← Chapters

အခန်း (၅၇၅)

Vol. 39 Ch. 575

အခန်း (၅၇၅)

Vol. 39 Ch. 575

ကောင်းကင်ဘိုးဘေး မျက်နှာဖုံးကို ဝတ်ဆင်ထားသော မုန့်ချီက စိမ်းပြာကောင်းကင်နယ်မြေထဲတွင် ရှိနေသော အင်မော်တယ်များ၏ စခန်းရှေ့တွင် ပြန်ပေါ်လာခဲ့သည်။ ချူချမ်းနင် လုပ်ခဲ့သည့်ပုံစံအတိုင်း သူကလည်း နန်းတော်၏ အခန်းထဲသို့သွားပြီး သူတို့ခေါင်းဆောင်ကို ဆင့်ခေါ်နိုင်သည့် အဆောင်ကို ရှာဖွေလိုက်သည်။

အင်မော်တယ်များ၏စခန်းက သံသရာအရှင်သခင်၏ သံသရာမြေကွက်လပ်များနှင့် အတော်လေးကို တူညီနေသည်။ အဖွဲ့သားများက လွတ်လပ်စွာ ဝင်နိုင်ထွက်နိုင်သော်လည်း အချိန်ကြာမြင့်စွာ နေထိုင်၍ မရပေ။

မုန့်ချီက ချောင်စီရင်စုမှနေ၍ ပင်မကုန်းမြေကြီးကို ပြန်သွားရန် ဆုံးဖြတ်ခဲ့ခြင်း မရှိချေ။ ထိုအစား သူက တာဝန်ကို တိုက်ရိုက်ဖျက်သိမ်းပြီး ပြန်လာခဲ့ခြင်း ဖြစ်သည်။ တာဝန်ကျရှုံးသည့် ရလဒ်အရ သူက မည်သည့်ဆုလာဘ်ကိုမျှ ရယူ၍ မရတော့သော်လည်း အချိန်နှောင့်နှေးနေခြင်း မရှိဘဲ လျင်လျင်မြန်မြန် ပြန်ရောက်လာနိုင်ခဲ့သည်။

ခွန်းလွန်တောင်၏ ပတ်ပတ်လည်တွင် ရှိနေသော အခြေအနေက အတော်လေးကို ကြီးမားသော ကိစ္စတစ်ခု ဖြစ်၏။ ထိုကိစ္စကို နှောင့်နှေးနေလျှင် မလိုလားအပ်သော အပြောင်းအလဲများ ပေါ်လာနိုင်သည်ဟု မုန့်ချီက တွေးမိခဲ့သည်။ အဖိုးတန်ရတနာများ၊ ပစ္စည်းများကဲ့သို့ မဟုတ်ဘဲ ထိုဆေးပင်ဝိညာဉ်က သက်ရှိတစ်ယောက်ဟု သတ်မှတ်နိုင်၏။

ထို့ကြောင့် မုန့်ချီက သူ့ကို လေဟာနယ်လက်စွပ်ထဲတွင် သူနှင့်အတူ ခေါ်မလာနိုင်ခဲ့ပေ။ ထိုအစား သူ၏ပင်မဝိညာဉ်ကို မန္တန်တစ်ခုနှင့် ပိတ်လှောင်ထားခဲ့ပြီး ကျန်းယုချန်၏ လက်ထဲတွင် ချန်ထားခဲ့သည်။

မုန့်ချီက စောင့်ဆိုင်းနေရင်း နောက်ဆုံးတွင်တော့ တာအိုသခင်ချုံဟယ်ကို တွေ့လိုက်ရသည်။ သူက ဘိုးဘေးလင်းပေါင် မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး ပင်မဝင်ပေါက်ထဲကို ဖြတ်မလာဘဲ စိမ်းပြာနန်းတော်ထဲတွင် တိုက်ရိုက် ပေါ်လာခဲ့သည်။

ခေါင်းဆောင်က မုန့်ချီ၏အတွေ့အကြုံများ သတင်းပို့နေသည်ကို သေချာနားထောင်နေပြီး သူကိုယ်တိုင်လည်း မှင်တက်သွားပုံရသည်။ မုန့်ချီ၏တင်ပြမှု ပြီးဆုံးသွားသည့်အချိန်တွင် သူက တိတ်ဆိတ်နေပြီး လေးလေးနက်နက် စဉ်းစားနေပုံရ၏။

ရုတ်တရက်ဆိုသလို ဘိုးဘေးလင်းပေါင်က သက်ပြင်းရှည်ကြီး ချလိုက်မိသည်။

"ငါက နှစ်ပေါင်းများစွာ ရှာဖွေနေခဲ့ပေမယ့် ထူးဆန်းတဲ့ လက္ခဏာတွေကို မတွေ့ရဘူး။ အဲဒီကမ္ဘာကြီးထဲမှာ သီးသန့် လေဟာနယ် နယ်မြေတွေလည်း မတွေ့ရဘူး။ မင်းကတော့ ပထမဆုံးရောက်တဲ့အချိန်မှာပဲ သူ့ရဲ့တည်ရှိမှုကို စစ်ဆေးနိုင်တယ်ဆိုတော့ တော်တော်လေး အံ့ဩဖို့ကောင်းသွားပြီ.."

