အခန်း (၅၇၉)
Vol. 39 Ch. 579
ရက်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။ မြို့အပေါ်ဘက် ကောင်းကင်ကြီးပေါ်တွင်တော့ နေလုံးကြီးက တောက်ပနေဆဲသာ ဖြစ်၏။ ကွမ်လင်းမြို့ထဲတွင် ဆောင်းဦးရာသီသာ ရှိနေသေးသော်လည်း ရာသီဥတုက ပူပြင်းနေခြင်း မရှိဘဲ လက်ဆတ်သော လေလှိုင်းလေးများ တိုက်ခတ်နေပြီး အနွေးဓာတ် ရေးရေးလေး ရနေခဲ့သည်။
ထိုအရာက လမ်းမများပေါ်တွင် ပျော်ပွဲစားထွက်ရန်အတွက် ခရီးသွားများ၊ အလည်အပတ် ရောက်လာသူများအတွက် အကောင်းဆုံးအချိန်တစ်ခုလည်း ဖြစ်သည်။ ယွမ်ရန်နှင့် ဝမ်လင်းယုတို့က မင်းရန်လုံ၊ ဝူရှို့ရှန် နှင့် နောက်ဆုံးမှ ရောက်လာသော ဝူရှင်း တို့ကို သွားတွေ့ခဲ့သည်။
ထိုအရာက သံသရာကမ္ဘာကြီး၏ အပြင်ဘက်၌ ပထမဆုံး လူချင်းတွေ့ရခြင်းလည်း ဖြစ်သည်။ သူတို့က သံသရာတာဝန်များ အတောအတွင်း အချင်းချင်း ရင်းနှီးခဲ့ကြသည်။ သူတို့က ညီအစ်ကို မောင်နှမများသဖွယ် ရင်းနှီးနေကြသည့်အတွက် သူတို့၏ ကြားထဲတွင် စိမ်းသက်နေသော ခံစားမှုများမရှိဘဲ ပထမဆုံးတွေ့သည့် အချိန်တွင်ပင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့သည်။
သူတို့က ကွမ်လင်းမြို့၏ ရှောင်နန် ရေကန်အစပ်တွင် တွေ့ဆုံပြီး မြစ်ထဲတွင် လှေစီး၍ အရသာရှိသော စားစရာများကို စားသုံးနေကြသည်။ သူတို့က ရောက်တတ်ရာရာ စကားပြောနေကြသည့် အချိန်တွင် သူတို့၏ နားထဲ၌ အသံတစ်ခုကို ကြားလိုက်ရ၏။
အတွေ့အကြုံ ရင့်ကျက်နေသော သိုင်းလောကသားများ ဖြစ်နေကြသည့်အတွက် သူတို့က သတိထားနေပြီး သူတို့၏လက်နှစ်ဖက်ကလည်း လက်နက်ပေါ်သို့ တင်လိုက်ကြသည်။ သူတို့က ပတ်ပတ်လည်ကို သတိထား၍ စစ်ဆေးကြည့်နေပြီး အလစ်ချောင်း တိုက်ခိုက်မှုကို သတိထားနေကြ၏။
လူအုပ်ကြီးထဲတွင် ရုတ်တရက် ဆူဆူညံညံ ဖြစ်သွားခြင်းသာဖြစ်ပြီး ခဏအကြာတွင် လူခွဲ၍ ရှောင်နန်ရေကန်အစပ်တွင် စုစည်းလာကြသည်။ သူတို့က စိတ်လှုပ်ရှားစွာ စကားပြောဆိုနေကြ၏။
ထိုက်ယွဲ့ဂိုဏ်းမှ တပည့်တစ်ယောက်ဖြစ်ပြီး အစောပိုင်းကတည်းက နားတံခါးပွင့်နေသော မင်းရန်လုံကတော့ လူအုပ်ကြီးဆီမှ တီးတိုးစကားသံများကို နားထောင်နေသည်။ ထိုကဲ့သို့ စကားဝိုင်းများဆီမှ စိတ်ဝင်စားစရာကောင်းသော သတင်းများ ရလာနိုင်၏။
သူက သူ့အဖော်များကို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“တရားမျှတရေးဓားလို့ ကျော်ကြားတဲ့ ဝမ်ကျိနဲ့ ကဗျာဓားလို့ခေါ်တဲ့ စုန့်ချွမ်လဲ့ တို့က ရှောင်နန် ရေကန်ဘေးမှာရှိတဲ့ ငြိမ်းချမ်းရေးအဆောက်အဦးမှာ လက်ရည်စမ်းဖို့ သဘောတူထားကြတယ်..”
“လူငယ်မှတ်တမ်းက ပညာရှင်တွေရဲ့ တိုက်ပွဲပဲ..”
“ဒါက ကြုံဖို့ခက်တဲ့ တိုက်ပွဲတစ်ခုလို့လည်း ပြောလို့ရတယ်။ တကယ့်ကို မြစ်အရှေ့ပိုင်းလို့ ခေါ်ထိုက်တာပဲ…။ ဒီနေရာက လူငယ်မှတ်တမ်းမှာရှိတဲ့ လူငယ်တွေ မကြာခဏ လက်ရည်စမ်းတတ်တဲ့ နေရာ အနည်းငယ်ထဲက တစ်ခုပဲ..”
ဝူရှို့ရှန်က စိတ်လှုပ်ရှားစွာ ပြန်ပြောလိုက်သည်။ သူကတော့ ထိုကဲ့သို့ လက်ရည်စမ်းပွဲတစ်ခုကို သူ့မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ခွင့်ရသော ပထမဆုံး အခွင့်အရေးလည်း ဖြစ်သည်။
ယွမ်ရန်ကတော့ လူအများနှင့် နေရသည်ကို သဘောကျပြီး သူမကလည်း လူငယ်မှတ်တမ်းမှ လူငယ်များ၏ တိုက်ပွဲကို မြင်ချင်နေခဲ့သည်။ သူတို့က ကြည့်နေသူများ၏ နောက်မှ လိုက်လာပြီး မေးလိုက်သည်။
“သူတို့ရဲ့လက်ရှိအဆင့်က ဘယ်လောက်မှာလဲ။ သူတို့က ရန်ချုံ၊ ကွေကျီ၊ ချင်ယု၊ ဝမ်ကိုက်နဲ့ ရန်ဟယ်တို့ကို ယှဉ်နိုင်ရဲ့လား..”
