← Chapters

အခန်း (၅၈၂)

Vol. 39 Ch. 582

အခန်း (၅၈၂)

Vol. 39 Ch. 582

အခန်းထောင့်လေးတွင် ထိုင်နေသော လူက ကျယ်လောင်စွာ လှမ်းအော်လိုက်ခြင်း ဖြစ်သည်။ အလွန်လျှို့ဝှက်ဆန်းကြယ်သော မျက်နှာဖုံးဝတ် လူစိမ်းက တူညီသော မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်အတွက် ဧည့်သည်များနှင့် ရောနေခဲ့သည်။

သူ ဝတ်ဆင်ထားသော ကျယ်ပြန့်သည့် ဝတ်စုံကြီးကြောင့် သူ၏အရပ်အမြင့်နှင့် ခန္ဓာကိုယ်ကိုပင် မမြင်ရပေ။ မုန့်ချီနှင့် ရန်ဝူဟိုတို့ကလွဲလျှင် သူ မည်သူဖြစ်ကြောင်း မည်သူမျှ မသိကြပေ။

သူကတော့ အလယ်ပိုင်းနယ်မြေတွင် ရှိနေသော ကျိကလန်မှ တိုင်ရှန်အကြီးအကဲ တစ်ယောက်ဖြစ်သည့် ကျိဖေးဟုန် ဖြစ်သည်။ ထိုအကြီးအကဲက မြေပြင်မှတ်တမ်းတွင် ရှိနေပြီး အစွမ်းထက်သော အင်အားများ ပိုင်ဆိုင်ထား၏။ သူ လှေပေါ်သို့ ရောက်လာသည့်အချိန်တွင် သူ့ခန္ဓာကိုယ်က ကျန်းမာရေးချို့ယွင်းသည့် လက္ခဏာများကို မုန့်ချီတို့ကိုယ်တိုင်ပင် သတိထားမိခဲ့ခြင်း မရှိချေ။

ဝေ့ကျင်းအဆင့် ပညာရှင်များက အသက်ကြီးရင့်လာသည့် အချိန်တွင်ပင် ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းမှု ရှိနေသေး၏။ သူတို့၏စွမ်းအားများက လုံးဝ နိမ့်ကျသွားခြင်းမရှိဘဲ သေခြင်းတရားကို ရင်မဆိုင်ရမချင်း သူတို့၏ခန္ဓာကိုယ် ပျက်စီးယိုယွင်းသည့် လက္ခဏာများကို လုံးဝ ပြသခဲ့ခြင်း မရှိချေ။ ခန္ဓာကိုယ် အပျက်အစီးများကို စတင် ပြသလာနေသည့်အတွက် ကျိဖေးဟုန်က သေခြင်းတရားကို စောင့်ဆိုင်းနေရပြီဖြစ်ကြောင်း ဆိုလိုနေသည်။

"ဒါကြောင့်လည်း သူက ရှားပါးအဖိုးတန်လက်နက်ကို ပေးချင်နေတာပဲ…"

ရန်ဝူဟိုက တစ်ယောက်တည်း သက်ပြင်းချလိုက်မိသည်။

ရှားပါးအဖိုးတန်လက်နက်များက လက်နက်များ အားလုံးထဲတွင်ပင် အမြင့်ဆုံးအဆင့်ဖြစ်ပြီး ထိုအရာကို ကိုင်ဆောင်နိုင်သူများက ဓမ္မကာရတစ်ဝက်အဆင့် ပညာရှင်များ ဖြစ်ကြသည်။ ဝေ့ကျင်းအဆင့် ပညာရှင်များ၊ သာမန်ကျင့်ကြံသူများကပင် ထိုကဲ့သို့ ရှားပါးအဖိုးတန်လက်နက်များ၏ စိတ်ဝိညာဉ်ကို ပေါင်းစပ်နိုင်ခြင်း မရှိကြပေ။

ထိုကဲ့သို့ ထူးခြားလွန်းလှသော အဖိုးတန်လက်နက်များထဲတွင် တချို့ကတော့ နတ်ဘုရားလက်နက်များ၏ အစွမ်းမျိုးကိုပင် ပိုင်ဆိုင်ထားကြသည်။ ရှားပါးဖြစ်စဉ်များတွင်တော့ သူတို့ဆီတွင် သိစိတ်များ ရှိတတ်ကြ၏။

လမင်းတုတ်တံက ကျိဖေးဟုန် ကိုယ်တိုင် ဖန်တီးထားသော အဖိုးတန်လက်နက်တစ်ခု မဟုတ်ကြောင်း ရန်ဝူဟိုက ယုံကြည်နေခဲ့သည်။ ထိုအရာက မမျှော်လင့်ဘဲ ခရီးသွားရင်း ရခဲ့သော အကျိုးအမြတ်တစ်ခု ဖြစ်နိုင်သည်။ ရန်ဝူဟိုကပင် ထိုကဲ့သို့ ရှားပါးသည့် ပစ္စည်းတစ်ခုအပေါ် ဖိနှိပ်ရန် ခက်ခဲနေခဲ့၏။

အကယ်၍ သံသရာအရှင်သခင်ကသာ သူ၏လိုအပ်ချက်များကို ပေးစွမ်းနိုင်ခြင်း မရှိလျှင် သူက ထိုပစ္စည်းများကို စိတ်ဝင်စားမိပါလိမ့်မည်။ သံသရာ အရှင်သခင်ဆီတွင်တော့ ကံကြမ္မာအမှတ်များသာ လိုအပ်သည့်အတွက် သူ့ပစ္စည်းများ ကုန်ဆုံးရခြင်း မရှိချေ။