သူ၏လေသံက အလွန်လေးနက်လာခဲ့သည်။

"ဒါကတော့ ကောင်းကင်ရွှေကျင့်စဉ်ကို ပိုင်ဆိုင်ထားတဲ့ မင်းနဲ့ပဲ သက်ဆိုင်တဲ့ ကံကြမ္မာတွေ ဖြစ်နိုင်တယ်။ ဒါက အရမ်းကို တိုက်ဆိုင်လွန်းနေတယ်…"

သူက စဉ်းစားနေပြီးနောက် ခဏရပ်ပြီး နောက်တစ်ကြိမ် ပြောလိုက်သည်။

"မင်းရဲ့ကံကြမ္မာလွှမ်းမိုးမှုက အရမ်းကို အစွမ်းထက်လွန်းတယ်။ ကံကြမ္မာတွေ၊ စွန့်စားခန်းတွေနဲ့ ကောင်းကင်ဘုံက ပို့လွှတ်လိုက်တဲ့ အရာတွေက မင်းရဲ့လမ်းကြောင်းမှာ အရမ်းကို များလွန်းနေတယ်။ ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက်ကတောင် ငါတို့တိုက်ပွဲနဲ့ မိုင်ထောင်ပေါင်းများစွာ အဝေးမှာ ရှိနေတဲ့ မင်းရဲ့လက်ထဲမှာ အဆုံးသတ်သွားရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ သိုင်းပညာကျင့်ကြံသူ တစ်ယောက်အတွက်တော့ ဒါက မင်းအတွက် မကောင်းနိုင်ဘူး။ မထင်မှတ်ထားတဲ့အရာတွေ ပြဿနာတွေက မင်းကို လွှမ်းမိုးသွားနိုင်တယ်။ အဲဒီအရာက မင်းရဲ့စွမ်းဆောင်ရည်ထက် ကျော်လွန်နေပြီး မင်းပိုင်ဆိုင်ထားတဲ့ အရာတွေ မဟုတ်ဘူး။ ဒါက အမြစ်မရှိတဲ့ သစ်ပင်တစ်ပင်လိုပဲ။ အဲဒီအရာတွေကို အလွန်အကျွံ မှီခိုနေမိမယ်ဆိုရင် တစ်နေ့နေ့မှာ မင်းက ပျက်စီးသွားနိုင်တယ်…"

သူ၏သတိပေးချက်ကို မုန့်ချီက အလေးထားနေကြောင်း မြင်သည့်အခါ သူက ပို၍ပင် စိတ်သက်သာရာရသွားပြီး ဆက်ပြောလိုက်၏။

"အခုချိန်မှာ အရေးကြီးဆုံးအရာကတော့ အဲဒီလို ကံတရားတွေ ဖြစ်စဉ်တွေက ဘယ်နေရာကနေ မြစ်ဖျားခံနေလဲဆိုတာပဲ။ သူတို့တွေက မင်းအတွက် ကြိုတင်စီစဉ်ထားတာလား။ ဒါမှမဟုတ် တစ်ယောက်ယောက်က အကွက်ချပြီး စီစဉ်နေတာလား မပြောတတ်ဘူး…"

"အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘိုးဘေးဆရာကြီး..."

မုန့်ချီက ရင်ဘတ်ပေါ်သို့ လက်တစ်ဖက်တင်ပြီး လေးလေးစားစား ပြောလိုက်သည်။

"ကျွန်တော်က ဒီကိစ္စကို သတိထားမိနေတာ တော်တော်လေး ကြာနေပါပြီ။ ကျွန်တော်က အဲဒီအရာကို စဉ်းစားပြီး ကာကွယ်ဖို့အတွက် နည်းလမ်းတွေ ရှာဖွေနေခဲ့တယ်။ အချိန်ကျလာရင်တော့ ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင်လုပ်နိုင်မှာပါ"

မုန့်ချီက အလွန်တည်ငြိမ်သော အခြေအနေနှင့် ဘိုးဘေးဆရာကြီး၏ အကြံပေးချက်ကို လက်ခံလိုက်သည်။ မုန့်ချီက ကံကြမ္မာများစွာကို ရင်ဆိုင်ခဲ့ရသည့် အချိန်ကတည်းကစပြီး ရင်ထဲတွင် အတော်လေး တင်းကျပ်နေခဲ့၏။

ကောင်းကင်ကံကြမ္မာကျင့်ကြံသူနှင့် ဆရာကြီးလုတို့၏ အကြံပေးချက်ကို ကြုံလိုက်ရပြီးနောက် ကျောက်စိမ်းဆွဲပြားလေးနှင့် ဗုဒ္ဓမီးအိမ်အပါအဝင် အဖြစ်အပျက်များအားလုံးက သူ့ခေါင်းထဲတွင် အစဉ်လိုက် ပေါ်လာခဲ့သည်။ ထိုအရာများက သူ့ကို သတိပေးနေခဲ့၏။ မုန့်ချီက ဘိုးဘေးလင်းပေါင်၏ သတိပေးကြောင့် တုန်လှုပ်ခြင်း မရှိတော့သည်မှာ အံ့သြစရာတော့ မရှိချေ။

"မင်းက သတိထားမိတာပဲ။ ဒါဆို ကောင်းတယ်...။ မင်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ နည်းလမ်းကို ရှာတွေ့ပြီလား…"