“ထန်စစ်၊ ရွမ်ယုရှု၊ ရှန့်ကွမ်းဟန်၊ ဝမ်ရန်အန်း၊ လော်ဟို၊ ချီကျန်းရန်၊ လော်ရှု့နှင့် ကျန်းပင်တို့ကရော…”
တခဏလေးအတွင်း သူမ၏နှုတ်ဖြားမှ နေ၍ နာမည်ပေါင်းများစွာ ထွက်ပေါ်လာခဲ့သည်။ လူငယ်မှတ်တမ်းမှ ထိပ်တန်းပညာရှင်များ၏ နာမည်ကို သူမ၏ ရင်ထဲတွင် မှတ်သားထားခဲ့သည်။
ယွမ်ရန် ပြောလိုက်သော လော်ဟိုဟူသည်မှာ အသူရာဘုရင်၏ အမွေအနှစ်ကို ဆက်ခံထားသူ တစ်ယောက်ဖြစ်ပြီး သူက အသူရာကျောင်းဆောင်၏ ဆက်ခံသူ တစ်ယောက်လည်း ဖြစ်သည်။ လက်ရှိ လော်ဟိုကတော့ အသူရာအင်ပါယာ ဖြစ်နေပြီး လော်ဟိုပုံရိပ်ယောင် ခန္ဓာပိုင်ဆိုင်ထားသည်။
သူကလည်း တချိန်တုန်းက လော်ဟိုဟူသောနာမည်ကို အသုံးပြုခဲ့ပြီး သူ့နာမည်ကို သူ၏လက်ရှိတပည့်ဆီသို့ လက်ဆင့်ကမ်းပေးခဲ့သည်။ ယခု သူကလည်း သူ့ဆရာ၏ လမ်းစဉ်အတိုင်း လျှောက်လှမ်းနေခဲ့သည်။ ယွမ်ရန်က ဆရာ၏ နာမည်ကို အမွေဆက်ခံသော တပည့်များ အကြောင်း လုံးဝမသိသည့်အတွက် လော်ဟိုနှစ်ယောက်၏ ကြားထဲတွင် ကွဲပြားမှုကို ရှုပ်ထွေးနေခဲ့သည်။
တောင်ပိုင်းဖုန်းဆိုးမြေထဲတွင်တော့ လျှို့ဝှက်ပြီး လူမသိသော အန္တရာယ်များစွာ ပုန်းအောင်းနေသည်။ သတင်းအချက်အလက်များကလည်း ပို့ဆောင်ရန် ခက်ခဲပြီး အန္တရာယ်များသာ ပြည့်နှက်နေခဲ့၏။ အနောက်ပိုင်းနယ်မြေနှင့် ယှဉ်လိုက်မည်ဆိုလျှင် တော်တော်လေးကို မှိန်ဖျော့နေသည်။
ယွမ်ရန်က ကုန်သည်များဆီမှတဆင့် လူငယ်မှတ်တမ်းတွင် ရှိနေသော ပညာရှင်များအကြောင်းကို ကြားခဲ့ဖူးသည်။ ထို့ကြောင့် သူမက ထိုအရာများ အားလုံးကို စိတ်ဝင်စားနေခဲ့ရ၏။ သူမက အလယ်ကုန်းမြေသို့ ခရီးနှင်လာစဉ် အတောအတွင်း အချိန်မရှိသလို သတင်းသစ်များ စုဆောင်းရန် အခွင့်အရေးလည်းမရခဲ့ပေ။
“စုန့်ချွမ်လဲ့က လော့ရန်မှာရှိတဲ့ လက်ရှိစုန့်မျိုးဆက်ထဲမှာ အထူးချွန်ဆုံး လူတစ်ယောက်ပဲ။ သူက နောက်ပိုင်းမှ ထင်ရှားလာခဲ့တာ။ ဒါပေမဲ့ အဆင့်တက်တာတော့ အတော်လေးမြန်တယ်။ သူက လူငယ်မှတ်တမ်းရဲ့ အဆင့် (၃၁) မှာရှိတယ်…”
ဝူရှို့ရှန်က ပြန်ဖြေလိုက်သည်။ သူကတော့ အလယ်ပိုင်းနယ်မြေက လူတစ်ယောက် ဖြစ်သည့်အတွက် လူငယ်မှတ်တမ်းအကြောင်းကို အရင်းနှီးဆုံးလည်း ဖြစ်သည်။
သူ့ဘေးတွင် ရှိနေသော ဝမ်လင်းယုက တိုးတိုးလေး ပြုံးလိုက်မိ၏။
“စုန့်ချွမ်လဲ့က အရင်နှစ် သစ်သီးပွဲတော်ကို တက်ရောက်ခဲ့ပြီး သူ့ရဲ့စွမ်းရည်တွေကို ပြသဖို့ မျှော်လင့်ထားခဲ့တယ်။ ဒါပေမဲ့ သူက မအောင်မြင်ခင် သတ်ဖြတ်ရေးဓားကို တွေ့ခဲ့ရတာတော့ နှမြောစရာပဲ။ သူတို့(၅)ယောက်အဖွဲ့ကတောင် သတ်ဖြတ်ရေးဓားကို အနိုင်မရခဲ့ဘူး…”
“အဲဒီတိုက်ပွဲကြောင့် စုန့်ချွမ်လဲ့ရဲ့ယုံကြည်မှုတွေက ပျက်စီးသွားခဲ့ရပြီး သူက စိတ်ဓာတ်ကျလုနီးပါး ဖြစ်သွားခဲ့တယ်။ သူက အဲဒီအမှောင်ထုကြီးကနေ ရုန်းထွက်နိုင်ပြီး နောက်တစ်ကြိမ် ပြန်လာနိုင်ခဲ့တာ တော်တော်လေး ကံကောင်းတယ်။ အခုတော့ သူက ဓားရှည် ကိုင်တဲ့အပြင် ဓားမောက်လည်း ကိုင်ထားတယ်။ ဓားရှည်၊ ဓားမောက်ပညာရှင်တွေဆိုတာက စုန့်ကလန်မှာရှိတဲ့ လူတစ်ယောက် အတွက်တော့ သာမန်ပုံစံတစ်ခုပဲ..”