ထိုအရာကို ဈေးပေးလိုက်ပြီးနောက် ကျိဖေးဟုန်က ဆုံးဖြတ်ချက် ပြတ်သားနေပုံရ၏။ သူတို့က ဆက်လက် ငြိမ်သက်နေသေးသည်။ သေခြင်းတရားနှင့် နီးကပ်လာသည့် အချိန်တွင် သက်တမ်းကို ဆွဲဆန့်ပေးနိုင်သော ဆေးရည်က အရည်အသွေး မရှိတော့မှာကို မည်သူက ကြောက်လန့်နေရမည်နည်း။

မုန့်ချီ၏ရင်ထဲတွင် တဒိန်းဒိန်း ဖြစ်နေသော်လည်း သူ့ပုံစံက တည်ငြိမ်နေသေး၏။ နောက်ထပ် ပိုကောင်းသော ကမ်းလှမ်းချက်များ ရောက်လာမည်ဖြစ်ကြောင်း သူက သေချာသိနေခဲ့သည်။

ထိုမြေခွေးအိုကြီးများ၏အသက်ကို ဆယ်စုနှစ် (၃) ခုကျော် ဆွဲဆန့်ပေးနိုင်သောအရာထက် တန်ဖိုးကြီးသောအရာ မရှိပေ။ ထင်ထားသည့်အတိုင်းပင် စာရင်းကိုင် နတ်ဆရာ၏အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့၏။

"အရင်တစ်ကြိမ်မှာ ငါက ရှားပါးတွင်းထွက်ပစ္စည်း (၁၄) စုံနဲ့ အဆင့်မြင့် အဖိုးတန်လက်နက် အရိပ်ဓားတို့ကို ကမ်းလှမ်းထားတယ်။ ဒါပေမဲ့ ငါက ကောင်းကင်(၉) သွယ်က မှော်ရတနာဖြစ်တဲ့ ရေလှိုင်းမှန်ကိုပါ ထပ်တိုးပေးမယ်.."

"ကောင်းကင် (၉) သွယ်က မှော်ရတနာ...။ ဒီအဘိုးကြီးက တော်တော်လေးကို ချမ်းသာတာပဲ…"

မုန့်ချီကတော့ နတ်ဘုရားလက်နက်တစ်ခု၏ ကြီးကျယ်မှုကို ကိုယ်ပိုင်မျက်လုံးနှင့် မမြင်ရသည့်အတွက် ခံစားချက်များကို ဖိနှိပ်နိုင်ခြင်း မရှိကြောင်း ခံစားနေရသည်။ ထိုအချိန်တွင် အင်မော်တယ်ဆေးရည်၏ တန်ဖိုးက အမြင့်ဆုံးကို ရောက်နေပြီဟု သူလည်း ထင်မှတ်ထားခဲ့၏။

နတ်ဆရာအဘိုးကြီး ကမ်းလှမ်းထားသော ပစ္စည်းများက အနိမ့်ဆုံး ကံကြမ္မာအမှတ် (၃)သောင်း နီးပါးခန့် ရောက်နေသည်။ ထိုပစ္စည်းများ၏တန်ဖိုးကို သံသရာအရှင်သခင်ကပင် ပေးနိုင်လိမ့်မည် မဟုတ်ချေ။ မုန့်ချီ၏ခေါင်းထဲတွင် အံ့သြမှုများ ပြည့်နှက်နေခဲ့၏။ သူက ယခင်ခရီးစဉ်များတွင် ရရှိခဲ့သော အကျိုးအမြတ်များကို ခံစားမိခဲ့သော်လည်း ထိုကဲ့သို့ ပမာဏရှိသော အရာမျိုးကို လုံးဝ မရဖူးသေးပေ။

"ကံကြမ္မာအမှတ် (၃)သောင်း..."

သူက နတ်ဆိုးသုတ်သင်ရေးအလံကို ပြုပြင်ရန် အမှတ်အလုံအလောက်ပင် ရရှိနိုင်သည်။ သူက တာဝန်တစ်ခုပြီးဆုံးအောင် လုပ်ရန်မလိုဘဲ နတ်ဘုရားလက်နက်တစ်ခုကို ပိုင်ဆိုင်နိုင်မည် ဖြစ်၏။

သူ့ရင်ထဲရှိ စိတ်လှုပ်ရှားမှုများက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။ ထိုကဲ့သို့ ကံတရားမျိုးက ဘဝတွင် တစ်ကြိမ်သာ ရနိုင်ကြောင်း သူသိနေသည်။ လက်ရှိအခြေအနေနှင့် အရှေ့ဝင်ရိုး အင်မော်တယ်ဆေးရည်၏ ရှားပါးမှုကြောင့် ရောက်လာသော ဧည့်သည်များက ထိုဆေးရည် (၂) မျိုးကိုရရှိရန် အစွမ်းကုန် ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။

နောက်ပိုင်း နောက်ထပ် ဆေးရည်များ ပေါ်ထွက်လာမည်ဆိုလျှင်တော့ ထိုဆေးရည်က မကြာခဏ ရနိုင်ကြောင်း သံသယဝင်လာနိုင်ပြီး တန်ဖိုးက လျော့ကျသွားနိုင်သည်။ ထို့ပြင် သက်တမ်းကုန်နေသော အကြီးအကဲများနှင့် ထိုဆေးရည်များ၏ ရှားပါးမှုအရ ထိုကဲ့သို့ အမျိုးအစားရှိနေသော ဆေးရည်များကို ပထမဆုံး သောက်သည့် အချိန်တွင်သာ အမြင့်ဆုံးအာနိသင် ရှိနိုင်သည့်အတွက် အနာဂတ်တွင်လည်း အင်မော်တယ်ဆေးရည်က လိုအပ်ချက် မြင့်မားနိုင်သေးသည်။ သို့သော် အနာဂတ် အရောင်းအဝယ်တွင်တော့ ယခုလို အကျိုးအမြတ်ရရှိရန် ခက်ခဲနိုင်၏။