ဘိုးဘေးဆရာကြီးက စိတ်သက်သာရာ ရသွားခဲ့၏။

သူ၏အခွင့်အရေးကို သတိထားမိသည့်အချိန်တွင် မုန့်ချီက လျင်မြန်စွာ ပြောလိုက်သည်။

"ဒီစွန့်စားမှုတွေအားလုံးက ကံကြမ္မာတွေနဲ့ ပတ်သက်နေမှတော့ ကျွန်တော်က နည်းလမ်းတစ်ခုတည်းနဲ့ပဲ ဖြေရှင်းနိုင်မယ်လို့ ဆုံးဖြတ်ထားတယ်။ ကျွန်တော်က ကံကြမ္မာနဲ့ ပတ်သက်နေတဲ့ လျှို့ဝှက်ကျင့်စဉ်တွေကို လေ့လာနေပြီး နောက်ဆုံးမှာတော့ ကံကြမ္မာကွင်းဆက်နည်းလမ်းကို ပြည့်ပြည့်ဝဝ နားလည်ခဲ့တယ်။ အဲဒီသိုင်းပညာမှာ အနတ္တ ၊ မကောင်းဆိုးဝါးသူတော်စင်နဲ့ ကျွန်တော်မသိတဲ့ တခြားပညာရှင်တွေ ပတ်သက်နေတယ်။ ကံကြမ္မာကွင်းဆက်နဲ့ ပတ်သက်ပြီး ကျွန်တော် နားလည်ထားတဲ့အရာတွေကို ကျွန်တော့်ရဲ့ ဓားမောက်သိုင်းပညာနဲ့ ပေါင်းစပ်ပြီး ကံကြမ္မာ ဝန်ထုတ်ဝန်ပိုးတွေအားလုံးကို ကိုယ်တိုင်ဖျက်ဆီးပစ်ဖို့ စဉ်းစားထားတယ်…"

"ဒီနည်းလမ်းက မဆိုးပါဘူး။ ကောင်းကင်ဖျက်လက်ဝါး၊ ဝူကျိတံဆိပ်နဲ့ ယင်ယန်တံဆိပ်တို့က ကံကြမ္မာနဲ့ မသက်ဆိုင်တာတော့ နှမြောဖို့ကောင်းတယ်။ မဟုတ်ရင် ကံကြမ္မာမျိုးစေ့တွေကို ပေါင်းစပ်လိုက်မယ်ဆိုရင် မင်းက ကံကြမ္မာဓားသိုင်းကို ကိုယ်တိုင်ဖန်တီးလို့ ရနိုင်တယ်.."

ဘိုးဘေးလင်းပေါင်က ခဏကြာ စဉ်းစားပြီး ပြောလိုက်သည်။

"ဒါပေမဲ့ ကံကြမ္မာနဲ့ ပတ်သက်နေတဲ့ တခြားကျင့်စဉ်တွေ ၊ သိုင်းကျမ်းတွေ ရှိနေပါသေးတယ်…"

"ဟုတ်လား တကယ်ပဲလား…"

မုန့်ချီက ဘိုးဘေးလင်းပေါင်ကို မျက်လုံးပြူး၍ ကြည့်နေမိခဲ့သည်။

ဘိုးဘေးလင်းပေါင်က သတိပြန်ဝင်လာခဲ့၏။

"ငါက အဲဒီလို သဘာဝရှိနေတဲ့ ကျင့်စဉ်တွေကို သိပ်ပြီးတော့ မကျွမ်းကျင်ဘူး။ ဒါပေမယ့် နောက်ပိုင်းကျရင်တော့ ရှာပေးပါ့မယ်…"

"ဒါဆိုရင်တော့ ကျေးဇူးအများကြီးတင်ပါတယ် ဘိုးဘေးဆရာကြီး..."

မုန့်ချီက ကျေးဇူးတင်စွာ ပြောလိုက်ပြီး သူက တလေးတစား ဦးညွှတ်လိုက်သည်။

ဘိုးဘေးလင်းပေါင်က နောက်ထပ် စကားမပြောတော့ဘဲ မုန့်ချီ၏ ပုခုံးကိုကိုင်ပြီး သူတို့၏ရှေ့တွင် ရှိနေသော လေဟာနယ်ထဲသို့ လက်ထည့်လိုက်သည်။ သူတို့၏ရှေ့တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့၏။ ထိုအရာက လေဟာနယ် အက်ကွဲကြောင်းတစ်ခု ဖြစ်သည်။

ထိုအက်ကွဲကြောင်းထဲမှ အလွန်တောက်ပသော အလင်းရောင်များ ပေါ်လာပြီး သန့်စင်သည့် အဖြူရောင်အလင်းတန်းများက သူတို့ကို လွှမ်းခြုံသွားခဲ့၏။ မုန့်ချီက အရည်များ ပြည့်နှက်နေသော အကာအကွယ်များစွာကို ဖြတ်သန်းသွားလိုက်ရသလို ခံစားနေရပြီး ရှုပ်ထွေးနေသော လေဟာနယ်ထဲတွင် ဖြတ်သန်းသွားရသလို ခံစားနေရသည်။

ဘိုးဘေးလင်းပေါင်က ဝင်ပေါက်တစ်ခုကို ရွေးချယ်လိုက်ခြင်း ဖြစ်၏။ ဘိုးဘေးလင်းပေါင်နှင့် ကောင်းကင်ဘိုးဘေးတို့ (၂) ယောက်လုံးက မျက်နှာဖုံးဝတ်ပြီး စိမ်းလန်းသော သစ်ပင်များ လွှမ်းခြုံနေသည့် တောင်ကြားတစ်ခုထဲတွင် ပေါ်လာခဲ့သည်။

ထိုနေရာတွင် ဆေးပင်ဝိညာဉ်က သူတို့ကို နှုတ်ဆက်လိုက်၏။ ဘိုးဘေးလင်းပေါင်ကိုကြည့်ပြီး အလွန်ကြောက်လန့်နေသည့်အတွက် သူက တုန်ရင်နေသော လေသံနှင့် ပြောလိုက်သည်။

"ဒီနေရာမှာ နယ်မြေရဲ့ ပထမဆုံး အကာအကွယ် ရှိပါတယ်…"

