← Chapters

အခန်း (၅၇၇)

Vol. 39 Ch. 577

အခန်း (၅၇၇)

Vol. 39 Ch. 577

(၄) လပိုင်းတွင် မြေပြင်ပေါ်၌ ရှိနေသော ပန်းပွင့်အများစုက စတင်ညှိုးခြောက်လာပြီး တောင်ထိပ်ပေါ်တွင် မက်မွန်ပွင့်များ စတင်ပွင့်လန်းလာကြသည်။ သို့သော် မြစ်အရှေ့ပိုင်း ကွမ်လင်းတွင်တော့ တူညီသော အရောင်နှင့် အနံ့ရှိနေသော ပန်းပွင့်လေးများက နေရာတိုင်းတွင် ပြည့်နှက်နေပြီး မြို့တစ်ခုလုံး မွှေးရနံ့များ ပျံ့လွင့်နေသည်။

ဝမ်မိသားစု ထိန်းချုပ်ခဲ့သည့် အချိန်ကတည်းကစပြီး ကွမ်လင်းမြို့တွင် သဘာဝကပ်ဘေးများ၊ စစ်ပွဲများကို လုံးဝ ကြုံတွေ့ခဲ့ရခြင်း မရှိချေ။ ထိုမြို့က သမိုင်းကြောင်းထဲတွင် အလွန်နာမည်ကျော်ကြားပြီး လူသားဧကရာဇ်၏ ခေတ်တွင် တည်ဆောက်ခဲ့သည့် ကျောက်တုံးအဆောက်အဦးများပင် ရှိနေခဲ့သည်။

အလယ်ခေတ်တွင် ပြောင်းလဲလာသော အဆောက်အဦးများ၏ သဘာဝကိုလည်း လမ်းဘေး (၂) ဖက်တွင် တွေ့နေရ၏။ ဘေးပတ်လည်တွင် လမ်းလျှောက်နေရုံနှင့် မတူညီသော ခေတ်ကာလများကြားထဲတွင် လျှောက်လှမ်းနေရသလို ခံစားမိပါလိမ့်မည်။

ကွမ်လင်းမြို့တွင် နေထိုင်သူများက သူတို့၏ အမွေအနှစ်များနှင့် ပတ်သက်ပြီး အလွန်ဂုဏ်ယူနေကြသည့်အပြင် မြို့သို့ လာရောက်လည်ပတ်သော ဧည့်သည်များကိုလည်း သမိုင်းဝင်ပစ္စည်းများ အဆောက်အဦးများအကြောင်း အာဘောင်အာရင်းသန်သန် ရှင်းပြတတ်ကြသည်။

ရှေးကျပြီး ပျက်စီးနေသော ပစ္စည်းများ အုတ်ကျွတ်မိုးတစ်ခုကပင် ပြောပြ၍ မတတ်နိုင်သော သမိုင်းကြောင်းနောက်ခံများ ရာဇဝင်များ ရှိနေကြသည်။ လူသားဧကရာဇ်၊ အထွဋ်အမြတ်အင်ပါယာ၊ လောကသခင်နှင့် အလယ်ခေတ်မှ သူတော်စင်များကဲ့သို့ အစွမ်းထက် ပညာရှင်များ၏ သမိုင်းကြောင်းများ ၊ နာမည်များကိုလည်း ဖော်ပြထားတတ်သည်။

အကယ်၍ တချို့မြို့များတွင် လှပသော ပန်းချီကားများ ရှိနေလျှင် ကွမ်လင်းတွင်တော့ ရှေးဟောင်းကျမ်းစာများ ရှိနေပြီး ဤနယ်မြေ၏ သမိုင်းကြောင်းဆိုင်ရာ အဖြစ်အပျက်များကို ပြည့်ပြည့်ဝဝ ပြောပြနေခဲ့သည်။

ယွမ်ရန်က လူသားမျိုးနွယ်စု၏ သမိုင်းကြောင်းနှင့် ပတ်သက်ပြီး သေချာမသိသော်လည်း တောင်ပိုင်းနယ်ခြားမှနေ၍ ကွမ်လင်းမြို့ထဲသို့ ရောက်လာပြီးနောက် သမိုင်းကြောင်းများနှင့် ပတ်သက်ပြီး အတော်လေး စိတ်ဝင်စားနေခဲ့၏။

သူမက စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ပြီး မသိသေးသော ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို စိတ်ဝင်တစား လေ့လာနေခဲ့သည်။ ကိုယ်အလေးချိန် လျော့ကျသွားသည့်အတွက် သူမ၏ခန္ဓာကိုယ်က သဲနာရီ တစ်လုံးကဲ့သို့ ကောက်ကြောင်းလှပပြီး နှင်းပွင့်လေးများကဲ့သို့ အသားအရေက ဖြူဖွေးနေခဲ့သည်။

သူမက အလွန်တောက်ပသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ခါးပတ်လေး ပတ်ထားသည့်အတွက် သေးကျစ်သော ခါးလေးက ခန္ဓာကိုယ် အပေါ်ပိုင်းနှင့် အောက်ပိုင်းကို အထင်းသား ဖော်ပြနေသလို ဖြစ်နေသည်။ အလွန်လှပသော သူမ၏ပုံသဏ္ဌာန်က အလယ်ကုန်းမြေမှ မိန်းမလှလေးများနှင့် လုံးဝကို ကွဲပြားနေပြီး ထူးခြားမှုများ ရှိနေသည့်အတွက် လူတိုင်းက သူမကို မကြာခဏ လှည့်ကြည့်နေကြ၏။

"နေရာတိုင်းမှာ တဏှာရူးတွေ ရှိနေတာပဲ…"

ယွမ်ရန်က စိတ်ထဲတွင်ကြိတ်၍ ကျိန်ဆဲလိုက်ပြီး တစ်ချိန်တည်းတွင် ဂုဏ်ယူနေသလို ခံစားနေရသည်။

သူမက သံသရာအရှင်သခင်ဆီတွင် သူမ၏မွေးရာပါ အနီရောင် အမှတ်အသားကြီးကို ဖယ်ရှားလိုက်သည့်အတွက် ယခု သူမဆီတွင် အလွန်လှပသော မျက်နှာလေးတစ်ခု ရှိနေသည်။ သူမ၏နဖူးပြင်က အနည်းငယ် ကျယ်သော်လည်း သူမ၏မျက်နှာ၊ မျက်လုံးနှင့် လိုက်ဖက်နေခဲ့သည်။

သူမက ကောင်းကင်ကြီးပေါ်ကို မော့ကြည့်လိုက်ပြီး သူတို့ တွေ့ဆုံရမည့်အချိန်ကို ကျရောက်လာပြီဖြစ်ကြောင်း နားလည်သွားခဲ့၏။ ထို့နောက် သူမက တိုင်ပင်စားသောက်ဆိုင်ဆီကို လျှောက်သွားခဲ့သည်။

"ရန်..."

