အခန်း (၅၇၈)
Vol. 39 Ch. 578
ဝမ်စစ်ယွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။ သူ စကားတစ်ခွန်းမျှ မပြောနိုင်သေးခင် မုန့်ချီ၏အင်္ကျီလက်က လျင်မြန်စွာ လှုပ်ရှားသွားခဲ့၏။ မုန့်ချီ၏လက်ဖဝါးကလည်း ဓားတစ်ချောင်းကဲ့သို့ ဝမ်စစ်ယွမ်ဆီကို ရောက်လာခဲ့သည်။ သူ၏လက်ဖဝါးထဲတွင် ခရမ်းရောင်လျှပ်စီးကြောင်းများ ပြည့်နှက်နေပြီး အဖျက်စွမ်းအားများ ပေါင်းစပ်နေခဲ့၏။
"သူက အတည်တိုက်ခိုက်နေတာလား…"
စုမုန့်၏လက်ဝါးက သူ့ကို အမှန်တကယ် တိုက်ခိုက်နိုင်သည်ဟု ဝမ်စစ်ယွမ်က ယုံကြည်ရန် ခက်ခဲနေခဲ့သည်။ သူ၏တွက်ချက်မှုနှင့် စုမုန့်၏ အကျင့်စရိုက်အရ ဝမ်စစ်ယွမ်က ထိုအရာကို အမှန်တကယ်လည်း မထင်ထားခဲ့ပေ။
ဝမ်စစ်ယွမ်က မုန့်ချီ၏ ရုတ်တရက် တိုက်ခိုက်မှုကို သတိမထားမိသလို ခံစားချက်များ ပြောင်းလဲမှုလည်း မရှိခဲ့ပေ။ သူ၏စွမ်းအားများကို ထုတ်သုံးလိုက်သည့်အချိန်တွင်ပင် အငွေ့အသက်များ ထွက်မလာခဲ့ပေ။ သူက ထိုကဲ့သို့ အလျင်စလို တိုက်ခိုက်ခဲ့ခြင်းပေလော။
မုန့်ချီက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်နှင့် သူ၏စွမ်းအားများကို စုစည်းထားခဲ့ပြီး သူ၏ပင်မဝိညာဉ် လှုပ်ရှားမှုကို ဖုံးကွယ်ထားရန် အသုံးပြုထားခဲ့သည်။ တစ်ချိန်တည်းတွင် သူ၏ပင်မဝိညာဉ်က ကောင်းကင်ရွှေကျင့်စဉ်ကို အသုံးပြုပြီး သူ၏တံခါးပေါက်များထဲတွင် ရှိနေသော စွမ်းအားများထဲမှ ပြောင်းလဲမှုများကို ဖိနှိပ်ထားသည်။
ထိုလက္ခဏာများ၊ လှုပ်ရှားမှုများအားလုံး ဖိနှိပ်ပြီး မုန့်ချီက တစ်ဖက်လူ သတိမထားမိသေးခင် အလွန်လျင်မြန်စွာ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သူတို့(၂)ယောက်၏ ကြားထဲတွင် စားပွဲတစ်လုံးသာ ရှိနေသည့်အတွက် လက်ဖဝါးက ဝမ်စစ်ယွမ်ဆီကို တခဏအတွင်း ရောက်သွားနိုင်၏။
"ဂျိမ်း ... "
ခရမ်းရောင် လျှပ်စီးကြောင်းများက ကြောက်စရာကောင်းအောင် အက်ကွဲသွားခဲ့ပြီး သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော လေဟာနယ်ကပင် တုန်ခါသွားခဲ့သည်။ အကယ်၍ ဝမ်စစ်ယွမ်ကသာ ထိုင်နေခြင်း မဟုတ်လျှင် ဒေါသကြီးသော မိုးကြိုးများ၏ တိုက်ခိုက်ခြင်းကို ခံရနိုင်သည်။
မုန့်ချီ၏ တိုက်ခိုက်မှုက သူ့ဆီတွင် တံလျှပ်တစ်ခုပမာ ထင်မှတ်ရ၏။ သူ့အသံ၊ အငွေ့အသက်၊ ခန္ဓာကိုယ်ထဲရှိ ပစ္စည်းများကိုပင် ခံစားမိနိုင်၏။ ထိုအရာက ပုံရိပ်ယောင်တစ်ခုသက်သက် မည်သို့ဖြစ်နိုင်မည်နည်း။
"သူက ဒီမှာရှိနေတယ်လေ ။ ဒါပေမဲ့ ဘာလို့ ငါက သူ့ကို မတိုက်ခိုက်နိုင်ရတာလဲ.."
