← Chapters

အခန်း (၅၉၂)

Vol. 40 Ch. 592

အခန်း (၅၉၂)

Vol. 40 Ch. 592

ချန်းတိုင်းပြည် ရှန့်ယင်မြို့…

ကောင်းကင်ကြီးက တဖြည်းဖြည်း လင်းလက်လာခဲ့သည့်အချိန်တွင် သာမန်ရုပ်ရည်သာရှိသော သက်လတ်ပိုင်း လူကြီးတစ်ယောက်က အနောက်ဘက်တံခါးဆီသို့ အလျင်အမြန် လျှောက်သွားနေခဲ့သည်။

သူက တခြားသူများကို မျက်ခြေဖြတ်နိုင်ခြင်းရှိမရှိ သေချာအလေးထား၍ စောင့်ကြည့်နေခဲ့သည်။ သူက တျန်းဟန် တရားရေးအမတ်ကြီး၏ မိသားစုဝင် တစ်ယောက် ဖြစ်သော တျန်းကျန်း ဖြစ်သည်။ ယခု သူက အရှင်သခင်၏အမိန့်နှင့် ဝါးသစ်တောထဲတွင် ကိစ္စတစ်ခုကို စုံစမ်းရန် ရောက်လာခဲ့ခြင်းဖြစ်သည်။

ရှန့်ယင်မြို့က နာမည်ကျော် မြို့တစ်မြို့ မဟုတ်သော်လည်း အိမ်ခြေ(၁)သောင်းနီးပါးခန့် ရှိနေသည်။ မြို့နံရံက ကြက်ခြေခတ်ပုံသဏ္ဍာန် တည်ဆောက်ထားခြင်းဖြစ်ပြီး နန်းတော်များ၊ အထက်တန်းလွှာ မိသားစု၏ ရဲတိုက်များ၊ ဈေးနေရာများနှင့် သာမန်နေရာများကို ခွဲခြားထားခဲ့သည်။

အပိုင်းတစ်ခုချင်းဆီတိုင်းတွင် အိမ်နီးချင်းများ စုရုံးနေထိုင်ကြရ၏။ အဆောက်အဦး တစ်ခုတွင် မည်သည့်အရာ ဖြစ်ပျက်စေကာမူ တစ်ဖက်လမ်းတွင် ရှိနေသူများ၏ နားထဲသို့ ပျံ့နှံ့နိုင်ခြင်း မရှိချေ။ ထိုအချက်တစ်ခုတည်းကပင် ဤမြို့က မည်မျှကြီးမားကြောင်း ပြသရန် လုံလောက်သည်။

တရားရေးအမတ်ကြီး တစ်ယောက်ဖြစ်သော တျန်းဟန်က ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရန် တာဝန်ရှိသည်။ သူက အသေးအဖွဲကိစ္စတိုင်းကို သိနေရန်တော့ မဖြစ်နိုင်ပေ။ အမှန်အတိုင်းပြောရရင်တော့ မည်သူကမျှမနှောင့်ယှက်ဘဲ သူ့ကို သတင်းပို့ခဲ့ခြင်း မရှိလျှင် အတော်လေးကို အေးအေးချမ်းချမ်း နေရသည်။

လွန်ခဲ့သော တစ်လခန့်တွင် ချန်းတိုင်းပြည်ထဲသို့ လူပေါင်းများစွာ ရောက်လာကြပြီး ဝါးသစ်တောထဲတွင် သင်ခန်းစာများ စတင်ပို့ချနေခဲ့သည်။ သူ့မိသားစုအ‌စေခံက ထိုအကြောင်းကို မပြောမချင်း ထိုသတင်းက တျန်းဟန်၏နားထဲသို့ မရောက်ခဲ့ပေ။

ထိုအချိန်တွင်တော့ ထိုအဖြစ်အပျက်၏ အရှိန်အဝါက လျစ်လျူရှုရန် အတော်လေး အလွန်ကြီးမားနေပြီဖြစ်ကြောင်း သူလည်း နားလည်သွားခဲ့သည်။ သူ၏ ကနဦးရပ်တည်ချက်ကတော့ ထိုလူများကို ထောက်ပံ့ခြင်း မရှိသလို ဖိနှိပ်ခြင်းလည်း မရှိချေ။

ထိုကဲ့သို့ အတွေးအခေါ်များ ပြောဆိုနေခြင်းက လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာအတွင်း တိုင်းပြည်များထဲတွင် လူအများ လုပ်ဆောင်နေကြသော အရာများသာ ဖြစ်သည်။ သူကတော့ ထိုအရာများကို အလေးမထားခဲ့ဘဲ သူ၏ဂုဏ်သတင်းကို တည်ဆောက်ရန်သာ စိတ်ဝင်စားနေခဲ့သည်။

ထိုသို့ဆိုရာတွင် ဝါးသစ်တောထဲရှိ သင်ခန်းစာများ၏ လွှမ်းမိုးမှုက တဖြည်းဖြည်း ကြီးမားလာနေသည်နှင့်အမျှ ထိုသတင်းက သူ့နားထဲကို ရောက်လာပြီး သူကိုယ်တိုင်လည်း အလွန်ထိတ်လန့်သွားခဲ့ရသည်။ ထို့ကြောင့် သူ ယုံကြည်ရသော အစေခံကို သွားရောက်ကြည့်ရှုရန် စေလွှတ်လိုက်၏။