သူမက ကွမ်လင်းတွင် နာမည်အကျော်ကြားဆုံး စားသောက်ဆိုင်၏အနားသို့ ကပ်လာသည့်အချိန်တွင် အလွန်ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရသည်။ မော့ကြည့်လိုက်သည့်အချိန်တွင် စားသောက်ဆိုင်၏ တံစက်မြိတ်အောက်၌ အစိမ်းရောင် ဝတ်စုံလေးနှင့် ရပ်နေသော ချစ်စရာ ဝမ်လင်းယုကို မြင်လိုက်ရသည်။

ဝမ်လင်းယုက မြစ်အရှေ့ပိုင်းတွင် ရှိနေသော မြို့ငယ်လေးတစ်ခုတွင် မွေးဖွားခဲ့ပြီး တခြားအဖော်များနှင့် ယှဉ်လိုက်မည်ဆိုလျှင် ကွမ်လင်းနှင့် ပို၍ရင်းနှီးသည်။ သူမက ဤနေရာတွင် နယ်မြေခံတစ်ဝက်ဟုပင် သတ်မှတ်နိုင်၏။

"ယု..."

ယွမ်ရန်ကလည်း အလွန်ဝမ်းသာသွားပြီး သူမကို လှမ်းခေါ်လိုက်သည်။ သူမက လျင်မြန်စွာ လျှောက်သွားခဲ့၏။ မိန်းမလှလေး (၂) ယောက် တွေ့လိုက်ရသည့် အချိန်တွင် သူတို့က ချက်ချင်းပင် ရင်းနှီးသွားကြ၏။ သူတို့က အန္တရာယ်များစွာကို အတူတူ ရင်ဆိုင်ခဲ့ရသော သိုင်းလောကသားများ ဖြစ်နေသည်မှာ ကံကောင်းသွားသည်။ သူတို့က စကားပြောနေသော်လည်း သတိလွတ်မနေခဲ့ကြပေ။

"ယု …

ဘယ်အချိန်တုန်းက ရောက်နေတာလဲ…"

ယွမ်ရန်က စိုးရိမ်တကြီး မေးလိုက်သည်။

ဝမ်လင်းယုက ရယ်ကာမောကာနှင့် ပြန်ဖြေလိုက်၏။

"ငါက ကွမ်လင်းကို လျှောက်ကြည့်ဖို့အတွက် လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက အိမ်ကနေ ထွက်လာခဲ့တာ။ ငါက ဒီကိုရောက်တာတော့ (၅) ရက်လောက်ရှိပြီ။ နေ့တိုင်း နင်တို့ရောက်လာမယ့်အချိန်ကို စောင့်နေတာလေ…"

"နင့်ရဲ့မိဘတွေက မတားတော့ဘူးလား…"

ယွမ်ရန်က အံ့ဩနေသော အမူအရာနှင့် မေးလိုက်သည်။

ဝမ်လင်းယုက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ရှင်းပြလိုက်၏။

"ငါက တံခါး (၄) ပေါက် ပွင့်နေပြီလေ။ ပြီးတော့ မိသားစုထဲမှာ ထူးချွန်တဲ့လူတစ်ယောက်ဖြစ်နေပြီ။ သူတို့က ငါ့ကို ဘယ်လိုတားနိုင်မှာလဲ…”

ဝမ်လင်းယုက ထိုသို့ ပြောလိုက်သည့်အချိန်တွင် သူမ၏ခန္ဓာကိုယ်ပေါ်သို့ အလင်းရောင်တစ်ခု ကျရောက်လာသည့်အလား တောက်ပသွားသည်ကို ယွမ်ရန်က သတိထားမိသွားသည်။ သူမဆီတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတစ်ခု ရှိလာခဲ့၏။

ပထမတုန်းကတော့ သူမက သမီးတစ်ယောက်၊ တပည့်တစ်ယောက်၊ အမေတစ်ယောက်သာ ဖြစ်သွားနိုင်သည်။ ဝမ်လင်းယုက သူမအဖေ၏ စွန့်စားခန်းများ၊ ကုန်သွယ်ရေးနှင့် မြစ်အရှေ့ပိုင်း ဖြတ်သန်းသွားရသည့် ခရီးစဉ်များအကြောင်းကို မကြာခဏ ကြားခဲ့ဖူးသည်။ ထိုအချိန်ကတည်းကစပြီး သူမက အပြင်ဘက် ကမ္ဘာကြီးအကြောင်းကို အတော်လေးကို စိတ်ဝင်စားနေခဲ့၏။

သူမက ရွာငယ်လေးထဲတွင် ပိတ်မိနေလိုခြင်း မရှိချေ။ ရွာထဲတွင် လက်ထပ် ၊ ကလေးမွေးပြီး သက်ဆုံးတိုင် အသက်ကြီးသည်အထိ နေသွားရမည့်အဖြစ်မျိုးကို မလိုချင်ခဲ့ပေ။ သူမ၏ မူလစွမ်းရည်နှင့် သူမ၏မိသားစု၏ သိုင်းပညာများအရ သူမက ထိုကဲ့သို့ ဘဝမျိုးမှ လွတ်မြောက်ရန် လုံးဝ မဖြစ်နိုင်ခဲ့ပေ။

