အခန်း (၅၇၆)
Vol. 39 Ch. 576
“သန့်စင်မှော်အရှင်လား…”
ဘိုးဘေးလင်းပေါင်က တီးတိုးရေရွတ်လိုက်သည်။
“သူက ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်ရဲ့ တတိယမြောက်မျိုးဆက် တပည့်တွေထဲမှာ ထိပ်တန်းပညာရှင်တစ်ယောက်ပဲ။ သူက သူ့ရဲ့ခန္ဓာကိုယ်ကို အတိုင်းအတာတစ်ခုအထိ လေ့ကျင့်ထားတယ်။ ဒါကြောင့် သူ့ဆီမှာ ဒီလိုအစွမ်းမျိုး ရှိနေတာပဲ….”
သူက စိမ်းပြာနန်းတော်ကို ရရှိခဲ့ပြီးနောက် နတ်ဘုရားကမ္ဘာကြီးထဲကို အကြိမ်ပေါင်းများစွာ ဝင်ရောက်ခဲ့ရသည်။ ထို့ကြောင့် သူက ရန်ကျန်း၏ ပုံပြင်ဒဏ္ဍာရီများ အကြောင်းကို ကြားဖူးနေခဲ့၏။ သူက သန့်စင်မှော်အရှင်၏ အစစ်အမှန်စွမ်းအားကို မုန့်ချီ သိအောင် သတိပေးရန် ရည်ရွယ်ချက် ရှိနေခြင်းသာ ဖြစ်သည်။ သူက ထိုအရာကို မသိမှာကို စိုးရိမ်နေခဲ့၏။
သို့သော် မုန့်ချီက မူလကမ္ဘာကြီးထဲတွင် ရန်အာလန်နှင့် ပတ်သက်သော အကြောင်းအရာများကို သိထားပြီးသည့်အတွက် သတိပေးစရာ မလိုအပ်ပေ။ အမှန်အတိုင်း ပြောရလျှင် ရန်ကျန်းက အသွင်ပြောင်း(၇၂)မျိုးကို လေ့ကျင့်ရာတွင် သူ၏စံပြတစ်ယောက် ဖြစ်ခဲ့ဖူးသည်။
မုန့်ချီက ပင့်သက်ရှိုက်လိုက်မိပြီး သူ၏ထိတ်လန့်အံ့သြမှုများကို ဖိနှိပ်ထားလိုက်သည်။ သူက ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုနေပြီး သဲလွန်စများကို ရှာဖွေရန် ကြိုးစားနေခဲ့သည်။
ရန်အာလန်က ဤနေရာတွင် ကျောက်တိုင်ကို အကြောင်းပြချက်မရှိ ချထားရန် မဖြစ်နိုင်ပေ။ သူက ဘာလုပ်ချင်ခဲ့သနည်း။ ရုတ်တရက်ဆိုသလို သူက ကျောက်တိုင်၏ နောက်တွင် အရာဝတ္ထုတစ်ခုကို မြင်လိုက်ရ၏။
ထိုအရာက အလွန်သန့်စင်သော အနက်ရောင်လေးထောင့်အစွန်းများ ရှိနေသည်။ ထိုအရာကို တခြားသော အာရုံခံစွမ်းရည်များနှင့် စစ်ဆေးနိုင်ခြင်း မရှိပေ။
“ဟမ်....”
သူက ရှေ့ကို တစ်လှမ်းတိုးသွားပြီး အနီးကပ် ကြည့်ရှုလိုက်၏။ ထိုအရာကတော့ လက်ဖဝါးအရွယ်အစားခန့်ရှိ သစ်သားပြားတစ်ခုဖြစ်ပြီး အောက်ခြေတွင်တော့ ရွှေရောင်စကားလုံးများနှင့် ပုံရိပ်ယောင်နန်းတော်ဟု ရေးသားထားသည်။
“ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်က တပည့်တွေရဲ့ တံဆိပ်ပြားပဲ..”