မုန့်ချီ၏ရှေ့တွင် မြင်လိုက်ရသော ထူးဆန်းသည့်ဖြစ်စဉ်များက သာမန်အခြေအနေနှင့် ကွဲပြားနေသည်။ သူတို့က မတ်တပ်ရပ်လိုက်ပြီး သူတို့၏ အတွေးများကလည်း လျင်မြန်စွာ လည်ပတ်၍ သူတို့၏ ပတ်ပတ်လည်တွင် စွမ်းအားများကို ဖြန့်ကျက်လိုက်သည်။
ထိုအချိန်တွင် ပုံရိပ်ယောင်က လှည့်စားရုံသက်သက်ဖြစ်ကြောင်း သေချာသွားနိုင်၏။ အလွန်ရိုးရှင်းသော နည်းလမ်းတစ်ခုသာ ဖြစ်သည်။ သို့သော် မုန့်ချီကတော့ တိုက်ခိုက်ရန် ခက်ခဲနိုင်၏။ အမည်မသိ အခြေအနေများနှင့်ရင်ဆိုင်ရာတွင် သူ့ဆီ၌ အတွေ့အကြုံများရှိသော်လည်း သူက မထင်မှတ်ထားသော အရာများကို ကာကွယ်ရန် အမြင်ကျယ်နေခြင်း မရှိချေ။ ထို့ကြောင့် သူ၏တိုက်ခိုက်မှုက ထိခိုက်ခဲ့ခြင်း မရှိချေ။
သူက လေထဲကို လျင်မြန်စွာ ရိုက်ချလိုက်ရာ သူ၏လှုပ်ရှားမှုကြောင့် လျှပ်စီးကြောင်းများက ဒေါသတကြီး ထွက်ပေါ်လာခဲ့သည်။ ထိုလျှပ်စီးစွမ်းအားများနှင့် လျှပ်စီးကြောင်းများက အခန်း၏နေရာတိုင်းကို ခြေလက်များကဲ့သို့ ပျံ့နှံ့သွားခဲ့၏။
"ဖျစ်... "
လျှပ်စီးကြောင်းများက ဝမ်စစ်ယွမ်၏ ပုံရိပ်ယောင်ကို အညာအတာကင်းမဲ့စွာ တိုက်ခိုက်လိုက်သည်။ ပုံရိပ်ယောင်က ပျောက်ကွယ်ပြီး ပြန်ပေါ်လာခဲ့၏။ သူကတော့ ခရမ်းရောင်လျှပ်စီးကြောင်းတစ်ခု၏ တိုက်ခိုက်ခြင်းကို မခံရသလို ခုခံသည့် အခြေအနေလည်း မရှိချေ။ သူက မုန့်ချီ၏ တိုက်ခိုက်မှုကိုသာ စိုက်ကြည့်နေခဲ့၏။
"နည်းနည်းလေးပဲလိုတယ် ။ နည်းနည်းလေးပဲ ပိုပြီးကြိုးစားလိုက်ရင်ရပြီ…"
မုန့်ချီ၏ ခေါင်းထဲတွင် ထိုကဲ့သို့ အတွေးတစ်ခု ပေါ်လာခဲ့သည်။ ထိုအရာက ဝမ်မိသားစု၏ဆုတ်ခွာခြင်း ကျင့်စဉ်မှ ဆင်းသက်လာသော ကိုယ်ဖော့ပညာတစ်မျိုးများ ဖြစ်နေခြင်းပေလော။
"ဒါမှမဟုတ် သူက ငါ့ရဲ့တိုက်ခိုက်မှုကိုများ ကြိုမြင်နေတာလား ... "
တခဏအတွင်း မုန့်ချီက တွက်ချက်မှုများစွာ လုပ်ဆောင်ခဲ့သည်။
သူ၏ခန္ဓာကိုယ်ထဲတွင် ပုံရိပ်ယောင်ခန္ဓာ၏ အရိပ်များ၊ ရွှေကျီးကန်းနှင့် ကြယ်များအားလုံးက ကမ္ဘာကြီးပေါ်တွင် စုစည်းလာပြီး အမှောင်လေဟာနယ်တစ်ခု ဖြစ်ပေါ်လာသည်။ သူက တဟုန်ထိုးဓားသိုင်းပညာကို အသုံးပြုရန် ပြင်ဆင်နေခဲ့၏။
လေဟာနယ်ထဲမှ ထွက်ပေါ်လာသော အငွေ့အသက်များ လွှမ်းခြုံလာသည့်အချိန်တွင် မုန့်ချီက ဝမ်စစ်ယွမ်ကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။ ထိုအချိန်တွင် ဓားသွားကဲ့သို့ ဖြစ်နေသော သူ၏လက်ဖဝါးပေါ်တွင် နောက်ထပ် လျှပ်စီးကြောင်းများ လွှမ်းခြုံလာခဲ့ပြီး ရေလှိုင်းများကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
ဝမ်စစ်ယွမ်ကတော့ ပုံမှန်အတိုင်းသာဖြစ်နေ၏။ သူက မုန့်ချီ၏တိုက်ခိုက်မှုကို စောင့်နေခြင်း မရှိဘဲ လက်ညှိုးနှင့် လက်ခလယ်ကိုရှေ့သို့ ဆန့်ထုတ်၍ ကျရောက်လာသော တိုက်ခိုက်မှု၏ အလယ်ကို လျင်မြန်စွာ ချိန်ထားလိုက်သည်။
"ဖောက် ..."