သို့သော် သူမဆီကို အန္တရာယ်များနှင့်အတူ အခွင့်အလမ်းများ ယူဆောင်လာပေးသော သံသရာအရှင်သခင်နှင့် တွေ့ခဲ့ရသည်။ ယခုတော့ သူမက ကမ္ဘာမြေကြီးထဲတွင် စိတ်တိုင်းကျ သွားလာနိုင်သလို ကိုယ်ပိုင်ဆုံးဖြတ်ချက်လည်း ချနိုင်သည်။ သူမ၏မိဘများက သူမကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။

ပထမတော့ ယွမ်ရန်က အံ့သြနေခဲ့ပြီး သိပ်မကြာခင် လှပစွာ ပြုံးလိုက်မိသည်။

"အဲဒါက အကောင်းဆုံးပဲ…"

သူတို့က အချင်းချင်း စိုက်ကြည့်နေကြပြီး မျက်လုံးထဲတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများကို သတိထားမိနေကြသည်။ ထိုအရာက အတိတ်တွင် သူတို့ဆီ၌ မရှိခဲ့သော အရာများဖြစ်၏။ ယုံကြည်မှုက လူတစ်ယောက်ကို ထူးခြားသော ဆွဲဆောင်မှုတစ်ခု ပေးနိုင်သည်။

"ကောင်းပြီလေ။ ဒါဆိုလည်း တိုင်ပင်စားသောက်ဆိုင်ထဲကို အရင်ဆုံး ဝင်လိုက်ကြမယ်။ ဒါက မြစ်အရှေ့ပိုင်းမှာ နာမည်အကျော်ကြားဆုံး စားသောက်ဆိုင်တွေထဲက တစ်ခုပဲ။ ဒီနေရာမှာရတဲ့ အစားအသောက်တွေက တော်တော်လေးကို လတ်ဆတ်ပြီး အရသာရှိတယ်…"

ဝမ်လင်းယုက ဧည့်သည်ကို စားသောက်ဆိုင်ထဲသို့ ခေါ်သွားရင်း ရှင်းပြလိုက်သည်။

"တကယ်လို့ နင်က အရသာမကြိုက်ဘူးဆိုရင်တောင် တစ်ခုခုကို စမ်းသပ်ကြည့်တာ ကောင်းတာပေါ့…"

ယွမ်ရန်က ခေါင်းညိတ်ပြလိုက်ပြီး စားပွဲထိုး ကောင်လေးတစ်ယောက်ကို စိတ်လှုပ်ရှားစွာ ခေါ်လိုက်သည်။

"ငါတို့ကို အကောင်းဆုံးအခန်းတစ်ခုပေးပါ…"

သူမက အဖော်များကို မြင်တွေ့လိုက်ရပြီးနောက် အလွန်ဝမ်းသာပြီး ရက်ရောနေခဲ့၏။ ထို့ကြောင့် သူမက ဈေးအကြီးဆုံးအခန်းကို ရွေးချယ်ရန် တွေဝေနေခဲ့ခြင်း မရှိချေ။

သို့သော် စားပွဲထိုးကောင်လေးက မျက်မှောင်ကြုတ်ပြီး ခေါင်းခါပြလိုက်၏။

"မိန်းကလေးတို့ …

အကောင်းဆုံးအခန်းက ခြံဝန်းရဲ့အနောက်ဘက်မှာရှိတယ်။ ဒါပေမဲ့ အခုတော့ အဲဒီအခန်းကို သခင်လေးဝမ်က ယူထားပါတယ်။ ကျေးဇူးပြုပြီး နောက်တစ်ခန်းကို ရွေးချယ်ပေးပါ.."

"သခင်လေးဝမ်လား...။ အသက်ထိန်းသိမ်းသူ ဝမ်သခင်လေးလား..."

ထိုနာမည်ကို ကြားသည့်အချိန်တွင် ဝမ်လင်းယု၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ယွမ်ရန်က တောင်ပိုင်းဖုန်းဆိုးမြေမှ သိုင်းပညာရှင်များနှင့်အတူ လူငယ်မှတ်တမ်းမှ ပညာရှင်များအကြောင်းကို ဆွေးနွေးခဲ့ဖူးသည်။ ထို့ကြောင့် သခင်လေးဝမ်က ဝေ့ကျင်းအဆင့်ကို မရောက်ခင် လူငယ်မှတ်တမ်း၏ ထိပ်ဆုံးတွင် ရှိခဲ့သော ပညာရှင် တစ်ယောက်ဖြစ်ကြောင်း သိနေခဲ့၏။ သူ့မိသားစုက ကွမ်လင်းတွင် နေထိုင်သည်။

စားပွဲထိုးကောင်လေးက ပြန်ဖြေလိုက်၏။

"ဟုတ်ပါတယ်…"

"ဘာကြောင့် သခင်လေးဝမ်လို ဝေ့ကျင်းအဆင့်ပညာရှင် တစ်ယောက်က တိုင်ပင်စားသောက်ဆိုင်ထဲကို ရောက်လာရတာလဲ…"

ဝမ်လင်းယုက ဖြစ်နိုင်ခြေများကို သုံးသပ်နေရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒါက တိုက်ဆိုင်နေတာများလား။ မြစ်အရှေ့ပိုင်း ဝမ်မိသားစုရဲ့ဘယ်အကြီးအကဲများ ရောက်နေတာလဲ။ ဒါမှမဟုတ် သခင်ကြီးဝမ်ကိုယ်တိုင်များ ရောက်နေတာများလား.."