သူက ရှေ့တွင် ရှိနေသော တောင်ကြားကို လက်ညှိုးထိုးပြလိုက်၏။ ဘိုးဘေးလင်းပေါင်က သူ၏အငွေ့အသက်များ၊ စွမ်းအားများကို ထုတ်သုံးလိုက်သည်။ ထိုအချိန်တွင် စွမ်းအားများက ပင်လယ်ကြီးထဲတွင် ရှိနေသော လှိုင်းလုံးများကဲ့သို့ ဖြစ်ပေါ်လာခဲ့၏။ သူက မန္တန်အနည်းငယ် ရွတ်ဆိုလိုက်ပြီး စောင့်ကြည့်နေသော်လည်း မည်သည့်အရာမျှ ပေါ်မလာခဲ့ပေ။

"ငါက အကာအကွယ်ကို ရှာမတွေ့ဘူး…"

သူက ဆေးပင်ဝိညာဉ်ကိုကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

ဆေးပင်ဝိညာဉ်က ကြောက်လန့်တကြား ပြောလိုက်၏။

"တကယ်လို့ သခင်ကြီးဆီမှာ ဝင်ခွင့်ရှိတဲ့ တံဆိပ်ပြားမရှိဘူးဆိုရင် ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်ရဲ့ အစစ်အမှန်ဆက်ခံသူကပဲ အဲဒီအရာကို မြင်နိုင်ပါလိမ့်မယ်။ ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်ရဲ့ကျင့်စဉ်တွေကိုသုံးပြီး သူ့ရဲ့စွမ်းအားတွေကို သုံးလိုက်မယ်ဆိုရင် ရပါတယ်။ ကောင်းကင်ရွှေကျင့်စဉ်၊ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်နဲ့ ကွမ်ဟန်းကျိန်စာတို့ကတော့ အဲဒီအရာကို လုပ်နိုင်ပါလိမ့်မယ်…"

"အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်လား..."

သူ တတ်မြောက်ထားသော ကောင်းကင်ရွှေကျင့်စဉ်က အစစ်အမှန် အနှစ်သာရများနှင့် ပတ်သက်လာလျှင် လိုအပ်ချက်ရှိနေမှာကို မုန့်ချီက စိုးရိမ်နေခဲ့သည်။ ထိုဝိညာဉ်က အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ် အကြောင်းကို ပြောသည့်အချိန်တွင် သူက အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်၏ အစွမ်းများကိုသုံးပြီး ကောင်းကင်ရေွှကျင့်စဉ်၏ အစစ်အမှန် အနှစ်သာရများကို ပြည့်ပြည့်ဝဝ အသက်သွင်းလိုက်သည်။

သူက ခွန်လွန်တောင်တန်း၏ အမွေဆက်ခံသူ တစ်ယောက်အဖြစ် ဟန်ဆောင်စရာ မလိုအပ်ပေ။ သူ၏ခန္ဓာကိုယ်ထဲမှနေ၍ ရှေးအကျဆုံးနှင့် ကြောက်စရာအကောင်းဆုံး အငွေ့အသက်များ ထွက်ပေါ်လာခဲ့၏။ ထိုအချိန်တွင် သူတို့၏ ပတ်ပတ်လည်၌ အရိပ်တစ်ခု ပေါ်လာပြီး ကမ္ဘာဦးဖန်ဆင်းခြင်း အဖြစ်အပျက်များ ပေါ်လာခဲ့သည်။ သူတို့၏ရှေ့တွင် ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး နောက်ဆုံးတွင်တော့ ရွှေရောင်ဝင်ပေါက်တစ်ခု ပေါ်လာခဲ့၏။

"ငါတွေ့ပြီ။ တကယ့်ကို တံဆိပ်တစ်ခု ရှိနေတာပဲ…"

ဘိုးဘေးလင်းပေါင်က ခံစားချက်များ ပြည့်နှက်နေသော အမူအရာနှင့် ပြောလိုက်သည်။

အလင်းရောင်များက တဖြည်းဖြည်း တောက်ပလာသည့်အချိန်တွင် မုန့်ချီနှင့် ဘိုးဘေးလင်းပေါင်တို့က ဝင်ပေါက်ဆီကို ဖြတ်သွားကြသည်။

ထိုနေရာတွင်တော့ နောက်ထပ်တောင်ကြားတစ်ခု ရှိနေပြီး ထိုနေရာတွင် အသက်စွမ်းအင်များ ပြည့်နှက်နေခဲ့၏။ စိမ်းလန်းနေသော သစ်ပင်များ၊ ရှေးကျလွန်းသော ပစ္စည်းများနှင့် ကောင်းကင်ကြီးထိအောင် မျက်စိတဆုံး ကြည့်နေရသော မြင်ကွင်းများ၊ ခြုံပုတ်ငယ်လေးများ၊ ထူးဆန်းသော ပန်းပွင့်များ၊ တောင်ကြားကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားသော နွယ်ပင်များက သဘာဝတရားကြီး၏ ကြမ်းတမ်းခက်ထန်မှုကို ပြသနေသည်။

"သခင်ကြီး …

ကျွန်တော်တို့ ခွန်းလွန်တောင်က လူတွေပဲ ဒီနေရာအထိ လာခွင့်ရှိပါတယ်။ အစောပိုင်း ကျူးကျော်သူတွေ တစ်ယောက်မှ ဒီကိုမလာနိုင်ကြဘူး…"

ဆေးပင်ဝိညာဉ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

မုန့်ချီက အပြုံးနှင့် မေးလိုက်၏။

"ဒါဆိုရင် အကာအကွယ်ရဲ့နောက်အလွှာက ဘယ်နေရာမှာလဲ…"