တျန်းကျန်းက ခိုးကြောင်ခိုးဝှက် လျှောက်လာခဲ့၏။ သူ့ကို သိနေသော လမ်းပေါ်မှ လူများက သူ့ကို အရိုသေပေးရန် ရပ်တန့်လိုက်သည့်အတွက် သူလည်း အတော်လေးကို ကျေနပ်နေခဲ့၏။ သူက မြို့၏အနောက်ဘက်တွင် ရှိနေသော ဝါးသစ်တောထဲသို့ ရောက်လာခဲ့သည့်အချိန်တွင် ပျော်ရွှင်မှုက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ထိုနေရာတွင် သူ့လို အဆင့်မြင့်သောလူ တဖြည်းဖြည်းနှင့် ပို၍နည်းလာခဲ့သည်။ သူတို့ကတော့ အရေးကြီးသည့်အရာ တစ်စုံတစ်ခုကို စိုးရိမ်နေသည့်အလား လျင်လျင်မြန်မြန်နှင့် လျှောက်လှမ်းနေကြသည်။

"သူတို့အားလုံးက ဝါးသစ်‌တောထဲမှာ သင်ခန်းစာနားထောင်ဖို့ ‌ရောက်လာခဲ့ကြတာလား.."

တျန်းကျန်းက အနည်းငယ် အံ့သြသွားခဲ့ပြီး သူတို့၏နောက်မှ လျင်မြန်စွာ လိုက်သွားခဲ့၏။

မြို့၏အနောက်ဘက်တွင် ရှိနေသော ဝါးသစ်တောလေးက သေးငယ်သည်ဟု ဆိုသော်လည်း အမှန်အတိုင်း ပြောရလျှင်တော့ ကျိုးတိုးကျဲတဲ ဝါးပင်များ ပေါက်ရောက်နေခြင်းသာ ဖြစ်သည်။ သစ်တောဟု ပြော၍မရနိုင်ပေ။

ထိုဝါးပင်များ၏ အလယ်တွင်တော့ သာမန်လူတစ်ယောက်ထိုင်နေခဲ့၏။ ထိုအရာများ၏ အလယ်တွင်‌တော့ လူတစ်ယောက်၏ခါးလောက် အနေအထားမြေကြီးကို ဖို့ထားခဲ့သည်။

အပေါ်ဘက်တွင်တော့ အဖြူရောင်ဝတ်စုံ ဝတ်ထားသော မိန်းမပျိုတစ်ယောက် ထိုင်နေခဲ့၏။ သူမ၏မျက်နှာက ခံစားချက်ကင်းမဲ့ပြီး အေးစက်နေခဲ့သည်။ သူမ၏ အငွေ့အသက်များကလည်း အလွန်သိမ်မွေ့ညင်သာပြီး သူမ၏ရုပ်ရည်က လူသားကမ္ဘာကို ဆင်းသက်လာသော လနတ်သမီးကဲ့သို့ ထူးခြားလှပလွန်းလှ၏။

ထိုမိန်းမပျိုက ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသလို ထင်မှတ်ရသည့်အပြင် သူမက အသက်(၂၀)အရွယ်သာ ရှိနေနိုင်သေးသည်။ သူမကို ပထမဆုံး မြင်လိုက်ရသည့်အချိန်တွင် တျန်းကျန်း၏ ရင်ထဲတွင် လှုပ်ရှားသွားခဲ့ပြီး အသက်ရှူရပ်မတတ် ခံစားလိုက်ရ၏။

သူက တိုးတိုးလေးရေရွတ်လိုက်မိသည်။

"အရင်နှစ်က ကိုယ်လုပ်တော်ပေါင်ကျစ်ရဲ့အလှတရားကတောင် မယှဉ်နိုင်ဘူး…"

တရားရေးအမတ်ကြီး၏ အ‌စေခံတစ်ယောက် ဖြစ်သည့်အတွက် သူက စာမတတ်သော လူတစ်ယောက် မဟုတ်ဘဲ စာပေများကို ဖတ်ရှုခဲ့ဖူးသည်။ သူက ပတ်ပတ်လည်ကို ကြည့်လိုက်ရာ လူတိုင်း လေးလေးစားစားနှင့် ထိုင်နေကြောင်း သတိထားမိခဲ့၏။ ထိုမိန်းမပျို၏ ရှေ့တွင်တော့ ကြိုး(၇)‌ချောင်းတပ် ဗျပ်စောင်းတစ်ခု ရှိနေသည်။

သူမက ကြိုးလေးများကို ညင်သာစွာ တီးခတ်နေပြီး သူ့နားထဲတွင် ရှင်းရှင်းလင်းလင်း ကြားနိုင်သော သံစဉ်တစ်ခုကို ထုတ်ဖော်ပေးနေခဲ့သည်။ ထိုအသံက သူ၏စိတ်ဝိညာဉ်ကို လှုပ်ရှားစေနိုင်ခဲ့၏။

ထို့နောက် သူ၏ပတ်ပတ်လည်တွင် ရှိနေသော လူတိုင်းက မတ်မတ်ထိုင်လိုက်သည့် အတွက် သူလည်း သူတို့၏အပြုအမူများကို စစ်ဆေးကြည့်နေကြသည်။ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။

"ဒီနေ့တော့ ကျွန်မတို့က မိုစာအုပ်ရဲ့ဒုတိယအခန်းကို ဆွေးနွေးကြမယ် ... "

မိန်းမပျို၏အသံက ဗျပ်စောင်းသံကဲ့သို့ ကြည်လင်နေခဲ့သည်။

တျန်းကျန်းက မျက်ခုံးပင့်လိုက်မိ၏။

"အခုမှ ဒုတိယသင်ခန်းစာပဲ ရှိသေးတာလား။ သူတို့က ဒုတိယသင်ခန်းစာကို ဘယ်နှစ်ကြိမ်များ ဆွေးနွေးနေကြတာလဲ…"

