အခန်း (၅၉၁)
Vol. 40 Ch. 591
ထိုလူ၏မှတ်ဉာဏ်များအရ မကောင်းဆိုးဝါးအင်ပါယာ နန်းတော်က နတ်ဘုရားတိုက်ပွဲပြီးဆုံးခဲ့သည့် အချိန်ကတည်းကစပြီး ပိတ်နေခဲ့ခြင်း ဖြစ်သည်။ ထိုအရာက နတ်ဆိုးများအားလုံး ဝင်ရောက်ခြင်းကို တားမြစ်ထားခဲ့၏။
သို့သော် နတ်ဆိုးဧကရာဇ်မှတ်တမ်းနှင့် နတ်ဆိုးဆင့်ခေါ် အလံကဲ့သို့သော ပစ္စည်းများက နန်းတော်ထဲတွင် ရှိနေသေးသည်။ သူတို့ကတော့ ကပ်ဘေးများ ကျရောက်သည့်အချိန်တွင်သာ အသုံးပြုနိုင်ပြီး သူတို့နှင့် ရေစက်ပါသည့် ပိုင်ရှင်များကို စောင့်နေကြခြင်း ဖြစ်သည်။
မကောင်းဆိုးဝါးအင်ပါယာ ချန်ထားခဲ့သော တောင်တန်းမြစ်မြေပုံ ပိုင်ဆိုင်ထားသည့် နတ်ဆိုးမျိုးဆက်က ထိုမကောင်းဆိုးဝါး အင်ပါယာနန်းတော်ကို စောင့်ကြပ်ရန် တာဝန်ရှိသည်။ သူတို့က ကမ္ဘာကြီး၏ အရေးကိစ္စများကို လုံးဝ ဝင်ပါခဲ့ခြင်း မရှိချေ။
ယခုတော့ မျိုးနွယ်ဝင် (၂) ယောက်က ထင်ထင်ရှားရှား ပေါ်လာခဲ့သည်။ တစ်ယောက်ကတော့ ခေါင်းပေါ်တွင် ရောင်စုံဆံပင်များ ရှိနေ၏။ သူက ချောမောခန့်ညားပြီး အလွန်ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခု ရှိသည်။ ထို့ကြောင့် တခြားသော နတ်ဆိုးများကပင် နတ်ဆိုးကြီးတစ်ကောင်ကို တွေ့လိုက်ရသည့်အလား ကြောက်ရွံ့ထိတ်လန့်နေကြသည်။
တခြားတစ်ယောက်ကတော့ အလွန်လှပပြီး နူးညံ့သိမ်မွေ့သော နတ်ဆိုးတစ်ကောင် ဖြစ်သည်။ သူမ၏လှုပ်ရှားမှုများက ဆွဲဆောင်မှုမရှိသော်လည်း ထိုနတ်ဆိုး၏ရင်ထဲတွင် ကိန်းအောင်းနေသော ဆန္ဒများကို လှုံ့ဆော်နိုင်ခဲ့သည်။ သူက အနည်းငယ် ရနံ့ခံကြည့်လိုက်ရုံနှင့် ထိုအရာက ချင်တောင်မြေခွေးမျိုးဆက် တစ်ယောက်ဖြစ်ကြောင်း သိသွားခဲ့၏။
သူတို့မြင်ခဲ့သော နတ်ဆိုးက လက်ဖဝါးနန်းတော်နှင့် စကားပြောခဲ့သည်။ သို့သော် သူတို့၏စကားလုံးကိုတော့ မကြားခဲ့ပေ။ နောက်ပိုင်းတွင်တော့ လက်ဖဝါးနန်းတော်က သူတို့ကိုဦးဆောင်ပြီး မကောင်းဆိုးဝါးအင်ပါယာနန်းတော်၏ အတွင်းထဲသို့ ခေါ်သွားခဲ့သည်။
ရက်ပေါင်းများစွာ လှိုက်လှိုက်လှဲလှဲ အရိုအသေ ပေးလိုက်ပြီးနောက် မကောင်းဆိုးဝါး အင်ပါယာနန်းတော်၏ တံခါးက နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ပွင့်သွားခဲ့သည်။ မကောင်းဆိုးဝါးအင်ပါယာ နန်းတော်တံခါးက သူတို့အတွက်သာ ပွင့်သွားသည်မှာ ကံဆိုးသွားခဲ့၏။
နတ်ဆိုးမျိုးနွယ်များက ထိုနေရာသို့ မျိုးရိုးစဉ်ဆက် ဝင်ရောက်ခြင်းကို တားမြစ်ထားသည်။ ထိုအချိန်တွင် နန်းတော်ထဲသို့ ဝင်သွားသော သူတို့နှစ်ယောက်ကိုကြည့်ပြီး တခြားနတ်ဆိုးများက မသက်မသာ ခံစားနေရ၏။
(၄၉) ရက်ကြာပြီးနောက် သူတို့က ထွက်လာခဲ့ကြသည်။ သူတို့ထွက်သွားပြီးနောက် တံခါးကြီးက နောက်တစ်ကြိမ် ပိတ်သွားခဲ့၏။ ထိုနန်းတော်ကလည်း ပြင်ပအရေးကိစ္စများ၏ အနှောင့်အယှက်ကို မခံရတော့ပေ။
