အခန်း (၅၈၃)
Vol. 39 Ch. 583
ရှေးဟောင်းကျောင်းဆောင်ကြီး၏ ရှေ့တွင် ရှိနေသော ညှိုးခြောက်နေသည့် ဗောဓိသစ်ပင် တစ်ပင်အောက်တွင် မုန့်ချီက ထိုင်နေပြီး ဗုဒ္ဓ၏စကားလုံးများကို နားလည်အောင် အကောင်းဆုံး ကြိုးစားနေခဲ့၏။
အချိန်တော်တော်ကြာပြီးနောက် သူက မတ်တပ်ရပ်လိုက်ပြီး တည်ငြိမ်စွာ အရိုအသေ ပေးလိုက်သည်။
“ဗောဓိတဗ္ပ…
ကျွန်တော်က နားလည်ပြီးသွားပါပြီ။ တကယ်လို့ ပြဿနာ မရှိဘူးဆိုရင် ကျွန်တော့်ကို မြစ်အရှေ့ပိုင်း မြောင်လင်အနားမှာရှိတဲ့ ထွက်ပေါက်နဲ့ ဆက်သွယ်ပေးလို့ ရမလား…” သူက တလေးတစား ပြောလိုက်သည်။
လန်ကီကျောင်းဆောင်၏ သမ္ဘောဂကာရ သန့်စင်နယ်မြေက ကမ္ဘာမြေကြီး၏ စည်းမျဉ်းတစ်ချို့နှင့် ကိုက်ညီနေသည်။ ထိုအရာက ခြေတစ်လှမ်းတည်းသာ ဖြစ်၏။ အစွမ်းထက်သော ဝင်္ကပါများ၊ အနှောင့်အယှက်များသာ မရှိသရွေ့ လန်ကီကျောင်းဆောင်က နေရာတိုင်းတွင် တံခါးတစ်ချပ် ဖွင့်နိုင်သည်။
ဗောဓိတဗ္ပက ပြန်ဖြေခဲ့ခြင်းမရှိချေ။ လမ်းကြားလေး၏ တခြားတစ်ဖက်အဆုံးတွင် လှိုင်းလုံးလေးများ ထွက်ပေါ်လာပြီး မြစ်အရှေ့ပိုင်း မြင်ကွင်းများ ပေါ်လာခဲ့သည်။ ထိုနေရာတွင် မြစ်ပြင်ကြီးကို ဖြတ်သွားနေသော တံတားငယ်လေးများလည်း ရှိနေခဲ့၏။
မုန့်ချီက ကျေးဇူးတင်စကား ပြောလိုက်ပြီး ကျောင်းဆောင်ထဲမှ ထွက်သွားလိုက်သည်။ သူ ထွက်သွားလိုက်သည့်အချိန်တွင် သူကိုယ်တိုင်ကတော့ အရှေ့ပင်လယ်၏ လှိုင်းကြည့်ကျောက်တုံး အနားတွင် ရောက်နေကြောင်း တွေ့လိုက်ရသည်။ သူက မြောင်လင်ကို ပြန်ရောက်လာခဲ့၏။
တခြားလူများက သူ့အပေါ် မည်ကဲ့သို့သော မကောင်းကြံစိတ်များ ရှိနေစေကာမူ သူ၏တည်နေရာကို မည်သူကမျှ ခြေရာခံနိုင်ခြင်း မရှိတော့ချေ။ မုန့်ချီက သတိထားသည့်အနေဖြင့် သူ၏ရုပ်ရည်ကို ပြောင်းလဲလိုက်ပြီးနောက် ကောင်းကင်ဘိုးဘေး မျက်နှာဖုံးကိုသာ ဝတ်ဆင်ထားသည်။
ထို့နောက် သူက အင်မော်တယ်စခန်းဆီသို့ ဝင်သွားလိုက်ရာ ထိုနေရာတွင် အင်မော်တယ်ထိုက်ယီက သူ့ကို စောင့်နေခဲ့သည်။ ရန်ဝူဝိုက အသေးအဖွဲ စကားများကို မပြောခဲ့ပေ။ သူက စကားအနည်းငယ်သာ ပြောခဲ့ပြီး မုန့်ချီ လေလံပွဲမှ ရရှိလာသော အကျိုးအမြတ်များ ထုတ်ယူနေသည်ကိုသာ စောင့်ကြည့်နေခဲ့သည်။
ထို့နောက် သူတို့၏ သဘောတူညီချက်အတိုင်း ရှားပါးတွင်းထွက်ပစ္စည်းများနှင့် အဖိုးတန်လက်နက်များကို ရွေးချယ်လိုက်၏။ ဖုတ်ကောင်လက်သီးက ပင်မဂိုဏ်းကြီး(၄)ဂိုဏ်း ပိုင်ဆိုင်ထားသော သိုင်းပညာ မဟုတ်သလို သမိုင်းကြောင်းကြီးကျယ်သော ကျင့်စဉ်တစ်ခုလည်း မဟုတ်ချေ။ ထိုအရာက လွန်ခဲ့သော မျိုးဆက်(၃)ဆက်တွင်မှ လူသိများလာခဲ့ခြင်း ဖြစ်သည်။