သူက အလွန်မာနကြီးပြီး တည်ငြိမ်သော အပြုအမူမျိုး ရှိသည်။ သို့သော် နားထောင်နေရင်း သူ၏အမူအယာများက တဖြည်းဖြည်း ပြောင်းလဲလာခဲ့ရ၏။ သူ၏မျက်နှာပေါ်တွင် ပြည့်နှက်နေသော ငူငူငိုင်ငိုင် အမူအယာများကလည်း ပျောက်ကွယ်သွားပြီး အံ့ဩစရာနေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

"ကြည့်ရတာတော့ မိုစာအုပ်က ကျင့်စဉ်စာအုပ်တစ်ခုပဲ။ သူကလူတိုင်းကို ကျင့်စဉ်တွေ သင်ပေးနေတာလား။ ပြီးတော့ သူက ကျင့်စဉ်တွေကို သင်ကြားပေးနေရင်း ဘယ်လိုစာဖတ်ရမလဲဆိုတာကိုလည်း သင်ပေးနေတယ် ... "

ထိုမြင်ကွင်းက အလွန်ရယ်စရာကောင်းသော်လည်း သူက အိပ်မက်မက်နေသလို ခံစားနေရသည်။

ယုံကြည်ရသော မိသားစုအစေခံတစ်ယောက် ဖြစ်သည့်အတွက် သူက ကျင့်စဉ်များကို ရရှိထားခဲ့ပြီး လုံလောက်သော စွမ်းအားများ ရှိထားခဲ့သည်မှာ ကြာခဲ့ပါပြီ။ သူက မိုစာအုပ်ထဲမှ ကျင့်စဉ်များကို စိတ်ဝင်စားခြင်း မရှိချေ။ သို့သော် ဘာကြောင့် သူတို့က ထိုကဲ့သို့လုပ်ဆောင်နေရသနည်း။

ကျင့်စဉ်များ ရရှိရန် အခက်အခဲနှင့် စာပေသင်ကြားခွင့်ရရှိခြင်းက အထက်တန်းလွှာ မိသားစုများနှင့် အဆင့်နိမ့် သာမန်လူများ၏ ကြားထဲတွင် ကွဲပြားစေသော အရာတစ်ခု ဖြစ်သည်။ ထိုလူများကတော့ လူ ရွေးချယ်ခြင်းပင် မရှိဘဲ သူတို့၏စွမ်းရည်များကို ဘာကြောင့် သင်ကြားပေးနေရသနည်း။

ထိုအရာက ကမ္ဘာပေါ်တွင် အကြီးဆုံးဟာသတစ်ခု ဖြစ်နေသည်။ သူကတော့ လက်ရှိနေရာကို ရရှိရန်အတွက် ခွေးတစ်ကောင်ကဲ့သို့ လုပ်ဆောင်ခဲ့ရပြီး ခက်ခက်ခဲခဲကြိုးစားခဲ့ပြီးမှ စာပေနှင့် ကျင့်စဉ်များကို သင်ကြားခွင့်ရခဲ့သည်။ ထိုအဆင့်နိမ့်သော တောသူ‌တောင်သားများက ဘာကြောင့်ထိုက်တန်နေရသနည်း။

သူက ပတ်ပတ်လည်ကို စိုက်ကြည့်လိုက်ရာ စာသင်သားတချို့နှင့် အထက်တန်းလွှာမိသားစု တချို့ကိုလည်း တွေ့လိုက်ရသည်။ ထိုအချိန်တွင် တျန်းကျန်းက ပို၍ပင် ဒေါသထွက်သွားခဲ့၏။

မိန်းမပျိုက ကျင့်စဉ်သင်ကြားပေးနေခြင်းကို ရပ်တန့်နေခဲ့ခြင်း မရှိဘဲ သူမက တစ်ကိုယ်တော်ပြသမှုများပင် လုပ်ဆောင်နေခဲ့သည်။ လူတိုင်းက နားထောင်နေရင်း သူမ၏ လှုပ်ရှားမှုများကို သေချာစိုက်ကြည့်နေခဲ့၏။ သူတို့နားလည်ထားသည့်အရာနှင့် သူမ၏ပြသမှုကို နှိုင်းယှဉ်စစ်ဆေးနေကြသည်။

တချို့ကတော့ သူတို့ဆီတွင် နား(၄)ဖက်နှင့် နှလုံးသား(၂)ခုရှိရန်ပင် မျှော်လင့်နေခဲ့ကြသည်။ တချို့ကတော့ သင်ခန်းစာ၏ အရေးကြီးသောနေရာများတွင် သစ်ခေါက်နှင့် ပျဉ်ပြားကဲ့သို့ အရာများကို ယူဆောင်ပြီး သင်္ကေတများ ထွင်းထားကြသည်။ နောက်ပိုင်းတွင် သူတို့က ထိုအရာများကိုကြည့်ပြီး ပြန်လည်အမှတ်ရနိုင်ကြ၏။ ကျင့်ကြံမှုနှင့် ပက်သက်သော အမေးအဖြေကဏ္ဍများကို ရောက်သည့်အချိန်တွင်တော့ တျန်းကျန်းက ပို၍ပင် ဒေါသထွက်လာခဲ့သည်။

ထိုအချိန်တွင် မိန်းမပျိုက မိုစာအုပ်၏ဒုတိယသင်ခန်းစာ ဆွေးနွေးခြင်းကို အဆုံးသတ်လိုက်ပြီး မိုကျောင်းတော်၏ စည်းမျဉ်းများကို စတင်ပြောပြခဲ့သည်။

