← Chapters

အခန်း (၅၈၉)

Vol. 40 Ch. 589

အခန်း (၅၈၉)

Vol. 40 Ch. 589

မုန့်ချီနှင့် သူ့မိတ်ဆွေများက ကျိုးပိုင်၏ အိမ်ဝင်ပေါက်တွင် ရပ်နေသော ကျိုးရှင်းကို စိုက်ကြည့်နေကြသည်။

ကျိုးရှင်းက အလွန်တည်ငြိမ်သော အမူအရာနှင့် ပြောလိုက်၏။

"သခင်လေးစု ….

ကျွန်တော့်ရဲ့သခင်ကတော့ အမိန့်ထုတ်လိုက်ပြီ။ သခင်လေးနဲ့ သခင်လေးရဲ့ အဖော်တွေက ဒီနယ်မြေထဲကနေ ချက်ချင်း ထွက်သွားရမယ်။ တကယ်လို့ နေမဝင်ခင် ဒီမှာပဲ ရှိနေဦးမယ်ဆိုရင်တော့ အတင်းအကျပ် ဖယ်ရှားခံရလိမ့်မယ်။ အချိန်ကျလာရင်တော့ ကျွန်တော်တို့က မလေးမစားလုပ်တယ်လို့ အပြစ်မတင်ပါနဲ့…"

ပိုလီအရှင်သခင်၏ လက်အောက်တွင် ရှိနေသော ပညာရှင် တစ်ယောက်ဖြစ်သည့် ကျိုးပိုင်က အလျင်အမြန် ပြောလိုက်သည်။

"ဆရာကြီးကျိုး …

သခင်ကြီးက ဉာဏ်ပညာရှိပြီး ထူးချွန်ထက်မြက်တဲ့သူတွေကို အမြဲတမ်း သဘောကျခဲ့တာ။ ပြီးတော့ သူက အရမ်းကို ရက်ရောတယ်လေ။ ဘာလို့ သူက သခင်လေးစုနဲ့ သူ့ရဲ့အဖော်တွေကို မောင်းထုတ်ချင်ရတာလဲ။ သူတို့အားလုံးက အရမ်းကို ထူးချွန်ထက်မြက်တဲ့လူတွေပဲ…"

"သူတို့ရဲ့လမ်းစဉ်တွေက မှားနေပြီး ကျိုးကြောင်းဆီလျော်မှု မရှိဘူး။ ဒါက ကမ္ဘာကြီးရဲ့ နည်းလမ်းတွေနဲ့ ဆန့်ကျင်နေတယ်။ သူတို့က ဘာကောင်းလဲဆိုတာကို မသိနိုင်တဲ့ အရူးတွေပဲ။ သခင်ကြီးက ဒီအမိန့်ပေးလိုက်တယ်ဆိုတာ သာမန်လူတွေ အရူးလုပ်ခံနေရတာကို မမြင်ချင်လို့ပဲ…”

ကျိုးရှင်းက မျက်နှာပျက်ပျက်နှင့် ပြောလိုက်၏။

ကျိုးပိုင်က ဆက်လက်ငြင်းခုံတော့မည်ကို မြင်သည့်အခါ မုန့်ချီက လက်ကာပြလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါတို့က အခုချက်ချင်း ထွက်သွားတော့မယ်…"

ထိုရလဒ်ကို ကြိုတင်မျှော်လင့်ထားသည့်အလား သူနှင့် သူ့အဖော်များ၏ အမူအရာက ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။

ကျိုးရှင်းက ခေါင်းညိတ်ပြလိုက်၏။

"သခင်လေးစုက ဒီကမ္ဘာကြီးထဲမှာ အသက်ရှင်အောင် ဘယ်လိုနေရမလဲဆိုတာ နားလည်နေတာပဲ…"

ပိုလီအရှင်သခင်၏ အမိန့်ကို ပြောလိုက်ပြီးနောက် သူလည်း လှည့်ထွက်သွားပြီး ဝေ့ကျင်းအဆင့် ပညာရှင်ပေါင်းများစွာကို ခေါ်ဆောင်သွားခဲ့သည်။

"သခင်လေးစု …

ဘာလို့တရားမျှတမှုကို မတောင်းဆိုရတာလဲ…"

သခင်လေးစုနှင့် သူ့အဖော်များက ယဉ်ကျေးသိမ်မွေ့ရန် ထိုက်တန်ပြီး အလွန်ဉာဏ်ပညာထက်မြတ်သူများဟု ကျိုးပိုင်က တွေးထားခဲ့သည်။ ဘုရင်များ၊ အထက်တန်းလွှာ မိသားစုများကပင် သူတို့ကို အလေးတယူ ဆက်ဆံရမည်ဟု တွေးထားခဲ့သည်။ သူတို့က ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်ဟု ရှင်းပြနိုင်ခဲ့၏။ မည်သို့ဖြစ်စေကာမူ ပိုလီအရှင်သခင်က အရူးတစ်ယောက် မဟုတ်ပေ။