လျှပ်စီးဓားသွားက လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ နောက်တစ်ကြိမ် မုန့်ချီ၏လက်ဖဝါးက လျှပ်စီးကြောင်းများ ပေါင်းစပ်ထားခြင်းမရှိဘဲ ဝမ်စစ်ယွမ်ဆီကို ရောက်ရှိလာခဲ့ပြန်သည်။
မုန့်ချီကတော့ တိုးတက်မှုများကြောင့် အတော်လေးကို ကျေနပ်နေခဲ့၏။ ဝမ်စစ်ယွမ်က သူ ဖန်တီးထားခဲ့သော ဖရိုဖရဲ လေဟာနယ်၏ အငွေ့အသက်များဆီမှ ထွက်ပေါ်လာသော တန်ပြန်စွမ်းအားများကြောင့် နောက်သို့ လွင့်သွားခဲ့၏။
ထိုအရာကြောင့် ဝမ်စစ်ယွမ်က ဗလာမဲ့ ဓားသိုင်းပညာနှင့် နောက်ဆုတ်ခြင်း ကျင့်စဉ်တို့ကို ပူးပေါင်းပြီး လျှို့ဝှက်ဆန်းကြယ်သော ကျင့်စဉ်တစ်ခုကို တွက်ချက်နိုင်မည်ဟု မုန့်ချီက ပြောပြနိုင်ခဲ့သည်။ ဝမ်စစ်ယွမ်က ထိုတွက်ချက်မှုမှတစ်ဆင့် သူ၏တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ယခု သူက လျင်မြန်စွာ တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ ဝမ်စစ်ယွမ်ကို တန်ပြန်တိုက်ခိုက်ရန် သို့မဟုတ် ရှောင်တိမ်းရန် အခွင့်အရေးမပေးခဲ့ပေ။ မုန့်ချီက နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပြီး သူ၏လက်ဖဝါးပေါ်တွင် ခရမ်းရောင် လျှပ်စီးကြောင်းများ ပြည့်နှက်နေသည်။
ယခုတစ်ကြိမ်တော့ သူ၏လက်ဖဝါးက ခေါင်းပေါ်မှ တိုက်ခိုက်လိုက်ခြင်းဖြစ်ပြီး အလွန်အစွမ်းထက်သော အရှိန်နှင့်ပြင်းအားများ ပါဝင်နေခဲ့၏။ ယခုမှ ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်သော သာမန်ပညာရှင်များကတော့ အလွန်လျင်မြန်သော လှုပ်ရှားမှုများကို မမြင်နိုင်ပေ။
တိုက်ခိုက်မှု ရောက်လာပြီးမှသာ တောက်ပသော ခရမ်းရောင်အလင်းတန်းများက သူတို့၏မျက်လုံးထဲတွင် ပေါ်လာနိုင်၏။ ဝမ်စစ်ယွမ်၏အရိပ်က လှုပ်ရှားသွားပြီး မုန့်ချီ၏ တိုက်ခိုက်မှုကို ဆံချည်တစ်မျှင်စာ အကွာမှ ရှောင်တိမ်းလိုက်သည်။ သူ၏လက်ချောင်းလေးများက မုန့်ချီ၏လက်ကောက်ဝတ်ကို ချိန်ထားလိုက်သည့် အတွက် သူက နောက်ဆုတ်သွားလိုက်ရ၏။
ဝမ်စစ်ယွမ်ကတော့ အံ့သြနေရာမှ သတိပြန်ဝင်လာခဲ့သည်။ သူ၏မျက်လုံးများထဲတွင် အလင်းရောင်များ တောက်ပနေပြီး မုန့်ချီက သူ၏တွက်ချက်မှုကို ကျော်လွန်နိုင်သည့်အတွက် အံ့ဩနေပုံရ၏။
"လုံလောက်အောင် မမြန်သေးတာလား…"
မုန့်ချီက သူ့ကိုယ်သူ ကျိန်ဆဲလိုက်သည်။
ထိုအချိန်တွင် သူ၏အမူအရာက လေးနက်လာပြီး ခန္ဓာကိုယ်က လေထဲသို့ မြောက်လာ၍ ဝမ်စစ်ယွမ်ကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပြန်သည်။ သူ့လက်ဝါးက လျှပ်စီးကြောင်းကဲ့သို့ အရှိန်မျိုးနှင့် ကျရောက်လာခြင်းဖြစ်၏။ မှောင်မည်းနေသော လေဟာနယ်ကြီးက သူတို့ကို လွှမ်းခြုံသွားခဲ့သည်။
ရုတ်တရက်ဆိုသလို အရိပ်ထဲမှနေ၍ လျှပ်စီးကြောင်းတစ်ခု ဖြတ်သန်းလာခဲ့၏။ ထိုလျှပ်စီးကြောင်း၏အရှိန်က ထက်ပိုင်းဖြတ်ပစ်နိုင်သလို ထင်ရသည်။ ထိုအလင်းတန်းက ကြွေကျလာသော ကြယ်တစ်စင်းကဲ့သို့ ဝမ်စစ်ယွမ်ဆီကို ကျရောက်လာခြင်း ဖြစ်သည်။
"နောက်ဆုတ်ခြင်းကျင့်စဉ်က သဘာဝ နိယာမတွေနဲ့ ဉာဏ်အလင်းပွင့်မှုဖြစ်စဉ်တွေကို မလွတ်မြောက်နိုင်ဘူး ... "
