← Chapters

အခန်း (၅၈၁)

Vol. 39 Ch. 581

အခန်း (၅၈၁)

Vol. 39 Ch. 581

အနက်ရောင်ဝတ်စုံ ဝတ်ထားပြီး အားနည်းသည့်ပုံစံနှင့် လူက အံ့သြနေရာမှ သတိပြန်ဝင်လာခဲ့သည်။

“မင်းက ငါ့ရဲ့အချက်အလက် အရင်းအမြစ်ကို စိုးရိမ်နေစရာ မလိုပါဘူး။ ဒါက လေလံပွဲပဲ။ လေလံပွဲမှာ ရောက်လာတဲ့သူကို ဝင်ခွင့်ပေးရမှာပဲ မဟုတ်ဘူးလား။ ဒါမှမဟုတ် မင်းက ငါ့ရဲ့အစွမ်းကို ကြောက်နေတာလား။ ငါက ဒီနေရာကို ဖျက်ဆီးပြီး ဆေးရည်တွေ အတင်းအကြပ် လုယူသွားမှာကို စိုးရိမ်နေတာလား…”

လူစိမ်းက မေးလိုက်သည်။

သူကတော့ ကြောက်လန့်ခြင်း၊ ဖျက်ဆီးခြင်းနှင့် ဆေးရည်များကို အတင်းအကြပ် ယူဆောင်သွားခြင်းဟူသော အရာများကို တမင်အလေးထား၍ ပြောလိုက်ခြင်း ဖြစ်သည်။ လူစိမ်းက ရန်ဝူဝို၏ မာနကို လှုံ့ဆော်ရန် ရည်ရွယ်ချက်ရှိရှိ ကြိုးစားလိုက်ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ့ကို အထဲသို့ ဝင်ခွင့်ပေးနိုင်၏။

ရန်ဝူဝိုက နှာခေါင်းရှုံ့ပြီး တုံ့ပြန်လိုက်သည်။

“မြေပြင်မှတ်တမ်းမှာ မင်းရဲ့အဆင့်က ငါ့ထက် နှစ်ဆင့် ပိုပြီးမြင့်တဲ့အပြင် မင်းက မဟူရာမှတ်တမ်းမှာလည်း အဆင့်(၅)ဆိုတာ ငါ သိတယ်။ ဒါပေမဲ့ အမှန်တကယ် တိုက်ခိုက်လိုက်မယ်ဆိုရင်တော့ ငါ့ဆီမှာ မင်းကို အနိုင်ရနိုင်မယ့် စွမ်းရည်မရှိဘူးလို့ မထင်ပါဘူး။ မင်း ဝင်လို့ရပြီ။ ဒါပေမဲ့ ကောင်းကောင်းနေပါ။ မဟုတ်ရင် ငါက ဘာလုပ်မိမလဲဆိုတာ မပြောတတ်ဘူး…”

မဟူရာမှတ်တမ်းဟူသည်မှာ သိုင်းလောကတွင် နာမည်ဆိုးနှင့် ကျော်ကြားသော ဂိုဏ်းများ၏ သီးခြားမှတ်တမ်းတစ်ခု ဖြစ်ပြီး ထိုထဲတွင် အထက်တန်းလွှာမိသားစုမှ လမ်းမှားပညာရှင်များလည်း ပါဝင်ကြသည်။ ထိုမှတ်တမ်းထဲတွင် မကောင်းဆိုးဝါး(၁၀၀)ကို မှတ်တမ်းတင်ထားပြီး သူတို့က ဓမ္မကာရအဆင့်အောက်တွင် ရှိကြသော ပညာရှင်များ ဖြစ်ကြ၏။

မဟူရာမှတ်တမ်းကတော့ သိုင်းလောကတွင် ရှိနေသော အမှန်တရားဂိုဏ်းများက တပည့်များကို သူတို့ရင်ဆိုင်ရနိုင်သည့် မကောင်းဆိုးဝါးများ၏ အစွမ်းများကို သိရှိနားလည်စေရန် ရည်ရွယ်ထားခြင်းသာ ဖြစ်သည်။

ရန်ဝူဝိုကတော့ လူဆိုးတစ်ယောက် မဟုတ်သည့်အတွက် မဟူရာမှတ်တမ်းထဲတွင် စာရင်းဝင်နေခြင်း မဟုတ်ပေ။ အလွန်နာမည်ကျော်ကြားသော သူ၏ဖုတ်ကောင်လက်သီးသိုင်းက မကောင်းဆိုးဝါးဆန်နေသော ကျင့်စဉ်တစ်ခုလည်း မဟုတ်ချေ။

