အခန်း (၅၇၄)
Vol. 39 Ch. 574
ကောင်းကင်ပေါ်မှ မိုးရွာသကဲ့သို့ ကျဆင်းလာနေသော လက်သီးချက်များက မုန့်ချီကို ဆက်တိုက် တိုက်ခိုက်နေခဲ့သည်။ တိုက်ခိုက်မှု တစ်ခုချင်းဆီတိုင်းက အဖျက်စွမ်းအားများ ပြည့်နှက်နေပြီး ထိခိုက်နေရုံနှင့် ပေါက်ကွဲသွားသည့်အတွက် ပတ်ပတ်လည်တွင် ပူလောင်နေခဲ့၏။
အရာအားလုံးကို မီးတောက်များက ဝါးမျိုသွားခဲ့ပြီး မည်းတူးနေသော မြေပြင်ကြီးကလွဲလျှင် မည်သည့်အရာမျှ မကျန်တော့ပေ။ အလွန်ခြောက်ကပ်နေသော နယ်မြေထဲတွင် မြက်ပင်များ ပေါင်းပင်များလည်း ရှင်သန်နိုင်ခြင်း မရှိချေ။ သူတို့ ပေါက်ကွဲမသွားခင် အချိန်တွင်ပင် လက်သီးများဆီမှ ထွက်ပေါ်လာနေသော မီးတောက်လှိုင်းများက ထိုအဆောက်အအုံကြီး တစ်ခုလုံးကို လောင်ကျွမ်းသွားရန် လုံလောက်သည်။
အစောပိုင်းတွင် ချန်းဝမ်တင် အတင်းအကြပ် တိုက်ခိုက်ခဲ့သော စွမ်းအားများနှင့် ပေါက်ကွဲသွားသော လက်သီးချက်များထဲတွင် ရှိနေသည့် အပူလှိုင်းများကြောင့် ကြားထဲတွင် မည်သည့် အဆောက်အအုံမျှ ကျန်ရှိနေနိုင်ခြင်း မရှိချေ။
မုန့်ချီကတော့ တွင်းနက်ကြီးထဲတွင် ရပ်နေပြီး သူ၏ ပတ်ပတ်လည်တွင် အရည်ပျော်ကျနေသော ပစ္စည်းများနှင့် လောင်ကျွမ်းနေသောအရာများ ရှိနေသည်။ ချန်းဝမ်တင်က စိမ်းပြာနန်းတော်မှ အင်မော်တယ်ကို ထူးခြားသော တိုက်ခိုက်ရေးနည်းလမ်းများ အသုံးပြုခြင်း မရှိစေရန် တားဆီးနေခြင်းပေလော။
ထို့ကြောင့် သူက မြို့စားရဲတိုက် အဆောက်အဦးတစ်ခုလုံးကို မီးတောက်များနှင့် အလေးထား တိုက်ခိုက်နေပြီး ရှင်းဟိုင်မြို့ တစ်စိတ်တစ်ပိုင်းကိုလည်း မီးတောက်များနှင့် ဝါးမျိုရန် ကြိုးစားနေခြင်း ဖြစ်နိုင်သည်။
ဘုန်း....ဘုန်း...ဘုန်း...
ချန်းဝမ်တင်၏ လက်သီးချက်များက မျက်နှာပေါ်ကို မိုးရေစက်များကဲ့သို့ ကျရောက်လာသည့်အတွက် မုန့်ချီက တုံ့ပြန်ရန် အခွင့်အရေး နည်းနည်းလေးပင် မရခဲ့ပေ။
သွေးနီရောင် နေလုံးကြီးက သူ့နောက်တွင် ကြီးလိုက် ကျုံ့လိုက် ဖြစ်နေပြီး သဘာဝစွမ်းအားများကို အလိုလို စုပ်ယူနေခဲ့သည်။ သူ၏သွေးခုန်နှုန်းကလည်း အလွန်လျင်မြန်နေပြီး သူ၏နောက်ကျောမှနေ၍ ချွေးများ ကျလာခဲ့၏။
တစ္ဆေသမားတော်ဆီတွင် ဒေါသနှင့် အကြောက်တရားများ ပြည့်နှက်နေပြီး ရူးသွပ်စွာ တိုက်ခိုက်နေခဲ့၏။ သူ့ရှေ့တွင် ရှိနေသော အရာအားလုံးက ပျက်စီးသွားခဲ့ပြီး အလွန် အဖျက်စွမ်းအား ပြင်းထန်သော သူ၏လက်အောက်တွင် ပျက်စီးသွားနေရသည်။
ဘုန်း....ဘုန်း....ဘုန်း....