ဆေးပင်ဝိညာဉ်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
သေချာ ဂရုတစိုက် စစ်ဆေးကြည့်လိုက်ပြီးနောက် ဘိုးဘေးလင်းပေါင်က ပစ္စည်းကို ကောက်ယူရန် မုန့်ချီကို ညွှန်ကြားလိုက်သည်။
“ဒါက ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်နဲ့ ပတ်သက်နေတယ်။ ဒီနေရာမှာလည်း လျို့ဝှက်ဆန်းကြယ်စွာ ကျန်နေခဲ့တာပဲ။ ဒါက မင်းနဲ့ ပတ်သက်နေနိုင်တဲ့အတွက် နောက်ပိုင်း အသုံးချလို့ရအောင် ယူထားလိုက်…”
မုန့်ချီက ခေါင်းညိတ်ပြီး သိမ်းထားလိုက်သည်။ သူ့ခေါင်းထဲတွင် အဖြေမရသေးသော်လည်း ပြဿနာများစွာ ရှိလာနိုင်ခြင်းကို စိုးရိမ်နေခြင်း မရှိချေ။
တံဆိပ်ပြားလေးကို ယူလိုက်ပြီးနောက် ဘိုးဘေးလင်းပေါင်က သူတို့ဝင်လာခဲ့သော ရွှေရောင်တံခါး၏ ပတ်ပတ်လည်ကို စတင်စစ်ဆေးနေခဲ့သည်။ အချိန်တော်တော်ကြာပြီးနောက် သူက သက်ပြင်းချလိုက်မိ၏။
“တကယ်လို့ မင်းကြောင့်သာ မဟုတ်ရင် ငါက ဒီနေရာကို မတော်တဆ ရှာတွေ့နိုင်မှာတောင် မဟုတ်ဘူး။ ဒီနယ်မြေထဲကို ဝင်လာဖို့ကတော့ ပြောမနေနဲ့.။ တချို့နေရာတွေမှာ လှည့်ကွက်တွေက အသုံးမဝင်ဘူး။ ဒါက ဒီကမ္ဘာကြီးထဲရဲ့ စည်းမျဉ်းပဲ..”
မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။
“မြို့စား(၅)ယောက်က ဟာကွက်ကနေတဆင့် ဒီနေရာကို ဝင်လာဖို့ ဘယ်လိုများ တွေးမိခဲ့ကြတာလဲ။ တကယ်လို့ သူတို့က ဝင်လာနိုင်မယ်ဆိုရင်တောင် အတွင်းထဲမှာ ဘာမှတွေ့ရမှာ မဟုတ်ဘူး…”
ဤနေရာတွင် စိတ်ဝိညာဉ်အာရုံခံနိုင်စွမ်းကို တားဆီးနိုင်သော တံဆိပ်ပြားလေးကလွဲလျှင် တခြားထူးခြားသည့် အရာမတွေ့ရပေ။ သူက ထိုအရာကို လေဟာနယ်လက်စွပ်ထဲတွင် သိမ်းထားလိုက်၏။
“သူတို့က သန့်စင်မှော်အရှင် ချန်ထားခဲ့တဲ့ ပထမဆုံး တံဆိပ်ပြားကို ရရှိသွားတာလည်း ဖြစ်နိုင်တယ်။ ဒီတော့ ဟာကွက်တွေကို သုံးတာက အသုံးမဝင်နိုင်တော့ဘူး…” ဆေးပင်ဝိညာဉ်က အားနည်းစွာ ရှင်းပြလိုက်သည်။
မုန့်ချီနှင့် ဘိုးဘေးလင်းပေါင်တို့က ကျောက်တိုင်ကို လှည့်ကြည့်လိုက်ကြပြီး ထိုဝိညာဉ်ကို လျစ်လျူရှုထားခဲ့သည်။ သူတို့က ထိုကျောက်တိုင်ကို စစ်ဆေးကြည့်ရန် အာရုံခံလိုက်သည့် အချိန်တွင် ကျောက်တိုင်က သာမန်ပုံစံသာ ထင်မှတ်ရသည်။ ထိုနေရာတွင် ထူးခြားသောအရာများကို သတိထားမိခြင်း မရှိချေ။