အားနည်းပုံရသော လူစိမ်းက ‌ရေပြင်ပေါ်တွင် ပျံသန်းလိုက်ပြီး လှေပေါ်သို့ ဆင်းသက်လိုက်သည်။ လှေ၏ကုန်းပတ်ပေါ်တွင်တော့ အလွန်ရှည်လျားကျယ်ပြန့်သော အဝတ်အစားများ၊ သစ်သားနှင့် ဖန်တီးထားသော မျက်နှာဖုံးများ ရှိနေသည်။ ထိုအရာများက ဧည့်သည်များ၏ အငွေ့အသက်နှင့် အဆင့်အတန်းများကို ဖုံးကွယ်ထားရန် ဖြစ်ကြသည်။

လူစိမ်းကတော့ လေလံပွဲပိုင်ရှင် စီစဉ်ထားခဲ့သော အရာများကို ချီးကျူးလိုက်မိသည်။ သူရောက်လာခြင်းက တခြားနေရာမှ ဧည့်သည်များကို ရန်စမိလိုက်သလိုဖြစ်မှာ စိုးရိမ်နေခဲ့သည်။ မည်သို့ဖြစ်စေကာမူ သိုင်းလောကသားတစ်ဝက်ခန့်က အမှန်တရားကို ပို၍ မြတ်နိုးကြ၏။ ဤလေလံပွဲကို အလွန်အစွမ်းထက်သော အဖွဲ့အစည်းတစ်ခု သို့မဟုတ် လူတစ်ယောက်က ကျင်းပသည်ဟု လူစိမ်းက စတင် ယုံကြည်လာသည့်အတွက် ရန်ဝူဝိုကလည်း စိတ်သက်သာရာ ရသွားခဲ့သည်။

လူစိမ်းက လှေထဲကို ဝင်ရောက်သွားသည်ကို ရန်ဝူဝိုက ကြည့်နေခဲ့သည်။ ထို့နောက် သူက လေထဲတွင် တီးတိုး ပြောလိုက်၏။ သူ့အသံက ငရဲပြည်မှ ရောက်လာသော ထူးဆန်းသည့် အငွေ့အသက်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး မုန့်ချီ၏ နားထဲကို ရောက်သွားခဲ့သည်။

“သူက လော်အဖွဲ့အစည်းက နတ်ဆရာကျိုးလို့ခေါ်တယ်။ သူ့ကို စာရင်းကိုင်နတ်ဆရာလို့ ခေါ်ကြတယ်။ လော်အဖွဲ့အစည်းက နတ်ဆရာတွေထဲက တစ်ယောက်ပဲ။ မင်းက သူ့ကို တားဆီးဖို့ ဆုံးဖြတ်မထားမှတော့ ငါသူ့ကို ဝင်ခွင့်ပေးလိုက်တယ်…”

မုန့်ချီက ထိုသတင်းကြောင့် အနည်းငယ် မှင်တက်သွားခဲ့သည်။ စာရင်းကိုင်နတ်ဆရာပင် ရောက်လာမည်ဟု သူလည်း မထင်မှတ်ထားခဲ့ပေ။ စာရင်းကိုင်နတ်ဆရာက လော်အဖွဲ့အစည်းမှ နတ်ဆရာ(၁၂)ယောက်၏ ခေါင်းဆောင်ဖြစ်ပြီး (၂၂၆)နှစ်ကျော် အသက်ရှင်နေထိုင်ခဲ့သော သိုင်းသခင်တစ်ယောက် ဖြစ်သည်။ သူက မြေပြင်မှတ်တမ်းတွင် အဆင့်(၂၆)ဖြစ်ပြီး မဟူရာမှတ်တမ်းတွင် အဆင့်(၅) ဖြစ်သည်။

“ဒီအဘိုးကြီးက အ‌တော်လေး အစွမ်းထက်တယ်။ ဒါပေမဲ့ ပြဿနာ မရှိပါဘူး။ သူက သေခါနီး နတ်ဆရာတစ်ယောက်ပဲ။ ဒီတော့ သူက တခြားသူတွေထက်ပိုပြီး အသက်ရှင်ဖို့ကို မျှော်လင့်နေမှာပဲ။ သူက အဲဒီအရာတွေကို ရယူဖို့အတွက် အစွမ်းကုန်ကြိုးစားနိုင်တယ်…”

မုန့်ချီက အံ့သြမှုကို ထိန်းချုပ်လိုက်ပြီး အပြုံးနှင့် ပြန်ဖြေလိုက်သည်။

“အခု သူက အသတ်ခံရတော့မယ့် သားကောင် တစ်ကောင်ပဲ…”

နတ်ဆရာက လှေ၏အတွင်းထဲ ရှိနေသော အခန်းထဲသို့ ဝင်လာခဲ့သည်။ ထိုအချိန်တွင် တခြးဧည့်သည်များ၏ အငွေ့အသက်ကို ချက်ချင်း ခံစားမိခဲ့၏။ သူတို့က အစွမ်းထက်ပြီး ကြောက်စရာကောင်းသည့်အတွက် ခွဲခြားကြည့်၍ပင် မရနိုင်ချေ။ အခန်းထဲတွင် ရှိနေသော လေထုက အလွန်သိပ်သည်းလှပြီး လေလှိုင်းများကပင် လှုပ်ရှားနေခဲ့၏။ ပင်လယ်ဆားနံ့များကလည်း အတွင်းထဲသို့ စီးဝင်လာနေခဲ့သည်။