သွေးနီရောင် နေလုံးကြီးဆီမှ စေးကပ်သော မီးတောက်များ ထွက်ပေါ်လာပြီး ချန်းဝမ်တင်၏ လက်သီးဆီသို့ ပေါင်းစပ်ပေးနေ၏။ သူက တခြားသော စွမ်းအင်တစ်မျိုးကို ဆင့်ခေါ်လိုက်သည့်အချိန်တွင် သူ၏မျက်လုံးများက သွေးနီရောင် တောက်ပလာခဲ့သည်။
နေလုံးကြီးဆီမှ လက်သီးများ တစ်ခုပြီးတစ်ခု ကျဆင်းလာနေခဲ့၏။ သူက ထိုအရာများကို လုပ်ဆောင်နေသည့်အချိန်တွင် ပန်းပုဆရာတစ်ယောက်ကဲ့သို့ပင် ထင်မှတ်ရသည်။
“ဖွင့်လာစမ်း…”
ချန်းဝမ်တင်က အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် သူ၏ စိတ်အခြေအနေက အမြင့်ဆုံးကိုရောက်လာပြီး လက်သီးကို တင်းတင်း ဆုပ်လိုက်မိသည်။ သွေးနီရောင် နေလုံးကြီး၏ စွမ်းအင်များက သူ၏သွေးများကို ဆူပွက်လာစေပြီး သူ၏ သွေးဆာမှုများကို လောင်ကျွမ်းနေစေခဲ့သည်။
အဖျက်စွမ်းအားကဲ့သို့ ဖြစ်နေသော မီးတောက်လှိုင်းလုံးကြီးများကလည်း သူ့နောက်တွင် ရှိနေသော သွေးနီရောင်နေလုံးကြီးထဲမှ ပျံ့နှံ့လာပြီး လမ်းကြောင်းတွင် ရှိနေသော အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ လောင်ကျွမ်းနေသော သလင်းကျောက်များသာ ကျန်နေတော့၏။
အလွန်ပြင်းထန်ပြီး ကြောက်စရာကောင်းသော စွမ်းအားများ၊ ပူလောင်နေသော အပူရှိန်နှင့် ရက်စက်ကြမ်းကြုတ်သော စိတ်ခံစားချက်များက ထိုအဘိုးကြီးဆီမှ ထွက်ပေါ်လာနေခဲ့သည်။ သူက သေဆုံးခါနီး အဘိုးအိုတစ်ယောက် ဖြစ်သော်လည်း သူ့ဆီမှ ထွက်ပေါ်လာသော အပူရှိန်နှင့် အဖျက်စွမ်းအားများက မျှော်မှန်းကြည့်၍ပင် မရနိုင်ပေ။ သို့သော် သူက မုန့်ချီ၏ ခုခံမှုကို ချိုးဖျက်နိုင်ခြင်း မရှိသေးပေ။
ချန်းဝမ်တင်က သူ၏လောင်ကျွမ်းခြင်း နေလက်သီးနှင့် စတင်တိုက်ခိုက်ခဲ့သည့် အချိန်တွင် မုန့်ချီက နိယာမဖြစ်စဉ်ကို အသုံးပြုထားခဲ့သည်။ သူက ခြေထောက်ကို ကြမ်းပြင်ပေါ်တွင် တည်ငြိမ်စွာ ရပ်နေပြီး လက်ပုံစံများကို လျင်မြန်စွာ ပြောင်းလဲနေသည်မှာ ပန်းပွင့်များ ပွင့်လန်းနေသကဲ့သို့ ထင်မှတ်ရ၏။
မြေကြီးထဲမှ ထွက်ပေါ်လာသော မြေစွမ်းအားများ၊ သူ၏လက်ဟန်ကြောင့် လှုပ်ရှားလာသော ရွှေကြာပန်းများနှင့် သူ၏စွမ်းအင်များကလည်း ပြင်းပြင်းထန်ထန် တောက်ပနေခဲ့သည်။ သဘာဝတရားကြီးနှင့် သူ၏ပေါင်းစပ်ထားမှုကြောင့် ချန်းဝမ်တင်၏ ဖိအားများကို အလွယ်တကူ စုပ်ယူနိုင်ခဲ့သည်။
အလွန်တည်ငြိမ်ပြီး အစွမ်းထက်သော သူ့ပုံစံက ကျောက်တုံးကျောက်ခဲပမာ ဖြစ်နေပြီး ထိုစွမ်းအားများကို အောင်အောင်မြင်မြင် ခံနိုင်ရည် ရှိခဲ့သည်။ သူ ရပ်နေသော မြေပြင်ကြီးက ကြံ့ခိုင်နေသော်လည်း သူ၏ပတ်ပတ်လည်တွင် ရှိနေသော မြေပြင်ကြီးကတော့ ပျက်စီးပြီး မည်းတူးသွားခဲ့၏။
ချန်းဝမ်တင်က အသက်ကို အမောတကော ရှူနေရသည့်အချိန်တွင် မုန့်ချီက အခွင့်အရေးကောင်းတစ်ခုကို တွေ့လိုက်ရသည်။ အစောပိုင်းတွင် ချန်းဝမ်တင်က အစွမ်းကို အလွန်အကျွံ အသုံးပြုလိုက်ရသည့်အတွက် ပင်ပန်းနွမ်းနယ်နေခဲ့၏။
မုန့်ချီက ရှေ့ကို တိုးသွားလိုက်ပြီး လက်ချောင်းလေးများကို လှုပ်ရှား၍ ရန်သူကို ချိန်လိုက်သည်။ ထိုအရာကတော့ ပါးနပ်သော သိုင်းကွက်တစ်ခု ဖြစ်ပြီး သူ၏လက်ချောင်းလေးများက လက်ဖဝါးပုံစံ မဟုတ်သလို လက်ချောင်းပုံစံ လက်သည်းပုံစံလည်း မဟုတ်ချေ။
