်ခေါ်သွားတော့မယ်ဆိုပေမဲ့ ဆရာကြီးချန်းကတော့ ရှင်းဟိုင်မြို့ထဲမှာ ဆက်ပြီးနေဖို့ ဆန္ဒရှိတယ်…။ ဒါကြောင့် သူကလည်း တမန်တော်နဲ့တွေ့ဖို့ ရောက်လာတာပါ…”
“ဝေ့ကျင်းအဆင့်ကို ရောက်နေတဲ့ အစစ်အမှန်ကျင့်ကြံသူတစ်ယောက်…”
အစစ်အမှန် စွမ်းအားအရ ပြောရလျှင် သူ့ရှေ့တွင် ရောက်နေသော လူစိမ်းက သူ့ထက် ကျော်လွန်နေကြောင်း ကျန်းယုချန်က ခံစားမိခဲ့သည်။ ထိုလူစိမ်းကလည်း ဝေ့ကျင်းအဆင့် ပညာရှင်ဖြစ်ကြောင်း သူက သေချာနေခဲ့၏။
“ငါတို့က အစီအစဉ်အတိုင်း လုပ်ရမှာလား …”
ကျန်းယုချန်၏ ရင်ထဲတွင် နောက်တကြိမ် သံသယများနှင့် ပြည့်နှက်လာသည်။ သူက မုန့်ချီကို လှည့်ကြည့်လိုက်၏။ ကောင်းကင်ဘိုးဘေးက သူ့နေရာတွင် တည်ငြိမ်စွာ ထိုင်နေပြီး နောက်ဆုတ်မည့် လက္ခဏာမျိုး မရှိချေ။
“ကောင်းကင်ဘိုးဘေးက အစောပိုင်း သင်္ဘောအုပ်ထဲမှာ ဝေ့ကျင်းအဆင့် သစ္စာဖေါက် နှစ်ယောက်ကို လွယ်လွယ်ကူကူ ရှင်းပစ်နိုင်ခဲ့တယ်။ ငါက ဘာကို ကြောက်ရမှာလဲ…”
ကျန်းယုချန်က သူ့ကိုယ်သူ တည်ငြိမ်စေရန် ကြိုးစားလိုက်သည်။
သူက ဧည့်သည်များရဲ့တောင်းဆိုမှုကို အပြုံးနှင့် တုံ့ပြန်လိုက်ပြီး သူတို့ကို ထိုင်ခုံတွင် ထိုင်ခိုင်းလိုက်သည်။ သူတို့က စကားအနည်းငယ် ပြောလိုက်ပြီးနောက် ကျန်းယုချန်က ချောင်စီရင်စုနှင့် ပတ်သက်သော အရေးကိစ္စများဆီသို့ ဖြည်းညင်းစွာ ဦးတည်လိုက်ပြီး မြို့သူ မြို့သားများ၊ အန်တုံမျိုးနွယ်စု၏ တိုက်ခိုက်မှုနှင့် တခြားသော အုပ်ချုပ်ရေး ပြဿနာများအကြောင်းကို ပြောနေခဲ့သည်။ ကျန်းယုချန်က ဖန်းပုတုံ၏ မျက်နှာဖုံးအောက်တွင် ရှိသော အရာများကို ဖြည်းဖြည်းချင်း ဆွဲထုတ်ရန် ကြိုးစားနေပြီး သံသယများကို အကောင်းဆုံး ရှာဖွေနေခဲ့သည်။
ဖန်းပုတုံကတော့ အလွန်ဟန်ဆောင်ကောင်းသူတစ်ယောက်ဖြစ်ပြီး တမန်တော်နှင့် ဆွေးနွေးနေသည့် အချိန်တွင် ခံစားချက်များကို ဖယ်ရှားနေနိုင်သည်။ သူတို့၏ စကားများက တဖြည်းဖြည်း ကြာရှည်လာသည့်အချိန်တွင် မုန့်ချီက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
“မြို့စားဖန်း…
ကျုပ်မှာ ခင်ဗျားဖြေဖို့လိုတဲ့ မေးခွန်းတစ်ခုရှိတယ်..”