ထိုအဖြစ်အပျက် ပြီးဆုံးသွားပြီးနောက် လက်ဖဝါးနန်းတော်၏ အတွေးများက ပြောင်းလဲလာကြပြီး သူတို့က တောင်တန်းများထဲတွင် ပုန်းအောင်းနေသည့် ကောင်းကင်လိုဏ်ဂူကိုပင် ဖယ်ရှားပစ်ချင်ခဲ့သည်။ ထိုအရာက လူသားမျိုးနွယ်စု၏ ယုရှုတောင်မှ ဆင်းသက်လာသော အရာများလည်း ဖြစ်သည်။ ထို့နောက် သူတို့က လက်ဖဝါးဂိုဏ်းဟု ပြန်လည်နာမည်ပေးထားခဲ့၏။
နတ်ဆိုးဂိုဏ်းမှ အဖွဲ့သားများကတော့ မကောင်းဆိုးဝါး အင်ပါယာနန်းတော်၏ ယခင်တည်နေရာသို့ ပြန်သွားရန် အမိန့်ရပြီး ထိုနေရာတွင် စောင့်ကြပ်နေခဲ့ကြရသည်။ သို့သော် သူတို့ကို အကြောင်းပြချက်တစ်ခုမျှ မပေးခဲ့ပေ။
မြေခွေးမလေးနှင့် ရောင်စုံဆံပင်ရှိနေသော နတ်ဆိုးတို့က မကောင်းဆိုးဝါးအင်ပါယာ နန်းတော်ထဲတွင် မည်သည့်အရာမြင်ခဲ့ပြီး မည်သည့်အရာများ ရရှိခဲ့ကြောင်းကိုတော့ ထိုနတ်ဆိုးက မသိတော့ပေ။
"ရောင်စုံဆံပင်နဲ့အရောင် (၅) ရောင်...။ အဲဒါက ဒေါင်းနတ်ဆိုးဘုရင် ထိုက်လီများလား။ သူနဲ့ မြေခွေးမလေးတို့ကလည်း သံသရာခရီးသွားတွေလား။ ဒါမှမဟုတ် သူတို့က နတ်ဘုရားကမ္ဘာကြီးထဲကို ဝင်ရောက်ဖို့အတွက် နတ်ဆိုးမျိုးနွယ်စုရဲ့ လျှို့ဝှက်ကျမ်းစာတွေကို အသုံးချခဲ့တာလား.."
မုန့်ချီက မျက်မှောင်ကြုတ်၍ စဉ်းစားနေခဲ့သည်။ သူကတော့ အံ့ဩမှုကို ဖိနှိပ်ထားခဲ့၏။ သို့သော် သူလည်း ကောက်ချက်ချနိုင်ခြင်း မရှိချေ။
သူ့ကို အံ့ဩမှင်တက်သွားစေခဲ့သည်မှာ ရှောင်လင်ကျောင်းတော်၏ တောင်အနောက်ဘက်တွင် ဖိနှိပ်ထားခဲ့သော ငှက်က ဂဠုန်တစ်ကောင်၏ မျိုးဆက်ဖြစ်ပြီး အလွန်စကားများလွန်းလှသည့်အတွက် သူလည်း ခေါင်းကိုက်ခဲ့ရဖူးသည်။ ကြည့်ရသည်မှာတော့ မကောင်းဆိုးဝါးအင်ပါယာ နန်းတော်ကဲ့သို့သော အရာက အမှန်တကယ် ရှိနေပုံရ၏။
သူတို့၏ကမ္ဘာကြီးထဲတွင်တော့ မကောင်းဆိုးဝါးအင်ပါယာနန်းတော်နှင့် ပတ်သက်သော ပုံပြင်ဒဏ္ဍာရီများက အလွန်ရှေးကျသော ပုံပြင်များသာ ဖြစ်သည်။ ထိုအရာများက မူလကမ္ဘာဦးအစ တာအိုဘိုးဘေး (၃) ယောက်ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ဖြစ်နေခဲ့သည်။ မျိုးရိုးစဉ်ဆက် သူတို့နှင့် ပတ်သက်သော ပုံပြင်မှတ်တမ်း အနည်းငယ်သာ လက်ဆင့်ကမ်းလာခဲ့၏။
မကောင်းဆိုးဝါး အင်ပါယာက ဉာဏ်အလင်းပွင့်လာခဲ့ပြီးနောက် မကောင်းဆိုးဝါး သူတော်စင် ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင်တော့ သူက နတ်ဆိုးမျိုးနွယ်စု၏ ကိစ္စရပ်များကို ဂရုစိုက်ခြင်း မရှိသလို သူတို့ကို အရေးပေးခဲ့ခြင်းလည်း မရှိချေ။ မကောင်းဆိုးဝါးသူတော်စင် အလေးထားသည့်အရာကတော့ နတ်ဆိုးဧကရာဇ်၏ မှတ်တမ်းစာအုပ်သာ ဖြစ်သည်။
ထို့ကြောင့် နတ်ဆိုးဂိုဏ်း၏ ရင်ထဲတွင် မကောင်းဆိုးဝါးသူတော်စင်အတွက် နေရာတစ်ခု ရှိနေခဲ့၏။ သို့သော် မကောင်းဆိုးဝါးအင်ပါယာနန်းတော်၏ တည်နေရာကိုတော့ သူတို့၏ ကမ္ဘာကြီးထဲတွင် ရှိနေသော ပုံပြင်ဒဏ္ဍာရီများထဲတွင် ပြောပြထားခဲ့ခြင်း မရှိချေ။ ထိုအရာက ကောလာဟလများပင် ထွက်ပေါ်လာခဲ့ခြင်း မရှိချေ။