ရန်ဝူဝို၏ အရင်ခေတ်တွင် သိုင်းလောက၌ အုတ်မြစ်မရှိခဲ့ဘဲ သူ၏ မြှင့်တင်မှုကြောင့်သာ ဂုဏ်သတင်းက ပို၍ တိုးတက်လာရခြင်း ဖြစ်သည်။ သူက ထိုပစ္စည်းများနှင့် ကံကြမ္မာအမှတ်များကို မလိုအပ်နိုင်သော်လည်း သူက အလွန်ရည်မှန်းချက်ကြီးသော လူတစ်ယောက် ဖြစ်သည်။
ထို့ကြောင့် သူ့တပည့်များ ၊ လက်အောက်ငယ်သားများအတွက် ထိုအရာများကို လိုချင်နေခဲ့၏။ သူကတော့ သူ့ဂိုဏ်းကို အထက်တန်းလွှာ မိသားစုတစ်ခု၏ လက်အောက်ခံ ဖြစ်ခွင့်မပေးနိုင်ပေ။
ရန်ဝူဝိုက သူ၏ဝေစုကို ရွေးချယ်နေသည့်အချိန်တွင် မုန့်ချီက သူ၏ အကျိုးအမြတ်များကို အကြမ်းဖျင်း တွက်ကြည့်နေခဲ့သည်။ အရှေ့ဝင်ရိုး အင်မော်တယ်ဆေးရည်ကို ကျန်းကလန်၏ မျိုးနွယ်ခေါင်းဆောင်နှင့် ပထမဆုံး လဲလှယ်လိုက်သည့်အချိန်တွင် သူ လေ့ကျင့်ရန်အတွက် ရှားပါးတွင်းထွက်ပစ္စည်း(၁၃)စုံ ရရှိခဲ့သည်။
အင်မော်တယ်အဖွဲ့ထဲတွင် ပြည့်စုံခြင်းဂိုဏ်းမှ ပစ္စည်းများ၊ အမှောင်နန်းတော်မှ ပစ္စည်းများနှင့် ထိုအင်မော်တယ်ဆေးရည်ကို ရောင်းချလိုက်သည့်အရာများ ပေါင်းစပ်လိုက်မည်ဆိုလျှင် သူက အသွင်ပြောင်း(၇၂)မျိုး ကျင့်စဉ်ကို ဒုတိယကောင်းကင် ဝေ့ကျင်းအဆင့်အထိ လေ့ကျင့်နိုင်သော အရင်းအမြစ်များ ရရှိသွားပြီဖြစ်သည်။
မုန့်ချီက ထိုအရာကို စဉ်းစားမိလိုက်သည့်အချိန်တွင် သူ့ကိုယ်သူ ကျေနပ်သွားမိခဲ့၏။ သူက ပြည့်စုံခြင်းဂိုဏ်း၏ အင်မော်တယ်ဆေးရည်များ ရောင်းချရာမှ ရရှိလာသော အကျိုးအမြတ်များကို ရန်ဝူဝိုဆီသို့ ကိုယ်တိုင်ပေးခဲ့ခြင်း မရှိချေ။ ထိုအစား ရန်ဝူဝိုကိုသာ ရွေးချယ်ခွင့် ပေးခဲ့သည်။ မဟုတ်လျှင် သူတို့၏ အကျိုးအမြတ်က လုံလောက်လိမ့်မည် မဟုတ်ချေ။
အပေးအယူက ပုံမှန်ဖြစ်လာမည်ဆိုလျှင် နောက်ပိုင်းတွင် အတားအဆီးများ ဖြစ်မလာနိုင်တော့ပေ။ သူကတော့ ရိုးရိုးသားသားသာ လုပ်ဆောင်ခဲ့၏။ အမှန်အတိုင်း ပြောရလျှင်တော့ သူက မကောင်းဆိုးဝါးအိုကြီး ယွင်ဟယ်ထက် အဆပေါင်းများစွာပို၍ ကောက်ကျစ်သည်။
“ငါက အကျိုးအမြတ် တချို့ပဲ ပေးရတာပါ…”
မုန့်ချီက စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်မိသည်။
အရှေ့ဝင်ရိုး အင်မော်တယ်ဆေးရည် ဒုတိယတစ်လုံးနှင့် လဲလှယ်လိုက်သော ပစ္စည်းများကတော့ သူ၏ကျင့်စဉ်အတွက် လိုအပ်သော ရှားပါးတွင်းထွက်ပစ္စည်း (၃)စုံ၊ (၄)စုံခန့် ရရှိခဲ့သည်။ သူက ကျန်ရှိနေသော အကျိုးအမြတ်များကိုတော့ လွတ်လပ်စွာ ထိန်းချုပ်ခွင့် ရှိ၏။