ဆေးပုလင်းတစ်ခုကို ကံကြမ္မာအမှတ် ထောင်ဂဏန်းသာ အကျိုးအမြတ်ရနိုင်သည်။ အရေအတွက် များပြားလာမည်ဆိုလျှင် တန်ဖိုးက လျော့ကျသွားနိုင်ပြီး နောက်ပိုင်းတွင်လည်း စွန့်စားရသည့်အရာများ ရှိနိုင်သေး၏။

နတ်ဆရာ၏ တန်ပြန်ဈေးပေးမှုကြောင့် အခန်းတစ်ခုလုံးက တိတ်ဆိတ်သွားခဲ့ပြန်သည်။ သူ၏ကမ်းလှမ်းမှုက သူတို့၏ သတ်မှတ်ချက်ထက် ကျော်လွန်နေပြီ ဖြစ်၏။ အကယ်၍ ဧည့်သည်တချို့က ကမ်းလှမ်းမှုများ လုပ်နိုင်မည်ဆိုလျှင်ပင် သူတို့က ထိုမျှ ပေးနိုင်ကြမည်လော။

ကံကြမ္မာခံနိုင်ရည်ဆေးရည် အပါအဝင် တခြားအရာများက ယခုအချိန်ထိ ပေါ်မလာသေးပေ။ သွေးကြောရတနာဆေးမှုန့်နှင့် တခြားပစ္စည်းမှာလည်း တူညီသော အကျိုးအာနိသင်များ ရှိနေခဲ့၏။ ထိုကဲ့သို့ ပစ္စည်းတစ်ခု၊ နှစ်ခုကို သုံးလိုက်မည်ဆိုလျှင် အရှေ့ဝင်ရိုး အင်မော်တယ်ဆေးရည်ကို ယှဉ်နိုင်သော ရလဒ်ကို ရရှိနိုင်သည်။ ရွေးချယ်စရာတစ်ခုထက် ပိုလာသည့်အချိန်တွင်တော့ လူတိုင်းက တွေဝေနေပြီး ပြန်လည်စဉ်းစားနေသည်မှာ နားလည်၍ရနိုင်သည်။

မုန့်ချီက ထိုအရာကို ကြိုမြင်နေရ၏။ အရှေ့ဝင်ရိုး အင်မော်တယ်ဆေးရည် (၂) ခုကို လေလံဆွဲရခြင်းက လူတိုင်းကို မျှော်လင့်ချက် ပိုင်ဆိုင်စေလိုသော ဖြစ်နိုင်ခြေတစ်ခုကို မြှင့်တင်ပေးလိုက်ခြင်းသာ ဖြစ်သည်။ ရန်ဝူဟို၏ အစွမ်းတစ်ခုတည်းနှင့်ပင် ထိုဧည့်သည်များ၏ စုပေါင်းစွမ်းအားကို ရင်ဆိုင်ရန် မလုံလောက်သေးပေ။

ထို့ကြောင့် မုန့်ချီက ထိုဧည့်သည်တိုင်းကို လက်ဗလာနှင့် ပြန်မသွားကြစေရန် ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ မဟုတ်လျှင် သူက ဓမ္မကာရအဆင့် စွမ်းအားရှိနေသော နောက်ထပ် အစောင့်တစ်ယောက်၏ အကူအညီကို ယူရပါလိမ့်မည်။

ဘိုးဘေးလင်းပေါင်က အလုပ်များနေပြီး မုန့်ချီက သူ့အကူအညီအတွက် ပေးရသော အကျိုးအမြတ်ကို စဉ်းစားကြည့်လိုက်မည်ဆိုလျှင် အရှေ့ဝင်ရိုး အင်မော်တယ်ဆေးရည် ရောင်းချမှု၏ အကျိုးအမြတ်လောက်နှင့် ဘိုးဘေးကို အကူအညီတောင်းရန် ခက်ခဲနိုင်သည်။

ဤကမ္ဘာကြီးထဲတွင် ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်၏ အကူအညီကိုရရှိရန် မည်မျှခက်ခဲကြောင်း လူတိုင်းက သိနေကြ၏။ အင်မော်တယ်ချုံဟယ်၊ ဘိုးဘေးလင်းပေါင်က အင်မော်တယ်များ၏ ပြင်ပတွင် ဖြစ်ပေါ်သော ပြဿနာများတွင် ဆင့်ခေါ်ရန် ခက်ခဲနိုင်သည်။

မုန့်ချီက ကောင်းကင်ဧကရာဇ်၏ လှည့်ကွက်များကို အင်မော်တယ်ချုံဟယ်ဆီသို့ ဖော်ပြလိုက်သည့် အတွက်ကြောင့်သာ သူက ယခုလို အခွင့်အရေးမျိုးကို ရရှိနေခြင်း ဖြစ်သည်။ မုန့်ချီ၏သတိပေးချက်က အင်မော်တယ်ခေါင်းဆောင်ကို သေဘေးမှ လွတ်မြောက်အောင် ကူညီပေးနိုင်သည့်အပြင် ရန်သူကို ပြောင်းပြန်ဖြစ်သွားစေနိုင်သည်။

မုန့်ချီက မှင်သက်နေရာမှ သတိပြန်ဝင်လာပြီး ပြောလိုက်၏။

"ဒီထက်ပိုပြီး ဈေးပေးမယ့်လူရှိသေးလား။ တကယ်လို့ (၃)ကြိမ်ရေပြီးလို့မှ နောက်ထပ်ဈေးပေးမယ့် လူမရှိတော့ရင် ဒီပစ္စည်းက ဒီဧည့်သည်ဆီကို ရောက်သွားပါတော့မယ်…"

ထိုသို့ တိတ်ဆိတ်နေသည့်အချိန်တွင် နတ်ဆရာ၏ အသက်ရှူသံ ပြင်းပြင်းမှလွဲလျှင် တခြားမည်သည့်အသံမျှ ထွက်မလာခဲ့ပေ။

"တစ်..."