ဆေးပင်ဝိညာဉ်က ရှေ့ကို အလျင်အမြန် လျှောက်သွားပြီး မုန့်ချီနှင့် ဘိုးဘေးလင်းပေါင်တို့ကို ဦးဆောင်သွားခဲ့သည်။ သူတို့က ဂျင်ဆင်းနှင့် လင်ဇီးမှိုများ စိုက်ပျိုးထားသော လယ်ကွင်းတစ်ခုကို ဖြတ်ကျော်သွားခဲ့ရ၏။

ထိုအချိန်တွင် သူတို့က ရှေးဟောင်းကျောက်တိုင်ကြီးတစ်ခု၏ ရှေ့ကို ရောက်လာကြ၏။ ထိုကျောက်တိုင်ပေါ်တွင် ရှိနေသော ကျောက်တုံးက ခေါင်းတစ်လုံး အရွယ်အစားခန့်ရှိပြီး အချိန်ကာလနှင့် ရာသီဥတု၏ တိုက်စားမှုကြောင့် အစက်အပြောက်များ ဖြစ်နေခဲ့သည်။

မုန့်ချီက အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်နှင့် ကောင်းကင်ရွေွှကျင့်စဉ်၏ အကျိုးသက်ရောက်မှုကို ပေါင်းစည်းအသုံးပြုလိုက်ပြီး အကာအကွယ်ကို အခက်အခဲမရှိ ဖြေရှင်းလိုက်နိုင်သည်။ ယခင်တုန်းကကဲ့သို့ သူတို့၏ရှေ့တွင် ရွှေရောင်တံခါးတစ်ချပ် ပေါ်လာခဲ့၏။

"ထင်ထားတဲ့အတိုင်းပဲ ။ အတွင်းထဲမှာ နောက်ထပ်အကာအကွယ်တွေ အဆင့်ဆင့်ရှိနေတာပဲ.."

ဘိုးဘေးလင်းပေါင်က တိုးတိုးလေးပြောလိုက်ပြီး မုန့်ချီ၏ မျက်လုံးထဲတွင်တော့ အံ့ဩမှုများ ပြည့်နှက်နေခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ..."

မုန့်ချီ၏ မျက်လုံးများက ကျောက်တိုင်ပေါ်ကို စိုက်ကြည့်နေခဲ့သည်။ ထိုကျောက်တိုင်ပေါ်တွင် ရှားပါးတွင်းထွက်ပစ္စည်းများ၏ အငွေ့အသက်များ မရှိသလို သဘာဝတရားကြီး၏ အနှစ်သာရများလည်း မရှိချေ။ ထိုအရာက သာမန်ကျောက်တုံးတစ်ခုပမာ ထင်မှတ်ရ၏။ ထိုကျောက်တိုင်ပေါ်တွင်တော့ ရှေးဟောင်းလက်ရေးတစ်ခု ရှိနေခဲ့သည်။

"ဒီနယ်မြေထဲမှာရှိတဲ့ ပန်းပွင့်တွေ ၊ မှော်ဆေးပင်တွေက အာရုံခံစားမှုတွေ ရသင့်တယ်.."

"ဘယ်လို..."

ထိုစကားလုံးကို မြင်လိုက်ရသည့်အချိန်တွင် မုန့်ချီက မျက်လုံးပြူးသွားခဲ့သည်။ သူ့ရှေ့တွင် မြင်လိုက်ရသော မြင်ကွင်းက မတူညီသော အခြေအနေအောက်တွင် စကားလုံးများကို မြင်လိုက်ရသလို ဖြစ်နေခဲ့၏။

ထိုအရာက စကားလုံးလေးတစ်ခုသာ ဖြစ်နေသော်လည်း ဆေးပင်ဝိညာဉ် ပြောခဲ့သည့်အတိုင်း ဖြစ်နေခဲ့သည်။ ခွန်းလွန်တောင်တန်းမှ ရောက်လာသော ဆေးပင်အနည်းငယ်က အသိဉာဏ်များ ရှိလာကြ၏။

"ဒါက စည်းမျဉ်းတစ်ခုလား။ ဒါမှမဟုတ် ရေးသားထားတဲ့ စည်းကမ်းချက်တစ်ခုခုလား…။ ထူးခြားတာတစ်ခုခုများ သတိထားမိလား ဘိုးဘေးဆရာကြီး..."

မုန့်ချီက သူဘေးတွင် ရှိနေသော ဘိုးဘေးလင်းပေါင်ကြည့်ပြီး မေးလိုက်သည်။

ဘိုးဘေးလင်းပေါင်က ခေါင်းခါပြလိုက်၏။

"ဘာမှသတိမထားမိဘူး။ ငါက ဒီနေရာမှာ မှော်စွမ်းအား အရင်းအမြစ်တွေ၊ သဘာဝစွမ်းအားတွေနဲ့ ပတ်သက်ပြီး ဘာမှသတိမထားမိခဲ့ဘူး။ ဒီကျောက်တုံးက သာမန်လိုပဲ။ ဒါပေမဲ့ တော်တော်လေးကို လျှို့ဝှက်ဆန်းကြယ်တဲ့ တံဆိပ်တစ်ခုလို့ ပြောရမယ်။ ဒီမှာ လျှို့ဝှက်ချက်မရှိဘူးဆိုတဲ့ ကျောက်တုံးကတင် အထူးခြားဆုံးဖြစ်နေပြီ…"

သူတို့ (၂) ယောက်လုံးက ဆေးပင်ဝိညာဉ်ကို စိုက်ကြည့်လိုက်ကြသည်။ ဝိညာဉ်က အလွန်ထိတ်လန့် ကြောက်ရွံ့သွားခဲ့၏။