“ကြည့်ရတာတော့ သိုင်းလောကမှာ တကယ့်အတွေ့အကြုံရှိတဲ့ အကြီးအကဲတွေ အများကြီး ရှိနေတာပဲ…”

သူက ပတ်ပတ်လည်ကိုကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ ထိုလူများဆီမှ ရင်းနှီးသော အကြည့်များ မရှိဘဲ အေးစက်သော အကြည့်များကို ခံစားမိခဲ့သည်။ ထိုအရာက သူတို့၏ သက်တမ်းကို မြှင့်တင်ပေးနိုင်သော ဆေးရည်လေလံပွဲတစ်ခု ဖြစ်သည်။

ထိုအစွမ်းထက်ဧည့်သည်များ၏ ပူးပေါင်းစွမ်းအားက အလောင်းအဘိုးကြီး ရန်ဝူဝိုထက်ပင် ပို၍အစွမ်းထက်သည်ဟု သူက ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ထိုသို့ဆိုလျှင် သူတို့က ပစ္စည်းကို လုယူပြီး အချင်းချင်း ခွဲဝေ၍ ရနိုင်၏။ သို့သော် လက်ရှိအချိန်ထိ ဆေးရည်များကို ပြသခဲ့ခြင်း မရှိသေးပေ။

ထို့ပြင် မည်သူကရော ရန်ဝူဝိုကဲ့သို့ သဘောထားဆိုးပြီး လက်တုံ့ပြန်တတ်သည်ဟု နာမည်ကျော်ကြားသော လူတစ်ယောက်ကို ရန်စချင်မည်နည်း။ သူကတော့ ငြိမ်းချမ်းသော ကုန်သွယ်မှုတစ်ခုကိုသာ‌ မျှော်လင့်နေခဲ့သည်။

ထို့ပြင် လေလံကျင်းပသူကလည်း ကောင်းကင်မှတ်တမ်းမှ ပညာရှင်တစ်ယောက်၏ အကူအညီကို ခေါ်ထားနိုင်သည်။ သူက မြေပြင်မှတ်တမ်းမှ ပညာရှင် တစ်ယောက်ကိုပင် အစောင့်အနေနှင့် ခေါ်ဆောင်ထားနိုင်သည်ကို ကြည့်၍ သူ့အရည်အချင်းကို တွက်ဆနိုင်၏။ ဤနေရာတွင် ရိုင်းစိုင်းမှုများ၊ သတိထားမှုများ ရှိနေသော်လည်း မည်သူကမျှ ပြဿနာ မရှာရဲပေ။

နတ်ဆရာက အခန်းထဲသို့ ရောက်လာသည့်အချိန်တွင် တခြားသူများ၏ အခြေအနေက ပို၍တင်းမာသွားခဲ့သည်။ ဧည့်သည်တစ်ယောက်ချင်းဆီက ကိုယ်ပိုင်အရည်အချင်း ရှိနေသော အကြီးအကဲများ ဖြစ်ကြပြီး သူတို့က လက်ချောင်းလေးများကို လှုပ်ရှားလိုက်ရုံဖြင့် သဘာဝတရားကြီးကို ပြောင်းလဲနိုင်သော အစွမ်းများ ရှိနေသည်။

အခန်းထဲတွင် ရှိနေသော အလင်းရောင်များကပင် ထိုအခန်းထဲရှိ အငွေ့အသက်များကြောင့် အနည်းငယ် မှေးမှိန်နေခဲ့၏။ သူတို့ဆီတွင် သံသယနှင့် မယုံကြည်မှု အရိပ်များ ပြည့်နှက်နေသည်။ တချို့က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်ထားကြသည်။ တချို့ကတော့ အချင်းချင်း သတိထားနေကြသည်။

ကျန်းကလန်၏ မျိုးနွယ်ခေါင်းဆောင် ကျန်းသွမ့်က သူ၏ ခံစားချက်များကို တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး လေလံပွဲ စတင်မည့်အချိန်ကို အေးအေးဆေးဆေး စောင့်နေခဲ့သည်။ အစောပိုင်းတွင် သူ ထိန်းသိမ်းထားရသော စွမ်းရည်များကလည်း သိသိသာသာ လျော့ကျသွားခဲ့၏။

လက်ရှိတွင် အဆင့်အမြင့်ဆုံး ပညာရှင်ပေါင်းများစွာ ရှိနေသည့်အတွက် အစစ်အမှန်ဆေးရည်များ လေလံတင်မည့် အချိန်ကိုသာ စောင့်နေရပါတော့သည်။ ယခင်တုန်းက ရင်ထဲတွင် ရှိနေသော သံသယများနေရာတွင် စိတ်လှုပ်ရှားမှုများက အစားထိုး ဝင်ရောက်လာခဲ့သည်။