"မိုကျောင်းတော်ရဲ့ စည်းမျဉ်းတွေလား…"

တျန်းကျန်းက သူ၏ခံစားချက်များကို ဖယ်ရှားလိုက်ပြီး သေချာအာရုံစိုက်၍ နားထောင်လိုက်သည်။

ထိုအချိန်တွင် အစောပိုင်းက လှုပ်ရှားခဲ့သော ခံစားချက်များကြောင့် သူက ထိန်းချုပ်ရန် အတော်လေး ခက်ခဲနေခဲ့၏။ သူက အလွန်ဒေါသထွက်သွားခဲ့ပြီး နေရာမှခုန်ထ၍ ကျိန်စာတိုက်လုနီးပါး ဖြစ်ခဲ့သည်။

"တန်းတူညီမျှ ချစ်ခြင်းမေတ္တာလား..။ ကမ္ဘာကြီးဆီမှာ သနားငဲ့ညာတာမျိုး မရှိဘူး။ လူသားတွေမှာပဲ ရှိတယ်။ တကယ်လို့ အဝေးမှာရှိတဲ့ ဆွေမျိုးတွေနဲ့ အနီးမှာရှိတဲ့ ဆွေမျိုးတွေရဲ့ကြားထဲမှာ ကွာဟချက်တွေရှိတယ်ဆိုရင်တောင် လူတစ်ယောက်က ကရုဏာတရား ထားရမှာလား။ အထက်တန်းလွှာ မိသားစုတွေက သာမန်လူတွေကို ချိုးချိုးနှိမ်နှိမ် မပြောဆိုရဘူး။ လူချမ်းသာတွေကလည်း လူဆင်းရဲတွေကို မစော်ကားရဘူးလား ... "

တျန်းကျန်း၏ အမူအယာက အတော်လေးကို ဆိုးရွားလာခဲ့သည်။ သူက ဒေါသတကြီး အော်ဟစ်ချင်စိတ်ကို မနည်းထိန်းထားရ၏။

"ဆိုးဝါးလိုက်တာ။ ဘုရင်တွေက အဆင့်အတန်းမြင့်မြင့် မွေးဖွားလာကြတယ်။ သူတို့တွေကို ဒီလိုအဆင့်နိမ့်တဲ့ သာမန်လူ‌တွေနဲ့ တန်းတူသတ်မှတ်လို့ရမလား။ သူတို့တွေကရော ဘက်မလိုက်တဲ့ မေတ္တာမျိုး ထားရမှာလား…”

“တရားမျှတမှုမရှိတဲ့ တိုက်ပွဲတွေ တိုက်ခိုက်ခြင်းကနေ ရှောင်တိမ်းရမှာလား။ ဒီကမ္ဘာကြီးထဲမှာ အမှန်တရားအတွက် တိုက်ပွဲဆိုတာမှ မရှိတာ။ ကံကြမ္မာအယူဝါဒကို ဆန့်ကျင်ကြမှာလား။ ကောင်းကင်ဘုံရဲ့ဆန္ဒကို လိုက်နာပြီး နတ်ဘုရားတွေရဲ့ အလိုတိုင်း လုပ်ဆောင်ရမလား။ ဒါတွေက လုံးဝမဖြစ်နိုင်ဘူး ..."

တျန်းကျန်းက နားထောင်မိလေလေ သူ၏မျက်လုံးများက ပို၍တောက်ပလာလေလေဖြစ်ပြီး မျက်လုံးက ပို၍ကျယ်လာခဲ့သည်။ သူက ဒေါသထွက်နေသည့်အချိန်တွင် စင်မြင့်ပေါ်၌ ရှိနေသော မိန်းမပျိုကို အပိုင်းပိုင်းအစစ လုပ်ပစ်ချင်နေခဲ့သည်။

သူက ကျေနပ်လာသည့်အချိန်တွင်တော့ သူမကို အရိုအသေ ပေးချင်ခဲ့သည်။ သူမက သူ့ရင်ထဲတွင် မြှုပ်နှံထားသော စကားလုံးများကို ပြောနေသည့်အချိန်တွင် ထိုစကားလုံးများက အမှန်တရားများ ပြည့်နှက်နေကြောင်း သူလည်း ခံစားမိလိုက်၏။ သူသာ ကြိုးစားအားထုတ်လိုက်မည်ဆိုလျှင် သူက ရှေ့သို့ တက်လှမ်းနိုင်ရန် အခွင့်အရေးတစ်ခု ရှိလာပါလိမ့်မည်။

"ဘုရင်တွေ တိုက်ခိုက်တဲ့အချိန်တိုင်း သူတို့က မိုင်ပေါင်းများစွာအကျယ်ရှိတဲ့ လယ်မြေတွေကို မီးရှို့ပစ်ခဲ့ကြတယ်။ အဲဒီနယ်မြေ‌တွေထဲမှာ အရိုးဖြူတွေ ပြည့်နှက်လာတဲ့အချိန်ကျရင် ကောက်မယ့်လူတောင် မရှိတော့ဘူး .။ ဒါက တစ်ကြိမ်တည်းဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေမဟုတ်ဘူး…”

“ဒီနေရာမှာ ရှိခဲ့တဲ့ လူတိုင်းက အလားတူ အတွေ့အကြုံတွေ ကြုံခဲ့ရမယ်လို့ ကျွန်မ ယုံကြည်တယ်။ ရှင်တို့တွေက ဘက်မလိုက်ဘဲ မေတ္တာတရားထားပြီး အချင်းချင်း နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရှိအောင် လုပ်ဆောင်လိုက်မယ်၊ အဓိပ္ပါယ်မရှိတဲ့ တိုက်ပွဲတွေကို ဆန့်ကျင်လိုက်မယ်ဆိုရင် ဒီလိုအဖြစ်အပျက်တွေကို တားဆီးနိုင်လိမ့်မယ် ... "