“ရှားပါးတွင်းထွက်ပစ္စည်း (၁၀)စုံ..၊ စိတ်ဝိညာဉ်သတ်ဖြတ်ရေး အဆိပ်အပ်လို အဆင့်မြင့် အဖိုးတန် လက်နက်တစ်ခု၊ သမုဒ္ဒရာအုပ်စိုးခြင်းပုလဲလုံးလို့ခေါ်တဲ့ နတ်ဘုရားလက်နက် ဖန်တီးနိုင်တဲ့ ပင်မပစ္စည်းတစ်ခု…”
မုန့်ချီက အတော်လေးကို အကျိုးအမြတ် ရခဲ့သည်။
အကယ်၍ ထိုပုလဲလုံးကို သူကိုယ်တိုင် အသုံးပြုရန်အတွက် သိမ်းထားမည်ဆိုလျှင် သို့မဟုတ် နတ်ဘုရားလက်နက်တစ်ခုအဖြစ် ထုဆစ်လိုက်မည် ဆိုလျှင်ပင် ကျန်ရှိနေသော အရာများကို သံသရာသခင်ဆီ ရောင်းချလိုက်ရုံနှင့် အနည်းဆုံး ကံကြမ္မာအမှတ် (၂)သောင်းခန့် ရနိုင်သည်။
“ဒီလိုကံကြမ္မာအမှတ်တွေ ရှိနေမှတော့ လျှို့ဝှက်ရတနာတွေကလည်း အဆင်ပြေသွားပြီ…”
မုန့်ချီက တွေးလိုက်မိပြီး သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
“ရောင်းချပြီးသွားပြီဆိုရင်တော့ ငါက ငရဲအင်ပါယာရဲ့ လက်ကောက်ဝတ်အရိုးကို စုံစမ်းဖို့ ကံကြမ္မာမှတ် (၈၀၀၀) ပေးနိုင်လိမ့်မယ်။ ငါက ကျန်တဲ့အရာတွေကိုတော့ နတ်ဘုရားကမ္ဘာအတွက် ပြင်ဆင်ထားရမယ်…”
ကျန်းကလန်မျိုးနွယ် ခေါင်းဆောင်ဆီမှ ရရှိခဲ့သော ရှားပါးတွင်းထွက် ပစ္စည်း(၁၃)စုံကြောင့် မုန့်ချီက အလဲအလှယ်လုပ်ရန် အလျင်လိုနေခြင်း မရှိတော့ပေ။ သူက သံသယအရှင်သခင်ကို ကျော်လိုက်ပြီး စိတ်ဝိညာဉ်သတ်ဖြတ်ရေး အဆိပ်အပ်နှင့် တခြားပစ္စည်းများကို အင်မော်တယ်များ၏ စာရင်းထဲတွင်သာ ထည့်ထားလိုက်သည်။
အင်မော်တယ်စခန်းမှ ထွက်လာပြီးနောက် သူက မြို့ငယ်လေးတစ်မြို့ကို ရောက်လာပြီး အစိမ်းဝတ် လူငယ်လေးတစ်ယောက်အဖြစ် ပြောင်းလဲသွား၏။ သူက လမ်းမပေါ်တွင် လျှောက်သွားနေပြီး အဝါရောင်အရက်တစ်အိုးနှင့် ကြက်ကင်တစ်ကောင်ကို ဝယ်ခဲ့သည်။ ထို့နောက် ခြံဝန်းတစ်ခုကိုငှားပြီး ခြံဝန်းထဲတွင် တိတ်တဆိတ် လေ့ကျင့်နေခဲ့၏။
(၁၂)လပိုင်း ကောင်းကင်ကြီးပေါ်တွင် နှင်းများ လှုပ်ရှားနေပြီး လေလှိုင်းက အလွန်အေးစက်နေသည့်အတွက် အရိုးခိုက်မတတ် ဖြစ်ပေါ်နေခဲ့သည်။ မြစ်အရှေ့ပိုင်းတွင် ရှိနေသော ဆောင်းရာသီနှင့် အနောက်ပိုင်းနယ်မြေများက သီးခြားအအေးဓာတ်များ ရှိနေကြ၏။
မုန့်ချီက ခြံဝန်းငယ်လေးထဲတွင် အလောင်းတစ်ခုကဲ့သို့ ထိုင်နေခဲ့သည်။ သူ၏ သွေးကြောမှတ်များက ပွင့်လာပြီး ပုံရိပ်ယောင်များ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့၏။ ခြစ်ခြစ်တောက် ပူလောင်နေသော နေလုံးကြီးတစ်ခု၊ တလက်လက် တောက်ပနေသော ကြယ်မြစ်ကြီးတစ်စင်း၊ အလင်းစက်ငယ်လေးကိုပင် စုပ်ယူနိုင်သော မဟူရာတွင်းနက်ကြီးတစ်ခု၊ အဆုံးအစမဲ့ ကမ္ဘာမြေကြီးတစ်ခု၊ အနှစ်သာရများနှင့် သူတော်စင် နတ်ဘုရားများအဖြစ် ပြောင်းလဲနေသော ဖြစ်စဉ်များ၊ အနက်ရောင်မြွေကြီးများနှင့် ကောင်းကင် နတ်ဘုရားကဲ့သို့ ပုံရိပ်များပင် ပေါ်လာခဲ့သည်။