ရှောင်လင်ကျောင်း၏ တောင်အနောက်ဘက်တွင် တွေ့ခဲ့သော ငှက် ပြောခဲ့သည့် စကားများက မှန်နိုင်ချေကလည်း အလွန်နည်းပါးသည်။ သူက မိသားစုသမိုင်းကြောင်းများထဲတွင် ဖတ်ခဲ့ရသော ကျမ်းစာများမှတဆင့် သိနေခဲ့ခြင်းပေလော။
မုန့်ချီကတော့ ခေါင်းထဲတွင် ပေါ်လာသော အတွေးများကို အဆုံးသတ်လိုက်သည်။ လက်ရှိအချိန်တွင် ထိုအရာနှင့်ပတ်သက်ပြီး သဲလွန်စမရှိသေးသလို ထိုအရာကို စုံစမ်းရန် အစွမ်းမျိုးလည်း မရှိသည့်အတွက် ဖယ်ရှားထားလိုက်သည်မှာ အကောင်းဆုံး ဖြစ်သည်။ သူက ထိုအရာကို အင်မော်တယ်များအတွက် အချက်အလက် တစ်ခုအဖြစ်သာ သတ်မှတ်ထားခဲ့သည်။
နောက်ပိုင်းတွင် သူ့မိတ်ဆွေများနှင့် စကားပြောသည့် အချိန်တွင်လည်း စကားလမ်းကြောင်းတစ်ခု ဖြစ်လာနိုင်၏။
ယုရှုတောင်..၊ မကောင်းဆိုးဝါးအင်ပါယာနန်းတော်၊ မြေခွေးမလေး၊ တောင်အနောက်ဘက်မှ ငှက်တို့ကို ဘေးဖယ်ထားလိုက်မည်ဆိုလျှင် ထိုတောင်၏နာမည်က ထူးဆန်းနေကြောင်း တွေ့လိုက်ရသည်။
ထိုအရာက ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်ဟူသော နာမည်မှ စကားလုံးတစ်ခုကို ယူထားသည်။ ထိုနေရာ (၂) ခုက ဆက်သွယ်နေခြင်းပေလော။ သို့မဟုတ် ဆက်နွယ်မှုတစ်ခုခု ရှိနေခြင်းပေလော။ ထို့ကြောင့် မုန့်ချီက ယုရှုဟူသော စကားလုံးနှင့်ပတ်သက်ပြီး နတ်ဆိုး၏ မှတ်ဉာဏ်များကို ဖော်ထုတ်ကြည့်လိုက်သည်။
ထိုအချိန်တွင် သူ၏မျက်လုံးထဲ၌ မြင်ကွင်းတစ်ခုပေါ်လာပြီး ရင်ထဲတွင်လည်း အသံတစ်ခု ကြားလိုက်ရသည်။ သို့သော် မှတ်ဉာဏ် အပိုင်းအစတစ်ခုမှ ထွက်လာခဲ့ခြင်းမရှိသလို အများစုကလည်း မုန့်ချီ မျှော်လင့်နေခဲ့သော ယုရှုဟူသည့်အရာ မဟုတ်ခဲ့ပေ။
ဥပမာအနေနှင့် ပြောရလျှင် အချိန်ကာလတစ်ခုတွင် ဖြစ်ခဲ့သော မှတ်ဉာဏ်တစ်ခုက ယုရှုတောင်ပေါ်ရှိ သစ်ခုတ်သမား တစ်ယောက်အကြောင်းသာ ဖြစ်သည်။ သူက လက်လျှော့လိုက်တော့မည့်အချိန်တွင် သူ့စိတ်ထဲ၌ မှတ်ဉာဏ်အပိုင်းအစတစ်ခု ကြီးထွားလာခဲ့၏။ ထိုမှတ်ဉာဏ် အပိုင်းအစကတော့ ဆရာတူညီလေးဖြစ်သူနှင့် စကားပြောနေသော ထိုနတ်ဆိုး၏မှတ်ဉာဏ်များ ဖြစ်သည်။
"ဆရာတူညီလေး …
လက်ဖဝါးဂိုဏ်းက ဆရာဦးလေးက ပိုလီအရှင်သခင်နဲ့ ဘာတွေများ တိတ်တဆိတ် ဆွေးနွေးနေတာလဲ…"
ဆရာတူအစ်ကိုက မေးလိုက်သည်။
ခေါင်းကြီးကြီးနှင့် ဆရာတူညီလေးက နား (၂) ဖက်ကို ပွတ်လိုက်၏။
"လက်ဖဝါးဂိုဏ်းက ဆရာဦးလေးက ကျွန်တော်တို့အကြောင်းကို မသိဘူးလို့ ထင်နေတာလား။ သူက ကြိုတင်စီစဉ်ထားတာ တော်တော်လေးကို ကြာနေပြီ။ ပတ်ပတ်လည်မှာလည်း ဆူညံသံတွေ ထွက်နေတာပဲ။ ငါက ယုရှုသစ္စာဖောက်ဆိုတဲ့ စကားလုံးတွေကိုတော့ ကြားလိုက်တယ်။ ဒါပေမဲ့ အဲဒါကလည်း ပိုလီအရှင်သခင်က မထိန်းချုပ်နိုင်တဲ့အတွက် အသံကျယ်ကျယ် ထွက်လာခဲ့လို့ပဲ…"
"ယုရှုသစ္စာဖောက်တွေလား..."