"ကျွန် ကျွန် ကွန်တော်လည်း မသိပါဘူး…"

သူတို့က ထိုကိစ္စကို ခဏမေ့လျော့ထားရန် ဆုံးဖြတ်လိုက်သည်။ သူတို့က တံခါးကို ဖြတ်သွားလိုက်သည့်အချိန်တွင် သူတို့၏ရှေ့၌ အလွန်ကြီးမားသော နယ်မြေကြီးတစ်ခုကို တွေ့လိုက်ရပြန်သည်။ ထိုအရာက ကျောက်တုံးများ ကျောက်ခဲများ ပြည့်နှက်နေသော နယ်မြေတစ်ခုဖြစ်ပြီး သစ်ပင်ပေါင်းပင်တစ်ခုမှ မရှိချေ။

ထိုနေရာတွင် ကျောက်တိုင် တစ်ခုတည်းသာရှိနေပြီး ထိုအရာက သူတို့မြင်တွေ့ခဲ့ဖူးသော ကျောက်တိုင်နှင့် တစ်ထပ်တည်းနီးပါး ဖြစ်သည်။ ထိုကျောက်တိုင်ပေါ်တွင်တော့ တူညီသော စာသားတစ်ခုကို ရေးသားထား၏။

"ဒီကမ္ဘာကြီးထဲမှာ ပထမကောင်းကင်လှေကားကို ဖြတ်ကျော်နိုင်တဲ့ သက်ရှိ တစ်ယောက်မှ မရှိရဘူး…"

"ဘယ်လို..."

မုန့်ချီ၏ ရင်ထဲတွင် အကြောက်တရားများ ပြည့်နှက်လာခဲ့ပြီး အတော်လေးကို ထိတ်လန့်သွားခဲ့သည်။ သူနှင့် ဘိုးဘေးလင်းပေါင်တို့က အချင်းချင်း ကြည့်လိုက်မိကြ၏။

အမှန်တကယ်လည်း ဤကမ္ဘာကြီးထဲတွင် ပထမကောင်းကင်လှေကားကို ဖြတ်ကျော်နိုင်သော လူတစ်ယောက်မျှ မရှိခဲ့ပေ။ အများဆုံး သူတို့ထဲမှ အနည်းငယ်က ထိုအဆင့်နှင့် တူညီသော တိုက်ခိုက်စွမ်းရည်များ၊ စွမ်းအားများကို ပြသနိုင်ခြင်းသာ ရှိသည်။

ဘိုးဘေးလင်းပေါင်ကလည်း တစ်စုံတစ်ခု လွဲမှားနေကြောင်း ခံစားနေမိပြီး လက်ချောင်းလေးများကို လှုပ်ရှားနေခဲ့သည်။ သူတို့၏ရှေ့တွင် ရှိနေသော ကျောက်တိုင်က အလွန်ရိုးရှင်းပြီး ကျောက်တိုင်ပေါ်တွင် ရှိနေသော စာသားများကလည်း မှော်ပညာများ အသုံးပြုထားခြင်း မရှိချေ။

ထိုသို့ဆိုရာတွင် ထိုအရာက ဤကမ္ဘာကြီးကို ဖိနှိပ်ထားသော ကြောက်မက်ဖွယ်ရာ ကျိန်စာတစ်ခု သို့မဟုတ် စည်းမျဉ်းတစ်ခု ဖြစ်နေခဲ့သည်။

"ဒီကမ္ဘာကြီးထဲမှာရှိတဲ့ အရာအားလုံးက ဒီကျောက်တုံးတွေပေါ်မှာ ရေးထားတဲ့ စကားလုံးတွေရဲ့ ကန့်သတ်ချက်တွေအတိုင်း ဖြစ်နေတာလား။ တစ်ယောက်မှ အဲဒီစည်းမျဉ်းကနေ မလွတ်ဘူးလား…"

အကယ်၍ ထိုကိစ္စကသာ အမှန်ဆိုလျှင် အလွန်ကြောက်စရာ ကောင်းလွန်းလှသည်။ ဒဏ္ဍာရီပညာရှင်က ဘာကြောင့် ထိုကဲ့သို့ အစွမ်းမျိုးကို ပိုင်ဆိုင်ထားရသနည်း။ ကမ္ဘာတစ်ခုကို စကားလုံးတစ်ခုတည်းနှင့် အကြွင်းမဲ့ အုပ်စိုးနိုင်ခြင်း ဖြစ်၏။

သူတို့က ခဏကြာ တိတ်ဆိတ်သွားကြသည်။ သူတို့က ထိုအရာကို မည်သို့ တုံ့ပြန်ရမှန်းလည်း မသိခဲ့ပေ။ နောက်တွင် ရှိနေသော ဆေးပင်ဝိညာဉ်ကတော့ စကားပင် မပြောရဲချေ။

ကျောက်တိုင်၏နောက်တွင် သူတို့ကို လက်ယပ်ခေါ်နေသော နောက်ထပ် ရွှေရောင်တံခါးတစ်ခု ရှိနေသည်။ သူတို့က တံခါးကို ဖြတ်ကျော်သွားသည့်အချိန်တွင် သူတို့၏ရှေ့၌ အလွန်ကြီးမားသော ကွင်းပြင်ကြီးတစ်ခု ပေါ်လာခဲ့၏။