မုန့်ချီက ပြုံးလိုက်၏။

"သူက ငါတို့ရဲ့သင်ခန်းစာတွေအကြောင်း ကျိုးရှင်းပြောတာတွေကို နားထောင်ပြီးမှ ဒီလိုဆုံးဖြတ်ချက်ချခဲ့တာ။ ဒီတော့ သူ့ရဲ့စိတ်ထဲမှာ ဆုံးဖြတ်ပြီးသွားပြီဆိုတာ သေချာတယ်။ ပြီးတော့ သူက သူ့ရဲ့ရည်မှန်းချက်ပြည့်ဖို့အတွက် ပါရမီရှင်နည်းနည်းပဲ ခေါ်ထားခဲ့တာ။ သူ့ရဲ့အပေါ်ယံ အသွင်အပြင်အောက်မှာ သဘောထား ကျဉ်းမြောင်းမှုတွေ ရှိနေသေးတယ်။ တကယ်လို့ ငါတို့ကသာ ကိုယ့်အတွက် ကိုယ်ပြောဖို့ ကြိုးစားလိုက်မယ်ဆိုရင် ငါတို့က ကံဆိုးမှုကို လက်ယပ်ခေါ်သလို ဖြစ်သွားမှာပဲ။ ငါတို့ရဲ့လမ်းကြောင်းတွေက မတူညီမှတော့ ငါတို့က ကောင်းကောင်းနေနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ငါတို့က အခုပဲ ထွက်သွားပြီး သင့်တော်တဲ့ လက်အောက်ခံတိုင်းပြည်တစ်ခုကို သိမ်းသွင်းနိုင်မလား ရှာဖွေကြည့်ကြတာပေါ့…"

ပိုလီအရှင်သခင် ကိုယ်တိုင်က သိုင်းသခင်တစ်ယောက်ဖြစ်ပြီး ဟန်တိုင်းပြည်ထဲတွင် အဆင့်မြင့်ဆုံး အထက်တန်းလွှာ မိသားစုဝင်များထဲမှ တစ်ယောက်ဖြစ်သည်။ သူ့အနားတွင် အဆင့်မြင့်မှူးမတ်များ နည်းပါးမှု မရှိချေ။ တချို့ကတော့ သိုင်းသခင်အဆင့် ဖြစ်ကြပြီး ဝေ့ကျင်းအဆင့် အထွဋ်အထိပ်ပင် ရောက်နေနိုင်သည်။

ထိုအရာက မုန့်ချီတို့အဖွဲ့ အပြစ်ပြုနိုင်သော အဆင့်မျိုး မဟုတ်သေးပေ။ ထို့ကြောင့် သူတို့က သူ့အမိန့်ကို အခွင့်ကောင်းယူပြီး နယ်မြေထဲမှ ထွက်သွားရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။ အင်မော်တယ်များ ပေးထားသော အချက်အလက်များအရ နတ်ဘုရားကမ္ဘာကြီးထဲရှိ တိုင်းပြည်တိုင်းတွင် ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်မျှ မရှိချေ။

ဤကမ္ဘာကြီးထဲတွင် အစွမ်းထက်ဆုံး ပညာရှင်က ဓမ္မကာရတစ်ဝက်အဆင့် ဖြစ်သည်။ ထို့ပြင် လျှို့ဝှက်တာအိုဂိုဏ်းများနှင့် တိုင်းပြည်အသီးသီး၏ နောက်ကွယ်တွင်ရှိနေသော လမ်းစဉ်ဂိုဏ်းများတွင်လည်း ဓမ္မကာရအဆင့် ပညာရှင်များ နည်းပါးနေပုံရသည်။ ဘိုးဘေးလင်းပေါင်ကတော့ တစ်ယောက်မျှ မတွေ့ရသေးပေ။

သို့သော် သူတို့က အလွန်ထူးဆန်းပြီး မှော်ဆန်သော နတ်ဘုရားလက်နက်များကို ကိုင်ဆောင်ထားကြသည်။ အင်မော်တယ်များနှင့် ပတ်သက်သော သူတို့၏ ဒဏ္ဍာရီများကလည်း အဆုံးမရှိပေ။ ဘိုးဘေးလင်းပေါင်ကပင် သူတို့ကို ပေါ့သေးသေး သဘောထားရဲခြင်း မရှိချေ။

နတ်ဘုရားကမ္ဘာကြီးထဲရှိ တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ဖူးသော အစွမ်းထက် ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက် ရုတ်တရက် ပေါ်လာနိုင်ခြင်းရှိမရှိ မည်သူက အတပ်ပြောနိုင်မည်နည်း။ အတိတ်တွင် ဓမ္မကာရအဆင့်ခေါင်းဆောင် (၆) ယောက်က တိုင်းပြည်အသီးသီးတွင် အသက်ရှင်နေထိုင်ခဲ့ကြဖူးသည်။

"သခင်လေးစုရဲ့စကားက အမှန်ပဲ…"

မုတ်ဆိတ်တိုနှင့် ပိုင်စုန့်က ကျိုးပိုင်ကို လှည့်ကြည့်လိုက်သည်။

"အစ်ကိုကျိုး ၊ အစ်ကိုဝမ်နဲ့ ကျွန်တော်တို့က ပိုလီအရှင်သခင်ရဲ့လက်အောက်မှာ ခိုလှုံခွင့်ရဖို့အတွက် အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ငြင်းဆန်ခံခဲ့ရတာပဲ။ သူက ဉာဏ်ကောင်းပြီး ထူးချွန်ထက်မြက်တဲ့သူတွေကို အမှန်တကယ် မလိုချင်ဘူးဆိုတာ သိသာနေတယ်။ သူက သဘောကောင်းပြီး လူတစ်ယောက်ရဲ့နောက်ကြောင်းကို လျစ်လျူရှုထားပေမယ့် အမှန်အတိုင်းပြောရရင်တော့ မောက်မာပြီး စိတ်သဘောထားကျဉ်းမြောင်းတဲ့ လူတစ်ယောက်ပဲ။ သူက ဘယ်သူ့ကိုမှ အလေးမထားလောက်အောင် မောက်မာလွန်းတယ်…"

သူ၏စကားလုံးများကြောင့် နားထောင်နေသော ကျိုးပိုင်က အံကြိတ်လိုက်သည်။

"ငါက မိုကျောင်းတော်ရဲ့ နောက်လိုက်တစ်ယောက် ဖြစ်နေမှတော့ သခင်လေးစုရဲ့ နောက်ကိုပဲ လိုက်တော့မယ်။ ကျွန်တော်က အခုပဲသွားပြီး တခြားနောက်လိုက်တွေ အားလုံးကို စုစည်းလိုက်မယ်…"