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။
ထိုအရာက အလွန်ထိတ်လန့်စရာကောင်းသော အခေါ်အဝေါ်တစ်ခု ဖြစ်သည်။ စဉ်းစားကြည့်လိုက်မည်ဆိုလျှင် အင်မော်တယ်များဆီမှ ရရှိခဲ့သော အချက်အလက်များအရ နတ်ဘုရားကမ္ဘာကြီးမှ တိုက်ပွဲများ ပြီးဆုံးသွားပြီး သိပ်မကြာခင် ရွှေအင်မော်တယ် (၁၂) ယောက်က ပျောက်ကွယ်သွားခဲ့ကြသည်။
သူတို့က သေဆုံးသွားခြင်း သို့မဟုတ် ဗုဒ္ဓလမ်းစဉ်ကို ဝင်ရောက်သွားခြင်းဟု အမျိုးမျိုး ပြောနေခဲ့ကြ၏။ ချန်းအဖွဲ့အစည်း၏ လမ်းစဉ်ကတော့ အလွန်စုတ်ပြတ်နေသည်မှာ အတော်လေး ကြာခဲ့ပါပြီ။ နတ်ဘုရားအဆင့်ကို ရောက်နေသော သူတို့တပည့်များ၏ အလောင်းများကပင် ကောင်းကင်ခုံရုံးကြောင့် သေဆုံးသွားခဲ့ရ၏။
သူတို့က လူသားကမ္ဘာကြီးကို ဆင်းသက်လာသည်ဟူသော မှတ်တမ်းမျိုး မရှိတော့ဘဲ တခြားအင်မော်တယ်များနှင့် ပတ်သက်သော ပုံပြင်ဒဏ္ဍာရီများသာ ကျန်နေတော့သည်။
လက်ရှိအချိန်တွင်တော့ ခွန်းလွန်မျိုးဆက်နှင့် ပတ်သက်နေသည်ဟု ကြေညာထားသော လျှို့ဝှက်ဂိုဏ်း အနည်းငယ်သာ ရှိတော့သည်။ သူတို့ အားလုံးကလည်း ဝေးကွာသော မျိုးဆက်များသာ ဖြစ်ကြသည်။ သူတို့က ကမ္ဘာဦးစိတ်ဝိညာဉ်လွှဲပြောင်းမှု ပိုင်ဆိုင်ထားခဲ့ခြင်း မရှိသည့်အတွက် ရွှေအင်မော်တယ် (၁၂) ယောက်၏ လမ်းစဉ်ကိုသာ ပိုင်ဆိုင်ထားကြသည်။
သူတို့နှင့် ခွန်းလွန်မျိုးဆက်၏ ဆက်နွယ်မှုကလည်း ဘုရင်များနှင့် ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်၏ ဆက်နွယ်မှုထက်ပင် ပို၍ ဝေးကွာနေသေး၏။ သူတို့ကတော့ ယွင်ကျုံးကျိ သေဆုံးသည့်နေရာကို တွေ့ခဲ့သော အင်မော်တယ်များနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်တော့ပေ။ ထိုမျိုးဆက်များကတော့ ယုရှုသစ္စာဖောက်များဟု သတ်မှတ်၍ မရနိုင်လောက်ချေ။
မုန့်ချီကတော့ ခွန်းလွန်တောင်ထိပ်ပေါ်တွင် တည်ရှိနေသော စိမ်းပြာနန်းတော်နှင့် ရန်ကျန်း သို့မဟုတ် ရန်အာလန် ဖိနှိပ်ထားသော ကမ္ဘာကြီးကို စဉ်းစားမိသည့်အချိန်တွင် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လာရသည်။
"ဒီကမ္ဘာကြီးက တော်တော်ထူးဆန်းတယ်။ ဒါကြောင့်လည်း ဘိုးဘေးက မဆင်မခြင် မလှုပ်ရှားရဲတာပဲ…"
တခြားသဲလွန်စများ မတွေ့ရတော့သည့်အတွက် မုန့်ချီက ဆရာတူအစ်ကိုကြီးကို လျင်မြန်စွာ သတ်ပစ်လိုက်သည်။ နေရာတွင် ကျန်ရှိနေသည်မှာ မက်မွန်ငုတ်တိုတစ်ခုသာ ဖြစ်၏။
"ဒါက ပစ္စည်းကောင်းတစ်ခုပဲ…"
မုန့်ချီက ထိုနတ်ဆိုး၏ ခန္ဓာကိုယ်တန်ဖိုးကို စစ်ဆေးပြီး ရေရွတ်ကြည့်လိုက်သည်။ သူ ပြောလိုက်သည့်အချိန်တွင် လူတိုင်းက သူ့ကို ထူးဆန်းစွာ ကြည့်နေခဲ့၏။
သူကတော့ မျက်ခုံးပင့်၍ပင် မကြည့်ဘဲ ပြောလိုက်သည်။
"ကောင်းကင်ဘုံက အသက်တွေကို တန်ဖိုးထားပေမယ့် အပြစ်မရှိတဲ့လူတွေကို သတ်ချင်နေတဲ့လူတွေကိုတော့ ချန်ထားပေးလို့မရနိုင်ဘူး။ တကယ်လို့ ငါတို့ကသာ သူတို့ထဲက တစ်ယောက်ကို အသက်ရှင်ခွင့်ပေးလိုက်မယ်ဆိုရင် လူပေါင်း(၁၀)ယောက် အယောက် (၁၀၀) လောက်ကို သေစေနိုင်လိမ့်မယ်။ ငါတို့က နတ်ဆိုးတစ်ယောက်ကို သတ်ဖြတ်ပြီး လူပေါင်းများစွာရဲ့အသက်ကို ကယ်တင်ရမယ် မဟုတ်လား။ ငါတို့က အတားအဆီးတွေကိုလည်း ကျော်လွှားရမယ်လေ။ ငါတို့က အတားအဆီးတွေ ရှိနေရင်တောင် ကြံ့ကြံ့ခံနိုင်ရမယ်…"
ပထမတွင် ပိုင်စုန့်က မှင်တက်နေသော်လည်း မုန့်ချီ၏စကားလုံးများကို သေချာစဉ်းစားပြီး သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာခဲ့သည်။ သူက ထိုစကားလုံးများကို နောက်မှ လိုက်လံရွတ်ဆိုနေခဲ့၏။ ထိုအချိန်တွင် သူ၏ပင်မဝိညာဉ်နှင့် စိတ်အခြေအနေက ပို၍မြင့်မားသောအဆင့်သို့ တက်လှမ်းသွားကြောင်း ခံစားမိလိုက်ပြန်သည်။ သူကတော့ ချက်ချင်းဆိုသလိုပင် အမှန်တရားအတွက် သေဆုံးနိုင်သည်ဟုပင် ဆန္ဒရှိလာခဲ့၏။
"ဒါကမှ တကယ့်သူတော်စင်တစ်ယောက်ရဲ့ အစစ်အမှန်ခံစားချက်ပဲ။ ဒါက နေရာတိုင်းမှာ တရားမျှတမှုကို ယူဆောင်ပေးနိုင်တဲ့ အဓိပ္ပါယ်ပဲ။ ငါက အလယ်ခေတ်က ကရုဏာသူတော်စင်ရဲ့စကားတွေကို သေချာမှတ်ထားတယ်.."
