← Chapters

အခန်း (၅၈၅)

Vol. 39 Ch. 585

အခန်း (၅၈၅)

Vol. 39 Ch. 585

"မိုကျောင်းတော် ဟုတ်လား..."

မုန့်ချီနှင့် ကျန်းကျိဝေတို့က အချင်းချင်း ကြည့်လိုက်မိကြသည်။

သူတို့ (၂) ယောက်လုံးက ပြည့်စုံခြင်းဂိုဏ်း၏ နောက်ကွယ်တွင် ရှိနေသော အမှောင်နန်းတော်ကို ပြန်လည်စဉ်းစားမိနေကြ၏။

ထိုနန်းတော်ကြီးကို အလယ်ခေတ်တွင် ရှိနေသော ချီသူတော်စင်က တည်ထောင်ထားခြင်းဖြစ်ပြီး အလွန်လျှို့ဝှက်ဆန်းကြယ်သည့် ယန္တရား အတတ်ပညာများနှင့် ဖန်တီးထားခြင်း ဖြစ်သည်။ သူတို့က သံသရာတံခါးကို ဖွင့်လှစ်နိုင်ခြင်း မရှိသည်မှာ ကံဆိုးသွားခဲ့၏။

ရွမ်ယုရှုက မျက်မှောင်ကြုတ်လိုက်မိပြီး တစ်ယောက်တည်း တီးတိုးပြောလိုက်သည်။

"ဘက်လိုက်မှုမရှိတဲ့ ချစ်ခြင်းမေတ္တာတရား...။ ကိုယ်ကျင့်တရားကောင်းတဲ့သူတွေကို သူကောင်းပြုရမယ်။ ခြိုးခြံချွေတာပြီး အလွန်အကျွံဖြစ်တဲ့ ဘိုးဘွားယဇ်ပူဇော်မှုတွေကို လက်မခံရဘူးလား…"

ထိုစကားကို ကြားသည့်အခါ မုန့်ချီနှင့် ကျန်းကျိဝေတို့က နားလည်သွားကြသည်။ သူတို့ သိမ်းသွင်းရမည့်အရာများက စက်ယန္တရားများနှင့် ပတ်သက်နေခြင်း မရှိချေ။ ကျင့်စဉ်အရဖြစ်စေ၊ ကျင့်ကြံမှုများအရဖြစ်စေ၊ နည်းလမ်းများအရဖြစ်စေ၊ ကိစ္စမရှိတော့ပေ။

သူတို့ကတော့ ကျောင်းတော်၏ အခြေခံသတ်မှတ်ချက်များကို လိုက်နာကြစေရန် အဓိကအလေးထားရမည် ဖြစ်သည်။ အကယ်၍ ထိုအရာက ယန္တရားပညာကို လူသိများအောင် လုပ်ဆောင်ရမည်ဆိုလျှင်တော့ ပို၍လွယ်ကူသွားနိုင်သည်။ မည်သည့်ဘုရင်က သူတို့၏မြို့သူမြို့သားများကို စွမ်းရည်ပိုမိုမြင့်တက်လာစေနိုင်သော ယန္တရားပညာများ နားမလည်စေချင်ဘဲ ရှိမည်နည်း။

ထို့ပြင် တာဝန်သတ်မှတ်ချက်များနှင့် ပေါင်းစည်းလိုက်သည့်အချိန်တွင် ယခုတစ်ကြိမ် ချီသူတော်စင်၏ စည်းမျဉ်းများကို ပို့ချရမည်ဖြစ်ပြီး သူတို့က မိုကျောင်းတော်၏ စည်းမျဉ်းများကို ပို့ချနိုင်မည်ဟု ယုံကြည်လာခဲ့သည်။ ထိုအတွေးအခေါ်များက ဘက်မလိုက်သော ချစ်ခြင်းမေတ္တာအပေါ် အခြေခံထားပြီး ကမ္ဘာမြေကြီးကို အမှောင်ထုထဲမှ ကယ်တင်ပေးနိုင်သည်။

ထိုအရာကို တွေးလိုက်မိသည့်အတွက် မုန့်ချီက ပင့်သက်ရှိုက်လိုက်မိ၏။ ထိုအရာက ဘာကြောင့် တရားဥပဒေရေးရာဝါဒ ၊ စစ်မက်ရေးရာဝါဒနှင့် အတွေးအခေါ်ဝါဒများ မဖြစ်ရသနည်း။ အနည်းဆုံးတော့ ထိုအရာကို လိုက်နာသူများက တိုင်းပြည်တစ်ပြည်ကို အုပ်စိုးနိုင်ပါလိမ့်မည်။ ထိုသို့ဆိုလျှင် မင်းသားများက လုံးဝဆန့်ကျင်ကြလိမ့်မည် မဟုတ်ချေ။

ထိုအစား သူတို့က အခြေအနေကို စဉ်းစားသုံးသပ်နိုင်ကြ၏။ မည်သို့ဖြစ်စေကာမူ မိုကျောင်းတော်၏ စည်းမျဉ်းများက သူတို့အတွက် သင့်တော်နေခြင်း မရှိချေ။ ထို့ကြောင့် ဘုရင်တစ်ပါးကို အစမှအဆုံးတိုင် ကျင့်သုံးစေရန် ဖျောင်းဖျရသည်မှာ အတော်လေး ခက်ခဲနိုင်သည်။