တစ်ခဏအတွင်း ထိုနေရာတွင် နတ်ဘုရားတစ်သောင်းခန့် နေထိုင်သော ကျောင်းဆောင်ကြီးတစ်ခု ဖြစ်နေသည့်အလား တည်ငြိမ်အေးချမ်းသွားခဲ့သည်။ ထိုနေရာတွင် ရှိနေသော ကမ္ဘာမြေကြီးက ပြောင်းလဲမှုများစွာ ဖြစ်ပေါ်လာသလို ထင်မှတ်ရသည်။ အလင်းရောင်များက တလက်လက် တောက်ပနေပြီး အလွန်ပျော်ရွှင်စရာကောင်းသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။ အလင်းနှင့် အရိပ်များကလည်း တလှည့်ဆီ ဖြစ်ပေါ်လာနေခဲ့၏။ ထိုမြင်ကွင်းက အလွန်ဆန်းကြယ်လွန်းလှသည့်အတွက် လူတိုင်း နားလည်ရန် ခက်ခဲနေသည်။
ပုံရိပ်ယောင်များ၏ အလယ်တွင်တော့ မုန့်ချီက တင်ပျဉ်ခွေထိုင်နေခဲ့၏။ သူ၏ကိုယ်တွင်းအင်္ဂါထဲတွင် ရှိနေသော တံခါး(၉)ပေါက်က လှုပ်ရှားနေပြီး ကောင်းကင်ပေါ်တွင် ရှိနေသော ကမ္ဘာမြေကြီးနှင့် ဆက်သွယ်ထားသလို ဖြစ်နေသည်။ ထိုပုံရိပ်ယောင်များက တစ်နေရာတည်းသို့ ပြန်ရောက်လာခဲ့သည်။
မုန့်ချီ၏မျက်ခုံးကြားထဲတွင် ရှိနေသော လျှို့ဝှက်တံခါးက သူ၏ ဦးခေါင်းဆီကို တိုက်ရိုက် ဦးတည်နေခဲ့၏။ ထိုအရာက မှေးမှိန်ပြီး ရှုပ်ထွေးနေသည့်အပြင် တင်ပျဉ်ခွေ ထိုင်နေသောသူက အရှေ့၊ အနောက်၊ အပေါ်၊ အောက် မရှိသလို ပြောပြရန်လည်း ခက်ခဲသည်။ သူက ကမ္ဘာဦးအစကို ပြန်ရောက်သွားသလို ဖြစ်နေခဲ့၏။
“ပုံသဏ္ဌာန်မဲ့ခန္ဓာကိုယ်…”
ထိုအရာက မုန့်ချီ၏ ပင်မဝိညာဉ်နေအိမ်ဖြစ်ပြီး သူ၏ အစစ်အမှန် ပုံရိပ်ယောင် ခန္ဓာ ဖြစ်သည်။ သူ၏အင်မော်တယ် ဘိုးဘေးခန္ဓာ ဖြစ်၏။ ကောင်းကင်ဘုံဖြစ်စေ သူ၏ပတ်ပတ်လည်တွင် ရှိနေသော ပုံရိပ်ယောင်များဖြစ်စေ၊ သူတို့အားလုံးကတော့ သူ၏ ပုံရိပ်ယောင်ခန္ဓာကိုယ်ထဲတွင် ရှိနေသော အနှစ်သာရများဆီမှ ထွက်ပေါ်လာခြင်းသာ ဖြစ်သည်။
မုန့်ချီက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် သူ၏ မျက်လုံးများက ကြည်လင်တောက်ပနေပြီး ခံစားချက်များကို ဖတ်ကြည့်ရန် လုံးဝ မဖြစ်နိုင်ပေ။ သူ၏ မျက်လုံးများက အလွန်ကျယ်ပြန့်လွန်းလှပြီး နက်ရှိုင်းသည့် ပင်လယ်ကြီးကဲ့သို့ ဖြစ်နေသည်။ ရှေးအချိန်ကတည်းက သက်ရှိများ၏ ဘဝဖြစ်စဉ်ကို နားလည်နေသလို ထင်မှတ်ရ၏။