ထိုအစား သူ၏ လက်ချောင်းလေးများက ထက်မြက်နေပြီး ကြောက်စရာကောင်းသည့် ဓား(၅)ချောင်းကဲ့သို့ ဖြစ်နေခဲ့သည်။ ချက်ချင်းဆိုသလို မုန့်ချီ၏လက်ချောင်းများက လက်သီးအဖြစ် ပြောင်းလဲသွားခဲ့၏။ သူ၏တံခါးပေါက်များထဲမှနေ၍ နေလုံးကြီး၊ ရွှေကျီးကန်းများ၊ လေဟာနယ်တွင်းနက်နှင့် တံခါး(၉)ပေါက်ထဲတွင် ရှိနေသော စကြဝဠာကြီးက တစ်သားတည်းအဖြစ် ပေါင်းစပ်သွားခဲ့သည်။
မုန့်ချီက ညာဘက်လက်မကို ထုတ်လိုက်ပြီး အပေါ်မှ ရှေ့သို့ ဖိနှိပ်လိုက်သည်။ ထိုအချိန်တွင် ချန်းဝမ်တင်၏ လောင်ကျွမ်းနေသော အရှိန်အဝါက ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး လောင်ကျွမ်းခြင်း နေလက်သီးနှင့် ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးကလည်း မူလစတင်ခြင်း သိုင်းကွက်ကြောင့် ပျက်စီးသွားခဲ့ရသည်။
သူ့ရန်သူက ရှုံးနိမ့်နေရာမှ ပြန်လည်တိုက်ခိုက်လာနိုင်သည့် စွန့်စားမှုများကို မလိုချင်သည့်အတွက် အလွန်ကြီးမားသောမုန့်ချီက ခန္ဓာကိုယ်ထဲမှ ဖန်ဆင်းရှင် အငွေ့အသက်များကို ထုတ်ဖော်လိုက်သည်။ သူက ရှေ့ကို နောက်တစ်လှမ်း တိုးသွားခဲ့၏။
ထိုအချိန်တွင် သူတို့၏ပတ်ပတ်လည် လေဟာနယ်ထဲ၌ အလွန်ကြီးမားသော အက်ကွဲသံများ ထွက်ပေါ်လာရသည်။ သူက လက်သီးကို မြှောက်လိုက်ပြီး အလွန်ကြီးမားသော တောင်တန်းကြီးတစ်ခုကဲ့သို့ ကြောက်စရာကောင်းသော အစွမ်းနှင့် ရန်သူကို တိုက်ခိုက်လိုက်ရာ လေဟာနယ်ထဲ၌ အက်ကွဲကြောင်းများ ပေါ်လာရသည်။
ထိုအချိန်တွင် ချန်းဝမ်တင်က ကျန်ရှိနေသော စွမ်းအားများကို ဆင့်ခေါ်ပြီး သူ့ကိုယ်သူ ကာကွယ်ရန် ကြိုးစားလိုက်သည်။ နေလုံးကြီးက နောက်တစ်ကြိမ် လောင်ကျွမ်းလာပြီး ဧရာမလက်သီးကြီးကို ရင်ဆိုင်ရန် ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့၏။
“ဘုန်း......”
ခြံဝင်းထဲတွင် ရှိနေသော အိမ်များက စွမ်းအင်လှိုင်းလုံးများကြောင့် ပျက်စီးသွားခဲ့သည်။ ထိုအရာက လေဟာနယ်ကိုပင် ပျက်စီးသွားစေခဲ့၏။
ထိုကဲ့သို့ အဖျက်စွမ်းအားမျိုးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ချန်ဝမ်တင်းက နောက်ဆုတ်သွားလိုက်ရပြီး တိုက်ခိုက်မှု၏ သက်ရောက်မှုကြောင့် သူ့ခြေထောက်က မြေပြင်ထဲသို့ နစ်ဝင်သွားခဲ့သည်။
မုန့်ချီက ခန္ဓာကိုယ်ထဲတွင် လှုပ်ရှားနေသော ခံစားချက်များကို ဖိနှိပ်လိုက်ပြီး ကောင်းကင်ဘိုးဘေးခန္ဓာကို ထိန်းသိမ်းထားရန် အကောင်းဆုံး ကြိုးစားလိုက်သည်။ သူ့ပုံစံက အလွန်ကြီးကျယ်ခမ်းနား၏။ ပတ်ပတ်လည်တွင် ကျယ်လောင်သော အက်ကွဲသံများ နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး သူက ရှေ့ကို တစ်လှမ်းဆီ လှမ်းသွားခဲ့သည်။
သူက လက်မြှောက်ပြီး နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်လိုက်၏။ ထိုအချိန်တွင် သူ၏လက်ဖဝါးပေါ်၌ အမှောင်စွမ်းအားများ ပြည့်နှက်နေသော ဝဲကတော့လေးတစ်ခု ပေါ်လာခဲ့သည်။
“ကောင်းကင်ပြောင်းပြန်လက်ဝါး…”
အစွမ်းထက်သော မုန့်ချီ၏ အဖြူရောင်လက်ဖဝါးက လေထဲသို့ မြောက်လာခဲ့သည်။
သူက ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည့်အချိန်တွင် လေဟာနယ် ဝဲကတော့ကြီးကိုပင် ဖျက်ဆီးပစ်နိုင်သော စွမ်းအားမျိုး ပါဝင်နေခဲ့၏။ ချန်းဝမ်တင်၏ ပုံရိပ်ယောင်ခန္ဓာက အရည်အဖြစ် ပျော်ကျသွားခဲ့ပြီး သူ၏ဘယ်လက်အတိုင်း စီးထွက်သွားခဲ့သည်။ ထို့နောက် အတောင်ပံများ ခတ်နေသော ရွှေကျီးကန်း ပုံသဏ္ဌာန် ပြောင်းလဲသွားခဲ့၏။
“ဘုန်း....”