မုန့်ချီကတော့ တစ်ယောက်တည်း စဉ်းစားပြီး ရေရွတ်လိုက်သည်။ ထို့ကြောင့် သူက အနည်းငယ်တော့ ရှက်ရွံ့သွားမိခဲ့၏။
အကယ်၍ သူတစ်ယောက်တည်းဆိုလျှင်တော့ သူက အေးအေးဆေးဆေးသာ ဖြစ်သည်။ သို့သော် သူ့မိတ်ဆွေများအားလုံးက သူ့ကို ကြည့်နေခဲ့၏။ ထို့ပြင် မိုကျောင်းတော်၏ အတွေးအခေါ်က သူတို့၏တာဝန်လည်း ဖြစ်သည်။ ထို့ကြောင့် သူတို့က တိုတီချင်းကို သက်သေပြရန်လည်း လိုအပ်နေသေး၏။
သို့သော် ကရုဏာသူတော်စင်၏ စကားလုံးကို ခိုးယူခြင်းက သူ၏မျိုးဆက်များအတွက် သူတော်စင် ချန်ထားခဲ့သော ပစ္စည်းများ၊ နတ်ဘုရားလက်နက်များကို ခိုးယူခြင်း မဟုတ်ချေ။ ကျန်းကျိဝေနှင့် တခြားသူများကတော့ နှုတ်ခမ်းကို စေ့ထားမိကြပြီး မုန့်ချီကိုကြည့်၍ ရယ်ချင်စိတ်ကို မနည်းထိန်းထားနေရသည်။
သူမက အသံတိုးတိုးနှင့် ပြောလိုက်၏။
"ဒီနတ်ဆိုးက လေဟာနယ်လက်စွပ်တစ်ခုကို ပိုင်ထားတယ်။ အဲဒီအထဲမှာ ရှားပါးတွင်းထွက်ပစ္စည်း (၃) စုံရယ် ၊ သူ့ရဲ့သစ်ငုတ်တိုနဲ့ စိတ်ဝိညာဉ်သိမ်းသွင်းရေးနာရီတွေရှိတယ်။ အဲဒါက တစ်ကြိမ်တော့ ကောင်းကောင်းအသုံးပြုလို့ ရနိုင်သေးတယ်…"
သူမက အပြုံးနှင့် ထပ်ပြောလိုက်သည်။
"နင်က ဒါကို စိတ်အဝင်စားဆုံးဆိုတာ ငါသိတယ်…"
"ကြည့်ရတာ ငါက ငွေကြေးမက်မောသူတစ်ယောက်လို ဖြစ်နေတာလား…"
မုန့်ချီက မုတ်ဆိတ်မွှေးမရှိသော မေးစေ့ကို ပွတ်လိုက်မိသည်။ အစောပိုင်းတွင် သူတို့ ရင်ဆိုင်ခဲ့ရသော အရာများကို အခြေခံပြီး စိတ်ဝိညာဉ်သိမ်းသွင်းရေးနာရီက စတုတ္ထကောင်းကင်နှင့် ပဉ္စမကောင်းကင် ဝေ့ကျင်းအဆင့်ကြားထဲတွင် ရှိနေနိုင်သည်။
ထိုနာရီက အလွန်ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်သော ရတနာတစ်ခုဖြစ်သည့်အပြင် သူ၏အကျိုးသက်ရောက်မှုက ပင်မဝိညာဉ်ကို အလေးထားသည်။ ထိုအရာက အတော်လေးကို အသုံးဝင်သည်ဟု ဆိုနိုင်၏။ တောင်တန်းမြစ်မြေပုံအတုကတော့ သိုင်းသခင်များကိုပင် လှည့်စားနိုင်ပြီး သူတို့ကို အတိုင်းအတာတစ်ခုအထိ ချုပ်နှောင်ထားနိုင်ပါလိမ့်မည်။
ရိုးရိုးသားသား ပြောရမည်ဆိုလျှင် မုန့်ချီက ကောင်းကင် (၅) သွယ် ဝေ့ကျင်းအဆင့်အောက်တွင် ရှိနေသော ခုခံရေး၊ တိုက်ခိုက်ရေး လျှို့ဝှက်ရတနာများကို စိတ်မဝင်စားတော့ပေ။ အကယ်၍ သူ၏လက်ရှိအဆင့်တွင် ရေလှိုင်းမီးတောက်ဓား၏ စွမ်းရည်ကို ပြည့်ပြည့်ဝဝ အသုံးမချနိုင်လျှင်ပင် သူ့ဓားက ထိပ်တန်းအဆင့် အဖိုးတန်လက်နက်တစ်ခု ဖြစ်သည်။
ဓားချက်တစ်ချက်တည်းကပင် ကောင်းကင် (၄)သွယ် ဝေ့ကျင်းအဆင့် လျှို့ဝှက်ရတနာတစ်ခု၏ စွမ်းအားကို ပိုင်ဆိုင်ထားခဲ့၏။ ထိုအချက်ကြောင့်လည်း သူက အစောပိုင်းတွင် ခေါင်းကြီးနတ်ဆိုးကို သတ်ပစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
"သူတို့က သတ်ဖြတ်ရေးဝင်္ကပါချဖို့အတွက် တခြားသတ်ဖြတ်ရေးပစ္စည်းတွေကို သုံးလိုက်တာ နှမြောဖို့ ကောင်းတယ်…"
မုန့်ချီက ဝင်္ကပါ၏ အငွေ့အသက်များကို တွေဝေစွာ စိုက်ကြည့်မိခဲ့သည်။ အဝေးတွင် ရန်သူများ ရှိနေမှာ စိုးသည့်အတွက် သူက ထိုဝင်္ကပါကိုဖယ်ရှားရန် အချိန်မပေးနိုင်တော့ပေ။