ပို၍တိတ်ဆိတ်သွားသလို ခံစားလိုက်ရ၏။

"နှစ်..."

အသက်ရှူသံက ထာဝရ တည်ရှိနေသလို ထင်မှတ်ရသည်။

မုန့်ချီက အရှေ့ဝင်ရိုး အင်မော်တယ်ဆေးရည် သိမ်းထားသော ကျောက်စိမ်းပုလင်းလေးကို မြှောက်လိုက်ပြီး စာရင်းကိုင်နတ်ဆရာက (၃) ရေတွက်မည့်အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်နေခဲ့သည်။ သူကလည်း ကျန်းကလန်မှ အကြီးအကဲကဲ့သို့ ဆေးရည်ကို တိုက်ရိုက်သောက်ပစ်ရန် စဉ်းစားထား၏။ သို့သော် သူနှင့်မတူသည်မှာ နတ်ဆရာက သူ၏အဆင့်အတန်းကို ထုတ်ဖော်ပြရန် ကြိုးစားလိုခြင်း မရှိချေ။

"ခဏနေဦး..."

အသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

စာရင်းကိုင်နတ်ဆရာက ဒေါသကို ထိန်းသိမ်းထားရပြီး စကားပြောလိုက်သည့်လူကို လှည့်ကြည့်လိုက်၏။ သူ့ဘေးတွင် ရှိနေသော တခြားလူများကဲ့သို့ ထိုလူစိမ်းကလည်း မီးခိုးရောင်ဝတ်စုံနှင့် သစ်သားမျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ သူကတော့ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားရန် ကြိုးစားနေပြီး သူ၏အငွေ့အသက်များကို စစ်ဆေး၍ မရစေရန် ရည်ရွယ်ချက်ရှိရှိ ကာကွယ်ထားသည်။

စာရင်းကိုင်နတ်ဆရာကို လှည့်မကြည့်ဘဲ လူစိမ်းက ပြောလိုက်၏။

"မီးတောက်ဆေးပင် ၊ ရှားပါးတွင်းထွက်ပစ္စည်း (၁၃) မျိုး အဆင့်မြင့် အဖိုးတန်လက်နက် စိတ်ဝိညာဉ်သတ်ဖြတ်ရေး အဆိပ်အပ်အပြင်..."

ထိုလူက ခဏရပ်လိုက်သည်။

သူ၏လက်ရှိကမ်းလှမ်းမှုက အစောပိုင်းတွင် စာရင်းကိုင်နတ်ဆရာ ကမ်းလှမ်းခဲ့သောအရာကို မမီသေးပေ။ ထို့ကြောင့် လူတိုင်းက နောက်ထပ် ထပ်ပေါင်းပေးမည့် ကမ်းလှမ်းမှုကို စောင့်ကြည့်နေကြ၏။

"သဘာဝတရားကြီးရဲ့ အငွေ့အသက်တွေကနေ ဖြစ်ပေါ်လာတဲ့ရတနာတစ်ခု၊ ရှားပါးအဆင့်ရတနာတစ်ခု သမုဒ္ဒရာအုပ်စိုးခြင်း ပုလဲလုံး..."

လူစိမ်းက သူ၏ကမ်းလှမ်းမှုအတွက် နောင်တရနေသလို ခံစားနေရသည့်အလား တိတ်ဆိတ်သွားခဲ့သည်။

"သမုဒ္ဒရာအုပ်စိုးခြင်းပုလဲလုံးလား..."

မုန့်ချီက သူ့နားသူ မယုံကြည်နိုင်ခဲ့ပေ။

"နတ်ဘုရားကမ္ဘာကြီးထဲက သမုဒ္ဒရာအုပ်စိုးခြင်းပုလဲလုံးလား။ ရွှမ်တျန်းအရှင် ကျိုးကုံမင် ပိုင်ဆိုင်ထားခဲ့တဲ့ အဲဒီပုလဲလုံးလား။ ဒါက နတ်ဘုရားလက်နက်တွေထဲက တစ်ခုပဲ…"

အင်မော်တယ် ထိုက်ရီဖြစ်သော ရန်ဝူဟိုက နတ်ဘုရားကမ္ဘာကြီးနှင့်လည်း ရင်းနှီးနေခဲ့သည်။ ထို့ကြောင့် သူ၏အငွေ့အသက်များက လှုပ်ရှားသွားခဲ့၏။

လေလံတင်သူက ထိုပစ္စည်း၏တန်ဖိုးကို နားမလည်နိုင်မှာ စိုးသည့်အတွက် ထိုလူက အက်ရှရှလေသံနှင့် ရှင်းပြလိုက်သည်။