ဝမ်လင်းယုကတော့ ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်သည့် အချိန်ကတည်းက စပြီး သိုင်းလောကထဲတွင် လွတ်လပ်စွာ သွားလာနိုင်ခဲ့သည်။ မြစ်အရှေ့ပိုင်းက သတင်းအချက်အလက်များ စုစည်းနေသည့် နေရာတစ်ခု ဖြစ်သည့်အတွက် သူမက သိုင်းလောကနှင့် ပတ်သက်သော အရာများကို အကုန်သိနေခဲ့၏။
“ဪ…ဒါနဲ့ နင်က ဒီအကြောင်းကို မနေ့တုန်းက ဘာလို့ မပြောခဲ့ရတာလဲ…လင်းယု..”
ယွမ်ရန်က ကလေးတစ်ယောက်ကဲ့သို့ ပြောလိုက်သည်။ သူမက လက်ခုပ်တီးပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
ယမန်နေ့တွင် သူမက သတ်ဖြတ်ရေးဓားနှင့် ပတ်သက်သော အကြောင်းအရာများကို ပြောခဲ့သည်။ သူက ပညာရှင်(၅)ယောက်ကို ရင်ဆိုင်တိုက်ခိုက်ခဲ့သည်ဟု ပြောခဲ့သော်လည်း စုန့်ချွမ်လဲ့က ထို(၅)ယောက်ထဲမှ တစ်ယောက် ဖြစ်လိမ့်မည်ဟု သူမလည်း မထင်ထားခဲ့ပေ။ သူကလည်း လူငယ်မှတ်တမ်းထဲမှ ပညာရှင်တစ်ယောက် ဖြစ်နေသည်။
ဓားသမားတစ်ယောက်ဖြစ်သော ဝူရှင်းက အဝေးကို ငေးကြည့်နေခဲ့သည်။ သူက ရှောင်နန်ရေကန်၏ အဝေးကို ကြည့်နေရင်း ပြောလိုက်၏။
“တရားမျှတရေးဓား ဝမ်ကျိကတော့ မြစ်အရှေ့ပိုင်း ဝမ်မိသားစုရဲ့ လက်အောက်ခံမိသားစုက လူငယ်တစ်ယောက်ပဲ…။ သူက အသက် (၂၀) အရွယ်ကိုတောင် မရောက်သေးဘဲ ဗလာမဲ့ ဓားသိုင်းပညာရဲ့ ပင်မလမ်းညွှန်ချက်ကို နားလည်သွားပြီ…။ ဒီတော့ သူက လူငယ်မှတ်တမ်းကို ရောက်လာပြီး အဆင့် (၃၅) နေရာကို လျင်မြန်စွာ ရောက်လာခဲ့တယ်။ သူတို့ရဲ့တိုက်ခိုက်ရေးအစွမ်းတွေက တော်တော်လေးကို တူညီတယ်လို့ ပြောလို့ရတယ်…”
မြစ်အရှေ့ပိုင်း ဝမ်မိသားစု၏ မျိုးဆက်က သူတို့၏ မျိုးနွယ်ဝင်များကို ကန့်သတ်ထားခြင်း မရှိချေ။
ထိုအဖွဲ့ထဲတွင် အများစုက တံခါး(၄)ပေါက်သာ ပွင့်နေသေးသည်။ တံခါး(၆)ပေါက်ပွင့် နေသော မင်းရန်လုံက လွဲလျှင် တခြား(၄)ယောက်ကတော့ ဝေ့ကျင်းအဆင့် ပညာရှင်များ၏ကျင့်စဉ်များ ၊ သင်ကြားမှုများကို ရရှိရန် အခွင့်အရေးမရှိကြချေ။
သံသရာကမ္ဘာကြီးထဲတွင် သူတို့၏ စွန့်စားခန်းများကြောင့် သူတို့က သိုင်းကျမ်းများကို ရရှိခဲ့ပြီး အဆင့်တက်နိုင်သည့် ဖြစ်နိုင်ချေများကိုလည်း ပိုင်ဆိုင်လာခဲ့သည်။ ထိုအရာက သူတို့၏ စိတ်ဝင်စားမှုများ ၊ စွဲလန်းမှုများကို မြှင့်တင်ပေးနိုင်ခဲ့သည်။ သူတို့က ကြည့်နေသူများကို ကျော်သွားပြီး ငြိမ်းချမ်းရေးအဆောက်အဦးဆီသို့ ပြေးထွက်သွားကြ၏။
အမှန်တကယ်တွင်လည်း ဝမ်ကျိနှင့် စုန့်ချွမ်လဲ့တို့ နှစ်ယောက်လုံး၏ အစွမ်းက တူညီနေသည့်အတွက် သူတို့က တိုက်ပွဲကို ခက်ခက်ခဲခဲ တိုက်ခိုက်နေရပြီး (၁၅)မိနစ်ခန့်ကြာပြီးမှသာ စုန့်ချွမ်လဲ့က ပွတ်ကာသီကာ အနိုင်ရခဲ့သည်။
သူတို့က သိုင်းကွက်မျိုးစုံ လှုပ်ရှားမှုမျိုးစုံကို အသုံးပြုခဲ့သည့်အတွက် မင်းရန်လုံ၊ ယွမ်ရန်နှင့် သူတို့၏ အဖွဲ့ဝင်များအတွက် အတော်လေးကို စိတ်လှုပ်ရှားစရာ ကောင်းလွန်းနေသည်။
“တကယ့်ကို လူငယ်မှတ်တမ်းက ပညာရှင်တွေရဲ့ တိုက်ပွဲလို့ပြောရမှာပဲ။ ဒီလိုအဆင့်က ငါတို့ခန့်မှန်းလို့မရနိုင်တဲ့ အဆင့်မျိုးဖြစ်နေတယ်..”