သူက တိမ်တိုက်များထဲသို့ ပျံသန်းသွားခဲ့ပြီး အဝေးသို့ ထွက်သွားခဲ့၏။ သူတို့က ဦးတည်ချက်များကို ဆက်တိုက် ပြောင်းလဲနေခဲ့သည်။ သူတို့ ထွက်ပြေးနေသည့် အချိန်တွင် မုန့်ချီက နတ်ဆိုး၏မှတ်ဉာဏ်များထဲတွင် သူမြင်ခဲ့ရသော အရာများအားလုံးကို သူ့မိတ်ဆွေများသိအောင် ပြောပြလိုက်သည်။
သူက ထိုအရာကို ကောက်ချက်ချလိုက်မိ၏။
"ကောင်းကင်လိုဏ်ဂူထဲမှာရှိတဲ့ လက်ဖဝါးဂိုဏ်းမှာ ဓမ္မကာရတစ်ဝက်အဆင့် နတ်ဆိုးတစ်ရှေိတယ်။ ပြီးတော့ သိုင်းသခင်အဆင့် နတ်ဆိုးအကြီးအကဲတွေလည်း အများကြီးရှိတယ်။ သူတို့က အစစ်အမှန် တောင်တန်းမြစ်မြေပုံကို ကိုင်ဆောင်ထားကြတယ်။ ငါတို့ရဲ့လက်ရှိအဆင့်နဲ့ သူတို့ကို ရန်မစမိရင် အကောင်းဆုံးပဲ…"
အကယ်၍ သူတို့ကို ဘိုးဘေးလင်းပေါင်ကိုယ်တိုင် တိုက်ခိုက်မည်ဆိုလျှင်ပင် အတော်လေး ပြဿနာများနိုင်သည်။ တောင်တန်းမြစ်မြေပုံအစစ်က ပြိုင်ဘက်ကင်း နတ်ဘုရားလက်နက်တစ်ခု ဖြစ်၏။ အကယ်၍ သူတို့က ဘိုးဘေးကို မသတ်နိုင်လျှင်ပင် သူ့ကို အတွင်းထဲတွင် ချုပ်နှောင်ထားပြီး သူ၏သက်တမ်း ကုန်ဆုံးသွားသည့် အချိန်အထိ စောင့်နေ၍ရနိုင်သည်။
ကျန်းကျိဝေနှင့် တခြားသူများကတော့ တောင်တန်းမြစ်မြေပုံအကြောင်းကို လုံးဝမကြားဖူးသလို မြေပုံအစစ်၏ အစစ်အမှန် စွမ်းအားများကိုလည်း မသိခဲ့ကြပေ။ သို့သော် အတု၏စွမ်းရည်ကို မြင်ခဲ့ရပြီးနောက် ထိုအရာက မည်သို့ စွမ်းဆောင်နိုင်မည်ဖြစ်ကြောင်း သူတို့လည်း နားလည်လာကြ၏။ ထို့ကြောင့် မည်သူကမျှ မကောင်းဆိုးဝါးအင်ပါယာအကြောင်း စိတ်ဝင်စားနေခြင်း မရှိတော့ပေ။
"နတ်ဘုရားမနွီဝါးကလည်း မွေးရာပါဝိညာဉ်တစ်ယောက်ပဲ။ သူက ရှေးခေတ်မှာ ဧကရာဇ်ဖူ မတိုင်ခင် ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်ခဲ့တယ်လို့ ကြားဖူးတယ်။ ဒါပေမယ့် သူနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကတော့ ဒဏ္ဍာရီထဲမှာပဲ ရှိတယ်။ သူက ငါတို့လူသားမျိုးနွယ်စုရဲ့ မိခင်ကြီးလို့ ပြောလို့ရပေမယ့် သူက မကောင်းဆိုးဝါးအင်ပါယာ ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး…"
ထိုအချက်ကို ပြောလိုက်သည့်အချိန်တွင် ရွမ်ယုရှုက အနည်းငယ် စိတ်ဝင်စားနေပုံရသည်။ သူမက အေးစက်သော အမူအရာနှင့် ပြောပြနေခဲ့၏။ မည်သို့ဖြစ်စေကာမူ သူမတို့ မိသားစု၏သမိုင်းကြောင်းက အတော်လေးကို ဗဟုသုတ ပြည့်စုံလှသည်။
"နတ်ဘုရားမနွီဝါးက လူခေါင်းနဲ့ မြွေခန္ဓာရှိနေတဲ့ သတ္တဝါတစ်ကောင်လို့ ပြောကြတယ်။ ဒီဖော်ပြချက်တွေကြောင့် သူက မကောင်းဆိုးဝါးတစ်ကောင်လို့ပြောတာ ဟုတ်နေတာပဲလေ…"
ကျိုးဟမ်က ထင်မြင်ချက် ပြောလိုက်သည်။
ရွမ်ယုရှုက ခေါင်းခါပြလိုက်၏။
"မွေးရာပါဝိညာဉ်တွေက မကောင်းဆိုးဝါး မဟုတ်သလို လူသားတွေလည်း မဟုတ်ကြဘူး။ သူတို့မှာ ကိုယ်ပိုင်ခန္ဓာတွေ ရှိကြတယ်…"
ကျန်းကျိဝေကလည်း ထောက်ခံပြီး ပြောလိုက်သည်။
"လူခေါင်းနဲ့ မြွေခန္ဓာဆိုတာက တာအိုဆိုတဲ့ စကားလုံးရဲ့အစပဲ။ အဲဒါက နတ်ဆိုးမျိုးနွယ်စုရဲ့ သင်္ကေတမဟုတ်ဘူး…"
တာအိုဟူသော စကားလုံးကို ရေးချလိုက်မည်ဆိုလျှင် လူခေါင်းနှင့် မြွေခန္ဓာ ရှိနေသော လူတစ်ယောက်ဟု အဓိပ္ပာယ်ရသည်။ သူမက ခဏကြာ စဉ်းစားနေပြီး ပြောလိုက်၏။
"နတ်ဆိုးမျိုးနွယ်စုထဲမှာ မွေးရာပါဝိညာဉ်တွေရဲ့ မျိုးဆက်တွေ တော်တော်များများ ရှိနေနိုင်တယ်။ ဒါကြောင့် ဖြစ်ကောင်းဖြစ်နိုင်တာက..."