"ဒါက နာမည်ကျောင်းတော် ဒါမှမဟုတ် လယ်ယာမြေကျောင်းတော် မဟုတ်တာ ကံကောင်းသွားတယ်။ မဟုတ်ရင် ငါတို့က (၃) လပြည့်တာနဲ့ ပစ္စည်းတွေစုပြီး ကံကြမ္မာအမှတ် (၂၅၀၀) ပေးပြီး ပြန်ထွက်လာရလိမ့်မယ်…"

မုန့်ချီက ပြန်ပြောလိုက်၏။

အလယ်ခေတ်ကမ္ဘာကြီးထဲတွင် သူတော်စင်များ တည်ထောင်ထားခဲ့သော ကျောင်းတော်များအပြင် ထူးဆန်းသော အတွေးအခေါ်များစွာ ရှိခဲ့သည်။ ထိုကဲ့သို့ အတွေးအခေါ် ရှိနေသူများက လက်ခံနိုင်စွမ်း မရှိကြဘဲ သူတို့၏အတွေးကိုလည်း တစ်ပိုင်းတစ်စသာ မှတ်တမ်းတင်ထားကြသည်။ ဥပမာအနေနှင့်ပြောရလျှင် လယ်ယာမြေကျောင်းတော် ဖြစ်သည်။

ထို့ကြောင့် မုန့်ချီက ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်သောစကားကို ကြားသည့်အချိန်တွင် ကျန်းကျိဝေက တိုးတိုးလေး ရယ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် သူမကိုယ်တိုင်ကလည်း တူညီသော ခံစားမှုကို ခံစားမိခြင်းကြောင့် ဖြစ်၏။

အဖြူရောင် ဂါဝန်ရှည်ကိုကြည့်ပြီး ရွမ်ယုရှုက တိုးတိုးလေး ပြောလိုက်သည်။

"ဟုတ်တယ်။ အဲဒါက ဗုဒ္ဓဝါဒ ဒါမှမဟုတ် တာအိုဝါဒဆိုရင်တောင် နည်းနည်းလေး အဆင်ပြေဦးမယ်…"

"ဟုတ်တယ်..”

မုန့်ချီကလည်း ခေါင်းညိတ် ထောက်ခံလိုက်သည်။ အကယ်၍ တာအိုဝါဒဆိုလျှင် သဘာဝလမ်းစဉ် စည်းမျဉ်းများက သူတို့အတွက် အင်အားဖြစ်နိုင်ရန် သိသိသာသာ ကူညီပေးနိုင်ပြီး တိုက်ပွဲတစ်ပွဲ ပြီးဆုံးသွားသည့်အချိန်တွင် စွမ်းအားများ တည်ဆောက်နိုင်အောင် ကူညီပေးနိုင်သည်။

"နေဦး..."

သူက ရုတ်တရက် မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

"ငါက တာအိုဝါဒတစ်ခုကို နားလည်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဝါဒဆိုတာကရောဘာလဲ.."

ဗုဒ္ဓဝါဒဟူသည်မှာ ကျောင်းတော်အသီးသီးနှင့် သက်ဆိုင်နေခြင်း မရှိခဲ့ချေ။

ရွမ်ယုရှုက မုန့်ချီကို မျက်လုံးဝိုင်းကြီးများနှင့် စိုက်ကြည့်လိုက်၏။

"ဗောဓိပင်အောက်မှာ ဂေါတမဗုဒ္ဓက လူတွေကို ဒုက္ခဘေးကနေ ကယ်တင်နိုင်တဲ့ နည်းလမ်းကို ပြသခဲ့တယ်လေ။ ဒါက ကမ္ဘာကြီးကိုကယ်တင်ဖို့အတွက် အပြည့်စုံဆုံးနည်းလမ်း မဟုတ်ဘူးလား။ နင်က ဗုဒ္ဓလမ်းစဉ်မှာ တော်တော် လေးလေးနက်နက် ရှိတယ်။ တကယ်လို့ ငါတို့က ဗုဒ္ဓလမ်းစဉ်ကို ရွေးချယ်လိုက်မယ်ဆိုရင်တောင် ငါတို့က နတ်ဘုရားကမ္ဘာကြီးကို ဗုဒ္ဓနယ်မြေအဖြစ် ပြောင်းလဲနိုင်လောက်တယ်…"

သူမက လှိုက်လှိုက်လှဲလှဲ ပြောနေသော်လည်း မုန့်ချီကတော့ တစ်စုံတစ်ခု လွဲမှားနေသလို ခံစားနေရသည်။

"ဘယ်သူက ဗုဒ္ဓလမ်းစဉ်မှာ နက်ရှိုင်းတာလဲ…"

ကျန်းကျိဝေက မနေနိုင်တော့ပဲ ရယ်လိုက်မိသည်။ ကျိုးဟမ်ကလည်း ရယ်ချင်စိတ်ကို ထိန်းထားသည့်အလား နှုတ်ခမ်းကို တင်းတင်းစေ့ထား၏။

သို့သော် ချီကျန်းရန်ကတော့ ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ဟုတ်တယ်။ ငါတို့ဆီမှာ ဗုဒ္ဓလက်ဝါးပင်မလမ်းညွှန်ချက်ရှိတဲ့အတွက် ဗုဒ္ဓလမ်းစဉ်မှာ တော်တော်လေး နက်ရှိုင်းနေတယ်။ ဒါကြောင့် ငါတို့က နတ်ဘုရားကမ္ဘာကြီးကို ဗုဒ္ဓနယ်မြေအဖြစ် ပြောင်းလဲနိုင်တယ်…"