ဝူရှို့ရှန်က သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“တကယ်လို့ ငါ့ဆီမှာသာ ဒီလိုဓားသိုင်းပညာမျိုး ပိုင်ဆိုင်ထားမယ်ဆိုရင် ငါတို့က နောက်ပိုင်း ဒီလိုမျိုး ခံစားရမှာ မဟုတ်ဘူး..”
ဓားသမားဝူရှင်းက တိုက်ခိုက်ပြီးနောက် စကားပြောဆိုနေကြသော လူငယ်နှစ်ယောက်ကို ကြည့်ပြီး ရေရွတ်နေခဲ့သည်။
သူကတော့ တာဝန်ဟူသော စကားလုံးကို ရှောင်၍ပြောခဲ့သည်။ သူက သံသရာကမ္ဘာကြီးနှင့် ပတ်သက်သော လျှို့ဝှက်ချက်များကို ဖေါ်ထုတ်ခဲ့ခြင်းမရှိချေ။
သိုင်းလောကသား အနည်းငယ်၏ စကားလုံးကို ကြားသည့်အခါ ယွမ်ရန်နှင့် ဝမ်လင်းယု တို့ကတော့ ဝင်မပြောခဲ့ပေ။
“ဒါက လူငယ်မှတ်တမ်းရဲ့ အောက်ပိုင်းမှာရှိတဲ့ ပညာရှင်တွေရဲ့ တိုက်ပွဲတစ်ခုပါပဲ။ တကယ်လို့ မင်းတို့ကသာ သတ်ဖြတ်ရေးဓားနဲ့ အင်ပါယာဓား(၅)သွယ်တို့ရဲ့ တိုက်ပွဲ၊ ကိုယ်ပျောက်ဓားနဲ့ ပညာရှင်(၄)ယောက်ရဲ့ တိုက်ပွဲကိုသာ မြင်ဖူးမယ်ဆိုရင် အသက်ရှုတောင် ရပ်သွားနိုင်တယ်…”
“အဲဒီလိုလား…”
“အဲဒါတော့ အမှန်ပဲ…”
တခြားတစ်ယောက်ကလည်း ထောက်ခံလိုက်သည်။
“အရင်မျိုးဆက် လူငယ်မှတ်တမ်းကမှ အတော်ဆုံးလို့ ပြောလို့ရတာ။ သူတို့က ညအချိန်တောက်ပတဲ့ ကြယ်တွေလိုပဲ။ ငါတို့မှာ သတ်ဖြတ်ရေးဓား၊ ပျက်သုန်းခြင်းဓားနတ်သမီး၊ ကိုယ်ပျောက်ဓား၊ အသက်ထိန်းသိမ်းသူနဲ့ လော်အဖွဲ့အစည်းက နတ်ဘုရားမတို့ ရှိတယ်…”
“ဘယ်သူကမှ အဲဒီနာမည်တွေရဲ့ နောက်ကွယ်မှာရှိတဲ့ စွမ်းရည်တွေ၊ အရည်အချင်းတွေကို မပြောခဲ့ကြဘူး။ သူတို့နဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေက ပုံပြင်ဒဏ္ဍာရီတွေလိုပဲ။ သူတို့ရဲ့ဆက်ခံသူတွေကတောင် တော်တော်လေးကို ဂုဏ်ယူရလိမ့်မယ်…”
အတိတ်က ကြီးကျယ်မှုနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် လက်ရှိအချိန်က အတော်လေးကို နိမ့်ကျနေခဲ့သည်။ ထိုကဲ့သို့သော ငြင်းခုန်မှုမျိုးကို မည်သူကရော ဆန့်ကျင်နေမည်နည်း။ ကိုယ်ပျောက်ဓားက လူငယ်မှတ်တမ်း၏ ထိပ်ဆုံးကို ရောက်ရှိခဲ့သည့် အချိန်ကတည်းကစပြီး ဝေ့ကျင်းအဆင့်ကို တိုက်ရိုက်တက်လှမ်းသွားခဲ့သော ပညာရှင်(၅)ယောက် ရှိနေခဲ့သည်။
သူတို့ထဲမှ တစ်ယောက်ကတော့ သမိုင်းကြောင်းထဲတွင် အတော်ဆုံး လူတစ်ယောက်ပင် ဖြစ်နိုင်သည်။ သူတို့၏ထင်ပေါ်ကျော်ကြားမှုကို ယနေ့ထိ ကျော်လွှားနိုင်သူ တစ်ယောက်မျှ မရှိသေးပေ။ အကယ်၍ သူတို့ကို လူငယ်မျိုးဆက်များက လွှမ်းမိုးသွားနိုင်မည်ဟု တစ်ယောက်ယောက်က ပြောမည်ဆိုလျှင်ပင် အနာဂတ်တွင်တော့ မဖြစ်နိုင်သေးပေ။
လက်ရှိ လူငယ်မှတ်တမ်းတွင် ထိပ်ဆုံး (၁၅) ယောက်က ထူးချွန်ထက်မြက်သော စွမ်းရည်များ ရှိနေသော်လည်း သူတို့အားလုံးနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင်တော့ တော်တော်လေးကို မှိန်ဖျော့နေသေးသည်။
“ထားလိုက်ပါ…ဒီနေ့ သူတို့အားလုံးက ဝေ့ကျင်းအဆင့် ပညာရှင်တွေဖြစ်နေပြီလေ..။ ဒီတော့ ငါတို့က အတိတ်မှာ နစ်မျောနေလို့မှ မရတာ..”