ယွမ်ရန်ကတော့ ဝမ်လင်းယု၏ အမူအရာ ပြောင်းလဲမှုကို သတိမထားမိခဲ့ပေ။ သူတို့က မောက်မာနေခြင်း မရှိသည့်အတွက် တခြားအခန်းတစ်ခုကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။

"ခြံဝန်းထဲမှာနေလို့လည်း ဘာမှမကောင်းပါဘူး။ ငါတို့က သိုင်းလောကမှာ ဖြစ်နေတဲ့အရာတွေကို ဘာမှမကြားနိုင်တော့ဘူး။ ဒါပေမယ့် ခန်းမထဲမှာ လူပေါင်းစုံရှိနေတော့ ငါတို့အတွက် မလုံခြုံနိုင်ဘူး…"

သူမက တစ်ယောက်တည်း တီးတိုးရေရွတ်နေပြီး ဒုတိယထပ်တွင် ရှိနေသော အထူးအခန်းတစ်ခုကို ရွေးချယ်လိုက်သည်။ ထို့ကြောင့် သူတို့က ခန်းမထဲတွင် ရှိနေသူများ၊ ပထမထပ် ခန်းမထဲမှ ပြောသည့် စကားလုံးများကို ကြားနိုင်သည်။

အခန်းထဲသို့ ဝင်သွားပြီးနောက် သူတို့က ပြတင်းပေါက်မှတဆင့် ခန်းမထဲကို လှမ်းကြည့်လိုက်သည့်အချိန်တွင် အပြာရောင်ဝတ်စုံ ဝတ်ထားပြီး ချောမောခန့်ညားသော လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။

သူက အခန်းအလယ်တွင် ရှိနေသော လေးထောင့်စားပွဲ၏ နောက်တွင် သက်သောင့်သက်သာ ထိုင်နေခဲ့၏။ သူ့ရှေ့တွင် ရှိနေသော စားပွဲပေါ်တွင်တော့ ရေနွေးတစ်အိုးနှင့် သစ်သားတုံးတစ်ခုကို ချထားသည်။ သူ၏ပတ်ပတ်လည်တွင်တော့ လူပေါင်းများစွာ ဝိုင်းရံနေပြီး သူ့ပုံစံက ပုံပြောသမားတစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။

သူက ရေနွေးခွက်ကို လက်တစ်ဖက်နှင့် မြှောက်လိုက်သည်။ သူ့ပုံစံက စွမ်းအားများ မရှိသလို ထင်မှတ်ရ၏။ သို့သော် လက်ချောင်း အရိုးအဆစ်များကို ရှင်းရှင်းလင်းလင်း မြင်နေရသည့်အတွက် သူ၏လက်ချောင်းလေးများက ရှည်လျားကြောင်း သိနိုင်သည်။ သူက ရေနွေးခွက်တစ်ခွက်ကို လူသတ်တော့မလို ကိုင်ထားခြင်း ဖြစ်၏။

"အလယ်ကုန်းမြေကြီးထဲမှာ ဒီလိုစွမ်းရည်မျိုးတောင် ရှိနေတာပဲ…"

ဤနေရာတွင် ရှိနေသော ပုံပြောသမား တစ်ယောက်ကပင် ထိုကဲ့သို့ အစွမ်းမျိုး ရှိနေကြောင်း နားလည်နေသည့်အတွက် ယွမ်ရန်က အံ့သြသွားခဲ့သည်။ သူမကတော့ ထိုလက်တစ်စုံထဲတွင် ဖုံးကွယ်ထားသော စွမ်းအားများကို ခံစားမိနေပုံရ၏။

ဝမ်လင်းယုက စကားပြောတော့မည့်အချိန်တွင် ပုံပြောသမားက သစ်သားတုံးကို ကောက်ပြီး စားပွဲပေါ်သို့ ရိုက်လိုက်သည့်အတွက် လူတိုင်းက ငြိမ်သက်သွားခဲ့၏။

"မကောင်းဆိုးဝါးသခင်ဟန်ကွမ်းက သူ့ရဲ့လျှို့ဝှက်ကျင့်စဉ်ကိုသုံးပြီး ကျောင်းထိုင်ကုံဝမ်အဖြစ် ပြောင်းလဲထားခဲ့တယ်။ သူတို့က ဗုဒ္ဓလက်ဝါးအတွက် တိုက်ခိုက်နေကြတဲ့အချိန်မှာ သူက တာအိုသခင်ချုံဟယ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်။ အဲဒီအချိန်မှာပဲ သူ့ရဲ့အဖော် ဒေါင်းနတ်ဆိုးဘုရင်က ကမ္ဘာဦးအသူရာနဲ့ တိုက်ခိုက်ချင်ယောင်ဆောင်ခဲ့တယ်။ အမှန်အတိုင်းပြောရရင်တော့ သူတို့က ဟန်ကွမ်းကိုကူညီပေးဖို့ ကြိုးစားနေတာပဲ…"

အပြာဝတ်လူငယ်က ကျယ်လောင်သောအသံနှင့် ပြောလိုက်သည်။

"သူတို့က ဘာတွေပြောနေကြတာလဲ…"

ဝမ်လင်းယုနှင့် ယွမ်ရန်တို့က အံ့ဩမှင်တက်သွားကြပြီး သူတို့၏မျက်နှာပေါ်တွင် စိတ်ဝင်စားမှုများ ပေါ်လာခဲ့သည်။

ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ခဲ့ချက်ကို လုယူခဲ့သော ပညာရှင်ပေါင်းများစွာနှင့် ဓမ္မကာရအဆင့် ပညာရှင်များ၏ တိုက်ပွဲက သိုင်းပညာ ရပ်ဝန်းတစ်ခုလုံးကို လှုပ်ရှားသွားစေနိုင်သည်။ မည်သူကရော အတွင်းကျကျ မသိချင်ဘဲ နေကြမည်နည်း။ သို့သော် တိုက်ပွဲထဲတွင ်ပါဝင်ခဲ့သူများအားလုံးက အစွမ်းထက်ပညာရှင်များ ဖြစ်ကြပြီး ကောလဟာလများ၊ ပုံပြင်များ၊ ဖြန့်ဝေသူများ မဟုတ်ကြပေ။