မုန့်ချီ၏လက်ဖဝါးက ဝမ်စစ်ယွမ်၏မျက်နှာကို တိုက်ခိုက်လုနီးပါး ဖြစ်သည့်အချိန်တွင် တစ်ဖက်လူ၏ခန္ဓာကိုယ်က လှုပ်ရှားသွားခဲ့သည်။ ယခုတစ်ကြိမ်တော့ သူ့ပုံစံက ပုံရိပ်ယောင်ကဲ့သို့ မဟုတ်တော့သလို မူလတုန်းကကဲ့သို့ ပျောက်ကွယ်နေသော အခြေအနေမျိုးလည်း မဟုတ်တော့ပေ။
သူ့ခန္ဓာကိုယ်က သဘာဝတရားကြီးနှင့် ပဋိပက္ခ ဖြစ်နေသည့်အလား သူ၏အငွေ့အသက်များက သိသိသာသာပြောင်းလဲသွားခဲ့၏။ ထိုအချိန်တွင် ဝမ်စစ်ယွမ်၏ လက်ညှိုးကတော့ မှောင်မည်းနေသော လေဟာနယ်ထဲကို ဓားတစ်ချောင်းကဲ့သို့ လှမ်းထိုးလိုက်သည်။
အရာအားလုံးက တခဏအတွင်း ဖြစ်ပျက်ခဲ့ခြင်းဖြစ်၏။ ထိုအချိန်တွင် သူနှင့်သဘာဝတရားကြီး၏ ဆက်သွယ်မှုက ဖြတ်တောက်ခံလိုက်ရကြောင်း မုန့်ချီက ခံစားလိုက်ရသည်။ ဝမ်စစ်ယွမ်လည်း အတူတူသာဖြစ်၏။
သဘာဝတရားကြီး၏ စွမ်းအားများကို အသုံးပြုနိုင်စွမ်း မရှိတော့သည့်အတွက် မုန့်ချီ၏လက်ဖဝါးက လျင်မြန်ခြင်း မရှိတော့ချေ။ တဟုန်ထိုးဓားသိုင်းပညာ၏ စွမ်းအားများ ပျောက်ကွယ်သွားသည့်အချိန်တွင် သူ၏တိုက်ခိုက်မှုက မည်သည့်စွမ်းအားမျှမရှိတော့သော သာမာန်တိုက်ခိုက်မှုသာ ဖြစ်သွားခဲ့သည်။
ဝမ်စစ်ယွမ်က နောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး မုန့်ချီ၏လက်ဖဝါးကို ရှောင်တိမ်းလိုက်၏။ တိုက်ခိုက်မှု၏အစွမ်းကြောင့် သူ၏အဝတ်အစားများသာ လှုပ်ရှားသွားခဲ့ပြီး သူက မုန့်ချီ၏တိုက်ခိုက်မှုကို နောက်တစ်ကြိမ် ဖယ်ရှားနိုင်ခဲ့သည်။
မုန့်ချီက အသာစီးရနေသည့်အတွက် ရှေ့ကိုတက်လာပြန်သည်။ ယခုတစ်ကြိမ်တော့ သူက ပုံရိပ်ယောင်ခန္ဓာကို သုံးလိုက်ပြီး သူ၏ခန္ဓာကိုယ်နှင့် ခြေလက်များကလည်း တစ်သားတည်းကဲ့သို့ ပေါင်းစပ်လာခဲ့သည်။
သူက လက်ဖဝါးများနှင့် နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပြီး သူ၏စွမ်းအားများကို တစ်နေရာထဲတွင် စုစည်းလိုက်သည်။ သူတို့၏ပတ်ပတ်လည်တွင် ရှိနေသော လေဟာနယ်ကတော့ မိုးခြိမ်းသံကဲ့သို့ ဖြစ်ပေါ်နေ၏။
“အခြေခံစတင်ခြင်းကျင့်စဉ်…
ပုံရိပ်ယောင်သန့်စင် ဓားမောက်သိုင်းပညာထဲက သိုင်းကွက်တစ်ခု..”
သူ သင်ယူထားခဲ့သော ဓားမောက်သိုင်းပညာများ အားလုံး၏ အနှစ်သာရကို တစ်ခုတည်း ပေါင်းစပ်ထားသည့်အတွက် ထိုတိုက်ခိုက်မှုက ကောင်းကင်အပြစ်ပေးမှုကဲ့သို့ ရက်စက်ကြမ်းကြုတ်ပြီး အဖျက်စွမ်းအားများကလည်း အလွန်ကြောက်စရာကောင်းလွန်းလှသည်။
မုန့်ချီက အစစ်အမှန် မိုးကြိုးနတ်ဘုရားကဲ့သို့ ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး ဝမ်စစ်ယွမ်ကို အလွန်လျင်မြန်စွာ တိုက်ခိုက်လိုက်သည်။ သူ၏အစွမ်းများနှင့် သဘာဝစွမ်းအားများက တစ်သားတည်း ပေါင်းစပ်သွားသည့်အချိန်တွင် မုန့်ချီ၏ လက်ဖဝါးက လေဟာနယ်ကိုဖြတ်သန်းသွားပြီး ဝမ်စစ်ယွမ်ကို တိုက်ခိုက်လိုက်၏။
အစောပိုင်းတွင် တဟုန်ထိုးဓားသိုင်းပညာကို ရှောင်တိမ်းထားသည့်အတွက် ဝမ်စစ်ယွမ်က အနားသို့ ရောက်လာနေသော တိုက်ခိုက်မှုကို ခံစားမိခဲ့ပြီး အစွမ်းထက်သော လေဟာနယ်စွမ်းအားကို မည်သို့ရှောင်တိမ်းရမည်ဖြစ်ကြောင်း စဉ်းစားနေခဲ့၏။ ထိုအရာက သူ့အတွက် အကောင်းဆုံးရှောင်တိမ်းရန် အခွင့်အရေးတစ်ခုဖြစ်သည်။
လက်ထဲတွင် နောက်ထပ်လှည့်ကွက်များ မရှိတော့သည့်အတွက် ဝမ်စစ်ယွမ်က သူတို့၏ကြားထဲတွင် ရှိနေသော လေဟာနယ်ထဲကို လက်ချောင်းလေးများနှင့် ထိုးစိုက်လိုက်သည်။ သူတို့၏ သဘာဝစွမ်းအင်များနှင့် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။
