← Chapters

အခန်း (၅၈၀)

Vol. 39 Ch. 580

အခန်း (၅၈၀)

Vol. 39 Ch. 580

မုန့်ချီက ရှောင်နန်ရေကန်ကမ်းစပ်တွင် ဝိုင်းအုံနေသော လူအုပ်ကြီးကို ဖြတ်ကျော်လာခဲ့သည်။ သူ၏ရုပ်ရည်က လက်အောက်ခံအဖွဲ့သားများနှင့် တွေ့ခဲ့သည့်ပုံစံနှင့် နောက်တစ်ကြိမ် ကွဲပြားသွားပြန်၏။

အနီးအနားတွင် ကျန်းတုံ၊ ဝမ်ကလန်မှ ဘိုးဘေးနယ်မြေတစ်ခု ရှိနေသည်။ သူက ထိုနယ်မြေထဲတွင် ဝမ်စစ်ယွမ်နှင့် နောက်တစ်ကြိမ် တွေ့ကြုံနိုင်မည့်အဖြစ်ကို စဉ်းစားမိလိုက်သည့်အတွက် ဤနေရာတွင် သူ၏လက်အောက်ငယ်သားများဖြစ်သော ယွမ်ရန်နှင့် တခြားသူများကိုပင် သိခွင့်မပေးဘဲ အလျင်စလို ထွက်လာခဲ့ခြင်းဖြစ်သည်။

သူ၏အတွေးများက စာထဲကို ပြန်ရောက်သွားခဲ့၏။ ဝမ်စစ်ယွမ်က ရှောင်လင်ကျောင်း၏ တောင်အနောက်ဘက် လျှို့ဝှက်လမ်းကြားထဲသို့ သွားခဲ့သည့် သတင်းကို ပြန်လည်အမှတ်ရလာခဲ့သည်။

မုန့်ချီက ထိုကိစ္စကို ဆက်တွေးမနေရန် ဆုံးဖြတ်လိုက်၏။ မည်သို့ဖြစ်စေကာမူ သူက ဘာလုပ်နိုင်မည်နည်း။ သူက ကျန်းတုံ၊ ဝမ်ကလန်နှင့် ပဋိပက္ခများဖြစ်အောင် လုပ်ဆောင်ရမည်လော။

သူ လုပ်နိုင်သည့် အကောင်းဆုံးအရာကတော့ ဘိုးဘေးလင်းပေါင်၊ ဆရာကြီးလုနှင့် ကျောင်းထိုင်ကုံဝမ်တို့ကို သတင်းပို့ခြင်းသာ ဖြစ်သည်။ သူတို့က တစ်စုံတစ်ခု ဖန်တီးနိုင်သော အစွမ်းမျိုး ပိုင်ဆိုင်ထား၏။ ထိုစာကို ပို့လိုက်သည့်သူ၏ အဆင့်အတန်းကလည်း အတော်လေး အရေးကြီးနေသေးသည်။ သူက အလွန်လျှို့ဝှက်ဆန်းကြယ်သော စာရေးသူကို ရှာဖွေရန် ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့ပေ။

ဝမ်စစ်ယွမ်က ရှောင်လင်ကျောင်းတော်၏ တောင်အနောက်ဘက်ကို ဝင်သွားရဲသည့်အတွက် ကျန်းတုံ ဝမ်ကလန်က တစ်စုံတစ်ခု ဖုံးကွယ်ထားသည်မှာ သေချာနေသည်။ ထိုစာပို့သမားက ဝမ်ကလန်မှ လူတစ်ယောက် မဖြစ်နိုင်တော့ပေ။ လျှို့ဝှက်လမ်းကြောင်းနှင့် ထိုကလန်၏ ပတ်သက်မှုကို မုန့်ချီက မသေချာသေးပေ။

ဝမ်စစ်ယွမ်က လျန်တိုင်တောင်ထိပ်ဆီသို့ တိတ်တဆိတ် သွားခဲ့သည့်သတင်းကို ထိုစာကသာ ပြောပြခဲ့ခြင်းမရှိလျှင် ဆရာကြီးလု၊ ကျောင်းထိုင်ကုံဝမ်နှင့် မုန့်ချီတို့ကလည်း သိလိမ့်မည်မဟုတ်ချေ။

ထို့ကြောင့် မေးခွန်းတစ်ခု ပေါ်လာခဲ့၏။ ဝမ်စစ်ယွမ်က လျှို့ဝှက်လမ်းကြောင်းထဲသို့ သွားခဲ့သော အကြောင်းကို ပြောလိုက်သူက မည်သူဖြစ်သနည်း။ ရှောင်လင်ကျောင်းတော်၏ တောင်အနောက်ဘက်တွင် ရှိနေသော ကျောက်တုံးတံခါးက တပည့်များအတွက်ပင် လျှို့ဝှက်ချက်တစ်ခုဖြစ်သည်။

လမ်းကြောင်းနှင့် ပတ်သက်သော အကြောင်းအရာများကို သိနေရုံမျှနှင့် ထိုစာကို ရေးသားထားသူက ပြောလိမ့်မည် မဟုတ်ချေ။ သူကတော့ ငြင်းပယ်၍ မရနိုင်သော အမှန်တရားများကို ပြသနေပြီး ဝမ်ကလန်ကို ဂယက်ရိုက်အောင် လုပ်ဆောင်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