သူတို့က ထိုဖြစ်စဉ်ကို သူတို့၏တပည့် အနည်းငယ်သာသိအောင် ပြောပြထားနိုင်သည်။ ထိုအရာများကြောင့် တာအိုသခင်ချုံဟယ်က သန့်စင်နေမင်းဂိုဏ်း၏ တာအို (၃) သွယ် ပေါင်းစည်းခြင်းကျင့်စဉ်ကို အောင်မြင်သွားပြီဖြစ်ကြောင်း နားလည်နေကြသလို အနောက်ပိုင်း နယ်မြေထဲတွင် ပေါ်လာခဲ့သော ကျောင်းထိုင်ကုံဝမ်ကလည်း မကောင်းဆိုးဝါးသခင် ဟန်ကွမ်းဖြစ်ကြောင်း သိလာခဲ့ကြသည်။

နောက်ဆုံးတွင်တော့ သတ်ဖြတ်ရေးဓားစုမုန့်က ထိုပင်မလမ်းညွှန်ချက်ကို မတော်တဆ ရရှိသွားခဲ့ပြီး ချက်ချင်း ဆိုသလို ဆုံးရှုံးခဲ့ရသည်။ နောက်ဆုံးတွင်တော့ အလွန်လျှို့ဝှက်ဆန်းကြယ်သော လန်ကီကျောင်းဆောင်က ထိုပြဿနာများအားလုံးကို ဖြေရှင်းပေးခဲ့၏။

ထိုသတင်းအချက်အလက်များက နည်းနည်းချင်းဆီ ရောက်လာသော်လည်း ထိုအဖြစ်အပျက်၏ နောက်ကွယ်တွင် ရှိနေသော လျှို့ဝှက်အခြေအနေများ ၊ ပြဿနာများကို မည်သူကမျှ မသိကြပေ။ ထို့ကြောင့် လူတိုင်းက ပို၍ စိတ်ဝင်စားနေကြ၏။ သို့သော် အဖြစ်အပျက် အတိအကျကိုသိရန်တော့ လုံးဝ မဖြစ်နိုင်ပေ။

ကောင်းကင်မှတ်တမ်းရှိ ပြောင်းလဲမှုများကိုလည်း ခန့်မှန်းကြည့်ရန် မဖြစ်နိုင်ချေ။ သို့သော် ယခုတော့ ပုံပြောသမားက တိုက်ပွဲအသေးစိတ်ကို ပြောပြနေခဲ့၏။ မည်သို့ပင်ဖြစ်စေကာမူ လူတိုင်းက နားထောင်ပြီး သတင်းဖြန့်ချင်နေကြသည်။ ထိုအရာက တိကျမှုမရှိလျှင်ရော ဘာဖြစ်မည်နည်း။

မိန်းမပျို (၂) ယောက်က ပုံပြောသမား၏စကားကို သေချာနားထောင်နေခဲ့၏။

အပြာရောင်ဝတ်စုံနှင့်လူငယ်က ဆက်ပြောလိုက်သည်။

"တာအိုသခင်ချုံဟယ်ကို ဘာလုပ်ချင်နေတာလဲ။ သူက နှစ်ပေါင်း (၂၀၀) ကျော် နာမည်ကျော်ကြားခဲ့ပြီး ဟန်ကွမ်း ဖြတ်ကျော်ခဲ့တဲ့ လမ်းတွေထက် ပိုပြီးတော့ ဖြတ်ကျော်ခဲ့ဖူးတယ်။ သူက ဟန်ကွမ်းရဲ့ လှည့်စားမှုတွေအားလုံးကို နားလည်ထားခဲ့ပြီး ဘုန်းကြီးအသွင်အပြင်ကလည်း လှည့်စားထားတယ်ဆိုတာ သိနေတယ်။ ဟန်ကွမ်းက နတ်ဆိုးဧကရာဇ်ပုံသဏ္ဍာန် ပြောင်းလဲပြီးမှပဲ တာအိုသခင်ချုံဟယ်ကို အလစ်ချောင်း တိုက်ခိုက်ခဲ့တယ်…”

“အင်မော်တယ်ချုံဟယ်က သူ့ရဲ့ချီစွမ်းအားတွေကို အသုံးပြုပြီး ဟန်ကွမ်းနဲ့ ဒေါင်းနတ်ဆိုးဘုရင် ထိုက်လီတို့ကို ထောင်ချောက်ထဲ ရောက်သွားအောင် လုပ်ဆောင်ခဲ့တယ်။ သူတို့ကို အစောပိုင်းမှာ ပြင်ဆင်ထားတဲ့ ဓား (၄)ချောင်းဝင်္ကပါနဲ့ ဝိုင်းရံပြီး တိုက်ခိုက်ခဲ့တာပဲ။ အဲဒီဓားဝင်္ကပါက ကမ္ဘာမြေကြီးကိုတောင် ဖျက်စီးနိုင်တယ်။ ပုံမှန်ဆိုရင် အဲဒါကို ထိန်းချုပ်ဖို့ ဓမ္မကာရအဆင့် ပညာရှင် (၄) ယောက် ပူးပေါင်းဖို့ လိုအပ်တယ်။ ဒါပေမဲ့ တာအိုသခင်ချုံဟယ်ကတော့ သူတစ်ယောက်တည်း ထိန်းချုပ်နိုင်ခဲ့ပြီး ဟန်ကွမ်းနဲ့ ထိုက်လီတို့ကို အရှက်မရှိ နောက်ဆုတ်သွားစေနိုင်ခဲ့တယ်…”

“သူက ဒီတိုက်ပွဲထဲမှာ သူ့ရဲ့ကြောက်စရာစွမ်းအားတွေကို ပြသခဲ့တဲ့အတွက် ကောင်းကင်မှတ်တမ်းမှာ နံပါတ်(၁)တောင် ဖြစ်လာစေနိုင်တယ်။ ဒါပေမယ့် ပြိုင်ဘက်ကင်း နတ်ဘုရားလက်နက်တွေကိုလည်း ပေါ့သေးသေး သဘောထားလို့မရဘူး…”

“တာအိုသခင်ရှိုကျင်းကတောင် အချိန်အရိပ်ဓားကိုသုံးပြီး ကျားဖြူမိစ္ဆာဘုရင်ကို ယာယီဖိနှိပ်ထားနိုင်တယ်။ ဒါကြောင့် ကူအာဒိုက အစွမ်းကုန်တိုက်ခိုက်လိုက်မယ်ဆိုရင် တာအိုသခင်ချုံဟယ်ကို ရှုံးနိမ့်မှာ မဟုတ်လောက်ဘူး။ ဒါပေမဲ့ သူတို့ (၂) ယောက်က မတိုက်ခိုက်ရသေးတဲ့အတွက် အခုချိန်မှာ သူက အဆင့် (၂) ပဲ ရှိနေဦးမယ်..”