ထိုအရာက ကောင်းကင်ကြီးပေါ်တွင် ရှိနေသော တိမ်တိုက်များ၊ ပင်လယ်ထဲတွင် ရှိနေသော ရေများကဲ့သို့ သဘာဝအတိုင်း ဖြစ်နေခဲ့သည်။ ထိုတံဆိပ်ပြားက စိတ်ဝိညာဉ် အာရုံခံနိုင်စွမ်းကို ကာကွယ်နိုင်ကြောင်း သိသွားသည့်အချိန်တွင် သူတို့နှစ်ယောက်က ကျောက်တိုင်ကို ကိုင်ကြည့်ပြီး ခံစားကြည့်နေကြ၏။
ထိုအချိန်တွင် အေးစက်ပြီး မာကျောသော ကျောက်တိုင်၏ ခံစားမှုတစ်ခုက မုန့်ချီ၏ ခေါင်းထဲကို ဝင်လာခဲ့သည်။ သူ၏စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲမှ ထွက်လာပြီး လေထဲသို့ ပျံသန်းသွားသလို ခံစားနေရ၏။ သူက အလွန်ကျယ်ပြန့်သော ကမ္ဘာကြီးကို စိုက်ကြည့်နေရသလို ခံစားနေရသည်။
လနှင့် နေပေါ်တွင် ရှိနေသော အကြောင်းအရာများ၊ ပြောင်းလဲမှုများ၊ သံသရာစက်ဝိုင်းနှင့် ကမ္ဘာမြေကြီး၏ စည်းမျဉ်းများအတိုင်း သက်ရှိများ ပေါ်လာသည့် ဖြစ်စဉ်များအားလုံးကို ခံစားမိနေခဲ့သည်။ သူတို့ထဲတွင်တော့ ကျောက်တိုင်(၉)ခု ရှိနေခဲ့သည်။ သူတို့က လုံးဝိုင်းပြီး ဟာကွက် မရှိချေ။ ထိုကျောက်တိုင်များက ဤနေရာမှ ဟုတ်ပုံမရဘဲ ထိုကမ္ဘာကြီး၏ အပြင်ဘက်မှ ထိုးစိုက်ထားသလို ထင်မှတ်ရသည်။
“ဒီကျောက်တိုင်(၉)တိုင်က ဒီကမ္ဘာကြီးကို ကန့်သတ်ပြီး ဖိနှိပ်ထားတာပဲ..”
မုန့်ချီ၏နားထဲတွင် ဘိုးဘေးလင်းပေါင်၏ စကားသံကို ရုတ်တရက် ကြားလိုက်ရသည်။
“ဒီကမ္ဘာကြီးကို ဖိနှိပ်ထားတာလား။ ဘာကြောင့် အဲဒီလိုမျိုး လိုအပ်ရတာလဲ…”
မုန့်ချီက ရှုပ်ထွေးသွားခဲ့သည်။
ဘိုးဘေးလင်းပေါင် ကိုယ်တိုင်လည်း ရှုပ်ထွေးသွားခဲ့ပြီး တစ်ယောက်တည်း တီးတိုး ရေရွတ်နေမိ၏။
“တကယ်လို့ ငါက တံဆိပ်ကို ဖယ်ရှားလိုက်မယ်ဆိုရင် ဘာဖြစ်သွားမှာလဲ…”
သူက ဆန်းကြယ်ကျင့်စဉ်ကို အသက်သွင်းလိုက်ပြီး ကျောက်တိုင်၏ အစွမ်းကို တိတ်တဆိတ် စစ်ဆေးကြည့်နေခဲ့၏။ အချိန်တော်တော်ကြာပြီးနောက် သူက သက်ပြင်းချလိုက်မိသည်။