ဖန်းပုတုံ၏ ရင်ထဲတွင် အလွန်အေးစက်သော ခံစားမှုတစ်ခု ပေါ်လာခဲ့၏။ သူက လက်နှစ်ဖက်ဆုပ်ပြီး တလေးတစား ဦးညွတ်လိုက်သည်။
“ကျွန်တော်က ဆရာဘိုးဘေး အလိုရှိတဲ့အတိုင်း ဖြေပေးပါ့မယ်…”
သူ၏မျက်နှာက အလွန်အေးစက်နေပြီး မျက်နှာဖုံးအောက်တွင် ရှိနေသော ခံစားချက်များကို မမြင်ရပေ။ မုန့်ချီက လက်ပိုက်ထားခဲ့သည်။ သူက အလွန်ကျယ်လောင်သော အသံနှင့် ပြောလိုက်၏။
“အတင့်ရဲလှချည်လား မြို့စားဖန်း… အတင့်ရဲလှချည်လား…”
မုန့်ချီ၏ စကားလုံးထဲတွင် ရှိနေသော အသံများက အခန်းထဲတွင် မိုးချိန်းသံပမာ ပျံ့နှံ့လာခဲ့သည်။ ထိုအသံက ဖန်းပုတုံ၏ နားထဲတွင် ဗုံးပေါက်သလို ဖြစ်သွားပြီး သူနှင့် သူ၏အဖော် ချန်းဝမ်တင်တို့က တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။
“ငါက ဘာကို အတင့်ရဲတာလဲ…သူ သိသွားပြီးလား..”
ဖန်းပုတုံ၏ နားထဲတွင် အသံများ ထွက်ပေါ်လာနေပြီး သူ့ခေါင်းထဲတွင် ဖျက်စီးရေးလှိုင်းလုံးများ ပြည့်နှက်လာသလို ခံစားနေရသည်။
ထိုအချိန်တွင် ကောင်းကင်ဘိုးဘေးက မတ်တပ်ရပ်လိုက်ပြီး သူ့အနားသို့ တစ်လှမ်းချင်း လှမ်းလာနေသည်ကိုသာ စိုက်ကြည့်နေမိခဲ့သည်။ ကောင်းကင်ဘိုးဘေး၏ ခန္ဓာကိုယ်ကလည်း စတင်ကြီးထွားလာပြီး အနှစ်သာရများနှင့် ပြည့်နှက်လာခဲ့၏။ သူတော်စင်တစ်ယောက်နှင့်ပတ်သက်သော အရာများအားလုံးက သူ့အခန်းထဲတွင် ပြည့်နှက်နေခဲ့သည်။
သူ၏မျက်လုံးထဲတွင်တော့ ထိုတာအိုသခင်သာ ရှိနေပြီး တခြားမည်သည့်အရာကိုမျှ မမြင်ရတော့ပေ။ မျက်နှာဖုံး၏ နောက်ကွယ်တွင် ရှိနေသော မျက်နှာက သူ့ကို ငုံ့ကြည့်လိုက်သည်။ ထိုအချိန်တွင် လေဟာနယ်က လှုပ်ရှားသွားခဲ့ပြီး သဘာဝတရားကြီး၏ စွမ်းအင်များကို ဆင့်ခေါ်လိုက်သည်။
လူတိုင်းက သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လွှမ်းခြုံနေသော အရာများကို သတိထားမိနေခဲ့သည်။ သူက ညာလက်သီးကို မြှောက်လိုက်ပြီး ဖန်းပုတုံကို အညှာအတာကင်းမဲ့စွာ တိုက်ခိုက်လိုက်၏။
အလွန်ကြီးမားသော လက်သီးကြီးက သူ့ကို တိုက်ခိုက်လိုက်သည့်အချိန်မှသာ ဖန်းပုတုံက သတိပြန်ဝင်လာခဲ့သည်။ ထိုအချိန်တွင် ရွှေရောင်အလင်းတန်းတစ်ခုက လက်သီးကြီး၏ ပတ်ပတ်လည်တွင် လွှမ်းခြုံနေသည်။ အဖျက်စွမ်းအားက အချိန်နှင့် လေဟာနယ်ကိုပင် ဖျက်ဆီးပစ်လိုက်ပြီး သူ့အတွက် ရှောင်တိမ်းရန် နေရာမရှိတော့ချေ။