“နတ်ဆိုးဧကရာဇ် ပုံရိပ်ယောင်ခန္ဓာ ၊ ဝင်္ကပါကို တစ်ယောက်တည်းဖန်တီးတယ်။ ကျားဖြူမိစ္ဆာကို ဖိနှိပ်ဖို့ အချိန်အရိပ်ဓားကို အသုံးပြုတယ်…"

ထိုသတင်းများကြောင့် လူတိုင်းက အံ့ဩမှင်တက်နေကြပြီး မည်သို့တုံ့ပြန်ရမှန်း မသိတော့ပေ။

"တိုက်ပွဲကို ပြန်ဆက်ရမယ်ဆိုရင် ဟန်ကွမ်းက အလွယ်တကူ ရှုံးနိမ့်သွားတာတော့ မဟုတ်ဘူး။ သူက ဓားဝင်္ကပါထဲမှာ ပိတ်မိနေတဲ့အချိန်မှာ သူ့ရဲ့ တခြားအဆင့်အတန်းတစ်ခုလည်း ပေါ်လာခဲ့တယ်။ ဒဏ္ဍာရီအဖွဲ့က ကောင်းကင်ဧကရာဇ်..."

ထိုလူငယ်ကတော့ သူ၏ပြောဆိုမှုတွင် လုံးဝစိတ်နှစ်ထားပုံရပြီး စားပွဲခုံကို သစ်သားတုံးနှင့် နောက်တစ်ကြိမ် ရိုက်လိုက်ပြန်သည်။

"အဲဒီနောက်မှာတော့ သူက သူ့ရဲ့အချိန်ဓားကိုသုံးပြီး ကောင်းကင်အင်ပါယာ ကမ္ဘာမြေဖျက်ဆီးခြင်းအစွမ်းကို သုံးခဲ့တယ်။ ပြီးတော့ သူက ဖျက်ဆီးရေး (၆) သွယ်ကို သုံးလိုက်တဲ့အတွက် ဓားဝင်္ကပါထဲမှာ အက်ကွဲကြောင်းတစ်ခု ပေါ်လာတယ်။ နောက်ဆုံးကျတော့ သူက ထိုက်လီနဲ့အတူ ထွက်ပြေးဖို့အတွက် သူ့ရဲ့လျှို့ဝှက်ရတနာတွေအားလုံးကို သုံးခဲ့ရတယ်…”

“သူ့ရဲ့အစွမ်း ၊ လှည့်ကွက် ၊ စွမ်းရည်နဲ့ အခြေအနေတွေကို သုံးသပ်ရမယ်ဆိုရင် သူက ယပ်တောင် (၆) လက်ကျောင်းရဲ့ ကောင်းကင်မှတ်တမ်းမှာ အဆင့် (၆) ရှိနိုင်တယ်။ တကယ်လို့ ကျောင်းထိုင်ကုံဝမ်ကသာ သူနဲ့ထိုက်လီရဲ့ ထောင်ချောက်ထဲကို ကျသွားပြီး ဝင်္ကပါထဲမှာ ပိတ်မိမနေဘူးဆိုရင် ကျောင်းထိုင်က သူ့အစွမ်းနဲ့ အနိုင်ရနိုင်တယ်။ ဒါကြောင့် ကျောင်းထိုင်ကုံဝမ်က အဆင့်ကျသွားခဲ့ရင်တောင် သူကတော့ အဆင့် (၅) ဆိုတဲ့နာမည်နဲ့ ထိုက်တန်သေးတယ်…”

“ဒါပေမဲ့ တိုက်ပွဲရဲ့အဖြေကို မသိရသေးတဲ့အတွက် သူ့အစွမ်းကိုလည်း သေချာမသိနိုင်ဘူး။ ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက်ကို နားလည်ခွင့်ရခဲ့တာက သူ့အတွက်တော့ အခွင့်ကောင်းတစ်ခုပဲ။ ထိုက်လီက နတ်ဆိုးမျိုးနွယ်ဝင် တစ်ယောက်...။ ဒါကြောင့် သူက ကောင်းကင်မှတ်တမ်းမှာ ပေါ်မလာနိုင်ဘူး။ ဒါပေမယ့် သူက ငါးရောင်ခြယ် နတ်ဘုရားလက်ဝါးသိုင်းကွက်ကို ပြည့်စုံစွာ နားလည်ထားတယ်။ သူ့ရဲ့အစွမ်းတွေကိုသာ ဖိနှိပ်မထားဘူးဆိုရင် ကောင်းကင်မှတ်တမ်းရဲ့ ထိပ်ဆုံး (၅) ယောက်မှာရှိတဲ့ ပညာရှင်တိုင်းကို တိုက်ခိုက်နိုင်လိမ့်မယ်…"

ယွမ်ရန်နဲ့ တခြားလူများကတော့ နောက်တစ်ကြိမ် ပို၍ အံ့သြမှင်တက်နေကြသည်။ ထိုအရာက ပုံပြင်တစ်ပုဒ်နှင့်ပင် မတူတော့ပေ။ ထိုလူငယ် ပြောပြသော အသေးစိတ် အချက်အလက်များကြောင့် လူတိုင်းက အံ့ဩနေကြပြီး သူတို့ကိုယ်တိုင် တိုက်ပွဲကို ကြည့်နေရသလို ခံစားလာရ၏။