"အစ်ကိုချီ …

အစ်ကိုချီတောင် ပြောင်းလဲသွားပြီပဲ…"

ထိုအချိန်တွင် မုန့်ချီက ပြောစရာစကားလုံး မရှိတော့ပေ။

သူက အားတင်း၍ပြုံးပြီး ပြောလိုက်သည်။

"ကျောင်းအသီးသီးက ဗုဒ္ဓလမ်းစဉ်ကို လိုက်နာခဲ့တာ မရှိဘူး။ ဒါနဲ့ အခုအကုန်လုံးက ဘယ်အဆင့်ကို ရောက်နေကြပြီလဲ…"

"ငါက လွန်ခဲ့တဲ့ (၃) လလောက်မှာ ပြီးပြည့်စုံတဲ့ ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်သွားပြီ။ ငါက မဟူရာဖရိုဖရဲကျင့်စဉ်ကို လေ့ကျင့်ဖို့အတွက် ကောင်းကင်သလင်းကျောက်တော့ မလဲရသေးဘူး။ ဒါပေမဲ့ ငါက ရထားတဲ့အရာတွေ ရှိနေသေးတဲ့အတွက် အရင်တစ်နှစ်လုံး အဲဒီအရာရဲ့တစ်စိတ်တစ်ပိုင်းကိုပဲ နားလည်ထားသေးတယ်.."

ချီကျန်းရန်က ယခင်တုန်းကထက်ပို၍ ဆန်းကြယ်နေသလို ထင်မှတ်ရသည်။ သူ၏ပတ်ပတ်လည်တွင် ရှိနေသော အလင်းတန်းများကလည်း အမှောင်ဘက်ခြမ်းသို့ ပြောင်းလဲလာသလို ထင်မှတ်ရသည့်အတွက် သူ့ပုံစံက ပို၍အေးစက်လာခဲ့သည်။

ဖရိုဖရဲကျင့်စဉ်၏ အဆင့် (၆) သိုင်းကွက်ဖြစ်သော မဟူရာဖရိုဖရဲသိုင်းကွက်က ပထမကောင်းကင်လှေကားကို ဖြတ်ကျော်ပြီးသည့်အချိန်မှသာ အထွဋ်အထိပ်အထိ လေ့ကျင့်နိုင်သည်။

ရွမ်ယုရှုက ပြောလိုက်၏။

"ငါက လွန်ခဲ့တဲ့ နှစ်ဝက်လောက်မှာ ပြီးပြည့်စုံတဲ့ ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်သွားပြီ။ ငါက လအနည်းငယ်အတွင်း ဝေ့ကျင်းအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်…"

သူမ၏လေသံက အလွန်တည်ငြိမ်ပြီး သူမ၏ပတ်ပတ်လည်တွင် ဗျပ်စောင်းသံတစ်ခု ပေါ်လာခဲ့သည်။ သူမ၏လက်ထဲတွင် ကိုင်ထားသော အိပ်တန်းတက် ဇာမဏီဗျပ်စောင်းက အိုဟောင်းနေသော်လည်း အဖိုးတန်လက်နက်တစ်ခု ဖြစ်ပုံရ၏။

သူမ၏စကားကို ကြားသည့်အခါ မုန့်ချီကတော့ သူ့အတွက် စိတ်မကောင်း ဖြစ်သွားသလို ခံစားနေရသည်။ အစ်ကိုချီကဲ့သို့ မဟုတ်ဘဲ သူမ၏ပါရမီနှင့် စွမ်းရည်က ဗျပ်စောင်းတွင်သာ ရှိနေသည်။ သူမက ဗျပ်စောင်းသံစဉ်များကို သင်ယူရန် အတော်လေး ကြိုးစားအားထုတ်ခဲ့ရ၏။ အချိန်ပေးလိုက်မည်ဆိုလျှင် သူမက တစ်ကြိမ်တည်းနှင့် အဆင့်မြင့်တက်သွားနိုင်သည်။ သို့သော် အဖွဲ့ကို အမီလိုက်ရန်အတွက် သူမက ပြီးပြည့်စုံသော ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရွေးချယ်လိုက်ရသည်။

မုန့်ချီက ခံစားချက်များကို ဖယ်ရှားပြီး လေးလေးနက်နက် ပြောလိုက်၏။

"ငါကတော့ တတိယကောင်းကင် ဝေ့ကျင်းအဆင့်ကို ရောက်သွားပြီ…"

ချီကျန်းရန်နှင့် တခြားသူများက သူကြုံတွေ့နေရသော အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်၏ အတားအဆီးများကို မသိကြပေ။ ထို့ကြောင့် သူတို့က ထိုအရာကို အလေးအနက်မထားကြဘဲ အလွယ်တကူ ဖြေရှင်းနိုင်သည်ဟုသာ တွေးထားကြ၏။

အဖွဲ့သားများအားလုံး၏ အတွေးထဲတွင်တော့ ကောင်းကင်ကပ်ဘေး (၄) ကြိမ် ကြုံထားရသော လူတစ်ယောက်က ကောင်းကင်လှေကားကို တက်လှမ်းသည့် အချိန်တွင်သာ အချိန်ကြာနိုင်သည်ဟု တွေးထားကြသည်။

"ငါလည်း တတိယကောင်းကင်အဆင့်ပဲ…"