မုန့်ချီက ခေါင်းညိတ်ပြီး သူမ၏စကားကို ဆက်၍ပြောလိုက်သည်။
"ရှေးခေတ်မတိုင်မီနဲ့ ရှေးခေတ်မှာ အင်အားစုကြီးတွေက နာမည်အများကြီး သုံးတတ်ကြတယ်။ သူတို့မှာ ဦးတည်ချက်လည်း (၂) ခုဆီရှိပြီး သီးခြားဆီလှုပ်ရှားတတ်ကြတယ်။ နတ်ဘုရားမနွီဝါးက လူသားမျိုးနွယ်စုရဲ့ မိခင်ကြီးဖြစ်တဲ့အပြင် မကောင်းဆိုးဝါးအင်ပါယာလည်း ဖြစ်နေနိုင်တာပဲ."
ဥပမာအနေနှင့် ပြောရလျှင် အသူရာတစ်ယောက်တည်းကပင် နာမည် (၃)မျိုး ရှိနေသည်။ အသူရာအင်ပါယာ၊ ဘိုးဘေးထိုက်ရီနှင့် ဘေသဇ္ဇဂုရု ဗုဒ္ဓတို့ ဖြစ်သည်။ နောက်ထပ် ပို၍ပင် များနေနိုင်သေး၏။
သူက ချီကျန်းရန်ကိုလှည့်ပြီး ပြုံးပြလိုက်သည်။
"နတ်ဘုရားမနွီဝါးက သူ့ရဲ့ကျင့်စဉ်တွေကို ဘယ်သူ့ဆီမှ လက်ဆင့်ကမ်းမပေးခဲ့ဘူး။ မကောင်းဆိုးဝါးအင်ပါယာကတော့ နတ်ဆိုးဧကရာဇ်ရဲ့မှတ်တမ်းတွေကို ပိုင်ဆိုင်ထားတယ်။ အစ်ကိုချီ …အစ်ကိုချီရဲ့ဖရိုဖရဲကျင့်စဉ်က သူနဲ့ဆက်နွယ်နေတယ် ထင်တယ်။ အဲဒါက လူသားမျိုးနွယ်စုရဲ့မိခင်ကြီး ဒါမှမဟုတ် သဘာဝဝိညာဉ်ရဲ့ ကျင့်စဉ်တွေဖြစ်မယ်။ ကြည့်ရတာ အစ်ကိုချီက မကောင်းဆိုးဝါးအင်ပါယာနန်းတော်နဲ့ ရေစက်ရှိနေတာပဲ.."
ဖရိုဖရဲကျင့်စဉ် ဖန်တီးသူအကြောင်း သံသရာအရှင်သခင်၏ မှတ်တမ်းထဲတွင်ပင် အသေးစိတ် ပြောပြထားခြင်း မရှိချေ။ နွီဝါး၏အကြောင်းကိုသာ ဝိုးတဝါး ပြောပြထား၏။
သို့သော် မုန့်ချီကတော့ ယခင်ဘဝ ကာတွန်းစာအုပ်များထဲတွင် နတ်ဘုရားမနွီဝါးနှင့် ပတ်သက်သော အကြောင်းအရာများကို ဖတ်ခဲ့ဖူးသည်။ ဒဏ္ဍာရီအင်အားစုများ၏ အထက်တွင် ရှိနေသော ပညာရှင်များ၏ အကျင့်စရိုက်ကို အခြေခံပြီး ထိုအရာက ကမ္ဘာကြီးကို ဖန်တီးခဲ့သည့် နတ်ဘုရားမနွီဝါး ဖြစ်နိုင်သည်။
ချီကျန်းရန်က မုန့်ချီ၏ စကားကို လျစ်လျူရှုထားခဲ့၏။ အကယ်၍ ဖရိုဖရဲကျင့်စဉ်က နတ်ဘုရားမနွီဝါး၏ ကျင့်စဉ်ဖြစ်နေလျှင်ပင် သူက မကောင်းဆိုးဝါးအင်ပါယာ၏ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို စိတ်ဝင်စားရမည်လော။ ထိုသို့ဆိုလျှင် သူက လူမဟုတ် မကောင်းဆိုးဝါးမဟုတ် ဖြစ်သွားပါလိမ့်မည်။
ထိုအချိန်တွင် ကျိုးပိုင်က သူတို့ကို မေးလိုက်၏။
"သခင်လေးစု …
အခုကျွန်တော်တို့က ဘယ်ကိုသွားကြမှာလဲ…"
"အခု ငါတို့က ပိုလီအရှင်သခင်နဲ့ ယုရှုတောင်က ကောင်းကင်လိုဏ်ဂူကို အပြစ်ပြုမိခဲ့ပြီဆိုမှတော့ ဒီနေရာကနေ ထွက်သွားပြီး တခြားဘုရင်တွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဂိုဏ်းတွေ နယ်မြေတွေဆီကို သွားရမယ်။ အဲဒါမှပဲ ငါတို့က ပြင်ပဖိအားတွေကို ငှားယူပြီး သူတို့တွေ နောက်က လိုက်မလာအောင် ဟန့်တားနိုင်လိမ့်မယ်….”