တခြားလူစိမ်းတစ်ယောက်က သက်ပြင်းချလိုက်မိသည်။
“ဟုတ်တယ်..။ သူတို့တွေက ဝေ့ကျင်းအဆင့် ပညာရှင်တွေ ဖြစ်နေပြီ။ သူတို့ရဲ့ လက်ထဲမှာ ရှိနေတဲ့ အစွမ်းတွေက လူတိုင်းကို လွှမ်းမိုးနိုင်တယ်…”
ဉာဏ်အလင်းပွင့်မှုအဆင့်နှင့် ဝေ့ကျင်းအဆင့်ပညာရှင်များ၏ ကွာဟမှုက အလွန်ကြီးမားလွန်းလှသည့်အတွက် တစ်ဖက်လူ၏နောက်တွင် မတူညီသော ကမ္ဘာကြီးများ ရှိနေကြသည်။ ပညာရှင်များနှင့် ဒဏ္ဍာရီများက သေဆုံးသွားကြသော်လည်း သိုင်းလောက ကတော့ ထာဝရ ရှိနေနိုင်သည်။
ယွမ်ရန်နှင့် သူမ၏အဖော်များက အချင်းချင်း ကြည့်လိုက်မိကြပြီး သက်ပြင်းချလိုက်မိ၏။
“ဝေ့ကျင်းအဆင့် ပညာရှင်တွေ…”
သူတို့ဆွေးနွေးနေကြသော သတ်ဖြတ်ရေးဓားနှင့် တခြားသူများ၏အမည်က ယခုသိုင်းလောကတွင် ဒဏ္ဍာရီများသဖွယ် ဖြစ်နေကြသည်။ ယခု သူတို့က စာမျက်နှာအသစ်တစ်ခုကို လျှောက်လှမ်းနေပြီ ဖြစ်ပြီး သူတို့၏စွမ်းရည်နှင့် ကိုက်ညီသော စွန့်စားခန်းများကို လုပ်ဆောင်နေကြသည်။ သူတို့က သာမန်လူများနှင့် အင်မော်တယ်များကဲ့သို့ ကွာခြားလွန်းလှသည်။
သူတို့က စိတ်ပျက်လက်ပျက် ဖြစ်နေသော ခံစားချက်များကို ဖယ်ရှားလိုက်ပြီး ရှောင်နန်ရေကန်၏ အစွန်သို့ ပြန်သွားခဲ့ကြသည်။ ထို့နောက် ထိုနေရာတွင် လှေငယ်လေးတစ်စီးကို ငှားရမ်းပြီး ရေကန်၏ အလယ်သို့ သွားခဲ့သည်။
သူတို့က လှေပေါ်မှနေ၍ မြင်ကွင်းများကို ကြည့်ရှုခံစားနေကြ၏။ လက်ရှိအချိန်တွင်တော့ သူတို့က ရေကန်မျက်နှာပြင်ပေါ်တွင် စုစည်းနေသော မြူခိုးများကိုသာ သတိထားမိနေကြသည်။
ရုတ်တရက်ဆိုသလို မိုးရွာလာသည့်အတွက် သူတို့အဖွဲ့က လှေ၏အခန်းထဲကို ရွေ့သွားရန် ဆုံးဖြတ်လိုက်ကြပြီး လှေသမားကို သူတို့အတွက် စားစရာများ ပြင်ဆင်ပေးရန် တောင်းဆိုလိုက်သည်။
သူတို့က အခန်းထဲကို ရောက်သွားသည့်အချိန်တွင်တော့ တစ်ကိုယ်လုံး အေးစက်သွားကြသည်။ အခန်းထဲတွင် အဖြူရောင်ဝတ်စုံ ဝတ်ထားသော လူငယ်လေး တစ်ယောက် ထိုင်နေခဲ့သည်။ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေပြီး ခန့်ညားစွာ ရေနွေးသောက်နေခဲ့သည်။ သူဘေးတွင်တော့ ဓားတစ်ချောင်း ရှိနေ၏။
“သခင်လေး…”
“ဆရာ…”
သူတို့(၅)ယောက်က အလွန်ပျော်ရွှင်ကျေနပ်သွားကြသည်။ သူတို့၏ နှုတ်ဖျားမှ ရုတ်တရက် စကားလုံးများ ထွက်မလာစေရန် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်ကြ၏။ တည်ငြိမ်သော သခင်လေး၏ အခြေအနေကြောင့် သူတို့ဆီတွင် လှုပ်ရှားလာသော ခံစားချက်များ ရှိနေသော်လည်း အခန်းထဲတွင် တိတ်ဆိတ်သွားခဲ့သည်။
မုန့်ချီက ရေနွေးခွက်ကို ပြင်ဆင်နေချိန်တွင် လူငယ်(၅)ယောက်က ဖြည်းညင်းစွာ ထိုင်လိုက်ကြသည်။ သူတို့၏ စိတ်ဝိညာဉ်နှင့် စိတ်နှလုံးသားထဲတွင် စိုးရိမ်မှုများ ရှိနေခဲ့၏။ ထိုအချိန်တွင် အလွန်တိတ်ဆိတ်ငြိမ်သက်နေသော ရေကန်ကဲ့သို့ သူတို့စိတ်ဝိညာဉ်ကလည်း အသစ်ပြန်ဖြစ်လာသလို ထင်မှတ်ရပြီး စိုးရိမ်ပူပန်များ ပျောက်ကွယ်သွားခဲ့သည်။
မုန့်ချီက သူ၏ရုပ်ရည်ကို ပြောင်းလဲထားပြီး ပုံမှန်ဝတ်စားဆင်ယင်ပုံနှင့် ကွဲပြားသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက တစ်ယောက်ချင်းဆီ၏ ခွက်ထဲသို့ ရေနွေးများ လိုက်ထည့်ပေးခဲ့၏။ သူ ထည့်ပေးပြီးသွားသည့်အချိန်တွင် သူတို့အတွက် ပြင်ဆင်ပေးထားသော ရေနွေးကို သောက်လိုက်ကြသည်။
“တော်တော်အရသာရှိတာပဲ…”
မင်းရန်လုံက အရသာကို ချီးကျူးလိုက်သည်။ ထိုအရသာက ပထမတွင် အနည်းငယ် ခါးသက်သက် ဖြစ်သော်လည်း ခဏကြာပြီးနောက် ချိုမွှေးသော အရသာလေးတစ်ခု ပေါ်လာခဲ့သည်။
မုန့်ချီက ရေနွေးသောက်နေသော လူငယ်များကို ကြည့်ပြီး ပြုံးလိုက်သည်။
“ငါက မြစ်အရှေ့ပိုင်းကို ရောက်နေမှတော့ မင်းတို့ကို အကြံပေးဖို့အတွက် ရောက်လာခဲ့တာ..”