ကျန်းကျိဝေကလည်း ပြောလိုက်သည်။

အထွဋ်အထိပ် ဓားသိုင်းပညာက ပထမကောင်းကင်နှင့် ဒုတိယကောင်းကင် ဝေ့ကျင်းအဆင့်တွင် အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ကဲ့သို့ ခက်ခဲနေခြင်း မရှိချေ။ ထို့ပြင် ကျန်းကျိဝေဆီ၌ အချိန်နှင့် အရင်းအမြစ် မြောက်မြားစွာ ရှိနေသည့်အတွက် သူမက မုန့်ချီထက် (၂) လ စော၍ အဆင့်တက်နိုင်ခဲ့သည်။

ကျိုးဟမ်က ပြောလိုက်၏။

"ငါကတော့ ဒုတိယကောင်းကင်အဆင့်ကို ရောက်လုနီးပါးဖြစ်နေပြီ။ ကြည့်ရတာ လူတိုင်းက ငြိမ်မနေကြဘူးပဲ.."

မုန့်ချီက ပြုံးလိုက်ပြီး စိတ်ဓာတ်ကျဖွယ် အခြေအနေကို ဖြေလျှော့ရန် ကြိုးစားလိုက်သည်။

"တာဝန်ပြီးသွားရင် ငါတို့ ဝေ့ကျင်းအဆင့်အဖွဲ့က အစစ်အမှန် အပေးအယူတစ်ခုကို လုပ်နိုင်လိမ့်မယ်.."

ကျန်းကျိဝေနှင့် မုန့်ချီတို့ကလွဲလျှင် အဆင့်ကွာဟမှုနှင့် အချိန်ကာလ ကွာဟမှုကို သူတို့က ခံစားနေကြရသည်။ ရွမ်ယုရှုကတော့ မုန့်ချီ၏ စနောက်မှုကြောင့် အိုးတိုးအန်းတန်း ခံစားနေရသည်မှာ မှန်ကန်သော ခံစားမှုတစ်ခု မဟုတ်ချေ။ ကျန်းကျိဝေကလည်း ရွမ်ယုရှုကိုပြုံးပြပြီး တူညီစွာ လုပ်ဆောင်ရန် ကြိုးစားလိုက်သည်။

"လူတိုင်းက သိုင်းလောကမှာ လှည့်ပတ်သွားလာနေကြတာ...။ ဒါကြောင့် လူတိုင်းမှာ အံ့ဩစရာဇာတ်လမ်းတွေ ရှိနေမယ်လို့ ခန့်မှန်းမိတယ်။ ဒါပေမဲ့ တာဝန်က စတော့မယ်ဆိုတော့ ငါတို့က အဲဒီအရာကိုနောက်ပိုင်းမှ အေးအေးဆေးဆွေးနွေးတာ ပိုကောင်းမယ်…"

သူတို့က တာဝန်တွင် လူတိုင်း၏အာရုံစိုက်မှုကို ဖယ်ရှားနိုင်ခြင်းက အလွန်ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်။ ထိုအချက်ကို သဲလွန်စ ရသွားသည့်အချိန်တွင် မုန့်ချီက ချက်ချင်း ပြောလိုက်၏။

"နတ်ဘုရားတွေကို ဘယ်နေရာမှ မတွေ့ရတော့ပဲ ကျောင်းတော်တွေရဲ့ အတွေးအခေါ်တွေလည်း ပျောက်ကွယ်သွားတယ်။ ဒါကြောင့် မိုကျောင်းတော်ရဲ့ အတွေးအခေါ်တွေက ဖွံ့ဖြိုးတဲ့အဆင့်တောင် မရောက်ခဲ့ဘူး။ အဲဒီအရာနဲ့ သိမ်းသွင်းဖို့ တော်တော်လေးခက်ခဲနိုင်တယ်။ ဘာလို့လဲဆိုတော့ အဲဒီအရာက နတ်ဘုရားကမ္ဘာကြီးထဲမှာရှိတဲ့ တိုင်းပြည်တွေရဲ့အခြေအနေနဲ့ မကိုက်ညီလို့ပဲ။ ဒီတော့ လျှို့ဝှက်ရတနာတွေ လဲလှယ်ခြင်းကလွဲရင် ငါတို့က ကံကြမ္မာအမှတ်အပိုတွေ ချန်ထားဖို့ လိုအပ်တယ်…"

နတ်ဘုရားကမ္ဘာကြီးက အန္တရာယ်များသည်။ ဉာဏ်အလင်းပွင့်မှုအဆင့်တွင် အလွန်ထူးဆန်းသော လျှို့ဝှက်ရတနာတစ်ခုကိုသုံးပြီး ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်ကိုပင် သတ်ပစ်နိုင်ခဲ့သည့်အတွက် မုန့်ချီတို့အဖွဲ့က မည်သူ့ကိုမျှ ကြောက်လန့်နေခြင်း မရှိချေ။ သူတို့ကိုယ်တိုင် ထိုကဲ့သို့ ထူးဆန်းသော အရာများ ကြုံတွေ့ရမှာကို စိုးရိမ်‌နေခဲ့သည့်အတွက်သာ သတိထားရမည် ဖြစ်သည်။

"ငါ့ဆီမှာ ကံကြမ္မာအမှတ် (၅၄၀၀) ရှိတယ်…"

ချီကျန်းရန်က ပြန်ဖြေလိုက်၏။

"တော်တော်များတာပဲ…"