ပုံရိပ်ယောင်များက ချက်ချင်းပင် မူလအခြေအနေကို ပြန်ရောက်သွားခဲ့သည်။ ကြည်လင်နေသော လေဟာနယ်ကလည်း အက်ကွဲသွားတော့မည့်အစား စတင်လှုပ်ရှားလာခဲ့၏။ မုန့်ချီက ထိုအရာကို ကြိုတင်ကာကွယ်ရန်အတွက် ဝင်္ကပါတစ်ခု ဖန်တီးထားခဲ့ခြင်းသာ မရှိလျှင် ထိုဖြစ်စဉ်က မြို့တစ်မြို့လုံးကို လွှမ်းခြုံသွားနိုင်၏။
တခဏအတွင်း မုန့်ချီ၏ မျက်လုံးများက ပုံမှန်ပြန်ဖြစ်သွားသည်။ သူ၏ အငွေ့အသက်များကလည်း တည်ငြိမ်သွားခဲ့ပြီး နေရာအနှံ့တွင် သာမန်အနှစ်သာရများကိုသာ တွေ့မြင်ရ၏။
“ငါက တတိယကောင်းကင် ဝေ့ကျင်းအဆင့်ကို ရောက်သွားပြီ။ ငါ့ရဲ့သွေးကြောအမှတ်တွေအားလုံးကိုလည်း ခန္ဓာကိုယ်ထဲမှာ စုစည်းနိုင်ခဲ့ပြီ..”
မုန့်ချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။
နောက်ဆုံးတွင်တော့ သူက အသွင်ပြောင်း(၇၂)မျိုး ကျင့်စဉ်၏ ပထမ အတားအဆီးကို ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်၏။ အသွင်ပြောင်း(၇၂)မျိုး ကျင့်စဉ်ကို လေ့ကျင့်ထားသူများက မတူညီသော အနှစ်သာရများအတိုင်း သွေးကြောတစ်ခုချင်းဆီကို အာရုံစူးစိုက်ရန် လိုအပ်သည်။
ထိုကဲ့သို့ အချိန်ကုန်လွန်းလှသော ကျင့်ကြံမှုက ဝေ့ကျင့်အဆင့် ကျင့်ကြံမှုတွင် ပထမ အတားအဆီးဟု ပြော၍ရသည်။ ကယ်၍ ရှားပါးပစ္စည်းများ၏ အကူအညီသာမရှိလျှင် ထိုကျင့်စဉ်ကို သက်တမ်းကုန်သည့် အချိန်အထိ လေ့ကျင့်၍ပင် ပြီးဆုံးလိမ့်မည် မဟုတ်ချေ။
ရှေးခေတ်ကျင့်ကြံသူများကပင် ထိုစိန်ခေါ်မှုကို ပြီးဆုံးရန် အနည်းဆုံး (၁၅)နှစ်ခန့် လိုအပ်သည်။ ရှားပါးတွင်းထွက်ပစ္စည်းများကို အသုံးပြုခြင်းက ငွေကြေးပိုင်းဆိုင်ရာ အတော်လေး ဆုံးရှုံးရ၏။ မုန့်ချီက အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်ပြီး သူက ဒုတိယကောင်းကင် ဝေ့ကျင်းအဆင့် ရောက်ရန်အတွက်ပင် ကံကြမ္မာအမှတ် (၃)သောင်းခွဲနှင့် ညီမျှသော ရှားပါးတွင်းထွက်ပစ္စည်းများ အသုံးပြုခဲ့ရကြောင်း နားလည်သွားသည်။ထိုအရာက သာမန်သံသရာခရီးသွားတစ်ယောက် ဆယ်စုနှစ် တစ်ခုစာခန့် မသုံးဘဲ စုဆောင်းထားမှသာ ရရှိနိုင်သော ပမာဏ ဖြစ်၏။
“တော်တော် များတာပဲ။ ငါက ယပ်တောင်(၆)လက်ကျောင်းဆီက ဆုလာဘ်တွေ ဆက်ရနေပြီး အသုံးဝင်တဲ့ ရှားပါးတွင်းထွက်ပစ္စည်းနှစ်ခုကို လဲလို့ ရနေတာ ကံကောင်းသွားတယ်။ မဟုတ်ရင် ငါ့ဆီမှာ ကံကြမ္မာမှတ် (၂)သောင်းတောင် ကျန်မှာ မဟုတ်တော့ဘူး…”
မုန့်ချီက မတ်တပ်ရပ်လိုက်ပြီး ကြွက်သားများကို အကြောလျှော့လိုက်၏။ ထို့နောက် သူက သူ၏ကိုယ်ပိုင် အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ကို စစ်ဆေးကြည့်ရန် လေ့ကျင့်ခန်း လုပ်ကြည့်လိုက်သည်။