“ဒါဆိုရင်တော့ ကောင်းတာပေါ့ သခင်လေး..”
သူတို့က ခွက်များကိုချပြီး မုန့်ချီကို စူးစူနစ်နစ် စိုက်ကြည့်နေကြသည်။ သူတို့ဆရာ၏အစွမ်းက ယခင်တစ်ခါ တွေ့ခဲ့စဉ်အချိန်ကထက် ပို၍နက်ရှိုင်းပြီး ခန့်မှန်း၍မရနိုင်သော အစွမ်းများကို ပိုင်ဆိုင်ထားသည်။
“မင်းတို့အားလုံးကို ဒီလိုမျိုးတွေ့ရတာ ပိုပြီးကောင်းတယ်။ သေရေးရှင်ရေးအတွေ့အကြုံတွေကြောင့် မင်းတို့က ပိုပြီးတော့ လျင်လျင်မြန်မြန် ရင်းနှီးလာကြတယ်။ ဒါပေမဲ့ ဒီလိုမျိုး မကြာခဏ တွေ့ဆုံတာတွေမျိုး မလုပ်နဲ့ ။ မင်းတို့က နောက်ပိုင်းမှာ တခြား သံသရာခရီးသွားတွေနဲ့ တွေ့ရနိုင်တယ်။ မင်းတို့အသုံးပြုတဲ့ သိုင်းကွက်တွေ…၊ မင်းတို့ကိုင်ထားတဲ့ လက်နက်တွေကို တခြား သံသရာခရီးသွားတွေက ခြေရာခံပြီး မင်းတို့ကို ပြင်ပကမ္ဘာကြီးမှာ လိုက်သတ်နိုင်တယ်။ သံသရာကမ္ဘာကြီးထဲမှာ မင်းတို့ခံစားရတဲ့ အန္တရာယ်တွေက တကယ့် အစစ်အမှန်ဘဝမှာတောင် ကြုံတွေ့ရနိုင်တယ်…”
မုန့်ချီက လေးလေးနက်နက်ပြောလိုက်သည်။
ယွမ်ရန်နှင့် တခြားသူများက ထိတ်လန့်သွားခဲ့၏။ သူတို့ကတော့ ထိုစကားကြောင့် ပတ်ပတ်လည်ကို စိုးရိမ်တကြီး လှည့်ကြည့်လိုက်ကြသည်။ သူတို့ဆရာ၏ စကားကြောင့် သံသရာအရှင်သခင်က သုတ်သင်ရှင်းလင်းလိုက်မှာကို ကြောက်လန့်နေခဲ့သည်။
သူတို့၏ ပတ်ပတ်လည်တွင်တော့ တည်ငြိမ်အေးချမ်းမှုသာ ရှိနေပြီး လှေသမား ပြင်ဆင်နေသော ဓားခုတ်သံမှလွဲလျှင် မည်သည့်အသံမျှ မကြားရချေ။ သူတို့က သီးခြားနယ်မြေတစ်ခုထဲတွင် ထိုင်နေသလို ထင်မှတ်ရသည်။
သူတို့က မုန့်ချီ၏ စကားလုံးများကို ပြန်လည်အာရုံစိုက်လာခဲ့သည်။ ပတ်သက်မှုများ အခြေအနေများကို နားလည်သွားပြီးနောက် သူတို့က မေးခွန်းထုတ်လာကြ၏။
“ဒါဆိုရင် ကျွန်မတို့က နောက်ကြောင်းလိုက်ခံရမှာလား ဆရာ…”
သူတို့က အဖွဲ့အချင်းချင်း တိုက်ခိုက်ရသော တာဝန်များကို ကြုံတွေ့ရနိုင်ကြောင်း ပြောခဲ့ဖူးသည်ကို အမှတ်ရသွားသည်။
“မင်းတို့ရဲ့လက်ရှိစွမ်းအားနဲ့ အင်အားအရ ဘယ်သူမှ သတိမထားမိနိုင်ဘူးလို့ အာမခံလို့ မရနိုင်ဘူး…။ အခုတော့ မင်းတို့က စိတ်အေးအေးနေလို့ ရနိုင်သေးတယ်။ ဒါပေမဲ့ မင်းတို့က တဖြည်းဖြည်းပိုပြီး တိုးတက်လာကြလိမ့်မယ်။ နောက်ပိုင်း မင်းတို့က လူငယ်မှတ်တမ်းထဲကိုတောင် ရောက်လာနိုင်ကြလိမ့်မယ်…”
“မင်းတို့ရဲ့ ဂုဏ်သတင်းကျော်ကြားလာတာနဲ့အမျှ မင်းတို့ရဲ့နာမည်ကို လူတိုင်းက သိလာကြလိမ့်မယ်..။ မင်းတို့သင်ကြားထားတဲ့ သိုင်းပညာတွေ ၊ မင်းတို့နဲ့ ပတ်သက်တဲ့ ထင်ရှားတဲ့အရာတွေအားလုံးကိုလည်း မှတ်တမ်းတင်ထားလိမ့်မယ်.။ မင်းတို့ကို စိတ်ဝင်တစား ကြည့်နေတဲ့သူတွေထဲမှာ သိုင်းလောက ပညာရှင်တွေ၊ မင်းတို့ရဲ့ပြိုင်ဘက်တွေနဲ့ နောက်ပိုင်းသံသရာတာဝန်တွေမှာ တွေ့လာနိုင်တဲ့ သံသရာခရီးသွားတွေလည်း ပါလာနိုင်တာပဲ။ သူတို့က မင်းတို့ကို မှတ်မိသွားနိုင်တယ်..”