မုန့်ချီက အလွန်အံ့ဩသွားခဲ့၏။

သို့သော် စဉ်းစားကြည့်လိုက်ပြီးနောက် ထိုအရာက ဖြစ်နိုင်ခြေရှိကြောင်း တွေးလိုက်မိသည်။ ချီကျန်းရန်က လူငယ်မှတ်တမ်း၏ ထိပ်ဆုံး (၁၀) ယောက်ထဲတွင် ရောက်ခဲ့ပြီး ပြီးပြည့်စုံသော ဝေ့ကျင်းအဆင့်ကို ရောက်ခဲ့ရသည်။ ထို့ကြောင့် သူက ဟွမ်ဟွာဓားဂိုဏ်း၏ သဘောကျမှုကို ရရှိခဲ့ပြီး ရှားပါးတွင်းထွက်ပစ္စည်းများ အပါအဝင် ပစ္စည်းများစွာကို ရရှိထားနိုင်သည်။

အရေးကြီးဆုံး အရာကတော့ သူက ဟွမ်ဟွာဓားဂိုဏ်းမှ ဝေ့ကျင်းအဆင့် ဓားသိုင်းပညာတစ်ခုကိုလည်း သင်ကြားခွင့်ရမည် ဖြစ်၏။ သူက သက်တော်ရှည် အင်မော်တယ် ဓားသိုင်းပညာ၏ စိတ်ဝိညာဉ်လွှဲပြောင်းမှုကိုပင် ရကောင်းရနိုင်သည်။

ရှောင်လင်ကျောင်းတော်မှ တပည့်များဆိုလျှင်တော့ ပင်မသိုင်းကျမ်းတစ်ခုကို လေ့ကျင့်ရန် သစ္စာဆိုရမည် ဖြစ်သည်။ သို့သော် အနည်းဆုံးတော့ ဝေ့ကျင်းအဆင့် ဓားသိုင်းပညာများက ထိုမျှအရေးပါနေခြင်း မရှိချေ။ ချီကျန်းရန်က သူ့ဂိုဏ်းတွင် ရှိနေသော ကျင့်စဉ်များကို အလွယ်တကူ လဲလှယ်နေသည့်အတွက် သူ့ဆီတွင် ကံကြမ္မာအမှတ် အမြောက်အမြား ရှိနေသင့်သည်။

ရွမ်ယုရှုက မုန့်ချီ၊ ကျန်းကျိဝေနှင့် တခြားသူများကို ကြည့်လိုက်ပြီး ပြောလိုက်၏။

"ငါက ကံကြမ္မာအမှတ် (၇၀၀၀) လောက် စုဆောင်းနိုင်ခဲ့တယ်…"

"ကံကြမ္မာအမှတ် (၇၀၀၀) လား…"

မုန့်ချီက မျက်လုံးပြူးသွားခဲ့၏။

"ဒီအစားသရဲလေးက ဒီလောက်အများကြီး ဘယ်နေရာကနေ ရလာတာလဲ။ အစ်ကိုချီ ဆီမှာ လဲစရာ ဟွမ်ဟွာဓားဂိုဏ်းက ဝေ့ကျင်းအဆင့် ဓားသိုင်းပညာတစ်ခုရှိတယ်။ အစားသရဲလေးက သူ့မိသားစုရဲ့ပစ္စည်းတွေကို ရောင်းလို့ပဲရတယ်…"

မုန့်ချီက အံ့သြနေသည်ကို ခံစားမိသည့်အခါ ရွမ်ယုရှုက ခေါင်းလေးငဲ့လိုက်မိသည်။

"ငါက ပြီးပြည့်စုံတဲ့ ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်လာပြီးတဲ့နောက် ငါ့ရဲ့ဘိုးဘွားတွေ ၊ မိဘတွေနဲ့ ဦးလေးတွေက ရှားပါးတွင်းထွက်ပစ္စည်းလို ပစ္စည်းတွေ အများကြီးပေးတယ်။ သူက တကယ့်ကို အိမ်တော်သခင်ရဲ့ တရားဝင်သမီး တစ်ယောက်ပဲ။ အထက်တန်းလွှာ မိသားစုကြီးတစ်ခုရဲ့ အချစ်တော်လေးပဲ.."

မုန့်ချီက အနည်းငယ် အားကျသွားသလို ခံစားလိုက်ရသည်။ ထိုအရာက အတိတ်တွင် သူကိုယ်တိုင် အားကျခဲ့ရသော အရာတစ်ခုလည်း ဖြစ်၏။

"တော်တော်ကောင်းတာပဲ…"

မုန့်ချီက တီးတိုးရေရွတ်လိုက်မိသည်။

"တကယ်လို့ ငါသာ စုမိသားစုကို ပြန်သွားမယ်ဆိုရင် ငါလည်း ရှားပါးတွင်းထွက်ပစ္စည်းတွေကို ရနိုင်မှာလား။ ဒါပေမဲ့ ငါက သူတို့အပေါ် အများကြီး အကြွေးတင်နေသေးတယ်…"

ကျိုးဟမ်က ချောင်းဟန့်လိုက်မိသည်။

"တကယ်လို့ ငါက မသုံးရသေးတဲ့ ရှားပါးတွင်းထွက်ပစ္စည်းတွေ လျှို့ဝှက်ရတနာတွေကို ရောင်းလိုက်မယ်ဆိုရင်တော့ ကံကြမ္မာအမှတ် (၄၀၀၀) ကျော် စုဆောင်းနိုင်တယ်…"