"ဒါက အရှေ့ပင်လယ်ရဲ့အတွင်းပိုင်းထဲမှာ နှစ်ပေါင်းတစ်သောင်းကျော် ရှင်သန်နေခဲ့တဲ့ ရတနာတစ်ခုပဲ။ အဲဒီပုလဲလုံးထဲမှာ ဖရိုဖရဲအငွေ့အသက်တွေ ထိန်းသိမ်းထားတယ်။ အလွန်လေးလံတဲ့ သူ့ရဲ့အလေးချိန်ကြောင့် သူက ပင်လယ်ထဲမှာရှိတဲ့ လှိုင်းလုံးအများစုကို တည်ငြိမ်စေနိုင်တယ်။ ဒါကြောင့် သူ့ရဲ့နာမည်ကို သမုဒ္ဒရာအုပ်စိုးခြင်းပုလဲလုံးလို့ နာမည်ပေးထားကြတာ။ အဲဒီအရာက နတ်ဘုရားလက်နက်ထုဆစ်ဖို့ ပင်မပစ္စည်းအဖြစ် အသုံးပြုနိုင်တယ်။ အဲဒီအရာကို လျှို့ဝှက်ရတနာအဖြစ်လည်း အသုံးပြုလို့ရနိုင်သေးတယ်။ အဲဒီအရာနဲ့ ရန်သူကို တိုက်ခိုက်လိုက်မယ်ဆိုရင် အရောင် (၅) ရောင်ရှိနေတဲ့ အလင်းတန်းတွေက ရန်သူကို လွှမ်းမိုးသွားနိုင်ပြီး အလေးချိန်က လူသတ်ပစ်ဖို့ လုံလောက်တယ်။ ဒါပေမယ့် မရင့်ကျက်သေးတဲ့ အခြေအနေကြောင့် ဒီပုလဲလုံးက လျှို့ဝှက်ရတနာအဖြစ် အကြိမ်အနည်းငယ် သုံးပြီးသွားပြီဆိုရင် သူ့ရဲ့စွမ်းအားတွေ အကျိုးသက်ရောက်မှုတွေ ကုန်သွားလိမ့်မယ်…"

ထိုပုလဲလုံးက အကြိမ်ပေါင်း မည်မျှ အသုံးပြုနိုင်လဲဟူသည့် အချက်ကိုတော့ သူက မပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူလည်း လုံးဝ မသုံးဖူးခြင်းကြောင့် ဖြစ်သည်။ ထိုအရာက နတ်ဘုရားလက်နက် ဖန်တီးရန် ပင်မပစ္စည်းတစ်ခု ဖြစ်နေသည့်အပြင် ရှားပါးအဖိုးတန်လက်နက်တစ်ခုနှင့် ညီမျှသော မှော်ရတနာတစ်ခုလည်း ဖြစ်သည်။ ထိုအရာက မည်မျှ တန်ဖိုးရှိကြောင်း လူတိုင်းက သိနေကြ၏။

စာရင်းကိုင်နတ်ဆရာ၏ ကမ်းလှမ်းမှုက ထိုအရာကို မယှဉ်နိုင်တော့ပေ။ ဧည့်သည်များကတော့ ကျန်ရှိနေသည့် ပစ္စည်းများကိုသာ စောင့်နေကြတော့သည်။ ကမ်းလှမ်းလိုက်သည့်တန်ဖိုးက ရေတွက်ကြည့်၍ပင် မရနိုင်ပေ။ ထို့ကြောင့် တခြားသူများ၏ ခေါင်းထဲတွင် လက်လျှော့လိုက်ကြ၏။

မုန့်ချီက ထိုကမ်းလှမ်းမှုနှင့် ပတ်သက်ပြီး အတော်လေး ကျေနပ်သွားခဲ့သည်။ ခွန်အားသက်သက်ဟူသည်မှာ သူ လေ့ကျင့်ထားသော အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်၏ အားသာချက်များထဲမှ တစ်ခုဖြစ်သည်။ သန့်စင်ပုံရိပ်ယောင် ဓားမောက်သိုင်းပညာ၊ ကောင်းကင်တူညီ သမုဒ္ဒရာမွှေနှောက်ခြင်း တုတ်သိုင်း၊ သို့မဟုတ် ဘာရိုဓားသိုင်းပညာများ အားလုံးက ခွန်အားကို အဓိက အလေးထားရပြီး အဓိကအချက်ကတော့ သမုဒ္ဒရာမွှေနှောက်ခြင်း တုတ်သိုင်း ဖြစ်သည်။

သမုဒ္ဒရာအုပ်စိုးခြင်းပုလဲလုံးကတော့ ထိုစွမ်းအားများနှင့် ပတ်သက်ပြီး မုန့်ချီ လေ့ကျင့်နိုင်ရန်အတွက် အကူအညီပေးနိုင်သော အရာတစ်ခု ဖြစ်သည်။ သူက တစ်နေ့နေ့တွင် သူ၏ကိုယ်ပိုင် နတ်ဘုရားလက်နက်ဖန်တီးရန် သို့မဟုတ် ထိုပုလဲလုံးကို အဆင့်မြှင့်တင်ရန်အတွက်လည်း အသုံးပြုနိုင်သည်။ ယခုတော့ ပုလဲလုံးက အနည်းဆုံး (၂) ကြိမ် (၃) ကြိမ်ခန့် အသုံးပြုနိုင်သော လျှို့ဝှက်ရတနာတစ်ခုလည်း ဖြစ်နေသေး၏။

"နောက်ထပ် ပေးမယ့်လူရှိသေးလား..."

မုန့်ချီက ခံစားချက်များကို ဖိနှိပ်ရန်ကြိုးစားပြီး နောက်တစ်ကြိမ် အော်လိုက်သည်။

"သုံး..."

နတ်ဆရာက အတော်လေးကို မျက်နှာပျက်နေခဲ့၏။ သူက သူ့ထက်ပို၍ ဈေးပေးလိုက်သော လူစိမ်းကို ကြောက်စရာကောင်းစွာ ကြည့်နေခဲ့သည်။

"နှစ်..."