“ငါ့ရဲ့လက်ရှိအစွမ်းအရ ငါက တာအို(၃)သွယ် ပေါင်းစည်းခြင်းအစွမ်းကိုသုံးပြီး အင်မော်တယ်သတ်ဖြတ်ရေး ဝင်္ကပါ ချထားလိုက်မယ်ဆိုရင်တောင် ဒီကျောက်တိုင်ပေါ်မှာ ဓားရာတစ်ခု ပေါ်လာအောင် မလုပ်နိုင်ဘူး။ ကြည့်ရတာတော့ ရန်အာလန်က ဒီကျောက်တိုင်(၉)ခုကို ဘာလို့ချခဲ့တာလဲဆိုတဲ့ အကြောင်းပြချက်ကို ငါတို့ ရှာလို့ရဦးမှာ မဟုတ်ဘူး…”
မုန့်ချီက ရှေးဟောင်းပညာရှင်တစ်ယောက်နှင့် လက်ရှိဓမ္မကာရအဆင့် ပညာရှင်၏ စွမ်းအားကွာဟမှုကို နားလည်သွားခဲ့သည်။ သူ့အနေနှင့် ပြောရလျှင်တော့ ချုံဟယ်က အင်မော်တယ်သုတ်သင်ရေး ဓားဝင်္ကပါကို တစ်ယောက်တည်း ဖန်တီးနိုင်သည့်အတွက် ထိပ်တန်းဓမ္မကာရအဆင့် ပညာရှင်များထဲမှ တစ်ယောက် ဖြစ်နိုင်သည်။ ဆရာကြီးလုကပင် သူ့ထက် ပို၍အားနည်းနေနိုင်သည်။
မုန့်ချီက ပြိုင်ဘက်ကင်း နတ်ဘုရားလက်နက်တစ်ခုကို လုံးဝ မတွေ့ဖူးပေ။ သို့သော် တာအိုသခင် ရှိုကျင်းက သူ၏အချိန်အရိပ်ဓားကို အသုံးချပြီး ကျားဖြူမိစ္ဆာဘုရင်ကို ယာယီဖိနှိပ်နိုင်ခဲ့သည်။ ထို့ကြောင့် ကောင်းကင်သတ်ဖြတ်ရေး ပုဆိန်ရှိနေသော ကူအာဒိုနှင့် ချုံဟယ်တို့၏ ကွာဟမှုကို နှိုင်းယှဉ်ရန် ခက်ခဲနေနိုင်သည်။ သူက ယခုအချိန်ထိ ဆရာကြီးလု၏ စွမ်းအား ပြည့်ပြည့်ဝဝကိုလည်း မမြင်ဖူးသေးပေ။ ထို့ကြောင့် သူ၏ သုံးသပ်မှုက တိကျမှု မရှိနိုင်ပေ။
“ကျွန်တော်တို့က တံဆိပ်ပြားနဲ့ မြို့စား(၅)ယောက်ဆီကနေ သဲလွန်စတွေ၊ အချက်အလက်တွေ ရကောင်းရနိုင်ပါတယ်…”
မုန့်ချီက ပြောလိုက်သည်။
သူက ဆေးပင်ဝိညာဉ်ကို ကြည့်လိုက်ပြီး ဘိုးဘေးလင်းပေါင်ကို လျို့ဝှက်အသံ ပို့ဆောင်မှုနှင့် ပြောလိုက်သည်။
“ဒီဝိညာဉ်က မရိုးသားဘူး။ ကျွန်တော်တို့ကို ကြောက်ချင်ယောင်ဆောင်နေတာ။ သူ့ရဲ့ အပြုအမူတွေက တော်တော်လေး ထူးဆန်းနေတယ်…”
“သန့်စင်မှော်အရှင်က ခွန်းလွန်တောင်က ဆေးပင်တွေကို ဘာကြောင့် ဒီနေရာဆီ ရွှေ့လိုက်ရတာလဲ။ သူတို့က တံဆိပ်ပေါ်မှာ အကျိုးသက်ရောက်မှု မရှိဘူး။ ဒါဆိုရင် အတွင်းထဲမှာ ကျောက်တိုင်နဲ့ တခြားအင်ပါယာ တစ်ခုခု ရှိနေတာများလား…”
ရန်ကျန်း ချန်ထားခဲ့သော တံဆိပ်ပြားက သူတို့၏ဆွေးနွေးမှုတွင် ခြွင်းချက်တစ်ခု ဖြစ်နေခဲ့သည်။ ဘိုးဘေးလင်းပေါင်က ခေါင်းညိတ်ပြလိုက်၏။