မုန့်ချီက သူ့အတွက် ရေနွေးတစ်ခွက် ငှဲ့လိုက်ပြီး တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
အခန်းထဲတွင်တော့ တည်ငြိမ်အေးချမ်းမှုသာ ပြည့်နှက်နေခဲ့၏။
“ဒါဆိုရင် ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားသင့်တာလား..”
ယွမ်ရန်က အရင်ဆုံး ပြောလိုက်သည်။
တောင်ပိုင်းဖုန်းဆိုးမြေတွင် နေထိုင်ရသော သူမ၏ဘဝအခြေအနေအရ သူမက မှော်ရုပ်သေးပညာ ၊ အဆိပ်လက်နက်ပညာနှင့် ရုပ်ပြောင်းရုပ်လွှဲပညာများကို ကျွမ်းကျင်နေသည်။
“ဟုတ်တယ်…။ မင်းတို့ရဲ့ ရုပ်ရည်တင်မဟုတ်ဘူး မင်းတို့ရဲ့ ကျင့်စဉ်တွေလည်းပါတယ်..။ မင်းတို့ ပုံမှန်အသုံးပြုနေတဲ့ ကျင့်စဉ်တွေ၊ သိုင်းပညာတွေကတော့ ကိစ္စမရှိပါဘူး ။ ဒါပေမဲ့ သေစေနိုင်လောက်တဲ့ ကျင့်စဉ်တွေ၊ အစွမ်းထက်ဆုံး သိုင်းပညာတွေကတော့ မင်းတို့ဆီမှာ နှစ်မျိုးဆီလောက် ရှိသင့်တယ်..”
“တစ်မျိုးကတော့ သံသရာကမ္ဘာကြီးထဲမှာ သုံးဖို့နဲ့ နောက်တစ်မျိုးကတော့ မင်းတို့ရဲ့ အစစ်အမှန် ကမ္ဘာကြီးထဲမှာ သုံးဖို့ပဲ….”
မုန့်ချီက အကြံပေးလိုက်သည်။
ထိုအရာက ကံကြမ္မာအမှတ် အမြောက်အမြား လိုအပ်သလို အတော်လေးလည်း အရေးပါသည်။ နောက်ထပ်အပိုစွမ်းရည်နှင့် ကျင့်စဉ်များက သူတို့အတွက်တော့ အခက်အခဲတစ်ခု ဖြစ်နိုင်သည်။
သူတို့က မတ်တပ်ရပ်လိုက်ပြီး မုန့်ချီကို ကျေးဇူးတင် စကားပြောလိုက်သည်။
မုန့်ချီက လက်ကာပြပြီး ပြောလိုက်သည်။
“မင်းတို့က သံသရာအရှင်သခင်ဆီကနေ ဘယ်ကျင့်စဉ်တွေကို လဲလှယ်ထားတာလဲ..”
သူက မေးလိုက်သည်။
ထိုအဖွဲ့က မျက်နှာပျက်သွားကြ၏။ ဝမ်လင်းယုက အရင်ဆုံး ရှေ့တက်လာပြီး တလေးတစား ပြောလိုက်သည်။
“ဟန်တောင်တန်းက နတ်ဘုရားသိုင်းကွက် (၅) ခုထဲမှာ ရှိတဲ့ ဘဲငန်းနောက်ဆုတ်ခြင်း ဓားသိုင်းကျမ်းပါ..”
“ငါ ကြည့်ပေးမယ်..”
မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်သည်။
ဝမ်လင်းယုက ပင့်သက်ရှိုက်လိုက်ပြီး ထိုစွမ်းရည်ကို ပြသလိုက်၏။ မုန့်ချီက သူမ၏ ပြသမှုကို ခေါင်းညိတ်၍ ကြည့်နေခဲ့သည်။ ထို့နောက် သူက စကားမပြောဘဲ သူ့ဓားကို ထုတ်၍ သူမ ပြသမှုမှ ဆင်းသက်လာသော သိုင်းကွက်များကို ပြသလိုက်သည်။ ထိုအရာများက ကွဲပြားသော်လည်း ဆက်သွယ်မှု ရှိနေခဲ့သည်။ ထိုအရာများက အတော်လေးကို အစွမ်းထက်လွန်းလှ၏။
“ဒါက ဟန်တောင်တန်းက နတ်ဘုရားသိုင်းကွက်(၅) ခုရဲ့ ကျန်တဲ့ သိုင်းကွက်တွေလား..”