မုန့်ချီက ခေါင်းခါပြလိုက်သည်။

"အဲဒီလိုလုပ်ဖို့မလိုဘူး။ တကယ်လို့ မင်းကသာ သူတို့တွေကို စုစည်းလိုက်မယ်ဆိုရင် သူတို့တွေကိုပဲ ထိခိုက်သွားစေလိမ့်မယ်…"

"သူတို့ကို ထိခိုက်သွားစေမှာလား…"

ကျိုးပိုင်နှင့် ဝမ်ချီတို့က ဇဝေဇဝါ ဖြစ်နေကြသည်။

"မင်းတို့အားလုံးက ခေါင်းထဲမှာ ရှုပ်ထွေးနေကြတာ။ ပိုလီအရှင်သခင်က သခင်လေးစုနဲ့ သူ့ရဲ့အပေါင်းအဖော်တွေကို တိုင်းပြည်ထဲကနေ နှင်ထုတ်လိုက်တဲ့အတွက် သူ့ရဲ့ဂုဏ်သတင်းက ပျက်စီးသွားခဲ့တယ်။ ကောက်ကျစ်တဲ့ ရည်ရွယ်ချက်မျိုးမရှိဘဲ ဒါမျိုးလုပ်မယ်လို့ မင်းတို့က ထင်နေတာလား…"

"အမှန်ပဲ…"

မုန့်ချီက ပိုင်စုန့်ကို လှည့်ကြည့်လိုက်သည်။

ထိုလူက စဉ်းစားတတ်ပြီး ကောင်းမွန်စွာ တွက်ချက်နိုင်သည်။ အကယ်၍ အတွေ့အကြုံ နည်းပါးမှုကြောင့်သာ မဟုတ်လျှင် အလွန်ကောင်းမွန်သော ဗျူဟာမှူးတစ်ယောက် ဖြစ်လာနိုင်သည်။ သူက ကျိုးပိုင်နှင့် ဝမ်ချီတို့ကဲ့သို့ သိုင်းပညာတွင် ပို၍အားသာသော လူတစ်ယောက် မဟုတ်ချေ။

နတ်ဘုရားကမ္ဘာကြီးထဲတွင် နေရာတိုင်း ချီစွမ်းအင်များ ပြည့်နေသည်။ ကောင်းကင်နှင့် လူသားကြားထဲတွင် ရှိနေသော အတားအဆီးကလည်း သူတို့၏ ကမ္ဘာကြီးထက် အဆပေါင်းများစွာ ပို၍အားနည်းပြီး ဓားအင်ပါယာနှင့် မကောင်းဆိုးဝါးဘုရင်မတို့၏ ကမ္ဘာကြီးထက်ပင် ပို၍အားနည်းသေးသည်။ ထို့ကြောင့် လူတစ်ယောက် ဝေ့ကျင်းအဆင့်ကို တက်လှမ်းနိုင်သည့် လိုအပ်ချက်က ဤနေရာတွင် မြင့်မားနေခြင်း မရှိချေ။

မုန့်ချီကတော့ ငြိမ်သက်သွားသော ကျိုးပိုင်နှင့် ဝမ်ချီတို့ကို သေချာရှင်းပြလိုက်သည်။

"ပိုလီအရှင်သခင်က ပါရမီရှင်တွေ ထူးချွန်ထက်မြက်တဲ့သူတွေကို ထောက်ခံခဲ့တဲ့အတွက် လူတိုင်းလေးစားမှုကို ခံခဲ့ရတယ်။ ဒါကြောင့် သူ့ဆီမှာ ရည်မှန်းချက်တစ်ခု ရှိတယ်ဆိုတာ ပြသနေတာပဲ။ မနေ့တုန်းက ငါတို့ရဲ့သင်ခန်းစာကို နားထောင်ပြီးသွားတဲ့အချိန်မှာ သူက ရှင်းလင်းချက်တစ်ခုတောင် မတောင်းဆိုခဲ့ဘူး။ သူက ဂုဏ်သိက္ခာအကျခံပြီး ငါတို့ကို မောင်းထုတ်ခဲ့တယ်။ ဒါကိုကြည့်ပြီး သူ့ဆီမှာ သူ့ရဲ့ရည်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ ပါရမီရှင်တွေမရှိဘူးဆိုတာ ပြောနိုင်တယ်။ သူက အပေါ်ယံမှာ ရက်ရောပေမယ့် သဘောထား ကျဉ်းမြောင်းတဲ့ စိတ်သဘောထားတွေကို ဖုံးကွယ်ထားတယ်။ ဒါကြောင့်လည်း သူက ငါတို့ကို အလွယ်တကူ အလွတ်မပေးနိုင်တာပဲ…”

“တကယ်လို့ တခြားနောက်လိုက်တွေကိုသာ ငါတို့နဲ့အတူ လိုက်သွားခွင့်ပေးလိုက်မယ်ဆိုရင် ပိုလီအရှင်သခင်က နောက်ကနေ လိုက်ပြီး တိုက်ခိုက်လိမ့်မယ်။ ဒါဆိုရင် ငါတို့က သူတို့အားလုံးကို ကာကွယ်ပေးဖို့ ခက်လိမ့်မယ်.."