နတ်ဆရာက ပင့်သက်ရှိုက်လိုက်မိပြီး သူ၏အားနည်းမှုများက နောက်တစ်ကြိမ် ပေါ်လာခဲ့၏။

ထိုဧည့်သည်များအားလုံးက ကျန်းကလန်၏မျိုးနွယ်ခေါင်း ကျန်းသွမ့်ကိုကြည့်၍ သိထားကြသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် နွေးထွေးသော ခံစားမှုများ ထွက်ပေါ်လာပြီး သူ၏အသွေးအသားများ ပင်မဝိညာဉ်များက စွမ်းအင်ပြည့်နှက်လာခဲ့၏။ သူက ပြန်လည်ရှင်သန်လာသလို ခံစားနေရသည်။

အကယ်၍ လေလံသမားကသာ သူ့အပေါ် စေတနာမထားခဲ့လျှင် သူက အင်မော်တယ်ဆေးရည်ကို ရရှိရန် မဖြစ်နိုင်ပေ။ အင်မော်တယ်ဆေးရည်မရှိလျှင် သူက တခြားအာနိသင်နည်းပါးသော ဆေးရည်များကိုသာ ကြိုးစားရမည် ဖြစ်သည်။

"ဒါပေမဲ့ ဒီလိုကံတရားမျိုးက ဘယ်နေရာကနေရောက်လာတာလဲ…"

"တစ် … အပေးအယူဖြစ်ပြီ…"

မုန့်ချီက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ မည်သည့်ပြဿနာမျှ မဖြစ်သည့်အတွက် သူလည်း အတော်လေး ဝမ်းသာနေခဲ့သည်။

လူစိမ်းက ရှေ့ကိုလျှောက်လာပြီး စင်မြင့်၏ရှေ့တွင် ရပ်လိုက်၏။ သူက ရှားပါးတွင်းထွက်ပစ္စည်း (၁၃) မျိုးကို ထုတ်လိုက်သည်။ ထို့နောက် အပြာရောင် အလင်းတန်းများ တောက်ပနေသည့် အပ်ငယ်လေးတစ်ခုကို ထုတ်လိုက်၏။ နောက်ဆုံးတွင်တော့ သူ၏လေဟာနယ် လက်စွပ်ထဲမှနေ၍ အနက်ရောင် သေတ္တာလေးတစ်ခုကို ထုတ်လိုက်သည်။

သူ့လက်ထဲတွင် ထိုသေတ္တာ ပေါ်လာသည့်အချိန်၌ သူ၏ပတ်ပတ်လည်တွင် ရှိနေသော လေဟာနယ်က အက်ကွဲသွားပြီး အလေးချိန်ကို မခံနိုင်သလို ထင်မှတ်ရသည်။ သိုင်းသခင်တစ်ယောက်၏ အစွမ်းနှင့်ပင် လူစိမ်းက ကုန်းပတ်ပေါ်တွင် အနည်းငယ် ကျွံကျသွားသလို ဖြစ်သွားခဲ့၏။ သူက ထိုသေတ္တာကို လေလံပွဲ ကျင်းပသူဆီသို့ ခက်ခက်ခဲခဲ ပေးလိုက်ရသည်။

မုန့်ချီက ရန်ဝူဝိုကို လှည့်ကြည့်လိုက်ပြီး သူ၏စွမ်းအား အနည်းငယ်ကို ယူသုံးလိုက်သည်။ လက် (၂) ဖက်နှင့် ကိုင်လိုက်ပြီး မုန့်ချီက လူစိမ်းဆီမှ သေတ္တာကို ယူလိုက်၏။ ထိုအရာက အလွန်လေးလံလွန်းသောကြောင့် သူလည်း အံ့သြသွားခဲ့သည်။

လက်ထဲတွင် ရုတ်တရက် ရောက်လာသော အလေးချိန်ကြောင့် သူက တုန်ခါသွားခဲ့ပြီး ထိုအရာကို လွတ်ကျလုမတတ် ဖြစ်သွားခဲ့သည်။

"ဒီသေတ္တာတစ်ခုတည်းကပဲ တော်တော်ကြီးကို လေးတာပဲ။ ပုလဲလုံးဆီကနေ စိမ့်ထွက်လာတဲ့ ဖရိုဖရဲအငွေ့အသက်တွေက ကမ္ဘာမြေကြီးရဲ့စွမ်းအားတွေကို သယ်ဆောင်ဖို့အတွက် လုံလောက်တယ်…"

မုန့်ချီက သေတ္တာကို ဖွင့်ကြည့်လိုက်သည်။ သေတ္တာ၏အဖုံးကို ဖွင့်လိုက်သည့်အချိန်တွင် လက်မအရွယ်အစားခန့်ရှိသော ပုလဲလုံးလေးတစ်လုံး ပေါ်လာခဲ့၏။ ထိုပုလဲလုံးလေးက အရောင်ပေါင်းစုံ တောက်ပနေပြီး ကိုယ်ပိုင်ကမ္ဘာကြီးတစ်ခု ရှိနေသည့်အလား အလင်းရောင်များ ထွက်ပေါ်လာခဲ့၏။

သူက အင်္ကျီလက်ထဲသို့ ပြန်မရုပ်သိမ်းခင် လူစိမ်း၏လက်က ပုလဲလုံး၏ အလင်းရောင်ကို ဖမ်းအုပ်ထားလိုက်သည်။ သူက လျှို့ဝှက်ကျင့်စဉ်ကိုသုံးပြီး သူ၏ပုံစံကို ရုပ်ဖျက်ထားလိုက်၏။ ထိုလူစိမ်း၏လက်တွင် လက်တစ်ချောင်း လိုနေကြောင်း မုန့်ချီက မြင်လိုက်ရသည်။ ပြတ်နေသော လက်ချောင်းနေရာက အပြာရောင် ဖြစ်နေခဲ့၏။