“မလုပ်နဲ့…”
ဖန်းပုတုံက အံကြိတ်ပြီး အော်ဟစ်လိုက်သည်။
သူ၏စွမ်းအင်များကိုလည်း မသိစိတ်မှ လှုံ့ဆော်လိုက်ပြီး သူ့အနောက်ဖက်တွင် ဧရာမသစ်ပင်ကြီးတစ်ပင် ထွက်ပေါ်လာခဲ့သည်။ ထိုသစ်ပင်ကြီး၏ သစ်ကိုင်းများက မျက်နှာကျက်ထိအောင် ပျံ့နှံ့သွားခဲ့၏။ အလွန်ထက်မြက်သော သစ်မြစ်များကလည်း မြေအောက်ထဲသို့ စိုက်ဝင်သွားခဲ့သည်။
သစ်ခေါက်များထဲမှနေ၍ အသက်စွမ်းအင်များ ထွက်ပေါ်လာနေပြီး သစ်ပင်ကြီး၏ ပင်စည်က ပထမကောင်းကင်လှေကားအဆင့်ရှိသော စွမ်းအားများကို ပြသနေခဲ့သည်။ သူက လက်နှစ်ဖက်ကိုမြှောက်ပြီး တိုက်ခိုက်မှုကို ခုခံလိုက်၏။ ထိုအချိန်တွင် သစ်ခေါက်များ ၊ သစ်ကိုင်းများက သူ့ပုခုံးပေါ်ကိုကျလာပြီး သူ၏ခုခံမှုကို အားဖြည့်ပေးလိုက်သည်။
ရုတ်တရက်ဆိုသလို သစ်ပင်ကြီးဆီမှ အသံတစ်ခု ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်က နောက်ကို လွင့်သွားခဲ့၏။ သူ၏ခန္ဓာကိုယ်ပေါ်ကို တစ်ခုတစ်ခု ကျလာသလို ခံစားနေရသည်။
“ဘာတွေဖြစ်နေတာလဲ..”
ဖန်းပုတုံက စိုးရိမ်ထိတ်လန့်လာခဲ့သည်။
သူ၏ပုံရိပ်ယောင်ခန္ဓာ ပျက်စီးသွားသည့်အတွက် သဘာဝ အနှစ်သာရများကို ဆုံးရှုံးသွားရကြောင်း ပြသနေသည်။ သူက သစ်သားစွမ်းအင်နည်းငယ်ကိုသာ ဆင့်ခေါ်နိုင်ခဲ့ပြီး သူ့ကိုယ်သူ ခုခံရန် သစ်ကိုင်းခြောက် အကာအကွယ်တစ်ခုသာ ဖန်တီးနိုင်ခဲ့သည်။
မုန့်ချီ၏ လက်သီးကို လွှမ်းခြုံနေသော ရွှေရောင်မီးပွားများက ကြာပန်းပွင့်များ ပုံသဏ္ဍာန်ပြောင်းလဲသွားပြီး အလွန်အစွမ်းထက်သော တိုက်ခိုက်မှုအဖြစ် ပြောင်းလဲသွားသည်။
ဧရာမလက်သီးကြီးက လေလှိုင်းများနှင့် ဖန်တီးထားသည့်အလား အလွန်သိပ်သည်းသော အက်ကွဲကြောင်းများကို ဖြတ်ကျော်သွားပြီး ဖန်းပုတုံ၏ နဖူးပေါ်ကို တိုက်ခိုက်လိုက်မိသည်။
တိုက်ခိုက်မှုက ဖန်းပုတုံနှင့် လက်မအနည်းငယ်သာ လိုတော့သည့်အချိန်တွင် မုန့်ချီက လက်သီးကို ဖျက်လိုက်ပြီး လက်သည်းအဖြစ် ပြောင်းလိုက်၏။ သူက ဖန်းပုတုံ၏ ဦးခေါင်းကို ဆုပ်ကိုင်လိုက်ပြီး သူ၏စွမ်းအားများကို စုပ်ယူ၍ ဖန်းပုတုံ၏ ခန္ဓာကိုယ်ထဲသို့ ပို့ဆောင်လိုက်သည်။
“အင်မော်တယ် ချုပ်နှောင်ခြင်းကျင့်စဉ်…”
“ဘုန်း….”