ညပိုင်းဆွေးနွေးနေစဉ် အတောအတွင်း ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့က သူ့ကို အကြံပေးခဲ့သည်။ အကယ်၍ ပိုလီအရှင်သခင်ကသာ သူ၏ဂုဏ်သတင်းကို ကာကွယ်ရမည့်အစား သူတို့ကို ချက်ချင်း မောင်းထုတ်လိုက်မည်ဆိုလျှင် သူတို့ကလည်း သူ့သဘောအတိုင်း ထွက်သွားရန် စဉ်းစားထားကြ၏။

ထိုသို့ဆိုလျှင် သူ့ဆီ၌ သေချာပေါက် ကောက်ကျစ်သော ရည်ရွယ်ချက်တစ်ခု ရှိနေနိုင်သည်။ ထို့ကြောင့်လည်း မုန့်ချီက ထိုစကားများကို ပြောခဲ့ခြင်းဖြစ်၏။

ကျိုးပိုင်က ယာယီတိတ်ဆိတ်သွားခဲ့သည်။

"သခင်လေးစုပြောတာ မှန်တယ်။ ကျွန်တော်တို့က လူအများကြီးနဲ့ လှည့်ပတ်သွားနေလို့ မရဘူး…"

မုန့်ချီက ပြုံးလိုက်၏။ သူ့ပုံစံက အနည်းငယ်လေးပင် စိုးရိမ်ထိတ်လန့်နေခြင်း မရှိချေ။

"တခြားသူတွေက ဘာမှလုပ်တာ မဟုတ်ဘူး။ သူတို့က သင်ခန်းစာတွေကို လာပြီးနားထောင်ရုံပဲ လုပ်ကြတာ။ မိုကျောင်းတော်ရဲ့ နောက်လိုက်တစ်ယောက်ပဲ ဖြစ်တဲ့အတွက် သူတို့ရဲ့ မျက်လုံးထဲမှာတော့ အဲဒါက ကလေးသာသာ အဆင့်ပဲ ရှိသေးတယ်။ ငါက သူတို့ကို လက်လွှတ်ပေးလိုက်မယ်ဆိုရင် ပိုလီအရှင်သခင်က သူတို့ကို သေချာပေါက် အပြစ်တင်မှာ မဟုတ်လောက်ဘူး။ သူက သူ့ရဲ့သဘောထားကြီးမှုကို ပြသဖို့အတွက် သူတို့ကို ပိုပြီးတော့တောင် အခွင့်အရေး ပေးနိုင်သေးတယ်…”

“သူတို့က မိုကျောင်းတော်ရဲ့နောက်လိုက် ဆက်လုပ်မလုပ်ကတော့ သူတို့အပေါ်ပဲ မူတည်တယ်။ တကယ်လို့ သူတို့မှာ ဆန္ဒရှိတယ်ဆိုရင် သူတို့က ငြိမ်နေကြမှာ မဟုတ်ဘူး။ ငါတို့တွေ ပြန်ပြီး ဆက်သွယ်လာတဲ့အချိန်အထိ စောင့်နေကြလိမ့်မယ်။ တကယ်လို့ နောက်လိုက် တစ်ယောက်ဖြစ်ဖို့ ဆန္ဒရှိတဲ့သူတွေ ရှိနေရင်လည်း သူတို့က နဂိုရှိနေတဲ့ နောက်လိုက်တွေဆီကနေ ထောက်ခံမှုကို ရနိုင်လိမ့်မယ်…"

မုန့်ချီ ပြောပြီးသွားသည့်အချိန်တွင် ကျန်းကျိ‌ဝေက ကျမ်းစာတစ်ခုကို ထုတ်ပြီး ပြောလိုက်သည်။

"ဒါက မိုကျောင်းတော်ရဲ့ ဉာဏ်အလင်းပွင့်မှုအဆင့် ကျင့်စဉ်တွေပဲ။ နောက်လိုက် တစ်ယောက်ဖြစ်လာသူတိုင်းက ဒါကို ချက်ချင်းသင်ယူနိုင်ကြတယ်…"

လွန်ခဲ့သော ရက်အနည်းငယ် အတောအတွင်း မုန့်ချီနှင့် ကျန်းကျိဝေတို့က သူတို့မြင်ထားခဲ့သော ဉာဏ်အလင်းပွင့်မှုအဆင့် စွမ်းရည်များအားလုံးကို ပေါင်းစပ်ထားခဲ့သည်။ သူတို့၏ လက်ရှိအသိပညာများအရ သူတို့က ထိုကျင့်စဉ်များအားလုံးကို ပေါင်းစပ်ပြီး ဓားမောက်သိုင်းပညာ၊ ဓားရှည်သိုင်းပညာ၊ လက်ဝါးသိုင်းပညာ၊ လက်သီးသိုင်း၊ နှလုံးကျင့်စဉ်နှင့် ကိုယ်ဖော့ပညာများ အားလုံးကိုပေါင်းစပ်၍ မိုကျောင်းတော်၏ စာအုပ်အဖြစ် ပုံသွင်းနိုင်ခဲ့သည်။

ယခင် သိုင်းပညာများနှင့် ယှဉ်လိုက်မည်ဆိုလျှင် မိုကျောင်းတော်၏စာအုပ်က ချီစွမ်းအင်များကို ရှုသွင်းရှုထုတ်ရာတွင် အထူးစွမ်းဆောင်ရည် မြင့်မားနိုင်သည်။ မည်သို့ဖြစ်စေကာမူ မုန့်ချီနှင့် သူ့မိတ်ဆွေများ၏ ကမ္ဘာကြီးထဲတွင်လည်း ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ခဲ့၏။

လူတစ်ယောက်က ရိုးရှင်းစွာ လေ့ကျင့်ရုံနှင့် အဆင့်တက်နိုင်သော ရှေးအချိန်ကဲ့သို့ မဟုတ်ချေ။ ထို့ကြောင့် အလယ်ခေတ် နောက်ပိုင်းကို ရောက်လာပြီးနောက် ပညာရှင်များက အလွန်ပါးလွှာသော သဘာဝချီစွမ်းအင်များကို စုပ်ယူရန် ကြိုးစားခဲ့ရသည်။