ရွှေကျီးကန်းက ခေါင်းကို အရိုက်ခံလိုက်ရပြီး ပျက်စီးသွားခဲ့သည်။ မီးတောက်ခန္ဓာကလည်း စတင်အားနည်းလာခဲ့၏။ ချန်းဝမ်တင်က မလွတ်မြောက်နိုင်တော့သည့်အတွက် မြေကြီးထဲတွင် နစ်မြုပ်သွားခဲ့ရသည်။ ချန်းဝမ်တင်၏ မျက်နှာပေါ်တွင်လည်း ဖုန်မှုန့်များ ပြည့်နှက်နေခဲ့၏။
သူက သတိပြန်မဝင်လာသေးခင် ကောင်းကင်ဘိုးဘေးက နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ ကောင်းကင်ဘိုးဘေးက ပုံသဏ္ဌာန်များကို နောက်တစ်ကြိမ် ပြောင်းလဲလိုက်ပြန်၏။
ထိုအချိန်တွင် အလွန်ကြီးမားသော ငွေရောင်အလုံးကြီးတစ်ခုက သူ့နောက်တွင် ပေါ်လာခဲ့၏။ ထိုငွေရောင် လမင်းအရိပ်ကြီးက ရစ်ပတ်နေသော ဦးချိုနှင့် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုနဂါးကြီးက ရေခဲစွမ်းအင်များကို သယ်ဆောင်ထား၏။
ရေခဲများက သူ၏ပတ်ပတ်လည်တွင် ရှိနေသော ချော်ရည်များကို လောင်ကျွမ်းသွားစေပြီး နှင်းပွင့်လေးများကလည်း ရှင်းဟန်မြို့တစ်မြို့လုံးကို ကျဆင်းလာခဲ့သည်။
“ဒီလိုနဲ့ ပြီးသွားပြီလား…”
ချန်းဝမ်တင်က ရင်ထဲတွင် ငိုကြွေးလိုက်မိ၏။
သူ့နောက်တွင် ရှိနေသော ပုံရိပ်ယောင်နေလုံးကြီးကလည်း သူ ဖန်တီးထားခဲ့သော အက်ကွဲကြောင်းထဲမှနေ၍ ဆုတောင်းစွမ်းအင်များကို စုပ်ယူနေခဲ့သည်။ ထိုစကားလုံးများ၏ လှုံ့ဆော်မှုနှင့် အငွေ့အသက်များက သူ့ကို ပို၍ အစွမ်းထက်လာစေခဲ့သည်။
သူက လက်ဖဝါးနှစ်ဖက်ကို တစ်ပြိုင်နက်တည်း ရှေ့သို့ ရိုက်ချလိုက်ရာ နေလုံးကြီးက နောက်တစ်ကြိမ် ရှေ့သို့ ပျံသန်းသွားပြီး ရွှေကျီးကန်းတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် ရေခဲနဂါးကြီးကို အပူရှိန်နှင့် တိုက်ခိုက်လိုက်၏။
ယင်နှင့်ယန်က ဆန့်ကျင်ဘက်ဖြစ်ပြီး ရေခဲကို မီးတောက်နှင့် ရင်ဆိုင်လိုက်ခြင်း ဖြစ်သည်။ သူ့အတွက် အခွင့်အရေးက ပြန်လည်ကျရောက်လာတော့မည်ဖြစ်၏။
“ဘုန်း....”
ရွှေကျီးကန်းနှင့် ရေခဲနဂါးအရိပ်ကြီးက တိုက်ခိုက်လိုက်မိသည့်အချိန်တွင် မုန့်ချီနှင့် ချန်းဝမ်တင်တို့၏ တိုက်ခိုက်မှုကလည်း ရင်ဆိုင်လိုက်မိသည်။ ထိုသို့ဆိုရာတွင် အသံတစ်ခုမျှ ထွက်မလာခဲ့ပေ။ ပေါက်ကွဲသံတစ်ခု ထွက်မလာသလို စွမ်းအင်လှိုင်းလုံးများလည်း ထွက်မလာခဲ့ချေ။
ထိုအစား အေးစက်နေသော အပြာရောင် အရိပ်တစ်ခုကသာ ချန်းဝမ်တင်၏ အနီရောင် မီးတောက်များကို ငြိမ်းသွားစေခဲ့ပြီး သူ၏ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးက ရေခဲအဖြစ် ပြောင်းလဲသွားခဲ့သည်။
တခြားတစ်ဖက်တွင်တော့ မုန့်ချီ၏ ပတ်ပတ်လည်တွင် ရှိနေသော ရေခဲများဆီမှ မီးတောက်များ ထွက်ပေါ်လာပြီး သူ၏ ပတ်ပတ်လည်တွင် ရှိနေသော အအေးဓာတ်များကို ဖယ်ရှားလိုက်သည်။
သူ၏ပတ်ပတ်လည်တွင် ရှိနေသော လေလှိုင်းများက လျင်မြန်စွာ ပူလောင်လာပြီး မုန့်ချီဆီကို လျင်မြန်စွာ ပျံ့နှံ့လာခဲ့သည်။ ထိုအချိန်တွင် သူတို့နှစ်ယောက်က အချင်းချင်း စွမ်းအင်များ ပြောင်းလဲလိုက်သလို ထင်မှတ်ရပြီး ယင်မှယန် ယန်မှယင်သို့ ဖြစ်သွားခဲ့ကြသည်။
“ဘာတွေဖြစ်နေတာလဲ…”
ချန်းဝမ်တင်က မျက်မှောင်ကြုတ်လိုက်မိပြီး ဖြစ်နေသည့် အရာများကြောင့် အတော်လေးကို နားမလည်နိုင် ဖြစ်သွားခဲ့၏။
“ဒါက ယင်ယန်တံဆိပ်ထဲက ယင်ယန်ပြောင်းလဲမှုပဲ…”