စင်မြင့်ပေါ်တွင် ရှိနေသော ရွမ်ယုရှုက သက်ပြင်းချလိုက်မိသည်။ ယနေ့ သူမ သင်ခန်းစာပို့ချရမည့် အလှည့်ဖြစ်ပြီး သူမက ပညာရှင်တစ်ယောက် မဟုတ်ချေ။ သင်ကြားမှုအဆုံးတွင်တော့ သူမက စိတ်သက်သာရာရသွားခဲ့ပြီး ရေနဂါးခြောက်(၁၀)ခု စားလိုက်ရသော ပျော်ရွှင်မှုနှင့်ပင် မလဲနိုင်ခဲ့ပေ။

သူမက ဒုက္ခခံစားနေရသော လူအုပ်ကြီးကို ဦးမဆောင်ချင်ခဲ့ပေ။ သူမက နတ်ဘုရားများနှင့် ဗုဒ္ဓများ၊ အင်မော်တယ်များနှင့် သူတော်စင်များအကြောင်းကို ပြောပြခဲ့ခြင်း မရှိသလို မွေးဖွားလာစဉ် အချိန်ကတည်းကစပြီး အထက်တန်းလွှာ မိသားစုများ၏ဘဝက သာမန်လူသားထက် ပို၍ကြီးကျယ်နေသောအရာများကိုလည်း မပြောခဲ့ပေ။

ထိုအရာက အတွေးအခေါ်တစ်ခု ဆိုလျှင်ပင် အထက်တန်းလွှာမိသားစုများနှင့် ပဋိပက္ခဖြစ်သွားခြင်းများက သူတို့၏ အစီအစဉ် မအောင်မြင်ခင် အထက်တန်းလွှာ ပညာရှင်များနှင့် ပြဿနာများ ဖြစ်လာနိုင်သည်။ ထိုကဲ့သို့ စုစည်းထားသည့် အတွေးအခေါ်များက စည်းမျဉ်းတစ်ခုတည်းအောက်တွင် အုပ်ချုပ်နေသော တခြားတိုင်းပြည်များကို ပြန့်သွားမည်ဆိုရင် ပို၍ပင် အန္တရာယ်များနိုင်သည်။ ထိုအရာက လူအများကို ငြိမ်းချမ်းပျော်ရွှင်မှု ပြန်ပေးနိုင်တော့မည်မဟုတ်ချေ။

ချန်းတိုင်းပြည်ကလည်း တိုင်းပြည်ငယ်လေးတစ်ခုသာ ဖြစ်သည်။ သူတို့ဆီတွင် ထိုကဲ့သို့ ရည်မှန်းချက်များ ရှိလာရန် လုံးဝမဖြစ်နိုင်ပေ။ ထိုအတွေးအခေါ်က သူတို့လိုချင်သော ရလဒ်၏ ဆန့်ကျင်ဘက်ကိုသာ ဖြစ်စေပါလိမ့်မည်။ ရန်လိုမှုမရှိသော သဘောတရားကို ရှင်းပြလိုက်ခြင်းက လုံလောက်သည်။

အရင်လတွင် သူတို့က ချန်းဘုရင်၏ စောင့်ကြည့်မှုကို ခံခဲ့ရခြင်းမရှိပေ။ မည်သို့ဖြစ်စေကာမူ သူက ပိုလီအရှင်သခင်ကဲ့သို့ ဉာဏ်ပညာထက်မြက်ပြီး ထူးချွန်ထက်မြက်သူများကို လေးစားသူတစ်ယောက် မဟုတ်ချေ။ သူတို့ကို မောင်းထုတ်ရန် ဖြစ်နိုင်ခြေကလည်း အလွန်များပြားနေသေး၏။

ထို့ကြောင့် သူတို့က သူတို့၏ လွှမ်းမိုးမှု ကျယ်ပြန့်လာစေရန် သင်ခန်းစာများ ပို့ချနေပြီး တတ်နိုင်သမျှ သူတို့၏ဂုဏ်သတင်းကို တည်ဆောက်နေခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် ချန်းဘုရင်က သူတို့ကို ဆင့်ခေါ်နိုင်၏။ ရလဒ်ကသူတို့ထင်ထားသည်ထက် ပို၍ကောင်းနိုင်သည်။

ကျိုးပိုင်နှင့် တခြားသူများ၏ ကြိုးစားအားထုတ်မှုကြောင့် သင်ခန်းစာ လာရောက်နားထောင်သော လူအရေအတွက်က တဖြည်းဖြည်း များပြားလာနေခဲ့၏။ မည်သူမျှမသိသော အခြေအနေမှနေ၍ ယနေ့ဆိုလျှင် သင်ခန်းစာ လာရောက်နားထောင်သူများထဲတွင် သာမန်လူများမှစ၍ အတွေးအခေါ်ပညာရှင်များ၊ စာသင်သားများပင် ပါလာခဲ့သည်။

သူတို့က လေးလေးစားစား နားထောင်နေရင်း သင်ခန်းစာများကို မှတ်ချက်ပေးနေကြ၏။ ထို့ကြောင့် မုန့်ချီနှင့် သူ့မိတ်ဆွေ၏ ဂုဏ်သတင်းက အကြီးအကျယ် ပြန့်နှံ့သွားခဲ့ပြီး အထက်တန်းလွှာ မိသားစုဝင်များ၏ နားထဲထိ သတင်းရောက်သွားခဲ့သည်။