မိုကျောင်းတော်၏ စာအုပ်ကတော့ ရှေးအချိန်တွင် တွေ့ရှိထားသော စွမ်းရည်များထက် ပို၍ပင် မြင့်မားနိုင်သည်။ ထို့ကြောင့် ရှေးဟောင်းအင်အားစုများက နောက်ပိုင်းမျိုးဆက်များထက် နိမ့်ကျနေခြင်းဟု ဆိုလိုခြင်း မဟုတ်ချေ။ သူတို့က ထိုကဲ့သို့ စွမ်းရည်များကို မလိုအပ်ခြင်းသာ ဖြစ်သည်။

သို့သော် ဉာဏ်အလင်းပွင့်မှုအဆင့် ကျင့်စဉ်များကတော့ နတ်ဘုရားကမ္ဘာကြီးထဲတွင် ရှိနေသော သိုင်းပညာရှင်များကို ပို၍လျင်မြန်လာစေနိုင်သည်။ ပထမတွင်တော့ မုန့်ချီက မိုကျောင်းတော်ကို ထူးခြားစေနိုင်သော ယန္တရားကျင့်စဉ်များကို ဖြန့်ပေးချင်ခဲ့သည်။

အကယ်၍ ထိုအရာက လုပ်ဆောင်မှုတစ်ခုဆိုလျှင်ပင် သူကတော့ ယုံကြည်မှုတစ်ခု ဖြစ်နိုင်သည်ဟု တွေးခဲ့မိ၏။ သို့သော် ယန္တရားကျင့်စဉ်နှင့် ပတ်သက်သော အသေးစိတ် အခြေအနေများကိုတော့ သူလည်း နားလည်နိုင်ခြင်း မရှိချေ။ သူက ထိုအရာကို အစားထိုးရန်အတွက် ဝေ့ကျင်းအဆင့်အောက်တွင်သာ ရှိနေသော လူအများကိုသာ ပြသပေး၍ ရနိုင်သည်။

"သူတို့က တကယ်ပဲ ကျင့်စဉ်တွေကို ပေးနေတာလား…"

ထိုသတင်းကြောင့် ကျိုးပိုင်က အတော်လေးကို ဝမ်းသာသွားခဲ့သည်။

အထက်တန်းလွှာ ပညာရှင်တစ်ယောက်က သဘောတူညီချက်မရှိဘဲ သာမန်လူတစ်ယောက်ကို သူတို့၏ကျင့်စဉ်များ လက်ကမ်းပေးနေသည်ကို သူတို့လည်း လုံးဝ မမြင်ဖူးကြပေ။ ထို့ပြင် ထိုလူများက မိုကျောင်းတော်၏ နောက်လိုက် ဆက်လုပ်သည်ဖြစ်စေ ဆက်မလုပ်သည်ဖြစ်စေ ကိစ္စမရှိဟု သခင်လေးစုက ပြောခဲ့သေးသည်။ ထိုအရာက တန်းတူညီမျှ မေတ္တာတရားဟူသောအချက်ကို ဆိုလိုနေခြင်း ဖြစ်၏။

"ဒါက မင်းတို့အားလုံးအတွက် အတူတူပဲ။ မင်းတို့တွေက ငါတို့နဲ့လိုက်မလား မလိုက်ဘူးလားဆိုတာကတော့ မင်းတို့ရဲ့သဘောပဲ။ တကယ်လို့ မင်းတို့မှာ မိသားစုရှိတယ်ဆိုရင်တော့ ဒီမှာနေခဲ့ဖို့ပဲ အကြံပေးချင်တယ်…"

မုန့်ချီက ကျိုးပိုင်နှင့် တခြားသူများကို လှည့်စားလိုခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူနှင့် သူ့အဖော်များက (၃) လပြည့်ပြီးသွားလျှင် ဤကမ္ဘာကြီးထဲမှ ထွက်သွားကြမည် ဖြစ်သည်။

"ဒီကမ္ဘာကြီးကတော့ အဆုံးမဲ့ ညကြီးတစ်ခုလိုပဲ။ တစ်ယောက်တည်း နေထိုင်ဖို့ တော်တော်လေး ခက်တယ်။ ကျွန်တော့်မှာ မိသားစုတစ်ခုရဲ့ဝန်ထုတ်ဝန်ပိုးတွေ ဘယ်လိုများ ထမ်းပိုးနိုင်မှာလဲ…"

ပိုင်စုန့်က ရင်ဘတ်ပေါ်သို့ လက်တစ်ဖက်တင်ပြီး ပြောလိုက်သည်။

“ကျွန်တော်က သခင်လေးစုရဲ့နောက်ကိုလိုက်ပြီး သခင်လေးရဲ့လမ်းညွှန်မှုတွေကို နားထောင်ချင်ပါတယ်…"

ကျိုးပိုင်နှင့် ဝမ်ချီတို့ကလည်း တူညီသောအတွေးကို ပြောလိုက်ကြသည်။

"ဒါဆိုလည်း ကောင်းတယ်…"

မုန့်ချီက သက်ပြင်းချလိုက်၏။

"တစ်နေ့ချင်းဆီ ဒီကမ္ဘာကြီးရဲ့နည်းလမ်းတွေအကြောင်း ငါသိထားသလောက် ပြောပြရတာပေါ့…"

ဒီကမ္ဘာကြီးထဲရှိ နည်းလမ်းများဟူသည်မှာ ထိုကမ္ဘာကြီးအပေါ် သူတို့၏အမြင်ကို ရည်ရွယ်နေခြင်း ဖြစ်သည်။ နည်းလမ်းများဟူသည်မှာ အတိတ်တုန်းက အရာတချို့ကို စဉ်းစားနိုင်ကြောင်းလည်း မုန့်ချီက သေချာနေခဲ့၏။