သူ၏လက်ရှိစွမ်းရည်နှင့် ခွန်အားအရ ယပ်တောင်(၆)လက်ကျောင်းက သူ့ကို ငွေတံဆိပ် လူဆိုးထိန်းဟူသော အဆင့်တွင် ဆက်ခိုင်းလိုခြင်း မရှိချေ။ သူတို့က သူ့ကို ကြိူက်ရာတာဝန် လုပ်ဆောင်ခွင့်ပေးထားခဲ့သည်။ ဆုလာဘ်များကလည်း သူ့လက်ထဲတွင်သာ ရှိနေသေးသည်။
တဖြည်းဖြည်းနှင့် သူက အနာဂတ်တွင် သိုင်းသခင်တစ်ယောက် ဖြစ်လာမည်ဆိုလျှင်တော့ သူနှင့် ယပ်တောင်(၆)လက်ကျောင်း၏ ကြားထဲတွင် ဆက်နွယ်မှုတချို့ သေချာပေါက် ရှိလာနိုင်၏။ ထိုအရာက ဆက်ဆံရေးပေါ် မူတည်ပြီး အနာဂတ် ပြဿနာများကို ဖယ်ရှားနိုင်သည်။
နှစ်ဝက်ခန့် ရောင်းချခဲ့ပြီးနောက် အင်မော်တယ်လမ်းကြားထဲတွင် ရှိနေသော အရာများကလည်း တဖြည်းဖြည်း အဆင်ပြေလာသည်။ ထိုအရာက ကောက်ကျစ်စဉ်းလဲသော သံသရာအရှင်သခင်ထက် ပို၍ ကောင်းမွန်၏။
နောက်ဆုံးတွင်တော့ ပစ္စည်းများ ရောင်းချမှုက လွန်ခဲ့သော ရက်ပေါင်းများစွာခန့်တွင် ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး မုန့်ချီက ပြည့်စုံခြင်းတံခါးဆီသို့ သွား၍ အင်မော်တယ်ယွင်ဟယ်နှင့် အမှောင်နန်းတော်၏လက်ထဲသို့ အကျိုးအမြတ်များ ထည့်ပေးလိုက်သည်။
ကျန်းကျိဝေက သူမ၏အလုပ်များကို ပြီးဆုံးသွားမည်ဆိုလျှင် ထိုအပေးအယူက ပြီးဆုံးသွားမည်ဟု ဆိုလိုနေသည်။ သူ့ဆီတွင် ကံကြမ္မာမှတ် (၂၀၇၀၀) ကျန်ရှိနေသေးပြီး လက်ရှိသိုင်းသခင်အဆင့်အောက်တွင် အချမ်းသာဆုံး လူတစ်ယောက်ဟု သတ်မှတ်နိုင်သည်။
ထို့ပြင် သူ့ဆီ၌ သမုဒ္ဒရာအုပ်စိုးခြင်း ပုလဲလုံးနှင့် ငရဲအင်ပါယာ၏ လက်ကောက်ဝတ် အရိုးကဲ့သို့ ပစ္စည်းများလည်း ရှိနေသည်။ အင်မော်တယ်ယွင်ဟယ်နှင့် အမှောင်နန်းတော်တို့ကလည်း အကျိုးအမြတ်များကို အလွန်သဘောကျနေကြောင်း သိသာနေကြ၏။
သူတို့က ထိုအကျိုးအမြတ်များ ကုန်ဆုံးသွားလျှင် တူညီသော အရောင်းအဝယ်များ ဆက်လုပ်ရန် စိတ်ဝင်စားကြောင်း ဖော်ပြလာကြ၏။ မုန့်ချီက အင်မော်တယ်လမ်းကြားထဲတွင် နှစ်တစ်သောင်း ချင်းဟွာဝိညာဉ်သစ်သားကို ဆုကြေးထုတ်ထားသော်လည်း ယခုအချိန်အထိ တုံ့ပြန်မှု မရသေးပေ။
ထိုအရာကို သံသရာအရှင်သခင်ဆီတွင် လဲလှယ်ခြင်းကလည်း မတန်လှပေ။ ကျန်းကျိဝေက ရှာတွေ့နိုင်ခြင်း ရှိမရှိအပေါ်သာ အရာအားလုံးက မူတည်နေတော့သည်။
လေ့ကျင့်လိုက်ပြီးနောက် မုန့်ချီက လက်ချောင်းလေးများကို လှုပ်ရှားလိုက်ပြီး အရပ်(၄)မျက်နှာကို လှည့်ကြည့်နေခဲ့၏။ လေလှိုင်းများက လျှို့ဝှက်ရတနာများစွာကို ပျက်စီးသွားစေပြီး ဝင်္ကပါကို ရပ်တန့်သွားစေခဲ့သည်။