ဝမ်လင်းယုက မေးလိုက်သည်။
“သူတို့၏ သခင်လေးက ထိုဓားသိုင်းကွက်တစ်ခုလုံးကို လဲလှယ်ထားခြင်းပေလော…”
ယွမ်ရန်နှင့် တခြားလူများ၏ ခေါင်းထဲတွင်လည်း တူညီသောအတွေးများ ပေါ်လာခဲ့သည်။
မုန့်ချီက သူ့ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါက ဒီဓားသိုင်းပညာကို မသင်ဖူးဘူး။ ဒါပေမဲ့ ဓားသိုင်းပညာတွေအားလုံးရဲ့ အခြေခံက အတူတူပဲလေ၊ မင်း ပြသလိုက်တဲ့ပုံစံကို ကြည့်ပြီး ငါက အဲဒီအရာနဲ့ ဆက်စပ်နေတဲ့ ဓားသိုင်းပညာတစ်ခုကို ဖန်တီးလိုက်တာ…”
“သူက ကိုယ်ပိုင်ဓားသိုင်းပညာတစ်ခုကိုတောင် ဒီလိုမျိုး ဖန်တီးနိုင်နေပြီလား…”
မင်းရန်လုံ၊ ယွမ်ရန်နှင့် တခြားသူများက မယုံကြည်နိုင်သလို ဖြစ်နေကြသည်။ သူတို့က ဓားသိုင်းပညာတွင် ထိုကဲ့သို့ အဆင့်မျိုးကိုရောက်ရန် မည်မျှလျှောက်လှမ်းရဦးမည်နည်း။
သူက အေးအေးဆေးဆေး တည်ငြိမ်စွာ ပြောပြနိုင်သည့်အတွက် သူ့အတွက် ထိုအရာက လွယ်ကူနေသယောင် ထင်ရသည်။
“သခင်လေးက ဝေ့ကျင်းအဆင့်ကို ရောက်သွားခြင်းပေလော…”
ဝမ်လင်းယုက မုန့်ချီ ပြသခဲ့သော သိုင်းကွက်များကို မှတ်သားထားခဲ့ပြီး အခန်း၏ ကြမ်းပြင်ပေါ်တွင် ကျနေသော ရေနွေးစက်များကို မြင်လိုက်ရသည်။ မုန့်ချီက သူပြသလိုက်သော သိုင်းကွက်များကို အခန်းကြမ်းပြင်ပေါ်တွင် ပုံဆွဲထားခဲ့သည်။ သူမက အလွန်ဝမ်းသာသွားခဲ့ပြီး ဒူးထောက်လိုက်၏။
“ကျေးဇူးတင်ပါတယ် ဆရာ…”
မုန့်ချီက အသိအမှတ်ပြုသည့်အနေနှင့် လက်ကာပြလိုက်သည်။ ထို့နောက် သူက တခြားသူများကိုလည်း အလားတူ ပြသပြီး အကြံပေးခဲ့သည်။ သိုင်းပညာနှင့် ပတ်သက်ပြီး အခြေခံအသိပညာများအရ သူက သူတို့ကို အဖိုးမဖြတ်နိုင်သော အကြံဉာဏ်များ ပေးလိုက်ပြီး သူတို့လိုအပ်နေသော အရာများကိုလည်း ပြောပြနိုင်ခဲ့သည်။
“ဒါဆိုလည်း ကောင်းပြီ…ငါ အခုပဲ သွားတော့မယ်။ မင်းတို့နဲ့ တနေ့နေ့မှာ ပြန်တွေ့ဖို့ မျှော်လင့်ပါတယ်..”
မုန့်ချီက နေရာမှ ဖြည်းညင်းစွာ ထသွားခဲ့သည်။ သူက အခန်းတံခါးကို တွန်းဖွင့်သွားပြီး ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။
“သူ ပျောက်သွားပြီ..”
မင်းရန်လုံတို့က သူတို့၏ဆရာကို ဆက်နေရန် တောင်းဆိုနိုင်ခြင်းပင် မရှိခဲ့ချေ။ သူတို့က အခန်း၏ပြတင်းပေါက်ကို ကြည့်လိုက်သည့်အချိန်တွင် ရေကန်ထဲတွင် ထွက်ပေါ်နေသော အဖြူရောင် အခိုးအငွေ့များနှင့်အတူ သူတို့၏ဆရာ အကြီးအကဲ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
“ဆရာက ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်ဖြစ်နိုင်တယ်..”
မင်းရန်လုံက သေချာစွာ ပြောလိုက်သည်။
“ဆရာက တော်တော်လေး ထူးခြားတာပဲ…”
သူတို့ဆီတွင် တူညီသော ခံစားချက်များ ရှိနေခဲ့သည်။
မုန့်ချီက ရေကန် မျက်နှာပြင်ပေါ်တွင် လေဟုန်စီးလိုက်ရင်း ကမ်းစပ်ကို ပြန်ရောက်လာခဲ့သည်။ သူ၏လက်ချောင်းလေးများပေါ်တွင် ခရမ်းရောင်အငွေ့လေးများ ထွက်ပေါ်နေခဲ့၏။
“ဒါကတော့ ကောင်းမှုနဲ့ ကရုဏာတို့ရဲ့ သင်္ကေတပဲ…”
ထိုအရာက ကံကြမ္မာနှင့် ပတ်သက်သော ကျင့်စဉ်များကို မြှင့်တင်ရန် စမ်းသပ်မှု တစ်ခုလည်း ဖြစ်သည်။ မုန့်ချီကတော့ သူ၏ လက်အောက်ငယ်သားများဆီကို သနားကြင်နာပေးရန် စဉ်းစားနေခဲ့သည်။ မဟုတ်လျှင် သူတို့ကို ကူညီပေးရန် အတွေးများ သူ့ခေါင်းထဲတွင် ရှိနေလိမ့်မည် မဟုတ်ချေ။
“နောက်တစ်ခုကတော့ အရှေ့ဝင်ရိုးအင်မော်တယ် ဆေးရည် ကိစ္စပဲ။ မြစ်အရှေ့ပိုင်းမှာ ငါ အားကိုးလို့ရတဲ့ အစွမ်းထက် ပညာရှင်တစ်ယောက်ရှိတယ်။ တကယ်လို့ ဆရာကြီး ချုံဟယ်ကသာ ဆေးပင်ဝိညာဉ်ကိစ္စနဲ့ အလုပ်မများဘူးဆိုရင် ငါ သူ့ကို အကူအညီ တောင်းလို့ရလောက်တယ်…”
Translated by Hein Htet.