သူက ကမ္ဘာဦးတံဆိပ် (၉)သွယ်ထဲမှ တစ်ခုဖြစ်သော မပြည့်စုံသည့်ကျင့်စဉ်ကို ရရှိထားသော်လည်း မုန့်ချီက ယင်ယန်ပြောင်းလဲမှုကို သေချာနားလည်ထားသည်။ ထိုအရာကလည်း ‘ယင်နှင့်ယန် (၃)မျိုးပေါင်းစပ်ခြင်း၊ ဘယ်အရာက ယင်လဲ၊ ဘယ်အရာက ယန်လဲ’ ဟူသော စည်းမျဉ်းများကို နားလည်ထားခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ဓမ္မကာရအဆင့်သိုင်းကွက်မှ ဆင်းသက်လာခဲ့သော ယင်ယန်ပြောင်းလဲမှုက သူ့ကို အချိန်မတိုင်ခင် အသုံးပြု၍ ရစေခဲ့သည်။
ယခုတစ်ကြိမ်တော့ သူက တူညီသော နည်းလမ်းကိုသုံးပြီး အခြေအနေကို ပြောင်းပြန် လုပ်ဆောင်ခဲ့သည်။ မျက်စိတမှိတ်အတွင်း ချန်းဝမ်တင်၏ ပတ်ပတ်လည်တွင် ရေခဲအလွှာတစ်ခု လွှမ်းခြုံသွားပြီး သူ့ကို လျင်မြန်စွာ ထိန်းချုပ်ထားလိုက်၏။ ထိုတစ္ဆေသမားတော်၏ အတွေးများကပင် နှေးကွေးလာသလို ခံစားလိုက်ရပြီး သူ၏ ခြေလှမ်းများကလည်း သူ့အမိန့်ကို မနာခံတော့ပေ။
မုန့်ချီ၏ ခန္ဓာကိုယ်ပေါ်တွင်တော့ မီးတောက်များ ဆက်၍ လောင်ကျွမ်းနေခဲ့၏။ ထိုမီးတောက်များဆီမှ အနီရောင်အလင်းတန်းများ လောင်ကျွမ်းနေသော်လည်း သူ၏ တာအိုသခင်ဝတ်ရုံဆီမှ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။ ရွှေရောင်အလင်းတန်းများလည်း ကာကွယ်ပေးထားသည့်အတွက် သူက ခံနိုင်ရည် ရှိနေခဲ့၏။ သူက ဆံပင်မွှေးတစ်မျှင်ပင် ဆုံးရှုံးလိုက်ရခြင်း မရှိချေ။ မီးတောက်များထဲတွင် သူကတော့ အထိအခိုက်မရှိ ဖြစ်နေခဲ့သည်။
ချန်းဝမ်တင်က သူ့ကို ဖျက်ဆီးနေသော ရေခဲစွမ်းအားများကို ရင်ဆိုင်တိုက်ခိုက်ရန် အကောင်းဆုံး ကြိုးစားနေသည့်အချိန်တွင် အလွန်ကြီးမားသော လက်သီးကြီးတစ်ခုက သူ့ဆီကို ကျရောက်လာကြောင်း ကြည့်နေလိုက်ရသည်။
ဘုန်း....
ချန်းဝမ်တင်၏ ပင်မဝိညာဉ်က ပျက်စီးသွားခဲ့သည်။ သူ့ခေါင်းက ပွင့်ထွက်သွားခဲ့ပြီး ဒဏ်ရာထဲမှ ဦးနှောက်များ စီးကျလာခဲ့သည်။ မုန့်ချီက ကောင်းကင်(၄)သွယ် ဝေ့ကျင်းအဆင့်နှင့် ညီမျှသော အစွမ်းရှိသည့် ရန်သူကို ရင်ဆိုင်ရာတွင် စွမ်းအားများကို ထိမ်ချန်ထားလိုခြင်း မရှိချေ။
သူက မည်သည့် မှော်ရတနာကိုမျှ မသုံးချင်သလို ကံကြမ္မာကွင်းဆက် နည်းလမ်းကိုလည်း မသုံးချင်သည့်အတွက် မုန့်ချီက အနိုင်ရရန် သူ၏စွမ်းရည်များကိုသာ အသုံးချရပါလိမ့်မည်။ သူ့ရန်သူဆီတွင်လည်း ဓမ္မကာရသိုင်းကွက်များ မရှိခဲ့သလို ဝေ့ကျင်းအဆင့် သိုင်းကွက်များ မရှိခဲ့ပေ။
လေလှိုင်းများ တိုက်ခတ်လာပြီးနောက် ချန်းဝမ်တင်၏ ပြာမှုန့်များက ပျောက်ကွယ်သွားခဲ့၏။ ထိုအချိန်တွင် အနီရင့်ရောင်ကျောက်စိမ်းတုံးလေးက သူ့ကို ဝါးမျိုသွားခဲ့သည်။
“သူကိုယ်တိုင် မွေးထားခဲ့တဲ့ တစ္ဆေမကောင်းဆိုးဝါးက သူ့ကိုတောင် အလွတ်မပေးခဲ့ဘူး။ ဒါပေမဲ့ ဒါက တစ္ဆေသမားတော်ကို ပိတ်မိထားနိုင်တဲ့ စွမ်းအားတွေပဲ။ အဲဒီအရာကို အင်မော်တယ်ထိုက်ယီနဲ့ တခြားသူတွေက ဖျက်ဆီးခဲ့တာများလား…”
မုန့်ချီက သွေးနီရောင် နေလုံးကြီး၏ အကြွင်းအကျန်မီးတောက်များကို စိုက်ကြည့်နေရင်း တစ်ယောက်တည်း တွေးနေမိခဲ့သည်။
ထိုသို့ဆိုရာတွင် မကောင်းဆိုးဝါးကိုယ်ပွားက အစွမ်းထက်မည် ဆိုလျှင်လည်း ချန်းဝမ်တင်က သူ၏စွမ်းအင်ကို ပြည့်ပြည့်ဝဝ အသုံးပြု၍မရစေရန် ထိန်းချုပ်ထားနိုင်သည်။ ထိုမကောင်းဆိုးဝါး၏ စွမ်းအားများက အလွန်ဆုံး ကောင်းကင်(၄)သွယ် ဝေ့ကျင်းအဆင့်သာ ရှိနိုင်သည်။
“သူက အဆင့်တက်တာ တော်တော်လေး ကြာနေလောက်ပြီ။ ဒီလိုအစွမ်းမျိုး ရှိနေတယ်ဆိုတော့ သူက ထိပ်သီးအင်အားတစ်ခု ပိုင်ဆိုင်ထားသင့်တယ်..”