“ငါလည်း သဘောတူတယ်။ ဒီအမြစ်စိမ်းက ဒီထက်ပိုပြီး သိထားတယ် ထင်တယ်။ ငါတို့က သူ့ကို အင်မော်တယ်စခန်းဆီ ပြန်ခေါ်သွားပြီး သံသရာအရှင်သခင်ဆီမှာ စစ်ဆေးကြည့်ရင် မကောင်းဘူးလား… ”
ထိုဆေးပင်ဝိညာဉ်က အမြစ်ကြီး မကောင်းဆိုးဝါးတစ်ကောင်နှင့် တူညီနေသည်။ “ကောင်းတယ်…”
မုန့်ချီနှင့် ဘိုးဘေးလင်းပေါင်တို့က ထိုဆေးပင်ဝိညာဉ်ကို တံဆိပ်ထဲမှ ထုတ်လိုက်ကြသည်။ ထို့နောက် သူတို့က သေချာစုံစမ်းစစ်ဆေးပြီး ဆေးပင်ဝိညာဉ်အကြောင်း အချက်အလက်များ အကြောင်းကို ရှာဖွေရန် ဆုံးဖြတ်လိုက်၏။
တောင်ကြား၏ အပြင်ဘက်တွင်တော့ ဘိုးဘေးလင်းပေါင်က လေဟာနယ်ကို နောက်တစ်ကြိမ် ဖွင့်လိုက်ပြီး မုန့်ချီနှင့် အမြစ်စိမ်းတို့ကိုခေါ်၍ စိမ်းပြာကောင်းကင်နယ်မြေကို ချက်ချင်း ပြန်ရောက်လာခဲ့သည်။
သူတို့က ဤနေရာသို့ ရောက်လာသည့်အချိန်တွင် ဘိုးဘေးလင်းပေါင်နှင့် မုန့်ချီတို့က ဆေးပင်ဝိညာဉ်ကို အလယ်တွင် ရှိနေသော ကျောက်စိမ်းတိုင်လုံးကြီးဆီသို့ ခေါ်လာခဲ့သည်။
ထိုအရာကို မြင်သည့်အခါ ဆေးပင်ဝိညာဉ်က ရုတ်တရက် ရပ်ပြီး ကြောက်လန့်တကြား ပြောလိုက်၏။
“သခင်ကြီးတို့… ကျွန်တော့်ကို ဘယ်ခေါ်သွားမလို့လဲ…”
“မင်းကို နည်းနည်းလောက် စစ်ဆေးကြည့်ရုံပါပဲ…”
မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။ သူ၏မျက်နှာပေါ်တွင် ကောင်းကင်ဘိုးဘေးမျက်နှာဖုံး ရှိနေသည်မှာ ကံကောင်းသွားသည်။ မဟုတ်လျှင် သူ့ပုံရိပ်က ပျက်စီးသွားနိုင်၏။
“မလုပ်နဲ့။ မလုပ်ပါနဲ့…”
အမြစ်စိမ်းက အလွန်ကြောက်လန့်နေသည့်အလား အသည်းအသန် ရုန်းကန်နေခဲ့သည်။
“မင်းက ဘာကိုကြောက်နေတာလဲ…”
မုန့်ချီက အပြုံးနှင့် မေးလိုက်၏။
အားနည်းသော ဝိညာဉ်သစ်ပင်က ဘိုးဘေးကို မည်သို့ ဆန့်ကျင်နိုင်မည်နည်း။ သူက ချက်ချင်းပင် အဖမ်းခံလိုက်ရပြီး သူတို့ဆီကို ပျံသန်းလာခဲ့သည်။
“မလုပ်နဲ့…”
သူက ကျယ်လောင်စွာ အော်ပြောနေခဲ့သည်။
“ကျွန်တော်က ယုရှုတံခါးကို စောင့်ကြပ်နေရတာပါ။ ကျွန်တော့်ကို လွှတ်ပေးပါ…”