ထိုအချိန်တွင် အနီးအနားမြို့များတွင် နေထိုင်သူများကလည်း သူတို့၏ သင်ခန်းစာများကို နားထောင်ရန် ရှန့်ယင်မြို့ဆီသို့ ရောက်လာနေကြ၏။ ကောင်းကျိုးဝိညာဉ်(၅)မျိုးနှင့် သခင်လေးစု၏နာမည်ကလည်း လမ်းတိုင်းတွင် ပျံ့နှံ့နေခဲ့သည်။

ရွမ်ယုရှု၏ သင်ခန်းစာပြီးဆုံးသွားကြောင်း မြင်လိုက်ရသည့်အခါ နားထောင်နေသူများက ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး သူမကိုအရိုအသေပေး၍ ထွက်သွားခဲ့ကြသည်။ သူတို့က သူမကို အလွန်လေးစားနေကြပြီး တလေးတစား ဆက်ဆံနေကြ၏။

တျန်းကျန်း၏ရင်ထဲတွင်လည်း ခံစားချက်များ လှုပ်ရှားနေခဲ့သည်။ သူကတော့ ဒေါသများ ခံစားနေရသလို အံ့သြသည့် ခံစားမှုလည်း ခံစားနေမိ၏။ သူက ဝါးသစ်တောထဲရှိအခြေအနေကို တျန်းမိသားစုစံအိမ်သို့ မည်သို့ပြန်ပြောရမည်ဖြစ်ကြောင်း မသိတော့ပေ။

"စာပေတွေကို သင်ကြားပေးတယ်။ ကျင့်စဉ်တွေကို သင်ကြားပေးတယ်။ ဘာအကျိုးအမြတ်မှ မယူဘူး။ လူတိုင်းကို နားထောင်ခွင့်ပေးတာလား ... "

တျန်းကျန်း၏ ပထမဆုံးသတင်းပို့မှုကို ကြားသည့်အခါ မုတ်ဆိတ်ရှည်နှင့် တျန်းဟန်က မျက်လုံးများ ဝင်းလက်သွားခဲ့၏။

တျန်းကျန်းက ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပါတယ် ..။ တော်တော်ရိုင်းစိုင်းပြီး မောက်မာတာပဲ။ တော်တော် ကောက်ကျစ်တဲ့သူတွေပဲ…"

တျန်းဟန်က ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေပြီး ဒေါသများကို ဖိနှိပ်နေရသည်။

"လူ့အဖွဲ့အစည်းက ပျက်စီးတော့မယ့်အခြေအနေကို ရောက်နေပြီ။ ငါ မင်းကို ပြောပြမယ် ... "

စည်းမျဉ်းများကို အခြေခံထားလိုက်မည်ဆိုလျှင် ထိုသူများက သူတို့၏ကျင့်စဉ်များကို မည်သို့စိတ်ကြိုက်သင်ကြားနိုင်မည်နည်း။ စာပေဟူသည်မှာလည်း အထက်တန်းလွှာ မိသားစုများနှင့် သူတို့၏တပည့်များသာ သင်ကြားရသော အရာတစ်ခုဖြစ်သည်။

ကမ္ဘာကြီးထဲတွင် ရှိနေသော တိုင်းပြည်ငယ်လေးများ၏ အခြေအနေက ဖရိုဖရဲဖြစ်နေပြီး သူတို့က စည်းမျဉ်းဥပဒေမျိုးစုံကို ထုတ်ထားကြသည်။ သူတို့က ကိုယ်တိုင် အင်အားပြန်ဖြည့်ရန်အတွက် ရပ်တန့်နေခဲ့ကြခြင်း မရှိချေ။

တျန်းဟန်ကတော့ ထိုအကြောင်းကို အချိန်အတော်ကြာစဉ်းစားနေခဲ့သော်လည်း ယခု သူ့မျက်စိအောက်တွင် တစ်စုံတစ်ခုဖြစ်နေသည့်အချိန်၌ သူလည်း ဘာမျှမတတ်နိုင်ဘဲ ဒေါသထွက်နေခဲ့ရ၏။ လူ့အသိုင်းအဝိုင်းက ပျက်စီးသွားနိုင်ပြီး လူတိုင်းနေထိုင်သော ကမ္ဘာကြီးက အမှောင်ဖုံးလာတော့မည်ဟု သူက ခံစားနေရသည်။

သူက ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်စေရန် ခြေလှမ်းပေါင်းများစွာ လျှောက်နေပြီးနောက် ပြောလိုက်၏။

"ဆက်ပြောပါဦး…"

တျန်းကျန်းက သူ့သခင်၏အမူအရာကို မှတ်သားထားလိုက်ပြီး ရန်လိုမှုမရှိခြင်းနှင့် တရားမျှတမှု မရှိသော တိုက်ပွဲများအကြောင်းကို ပြောလိုက်ပြီး ဘက်မလိုက်သော မေတ္တာတရား၊ တန်းတူညီမျှ အကျိုးခံစားခွင့်၊ နောက်ခံ မကြည့်ဘဲ သူကောင်းပြုမှု၊ ကောင်းကင်ဘုံရဲ့ဆန္ဒကို လိုက်နာမှု၊ နတ်ဘုရားတွေအပေါ် ယုံကြည်မှု၊ ခြိုးခြံချွေတာမှု စသည့်အရာများကို ပြောပြလိုက်သည်။

တျန်းဟန်၏မျက်နှာက တဖြည်းဖြည်းနီရဲလာသော်လည်း ဒေါသတကြီး ပေါက်ကွဲနေခြင်း မရှိတော့ပေ။ သူက သူ့ကိုယ်သူ တည်ငြိမ်နေအောင် ကြိုးစားလိုက်ပြီး သတင်းပို့မှုကို အဆုံးထိ နားထောင်နေလိုက်၏။

"လူတွေရဲ့အဆင့်အတန်းတွေ နောက်ခံတွေကို မစဉ်းစားဘဲ ပါရမီရှိတဲ့သူတွေကို ချီးမြှောက်ရမယ်။ သူတို့က ငါတို့ရဲ့ဘိုးဘေးအုတ်ဂူတွေကို တူးဖော်ဖို့ ကြိုးစားနေကြတာပဲ ..."