ကြည်လင်နေသော ကောင်းကင်ကြီးက ပြန်ပေါ်လာပြီး အလွန်နွေးထွေးသော နေရောင်ခြည်က ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာခဲ့သည်။ သူက ဝင်္ကပါနှင့် ပတ်သက်သောပညာကို လေ့လာခဲ့ခြင်း မရှိသော်လည်း ဝေ့ကျင်းအဆင့်ကို ရောက်နေသည့်အတွက် ထိုအရာကို နားလည်ထားသည်။ သူက ပြောင်းလဲမှုများစွာကိုပင် လုပ်ဆောင်နိုင်စွမ်း ရှိလာခဲ့၏။
သူက သူ၏သွေးကြောမှတ်များထဲတွင် ရှိနေသော ပြောင်းလဲမှုများစွာကို အာရုံစိုက်လိုက်မည်ဆိုလျှင် ကမ္ဘာမြေကြီး၏ လှုပ်ရှားမှုများကိုပင် ဝိုးတဝါး ခံစားမိလာခဲ့သည်။ သူက ထူးခြားသောနေရာတွင် ထူးခြားသော ပစ္စည်းတစ်ခုကို ချထားပြီး ဖြစ်ပေါ်လာနိုင်သော အကျိုးသက်ရောက်မှုကိုပင် သိနေခဲ့သည်။ ထိုအရာက သူကိုယ်တိုင် လေ့လာထားခဲ့သော ရိုးရှင်းသည့် ဝင်္ကပါတစ်ခု ဖြစ်သည်။
“ငါက လေ့ကျင့်ဖို့ပဲ တစ်ချိန်လုံး အချိန်ပေးနေရတာ နှမြောဖို့ကောင်းတယ်။ တခြားအရာတွေကို လေ့လာဖို့ အချိန် မရှိခဲ့ဘူး။ ငါသာ ကောင်းမှုလုပ်တာကို အာရုံမစိုက်ဘူးဆိုရင် ငါက ဆုတောင်း(၃)မျိုး လက်သီးသိုင်းရဲ့ အခြေခံကိုတောင် အောင်မြင်မှာ မဟုတ်ဘူး…”
မုန့်ချီက သက်ပြင်းချလိုက်မိသည်။
လူတစ်ယောက်က လုပ်ရပ်မရှိလျှင် အကျိုးအမြတ်လည်း ရလိမ့်မည် မဟုတ်ချေ။ အထူးသဖြင့် သူက ယင်ယန်တံဆိပ်နှင့် သက်ရှိဖန်တီးခြင်း စွမ်းရည်တို့ကိုတော့ အခြေခံအားဖြင့် နားလည်လာခဲ့သည်။ သို့သော် “ငါ ၊ ထူးခြားမှုနဲ့အမှန်တရား”ဟူသော သိုင်းကွက်အပေါ် သူ၏ နားမည်မှုကတော့ ကန့်သတ်ချက်ရှိနေသည့်အတွက် အတော်လေး နှမြောစရာ ကောင်းလွန်းလှသည်။
မုန့်ချီက မြို့ငယ်လေးထဲမှ ထွက်လာပြီး အင်မော်တယ်များ၏ ဝင်ပေါက်ရှိရာကို ဦးတည်သွားခဲ့သည်။ သူက တတိယကောင်းကင် ဝေ့ကျင်းအဆင့်ကို ရောက်ရှိလာပြီးနောက် ငရဲအင်ပါယာ၏ လက်ကောက်ဝတ် အရိုးနှင့်ပတ်သက်သော လျှို့ဝှက်ဆန်းကြယ်မှုများကို ရှာဖွေရန် ကျရောက်လာပြီ ဖြစ်သည်။
သူက စိမ်းပြာကောင်းကင်နယ်မြေထဲသို့ ဝင်ရောက်လိုက်သည့်အချိန်တွင် ဘိုးဘေးဒိုမူကလည်း တခြားတစ်နေရာမှ ပျံသန်းလာကြောင်း တွေ့လိုက်ရသည်။ သူက အပြုံးနှင့် နှုတ်ဆက်စကားပြောလိုက်ပြီး အတော်တိုက်ဆိုင်ကြောင်း တွေးနေမိခဲ့၏။
ဘိုးဘေးက ခံစားချက်ကင်းမဲ့စွာ ပြန်ဖြေလိုက်သည်။
“ငါမင်းကို သေချာပေါက် ပြောရမယ့် ကိစ္စတစ်ခု ရှိတယ်။ တရားဝင်အဖွဲ့သား တွေ့ဆုံမှုက (၇)ရက် နောက်ဆုတ်သွားပြီ။ တကယ်လို့ မင်းက အချိန်အားတယ်ဆိုရင်တော့ စိမ်းပြာနန်းတော်ထဲမှာ ဝင်လာလို့ရမယ်..”