မုန့်ချီက စဉ်းစားနေခဲ့သည်။
သူက ချန်းဝမ်တင်နှင့် တိုက်ပွဲတွင် ကောင်းကင်(၄)သွယ် ဝေ့ကျင်းအဆင့် စွမ်းအားများကို ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ သူသေကိုယ်သေ တိုက်ပွဲမျိုးတွင် ချန်းဝမ်တင်က သဘာဝတရားကြီးနှင့် ပေါင်းစပ်နိုင်သော စွမ်းအင်များကို ပြသခဲ့ပြီး ရာသီဥတုကို ပြောင်းလဲနိုင်စွမ်း၊ လွှမ်းမိုးနိုင်စွမ်းနှင့် သူ၏ စွမ်းအားများကို ဖိနှိပ်နိုင်သော အရည်အချင်းများ ပိုင်ဆိုင်ထားသည်။
မုန့်ချီ အသုံးပြုခဲ့သော နိယာမဖြစ်စဉ်ကသာ အကျိုးသက်ရောက်မှု မရှိလျှင် ချန်းဝမ်တင်က ပထမကောင်းကင်လှေကားအဆင့် ပညာရှင်တစ်ယောက်ကဲ့သို့ ပြည့်ပြည့်ဝဝ တိုက်ခိုက်နိုင်ပါလိမ့်မည်။ ထိုသို့ဆိုလျှင် တစ္ဆေသမားတော်က ဆိုးဝါးသော အကျိုးဆက်ကို ကြုံရလိမ့်မည် မဟုတ်ချေ။
သူက ပြာအဖြစ် ပြောင်းလဲသွားသည့်အချိန်တွင်တော့ သူ့ကို မည်သူကမျှ ကူညီပေးနိုင်ခြင်း မရှိတော့ချေ။ မည်းတူးနေသော အကြွင်းအကျန်များထဲတွင် တစ္ဆေသမားတော် အသုံးပြုခဲ့သော နေလုံးကြီးနှင့် ယစ်ပူဇော်ရန် အသုံးပြုသော အရာများသာ ရှိနေသည်။ ထိုအရာများကို ဖန်တီးထားခြင်းက အကြမ်းထည်သာဖြစ်ပြီး အရည်အသွေးကလည်း နိမ့်ကျသည်။
မုန့်ချီ၏ ခန္ဓာကိုယ်က မူလအရွယ်အစားကို ပြန်ကျုံ့လိုက်ပြီး အစောပိုင်းတိုက်ပွဲတွင် ဖမ်းထားသည့်အတွက် မည်းတူးနေသော ဖန်းပုတုံ၏ အလောင်းကို မြင်လိုက်ရသည်။
အသက်ကင်းမဲ့နေသော ဖန်းပုတုံက မျက်လုံးပွင့်နေပြီး ထိတ်လန့်နေပုံရသည်။ ထိုအချိန်တွင် အစိမ်းရောင်အရိပ်တစ်ခုက သူ၏မျက်နှာကို လွှမ်းခြုံလိုက်၏။
မုန့်ချီက အလောင်း၏အနားသို့ ကပ်သွားပြီး မည်ကဲ့သို့သော သက်ရှိက အတွင်းထဲတွင် ခိုလှုံနေကြောင်း စစ်ဆေးကြည့်ရန် ကြိုးစားလိုက်သည်။ အစောပိုင်းတွင် ပြသခဲ့သော ရန်သူနှစ်ယောက်လုံး၏ အစွမ်းကြောင့် သူတို့ကို ပြင်ပသက်ရှိတစ်မျိုးက ထိန်းချုပ်နေကြောင်း မုန့်ချီက ခန့်မှန်းမိခဲ့သည်။
ထို့ကြောင့် သူတို့က သူ့ကို ရင်ဆိုင်နိုင်သောအစွမ်းမျိုး မရှိခြင်း ဖြစ်သည်။ ယခုတော့ မုန့်ချီက သေချာသွားခဲ့သည်။ အမှန်တရားက ပေါ်လာခဲ့ပြီ ဖြစ်သည်။
သူက စကားပင် မပြောရသေးခင် ဖန်းပုတုံ၏ ခန္ဓာကိုယ်ထဲတွင် ခိုလှုံနေသော သတ္တဝါက ကြောက်လန့်တကြား ပြောလိုက်၏။
“ကျေးဇူးပြုပြီး ချမ်းသာပေးပါ သခင်ကြီး။ ကျွန်တော်က ခွန်းလွန်ဝိညာဉ်ပါ…”
“ခွန်းလွန်ဝိညာဉ် ဟုတ်လား…”
ထိုစကားလုံးများကြောင့် သူက အံ့သြသွားခဲ့သည်။ သူက အန္တရာယ်များ၊ အကြောက်တရားများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ခွန်းလွန်ဟူသော စကားလုံးမျိုးကို ကြားရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်က ခွန်းလွန်တောင်တန်းလား။ ငါက ကောင်းကင်ဘိုးဘေး မျက်နှာဖုံးကို ဝတ်ဆင်ထားသလို ကောင်းကင် ရွှေကျင့်စဉ်ကို အမွေရထားတယ်။ ငါက တကယ်ပဲ ဒီကံကြမ္မာနဲ့ သက်ဆိုင်နေတဲ့ အရာတွေကို ဆက်ခံရမှာလား။ ဒါက တော်တော်လေးကို တိုက်ဆိုင်လွန်းနေတယ်။ ကြိုတင်စီစဉ်ထားတဲ့ အခြေအနေတစ်ခုလိုမျိုးပဲ…”