မုန့်ချီကတော့ ဖြစ်နိုင်ချေ(၂)ခုကိုသာ စဉ်းစားမိခဲ့၏။ ထိုစာကို ရေးသားလိုက်သူက မကောင်းဆိုးဝါးသခင် ဟန်ကွမ်း သို့မဟုတ် ဝမ်ကလန်ထဲတွင် ဝမ်စစ်ယွမ်နှင့် ပဋိပက္ခ ဖြစ်နေသော အဖွဲ့သားတစ်ယောက် ရေးသားလိုက်ခြင်း ဖြစ်နိုင်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မုန့်ချီကတော့ ထိုကိစ္စနှင့် ပတ်သက်မှုမရှိစေရန် ဆုံးဖြတ်လိုက်သည်။ ဖြစ်ပေါ်လာသော အန္တရာယ်များကို သူလည်း မစွန့်စားချင်ခဲ့ပေ။

သူကတော့ အရှေ့ဝင်ရိုး အင်မော်တယ်ဆေးရည်ကို လေလံတင်ရောင်းချရန် အလုပ်များနေခဲ့သည်။ အင်မော်တယ်ဆေးရည်အပြင် သူ့ဆီ၌ ပြည့်စုံခြင်းဂိုဏ်းမှနေ၍ ရထားသော လူတစ်ယောက်၏ အသက်ကို ဆွဲဆန့်ရန် ကူညီပေးနိုင်သည့် ပစ္စည်းများစွာလည်း ရှိနေသေး၏။

အင်မော်တယ်ဆေးရည်တစ်ခုတည်းကပင် ပညာရှင်ပေါင်းများစွာ တက်ရောက်ရန်အတွက် ဆွဲဆောင်နိုင်သော လေလံပွဲတစ်ခု ဖြစ်လာနိုင်သည်။ ဘိုးဘေးလင်းပေါင်က မုန့်ချီကိုကူညီပေးရန် အချိန်ပိုမရှိသေးပေ။ သူကတော့ ဆေးပင်ဝိညာဉ်နှင့် သံသရာအရှင်သခင်၏ နောက်ကြောင်းကို အလေးထားနေရ၏။

မုန့်ချီက လေလံပွဲကျင်းပနေစဉ် အတောအတွင်း သေချာစေရန်အတွက် လုံလောက်သော အစွမ်းရှိသည့် အစောင့်တစ်ယောက် လိုအပ်နေသည်။ မလှမ်းမကမ်းတွင် ကျန်းတုံမြို့ရှိနေပြီး မုန့်ချီ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် အင်မော်တယ်အဖွဲ့သားတစ်ယောက် ရှိနေသည်။

သူကတော့ သူ၏လက်အောက်တွင် ရှိနေသော ဂိုဏ်းသားများ၊ လက်အောက်ငယ်သားများအတွက် ရှားပါးတွင်းထွက်ပစ္စည်းများကို ဖြည့်ဆည်းရန် ကြိုးစားနေပြီး သက်တမ်းရှည် ဆေးပစ္စည်းများကို လဲလှယ်နေသော ယက္ခပျံရန်ဝူဝို ဖြစ်သည်။

မုန့်ချီက လက်နောက်ပစ်ပြီး လူအုပ်ကြီးထဲမှ ဖြတ်လျှောက်သွားခဲ့၏။ သူက ကွမ်လင်းမြို့၏ အပြင်ဘက်သို့သွားသော လမ်းအတိုင်း လျှောက်သွားပြီး ကျန်းကျိုးစီရင်စု၏ အနောက်ဘက်တွင် ရှိနေသော စုကွေတောင်တန်းပေါ်သို့ လျှောက်သွားခဲ့သည်။

သူယူလာခဲ့သော လေဟာနယ်လက်စွပ်ကိုတော့ ယွမ်ရန်နှင့် သူ့အဖော်များဆီသို့ မရောင်းခဲ့ပေ။ သူတို့က သံသရာမြေကွက်လပ်ထဲတွင် မရှိသည့်အတွက် အရောင်းအဝယ် လုပ်ဆောင်၍ မရနိုင်ပေ။ ထို့ပြင် လေဟာနယ်လက်စွပ်က လက်ရှိသူတို့၏ လိုအပ်ချက် မဖြစ်နိုင်သေးပေ။ သူတို့က အဆင့်အတန်းကို ဖုံးကွယ်ရန် အပိုကျင့်စဉ်များ၊ သိုင်းကွက်များလဲရန် အရင်ဆုံး အလေးထားရမည်ဖြစ်သည်။

မုန့်ချီကတော့ နောက်ထပ်တာဝန်မစခင် သံသရာအရှင်သခင်၏ လမ်းကြောင်းမှတစ်ဆင့် သူ၏လက်အောက်ငယ်သားများနှင့် အလဲအလှယ်လုပ်ရန် စဉ်းစားထားသည်။

……………

ကျန်းဝူတောင်ထိပ်ပေါ်ရှိ တိတ်ဆိတ်မှေးမှိန်နေသော အခန်းတစ်ခုထဲတွင် မုတ်ဆိတ်နှင့် အဘိုးအိုတစ်ယောက်က ကျောက်စိမ်းကုတင်တစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ၏မုတ်ဆိတ်နှင့် မျက်ခုံးများက နှင်းပွင့်များကဲ့သို့ ဆွတ်ဆွတ်ဖြူနေပြီး အနက်ရောင်ဆံပင် အနည်းငယ်လေးသာ ရှိနေသေးသည့်အတွက် သူ၏ငယ်ရွယ်နုပျိုမှုက ပျောက်ဆုံးသွားခဲ့သည်မှာကြာခဲ့ပြီဟု သတိပေးနေသယောင်ဖြစ်နေသည်။