သို့သော် ပုံပြောသမားက ဓမ္မကာရအဆင့် ပညာရှင်များနှင့် နတ်ဘုရားလက်နက် တိုက်ပွဲတစ်ခုကို မည်သို့ သွားကြည့်နိုင်မည်နည်း။ အကယ်၍ သူက ရိုးရှင်းစွာ ဇာတ်လမ်းတစ်ပုဒ် ဖန်တီးပြောနေခြင်းဆိုလျှင် ထိပ်တန်းအဆင့် ပုံပြောသမား တစ်ယောက် ဖြစ်ပါလိမ့်မည်။

"ဟား ဟား ဟား ယုံချင်စရာပဲ။ နတ်ဆိုးဧကရာဇ်ပုံစံလား...။ မကောင်းဆိုးဝါးသခင်က ကောင်းကင်ဧကရာဇ်လား...။ ဒေါင်းနတ်ဆိုးဘုရင်နဲ့ မကောင်းဆိုးဝါးသခင်တို့က ကျောင်းထိုင်ကုံဝမ်ကို ထောင်ချောက်ဆင်ပြီး သူက အနောက်ပိုင်းနယ်မြေထဲမှာ ရှိနေသယောင် ဟန်ဆောင်ခဲ့တာလား။ ပုံပြင်အနေနဲ့ ပြောတာကိုတောင် ဟာကွက်တွေက အများကြီးပဲ…"

လူအုပ်ကြီးထဲတွင် ရှိနေသော လူတစ်ယောက်က ရယ်ကာမောကာနှင့် ပြောလိုက်၏။

လူတိုင်းကလည်း သူတို့ကိုယ်တိုင် ပုံပြင်ဇာတ်လမ်းထဲတွင် နစ်မျောသွားသည့်အတွက် တုန်လှုပ်သွားခဲ့ကြ၏။

"ဒါက ပုံပြောသမားတစ်ယောက်ပဲ။ ဓမ္မကာရတစ်ယောက် မဟုတ်ဘူး…"

သူတို့က ရယ်လိုက်ကြပြီး ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်၍ သူတို့၏ထိုင်ခုံတွင် ပြန်ထိုင်လိုက်ကြသည်။

သို့သော် လူငယ်ကတော့ ထိုအရာများကို ခေါင်းထဲထည့်ထားခြင်းမရှိပဲ သူ၏ရေနွေးခွက်ကို အရသာခံ၍ သောက်နေခဲ့သည်။

ယွမ်ရန်နှင့် ဝမ်လင်းယုတို့က အချင်းချင်း ကြည့်လိုက်မိကြပြီး တစ်ချိန်တည်းတွင် ပြုံးလိုက်မိ၏။

"ဒါက ပုံပြင်တစ်ပုဒ်သက်သက်ပဲ။ ဒါပေမယ့် စိတ်လှုပ်ရှားစရာကောင်းပြီး တော်တော်လေးကို ဆွဲဆောင်မှုရှိတယ်။ ငါက နောက်ထပ်ဘာဖြစ်သွားလဲဆိုတာ တကယ်သိချင်တယ်…”

ယွမ်ရန်က ရယ်ကာမောကာနှင့် ပြောလိုက်သည်။

ဝမ်လင်းယုကလည်း ယွမ်ရန်၏ အကြံပေးချက်ကို ခေါင်းညိတ်သဘောတူလိုက်သည်။ သူတို့ (၂) ယောက်က မတ်တပ်ရပ်ပြီး လူငယ်ကို ဘောက်ဆူးပေးရန် ပြင်ဆင်လိုက်သည့်အချိန်တွင် သက်လတ်ပိုင်းအရွယ် ဝတ်ဆင်ထားသော အိမ်တော်ထိန်းတစ်ယောက်က ခန်းမထဲကို ဝင်လာခဲ့၏။

ခန်းမကြီးက ချက်ချင်းဆိုသလို တိတ်ဆိတ်သွားခဲ့ပြီး အပ်ကျသံတစ်ခုပင် မကြားရတော့ပေ။ ထိုအရာကတော့ မြစ်အရှေ့ပိုင်းမှ ဝမ်မိသားစု၏ အိမ်တော်ထိန်း ဖြစ်သည်။ သာမန် အိမ်တော်ထိန်းတစ်ယောက် မဟုတ်ချေ။

ဝမ်လင်းယုက ခါးတွင်ချိတ်ထားသော တံဆိပ်ပြားကို မှတ်မိသွားသည့်အတွက် ယွမ်ရန်ကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။ ဝမ်မိသားစုမှ အိမ်တော်ထိန်းက ခန်းမထဲကို ဘာလာလုပ်သနည်း။

လူတိုင်း စောင့်ကြည့်နေကြသည့်အချိန်တွင် အိမ်တော်ထိန်းက ပုံပြောသမားဆီကို လျှောက်လာပြီး ဦးညွှတ်လိုက်သည်။ သူက လေးလေးစားစား ပြောလိုက်၏။

"သခင်လေးက ခြံဝန်းထဲမှာ သူနဲ့လာတွေ့ဖို့ သခင်လေးစုကို ဖိတ်ခေါ်လိုက်ပါတယ်…"

"သခင်လေး ဟုတ်လား..."

လူငယ်က မျက်မှောင်ကြုတ်လိုက်မိသည်။

"သခင်လေးစုနဲ့ တုန်းရန်စံအိမ်ထဲမှာ ဓားချင်း တိုက်ခိုက်ခဲ့ဖူးတဲ့ သခင်လေးပါ…"

အိမ်တော်ထိန်းက သူ့ကို သတိပေးလိုက်၏။

လူငယ်က နားလည်သွားပုံရပြီး ရယ်လိုက်သည်။

"ဪ... သခင်လေးဝမ်ပဲ။ ဒီလောက်အကြာကြီးနေမှ သူ့ကိုပြန်တွေ့ရတော့ ဝမ်းသာဖို့ ကောင်းပါတယ်…"

ထို့နောက် သူက မတ်တပ်ရပ်လိုက်ပြီး အိမ်တော်ထိန်းနှင့်အတူ ထွက်သွားခဲ့သည်။

"သခင်လေးဝမ် ဟုတ်လား...။ အသက်ထိန်းသိမ်းသူ ဝမ်စစ်ယွမ်လား.....”