ထိုအချိန်တွင် မုန့်ချီ၏လက်ဖဝါးကို လွှမ်းခြုံနေသော အမှောင်ထုကြီးက ပျောက်ကွယ်သွားပြီး သူနှင့်ဆန့်ကျင်ဘက် ဆွဲယူရန် အသုံးပြုခဲ့သော လေဟာနယ်ကလည်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ထိုအရာက မုန့်ချီကို ဆက်လက်တိုက်ခိုက်ခြင်းမှ တားဆီးနိုင်ခဲ့ခြင်း မရှိချေ။
သူ၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော ကြွက်သားများက နောက်တစ်ကြိမ် ကြီးမားလာခဲ့၏။ ဝမ်စစ်ယွမ်က ဘယ်ဘက်လက်ကို ရှေ့သို့ တွန်းထုတ်လိုက်ပြီး မုန့်ချီ၏ တိုက်ခိုက်မှုကို ဓားတစ်လက်ကဲ့သို့ ကာကွယ်ရန် ကြိုးစားလိုက်သည်။
သူတို့က အစစ်အမှန်လက်နက်များကဲ့သို့ အချင်းချင်း တိုက်ခိုက်လိုက်မိပြီး ဝမ်စစ်ယွမ်က နောက်ကို ဒယိမ်းဒယိုင် ဆုတ်သွားလိုက်ရ၏။ သူ့ခြေထောက်အောက်တွင် ရှိနေသော ကြမ်းခင်းကလည်း စွမ်းအားများကြောင့် အက်ကွဲသွားခဲ့ပြီး သူ၏လက်ချောင်းလေးများပေါ်တွင် နာကျင်မှုကို ခံစားလိုက်ရသည်။
"မင်းက ငါ့ဆီက သဘာဝစွမ်းအားတွေကို ဖြတ်တောက်နိုင်တယ်။ ဒါပေမဲ့ ငါ့ဆီမှာတော့ ခွန်အားတွေရှိတယ်။ ဒါက ငါ့ရဲ့စွမ်းအားအခြေခံပဲ…"
မုန့်ချီက အားရပါးရ ရယ်လိုက်ပြီး နောက်ပြန်ဆုတ်၍ ထိုင်ခုံတွင် ထိုင်လိုက်သည်။
သူတို့၏ခဏတာ တိုက်ပွဲက ပြင်းထန်မှုမရှိသော်လည်း အတော်လေး ကျေနပ်စရာကောင်းကြောင်း မုန့်ချီနှင့် ဝမ်စစ်ယွမ်တို့(၂)ယောက်လုံးက သိနေကြသည်။ တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော လှိုင်းလုံးအနည်းငယ်ကပင် သူတို့၏ပတ်ပတ်လည်တွင် ရှိနေသော မှော်အကာအကွယ်များကို ဖျက်ဆီးပစ်နိုင်ပြီး အပြစ်ကင်းစင်သောသူများကို အန္တရာယ်ရှိစေနိုင်သည်။
လက်ရှိအချိန်တွင်တော့ ဝမ်စစ်ယွမ်၏ရှေ့တွင် ရှိနေသော အဖြူရောင်နှင့် အနက်ရောင် ကျားစေ့လေးများကပင် ပျံ့ကြဲသွားခြင်း မရှိသေးပေ။ ထို့ကြောင့် မုန့်ချီက တိုက်ပွဲကို ရပ်တန့်ရန် ရွေးချယ်လိုက်သည်။
"အနည်းဆုံးတော့ ငါက ဒီလူလိမ်ဝမ်ကို ပညာပေးနိုင်ခဲ့ပြီ…"
ဝမ်စစ်ယွမ်က ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်ပြီး သူ၏လက်ကောက်ဝတ်ကို အနည်းငယ် လှုပ်ရှားလိုက်သည်။ သူက နေရာတွင် ပြန်ထိုင်လိုက်၏။ သူ၏မျက်လုံးထဲတွင် ရူးသွပ်ဖွယ် အငွေ့အသက်များလည်း ပြန်ပေါ်လာပြီး မုန့်ချီက သူ၏တွက်ချက်ခြင်းကို မည်သို့ဖိနှိပ်ခဲ့ကြောင်း ပြန်လည်စဉ်းစားနေခဲ့၏။
သူက မုန့်ချီကို အေးအေးဆေးဆေး ကြည့်လိုက်သည်။
"တကယ်လို့ ငါသာ မင်းနေရာမှာဆိုရင် ဒီလမ်းကို ဆက်ပြီး လျှောက်မှာမဟုတ်ဘူး…"
"မင်းက ဘာကိုပြောချင်တာလဲ…"
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။
"မင်းရဲ့လက်ထဲမှာ တခြားဝှက်ဖဲတွေ ရှိနေသေးတယ်ဆိုတာ ငါသိတယ်။ ငါတို့ရဲ့ လက်ရည်စမ်းပွဲမှာ အနိုင်ရမှုနဲ့တင် ငါက ကျေနပ်သွားပြီ။ ပြီးတော့ ငါ့မှာ မင်းထက် ပိုပြီးစွမ်းရည်ရှိတယ်…"
မုန့်ချီက ခေါင်းစဉ်ပြောင်းပြီး ပြောလိုက်သည်။
"မင်းက ငါ့ကို ဘာလို့တွေ့ချင်တာလဲ သခင်လေးဝမ်…"
ဝမ်စစ်ယွမ်က ကျားကွက်ခုံပေါ်မှ ကျားစေ့တစ်စေ့ကိုယူပြီး လက်ချောင်းလေးများထဲတွင် လှည့်ပတ်၍ ဆော့ကစားနေခဲ့သည်။ သူက ပြန်ဖြေလိုက်၏။