တခြားတစ်ဖက်တွင်တော့ ကျန်းယုချန်က ချန်းဝမ်တင်ကို ထိန်းချုပ်ထားရန် ကြိုးစားလိုက်သည်။ သို့သော် ထိုအစား သူကသာ တဖက်လူ၏ တိုက်ခိုက်မှုကို ခုခံခဲ့ရ၏။ ချန်းဝမ်တင်၏ တိုက်ခိုက်မှုကြောင့် နောက်မှနံရံဆီသို့ လွင့်သွားခဲ့ပြီး ရင်ဘတ်တွင် အလွန်ကြီးမားသော ဒဏ်ရာကြီးတစ်ခု ပေါ်လာခဲ့သည်။
ရွှေရောင်မီးတောက်များက သူ၏သွေးသားများကို လောင်ကျွမ်းနေခဲ့သည်။ သူ၏ ဒဏ်ရာက အလွန် ပြင်းထန်လွန်းလှသည့်အတွက် မသေလျှင်ပင် ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားခဲ့သည်။
ချန်းဝမ်တင်၏ နောက်ဖက်တွင်တော့ လောင်ကျွမ်းနေသော နေလုံးကြီးနှင့် ခြစ်ခြစ်တောက် ပူလောင်နေသော အလင်းရောင်များ ထွက်ပေါ်လာနေခဲ့သည်။ ကောင်းကင်ပေါ်တွင် ရှိနေသော နေလုံးကြီးနှင့် မတူသည်မှာ သူ့နောက်တွင် ရှိနေသော နေလုံးကြီးက သွေးနီရောင်အလင်းတန်းများ လောင်ကျွမ်းနေခြင်းဖြစ်သည်။
ချန်းဝမ်တင်၏ နောက်တွင် ရှိနေသော မီးလုံးကြီးကြောင့် ထိုင်ခုံ၊ စားပွဲခုံ၊ ခွက်နှင့် အသုံးအဆောင်ပစ္စည်းများ အားလုံးက လောင်ကျွမ်းသွားခဲ့ပြီး လောင်ကျွမ်းပြာကျသွားခဲ့သည်။ သူတို့၏ ခြေထောက်အောက်တွင် ရှိသော မြေပြင်ကြီးကပင် ပျော့ပြောင်းသွားခဲ့ပြီး အရည်ပျော်ကျလာသည်။ သူ၏ ပတ်ပတ်လည်တွင် လေဟာနယ်အက်ကွဲကြောင်းများလည်း ပေါ်လာပုံရ၏။
အတွင်းထဲမှ မန္တန်ရွတ်ဖတ်သံများကို ကြားနေရပြီး ယစ်ပူဇော်သည့် အငွေ့အသက်များ ရောနှောနေခဲ့သည်။ ချန်းဝမ်တင်၏ နေလုံးကြီးက ကြောက်စရာကောင်းသော အငွေ့အသက်များကို စုပ်ယူထားပြီး အတွင်းထဲတွင် ရှိသော စွမ်းအားများကို ချေဖျက်နေသည်။
“တစ္ဆေသမားတော်၏ နေလုံး..”