တျန်းဟန်က အံကြိတ်၍ ပြောလိုက်သည်။

တျန်းကျန်းက ချက်ချင်းပြောလိုက်၏။

"သခင်ကြီး …

ကျွန်တော်တို့က သူတို့ကို မောင်းထုတ်လိုက်ရမလား .”

“သူတို့ကို စာပေသင်ကြားပေးတဲ့ပြစ်မှုနဲ့ မောင်းထုတ်မှာလား။ ငါတို့က ထန်တိုင်းပြည်ကို ဆင်ခြေတောင်ပေးလို့ မရတော့ဘူး ဖြစ်သွားမယ် ။ခဏနေဦး။ သူတို့က ချူးတိုင်းပြည်က လူတွေလား…"

ချန်းတိုင်းပြည်က ချူးတိုင်းပြည်၏လက်အောက်ခံ တိုင်းပြည်ငယ်လေးတစ်ခုဖြစ်သည်။ သူတို့က ထန်တိုင်းပြည်၏ ရန်လိုမှုကို ခံစားနေကြရ၏။ တရားရေးအမတ်ကြီး တစ်ယောက်ဖြစ်သော တျန်းဟန်က မဆင်မခြင် မလုပ်ရဲပေ။

"ဟုတ်တယ် သူတို့က ချူးတိုင်းပြည်ကပါ…"

တျန်းကျန်းက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

တျန်းဟန်က သေချာစဉ်းစားလိုက်ပြီးနောက် အသံတိုးတိုးနှင့် ပြောလိုက်၏။

"သူတို့က စာပေသင်ကြားပေးနေတာပဲ။ ဓားပြတိုက်နေတာမှ မဟုတ်တာ ..။ ဒီတော့ သူတို့နဲ့ပတ်သက်ပြီး စုံစမ်းဖို့ ချူးတိုင်းပြည်ကို လူတစ်ယောက်လွှတ်လိုက်။ သူတို့ဆီက သတင်းတိတိကျကျရပြီးသွားရင် ငါတို့က မောင်းထုတ်လို့ရတယ် ..."

"ကောင်းပါပြီ သခင်ကြီး…"

တျန်းကျန်းက လှည့်ထွက်သွားလိုက်သည်။

ထိုအချိန်တွင် တျန်းဟန်၏ သားအငယ်ဆုံးဖြစ်သော တျန်းကွေက တိုးတိုးလေး ရေရွတ်လိုက်မိသည်။

"ဒီကမ္ဘာကြီးက ကရုဏာတရားတွေ ကုန်ဆုံးနေတယ်။ သနားကြင်နာမှုတွေ မရှိကြတော့ဘူး။ ဘက်လိုက်မှုမရှိတဲ့ မေတ္တာတရား၊ ရန်လိုမှုမရှိခြင်း၊ ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တွေကို မြှောက်စားခြင်း…"

"ခွေးကောင်လေး ... ဘာတွေပြောနေတာလဲ…"

တျန်းဟန်၏ဒေါသများ ပေါက်ကွဲလာပြီး သူ့သား၏မျက်နှာကို အားနှင့်ရိုက်ချလိုက်သည်။

တျန်းကွေ၏အစွမ်းက အတော်လေးကို ကြီးမား၏။ သူက ဝေ့ကျင်းအဆင့် ရောက်လုနီးပါး ဖြစ်နေသည်။ သို့သော် သူကတော့ ထိုရိုက်ချက်ကို ရှောင်တိမ်းခဲ့ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုရိုက်ချက်ကို ခံနိုင်ရည်ရှိနေခြင်းကြောင့်ဖြစ်သည်။

အဖေဖြစ်သူက အားနှင့် ရိုက်ချလိုက်သည့်အချိန်တွင် သူ၏ပါးစပ်မှ သွေးများစီးကျလာခဲ့၏။

"အရည်အချင်း၊ ပါရမီရှိသူကို သူကောင်းပြုမှာလား။ တကယ်လို့ ကမ္ဘာကြီးကသာ အရည်အချင်းရှိသူတွေကို သူကောင်းပြုလိုက်မယ်ဆိုရင် မင်းလိုအရူးတွေက အောင်မြင်မှုအခွင့်အ‌ရေးရှိမယ်လို့ ထင်နေတာလား ... "

တျန်းဟန်က အော်ပြောလိုက်သည်။

တျန်းကွေက ပြန်လှည့်လာပြီး ခေါင်းမာသော မျက်လုံးများနှင့် သူ့အဖေကို စိုက်ကြည့်နေခဲ့သည်။