သူက အိမ်ရှေ့မင်းသား ဖြစ်လာပြီးနောက် အလွန်ခက်ခဲသောဘဝကို ရင်ဆိုင်နေရသည်။ သူက နေ့စဉ်ကျင့်ကြံမှုအတွက် လိုအပ်သော အရာများမှ ဖယ်ထားရမည် ဖြစ်သည့်အတွက် သူ၏ကျင့်စဉ်တိုးတက်မှုက နှေးကွေးနေသည်။

မုန့်ချီက အလေးအနက်ထားပြီး ခေါင်းညိတ်ပြလိုက်၏။

"အစ်ကိုကျိုးက လွှတ်တော်ခန်းမက လူတွေရဲ့မျက်စိအောက်မှာ ကံကြမ္မာအမှတ် (၄၀၀၀)ကျော် စုဆောင်းနိုင်တယ်။ ဒါက တော်တော်ခက်ပါတယ်…"

သူက လက်ကာပြပြီး ပြောလိုက်၏။

"စိတ်မပူပါနဲ့။ ကျွန်တော်တို့က အစ်ကို့ကို ခွဲခြားပြီး မဆက်ဆံပါဘူး…"

ကျိုးဟမ်၏ နှုတ်ခမ်းလေးက လှုပ်ရှားသွားခဲ့ပြီး မည်သို့တုံ့ပြန်ရမှန်း မသိခဲ့ပေ။ ကျန်းကျိဝေကတော့ ရယ်ချင်စိတ်ကို ထိန်းထားရန်ပင် ခက်ခဲခဲ့သည်။ သူက စနောက်ကျီစယ်မှုကြောင့် အခြေအနေက စိတ်ပျက်စရာ မကောင်းတော့ပေ။

"ငါ့မှာတော့ ကံကြမ္မာအမှတ် (၇၀၀၀) ကျော်ရှိတယ်…"

နောက်ဆုံးတွင်တော့ ကျန်းကျိဝေက ရယ်မောနေခြင်းကို ရပ်တန့်လိုက်သည်။

မုန့်ချီကတော့ ထိုအတွက်ကြောင့် အံ့သြနေခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ပြည့်စုံခြင်းဂိုဏ်းနှင့် အမှောင်နန်းတော်မှ ပစ္စည်းတချို့က သူမဆီမှတဆင့် အရောင်းအဝယ်လုပ်ခဲ့ခြင်း ဖြစ်သည်။ သူမက ဆုလာဘ်အနေနှင့် ကံကြမ္မာအမှတ် အတော်များများ ရရှိနိုင်သည်။

ထို့ပြင် သူမက တချို့ပစ္စည်းများ ၊ ဆုလာဘ်များကိုလည်း စုဆောင်းထားသည့်အတွက် သူမဆီတွင် ကံကြမ္မာအမှတ် (၇) ထောင်ကျော် ရှိနေသည်မှာ ကျိုးကြောင်းသင့်လျော်မှုရှိသည်။

လူတိုင်းက ကြည့်နေသည့်အချိန်တွင် မုန့်ချီကတော့ လည်ချောင်းရှင်းပြီး ပြောလိုက်သည်။

"ငါ့မှာတော့ ကံကြမ္မာအမှတ် (၁၀၇၀၀) ရှိတယ်…"

"ကောင်းပြီလေ…"

ရွမ်ယုရှုကတော့ အမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ အေးစက်စွာ ပြန်ဖြေလိုက်သည်။

"နင်က အံ့သြမသွားဘူးလား…"

မုန့်ချီကတော့ မယုံကြည်နိုင်သလို ဖြစ်နေခဲ့သည်။

ရွမ်ယုရှုက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။

"အရှေ့ဝင်ရိုး အင်မော်တယ်ဆေးရည်…”

“ဟား ဟား ဟား ဟား... အဲဒါက ငါဆိုတာ သိနေတာပဲ…"

မုန့်ချီက အားတင်း၍ ပြုံးလိုက်ပြီး ချက်ချင်း ခေါင်းစဉ်ပြောင်းလိုက်သည်။

"နင့်ရဲ့ဦးလေးက ဒဏ်ရာကနေ သက်သာလာပြီ။ တော်တော်ကောင်းတာပဲ…"

ရွမ်ယုရှု၏ မျက်လုံးများက အမှောင်ထဲတွင် တောက်ပနေသလို ဖြစ်သွားခဲ့သည်။

"ငါ့ဦးလေးက ချီလမ်းကြောင်း သွေဖယ်မှုကို မခံစားခဲ့ရပါဘူး။ ငါ့အဘိုးက သူ့ကို ကန့်သတ်နယ်မြေထဲ ပို့ထားတယ်ဆိုတာ သူ အမှားလုပ်မိခဲ့လို့လေ.."

"အမှားလုပ်မိခဲ့တာလား…"

မုန့်ချီက သတိလက်လွတ် မေးလိုက်မိသည်။

ရွမ်ယုရှု၏ မျက်နှာအမူအရာကတော့ တည်ငြိမ်နေ၏။

"အဲဒီအချိန်မှာ ငါက မွေးကာစပဲရှိသေးတယ်။ ငါလည်း သေချာမသိဘူး…"

မုန့်ချီက ထပ်ပြီးမမေးတော့ပေ။

"ငါတို့မှာ ကံကြမ္မာအမှတ်တွေအားလုံး ရှိနေပြီဆိုမှတော့ ငါတို့က ကံကြမ္မာအမှတ် (၂၅၀၀) ချန်ထားပြီး ကျန်တဲ့အရာတွေကို ပစ္စည်းတွေ လဲကျရင် ကောင်းမလား.."