ထိုအချိန်တွင် သူက အသံတစ်ခုကို ကြားလိုက်ရပြီး ကျယ်လောင်သော တံခါးပိတ်သံ တစ်ခုကို ကြားလိုက်ရ၏။ အခန်းထဲတွင် ရှိ‌နေသော တံခါးက တင်းတင်းကြပ်ကြပ် ပိတ်သွားပြီးနောက် ယက္ခပျံ ရန်ဝူဝိုက အခန်း၏ အစွန်တွင် ရှိနေသော စင်မြင့်ပေါ်တွင် ပေါ်လာခဲ့သည်။

ဧည့်သည်တစ်ယောက် တိုက်ခိုက်လိုက်သည်နှင့် လှေတစ်စီးလုံး ပျက်စီးပြီး နစ်မြုပ်သွားနိုင်၏။ ထိုသို့ဆိုရာတွင် ပင်မတံခါးကြီးကို ကျယ်လောင်စွာ ပိတ်လိုက်သည့် အချိန်၌ အစွမ်းထက်သော လူများ၏ စိတ်ထဲတွင် အကြောက်တရားများ ပြည့်နှက်လာပြီး တုန်ယင်သွားခဲ့၏။

တစ်ချိန်တည်းတွင် အခန်း၏အစွန်၌ ရှိနေသော တံခါးလေးက ပွင့်သွားပြီး တူညီသော မီးခိုးရောင်ဝတ်စုံ ဝတ်ထားသည့် လူတစ်ယောက် ပေါ်လာခဲ့သည်။ သူ့ဆီတွင်လည်း တူညီသော မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထား၏။

“ဒါဆိုရင် စပြီပဲ…”

ပညာရှင်ပေါင်းများစွာ၏ ရင်ထဲတွင် တူညီသော အတွေးတစ်ခု ပေါ်လာခဲ့သည်။ မျှော်လင့်စောင့်စားနေရသော သူတို့က လေလံပွဲကျင်းပသူ ပြောမည့်စကားကို စောင့်ဆိုင်းနေကြ၏။

မုန့်ချီက ရန်ဝူဝို၏ဘေးတွင် ရပ်လိုက်သည်။ သူက ရှေ့တွင် ရှိနေသော အကြီးအကဲများကို ကြည့်လိုက်သည်။ ကျန်းကလန်မှ မျိုးနွယ်ခေါင်းဆောင်၊ ရွမ်ကလန်မှ တတိယသခင်လေးတို့လည်း ရှိနေကြ၏။ ပထမလူကတော့ သူကိုယ်တိုင် အထူးတလည် ဖိတ်ကြားထားခြင်းဖြစ်ပြီး နောက်တစ်ယောက်တော့ မထင်မှတ်ထားဘဲ ရောက်လာခြင်း ဖြစ်သည်။

ရွမ်ကလန်က သူတို့ကိုယ်တိုင် အရှေ့ဝင်ရိုးအင်မော်တယ်ဆေးရည်ကို ဖန်တီးထားနိုင်မည်ဟု သူက မျှော်လင့်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ရွမ်ကလန်က မျိုးနွယ်ခေါင်းဆောင် ပေါ်မလာလျှင်ပင် သူက အံ့သြနေခြင်း မရှိချေ။ သို့သော် ဤနေရာတွင် ရောက်လာသည်မှာ ရွမ်ကလန်က တတိယသခင်လေး ရွမ်ချန်းတီ ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

သူက သူ ပြဿနာဖြစ်ခဲ့သည့်အချိန်မှစပြီး ဒဏ်ရာရခဲ့သည့်အတွက် တံခါးပိတ်လေ့ကျင့်နေသည်ဟူသော စကားလုံးများက သိုင်းလောကတွင် ပျံ့နှံ့နေခဲ့သည်။ ရွမ်ယုရှု၏ အဖေက ယခင်မျိုးဆက်မှ ညီအစ်ကို မောင်နှမများ ကြားထဲတွင် မျိုးနွယ်ခေါင်းဆောင်၏ အမွေဆက်ခံသူအဖြစ် သတ်မှတ်ထားခဲ့သည်။ သူက မျိုးနွယ်ခေါင်းဆောင်ပြီး ပထမဆုံးသားဖြစ်ပြီး လက်ရှိရွမ်ကလန်၏ အရှင်သခင်လည်း ဖြစ်သည်။

သို့သော် ရွမ်ချန်းတီက မျိုးနွယ်ခေါင်းဆောင်၏ အစ်ကိုကြီး မွေးထားသော သားတစ်ယောက်ဖြစ်ပြီး လွန်ခဲ့သော နှစ်‌ပေါင်းများစွာက မျိုးနွယ်ခေါင်းဆောင်နှင့် ကလန်အကြီးအကဲများ၏ အလေးပေးမှုကို ခံခဲ့ရသည်။ သို့သော် သူ၏အမှားကြောင့် အရာအားလုံးက ပျက်စီးသွားခဲ့ရ၏။ သူက အထွဋ်အထိပ်၌ ရှိနေစဉ် မြေပြင်မှတ်တမ်း၌ လျင်မြန်စွာ တိုးတက်လာခဲ့သည်။