မုန့်ချီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
“ဘာလို့ ဒီလောက်တောင် ကြောက်နေတာလဲ။ သူက ဖုံးကွယ်ထားတဲ့ လျို့ဝှက်ချက်တွေ ပေါ်သွားမှာကို ကြောက်နေတာလား။ နေဦး။ ဘာတွေဖြစ်လာမှာလဲ။ စစ်ဆေးလိုက်တာ ဘာမှမဖြစ်ဘူးလေ။ ဒါပေမဲ့ ဘာလို့ သူက ဒီလောက်တောင် ခုခံနေရတာလဲ…”
ဘိုးဘေးလင်းပေါင်ဆီတွင်လည်း အလားတူ သံသယများ ရှိနေသည်။ သူက လေထဲတွင် ရပ်လိုက်ပြီး သစ်ကိုင်းနှင့်သစ်ရွက်များ လှုပ်ရှားနေသည့် အမြစ်စိမ်းကို ကြည့်နေလိုက်၏။
“မင်းက ဘာကို ကြောက်နေတာလဲ…”
အမြစ်စိမ်းက အားနည်းစွာ ပြောလိုက်သည်။
“ကျွန်တော် မသွားဘူး။ ကျွန်တော်က သူ့ရဲ့လျှို့ဝှက်ချက်တွေကို သိတယ်။ သူ ကျွန်တော့်ကို သတ်လိမ့်မယ်…”
“ဘယ်သူလဲ။ ဘယ်သူ့ရဲ့လျှို့ဝှက်ချက်တွေလဲ…”
မုန့်ချီက ချက်ချင်း သတိပြန်ဝင်လာခဲ့သည်။ သူ့လေသံကလည်း ပို၍လျင်မြန်လာပြီး အသက်ရှူသံက နှေးကွေးသွားသလို ထင်ရ၏။
ဝိညာဉ်သစ်ပင်၏ သစ်ကိုင်းတစ်ခုက အလယ်တွင် ကျောက်စိမ်းတိုင်လုံးကြီးကို ညွှန်ပြလိုက်သည်။
“ကျွန်တော်က သူ့ရဲ့အငွေ့အသက်တွေကို မှတ်မိတယ်…”
“သံသရာအရှင်သခင်လား…”
မုန့်ချီက အလွန်ထိတ်လန့်သွားခဲ့သည်။ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရ၏။
သူက အကြောင်းအရာများကို ရှင်းရှင်းလင်းလင်းပင် မတွေးနိုင်တော့ပေ။ ဆေးပင်ဝိညာဉ်က သံသရာအရှင်သခင်ကို မြင်ခဲ့ဖူးခြင်းပေလော။ ထို့ကြောင့် သူ၏ အငွေ့အသက်များကို မှတ်မိနေခြင်းပေလော။ ထိုအရာက အလွန်ရယ်စရာကောင်းလွန်းလှသည်။ လျို့ဝှက်ဆန်းကြယ်သော သံသရာ အရှင်သခင်၏ အစစ်အမှန်နောက်ကြောင်းက ပေါ်လာတော့မည်လော။
ဘိုးဘေးလင်းပေါင်ကလည်း အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့ပြီး ရှာဖွေမှုအသစ်ကို စဉ်းစားနေပုံရသည်။ ခဏကြာပြီးနောက် သူက မုန့်ချီနှင့် ဆေးပင်ဝိညာဉ်တို့ကို စိမ်းပြာနန်းတော်ထဲမှ ပြန်ခေါ်လာပြီး တံဆိပ်ကို ဖြည်ပေးလိုက်၏။
“မင်းက ဘယ်အချိန်မှာ သူ့ကို တွေ့ခဲ့တာလဲ…”
ဘိုးဘေးလင်းပေါင်က ဆေးပင်ဝိညာဉ်ကို မေးလိုက်သည်။
ထိုဝိညာဉ်က ကြောက်လန့်စွာ ပြန်ဖြေလိုက်၏။