သူ့ဆီတွင် ကံကြမ္မာအမှတ် အများဆုံးဖြစ်သည့်အတွက် သူက ထိုအကြံမျိုးပေးသည်မှာ အကောင်းဆုံး ဖြစ်သည်။

"ငါလည်း သဘောတူတယ်။ ငါက ဝေ့ကျင်းအဆင့်ကို မရောက်သေးဘူး။ ဒါကြောင့် ငါက မဟူရာဖရိုဖရဲသိုင်းကွက်ကို လဲဖို့ မလိုသေးဘူး…"

ချီကျန်းရန်က အရင်ဆုံး တုံ့ပြန်လိုက်သည်။

ကုသရေး ဆေးရည်များကိုတော့ ပြင်ဆင်ထားခဲ့သည်မှာ ကြာခဲ့ပါပြီ။ ကျန်းကျိဝေ၊ ရွမ်ယုရှုနှင့် ကျိုးဟမ်တို့ကလည်း သဘောတူလိုက်ကြ၏။ သူတို့အားလုံး စုဆောင်းလိုက်ပြီးနောက် (၅) ယောက်အဖွဲ့ဆီတွင် ကံကြမ္မာအမှတ် (၂၃၂၀၀) ရှိခဲ့သည်။

သူတို့က အသေးစိတ် ဆွေးနွေးလိုက်ပြီးနောက် မုန့်ချီတို့အဖွဲ့က လျှို့ဝှက်နတ်ဘုရားလက်နက်တစ်ခုဆီကို ရွေးချယ်လိုက်ကြသည်။ အဆုံးတွင်တော့ သူတို့က လျှို့ဝှက်ရတနာ (၄) မျိုးကို လဲလှယ်လိုက်ပြီး ကံကြမ္မာအမှတ် (၃၀၀) သာ ကျန်တော့၏။

"စိတ်ဝိညာဉ် လှုပ်ရှားခြင်းခေါင်းလောင်း…

အဖိုးတန်လက်နက်အဆင့် လျှို့ဝှက်ရတနာတစ်ခု၊ သူ့ရဲ့အသံက သိုင်းသခင်အဆင့်အောက်မှာရှိတဲ့ ပညာရှင်တွေရဲ့ စိတ်ဝိညာဉ်ကို ဖယ်ရှားနိုင်တယ်။ သိုင်းသခင်တွေကတောင် ခေါင်းထဲမှာ မူးဝေသွားသလို ခံစားရလိမ့်မယ်။ တံခါး (၉) ပေါက် ပြည့်ပြည့်ဝဝ ပွင့်နေတဲ့သူတွေက အဲဒီအရာကို တစ်ကြိမ် အသုံးပြုနိုင်တယ်။ ကံကြမ္မာအမှတ် (၆၉၀၀) တန်ကြေးရှိတယ်…”

“နတ်ဘုရားချုပ်နှောင်ခြင်းကြိုး ပုံတူ…

အဖိုးတန်လက်နက်အဆင့် လျှို့ဝှက်ရတနာတစ်ခု၊ အဲဒီအရာက သိုင်းသခင်အဆင့်အောက်မှာရှိတဲ့ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ကို စက္ကန့်အနည်းငယ်ကြာ ချုပ်နှောင်ထားနိုင်တယ်။ ဒါကြောင့် သူတို့က သူတို့ရဲ့ အထူးစွမ်းရည်တွေ ၊ ခွန်အားတွေကိုပဲ အသုံးပြုပြီး ခုခံနိုင်လိမ့်မယ်။ တံခါး (၉) ပေါက် ပွင့်နေတဲ့သူတိုင်းက အဲဒီအရာကို (၂) ကြိမ်အသုံးပြုနိုင်တယ်။ ကံကြမ္မာအမှတ် (၅၆၀၀) တန်ကြေးရှိတယ်…”

“ယုရှု တရုတ်ဇီးသီးအလံ ပုံတူ …

အဖိုးတန်လက်နက်အဆင့် လျှို့ဝှက်ရတနာတစ်ခု၊ အဲဒီအရာက ရွှေကြာပန်းတစ်ခု ထုတ်ဖော်ပေးနိုင်ပြီး ကောင်းကင် (၆) သွယ် ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ကာကွယ်ပေးနိုင်တယ်။ အဲဒီအပြင် ကောင်းကင်သိစိတ်နဲ့ လျှို့ဝှက်ရတနာတွေရဲ့ တိုက်ခိုက်မှုကိုလည်း ကာကွယ်ပေးနိုင်တယ်။ ဒီထက်ပိုပြီး အစွမ်းထက်တဲ့ တိုက်ခိုက်မှုတွေကိုတော့ တစ်ပိုင်းတစ်စပဲ ကာကွယ်နိုင်လိမ့်မယ်။ အဲဒီအရာကို (၂) ကြိမ်အသုံးပြုလို့ရနိုင်မယ်။ ကံကြမ္မာအမှတ် (၅၀၀၀) တန်ကြေးရှိမယ်…”