“တတိယသခင်လေး ပြန်ပေါ်လာတာက ရွမ်ကလန်အတွက်တော့ သတင်းကောင်း တစ်ခုပဲ…”

သူနှင့် ရွမ်ယုရှုတို့ ရင်းနှီးမှုကြောင့် တတိယသခင်လေး ရှိနေသည်ကို မုန့်ချီက အလွန်ကျေနပ်နေခဲ့သည်။

သူက ပင့်သက်ရှိုက်ပြီး လေသံကိုပြောင်းလဲ၍ ပြောလိုက်သည်။

“ဒီက မိတ်ဆွေတို့ ရောက်လာတဲ့အတွက် ကျုပ်က တကယ့်ကို ကျေနပ်မိပါတယ်..”

စကားအနည်းငယ်နှင့် နှုတ်ဆက်လိုက်ပြီးနောက် မုန့်ချီက အဓိကအလုပ်ကို ဦးတည်လိုက်သည်။ သူက လေလံပွဲအကြောင်းကို ပြောလိုက်၏။

“ဒီနေ့ ကျုပ်တို့ ပြချင်တဲ့ ပစ္စည်းတွေ ရှိတယ်။ အဲဒီထဲမှာ အသုံးပြုသူရဲ့ သက်တမ်းကို နှစ်(၆၀) တိုးမြှင့်ပေးနိုင်တဲ့ အရှေ့ဝင်ရိုးအင်မော်တယ်ဆေးရည်၊ အသုံးပြုသူရဲ့ သက်တမ်းကို နှစ်(၃၀) တိုးပေးနိုင်တဲ့ ကံကြမ္မာခံနိုင်ရည် ဆေးရည်၊ ပြီးတော့ သစ်သားစွမ်းရည်နဲ့ အသုံးပြုလို့ရတဲ့ ကျင့်စဉ်တွေ။ ပြီးတော့ အသုံးပြုသူရဲ့ သက်တမ်းကို (၁၀)နှစ် တိုးမြှင့်ပေးနိုင်တဲ့ သွေးကြောရတနာအမှုန့်….”

“သူတို့က ဆေးရည်တွေအားလုံးကို အသေးစိတ် ကြေညာနေတာလား.။ ဒီလောက်မြန်မြန်ကြီး ကြေညာနေတာလား…”

ကျန်းကလန်၏ မျိုးနွယ်ခေါင်းဆောင်ဖြစ်သော ကျန်းသွမ့်က ယခင်လေလံပွဲ အတွေ့အကြုံများ ရှိနေခဲ့သည်။ သို့သော် ထိုကဲ့သို့ ပစ္စည်းများကို ကြေညာသည့်အရာကတော့ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

အထူးသဖြင့် လေလံပွဲ ကျင်းပသူက သူတို့ရောင်းချမည့်ပစ္စည်းများ၏ နာမည်နှင့် စာရင်းကို အရင်ဆုံး တင်ပြလိုက်မည်ဆိုလျှင် ဧည့်သည်များက သူတို့ လိုချင်သည့်ပစ္စည်းကို ဆုံးဖြတ်၍ ရနိုင်သည်။ သူက ထိုကဲ့သို့ ထူးဆန်းသည့် အခြေအနေမျိုး ရှိနေသော လေလံပွဲမျိုးကို လုံးဝ မတွေ့ဖူးချေ။

“သူက လေလံတင်နေစဉ် အတောအတွင်းမှာမှ အဲဒီကြေညာချက်တွေကို လုပ်သင့်တာ မဟုတ်ဘူးလား..”

မုန့်ချီက အကြမ်းဖျင်း မိတ်ဆက်ပေးလိုက်သည့်အချိန်တွင် ဤနေရာ၌ ရှိနေသော ပညာရှင်များက တန်ဖိုးကို ရှင်းရှင်းလင်းလင်း နားလည်လာကြသည်။ ဧည့်သည်များအားလုံးက တိတ်ဆိတ်ငြိမ်သက်ပြီး ခေါင်းထဲ၌ စဉ်းစားနေကြစဉ် မုန့်ချီက ရုတ်တရက် ပြောလိုက်၏၊

“ပထမဆုံးပစ္စည်း…

ကျုပ်တို့က အရှေ့ဝင်ရိုး အင်မော်တယ်ဆေးရည်ကို လေလံတင်မယ်။ လက်ရှိအချိန်မှာ ‌ဆေးပုလင်းနှစ်လုံး ရှိမယ်…”

“အင်မော်တယ်ဆေးရည်လား။ တန်ဖိုးကြီးတဲ့ အင်မော်တယ်ဆေးရည်ကို အစောကြီး ထုတ်လိုက်တာလား…”