ထိုအကြီးအကဲက လေ့ကျင့်နေသည့်အချိန်တွင် ကျောက်စိမ်းကုတင်ဆီမှ အေးစက်သော အငွေ့အသက်များကို စုပ်ယူနေခဲ့၏။ သူ၏ဦးနှောက်ပေါ်တွင် ရှိနေသော သွေးကြောမှတ်တွင်တော့ တာအိုခေါင်းဆောင်းတစ်ခု လွင့်မျောနေသည်။ ထိုခေါင်းဆောင်းက နေလုံးကြီးကဲ့သို့ အလင်းရောင်များ တောက်ပနေပြီး အကြီးအကဲအပေါ်သို့ မီးတောက်အစက်လေးများ မိုးရွာသကဲ့သို့ ကျဆင်းလာနေသည်။

အကြီးအကဲ၏ နောက်ဘက်တွင်တော့ အလွန်ကြီးမားသော ထိုက်ကျိပုံသဏ္ဍာန် သင်္ကေတတစ်ခုရှိသည်။ ထိုသင်္ကေတကြီးက ဖြည်းညင်းစွာ လည်ပတ်နေခဲ့၏။ ထိုသင်္ကေတ၏ တစ်ဝက်က ယင်စွမ်းအားများ ဖြစ်နေပြီး ကျောက်စိမ်းအိပ်ရာဆီမှ ထွက်ပေါ်လာသော ရေခဲစွမ်းအားများနှင့် ပေါင်းစပ်နေသည်။

တခြားတစ်ဝက်ကတော့ ယန်စွမ်းအားများ ဖြစ်နေပြီး ခေါင်းဆောင်ဆီမှ လင်းလက်လာသော အပူလှိုင်းများကို လက်ခံနေခဲ့၏။ ထိုက်ကျိစက်ဝိုင်းက နှေးကွေးသော အမူအယာနှင့် လည်ပတ်နေပြီး အဖြူရောင်နှင့် အနက်ရောင် စက်ဝိုင်းတစ်ခုကဲ့သို့ ဖြစ်နေသည်။ ထိုအရာက သူ၏နောက်ကျောတွင် အလွန်ကြီးမားသော လိပ်ကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။

အကြီးအကဲ၏ လေ့ကျင့်မှုက အချိန်အတော်လေးကြာခဲ့သည်။ ထိုက်ကျိစက်ဝိုင်းက သူ၏ခန္ဓာကိုယ်နှင့် တဖြည်းဖြည်း နီးကပ်လာနေသည်။ သူက ပြန့်လာခြင်းသာ မဟုတ်ဘဲ ထိုသင်္ကေတက သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်နေခြင်းဖြစ်သည်။

ထိုအချိန်တွင် အခန်းတစ်ခုလုံးဆီမှ အလွန်ဆူညံသောအသံများ ထွက်ပေါ်လာပြီး ဗလုံးဗထွေးအသံတစ်ခု ထွက်လာခဲ့၏။ အဘိုးအို၏ အရေပြားပေါ်မှနေ၍ အလွန်တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

သူ၏အရေပြားပေါ်တွင်တော့ ပုံမှန် မဟုတ်သော အမှတ်အသားများ စတင်ထွက်ပေါ်လာခဲ့၏။ ရုတ်တရက်ဆိုသလို တောက်ပသော အလင်းရောင်များက မှေးမှိန်သွားခဲ့သည်။ သူ့နောက်တွင် ရှိနေသော အနက်ရောင်နှင့်အဖြူရောင် ထိုက်ကျိစက်ဝိုင်းကလည်း ပျက်စီးသွားခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

အဘိုးအို၏နှုတ်ခမ်းထောင့်မှနေ၍ သွေးစလေးများ စီးကျလာနေခဲ့၏။ သူကတော့ ကျရှုံးမှုကြောင့် အတော်လေးဝမ်းနည်းနေခဲ့သည်။

"သိပ်မကြာတော့ဘူး နောက်တစ်ကြိမ်…"

သူကတော့ အလျင်လိုရန် အမှန်တကယ် လိုအပ်နေသည်။ သူက ဒုတိယကောင်းကင်လှေကားကို ဖြတ်ကျော်ခဲ့သည့် အချိန်ကတည်းကစပြီး ဆောင်းရာသီအကြိမ် (၅၀) ကုန်ဆုံးသွားခဲ့သည်။ သူကိုယ်တိုင်ကတော့ သိုင်းသခင်အဆင့်တွင်သာ ရှိနေသေး၏။ ထိုသို့ဆိုရာတွင် သူက ပဉ္စမကောင်းကင် ဝေ့ကျင်းအဆင့်အခက်အခဲကိုသာ ဖြတ်ကျော်နိုင်သေးသည်။

ဝေ့ကျင်းအဆင့် အထွဋ်အထိပ်ကို မရောက်သေးသည့်အတွက် သူ၏သက်တမ်းက ကုန်ဆုံးခါနီးအချိန်ကို ရောက်လာခဲ့၏။ သူက ဓမ္မကာရတစ်ဝက်အဆင့်ကိုပင် မရောက်နိုင်တော့ပေ။ ထို့ကြောင့် မိသားစုထဲတွင် စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာနေပြီး သူ၏သက်တမ်းကုန်ဆုံးသွားမည့်အချိန်ကိုသာ စောင့်နေရသည်။ သူက မစိုးရိမ်ဘဲ နေနိုင်မည်လော။

မျိုးနွယ်ဝင်များကလည်း သူ့အတွက် သက်တမ်းတိုးမြှင့်တင်ပေးနိုင်သော ဆေးရည်များကို နေရာတိုင်းတွင် ရှာဖွေနေကြသည်။ ထိုကဲ့သို့ အထောက်အပံ့များသာ မရှိခဲ့လျှင် သူက လွန်ခဲ့သောနှစ် (၂၀) ခန့်တွင် သေဆုံးသွားရမည်ဖြစ်၏။

ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်၏ သက်တမ်းက နှစ်ပေါင်း(၁၂၀)နှင့် (၁၈၀)အတွင်းသာ ရှိသည်။ ဆေးရည်များ၏ အကူအညီသာမရှိလျှင် ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်မျှ နှစ်ပေါင်း(၁၈၀)အထိ နေနိုင်ခြင်း မရှိကြပေ။ အထူးသဖြင့် တိုက်ပွဲများကြောင့် ရလာသော ဒဏ်ရာများ ကျန်ရှိနေလျှင်တော့ ပိုဆိုးသည်။

"နှစ်(၂ဝ) …

တကယ်လို့ ငါကသာ ဓမ္မကာရတစ်ဝက်အဆင့်ကို မရောက်နိုင်ဘူးဆိုရင် ငါလုပ်နိုင်တာ မရှိတော့ဘူး.…"

ထိုအကြီးအကဲက တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။

ထို့နောက် သူက ပင်ပန်းနွမ်းနယ်စွာနှင့် မတ်တပ်ရပ်လိုက်ပြီး လက်နောက်ပစ်၍ အခန်းထဲတွင် ဦးတည်ရာမဲ့ လျှောက်နေခဲ့သည်။ အကယ်၍ သူက ဓမ္မကာရ တစ်ဝက်အဆင့်ကို ကျော်ဖြတ်နိုင်မည်ဆိုလျှင်တော့ သူက နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာ အသက်ရှင်နေနိုင်ပါလိမ့်မည်။

ကျန်းဝူဂိုဏ်းထဲတွင် သူ၏အသက်ကို နောက်ထပ်နှစ်ပေါင်း(၃၀)ခန့် တိုးမြှင့်ပေးနိုင်သော ရှားပါးဆေးရည်တစ်ခုကို ထိန်းသိမ်းထားသေး၏။ သို့သော် ထိုအရာက ဓမ္မကာရတစ်ဝက်အဆင့်ကို ရောက်မှသာ အသုံးပြုနိုင်သည်။ ထိုအစွမ်းမျိုးရှိမှသာ ဆေးလုံးသောက်ရာမှ ရရှိလာသော နာကျင်မှုကို ခံနိုင်ရည်ရှိမည်ဖြစ်၏။

"လက်ရှိ ငါ့မှာ ရှိနေတဲ့ နှစ်(၂၀)အပြင် နောက်ထပ်နှစ်ပေါင်း(၄၀)လောက် ထပ်ပေါင်းလိုက်မယ်ဆိုရင်တော့ ငါက မိသားစုထဲမှာရှိတဲ့ လူငယ်လေးတွေ တိုးတက်လာတာကို ကြည့်နေဖို့ အချိန်လုံလောက်ပါတယ်…"

အကြီးအကဲက အကောင်းမြင်စိတ်နှင့် တွေးနေခဲ့သော်လည်း ရင်ထဲတွင်တော့ သက်ပြင်းချလိုက်မိသည်။

ထိုကဲ့သို့ ကောင်းမွန်သော ကံကြမ္မာများ မရှိလျှင် သို့မဟုတ် ကျန်ရှိနေသော နှစ်(၂၀)အတွင်း အဆင့်တက်နိုင်ခြင်း မရှိလျှင် အခြေအနေက မကောင်းနိုင်ကြောင်း သူလည်း ကောင်းကောင်းကြီး နားလည်နေခဲ့သည်။ ပျက်စီးတော့မည့် မျိုးနွယ်စု၏ ကံကြမ္မာကို စဉ်းစားမိခဲ့ပြီး လက်(၂)ဖက်က တုန်ယင်နေခဲ့၏။

အချိန်ကာလ၏ ရက်စက်ကြမ်းကြုတ်မှုကို ကြုံတွေ့လိုက်ရသည့်အချိန်တွင် သူ၏မျက်လုံးထဲ၌ ဝမ်းနည်းမှုများ ပြည့်နှက်လာခဲ့သည်။

"တကယ်လို့ ယွင်ရှန်သာ အသက်ရှင်နေဦးမယ်ဆိုရင် သူက စုမုန့်၊ကျန်းကျိဝေ၊ ဝမ်စစ်ယွမ်နဲ့ တခြားသူတွေကို ယှဉ်ပြိုင်နိုင်လောက်တဲ့ အရည်အချင်းမျိုး ရှိနိုင်တယ်။ တကယ်လို့ သူ့ရဲ့အောင်မြင်မှုတွေက အဲဒီလူတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင်တောင် သိပ်ပြီးနောက်ကျနေမှာ မဟုတ်ဘူး။ သူက ဝေ့ကျင်းအဆင့် အတားအဆီးတွေကိုတောင် တစ်ချက်တည်း ကျော်လွှားဖို့ အရမ်းကို နီးကပ်နေလောက်ပြီ။ တကယ်လို့ ငါသာ ယွင်ရှန်ရဲ့သေဆုံးမှု နောက်ကွယ်မှာ ရှိတဲ့လူကို ရှာဖွေနိုင်မယ်ဆိုရင် မသေမချင်းလိုက်ပြီး တိုက်ခိုက်မယ်။ သူ့ကို တစစီဖျက်ဆီးပြီး ပြာမှုန့်တွေ လွင့်သွားတာကို ကြည့်နေမယ်…"

ရာစုနှစ် တစ်ဝက်နီးပါးခန့်အတွင်း ကျန်းကလန်၏ စွမ်းဆောင်ရည်က လျင်မြန်စွာ နိမ့်ကျလာခဲ့သည်။ ထိုကာလထဲတွင် ဝေ့ကျင်းအဆင့် ပညာရှင်များကသာ အမိန့်ပေးနိုင်သော စွမ်းရည်ကို ပိုင်ဆိုင်နိုင်ကြပြီး သူတို့က အစွမ်းထက်၍ တည်ငြိမ်သည့် အရင်းအမြစ်များ ရရှိနိုင်ကြသည်။