"ငါက မင်းကို မေးစရာရှိလို့ပါ…"
"ဒါဆိုရင် သခင်လေးဝမ်တောင် တွက်ချက်လို့မရတဲ့ အရာတွေ ရှိနေသေးတာပေါ့။ ဒါကြောင့် ငါ့ဆီကနေ အကြံဉာဏ်တောင်းမလို့လား…"
မုန့်ချီက ခနဲ့သလို ပြောလိုက်သည်။
ဝမ်စစ်ယွမ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
"ကျောင်းထိုင်ကုံဝမ်ကို ဟန်ကွမ်းက လေဟာနယ် အလင်းတန်း အပိုင်းအစတစ်ခုထဲမှာ ပိတ်ထားခဲ့တာ မဟုတ်လား…"
"ဟမ်…"
ဝမ်စစ်ယွမ်၏ စကားကြောင့် မုန့်ချီက မှင်တက်သွားခဲ့သည်။
"လူလိမ်ဝမ်က ဒါကို သိနေတာလား…"
မုန့်ချီက ကျောင်းထိုင်ကုံဝမ် ပိတ်လှောင်ခံထားရသည့် အသေးစိတ်ကို မည်သူ့ကိုမျှ ပြောပြခဲ့ခြင်း မရှိချေ။ ပုံပြင်ထဲတွင် သူ ပြောပြသည့်အရာများက ဟန်ကွမ်းနှင့်ထိုက်လီတို့၏ ပတ်သက်မှုများသာ ပါဝင်နေသည်။ ထိုပိတ်လှောင်မှုနှင့် ကျောင်းထိုင်ကုံဝမ်ကို ပိတ်လှောင်ခဲ့သည့် နေရာအကြောင်း မည်သူ့ကိုမျှမပြောပြခဲ့ပေ။
ဝမ်စစ်ယွမ်က ကျားစေ့လေးကို ကျားကွက်ခုံပေါ်သို့ ပြန်ထားလိုက်ပြီး ထိုင်ခုံမှထရန် ပြင်လိုက်၏။
"ဖြေစရာမလိုတော့ဘူး။ ငါ သိသွားပြီ…"
သူ၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
"ဒီလူလိမ်ကောင်က ငါ့ကို နောက်တစ်ကြိမ် မတင်မကျ လုပ်သွားပြန်ပြီ…"
မုန့်ချီက အံကြိတ်လိုက်ပြီး ဝမ်စစ်ယွမ်၏ လျှို့ဝှက်ဆန်းကြယ်မှုကြောင့် ရှုပ်ထွေးနေခဲ့သည်။ ထို့ကြောင့် ဝမ်စစ်ယွမ်နှင့် ဆွေးနွေးခြင်းအပြင် သူက ဝမ်စစ်ယွမ်ကို လက်သီးနှင့်ထိုးရန် ကြိုးစားလိုက်ခြင်းကမှ ပိုကောင်းဦးမည်ဟု တွေးမိခဲ့၏။
နောက်ထပ်ဆွေးနွေးစရာ မရှိတော့သည်ကို မြင်သည့်အခါ မုန့်ချီက မေးလိုက်သည်။
"ခဏနေပါဦး သခင်လေးဝမ် ။ မင်းက ငါ့ကို မေးခွန်းတစ်ခုမေးတယ်ဆိုတော့ ငါလည်း မင်းကို မေးခွန်းတစ်ခု ပြန်မေးချင်တယ်…"
"ငါက ဘာကူညီပေးရမလဲ…"
ဝမ်စစ်ယွမ်က ထိုင်ခုံတွင် ပြန်ထိုင်ပြီး မေးလိုက်၏။
"ငါက မိုးကြိုးနတ်ဘုရားရဲ့ အမွေဆက်ခံမှုကို ရခဲ့တဲ့အတွက် အခုငါ့နောက်ကို သခင်မစုရဲ့နောက်လိုက်တွေ လိုက်နေကြတယ်။ ဒါက ငါ့အတွက် တော်တော်လေးကို ပြဿနာများတယ်။ ငါက နေ့ရောညပါ ပြေးနေရတာ။ ဒီတော့ သခင်လေးဝမ်ဆီကနေ အကြံဉာဏ်တောင်းချင်တယ်။ ငါက ဒါကို ဖယ်ရှားဖို့ နည်းလမ်းရှိလား.."
သူက မိုးကြိုးနတ်ဘုရား၏ ကံကြမ္မာ ပြဿနာကို ဖြေရှင်းရန် (၃)နှစ်နီးပါးခန့် အချိန်ရှိသေးသည်။ ယခုတော့ ထိုကိစ္စကြောင့် မုန့်ချီက ပြဿနာတက်နေ၏။ သူက လေ့ကျင့်ရန် အချိန်လိုအပ်သလို သူ့ကိုယ်သူ အဆင့်မြှင့်တင်ရန် လိုအပ်နေသေးသည်။ ထို့ပြင် မုန့်ချီက သခင်မစု၏ လက်အောက်ခံအဖွဲ့သားများဆီသို့ အရောက်သွားရန်လည်း ခက်ခဲနိုင်သည်။
သူတို့က သိုင်းလောကတွင် အလွှာအစုံမှ လူများ ဖြစ်ကြ၏။ အထူးသဖြင့် သူတို့က ဂိုဏ်းအသီးသီးမှ ဖြစ်နေကြသည်။ အနည်းဆုံးတော့ ထင်ရှားသော ဂိုဏ်းကြီးများ၊ နာမည်ကျော်ဂိုဏ်းကြီးများကတော့ သတင်းစုံနိုင်သည်။ ထိုသို့ဆိုရာတွင် အဆင့်အနိမ့်ဆုံး အဖွဲ့သား အများစုကတော့ သခင်မစု နတ်သမီးနယ်မြေ၏ အစစ်အမှန်ဝင်ပေါက်ကိုပင် မသိကြပေ။ အတွင်းထဲကို ဝင်ခွင့်ရရန်ကတော့ ပို၍ပင်ခက်ခဲနေသေးသည်။