အတွေးအခေါ်ကျောင်းပေါင်းများစွာက အမှန်တရားနှင့် ပတ်သက်သော အချက်အလက်များကို ဆွေးနွေးခြင်း မရှိသည့်အပြင် ပင်မကမ္ဘာကြီးအပေါ် သူတို့၏မသမာမှုများကိုလည်း ထုတ်ဖော်ပြသခဲ့သည်။ ထို့ကြောင့် ကမ္ဘာကြီးနှင့် စကြဝဠာကြီးအပေါ် ပျက်စီးမှုများ ရှိစေခဲ့၏။

ကျောင်းတစ်ခုချင်းဆီတိုင်းတွင် သူတို့၏ကိုယ်ပိုင်အမြင်နှင့် ဘဝရပ်တည်ချက်များ ရှိကြသည်။ ထိုကဲ့သို့သော မေးခွန်းမျိုးကို မစဉ်းစားဖူးသော ပညာရှင်တစ်ယောက်က ဤကမ္ဘာကြီးထဲတွင် ကလေးတစ်ယောက်ဟု ခေါ်ခွင့်ပင် မရှိချေ။ သူတို့၏အဖြေက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ကိစ္စမရှိချေ။ မည်သို့ဖြစ်စေကာမူ အလယ်ခေတ်တွင် ရှိနေသော ကျောင်းများကပင် သူတို့၏အဖြေကသာ မှန်သည်ဟု ရဲရဲတင်းတင်း မပြောရဲခြင်းကြောင့် ဖြစ်သည်။

"သခင်လေးစုကို ကျေးဇူးအများကြီးတင်ပါတယ်…"

အသိဉာဏ်ဗဟုသုတနည်းပါးသော ဝေ့ကျင်းအဆင့်ပညာရှင် (၃) ယောက်က အလွန်ဝမ်းသာသွားကြသည်။

ကျိုးပိုင်နှင့် တခြား (၂) ယောက်က မုန့်ချီ၏ စကားများနှင့် မိုကျောင်းတော်၏ စာအုပ်ကို တိတ်တဆိတ် ဖြန့်ဝေရန် မိုကျောင်းတော်မှ တခြားနောက်လိုက်များကို သွားရောက်ရှာဖွေခဲ့ကြသည်။

ညနေစောင်းသည့်အချိန်တွင် သူတို့ (၃) ယောက်က မုန့်ချီနှင့် သူမိတ်ဆွေများကို မြို့ထဲမှ ခေါ်ထုတ်လာကြ၏။ သူတို့က မြို့အပြင်ဘက်သို့ ရောက်လာပြီးနောက် သူတို့၏မြင်းလှည်းကို စွန့်ခွာခဲ့ကြပြီး တိမ်တိုက်များထဲမှ ပျံသန်းလာကြသည်။

သူတို့က အချိန်တော်တော်ကြာ ပျံသန်းလာပြီးနောက် မုန့်ချီက သူတို့ကို ရပ်တန့်ရန် ပြောလိုက်သည်။ သူက ပိုင်စုန့်နှင့် တခြား (၂) ယောက်ကို လှည့်ပြောလိုက်၏။

"ငါတို့ အရှေ့မြောက်ဘက်ကို သွားကြမယ်…"

"သခင်လေးစု ကျွန်တော်တို့က ဟွမ်တိုင်းပြည်ကို မသွားတော့ဘူးလား…"

ပိုင်စုန့်က အံ့အားသင့်စွာ မေးလိုက်သည်။

မုန့်ချီနှင့် သူ့မိတ်ဆွေများက သတင်းအချက်အလက်များကို တစ်ချိန်လုံး စုဆောင်းနေခဲ့ပြီး ဟွမ်တိုင်းပြည်နှင့် ပတ်သက်သောအရာများကို ရယူရန် ရွေးချယ်ခဲ့သည်။ ထို့ကြောင့် သူတို့က ဟွမ်တိုင်းပြည်ကို ဦးတည်သွားပြီး ထိုနေရာတွင် သင်ခန်းစာများ ပို့ချတော့မည်ဟု ခန့်မှန်းထားခဲ့၏။

သို့သော် သူတို့က အရှေ့တောင်ဘက်တွင် ရှိနေသော ဟွမ်တိုင်းပြည်ကို မသွားတော့ပဲ ဘာကြောင့် အရှေ့မြောက်ဘက်ကို သွားခဲ့ရသနည်း။ ပိုင်စုန့်၏မေးခွန်းကြောင့် သတိပြန်ဝင်လာသော ဝမ်ချီနှင့် ကျိုးပိုင်တို့ကလည်း ဟွမ်တိုင်းပြည်ကိုသာ သွားသင့်သည်ဟု ခံစားနေရသည်။ သူတို့ကလည်း ရုတ်တရက် ပြောင်းလဲသွားသော အစီအစဉ်ကို နားမလည်နိုင်ကြပေ။

မုန့်ချီက သူတို့ကို အပြုံးနှင့် ပြောလိုက်၏။

"ငါတို့က ဟွမ်တိုင်းပြည်ကို သွားဖို့စီစဉ်နေတယ်လို့ မင်းတို့တောင် အဖြေရှာနိုင်မှတော့ ပိုလီအရှင်သခင်က မသိနိုင်ဘူးလို့ထင်နေတာလား…"

"ကျွန်တော် နားလည်ပါပြီ။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဟွမ်တိုင်းပြည်က တော်တော်လေးကောင်းတဲ့ ရွေးချယ်မှုပဲ။ တကယ်ကို နှမြောဖို့ကောင်းတယ်.."