သို့သော် သူတို့ကတော့ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု အားနည်းခြင်း၏ပြစ်ဒဏ်များကို ခံစားနေကြရသည်။ ထိုမိသားစုတစ်ခုလုံးတွင် (၂)ယောက်ကသာ လူသားနှင့်ကောင်းကင် ဆက်သွယ်မှုအဆင့်မှနေ၍ ဝေ့ကျင်းအဆင့်ကို ရောက်ရှိသွားခဲ့၏။

မျိုးနွယ်စုတစ်ခုလုံး၏ တိုးတက်မှု၊ ကြီးထွားမှုက ဝေ့ကျင်းအဆင့် အစောပိုင်းတွင် လျော့ကျသွားခဲ့ပြီး ဒုတိယကောင်းကင်လှေကားကို ဖြတ်ကျော်ရန် မျှော်လင့်ချက် ရေးရေးလေးပင် မရှိတော့ပေ။ နှစ်ပေါင်းများစွာကြာအောင် အကြီးအကဲများက သူ၏မျှော်လင့်ချက်များ၊ ရည်မှန်းချက်အတိုင်း ဖြစ်လာနိုင်သော လူငယ်များ ထွက်ပေါ်လာရန် မျှော်လင့်နေခဲ့ကြသည်။

နောက်ဆုံးတွင်တော့ ကျန်းယွင်ရှန်က အမွေဆက်ခံသူတစ်ယောက်လိုအပ်သော အရည်အချင်းများအားလုံး ရှိနေခဲ့သည်။ သို့သော် သူကတော့ ပြင်ပတွင် သွားလာနေစဉ် အတောအတွင်း အသတ်ခံလိုက်ရသည့်အတွက် သူတို့၏ မျှော်လင့်ချက်များအားလုံး ဆုံးရှုံးသွားခဲ့ရသည်။ သူသေဆုံးသွားခဲ့သော သတင်းကြောင့် အကြီးအကဲများ၊ မျိုးနွယ်ခေါင်းဆောင်တို့က နာကျင်မှုများ ပြည့်နှက်နေခဲ့ရသည်။

"ယွင်ရှန်က အစောပိုင်းမှာ သူ့ရဲ့အရည်အသွေးတွေကို မပြသနိုင်ခဲ့ဘူး။ သူက လေ့ကျင့်မှု စတင်ပြီးမှပဲ သူ့ရဲ့သဘောထားနဲ့ စွမ်းရည်တွေက ပေါ်လာခဲ့ရတာ။ မျိုးနွယ်စုထဲမှာရှိတဲ့ လူငယ်လေးတွေထဲမှာတော့ အဲဒီလို အရည်အချင်းမျိုး မြင်တွေ့ဖို့ ခက်ခဲသွားပြီ။ ဒါပေမယ့် သူတို့တွေက တိုးတက်ဖို့ တော်တော်လေးကို နှေးကွေးနေတယ်…"

ခေါင်းဆောင်ကတော့ စိုးရိမ်မှုများကို စိတ်သက်သာရာ ရရာရကြောင်း ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။

တိတ်ဆိတ်နေသည့်အချိန်တွင် ကျယ်လောင်သော ခေါင်းလောင်းသံတစ်ခု ပေါ်လာခဲ့သည်။ အပြင်ဘက်တွင် ရှိနေသော လူတစ်ယောက်က တံခါးပိတ် လေ့ကျင့်နေသော မျိုးနွယ်ခေါင်းဆောင်ကိုခေါ်ရန် ခေါင်းလောင်းတီးလိုက်ခြင်းဖြစ်၏။

"ဘာတွေဖြစ်နေတာလဲ…"

ကျန်းကလန်မှ မျိုးနွယ်ခေါင်းဆောင်က စိတ်ဝင်တစား မတ်တပ်ရပ်လိုက်၏။ သူ၏အတွေးများကို ဖယ်ရှားလိုက်ပြီး ပိတ်ထားသော အခန်းတံခါးကို ဖွင့်လိုက်သည်။ တံခါးဝတွင်တော့ သူ၏လူယုံတစ်ယောက်ဖြစ်သော ကျန်းတင်ဟိုင် ရှိနေ၏။

"မျိုးနွယ်ခေါင်းဆောင် …

လူတစ်ယောက်က မျိုးနွယ်ခေါင်းဆောင်ဆီကို စာတစ်စောင် တိတ်တဆိတ် ပို့လိုက်ပါတယ်…"

ကျန်းတင်ဟိုင်က ရိုရိုသေသေပြောလိုက်သည်။သူက အနီရင့်ရောင် စာအိတ်တစ်အိတ်ကို ကမ်းပေးလိုက်၏။

"ဖိတ်စာလား…"

ကျန်းကလန် မျိုးနွယ်ခေါင်းဆောင်က မျက်ခုံးပင့်၍ မေးလိုက်သည်။

သူကတော့ သိုင်းလောကရေးရာ ပြဿနာများမှ ရှောင်ရှားနေခဲ့သည်မှာ အတော်လေးကို ကြာခဲ့ပါပြီ။ သူ့နာမည်နှင့် ဖိတ်စာတစ်ခု ရောက်လာလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။ ထိုအရာက ပြဿနာမရှိကြောင်း သေချာသွားပြီးနောက် ဖိတ်စာကို ဖွင့်ကြည့်လိုက်၏။