သူတို့၏အဆင့်အတန်းက နိမ့်ကျသည့်အတွက် မုန့်ချီက သူတို့၏ရုပ်ရည်ကို ပြောင်းလဲပြီး ဝင်သွားရန်လည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် မုန့်ချီက လူလိမ်ဝမ်ဆီတွင် သူသိနိုင်သော အချက်အလက်ရှိ၊မရှိ မေးမြန်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
မြစ်အရှေ့ပိုင်းတွင် ရှိနေသော ဝမ်မိသားစု၏ သမိုင်းကြောင်းက သခင်မစုထက် ကျော်လွန်နေခဲ့သည်။ သူတို့ဆီတွင် သခင်မစု နတ်သမီးနယ်မြေနှင့် ပတ်သက်ပြီး မုန့်ချီ မသိနိုင်သော အဖိုးတန် အချက်အလက်များ ရှိနေနိုင်၏။
သူက သူ၏အစစ်အမှန်ရည်ရွယ်ချက်ကို ဖော်ပြ၍မရနိုင်ကြောင်း မုန့်ချီကသိနေခဲ့သည်။ ထို့ကြောင့် သူက ကျားကွက်ခုံပေါ်တွင် ရှိနေသော ကျားစေ့လေးတစ်စေ့ကဲ့သို့ ဝမ်စစ်ယွမ်ကို ပြောလိုက်ခြင်းဖြစ်သည်။
လက်ချောင်းလေးထဲတွင် ကျားစေ့လေးတစ်ခုကိုဆော့ကစားနေရင်း ဝမ်စစ်ယွမ်က ချောင်းဆိုးလိုက်သည်။
"မင်းရဲ့လက်ရှိအစွမ်းနဲ့ သိုင်းသခင်အဆင့်ကို မရောက်မချင်း အလွယ်တကူ ပုန်းနေပြီး လေ့ကျင့်လို့ရတယ်။ အဲဒီအချိန် ရောက်သွားရင်တော့ မင်းက သူတို့နဲ့ ညှိနှိုင်းလို့ ရသွားပြီလေ။ မင်းက အဆင့်မြင့်ဆုံး နတ်ဘုရားလက်နက်ကို အသုံးပြုခွင့် ပိုင်ဆိုင်သွားနိုင်သလို လောကသခင်ရဲ့ဓားသိုင်း(၆)ကွက်နဲ့ သုတ်သင်ရှင်းလင်းရေး(၉)သွယ်တို့ကိုတောင် ရသွားနိုင်တယ်။ ပြီးတော့ ဆန်းကြယ်နတ်သမီး နီမဏကာရရဲ့ ချစ်သူတစ်ယောက်တောင် ဖြစ်သွားနိုင်တယ်လေ.."
"ပုန်းနေဖို့လား ...။ ဒါဆိုရင်တောင် ငါက ကံဆိုးမှုတွေကို သေချာပေါက် ကြုံရမှာပဲလေ"
မုန့်ချီက တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ သူက ခေါင်းခါပြီး ထပ်ပြောလိုက်သည်။
"မလုပ်ဘူး ... အဲဒီလိုမလုပ်နိုင်ဘူး။ အဲဒါဆိုရင် ငါ တည်ဆောက်ထားခဲ့ရတဲ့ ဂုဏ်သိက္ခာတွေ ပျက်စီးသွားရလိမ့်မယ်…"
"မင်းရဲ့ဂုဏ်သိက္ခာလား ... "
ဝမ်စစ်ယွမ်က မုန့်ချီကို တိတ်တဆိတ်ကြည့်နေပြီး ပြုံးလိုက်မိသည်။ သူက မုန့်ချီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ကျားစေ့လေးကို ကျားကွက်ခုံပေါ်သို့ ပြန်ချလိုက်၏။
"ဒါဆိုရင်တော့ တခြားနည်းလမ်း မရှိဘူး။ မင်းက သူတို့ရဲ့လှည့်ကွက်တွေကို ရင်ဆိုင်ဖို့အတွက် သခင်မစုနတ်သမီးနယ်မြေကို ရှာဖွေဖို့ လိုအပ်တယ်။ ဓမ္မကာရအဆင့် ပညာရှင်တွေနဲ့ မင်းရဲ့အဆက်အသွယ်အရ ဒီကိစ္စက ဘာမှမဟုတ်ပါဘူး…"
"အဲဒါတော့ အမှန်ပဲလေ။ ဒါပေမဲ့ သခင်မစု နတ်သမီးနယ်မြေက တော်တော်လေးကို ရှာဖို့ခက်တယ်…"
နောက်ဆုံးတွင်တော့ မုန့်ချီက သူစောင့်နေသော မေးခွန်းကို မေးလိုက်သည်။
ဝမ်စစ်ယွမ်က ချောင်းဆိုးလိုက်မိပြီး နောက်ဆုံးမှသာ ခက်ခက်ခဲခဲ ရပ်တန့်လိုက်ရသည်။
"ဟိုးအရင်အချိန်ကတည်းက သခင်မစု နတ်သမီးနယ်မြေက ကောင်းကင်(၉)သွယ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ အဲဒီနေရာမှာ လျှို့ဝှက်ဆန်းကြယ်မှုတွေ အများကြီးရှိနေတယ်။ ဘယ်နေရာမှာရှိနေလဲဆိုတာ သိတဲ့သူသိပ်မရှိဘူး…"
ဝမ်စစ်ယွမ်က အားနည်းစွာ ပြန်ဖြေလိုက်သည်။
"ကောင်းကင်(၉)သွယ်လား…"
မုန့်ချီက မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်မိသည်။
"သခင်မစု နတ်သမီးနယ်မြေက ရှေးဟောင်းကောင်းကင်ခုံရုံးရဲ့ တစ်စိတ်တစ်ပိုင်းလား.."