“ကျွန်တော် အသိဉာဏ်မရခင် သူက ပိတ်လှောင်ထားတဲ့ နေရာကို ရောက်လာခဲ့တယ်လို့ ခံစားခဲ့ရတယ်။ အဲဒါက ဘာလဲဆိုတာနဲ့ ဘယ်နေရာကို သွားလဲဆိုတာတော့ ကျွန်တော်လည်း တိတိကျကျ မပြောနိုင်ဘူး။ ဒါပေမဲ့ အဲဒီအချိန်မှာ သူက အရမ်းကို လျှို့ဝှက်နေတဲ့အတွက် ကျွန်တော် သိတယ်ဆိုတာ စစ်ဆေးမိသွားရင် ကျွန်တော့်ကို သေချာပေါက် သတ်လိမ့်မယ်…”
“သံသရာအရှင်သခင်က ရန်ကျန်းရဲ့ လေဟာနယ်ဆီကို သွားခဲ့တာလား…”
ထိုအခြေအနေက ပို၍ထူးဆန်းလာကြောင်း မုန့်ချီနှင့် ဘိုးဘေးလင်းပေါင်တို့က တွေ့လိုက်ရသည်။ ဘာကြောင့် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေသော သံသရာ အရှင်သခင်က ထိုနေရာကို ကိုယ်တိုင်စစ်ဆေးရန် လိုအပ်နေသနည်း။ သံသရာအရှင်က မည်သူနည်း။
“ဒီမကောင်းဆိုးဝါးက အခုထိ လိမ်နေသေးတယ်။ သူ့မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတယ်..။ မင်းက သူ့ကို ငါ့ဆီ ပေးနိုင်မလား။ ငါက သူ့ကို ဖြည်းဖြည်းချင်း မေးခွန်းထုတ်ပြီး အမှန်တရားကို ဖော်ထုတ်လို့ရတယ်…”
ဘိုးဘေးလင်းပေါင်က မုန့်ချီကို မေးလိုက်သည်။
မုန့်ချီကလည်း ကန့်ကွက်နေရန် မရှိချေ။ ဝိညာဉ်သစ်ပင်က အချိန်အများစုတွင် လျှို့ဝှက်နေခဲ့၏။ ထို့ကြောင့် သူ့ဆီတွင် မကောင်းသော ရည်ရွယ်ချက်ရှိမရှိ မည်သူကမျှ မပြောနိုင်ပေ။ ထိုမကောင်းဆိုးဝါးကို သူ့အနားတွင် ထိန်းသိမ်းထားမည်ဆိုလျှင် အန္တရာယ် ရှိနိုင်၏။
သို့သော် သူတို့ကသာ ထိုအရာကို သံသရာအရှင်သခင်ဆီတွင် လဲလှယ်လိုက်မည်ဆိုလျှင် ထိုမကောင်းဆိုးဝါး ပိုင်ဆိုင်ထားသော သဲလွန်စများ၊ လျှို့ဝှက်ချက်များအားလုံးကို ဆုံးရှုံးသွားနိုင်သည်။ ထို့ကြောင့် ဘိုးဘေးက ထိုမကောင်းဆိုးဝါးကို ထိန်းချုပ်ခြင်းက အကောင်းဆုံး ဖြစ်သည်။
“နောက်ပိုင်းကျရင်တော့ ငါက တခြားဆေးပင်ဝိညာဉ်တွေ၊ တံဆိပ်တွေနဲ့ တခြားအသုံးဝင်တဲ့ အချက်အလက်တွေ ရယူဖို့အတွက် အဲဒီကမ္ဘာကြီးကို နောက်တစ်ကြိမ်ဝင်ဖို့ သွားဦးမယ်။ တကယ်လို့ ငါ တစ်ခုခု ရှာတွေ့မယ်ဆိုရင် မင်းအတွက် သတင်းချန်ထားခဲ့မယ်။ မင်းက လေ့ကျင့်ဖို့ကိုပဲ အာရုံစိုက်ထားလိုက်။ ဘာမှစိတ်မပျံ့စေနဲ့။ နောက်ထပ် သဲလွန်စတစ်ခု ရှာတွေ့ဖို့ ဘယ်လောက် ကြာဦးမယ်ဆိုတာ ငါလည်း သေချာမသိဘူး…”