လူစိမ်းက လက်ကို အင်္ကျီအိတ်ထဲသို့ လျင်မြန်စွာ ဆွဲယူလိုက်သည်။ မုန့်ချီက ထိုအရာကို အလေးထားနေခြင်း မရှိသော်လည်း လူအုပ်ကြီးထဲတွင် ရှိနေသော လူတစ်ယောက်က ထိုပုလဲလုံးကို စိတ်ဝင်စားနေခဲ့၏။ ထိုအရာက အစစ်အမှန် သမုဒ္ဒရာအုပ်စိုးခြင်းပုလဲလုံးနှင့် တူညီနေသော ရတနာတစ်ခု ဖြစ်သည်။ သို့သော် ပြည့်ပြည့်ဝဝ ဖြစ်ပေါ်လညခြင်း မရှိသေးပေ။

ထိုအရာကို လေ့လာပြီးနောက် မုန့်ချီက တိတ်တဆိတ် တွေးမိခဲ့၏။ သူက ပုလဲလုံးကို သိမ်းလိုက်ပြီး အရှေ့ဝင်ရိုး အင်မော်တယ်ဆေးရည်ကို လူစိမ်း၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

သူ့ရှေ့တွင် ရှိနေသော ကျန်းကလန်မှ မျိုးနွယ်ခေါင်းဆောင်ကဲ့သို့ ထိုလူကလည်း ဆေးရည်ကို ချက်ချင်း သောက်လိုက်၏။ သို့သော် သူကတော့ မျက်နှာဖုံးကို ထိန်းသိမ်းထားပြီး သူ၏ရုပ်ရည် ပေါ်မလာစေရန် အကောင်းဆုံး ကြိုးစားနေခဲ့သည်။

ထို့နောက် လေလံပွဲကို ဆက်လက်ကျင်းပခဲ့ပြီး အရှေ့ဝင်ရိုး အင်မော်တယ်ဆေးရည်ထက် အာနိသင် နိမ့်ကျသော ကံကြမ္မာခံနိုင်ရည်ဆေးလုံးကဲ့သို့ အရာမျိုးကို လေလံတင်နေခဲ့သည်။

ပစ္စည်းအလုံအလောက် ရှိသည့်အတွက် ဧည့်သည်တိုင်းက တစ်စုံတစ်ခုကို ဝယ်ယူနိုင်ကြ၏။ ထို့ကြောင့် သူတို့အချင်းချင်း မကျေမနပ်ဖြစ်နေခြင်းကို ကာကွယ်နိုင်သည်။

လေလံပွဲ ပြီးဆုံးသွားသည့်အချိန်တွင် ဧည့်သည်များက လျင်မြန်စွာ ထွက်ခွာသွားကြ၏။ မည်သူကမျှ သူတို့အကြောင်းကို လူမသိစေချင်ကြပေ။ စက္ကန့်ပိုင်းလေးအတွင်း လူတိုင်းထွက်သွားပြီး မုန့်ချီနှင့် ရန်ဝူဝိုတို့သာ ကျန်နေတော့၏။

"ငါတို့ အရင်ဆုံးအနားယူကြမယ်။ နောက်ပိုင်းကျမှပဲ ငါက ဝေစုကို ယူတော့မယ်.."

ရန်ဝူဝိုက မုန့်ချီကို စိတ်ဝိညာဉ်သိစိတ်နှင့် ပြောလိုက်သည်။

အင်မော်တယ် အဖွဲ့သားတစ်ယောက်ဖြစ်သော မုန့်ချီက သူ၏အကူအညီအတွက် ဆုကြေးပေးရန် တာဝန်ရှိသည်။ မုန့်ချီက ခေါင်းညိတ်ပြီး လှည့်သွားရန် ပြင်လိုက်၏။

ရန်ဝူဝိုက သူ့ကို ရုတ်တရက် တားလိုက်သည်။

"ရွမ်ကလန်က တတိယသခင်လေးက အစောပိုင်းမှာ ငါ့ကိုလှမ်းပြောခဲ့တယ်။ သူက ဒုတိယမြောက် အင်မော်တယ်ဆေးရည်ဝယ်သွားတဲ့ လူစိမ်းအကြောင်းကို မေးနေတယ်…"

"ရွမ်ကလန်က တတိယသခင်လေးလား…"

ရွမ်ကလန်က အင်မော်တယ်ဆေးရည်ကို စိတ်ဝင်စားနေသည့်အတွက် မုန့်ချီက ဇဝေဇဝါ ဖြစ်နေခဲ့သည်။

"ရွမ်ကလန်မှာ အင်မော်တယ်ဆေးရည် ရှိနေလောက်ပါတယ်.."