မုန့်ချီ၏ မျက်လုံးများက ဝင်းလက်သွားပြီး ချက်ချင်းပင် သဘောတူလိုက်သည်။ “ကျွန်တော်လည်း အဲဒီကို လာခဲ့မယ်…”
သူကတော့ အဆင့်မြင့်အဖွဲ့သားများ၏ အဆင့်အတန်းကို သိလိုက်ရပြီးနောက် တခြားတရားဝင် အဖွဲ့သားများကို အနည်းငယ်သာ စိတ်ဝင်စားတော့သည်။ သူ၏နာမည်ကို ခိုးယူခဲ့သော သန့်စင်မှော်အရှင်၊ တာအိုသခင်မြောင်တောင်ကတော့ ခြွင်းချက် ဖြစ်သည်။
“သူတို့က ဘယ်သူတွေ ဖြစ်မလဲ မသိဘူး…”
ဘိုးဘေးဒိုမူက မုန့်ချီကိုကြည့်ပြီး သူ၏အငွေ့အသက်များကို ခံစားမိခဲ့သည်။
“မင်းက တံခါးပေါက်တွေ အားလုံးကို စုစည်းပြီး တတိယကောင်းကင် အဆင့်ကို ရောက်သွားပြီလား…”
“ဟုတ်တယ်။ ကျွန်တော်က အခုမှပဲ အဲဒီအဆင့်ကို ရောက်ခဲ့တာပါ..”
မုန့်ချီက သူ၏ခံစားချက်များကို ဖုံးကွယ်ထားသည်။ သူက ဘိုးဘေးဒိုမူကိုပင် အံ့သြသွားစေခြင်းပေလော။
ဘိုးဘေးဒိုမူက လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ချင်းယွမ်ကတော့ ပထမကောင်းကင်နဲ့ ဒုတိယကောင်းကင် ဝေ့ကျင်းအဆင့် ကြားထဲမှာရှိတဲ့ အတားအဆီးကို ဖြတ်ကျော်ဖို့ ပစ္စည်းတွေ စုဆောင်းဖို့အတွက် (၈)နှစ်ခွဲလောက် အချိန်ပေးခဲ့ရတယ်။ အဲဒီအရာကြောင့် သူ့ရဲ့ ကျင့်စဉ် တိုးတက်မှုကလည်း တော်တော်လေးကို နှေးကွေးနေတာ။ သူက သံသရာတာဝန်တွေထဲမှာ အသက်ဆုံးရှုံးလုမတတ်ပဲ…”
သို့သော် မုန့်ချီကတော့ တူညီသော အဆင့်ကို တက်လှမ်းရန် တစ်နှစ်ခွဲသာ အချိန်ပေးခဲ့ရသည်။
“ဒါက အခွင့်ကောင်းနဲ့ ကြုံလိုက်ရလို့ပါ…”
မုန့်ချီက နှိမ့်ချ၍ ပြန်ဖြေလိုက်သည်။
အရှေ့ဝင်ရိုး အင်မော်တယ်ဆေးရည်မှ ရရှိလာသော အကျိုးအမြတ်များက ပြည့်စုံခြင်းဂိုဏ်းမှ အရောင်းအဝယ် လုပ်ပေးသည်ထက်ပင် ပို၍ များပြားသေးသည်။ သူက စကားအနည်းငယ် ပြောလိုက်ပြီးနောက် အင်မော်တယ် လမ်းကြားထဲသို့ ပျံသန်းသွားခဲ့ပြီး အလယ်တွင် ရှိနေသော ကျောက်စိမ်းတိုင်လုံး၏ရှေ့တွင် ရပ်လိုက်သည်။
ထို့နောက် သူက ငရဲအင်ပါယာ၏ လက်ကောက်ဝတ်အရိုးကို ထုတ်ယူလိုက်၏။
Translated by Hein Htet.