“သဘာဝကျောင်းဆောင် …

အဖိုးတန်လက်နက်အဆင့် လျှို့ဝှက်ရတနာတစ်ခု၊ အဲဒီအထဲမှာ စုစည်းထားတဲ့ ကောင်းကျိုးချီစွမ်းအင်တွေ ပါဝင်နေတယ်။ ဒါကြောင့် အဲဒီအရာက ပျက်စီးသွားမှာ မဟုတ်ဘူး။ အဲဒီအရာက ပုံတူတစ်ခုဖြစ်တဲ့အတွက် ကောင်းကင် (၆) သွယ် ဝေ့ကျင်းအဆင့်မှာရှိတဲ့ ပညာရှင်တစ်ယောက်ကို တစ်ကြိမ်ပဲ အသုံးပြုနိုင်တယ်။ အဲဒါက အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ (၂) ကြိမ်တိတိ ရှောင်တိမ်းနိုင်လိမ့်မယ်။ ကံကြမ္မာအမှတ် (၅၄၀၀) တန်ကြေးရှိတယ်…"

ချီကျန်းရန်နှင့် ရွမ်ယုရှုတို့က အားအနည်းဆုံး ဖြစ်သည့်အတွက် အကာအကွယ် ရတနာ (၂) ခုကို အသီးသီး ယူဆောင်ထားကြသည်။ ကျိုးဟမ်က နတ်ဘုရားချုပ်နှောင်ခြင်းကြိုး ယူထားပြီး မုန့်ချီနှင့် ကျန်းကျိဝေတို့ကတော့ သူတို့၏ ရန်သူကို တိုက်ရိုက် ရင်ဆိုင်နိုင်ကြသည်။ ထို့ကြောင့် သူတို့က လျှို့ဝှက်ရတနာများကို အသုံးပြုရန် မလိုအပ်ပေ။

မုန့်ချီက စိတ်ဝိညာဉ်လှုပ်ရှားခြင်း ခေါင်းလောင်းကို ယူဆောင်ထားသည်။ အဘယ်ကြောင့်ဆိုသော် သူက ထိုအရာတွင် အကျွမ်းကျင်ဆုံး ဖြစ်၏။ သူက ထိုလျှို့ဝှက်ရတနာနှင့် ကစားပွဲကို လုံးဝ ပြောင်းလဲနိုင်စွမ်း ရှိသည်။

အစီအစဉ်များ ချမှတ်ပြီးနောက် မုန့်ချီက လေဟာနယ်လက်စွပ်ကို သူ၏လက်အောက်ခံ အဖွဲ့အတွက် ချန်ထားပေးခဲ့သည်။ ထို့နောက် သူက ကျန်းကျိဝေ၏ စကားကိုလည်း ကြားခဲ့ရသည်။

"နင် ပြန်ရောက်လာတဲ့အချိန်ကျရင် ငါ့ကို လာရှာလှည့်။ ငါတို့က ပြည့်စုံခြင်းဂိုဏ်းနဲ့ အမှောင်နန်းတော် လိုအပ်နေတဲ့ပစ္စည်းကို အင်မော်တယ်ယွင်ဟယ်ဆီ ပေးဖို့လိုတယ်။ ဝိညာဉ်သစ်သားနဲ့ ပတ်သက်တဲ့ ခြေရာလက်ရာတော့ မတွေ့သေးဘူး…"

ထိုအချိန်တွင် အလင်းတန်းတစ်ခု တောက်ပလာပြီး မုန့်ချီတို့အဖွဲ့က သံသရာမြေကွက်၏ အလယ်မှ ပျောက်ကွယ်သွားခဲ့သည်။

………….

အပြင်ဘက်တွင် မှောင်မည်းနေပြီး အဝေးတွင်တော့ ခေါင်းလောင်းသံများ လွှမ်းခြုံနေသည့် နန်းတော်ကြီးတစ်ခု ရှိနေသည်။ ရှေးဟောင်းအဝတ်အစားများ ဝတ်ဆင်ထားသော လူ (၂) ယောက်က အချင်းချင်း မျက်နှာချင်းဆိုင် ထိုင်နေသည်မှာ အတော်လေး ကြာခဲ့ပါပြီ။

ခဏကြာပြီးနောက် မုတ်ဆိတ်တိုနှင့်လူက အပြင်ဘက်တွင် ရှိနေသော ညအမှောင်ကိုကြည့်ပြီး သက်ပြင်းချ၍ ပြောလိုက်သည်။

"တိုင်းပြည်တွေက တိုက်ပွဲဖြစ်နေကြတယ်။ ယဇ်ပူဇော်တဲ့စနစ်ကလည်း ပျက်စီးနေပြီ။ ဘုရင်တွေကတော့ နှစ်သိမ့်မှုနဲ့ တိုက်ခိုက်ဖို့ပဲ လိုချင်နေကြတယ်။ သူတို့က ဒီကမ္ဘာကြီးထဲမှာရှိတဲ့ အခက်အခဲတွေကိုတော့ မမြင်နိုင်ကြဘူး။ ကွင်းပြင်ထဲမှာ အရိုးဖြူတွေ ပြည့်နေပြီ။ သာမန်လူတွေ အများကြီးဆုံးရှုံးနေရတာကိုလည်း သူတို့က မမြင်နိုင်ကြဘူး။ ဒီလိုအိပ်မက်ဆိုးကြီးက ဘယ်အချိန်ထိ ဆက်ပြီး ရှိနေဦးမှာလဲ.."

Translated by Hein Htet.

All Chapters