“ပုံပြောသမားက တုန်းရန်စံအိမ်ထဲမှာ သူနဲ့ ဓားချင်း တိုက်ခိုက်ခဲ့ဖူးတာလား။ သခင်လေးစု ဟုတ်လား...။ ဒါဆိုရင် သူက သတ်ဖြတ်ရေးဓားစုမုန့်လား..."

ဓမ္မကာရအဆင့် ပညာရှင်များ၏ တိုက်ပွဲထဲမှနေ၍ ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက်ကို ရသွားခဲ့သော သူက ဝေ့ကျင်းအဆင့်သာ ရောက်နေသေးခြင်း မဟုတ်ပေလော။ သူက အဆုံးတွင် မအောင်မြင်ခဲ့သော်လည်း ပင်မလမ်းညွှန်ချက်ကို နားလည်ခဲ့ပြီးနောက် ထွက်ပြေးနိုင်ခဲ့သော ဒဏ္ဍာရီထဲမှ ပညာရှင်တစ်ယောက် ဖြစ်နေသေးသည်။

သူက ဤနေရာတွင် ပုံပြောသမားတစ်ယောက်ပုံစံပင် ဟန်ဆောင်နေခဲ့သေး၏။ ခန်းမထဲတွင် ရှိနေသော လူတိုင်းက မျက်လုံးပြူးသွားခဲ့ပြီး အသက်ရှူသံက မြန်လာခဲ့သည်။

ယွမ်ရန်နှင့် ဝမ်လင်းယုတို့ကလည်း တူညီစွာ တုံ့ပြန်ခဲ့ကြ၏။ ပုံပြောသမားက သိပ်မကြာခင် အတောအတွင်း သိုင်းလောကတစ်ခွင်လုံးကို လှုပ်ရှားစေခဲ့သော သတ်ဖြတ်ရေးဓားစုမုန့် ဖြစ်နေလိမ့်မည်ဟု သူတို့လည်း မထင်ထားခဲ့ကြပေ။ သူက ကောင်းကင်အပြစ်ပေးမှု (၄) ကြိမ်ဖြတ်ကျော်ပြီး တစ်ကြိမ်တည်းနှင့် ဝေ့ကျင်းအဆင့်ကို ရောက်ရှိခဲ့သူ တစ်ယောက်လည်း ဖြစ်သည်။

"တကယ်လို့ အဲဒါကသာ သတ်ဖြတ်ရေးဓားစုမုန့်ဆိုရင် သူပြောပြတဲ့ပုံပြင်က..."

လူတိုင်းက မှင်တက်သွားခဲ့ပြီး အစောပိုင်းတွင် သူတို့ကြားခဲ့ရသော ပုံပြင်အသေးစိတ်ကို ပြန်လည် စဉ်းစားနေကြသည်။

တိတ်ဆိတ်နေသော ခြံဝန်းထဲတွင် …

အဖြူရောင်အဝတ်အစားထက်ပင် ဖြူဖျော့နေပုံရသော ဝမ်စစ်ယွမ်က သူ့ရှေ့တွင် ရှိနေသော ကျားကွက်ခုံကို စိုက်ကြည့်နေခဲ့၏။ မုန့်ချီ ရောက်လာသည်ကို မြင်သည့်အခါ သူက မော့ကြည့်ပြီး ပြောလိုက်သည်။

"တော်တော်ဖန်တီးနိုင်စွမ်းမြင့်တဲ့ ကစားပွဲပဲ…"

မုန့်ချီက ပုံပြောသမားတစ်ယောက်ပုံစံ ဟန်ဆောင်နေခြင်းကို ပြောလိုခြင်းဖြစ်သည်။

မုန့်ချီက ထိုနေရာတွင် ထိုင်လိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။

"ငါတို့ရဲ့ဘဝမှာ ဂရုမစိုက်သင့်တဲ့အရာတွေ အများကြီးရှိတယ်။ တကယ်လို့ မင်းက လိုချင်တဲ့အရာကို ရသွားပြီဆိုရင် လွတ်လပ်စွာ သွားလို့ရတယ်လေ…"

ဝမ်စစ်ယွမ်ကတော့ ထိုခေါင်းစဉ်ကို ဆက်မပြောခဲ့ဘဲ စကားစတစ်ခု အစပျိုးလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။

"ငါက ဒီနေရာကို ရုတ်တရက် စိတ်ကူးရပြီး ရောက်လာခဲ့တာ။ မင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရတာပဲ…"

"ဒါကြောင့်လည်းမင်းကို အသက်ထိန်းသိမ်းသူလို့ ခေါ်ကြတာကို...။ ရုတ်တရက် အခြေအနေတွေ ဒီလိုတွက်ချက်မှုတွေကြောင့်ပေါ့။ မင်းက အပြင်ဘက်က လှုပ်ရှားမှုတွေ ၊ အသံတွေကို တားဆီးဖို့အတွက် ဘာလို့ ဝင်္ကပါပြင်ဆင်ထားရတာလဲ.."

ဝမ်စစ်ယွမ်က သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်သည်။

"တချို့အရာတွေက ငါတို့ပဲ သိဖို့လိုအပ်တယ်လေ.."

မုန့်ချီက နောက်တစ်ကြိမ် ပြောလိုက်၏။

"အစ်ကိုဝမ် …

အစ်ကိုဝမ်က တွက်ချက်တဲ့နေရာမှာ အရမ်းတော်နေမှတော့ ဒီကိစ္စကို မတွက်ချက်နိုင်ဘူးလား…"

ဝမ်စစ်ယွမ်က အနည်းငယ် မှင်တက်သွားခဲ့၏။

"ဘာကိစ္စလဲ..."

မုန့်ချီက အားရပါးရ ရယ်လိုက်သည်။

"ငါက ရုတ်တရက် တိုက်ခိုက်မယ်ဆိုတဲ့ အရာမျိုးလေ…"

သူက ပြောလိုက်ပြီး အင်္ကျီလက်ကို လှုပ်ရှားလိုက်သည်။

Translated by Hein Htet.

All Chapters