ချန်းဝမ်တင်က နေနတ်ဘုရားကို ကိုးကွယ်သော အန်တုံမျိုးနွယ်စုက တစ္ဆေသမားတော် ဖြစ်သည်။ ဖန်းပုတုံနှင့် မြို့စားများက အန်တုံမျိုးနွယ်စုနှင့် ပူးပေါင်းနေကြခြင်း ဖြစ်၏။
ကျန်းယုချန်၏ စိတ်ထဲတွင် အတွေးများ ပေါ်လာပြီး သူက မည်သည့်စကားမျှ မပြောနိုင်သေးခင် ကောင်းကင်ဘိုးဘေးက သူ့ဆီကို ရောက်လာကြောင်း မြင်လိုက်ရသည်။
ချန်းဝမ်တင်က စကားမပြောခဲ့ပေ။ မုန့်ချီနှင့် ဖန်းပုတုံတို့၏ တိုက်ပွဲက သူ့ကို အလုံအလောက် ပြောပြထားပြီးသားဖြစ်သည်။ ထိုသူတော်စင်က သူတို့ထင်ထားသလို အစွမ်းထက်ခြင်း မရှိချေ။ သူက မထင်ထားသောနည်းလမ်းကို သုံးပြီး ဖန်းပုတုံကို အနိုင်ရခဲ့ခြင်းသာ ဖြစ်သည်။ ချန်းဝမ်တင်သာ သေချာဂရုစိုက်မည်ဆိုလျှင် မုန့်ချီကို အနိုင်ရမည်ဟု ယုံကြည်ချက်ရှိလာခဲ့၏။
ချန်းဝမ်တင်၏ နောက်တွင် ရှိနေသော အနီရောင်နေလုံးကြီးက မုန့်ချီကို လွှမ်းခြုံလာခဲ့သည်။ ထိုမီးတောက်များကလည်း သလင်းကျောက်ဆီမှ ထွက်ပေါ်လာနေပြီး အခန်း၏အမိုးများကို ဖယ်ရှား၍ ကောင်းကင်ပေါ်သို့ ဧရာမမီးတောက်တိုင်လုံးကြီးတစ်ခု ထွက်ပေါ်လာသည်။
မုန့်ချီ၏ ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးက အရည်ပျော်ကျသွားခဲ့သည်။ လောင်ကျွမ်းနေသော ပစ္စည်းများ၊ ချော်ရည်များသာ ကျန်ခဲ့ပြီး အရာအားလုံးက လိမ္မော်ရောင်ပေါက် နေခဲ့သည်။ ချန်းဝမ်တင်က အရာအားလုံးကို မီးရှို့ပစ်နေသော အသံများက မိုင်ပေါင်းများစွာကပင် ကြားနေရသည်။
ချန်းဝမ်တင်က မီးတောက်များ ကြားထဲတွင် အေးအေးဆေးဆေး လျှောက်လာခဲ့သည့် အချိန်၌ ကောင်းကင်ဘိုးဘေးက မတ်တပ်ရပ်နေသေးကြောင်း မြင်လိုက်ရသည်။ သူက မီးတောက်ငရဲများထဲတွင် ဂုဏ်ယူဝံ့ကြွားစွာ ရပ်နေပြီး သူ့ပုံစံက အပူချိန်၏ ထိခိုက်မှုကို မှုပုံမရချေ။
“မင်းရဲ့ဝတ်ရုံတွေက တော်တော်ကောင်းတာပဲ…”
ချန်းဝမ်တင်က အော်ပြောလိုက်သည်။ ထိုအချိန်တွင် သူ၏ကြွက်သားများက လျင်မြန်စွာ ကြီးထွားလာပြီး လက်သီးနှင့် တိုက်ခိုက်လိုက်၏။ သူက တခဏအတွင်း အကြိမ်ပေါင်းမည်မျှ တိုက်ခိုက်လိုက်ကြောင်း မည်သူမျှ မပြောနိုင်ခဲ့ပေ။ သို့သော် တိုက်ခိုက်မှုထဲတွင် မီးတောက်များ ပါဝင်နေပြီး မုန့်ချီကို ဖျက်ဆီးပစ်နိုင်သည်။
“လောင်ကျွမ်းနေလက်သီး..”
“ဘုန်း... ဘုန်း… ဘုန်း…”
မီးတောက်လက်သီးများက မြေပြင်ပေါ်ကို ကျရောက်လာပြီး ကမ္ဘာမြေကြီးပေါ်တွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာခဲ့သည်။
တစ်ဖက်တွင်တော့ ဖန်းပုတုံက အသံတိုးတိုးနှင့် ပြောလိုက်၏။
“ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ဆရာ… ကျွန်တော်က ခွန်းလွန်ဝိညာဉ်တစ်ကောင်ပါ…”
Translated by Hein Htet.