ဘိုးဘေးလင်းပေါင်က ထိုအရာကို ဂရုတစိုက် စုံစမ်းရန် လိုအပ်သည်ဟု ခံစားမိနေခဲ့သည်။ ထို့ကြောင့် သူက အချိန်ကြာကြာ ပေးရမည် ဖြစ်၏။
မုန့်ချီက သဘောတူလိုက်ပြီး သူ၏စွမ်းရည်နှင့် ထိုအရာမျိုးကို ဝင်မရှုပ်သင့်ကြောင်း သိနေခဲ့သည်။ ဘိုးဘေးလင်းပေါင်က ထိုကိစ္စကို တာဝန်ယူလိုက်သည့်အတွက် သူလည်း ခေါင်းညိတ်ပြီး အမြစ်စိမ်းကို ချန်ထား၍ အလယ်တွင် ရှိနေသော ကျောက်စိမ်းတိုင်လုံးဆီကို တစ်ယောက်တည်း ထွက်သွားခဲ့၏။
သူက တိုင်လုံးဆီသို့ ရောက်သည့်အချိန်တွင် ဓားသမား၏ဓားနှင့် ချန်းဝမ်တင်၏ နေမင်းလက်နက်နှင့် ဖန်းပုတုံ၏ ယပ်တောင်တို့ကို ထည့်လိုက်သည်။
“အစိမ်းရောင်နတ်ဘုရားဓား - အဆင့်နိမ့် အဖိုးတန်လက်နက်…
အလယ်အလတ်အဆင့် ပစ္စည်းတွေနဲ့ ဖန်တီးထားတယ်။ သူ့ရဲ့ အရည်အသွေးက နိမ့်ကျတယ်။ ဒါကြောင့် ကံကြမ္မာမှတ် (၁၄၀၀) နဲ့ပဲ လဲလို့ရမယ်။
နေမင်းခေါင်းပေါင်း - အဆင့်နိမ့်အဖိုးတန်လက်နက်။
ကိုးကွယ်ယုံကြည်မှုစွမ်းအားကို စုစည်းနိုင်တဲ့ အင်မော်တယ်လမ်းကြောင်းက ပစ္စည်းတစ်ခု။ ကံကြမ္မာမှတ် (၁၆၀၀)နဲ့ လဲလို့ရမယ်။
ပြဿနာမဲ့ယပ်တောင် - အဆင့်နိမ့် အဖိုးတန်လက်နက်။ ကံကြမ္မာအမှတ် (၁၁၀၀)နဲ့ လဲလို့ရမယ်…”
မုန့်ချီက လဝက်ခန့်အတွင်း အင်မော်တယ်များ ပေးလိုက်သော ရိုးရှင်းသည့် တာဝန်မှ ကံကြမ္မာမှတ် (၄၁၀၀) ရရှိခဲ့၏။ သူ၏မူလပိုင်ဆိုင်မှုနှင့် ပေါင်းစည်းလိုက်မည်ဆိုလျှင် သူ့ဆီ၌ ကံကြမ္မာမှတ် စုစုပေါင်း (၄၃၀၀) ရှိနေခဲ့သည်။ ထိုအချိန်တွင် ရောင်းချရန် သူ ထားခဲ့သော ရှားပါးတွင်းထွက်တစ်ခုကိုလည်း ဝယ်သွားကြပြီ ဖြစ်သည်။ သူ လိုအပ်သော တခြားအရာများ ရှိနေသေးသည်။
သူက သူတို့၏ တန်ဖိုးကို တွက်ချက်လိုက်ပြီးနောက် ပစ္စည်း(၃)မျိုးကို ယူဆောင်လိုက်သည်။ ထိုအရာများက သူနှင့် ထိုက်တန်သည်ဟုလည်း ယုံကြည်နေခဲ့၏။
ထို့နောက် သူက မြစ်အရှေ့ပိုင်းတွင် ရှိနေသော အင်မော်တယ် ဝင်ပေါက်ဆီသို့ ပျံသန်းသွားခဲ့လေသည်။
Translated by Hein Htet