"ဆရာကြီးကို အရှေ့ဝင်ရိုးအင်မော်တယ်ဆေးရည်နဲ့ တခြားသက်ရှည် ဆေးရည် လေလံပွဲဆီ အထူးတလည် ဖိတ်ခေါ်ပါတယ်။ လေလံပွဲကို (၆)လပိုင်း(၁၅)ရက်နေ့၊ အရှေ့ပင်လယ်ထဲမှာရှိတဲ့ ရေလှိုင်းကြည့်ကျောက်တုံးပေါ်မှာ ကျင်းပပါမယ်။ ရောင်းချမယ့် ပစ္စည်းတွေကတော့ အမြင့်ဆုံးဈေးပေးတဲ့သူဆီကို ရောက်သွားပါလိမ့်မယ်။ မှတ်ချက် - ကျေးဇူးပြုပြီးလေလံပွဲအတွက် ဒီပစ္စည်းတွေကို ယူလာပေးပါ။ လော်လန်ကျောက်တုံး၊ လေဟာနယ်ဆေးပင်…"

"အရှေ့ဝင်ရိုး အင်မော်တယ်ဆေးရည်လား…"

ဖိတ်စာကို ကိုင်ထားသော အကြီးအကဲ၏ လက်(၂)ဖက်က လှုပ်ရှားလာခဲ့သည်။ သူ့ရင်ထဲတွင်လည်း တဒိန်းဒိန်းခုန်နေခဲ့၏။

ထိုဆေးရည်က ဒဏ္ဍာရီထဲတွင် အသူရာအင်ပါယာဖန်တီးခဲ့သည်ဟု နာမည်ကျော်ကြားသည်။ ထိုအရာက သက်တမ်းကို တိုးမြှင့်ရန်အတွက် အထူးအသုံးပြု၍ ရနိုင်၏။ ရှေးခေတ်တုန်းက ဖော်စပ်မှုများကဲ့သို့ မဟုတ်သည့်အတွက် လက်ရှိအခြေအနေအရပင် လူတစ်ယောက်၏ သက်တမ်းကို နှစ်(၆၀) သက်တမ်း တိုးနိုင်သည်။ တခြားသော ဆေးရည်အနည်းငယ်ကသာ ထိုကဲ့သို့ အကျိုးသက်ရောက်မှုကို နှိုင်းယှဉ်နိုင်၏။

"နှစ်(၆၀) …တကယ်လို့ ငါသာ နောက်ထပ်နှစ်(၆၀)အသက်ရှင်နိုင်မယ်ဆိုရင် အရာအားလုံး အဆင်ပြေသွားပြီ…"

ထိုဖိတ်ခေါ်မှုက ကျန်းကလန်မျိုးနွယ်ခေါင်းဆောင် စောင့်ဆိုင်းနေသော မျှော်လင့်ချက်ကို သယ်ဆောင်လာပေးသည်။ သူ့ရင်ထဲတွင်တော့ စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာပြီး တက်ကြွမှုများ ခံစားလာရ၏။ သူ၏အငွေ့အသက်များကလည်း ပို၍နက်ရှိုင်းလာခဲ့သည်။

သူက အရှေ့ပင်လယ်ကို ကိုယ်တိုင်သွားကြည့်ရမည်ဖြစ်သည်။ ထိုအရာက လှည့်စားမှုများရှိနေလျှင်ပင် သက်တမ်းကုန်ဆုံးခါနီး သူ့အတွက်တော့ ဆုံးရှုံးစရာမရှိပေ။ ထိုနေရာတွင် ဓမ္မကာရအဆင့် ရန်သူများ၊ နတ်ဘုရားလက်နက်များသာ မရှိသရွေ့ သူ၏စွမ်းရည်များအရ ဘေးကင်းလုံခြုံစွာ ထွက်ပြေး၍ ရနိုင်၏။

ဖိတ်ကြားစာ၏အဆုံးတွင် ရေးသားထားသော မှတ်စုလေးကြောင့် မျိုးနွယ်ခေါင်းဆောင်က အံ့သြသွားခဲ့သည်။

"ဘာကြောင့် ဖိတ်ကြားသူက ရှားပါးတွင်းထွက်ပစ္စည်းတွေကို လေလံပွဲဆီယူလာဖို့ တောင်းဆိုခဲ့ရတာလဲ…"

သိုင်းလောကတွင် ကျင်လည်နေစဉ် အတောအတွင်း မျိုးနွယ်ခေါင်းဆောင်က လိုအပ်သည့်ပစ္စည်းကို ပြောပြထားသော ဖိတ်ကြားစာတစ်စောင်ကို လုံးဝတွေ့ဖူးခဲ့ခြင်း မရှိချေ။ သူက စာ၏အောက်ခြေကို စိတ်ဝင်တစားကြည့်လိုက်ရာ ထိုနေရာတွင် ရေးသားသူ၏ နာမည်တံဆိပ်ကို ဖော်ပြထား၏။

“ရိုးသားပွင့်လင်းပြီး ရက်ရောတတ်တဲ့လူတစ်ယောက်က ကံကောင်းပါတယ်..”

"ရင်းနှီးတဲ့မိတ်ဆွေလား။ ဒီစကားလုံးတွေက ဘယ်သူ့ကို ရည်ညွှန်းချင်တာလဲ.."

ကျန်းကလန်၏ မျိုးနွယ်ခေါင်းဆောင်က ထိုစကားလုံးများကို စိတ်မဝင်စားခဲ့ပေ။ စာပို့သူက သူ့နာမည်နှင့် အဆင့်အတန်းကို ဖော်ပြလိုခြင်းမရှိဟုသာ တွေးခဲ့သည်။ သူက အကြိမ်ကြိမ်အခါခါ စဉ်းစားနေခဲ့ပြီး နောက်ဆုံးတွင်တော့ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။

သူက စာထဲတွင် ရေးသားထားသော ပစ္စည်းအရေအတွက်ကို အတတ်နိုင်ဆုံး ရရှိရန် ကြိုးစားချင်ခဲ့၏။ သူက တစ်လတာ အချိန်တိုလေးအတွင်း ထိုကဲ့သို့ ရှားပါးပစ္စည်းများ အရင်းအမြစ်များကို စုဆောင်းရန် အတော်လေး ခက်ခဲနိုင်သော်လည်း သူက ယုံကြည်ချက်ရှိသည်။ ကလန်နှင့် ကျန်းဝူဂိုဏ်းထဲတွင် ရှိနေသော အရင်းအမြစ်များအရ သူက ကလန်၏အနာဂတ်အတွက် မဖြစ်နိုင်သောအရာကိုပင် လုပ်ဆောင်နိုင်ပါလိမ့်မည်။

………………..