ဝမ်စစ်ယွမ်က ပြန်မဖြေခဲ့ပေ။ ထိုအစား သူက မုန့်ချီ၏ရည်ရွယ်ချက်ကို သိနေသည့်အလား အပြုံးနှင့် စိုက်ကြည့်နေခဲ့သည်။ သူက မတ်တပ်ရပ်ပြီး အခန်းထဲမှ ထွက်သွားခဲ့၏။ ထိုအရာကို မကျေနပ်သည့်အတွက် မုန့်ချီက အခန်းထဲမှ ထွက်လာပြီး သခင်မစု၏ နတ်သမီးနယ်မြေအကြောင်းကိုသာ စဉ်းစားနေခဲ့မိသည်။
"နတ်သမီးနယ်မြေက ရှေးဟောင်းကောင်းကင်ခုံရုံးနဲ့ ပတ်သက်နေမယ်လို့ ငါလည်း မထင်ထားမိဘူး။ တကယ်လို့ ငါကသာ အဲဒီလမ်းကြောင်းကို သွားမယ်ဆိုရင် နောက်ထပ်အချက်အလက်တွေများ ရလာနိုင်မှာလား။ ဒါပေမဲ့ ရွှမ်တျန်းဂိုဏ်းကတောင် ရှေးဟောင်းကောင်းကင်ခုံရုံးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မသိဘူး။ ဒီနယ်မြေအကြောင်း ပိုပြီးသိတဲ့သူတွေကလည်း ငါ့ရဲ့ရန်သူတွေလို့ သတ်မှတ်နိုင်တယ်.."
သူက ဒဏ္ဍာရီအဖွဲ့မှ ကောင်းကင်ဧကရာဇ် ဟန်ကွမ်းနှင့် စကားပြောရန် လုံးဝမဖြစ်နိုင်ပေ။
"နတ်ဆိုးမ ကူရှောင်စန်းကလွဲရင် ငါ့ဆီမှာ တစ်ခြားနည်းလမ်း မရှိနိုင်တော့ဘူးလား…"
ရုတ်တရက်ဆိုသလို ကလေးတစ်ယောက်က သူ့ဆီကို ပြေးလာသည့်အတွက် သူ့အတွေးများက ပြတ်တောက်သွားခဲ့ရ၏။
"သခင်လေး ...
ဒီမှာသခင်လေးအတွက် စာတစ်စောင်ပေးခိုင်းလိုက်တယ်…"
ကလေးငယ်က သူ့ကို အသံတိုးတိုးနှင့် ပြောလိုက်၏။
"စာတစ်စောင်လား…"
မုန့်ချီက သူ၏စိတ်ဝိညာဉ်စွမ်းအားနှင့် စစ်ဆေးကြည့်လိုက်ရာ အန္တရာယ်မရှိကြောင်း သေချာသွားသည်။ သူက ထိုစာများကို လျင်မြန်စွာ ဖတ်ကြည့်လိုက်၏။
“ဝမ်စစ်ယွမ်က ရှောင်လင်ကျောင်းတော်ရဲ့ တောင်အနောက်ဘက်ကို သွားခဲ့တယ်။ ကျောက်တုံးတံခါးကိုလည်း ဖြတ်ကျော်သွားခဲ့တယ်…”
"ဝမ်စစ်ယွမ်က ကျောက်တုံးတံခါးကို ဖြတ်ကျော်သွားခဲ့တာလား။ ဒါကြောင့်လည်း သူက ကျောင်းထိုင်ကုံဝမ်ရဲ့အကြောင်းကို မေးခဲ့တာပဲ။ သူကလည်း တောင်အနောက်ဘက်ကို သွားခဲ့တာ ဟန်ကွမ်းလို ရည်ရွယ်ချက်မျိုးရှိနေတာလား။ သူက အဲဒီကိုသွားပြီး ဘာတွေရခဲ့တာလဲ။ သူက ကျောက်တုံးတံခါးထဲကို ဝင်လာခဲ့တာလား။ ဒီစာက ငါ့ဆီ ဘယ်သူပို့လိုက်တာလဲ…"
မုန့်ချီ၏ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာ ပေါ်လာခဲ့သည်။
……………………
ယွမ်ရန်နှင့် ဝမ်လင်းယုတို့က ပထမဆုံးတွေ့ဆုံမှုတွင် အလွန်နာမည်ကျော်ကြားသော သတ်ဖြတ်ရေးဓားကို တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူတို့က အလွန်စိတ်လှုပ်ရှားစွာ စကားပြောနေကြရင်း သတ်ဖြတ်ရေးဓားနှင့် ပတ်သက်သောအရာများကို ပြောနေမိသည်။
ထိုအချိန်တွင် ဝမ်လင်းယုက ခဏရပ်ပြီး သက်ပြင်းချလိုက်၏။
"ငါတို့ရဲ့ အကြီးအကဲတွေရော ဒီနေရာကို ရောက်လာမှာလား…"
"ငါတို့ရဲ့အကြီးအကဲတွေလား ... "
သူတို့၏ အကြီးအကဲများအကြောင်း ရုတ်တရက်ပြောလိုက်သည့်အချိန်တွင် ယွမ်ရန်က သတိပြန်ဝင်လာခဲ့သည်။ သူတို့၏ ပထမဆုံးတာဝန်အတောအတွင်း သူတို့ကို လမ်းပြခဲ့သော သူတို့၏အကြီးအကဲက သူ့ခေါင်းထဲတွင် ပြန်ပေါ်လာခဲ့၏။
Translated by Hein Htet.