"အဖေ …

ကမ္ဘာကြီးက ပြောင်းလဲသွားသင့်တာ အရမ်းကြာနေပြီ။ အစွမ်းထက်တဲ့ ရာထူးတစ်ခုကို ရယူထားတာက စွမ်းအားရှိတာ မဟုတ်သလို ပါရမီရှိတာလည်း မဟုတ်ဘူး။ အဖေက တခြားသူတွေရဲ့ဆန္ဒကို ထိန်းချုပ်ဖို့အတွက် ဘိုးဘေးအမွေအနှစ်တွေ၊ စည်းကမ်းတွေကို ဆင်ခြေပေးလို့မရနိုင်ဘူးလေ။ ဒီကမ္ဘာကြီးထဲမှာ သုံးနေတဲ့ နည်းလမ်းတွေက ကောင်းကျိုးနဲ့ ဆန့်ကျင်နေတယ်…”

“ကမ္ဘာကြီးထဲမှာရှိတဲ့ အင်အားစုတွေက မြစ်ရေလှိုင်းတွေပဲလို့ သခင်လေးစုက ပြောခဲ့ဖူးတယ်။ သူတို့တွေက မြင့်တဲ့ ဦးတည်ချက်ကိုပဲ စီးဆင်းသွားကြပြီး သူတို့ကို ဆန့်ကျင်တဲ့သူတိုင်းကို သတ်ပစ်ကြတယ် ..။ တကယ်လို့ ကျွန်တော်တို့ကသာ မလုပ်နိုင်တဲ့အရာတွေကို လုပ်ခဲ့မယ်ဆိုရင် ကျရှုံးဖို့ကလည်း သေချာတယ်…”

“ဒါကြောင့် ကျွန်တော်တို့တွေက ဒီလိုစနစ်ကြီးတစ်ခုထဲမှာ ပိတ်မိနေလို့မရဘူး။ ပါရမီရှိတဲ့သူတွေကို မြှောက်စားရမှာပဲ။ အဲဒါမှပဲ ကျွန်တော်တို့ရဲ့ အသက်ရှင်ရပ်တည်မှုက အောင်မြင်နိုင်ပြီး ကျွန်တော်တို့တိုင်းပြည်က တိုးတက်လာနိုင်လိမ့်မယ်…”

တျန်းဟန်က သူ့သားကိုကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်။

"ကျေးဇူးမသိတတ်တဲ့သား ..."

ရက်ပေါင်းများစွာ ကြာပြီးနောက် တျန်းဟန်က ချူးတိုင်းပြည်မှ ပြန်ရောက်လာသော ထိတ်လန့်အံ့ဩဖွယ် သတင်းများကို ကြားလိုက်ရသည်။ ချန်းဘုရင်က ဝါးသစ်တောထဲတွင် သင်ခန်းစာပို့ချနေသူများကို နန်းတွင်းဆင့်ခေါ်လိုက်ခြင်းဖြစ်သည်။

"ဘုရင်ကြီးက သူတို့ကို တကယ်ပဲ ဆင့်‌ခေါ်လိုက်တယ် ..."

သူ့ခြေထောက်(၂)ဖက်ကလည်း ခြေမခိုင်တော့ဘဲ မြက်ဖျာပေါ်သို့ လဲကျသွားခဲ့သည်။

…………..

ချန်းတိုင်းပြည်၏ နန်းတော်ထဲတွင် မုန့်ချီတို့အဖွဲ့က ချန်းဘုရင်ကို တလေးတစား ဦးညွတ်လိုက်သည်။ သူတို့နေရာယူလိုက်သည့်အချိန်တွင် ချန်းဘုရင်က ပြောလိုက်၏။

"ငါက မင်းတို့ရဲ့စွမ်းရည်တွေကို ကြားခဲ့ရတယ်။ ဒါပေမယ့် ချန်းတိုင်းပြည်က သာမန်လူတွေ၊ အထက်တန်းလွှာတွေရဲ့ ကြားထဲမှာ မျှတတဲ့ ပတ်သက်မှုမျိုးရှိနေတဲ့ တိုင်းပြည်လေးတစ်ခုပါပဲ။ မင်းတို့ရဲ့စွမ်းရည်က ဒီနေရာမှာ အသုံးချလို့မရမှာ ကြောက်ရတယ် ..."

သူ့ဆီတွင် အနက်ရောင် မုတ်ဆိတ်ရှည်များ ရှိ‌နေပြီး တက်ကြွသော စိတ်ဓာတ် ရှိနေ၏။ သူက သိုင်းသခင်တစ်ယောက် ဖြစ်သည်။ ထိုအရာက မုန့်ချီတို့အဖွဲ့ သေချာဂရုတစိုက် ရွေးချယ်ထားသော တိုင်းပြည်ငယ်လေးတစ်ခု ဖြစ်သည်။ ဘုရင်၏ အခွင့်အာဏာက အထက်တန်းလွှာ မိသားစုများ၏ အစွမ်းထက် ကျော်လွန်နေခဲ့၏။

ချန်းဘုရင်က ပြောပြီးသွားသည့်အချိန်တွင် မုန့်ချီက ပြုံးလိုက်သည်။ သိပ်မကြာခင် သူ၏အမူအရာက လေးနက်လာပြီး အသံတိုးတိုးနှင့် ပြောလိုက်၏။

"ချမ်းတိုင်းပြည်ကလည်း သတိထားနေရတဲ့ တိုင်းပြည်လေးတစ်ခုပါ ..။ ဒီတိုင်းပြည်ရဲ့ ကပ်ဘေးတွေက အရုဏ်တက်ချိန်နဲ့ နေကျချိန်ကြားထဲမှာရှိတဲ့ မျဉ်းကြောင်းလေးတစ်ခုလိုပဲ။ ဘုရင်ကြီးပြောတဲ့ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုက ဘယ်မှာရှိလို့လဲ…"

Translated by Hein Htet.

All Chapters