လန်းယာ့ ရွမ်ကလန်တွင် ရှိနေသော ဘိုးဘေးအဆောက်အဦးထဲတွင် ရွမ်ကလန်၏ ဘိုးဘေးက လူငယ်တစ်ယောက် တီးနေသော သံစဉ်ကို နားထောင်နေခဲ့၏။ သူက မျက်လုံးမှိတ်ထားရာ ထိုသံစဉ်ထဲတွင် ရှိနေသော တည်ငြိမ်အေးချမ်းမှုကို ခံစားနေခဲ့သည်။

ထိုအချိန်တွင် အစေခံတစ်ယောက်က သူ့ဆီကို ရောက်လာပြီး ဖိတ်စာတစ်စောင် ပေးလိုက်၏။

"သခင်ကြီး …

သခင်ကြီးရဲ့နာမည်နဲ့ ဖိတ်စာတစ်စောင် ရောက်လာပါတယ်…"

မျိုးနွယ်ခေါင်းဆောင်က သူ့အနားတွင် ရှိနေသော လူငယ်လေးများကိုကြည့်လိုက်ပြီး သူတို့အားလုံးကို နောက်ဆုတ်ရန် အချက်ပြလိုက်သည်။ သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ထိုဖိတ်စာက အစေခံ၏လက်ထဲမှ ထွက်လာပြီး သူ့ဆီကို ရောက်ရှိလာခဲ့၏။

"ဆရာကြီးကို အရှေ့ဝင်ရိုးအင်မော်တယ်ဆေးရည်နဲ့ တခြားသက်ရှည်ဆေးရည် လေလံပွဲကို အထူးတလည် ဖိတ်ကြားပါတယ်။ လေလံပွဲကိုတော့ (၆)လပိုင်း (၁၅)ရက်နေ့ အရှေ့ပင်လယ်ထဲမှာရှိတဲ့ လှိုင်းကြည့်ကျောက်တုံးပေါ်မှာ ကျင်းပပါမယ်။ ရောင်းချမယ့်ပစ္စည်းကို ဈေးနှုန်းအမြင့်ဆုံးပေးတဲ့သူက ရပါလိမ့်မယ်။ ရိုးသားပွင့်လင်းပြီး သဘောကောင်းတဲ့သူက ကံကောင်းပါတယ်…"

"အရှေ့ဝင်ရိုးအင်မော်တယ် ဆေးရည်လား ... "

ခေါင်းဆောင်က အပြုံးနှင့် စဉ်းစားနေမိခဲ့သည်။

"အရင်တုန်းကတော့ ငါက ဒီလိုအရာတွေကနေ ဝေးဝေးနေခဲ့တာ။ ငါ့ရဲ့ တတိယသားကိုခေါ်လိုက်။ ငါ့ကိုယ်စား သူ့ကို လေလံပွဲမှာ တက်ခိုင်းလိုက်မယ်။ သူက တတ်နိုင်သမျှ သက်ရှည်ဆေးရည်တွေကို များများယူလာခိုင်းလိုက်။ ဒီလိုပစ္စည်းတွေက အမြဲတမ်းလိုအပ်နေတာပဲ…"

ရွမ်ကလန်က အရှေ့ဝင်ရိုးအင်မော်တယ်ဆေးရည်၏ ဆေးညွှန်းကို ရရှိခဲ့သည့် အချိန်ကစပြီး ဆေးအမယ်များကို စတင်ရှာဖွေနေခဲ့သည်။ သူတို့၏ ကြိုးစားအားထုတ်မှုကြောင့် တစ်နှစ်ကြာပြီးနောက် ပစ္စည်းများကို စုဆောင်းနိုင်ခဲ့သည်။ သို့သော် သူတို့က (၃)ကြိမ်တိတိကျရှုံးပြီးမှသာ အောင်မြင်မှု၏အရသာကို ခံစားခဲ့ရသည်။ ထိုအရာက အတော်လေးကို တန်ကြေးရှိ၏။

"တတိယသခင်လား…"

အစေခံက မယုံကြည်နိုင်သလို ပြောလိုက်မိသည်။

မျိုးနွယ်ခေါင်းဆောင်က ခေါင်းညိတ်ပြောလိုက်၏။

"လွန်ခဲ့တဲ့နှစ်ပေါင်းများစွာမှာ သူက ခြေတစ်လှမ်းမှားသွားခဲ့တယ်။ ဒီပြဿနာကြောင့် သူ့ကိုယ်သူ အပြစ်တင်နေခိုင်းလို့မရဘူး။ အဲဒီအချိန်တုန်းကတော့ ငါက သူ့အပေါ် တော်တော်လေးကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမိခဲ့တယ်။ အခုတော့ နှစ်တွေအများကြီးကြာခဲ့ပြီလေ။ နံပါတ်(၂၁)မြေးမလေးကလည်း ကလေးအရွယ်ကနေ လူငယ်မှတ်တမ်းမှာရှိတဲ့ ပညာရှင်တစ်ယောက်တောင် ဖြစ်နေပြီ။ ငါက နောက်ထပ်ဘာတွေ တောင်းဆိုနိုင်ဦးမှာလဲ။ ပြီးခဲ့တာတွေက ပြီးခဲ့ပြီပဲလေ။ အခုလိုအပ်နေတာက ဆုံးဖြတ်ချက် ပြတ်သားမှုနဲ့ ပြန်လည်ကုသဖို့ပဲ။ ငါက သူ့ကို ဒီအခွင့်အရေးအတွက် ခွင့်ပြုချင်တယ်…"