မုန့်ချီက သေချာစဉ်းစားပြီး ပြောလိုက်သည်။
"ဒီတော့ ငါတို့က တိုင်းပြည်ငယ်လေးတစ်ခုကို ရှာဖွေတာ ပိုပြီးတော့ကောင်းတယ်…"
ပိုင်စုန့်က ချက်ချင်း ပြောလိုက်၏။
"ထန်တိုင်းပြည်နဲ့ ချူးတိုင်းပြည်တို့က တော်တော်ကြီးတဲ့ တိုင်းပြည်တွေပဲ။ သူတို့က ဟန်တိုင်းပြည်ထက် နည်းနည်းပိုပြီးအစွမ်းထက်တယ်။ အနီးအနားမှာတော့ ဝူတန်တောင်ရဲ့ ရွှေအလင်းတန်းလိုဏ်ဂူလို အစွမ်းထက်တဲ့ဂိုဏ်းတစ်ခုရှိတယ်။ ယုရှုတောင်က ကောင်းကင်လိုဏ်ဂူက မဆင်မခြင် ဝင်လာရဲမှာ မဟုတ်ဘူး.."
"ဝူတန်တောင်က ရွှေအလင်းတန်းလိုဏ်ဂူလား…"
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိပြီး အင်မော်တယ်များ၏ အချက်အလက်များကို ပြန်လည်စဉ်းစားနေခဲ့သည်။
ကမ္ဘာကြီးပျက်စီးသွားပြီး နှစ်ရာပေါင်းများစွာ အတောအတွင်း အင်အားကြီးပညာရှင် (၆) ယောက်က တိုင်းပြည်များ၏ အရှင်သခင်များ ဖြစ်လာခဲ့သည်။ ထိုအရှင်သခင်များက ဓမ္မကာရအဆင့်ကို ရောက်ရှိနေသည်မှာ အတော်လေးကို ကြာခဲ့ပြီဖြစ်ပြီး တခြားသူများကတော့ ပုလ္လင်ပေါ်ကိုရောက်မှသာ စတင်စုစည်းနိုင်ကြခြင်း ဖြစ်သည်။
သူတို့ဆီတွင် ကံကြမ္မာအသီးသီးရှိနေခဲ့ကြပြီး သူတို့၏လက်ကျန်ဘဝတစ်လျှောက်တွင် တူညီမှုများလည်း ရှိနေကြသည်။ သူတို့က လျှို့ဝှက်ဂိုဏ်းတစ်ခုထဲတွင် ပုန်းအောင်းနေခြင်း သို့မဟုတ် ဗုဒ္ဓလမ်းစဉ်အမွေအနှစ်များကို ဖုံးကွယ်ထားကြသည့်အတွက် သူတို့ပျောက်ကွယ်နေခြင်းနှင့် ပတ်သက်သော အရာများကိုပင် မသိကြပေ။
လွန်ခဲ့သော နှစ်ပေါင်း (၁၀၀) ခန့်တွင် အနားယူသွားခဲ့သော ချူးဘုရင်က ဝူတန်တောင်မှ ရွှေအလင်းတန်းလိုဏ်ဂူထဲတွင် ရှိနေခဲ့သည်။ ထို့နောက်တွင်တော့ ကမ္ဘာကြီးက ထိုအကြီးအကဲများကို ဆုံးရှုံးလိုက်ရပြီး တည်ငြိမ်အေးချမ်းမှု မရှိတော့ချေ။
မုန့်ချီက တိတ်ဆိတ်နေသည်ကို မြင်သည့်အခါ ပိုင်စုန့်က ထပ်ပြောလိုက်သည်။
"ထန်တိုင်းပြည်နဲ့ ချူးတိုင်းပြည်က တစ်နှစ်လုံး တိုက်ပွဲဖြစ်နေကြတာ။ သူတို့ရဲ့ကြားထဲမှာတော့ တစ်ဖက်ဆီကို မှီခိုနေကြရတဲ့ တိုင်းပြည်ငယ်လေး (၁၀) ခုလောက် ရှိတယ်။ သူတို့အားလုံးကတော့ သခင်လေးစုရဲ့ အရည်အချင်းကိုပြသနိုင်တဲ့ အခြေအနေရှိတယ်.."
မုန့်ချီက လေးလေးနက်နက် သက်ပြင်းချပြီး ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ..."
ကြည့်ရသည်မှာတော့ အခြေအနေက မိုကျောင်းတော်၏ အတွေးအခေါ်ကို ပြည့်စုံအောင် ကူညီပေးနေခဲ့သည်။ သူတို့က တိုင်းပြည်ငယ်လေးများတွင် မည်သည့် အတွေးအခေါ်ကို ပြောသင့်ပြီး မည်သည့်အတွေးအခေါ်ကို မပြောသင့်ကြောင်း ကျွမ်းကျင်နေခဲ့ပြီ ဖြစ်၏။ ယခု ထိုအရာကို စမ်းသပ်ရမည့်အချိန် ဖြစ်သည်။
Translated by Hein Htet.