တစ်ချိန်တည်းတွင် ကျန်းယုချန်က ဒဏ်ရာများကို ကုသနေခဲ့သည်။ သူကတော့ ကြားနေရသော စကားလုံးများက နားမလည်ခဲ့ပေ။
မုန့်ချီက သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး စိတ်ဝင်တစား မေးလိုက်၏။ “တကယ်လို့ မင်းက ခွန်းလွန်ဝိညာဉ်ဆိုရင် ဘာလို့ ဒီလိုလုပ်ရပ်မျိုးကို ကျူးလွန်ရတာလဲ…”
“ကျွန်တော် ရှင်းပြတာကို နားထောင်ပေးပါ သခင်ကြီး။ ကျွန်တော်က ဒီလူ့ရဲ့ခန္ဓာကိုယ်အတားအဆီးတွေကို ကျော်ဖြတ်ဖို့နဲ့ အသက်ရှည်ရှည် နေရဖို့ ကူညီပေးမယ်လို့ ကတိပေးခဲ့တယ်။ သူကတော့ ကျွန်တော့်ကို ခိုလှုံခွင့်ပေးပြီး ရှားပါးထွင်းထွက်ပစ္စည်းတွေ ထောက်ပံ့ပေးရမယ်။ သူသေသွားတဲ့အခါ သူ့ရဲ့အလောင်းကိုလည်း ကျွန်တော်ပဲ ပိုင်ဆိုင်ရလိမ့်မယ်.လို့ သဘောတူထားတယ်.”
ဖန်းပုတုံ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော ဝိညာဉ်က ကြောက်လန့်တကြား ပြောလိုက်သည်။
“သခင်ကြီးက ကောင်းကင်ရွှေကျင့်စဉ်ကို ပိုင်ဆိုင်ထားပြီး ကောင်းကင်ဖျက်လက်ဝါးနဲ့ ဆုတောင်း(၃)မျိုး လက်သီးကနေ ဆင်းသက်လာတဲ့ ကျင့်စဉ်တွေကို ပိုင်ဆိုင်ထားတယ်ဆိုတာ ကျွန်တော် တွေ့လိုက်ရတယ်။ သခင်ကြီး ကျွမ်းကျင်ထားတဲ့ စွမ်းရည်တွေကြောင့် သခင်ကြီးက ကျောက်စိမ်းပုံရိပ်ယောင် နန်းတော်က အစစ်အမှန် တပည့်တစ်ယောက်ဆိုတာ သေချာပါတယ်။ ကျွန်တော်က ခွန်းလွန် ဝိညာဉ် တစ်ကောင်ပါပဲ။ သခင်ကြီးရဲ့အမိန့်ကို မဆန့်ကျင်ရဲပါဘူး။ ဒါကြောင့် ကျွန်တော်က အရင်သဘောတူညီချက်ကို ဖျက်ဆီးရမယ်ဆိုရင်တောင် သခင်ကြီးကို ဆန့်ကျင်မှာ မဟုတ်ပါဘူး…”
ထိုဝိညာဉ်က မုန့်ချီအပေါ် သစ္စာရှိနေကြောင်း ပြသနေခဲ့သည်။
“သူက ကောင်းကင်ပြောင်းပြန်လက်ဝါးနှင့် ဆုတောင်း(၃)မျိုး လက်သီးကို မှတ်မိနေတာလား…”
ထိုစကားလုံးများကြောင့် ထိုဝိညာဉ်က ခွန်းလွန်ဝိညာဉ်ဟု မုန့်ချီက စတင် ယုံကြည်လာခဲ့သည်။
“မင်းက ဘာလဲ။ မင်းက ဘာလို့ ခွန်းလွန်တောင်မှာ ရှိမနေရတာလဲ…”
မုန့်ချီက လေးလေးနက်နက် မေးလိုက်သည်။
ဖန်းပုတုံ၏ အလောင်းကို ယူဆောင်ထားသော ထိုဝိညာဉ်က ပြောလိုက်၏။ “ကျွန်တော်က ခွန်းလွန်တောင်မှာ မှော်ဆေးပင်တစ်ခု ဖြစ်ခဲ့ပါတယ် သခင်ကြီး။ သက်တမ်းကြာလာတဲ့အချိန်မှာ ကျွန်တော်က အစစ်အမှန် ကောင်းကင်ဘိုးဘေးဆီကနေ ထွက်လာတဲ့ နတ်ဘုရားအငွေ့အသက်တွေနဲ့ ထိတွေ့ခဲ့ရတယ်။ ဒါကြောင့် ကျွန်တော့်မှာ ကိုယ်ပိုင်အသိဉာဏ်ရှိလာပြီး ဖြစ်လာတဲ့ အဖြစ်အပျက်တွေကို နားလည်လာခဲ့တယ်…”
“တစ်နေ့မှာတော့ ကျွန်တော့်ကို ခွန်းလွန်တောင်ကနေ တူးသွားပြီး ပိတ်လှောင်ထားတဲ့ လေဟာနယ်တစ်ခုထဲမှာ ချထားခဲ့တယ်။ ကျွန်တော်က အဲဒီနေရာမှာ နေထိုင်ရင်း တဖြည်းဖြည်း အသိဉာဏ်ဖွံ့ဖြိုးလာတဲ့အတွက် စကားပြောနိုင်တဲ့ စွမ်းရည် ရှိလာတဲ့အချိန်မှာ ဒီလူတွေက လွှတ်ပေးခဲ့တာ။ ဒါကြောင့် ကျွန်တော်တို့ သဘောတူညီမှု လုပ်ခဲ့တာပါ..”