ကျန်းကလန်၏ မျိုးနွယ်စုခေါင်းဆောင်က သူ့နားသူ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားသည်။ သူက ထိုအရာကို လုံးဝ မထင်ထားခဲ့ချေ။ ဤကမ္ဘာပေါ်တွင် အကောင်းဆုံးပစ္စည်းကို ဘာကြောင့် ပထမဆုံး ရောင်းချနေရသနည်း။

ဧည့်သည်များဆီတွင်လည်း တူညီသော အတွေးမျိုး ပေါ်လာပြီး မယုံကြည်နိုင်သော အပြောင်းအလဲကို အံ့သြနေခဲ့ကြသည်။

သို့သော် ရိုးရှင်းသော ရည်ရွယ်ချက် ရှိနေသော မုန့်ချီကတော့ မည်သည့်အရာက သူ့အတွက် အကောင်းဆုံးဖြစ်ကြောင်း သိနေခဲ့သည်။ လေလံပွဲအတွင်း ရောင်းချသော ပစ္စည်းများထဲတွင် အရှေ့ဝင်ရိုးအင်မော်တယ်ဆေးရည်ကသာ သူ့အပိုင်ဖြစ်ပြီး တခြားဆေးရည်များ၊ ပစ္စည်းများကတော့ မုန့်ချီကို ကိုယ်စားရောင်းချရန် တာဝန်ပေးထားသော ပြည့်စုံခြင်းဂိုဏ်းမှ ပစ္စည်းများ ဖြစ်ကြသည်။

ထိုပစ္စည်းများ ‌ရောင်းချရာတွင် အကျိုးအမြတ် တစ်စိတ်တစ်ပိုင်းက ကောက်ကျစ်စဉ်းလဲသော အင်မော်တယ်ယွင်ဟယ်ဆီကို ပြန်ရောက်သွားမည်သာ ဖြစ်သည်။ ထို့ကြောင့် ဧည့်သည်များက တခြားပစ္စည်းများကို ရယူရန် သူတို့၏ အဖိုးတန်ပစ္စည်းအများစုကိုသုံးပြီး လေလံဆွဲသော အဖြစ်မျိုး မလိုချင်ခဲ့ပေ။

ပုံမှန်လေလံပွဲများတွင် ရောင်းချသောအရာများကဲ့သို့ မဟုတ်ဘဲ အင်မော်တယ်ယွင်ဟယ်၏ ပစ္စည်းများကလည်း အလွန် ရှားပါးလှသည်။ ထိုဆေးရည်များကို ဖန်တီးရသည့် နည်းလမ်းများက အချိန်ကာလ ကြာမြင့်သည့်အတွက် ပျောက်ဆုံးသွားကြသော်လည်း အင်မော်တယ်ဆီတွင် ရှိနေသေးသည်။

ထိုဆေးရည်များက ဝေ့ကျင်းအဆင့်နှင့်အထက် ပညာရှင်များအတွက် အတော်လေး တန်ကြေးရှိပြီး ပုံမှန်ဝယ်ယူရန်ပင် ခက်ခဲနိုင်သည်။ မုန့်ချီကတော့ အင်မော်တယ်ဆေးရည်မရသော ဧည့်သည်များကို လက်ဗလာနှင့် ပြန်မသွားစေချင်ခဲ့ပေ။

အရှေ့ဝင်ရိုးအင်မော်တယ်ဆေးရည်များကို လွဲချော်သွားသူများက အင်မော်တယ်ယွင်ဟယ်၏ ပစ္စည်းများကို ဆက်လက်ဝယ်ယူ၍ ရနိုင်ပြီး မုန့်ချီက ပဋိပက္ခများကို ရှောင်တိမ်းနိုင်၏။ သူ၏ကိုယ်ပိုင်ဆေးရည်များကိုလည်း အလေအလွင့်မရှိ ရောင်းချနိုင်မည် ဖြစ်သည်။

“ပထမဆုံးပစ္စည်း…

ကျုပ်တို့က အရှေ့ဝင်ရိုးအင်မော်တယ်ဆေးရည်ကို လေလံတင်မယ်။ အခု ဆေးပုလင်းနှစ်လုံး ရှိတယ်…”

မုန့်ချီက ထပ်ပြောလိုက်သည်။

ဧည့်သည်များက အံ့သြမှင်တက်နေရာမှ သတိပြန်ဝင်လာကြ၏။ အခန်းထဲတွင် ရှိနေသော အခြေအနေက တင်းမာနေပြီး လူတိုင်းက အသက်အောင့်ထားမိကြ၏။

ကျန်းကလန်မှ မျိုးနွယ်ခေါင်းဆောင်က သူ၏လေဟာနယ်လက်စွပ်ကို ကိုင်ထားပြီး အလွန်များပြားသော ရှားပါးတွင်းထွက်ပစ္စည်းများ ထည့်ထားသည့် လေဟာနယ် လက်စွပ်ကို ကိုင်ကြည့်နေခဲ့သည်။ ထိုအရာက ကလန်တစ်ခုလုံး၏ ကြွယ်ဝချမ်းသာမှုကို ကိုယ်စားပြုနေ၏။ သူ စုဆောင်းလာခဲ့သော ပစ္စည်းများက အလွန်အမင်းကို ရှားပါးပြီး တန်ကြေးရှိသည်။