ထိုဖုန်းဆိုးမြေကြီးပေါ်တွင် မည်သည့်အရာမျှ ပေါက်ဖွားခြင်း မရှိချေ။ သူတို့ နောက်ထပ် ကျောက်တိုင်တစ်ခုသာ တွေ့လိုက်ရပြီး ထိုအရာက သူတို့ကြုံတွေ့လိုက်ရသည့် တတိယမြောက် ကျောက်တိုင်လည်း ဖြစ်သည်။ ထိုကျောက်တိုင်ပေါ်တွင်တော့ စာတစ်ကြောင်း ရေးထားခဲ့၏။

"ဒီကမ္ဘာကြီးထဲမှာ ချီစွမ်းအားတွေ ပြည့်နှက်နေပြီး ရှားပါးတွင်းထွက်ပစ္စည်းတွေ များပြားတယ်။ ဒါပေမယ့် ဒီကမ္ဘာကြီးထဲမှာ နေထိုင်တဲ့သူတွေ ဖန်တီးတဲ့ မှော်ရတနာတွေ ၊ လက်နက်တွေကတော့ အရည်အသွေး နိမ့်ကျနေလိမ့်မယ်.."

သူတို့က နောက်တစ်ကြိမ် အလွန်ရဲတင်းသော စကားလုံးတစ်ခုကို တွေ့လိုက်ရသည်။ ထိုစကားလုံးကတော့ ဤကမ္ဘာကြီး အကြောင်းကို ပြီးပြည့်စုံစွာ စည်းကမ်းထုတ်ထားသလို ဖြစ်နေခဲ့၏။

"ဒါက ဆုတောင်းတွေကို အမှန်တကယ် ဖြစ်လာစေနိုင်တဲ့ ဒဏ္ဍာရီထဲက နည်းလမ်းတွေများလား။ ဒါမှမဟုတ် ကောင်းကင်ဧကရာဇ်ရဲ့အမိန့်လား..."

မုန့်ချီနှင့် ဘိုးဘေးလင်းပေါင်တို့က ကျောက်တိုင်ကို သေချာ တိတ်တဆိတ် လေ့လာနေပြီး ထိုစကားလုံးများ၏ ဇစ်မြစ်နှင့် လျှို့ဝှက်ချက်များကို စဉ်းစားနေခဲ့သည်။ ထိုအရာက သာမန်‌ကျောက်တုံးတစ်ခုသာဖြစ်ပြီး မည်သည့်မှော်အစွမ်းမျှ ပြသခဲ့ခြင်း မရှိချေ။

သူတို့က ကျောက်တိုင်၏ နောက်တွင်ရှိနေသော နောက်ထပ် ရွှေရောင်တံခါးဆီသို့ လျှောက်သွားခဲ့ကြ၏။ ယခုတစ်ကြိမ်တော့ သူတို့က အဆောက်အဦးတစ်ခု၏ ရှေ့တွင် ရောက်နေကြောင်း တွေ့လိုက်ရသည်။ ထိုအရာက အလယ်အလတ် အရွယ်အစားရှိသော အခန်းတစ်ခုဖြစ်၏။

ထိုအဆောက်အဦး၏ ရှေ့တွင်တော့ နောက်ထပ်ကျောက်တိုင်တစ်ခု ရှိနေသည်။ ထိုကျောက်တိုင်ပေါ်တွင် ရေးသားထားသော စကားလုံးများကလည်း တူညီသော စကားလုံးများကိုသာ ရေးသားထားခြင်း ဖြစ်သည်။

"ဒီကမ္ဘာကြီးထဲမှာရှိတဲ့ သမုဒ္ဒရာ တစ်စိတ်တစ်ပိုင်းမှာ အဆုံးမဲ့လျှပ်စီးကြောင်းတွေ အညာအတာကင်းမဲ့တဲ့ လေလှိုင်း‌‌တွေ တိုက်ခတ်နေလိမ့်မယ်။ ဒုက္ခတွေ စောင့်ဆိုင်းနေလိမ့်မယ်။ မမြင်ရတဲ့ ဝဲကတော့တွေ ကြောက်စရာကောင်းတဲ့ လေဟာနယ်အက်ကွဲကြောင်းလည်း စောင့်ဆိုင်းနေလိမ့်မယ်။ ပင်လယ်လမ်းကြောင်းက တစ်နှစ်မှာ (၃) လပဲပွင့်လိမ့်မယ်။ ပြီးရင်တော့ နှစ်ဖက်လုံးမှာ လမ်းကြောင်းက ပိတ်သွားလိမ့်မယ်…"

မုန့်ချီက ကျောက်တိုင်ပေါ်တွင် ရေးသားထားသော စကားလုံးများကြောင့် ပို၍ပင် ရှုပ်ထွေးသွားမိသည်။ သူက တစ်ခုတော့ သေချာ နားလည်သွားခဲ့၏။ ထိုစာသားများက ဤကမ္ဘာကြီးကို ဖန်တီးခဲ့သောသူ ချမှတ်ထားသော စည်းမျဉ်းများ ဖြစ်သည်။

"ဒီကမ္ဘာကြီးကို နတ်ဘုရားတစ်ပါးက ဖန်တီးခဲ့တာများလား။ ဒါပေမဲ့ ဒီကမ္ဘာကြီးရဲ့ အစောပိုင်းက အဲဒီလို မဟုတ်ခဲ့ဘူး…"

ဘိုးဘေးလင်းပေါင်က ရုတ်တရက် ပြောလိုက်သည်။

မုန့်ချီကလည်း တူညီစွာ သံသယဝင်နေပြီး ဆက်လက် စဉ်းစားနေမိခဲ့၏။ သူက တိတ်ဆိတ်နေပြီး သူ၏အမြင်ကို ပြောလိုက်သည်။

"ဒီကျောက်တိုင်တွေက ဒီကမ္ဘာကြီးရဲ့ မူလဇစ်မြစ်ထက် ပိုပြီးတော့ သက်တမ်းနုတယ်။ တစ်ယောက်ယောက်က စည်းမျဉ်းဖန်တီးတဲ့အနေနဲ့ ဒီနေရာမှာ ချထားတာ ဖြစ်နိုင်တယ်.."