"ဟုတ်တယ်...။ သူ မေးတဲ့ပုံစံက တစ်ခုခုတော့ ထူးခြားနေတယ်…"

ရန်ဝူဝိုက ပြောလိုက်သည်။

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိ၏။

"ဆရာကြီးကရော ဒုတိယမြောက် အင်မော်တယ်ဆေးရည်ဝယ်သွားတဲ့ လက်(၉)ချောင်းနဲ့လူကိုသိလား…"

ဧည့်သည်များ၏ အဆင့်အတန်းကို မုန့်ချီနှင့် ရန်ဝူဝိုတို့သာ သိနေသည်။ သူတို့က တစ်ကြိမ်အသုံးပြုနိုင်သော မျက်နှာဖုံးများ၊ ဝတ်ရုံကြီးများကို သံသရာအရှင်သခင်ဆီတွင် လဲလှယ်ထားခဲ့၏။ သူတို့က ထိုအရာများအတွက် ကံကြမ္မာအမှတ် (၄၀၀၀) ခန့်ကုန်ခဲ့ပြီး ထိုအရာများကို ပြည့်စုံခြင်းဂိုဏ်းမှ ပစ္စည်းများ ရောင်းချသည့် အကျိုးအမြတ်များထဲမှ နှုတ်ယူထားခဲ့သည်။

တစ်ဖက်တွင်တော့ ရန်ဝူဝိုက လက် (၉) ချောင်းနှင့်လူ၏ အဆင့်အတန်းကို ပြောမပြခဲ့ပေ။ သူက ရောက်လာသည့်အချိန်ကပင် သူ့ကိုယ်သူ ဖုံးကွယ်ထားခြင်း ဖြစ်သည်။

"ငါတို့ပို့လိုက်တဲ့ ဖိတ်ကြားစာက အရှေ့ပင်လယ်မှာရှိတဲ့ နတ်သမီး (၃)သွယ်ကျွန်းဆီကိုပဲ ပို့လိုက်တယ်။ ဒါပေမယ့် သူက နတ်သမီး (၃) သွယ်ကျွန်းက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် မဟုတ်ဘူး။ သူတို့ရဲ့ သဘောတူညီမှုအတိုင်း စီစဉ်ထားတဲ့လူတစ်ယောက်ပဲ ဖြစ်မယ်။ ဒါကြောင့် ငါက အစောပိုင်းမှာ သူ့ရဲ့ရုပ်ရည်ကို သေချာမသိလိုက်ဘူး.."

ရန်ဝူဝိုက တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

"ဒါဆိုရင် ရန်ဝူဝို ကိုယ်တိုင်တောင် သူ့ရဲ့နောက်ကြောင်းကို မသိဘူးပေါ့.."

သူတို့က အချိန်ကြာမြင့်စွာ ဆက်နေလျှင် ပြဿနာတက်နိုင်ကြောင်း နားလည်နေသည့်အတွက် မုန့်ချီနှင့် ရန်ဝူဝိုတို့က စကားအနည်းငယ်ပြောပြီး မတူညီသော အရပ်မျက်နှာသို့ ထွက်ခွာသွားကြသည်။

သူတို့က အဝေးမိုးကုတ်စက်ဝိုင်း၌ ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည့်အချိန်တွင် လှေအောက်၌ ရှိနေသော ပင်လယ်ကြီးက လှုပ်ရှားသွားခဲ့၏။ အတွင်းထဲမှနေ၍ အနက်ရောင်လူရိပ်တစ်ခု ထွက်လာခဲ့၏။ သူ့ပုံစံက အားနည်းနေပုံ ရသည်။

"လော်အဖွဲ့အစည်းက စာရင်းကိုင်နတ်ဆရာ..."

သူက အေးစက်သော မျက်လုံးများနှင့် မုန့်ချီ ထွက်သွားသည့်နေရာကို ကြည့်နေခဲ့၏။

"သက်တမ်းရှည်ဆေးရည်တွေက တန်ကြေးရှိတယ်။ ဒါပေမဲ့ အဲဒီဆေးရည်တွေရဲ့ အရင်းအမြစ်ကို ရှာတွေ့ဖို့က ပိုပြီးအရေးကြီးတယ်။ ငါက လျှို့ဝှက်ကျင့်စဉ်ကိုသုံးပြီး မင်းကို ခြေရာခံနေမှတော့ မင်းက ဘယ်နေရာကိုပြေးမလဲ ကြည့်ကြသေးတာပေါ့.."

သူက လျှို့ဝှက်မန္တန်တစ်ခုသုံးထားပြီး မုန့်ချီ၏နောက်မှ လိုက်သွားခဲ့သည်။ မလှမ်းမကမ်းတွင်လည်း အလားတူ ရည်ရွယ်ချက်ရှိနေသော လူစိမ်းများ ရှိနေကြ၏။ နတ်ဆရာက ခဏကြာ ပျံသန်းသွားခဲ့ပြီး ရုတ်တရက် ထိတ်လန့်သွားခဲ့၏။ သူကတော့ မယုံကြည်နိုင်သလို ဖြစ်နေခဲ့သည်။

"ပျောက်သွားတာလား...။ သူ ပျောက်သွားပြီ…"

သူ၏လျှို့ဝှက်ကျင့်စဉ် သုံးထားသော်လည်း လေလံပွဲ၏အရှင်သခင်က ပျောက်ကွယ်သွားနိုင်သည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ.."

……………

ထိုအချိန်တွင် တောင်တန်းကြီးများနှင့် မြက်ပင်များ ပြည့်နှက်နေသော မြင်ကွင်းတစ်ခုက မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။ အဝေးတွင် ရှိနေသော ရှေးဟောင်းကျောင်းဆောင်၏ မလှမ်းမကမ်းသို့ ရောက်နိုင်သော လမ်းကြောင်းလေးတစ်ခုလည်း ပေါ်နေခဲ့၏။

မုန့်ချီက လက်အုပ်ချီ၍ အပြုံးနှင့် ပြောလိုက်သည်။

"ဗောဓိတဗ္ပ …

ကျွန်တော်က ဗုဒ္ဓလက်ဝါးပင်မလမ်းညွှန်ချက်ကို နောက်တစ်ကြိမ် လေ့လာဖို့ ရောက်လာပါပြီ…"

Translated by Hein Htet.

All Chapters