ပိုင်စုန့်က ခေါင်းညိတ်ပြလိုက်ပြီး သူနှင့် သူ့အဖော်များ ကြိုးစားပမ်းစား စုဆောင်းခဲ့ရသည့် အချက်အလက်များ အချည်းနှီး ဖြစ်သွားခဲ့ရသည့်အတွက် ဝမ်းနည်းသွားသလို ခံစားလိုက်ရသည်။

မုန့်ချီက သူတို့ကိုကြည့်ပြီး ပြုံးလိုက်၏။

"ငါတို့ရဲ့ပတ်ဝန်းကျင် အခြေအနေနဲ့ ပတ်သက်ပြီး မင်းတို့ရဲ့ဗဟုသုတတွေအရ ပိုပြီးသင့်တော်တဲ့ ပြည်နယ်တစ်ခုကိုရှာဖို့ စိုးရိမ်စရာမလိုဘူး မဟုတ်လား…"

"ဟုတ်တယ်။ အဲဒါအမှန်ပဲ…"

ကျိုးပိုင်က စဉ်းစားမိသွားခဲ့၏။ သူ ၊ ဝမ်ချီနှင့် ပိုင်စုန့်တို့က ပတ်ပတ်လည် နယ်မြေများအပေါ် အတော်လေး နားလည်ခဲ့ကြသည်။

"ဒါဆိုရင် သတင်းစုဆောင်းတာက ပိုလီအရှင်သခင်ကို လမ်းလွှဲဖို့ပဲ ရည်ရွယ်ထားခဲ့တာပေါ့…"

မုန့်ချီနှင့် သူအဖော်များ၏အမြင်အရ ပိုလီအရှင်သခင်ကဲ့သို့သော အဆင့်မြင့် အထက်တန်းလွှာ ပညာရှင်တစ်ယောက်၏ တုံ့ပြန်မှုကို ကြိုတင်မှန်းဆမိနေပြီး မိုကျောင်းတော်၏ အတွေးအခေါ်များကို တိုးမြှင့်စေခဲ့သည်။ သူတို့က အနာဂတ်တွင် တစ်စုံတစ်ခု လုပ်ဆောင်သည့်အချိန်တိုင်း သင့်တော်သော ပစ်မှတ်ကို မည်သို့ရှာဖွေရမလဲဟူသည်နှင့် မည်သို့ဖုံးကွယ်ရမလဲဟူသည့် သဘောတရားကို နားလည်လာကြသည်။

ဟန်တိုင်းပြည်နှင့် ဟွမ်တိုင်းပြည် ကြားထဲတွင်တော့ အလွန်သိပ်သည်းသော မြူခိုးများ လွှမ်းခြုံနေသည့် တောင်တန်းကြီးတစ်ခု ရှိနေသည်။ ထိုတောင်တန်းကြီး၏ အတွင်းထဲတွင် ကြောက်မက်ဖွယ်ရာ မကောင်းဆိုးဝါးများ နည်းပါးမှု မရှိချေ။ ဝေ့ကျင်းအဆင့် ပညာရှင်များကလွဲလျှင် လူအများစုကတော့ ကြိုတင်သတ်မှတ်ထားသော လမ်းကြောင်းများအတိုင်း တောင်ကြားထဲမှ ဖြတ်သွားကြသည်။ ထိုအရာကလည်း မြေမျက်နှာသွင်ပြင်ကြောင့် ဖြစ်၏။

ဟန်တိုင်းပြည်၏ ပင်မအင်အားစုများက ချင်နှင့် ထန်တိုင်းပြည်များကို ကာကွယ်ရန် လိုအပ်နေခြင်းကြောင့်လည်း ဖြစ်သည်။ သို့သော် သေးငယ်ပြီး အားနည်းသော ဟွမ်တိုင်းပြည်ကိုတော့ ဟန်တိုင်းပြည်က အလေးထားနေခြင်း မရှိချေ။

တိမ်တိုက်များထဲတွင် လူ (၂) ယောက်က လွင့်မျောနေကြ၏။ သူတို့က တဖြည်းဖြည်း မည်းမှောင်လာသော ကောင်းကင်ကြီးကိုကြည့်ပြီး အနည်းငယ် စိတ်မရှည်နိုင် ဖြစ်လာကြ၏။

"ညီလေး …

သူတို့တွေ အခုထိ ရောက်မလာကြသေးဘူးလား…"

အရပ်ရှည်ရှည် အညိုရောင်ဝတ်စုံ ဝတ်ထားသော လူငယ်တစ်ယောက်က မေးလိုက်သည်။

ကလေးဆန်သော ဝတ်စုံ ဝတ်ဆင်ထားပြီး ခေါင်းကြီးကြီးနှင့် အနီရောင်ဝတ်စုံဝတ်ထားသော လူငယ်ကတော့ ခေါင်းခါပြလိုက်သည်။

အညိုရောင်ဝတ် ဆရာတူအစ်ကို၏ မျက်လုံးများက ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး အလင်းတန်းတစ်ခုက အဝေးလေဟာနယ်ထဲကို ထိုးဖောက်သွားခဲ့သည်။ သူ့မျက်လုံးထဲတွင်တော့ ပိုလီမြို့၏ လေထဲတွင် ရှိနေသော အခြေအနေကို မြင်လာရသည်။ သူက အဝေးကြည့် မျက်လုံးတစ်စုံ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