“အဲဒီပိတ်လှောင်ထားတဲ့ နယ်မြေထဲမှာ ဘာတွေရှိနေသေးတာလဲ..”
မုန့်ချီက မေးလိုက်သည်။
ထိုဆေးပင်ဝိညာဉ်က ပြန်ဖြေလိုက်သည်။
“ကျွန်တော်က မှော်ဆေးပင် ဝိညာဉ်တစ်ခုပါ။ ကျွန်တော်က ပိတ်လှောင်ထားတဲ့ လေဟာနယ်ရဲ့အပြင်ဘက်ဆုံး နယ်မြေထဲမှာပဲ နေခဲ့ရတာ။ အထဲမှာ ဘာတွေရှိနေလဲဆိုတာ ကျွန်တော် အတိအကျ မသိဘူး…”
“သူတို့တွေက တံဆိပ်ကို ဖျက်ဆီးဖို့ စီစဉ်နေတာ တော်တော်ကြာပြီ။ အဲဒီအချိန် ချောင်စီရင်စုမှာ ရှိတဲ့ ပညာရှင်တွေက အပြင်ဘက်အကာအကွယ်ကို ချိုးဖောက်ပြီး အတွင်းထဲထိ ဝင်သွားဖို့ ခက်တယ်ဆိုတာ သိသွားကြတယ်။ အပြင်ဘက်ဆုံး အလွှာမှာတော့ သူတို့က သူတို့ရဲ့သက်တမ်းကို တိုးမြှင့်ပေးဖို့ ကူညီပေးနိုင်တဲ့ ဆေးပင်ဝိညာဉ်တစ်ခုကို တွေ့လိုက်ရပြီး သူတို့ရဲ့ စွမ်းအားတွေ မြင့်တက်လာတယ်..”
“ဒါဆိုရင်တော့ အတွင်းထဲမှာ စွမ်းအားတွေ၊ တန်ဖိုးရှိတဲ့အရာတွေ ရှိနိုင်မှာပဲ…”
မုန့်ချီက တိတ်တဆိတ် စဉ်းစားနေပြီး ဖန်းပုတုံနှင့် တခြားသူများ ရူးသွပ်သွားcJhသည့် အကြောင်းအရင်းကို နားလည်သွားခဲ့သည်။
ဆေးပင်ဝိညာဉ်က မုန့်ချီကို လေးလေးနက်နက် စိုက်ကြည့်လိုက်၏။ သူက အသံတိုးတိုးနှင့် ပြောလိုက်သည်။
“သခင်ကြီး…
ကျွန်တော်သိတာ တစ်ခု ရှိပါသေးတယ်။ ကျောက်စိမ်းပုံရိပ်ယောင် နန်းတော်ရဲ့ အမွေအနှစ်တွေကို ပိုင်ဆိုင်ထားတဲ့လူက မှော်နယ်မြေရဲ့အလယ်ကို သွားနိုင်ပါတယ်…”
“ဟုတ်လား။ သေချာရဲ့လား…”
ထိုအရာကို စဉ်းစားမိသည့်အခါ မုန့်ချီ၏မျက်လုံးများက ဝင်းလက် တောက်ပလာခဲ့သည်။ သူက အကြောင်းအရာများကို သေချာစဉ်းစားနေခဲ့၏။ ထို့နောက် သူက သံသယများကို ဖယ်ရှားလိုက်ပြီး ပိတ်ဆို့ထားသည့် လေဟာနယ်ဝင်ပေါက်ရှိရာကို ပြသရန် ဆေးပင်ဝိညာဉ်ကို အမိန့်ပေးလိုက်သည်။
သူက လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ပြီး လေထဲတွင် ကိုင်လိုက်သည်။ သူ့လက်ထဲတွင်တော့ ဆေးပင်ဝိညာဉ် ရောက်လာ၏။ ထိုအရာက အလွန်သေးငယ်သော သစ်ခေါက်ပုံသဏ္ဌာန်ရှိနေပြီး အနားတွင် အနီရောင်သစ်ရွက်လေးများ ရှိနေသည်။
“ဒီကိစ္စက တော်တော်လေး အရေးကြီးတယ်။ ငါက အဲဒီနယ်မြေထဲမှာ တစ်ယောက်တည်း ရှာဖို့ အန္တရာယ်များတယ်။ ငါက ဘိုးဘေးဆရာကြီးကို လိုက်လာပေးဖို့ အကူအညီတောင်းရမယ်…”
Translated by Hein Htet