“ငါက အလုံအလောက် ရှိပါစေလို့ပဲ ဆုတောင်းရမယ်…”

ကျန်းသွမ့်က ကလန်မှ ဘိုးဘေးများကို တိတ်တဆိတ် ဆုတောင်းနေမိခဲ့သည်။

“ပထမဆုံး အင်မော်တယ် ဆေးရည်ကတော့ လျှို့ဝှက်ပညာရှင် တစ်ယောက်ရဲ့တောင်းဆိုမှုအတိုင်း လေလံတင်ပေးတာပါ။ သူက ပစ္စည်းတချို့ကို တောင်းဆိုထားတယ်။ လုလုံကျောက်တုံး၊ လေဟာနယ် ဆေးပင်နဲ့ တခြားပစ္စည်းတွေပါ။ လေလံတင်ခိုင်းတဲ့သူက အဲဒီလို အမျိုးအစားရှိတဲ့ ရှားပါးပစ္စည်းတွေကို (၁၂)မျိုးကနေ (၁၅)မျိုး အထိ လိုချင်နေတယ်။ ဒီတော့ မိတ်ဆွေတို့က အဲဒီအရာတွေ အပါအဝင် ကမ်းလှမ်းဖို့ လိုအပ်တယ်။ ဒီပစ္စည်းကတော့ အမြင့်ဆုံးကမ်းလှမ်းတဲ့လူဆီကို ရောက်သွားမှာပါ…”

မုန့်ချီက တည်ငြိမ်စွာ ကြေညာလိုက်ပြီးနောက် လူတိုင်းက သူ့ကို အာရုံစိုက်နေကြသည်။

ထိုကြေညာမှုကြောင့် ကျန်းကလန်မှ မျိုးနွယ်စုခေါင်းဆောင်က မိုးကြိုးအပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူက အံ့သြမှင်တက်သွားခဲ့ရ၏။ သူ၏ လေဟာနယ်လက်စွပ်ထဲတွင် ရှိနေသော အဖိုးတန်တွင်းထွက်ပစ္စည်းများနှင့် အဖိုးတန် ပစ္စည်းများက ထိုလိုအပ်ချက်နှင့် လုံးဝကို ကိုက်ညီနေခဲ့သည်။ သူက ဖိတ်စာ၏ အောက်ခြေတွင် ရေးထားသော မှတ်ချက်ကို ပြန်လည်စဉ်းစားနေမိခဲ့သည်။

သူကတော့ လေလံမရမှာ စိုးသည့်အတွက် အလျင်အမြန် အော်ပြောလိုက်သည်။

“ငါက အဲဒီလုလုံကျောက်တုံး အပါအဝင် ရှားပါးတွင်းထွက်ပစ္စည်း(၁၃)စုံ ပေးပါမယ်..”

သူကတော့ စိန်ခေါ်သူများ ထွက်ပေါ်လာမှာ စိုးသည့်အတွက် ထိုအရာကို အနည်းငယ် တိုးမြှင့်၍ လေလံတင်လိုက်သည်။

ကျန်းသွမ့်၏ စကားသံကြောင့် လူတိုင်းက တိတ်ဆိတ်သွားခဲ့၏။ အခန်းတစ်ခုလုံးတွင် ရှိနေသော ဧည့်သည်များ၏ အသက်ရှူသံများက လေးလံနေခဲ့သည်။

“စိန်ခေါ်သူ မရှိဘူးလား…”

ကျန်းသွမ့်က ယုံကြည်ပေးရန် ခက်ခဲနေခဲ့သည်။

“ယှဉ်ပြိုင်မယ့်လူ မရှိတော့ဘူးဆိုရင် အရှေ့ဝင်ရိုးအင်မော်တယ်ဆေးရည်ကို ဒီက မိတ်ဆွေ ရသွားပါပြီ….”

မုန့်ချီက ချက်ချင်းပင် ကြေညာလိုက်သည်။

ကျန်းမျိုးနွယ်ခေါင်းဆောင်က သူ၏ကံကြမ္မာကို ယုံကြည်ပေးရန် ခက်ခဲနေခဲ့သည်။ သူ၏မျက်နှာကို မျက်နှာဖုံး ကွယ်ထား‌သော်လည်း သူက ရှေ့တက်လာပြီး ကတိပေးထားသော ပစ္စည်းများကို ထုတ်လိုက်၏။

ထို့နောက် သူက လေလံတင်ရောင်းချသူဆီမှ အစိမ်းရောင် ဆေးပုလင်းလေးတစ်လုံးကို ယူလိုက်သည်။ ထိုဆေးပုလင်းလေးကို လက်ထဲတွင် ကိုင်ကြည့်လိုက်ရုံနှင့် သူက တစ်ကိုယ်လုံး လန်းဆန်းပြီး စွမ်းအားပြည့်နှက်လာသလို ခံစားနေရသည်။

လေလံပွဲကို ကမ်းလှမ်းလိုက်သော ကျန်းသွမ့်၏ ပစ္စည်းများကိုကြည့်ပြီး စာရင်းကိုင်နတ်ဆရာက ပြောလိုက်သည်။

“ကြည့်ရတာ ဒီပစ္စည်းတွေကို ကြိုပြီးတောင်းဆိုထားတာ ဖြစ်နိုင်တယ်..”