အစေခံခေါင်းဆောင်ကတော့ လွန်ခဲ့သောနှစ်ပေါင်းများစွာတွင် ဖြစ်ခဲ့သောအရာများကို မသိခဲ့ပေ။ သို့သော် သူ့အပေါ် သနားကြင်နာမှုပေးခဲ့သော တတိယသခင်လေးက လွတ်မြောက်လာတော့မည် ဖြစ်သည့်အတွက် အလွန်ဝမ်းသာနေခဲ့၏။ သူက ချက်ချင်းပင် အလျင်အမြန် နောက်ဆုတ်သွားခဲ့သည်။

…………..

"အရှေ့ဝင်ရိုးအင်မော်တယ်ဆေးရည်လား"

ပိန်ပိန်ပါးပါးနှင့် လေတိုက်လျှင် လဲတော့မတတ်ဖြစ်နေသော အဘိုးအိုတစ်ယောက်က သူ၏အုတ်ဂူတည်ဆောက်မှုကို ကြည့်နေခဲ့သည်။ သူက လက်ထဲတွင် ရှိနေသော နတ်ဘုရားကျောက်တုံးကို ဖျက်ဆီးပစ်လိုက်၏။

……………..

"အရှေ့ဝင်ရိုးအင်မော်တယ်ဆေးရည်…"

တခြားတစ်ယောက်ကလည်း တီးတိုးရေရွတ်လိုက်သည်။

သူက ဒယိမ်းဒယိုင်နှင့် မတ်တပ်ရပ်လိုက်၏။ သူက မည်းမှောင်ပြီး ပျက်စီးနေသော အခန်းထဲတွင် တစ်ယောက်တည်း ရှိနေပြီး နေရာတိုင်းတွင် ကျီးကန်းများ ပြည့်နှက်နေသည်။ သူ့ပုံစံက အရိုးအိတ်ကြီးတစ်ခုသဖွယ် ဖြစ်နေပြီး သူ၏လက်ပေါ်တွင် အရေပြားများပင် မရှိတော့ပေ။ အရိုးများသာရှိနေခဲ့၏။

လေလံပွဲနှင့် ပတ်သက်သောသတင်းက ကျန်းတုံမြို့၊ အလယ်ပိုင်းနယ်မြေနှင့် အရှေ့ပင်လယ်၏ ပတ်ပတ်လည်တွင် ရှိနေသော တခြားနယ်မြေများအားလုံးကို ပျံ့နှံ့သွားခဲ့သည်။

ထိုအချိန်တွင် သေဆုံးခါနီးဖြစ်နေပြီး နာမကျန်းဖြစ်နေသော ဝေ့ကျင်းအဆင့် ပညာရှင်များအားလုံးက စိတ်လှုပ်ရှားလာကြ၏။ သူတို့အားလုံးက လှိုင်းကြည့်ကျောက်ဆောင်ရှိရာကို လှည့်ကြည့်နေမိကြသည်။ နတ်ဘုရားလက်နက် ကိုင်ဆောင်ထားသော ဓမ္မကာရအဆင့်တစ်ဝက် ပညာရှင် အနည်းငယ်ကိုသာ ထိုလေလံပွဲသို့ ဖိတ်ခေါ်ထားခဲ့၏။

………….

လှိုင်းကြည့်ကျောက်ဆောင်ပေါ်တွင် အရိပ်တစ်ခု ပေါ်လာခဲ့သည်။ ရောက်လာသော လူစိမ်းဆီမှ ပုတ်သိုးဆွေးမြေ့နေသည့် သေဆုံးခြင်းအငွေ့အသက်များ ထွက်ပေါ်လာနေသည်။ ထိုအချိန်တွင် လူစိမ်းက သာမန်ပုံစံ လှေကြီးတစ်စင်းကို သတိထားမိခဲ့ပြီး လှေ၏ကုန်းပတ်ပေါ်တွင်တော့ အလွန်ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခုကို သတိထားမိခဲ့၏။

"မင်းလား ... အလောင်းအဘိုးကြီး…"

ထိုလူထူးဆန်းက အံ့အားသင့်စွာ ပြောလိုက်သည်။

"ငါက ဒီနေရာမှာ စောင့်ကြပ်ဖို့ အမိန့်ရထားတယ်…"

လှေ၏အခန်းထဲမှနေ၍ အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံက အလွန်အစွမ်းထက်ပြီး ယုံကြည်ချက် ရှိနေ၏။

"ဒါပေမယ့် ငါက မင်းကို ဖိတ်ခေါ်မထားခဲ့ပါလား…"

"အလောင်းအဘိုးကြီးက သင်္ဘောကို စောင့်ကြပ်နေတာလား ... "

ဝတ်ရုံဝတ်လူစိမ်းက အဝေးကို ကြည့်လိုက်မိသည်။ သူ့ဆီတွင် သေခြင်းတရားနှင့် စိတ်ဓာတ်ကျမှုများ လွှမ်းခြုံနေခဲ့၏။ သူကတော့ လေလံပွဲကျင်းပသူ၏ နောက်ကြောင်းကို စိတ်ဝင်စားနေခဲ့သည်။ ထိုလူက ယက္ခပျံကိုပင် အစောင့်အဖြစ် ခေါ်ဆောင်ထားနိုင်ခဲ့၏။

Translated by Hein Htet.

All Chapters