ဘိုးဘေးလင်းပေါင်က ရေးသားထားသော စာသားများကို လေ့လာပြီး ထိုကျောက်တိုင်များ၏ သက်တမ်းကို တွက်ချက်ကြည့်လိုက်သည်။

"နောက်ပိုင်းမှ စည်းမျဉ်းအသစ်တွေ ချမှတ်တာလား။ ဒါပေမဲ့ ဘာကြောင့်လဲ..."

မုန့်ချီ၏ရင်ထဲတွင် သံသယများ ပြည့်နှက်နေခဲ့သည်။

ထိုသို့ဆိုရာတွင် ထိုကျောက်တိုင်ကို ဖန်တီးခဲ့သော ပညာရှင်က အလွန်ကြောက်စရာ ကောင်းကြောင်း သိသာနေသည်။ ဤကမ္ဘာကြီး၏ ထူးခြားမှုများအားလုံးက လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုအဖြစ် ရှိနေခဲ့၏။

သူတို့က တံခါးများကို ဖြတ်သွားလာနေသည်နှင့်အမျှ ရွှေရောင်ကျောက်တိုင်များကို တွေ့လာရပြီး တဖြည်းဖြည်း ဝေးဝေးကို ရောက်လာလေလေ အခန်းများက သေးငယ်လာလေလေ ဖြစ်သည်။ နောက်ဆုံးတွင်တော့ သူတို့က အလွန်သေးငယ်သော အခန်းတစ်ခုကို ရောက်လာခဲ့၏။

အလယ်တွင်တော့ နောက်ထပ်ကျောက်တိုင်တစ်ခု ရှိနေသည်။ ထိုအပေါ်တွင်လည်း တူညီသော စကားလုံးတစ်ခုကိုသာ ရေးသားထားသည်။

"ဒီနေရာကို ကောင်းကင်ရွှေကျင့်စဉ် ၊ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ် ကွမ်ဟန်းကျိန်စာ ၊ ပြောင်းလဲခြင်း (၉) သွယ်သိုင်းပညာ ဒါမှမဟုတ် တံဆိပ်ပြားတစ်ခုရှိနေတဲ့သူတွေပဲ ဝင်လို့ရနိုင်မယ်…"

သူတို့ကတော့ ထိုတောင်းဆိုချက်များ မပြည့်လျှင်ပင် သူတို့ဝင်ရောက်ခြင်းကို တားမြစ်နိုင်သော ဝင်္ကပါတစ်ခု ရှိနေခြင်းကို ခံစားမိခြင်း မရှိချေ။ သို့သော် အရာအားလုံးက ကျောက်တိုင်ပေါ်တွင် ဖော်ပြထားသော စကားလုံးများအတိုင်း အတိအကျ ဖြစ်နေသည်။ ထိုအရာက ဤကမ္ဘာကြီးပေါ်တွင် ရှိနေသော လူတိုင်းအပေါ် သက်ရောက်နိုင်သော အကြွင်းမဲ့ စည်းမျဉ်းတစ်ခု ဖြစ်နေခဲ့၏။

"ငါက စိမ်းပြာနန်းတော်ကို ပထမဆုံး တွေ့ခဲ့တဲ့အချိန်မှာတောင် ဒီလောက် လေးနက်တဲ့အရာမျိုးကို မတွေ့ရဘူး…"

ဘိုးဘေးလင်းပေါင်က ခံစားချက်များ ပြည့်နှက်စွာ ပြောလိုက်သည်။

ကျောက်တိုင်၏ နောက်တွင်တော့ နောက်ထပ် တံခါးတစ်ချပ် စောင့်နေခဲ့၏။ သူတို့အနေနှင့် ပြောရမည်ဆိုလျှင် ထိုအရာက နောက်ဆုံးဖြစ်နိုင်သည်။ သူတို့က အသက်ရှူသံကို ထိန်းချုပ်ပြီး ဆေးပင်ဝိညာဉ်ကို တံခါးတွင်ထားခဲ့၍ တံခါးဆီသို့ လျှောက်သွားခဲ့၏။

ထိုအရာက မီတာ အနည်းငယ်လေးသာကျယ်သော အခန်းငယ်လေးတစ်ခု ဖြစ်သည်။ အတွင်းထဲတွင်တော့ တစ်ထပ်တည်းကျသော ကျောက်တိုင်တစ်ခု ‌ရှိနေသည်။ ထိုကျောက်တိုင်ပေါ်တွင်တော့ အစောပိုင်းတွင် သူတွေ့ခဲ့ရသော စည်းမျဉ်းများကို ရေးသားထားခြင်း မရှိချေ။

ထိုကျောက်တိုင်ပေါ်တွင် မည်သည့်အရာမျှမရှိဘဲ အောက်ခြေတွင်တော့ ရိုးရှင်းသော နာမည်တစ်ခုကိုသာ ရေးသားထားသည်။

"ကျောက်စိမ်းပုံရိပ်ယောင်နန်းတော် ရန်ကျန်း…"

"ရန်ကျန်းလား...။ ရန်အာလန်လို့ခေါ်တဲ့ တစ်ယောက်လား။ သန့်စင်မှော်အရှင်လား.."

မုန့်ချီက အလွန်အံ့ဩသွားခဲ့လေသည်။

Translated by Hein Htet.

All Chapters