သူက အက်ရှရှ လေသံနှင့် ပြောလိုက်၏။

“တကယ်လို့သာ ကြိုတင်မပြင်ဆင်ထားဘူးဆိုရင် ဘယ်သူကများ ဒီလောက်များတဲ့ တွင်းထွက်ပစ္စည်းတွေကို ယူလာမှာလဲ…”

ထိုအရာက လှည့်စားထားခြင်းနှင့် တူညီနေ၏။

ခေါင်း‌ဆောင်က ချက်ချင်းပင် နားလည်သွားခဲ့၏။ တခြားကိစ္စများထဲတွင် မည်သူကမျှ မှတ်ချက်မပေးခဲ့ပေ။ မျိုးနွယ်ခေါင်းဆောင်က မုန့်ချီကို လေလေးနက်နက် စိုက်ကြည့်နေပြီး သူ့ရှေ့တွင် ရှိနေသော လေလံပွဲကျင်းပသူကို သိချင်နေခဲ့သည်။

ကျန်းသွမ့်က မျက်နှာဖုံးကို ချွတ်လိုက်ပြီး သူ၏အဆင့်အတန်းကို စိုးရိမ်နေခြင်းမရှိဘဲ ဆေးရည်ကို သောက်ချလိုက်သည်။ ထို‌ဆေးရည်က အရည်အသွေး ပြည့်ဝမှု ရှိမရှိ သူက ချက်ချင်း သိချင်နေခဲ့၏။ ထိုအရာက သူ့ဆီမှ လုယူရန် စောင့်ဆိုင်းနေသော တခြားသူများ၏ မျှော်လင့်ချက်များကိုလည်း ရိုက်ချိုးလိုက်သလို ဖြစ်သွားနိုင်သည်။

သူက နောက်ထပ်သက်တမ်း(၆၀) ရရှိသွားသည်ဟူသော သတင်းသာ ပျံ့နှံ့သွားမည်ဆိုလျှင် ကျန်းကလန်နှင့် ယောင်ကလန်၏ ကြားထဲတွင်ရှိနေသော ပြဿနာများကလည်း ပျောက်ကွယ်သွားနိုင်၏။ လျှို့ဝှက်ထားခြင်းက ပို၍ဆိုးဝါးသော အကျိုးသက်ရောက်မှုများ ရှိနိုင်၏။

“ကျန်းကလန်က မကောင်းဆိုးဝါးအိုကြီး...”

လူအုပ်ကြီးထဲမှ လူတစ်ယောက်က ကျန်းသွမ့်ကို မှတ်မိသွားခဲ့သည်။

ချက်ချင်းပင် မုန့်ချီက ဒုတိယမြောက် အင်မော်တယ် ဆေးရည်ကို ထုတ်လိုက်သည်။ “ဈေးနှုန်းအမြင့်ဆုံး ပေးတဲ့လူက အနိုင်ရမယ်…”

မုန့်ချီက တခြားသော လိုအပ်ချက်များကို မပြောတော့ပေ။

သူက လိုအပ်ချက် သီးသန့် တောင်းဆိုမှု မရှိသည့်အတွက် စာရင်းကိုင်နတ်ဆရာက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ငါက မြေသားအဆီအနှစ်နဲ့ ရှားပါးတွင်းထွက်ပစ္စည်း(၁၄)စုံ အပါအဝင် အဆင့်မြင့်အဖိုးတန်လက်နက် အရိပ်ဓားကို ပေးမယ်…”

စာရင်းကိုင်နတ်ဆရာက ဈေးပေးပြီးသွားသည့်အချိန်တွင် နောက်ထပ် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“တူညီတဲ့ သဘာဝရှိတဲ့ ရှားပါးပစ္စည်း(၁၅)စုံအပြင် ရှားပါး အဖိုးတန်လက်နက် လမင်းတုတ်တံကို ထပ်ပေါင်းပေးမယ်…”

“ရှားပါးအရည်အသွေးရှိတဲ့ အဖိုးတန်လက်နက်လား…”

ရွမ်ကလန်မှ တတိယသခင်လေးကပင် ပြောလိုက်သော လူစိမ်းကို စိတ်ဝင်တစား လှည့်ကြည့်လိုက်မိလေသည်။

Translated by Hein Htet.

All Chapters