ခဏကြာပြီးနောက် ကလေးအရွယ် ဆရာတူညီလေးက ခုန်ချလိုက်ပြီး အံကြိတ်လိုက်၏။

"သူတို့က အရှေ့မြောက်ဘက်ကို ဦးတည်သွားနေတယ်။ တော်တော်ဉာဏ်များတာပဲ။ တကယ်လို့ ဆရာတူအစ်ကိုကြီးကသာ သူတို့ရဲ့လှုပ်ရှားမှုကို စောင့်ကြည့်မနေဘူးဆိုရင် သူတို့က ကျွန်တော်တို့ကို အရူးလုပ်သွားနိုင်တယ်။ တကယ်လို့ ကျွန်တော်တို့ကသာ သူတို့ကို‌ ခြေရာပျောက်သွားပြီဆိုရင် သူတို့ကို နောက်တစ်ကြိမ် ပြန်တွေ့ရဖို့က တော်တော်လေးကို ခက်ခဲမှာပဲ…"

ဆရာတူအစ်ကိုက ပြုံးလိုက်၏။

"ဒါကတော့ ငါတို့ကို ဒီနေရာဆီ စေလွှတ်လိုက်တဲ့ လက်ဖဝါးဂိုဏ်းက ဆရာဦးလေးရဲ့ ကျေးဇူးကြောင့်ပဲလေ။ ငါတို့တွေမှာ အဝေးကြည့်မျက်လုံးနဲ့ အလုံးစုံနား ရှိနေတဲ့အတွက် ငါတို့က အောင်မြင်တာပဲ။ တကယ်လို့ ငါတို့ရဲ့နေရာမှာ တခြားတစ်ယောက်ယောက်သာဆိုရင် ဓမ္မကာရတစ်ဝက်အဆင့် ပညာရှင်တွေကတောင် သူတို့ကို ခြေရာပျောက်သွားနိုင်တယ်…"

သူတို့ကတော့ အဝေးကြည့်မျက်လုံးနှင့် အလုံးစုံနားတို့ကို အားကိုးပြီး မုန့်ချီနှင့် သူမိတ်ဆွေများ၏နောက်သို့ အဝေးမှ လိုက်သွားကြသည်။ ထို့ပြင် သူတို့က ပြိုင်ဘက်ကင်း ပညာရှင်များ၏ အရှိန်မျိုးနှင့် မုန့်ချီတို့ကိုပင် ကွေ့ပတ်၍ သွားခဲ့သေး၏။

"ဆရာတူညီလေး …

သူတို့ (၅) ယောက်က တော်တော်လေးကို ထူးချွန်ထက်မြက်တယ်လို့ ပိုလီအရှင်သခင်က ပြောလိုက်တယ်။ ငါတို့က သေချာဂရုစိုက်မှရမယ်…"

အညိုဝတ် ဆရာတူအစ်ကိုကတော့ အကြိမ်ကြိမ် သတိပေးချက်ကို ရရှိထားသည့်အတွက် အလျင်စလို လှုပ်ရှားခဲ့ခြင်း မရှိချေ။

သူ၏ဆရာတူညီလေးက ခေါင်းညိတ်ပြလိုက်၏။

"လက်ဖဝါးဂိုဏ်းက ဆရာဦးလေးက ကျွန်တော့်ကို လျှို့ဝှက်ရတနာတစ်ခု ပေးလိုက်တယ်။ အခု အဲဒါကိုသုံးဖို့ အချိန်ကျပြီ…"

သူပြောလိုက်သည့်အချိန်တွင် သူကတော့ လှုပ်ရှားမှုများကို ဆက်၍ နားထောင်နေခဲ့သည်။

"သူတို့က အခုအချိန်ထိ ပထမကောင်းကင်လှေကားကို မဖြတ်ကျော်ရသေးဘူး။ ဒါပေမဲ့ သခင်လေးစုရဲ့ အငွေ့အသက်ကတော့ တော်တော်လေးကို သိပ်သည်းတယ်။ အခုချိန်မှာ သူတို့ကို စစ်ဆေးကြည့်ဖို့ မဖြစ်နိုင်ဘူး။ ပြောင်းလဲမှုတွေရှိလာနိုင်တဲ့အတွက် ငါတို့က သူ့ကို အရင်ဆုံး ရင်ဆိုင်ကြမယ်…”

“ဒါက အကြံကောင်းပဲ…"

အညိုဝတ်နှင့် ဆရာတူအစ်ကိုက ခေါင်းညိတ်ပြလိုက်သည်။ သူက လျှို့ဝှက်ရတနာတစ်ခုကို ထုတ်ယူလိုက်၏။

ထိုအချိန်တွင် ထူးဆန်းသော အင်းကွက်များ ရှိနေသည့် အနက်ရောင် ရှေးဟောင်းနာရီတစ်ခု ပေါ်လာခဲ့သည်။ ထိုနာရီပေါ်တွင် ရှေးကျသော တံဆိပ် (၂) ခု ရှိနေခဲ့၏။

"စိတ်ဝိညာဉ်ထိန်းချုပ်ခြင်း..."

ခေါင်းကြီးကြီးနှင့် ဆရာတူညီလေးကလည်း သူ၏အင်္ကျီအိတ်ထဲမှနေ၍ တောင်တန်းမြစ် ပန်းချီကားတစ်ချပ်ကို ထုတ်လိုက်သည်။ သူက ထိုပန်းချီကားကို ညင်သာစွာ လှုပ်ရှားလိုက်ရာ ထိုအရာက ပတ်ဝန်းကျင် လေဟာနယ်နှင့် ပေါင်းစပ်သွားခဲ့၏။

ထို့နောက် အဖြူရောင်တိမ်တိုက်များ ဖြစ်ပေါ်လာပြီး ကောင်းကင်ကြီးနေရာကို အစားထိုးလိုက်သည်။ ထိုအရာက ပုံမှန်လေဟာနယ်တစ်ခုသဖွယ် ဖန်တီးထားခြင်း ဖြစ်၏။ ထိုအရာကတော့ တောင်တန်းမြစ် မြေပုံဟုခေါ်သော လျှို့ဝှက်ရတနာတစ်ခု ဖြစ်ပေသည်။

Translated by Hein Htet.

All Chapters