← Chapters

အခန်း (၅၉၃)

Vol. 40 Ch. 593

အခန်း (၅၉၃)

Vol. 40 Ch. 593

ချန်းဘုရင်က တည်ငြိမ်စွာ ပြောလိုက်သည်။

“အမတ်ကြီးတွေက တခြားသူတွေကို အတင်းအကြပ် ဖျောင်းဖျကြတာမျိုး ငါ ကြားဖူးတယ်။ သခင်လေးစုက သူတို့လိုပဲလား…”

သူက ဘုရင်တစ်ပါးကဲ့သို့ စကားပြောနေခြင်း မဟုတ်ဘဲ အရေးကြီးသော လူတစ်ယောက်ကို တန်းတူပြောနေသလို ထင်ရသည်။ သူ၏စကားလုံးများကြောင့် မုန့်ချီတို့အဖွဲ့က အမတ်များ၏ နည်းလမ်းများအတိုင်း ကိုယ့်ကိုယ်ကိုယ် နှိမ့်ချရန် မလိုတော့ပေ။

မုန့်ချီက စကားတစ်ခွန်းမျှ မပြောဘဲ ဘုရင်ကြီးကို အလေးအနက် စိုက်ကြည့်လိုက်သည်။ သူတို့က ဤတွေ့ဆုံပွဲနှင့် ပတ်သက်ပြီး အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့ကြ၏။ ထို့ကြောင့် အဖွဲ့မှ တခြားလူများကလည်း လေးနက်လာကြသည်။ အခြေအနေက အလွန်တည်ငြိမ်နေပြီး ခန်းမကြီးထဲတွင် အလွန်တိတ်ဆိတ်နေသည့် အတွက် အပ်ကျသံပင် မကြားခဲ့ရပေ။

ဘုရင်ကြီးက ပင့်သက်ရှိုက်လိုက်ပြီး ဆက်ပြောလိုက်၏။

“ချူးတိုင်းပြည်နဲ့ ထန်တိုင်းပြည်တို့က ငါတို့အတွက်တော့ အမဲလိုက်မုဆိုးတွေလိုပဲ။ ဒါပေမဲ့ ငါတို့က ချူးတိုင်းပြည်ရဲ့ လက်အောက်ခံတိုင်းပြည်တစ်ခုပဲလေ။ ဒါက သူတို့တွေနဲ့ မတိုက်ခိုက်ဘဲ ထန်တိုင်းပြည်ကို ဆန့်ကျင်ဖို့ အစွမ်းထက်တဲ့ မဟာမိတ်တစ်ခု ပေးထားတာပဲ။ အခု ငါတို့မှာ ဘယ်လိုအန္တရာယ်မျိုး ရှိလာနိုင်မှာလဲ..”

မုန့်ချီက နောက်ကျောကို မတ်မတ်ထိုင်လိုက်သည်။ ဘုရင်ကြီး၏ စကားကို ကြားသည့်အခါ သူက ခေါင်းခါပြီး ပြန်ဖြေလိုက်၏။

“တကယ်လို့ ချူးတိုင်းပြည်နဲ့ ထန်တိုင်းပြည်တို့က အချင်းချင်း ထိန်းချုပ်နေမယ် ဆိုရင်တော့ တိုက်ပွဲတွေ တိုက်ခိုက်ကြမှာ မဟုတ်ဘဲ ငြိမ်းချမ်းမှုကို ထိန်းသိမ်းနိုင်လိမ့်မယ်။ ဒါပေမဲ့ ဒီနေ့ အဲဒီတိုင်းပြည်(၂)ခုရဲ့ကြားမှာ ပဋိပက္ခတွေ အများကြီး ရှိတယ်။ သူတို့ရဲ့နယ်စပ်တွေကလည်း တိုက်ပွဲကြောင့် ပျက်စီးသွားတာကြာပြီ။ ဒီလိုဆိုမှတော့ သူတို့ဆီကနေ ဘာအကျိုးအမြတ်မှ မရနိုင်တော့ဘူး။ တကယ်လို့ နှစ်ဖက်စလုံးက ဘာအကျိုးအမြတ်မှ မရနိုင်ဘူးဆိုရင် ပြောင်းလဲမှုတွေ ရှိလာလိမ့်မယ်…”

ခပ်လျော့လျော့ ထိုင်နေသော ဘုရင်ကြီးက မတ်မတ်ပြောင်းထိုင်လိုက်သည်။ သူက မုန့်ချီ၏စကားလုံးကို အလေးထားနေပုံရ၏။

မုန့်ချီက ဘုရင်ကြီး၏ သဘောထား ပြောင်းလဲမှုကို လျစ်လျူရှုလိုက်ပြီး သူ့ကို တည့်တည့်မေးလိုက်သည်။

“တကယ်လို့ ထန်တိုင်းပြည်က ချူးတိုင်းပြည်အစား ချန်းတိုင်းပြည်ကို တိုက်ခိုက်လိုက်မယ်ဆိုရင် ဘုရင်ကြီးက ဘာလုပ်မှာလဲ…”

ဘုရင်ကြီးဆီတွင် အဖြေတစ်ခု အဆင်သင့် ရှိနေခဲ့သည်။ သူက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

“ငါတို့ရဲ့ မြို့တွေအားလုံးမှာ ခုခံပြီး ချူးတိုင်းပြည်က အကူအညီတွေ ရောက်လာတဲ့အထိ စောင့်နေမယ်။ ငါတို့က မဟာမိတ် ဖွဲ့ထားတဲ့အတွက် သူတို့က သေချာပေါက် အကူအညီပေးလာမှာပဲ…”

အကယ်၍ ချူးတိုင်းပြည်က မဟာမိတ်အဖြစ် စွန့်လွှတ်လိုက်မည်ဆိုလျှင် တခြားသော တိုင်းပြည်ငယ်လေးများက ထန်တိုင်းပြည်ကို အကူအညီတောင်းလာကြပါလိမ့်မည်။ ထိုအရာက ချူးတိုင်းပြည်အတွက် ပို၍အခြေအနေဆိုးသွားနိုင်၏။ ထို့ကြောင့် ချူးတိုင်းပြည်က အကူအညီစေလွှတ်ပေးမည်ဟု ချန်းဘုရင်က သေချာနေခဲ့ခြင်း ဖြစ်သည်။

မုန့်ချီက ထိုအချက်ကို ငြင်းဆန်ခဲ့ခြင်း မရှိဘဲ အပြုံးနှင့် ပြောလိုက်သည်။

“ဒါပေမဲ့ ချူးတိုင်းပြည်နဲ့ ထန်တိုင်းပြည်တို့က ချန်းတိုင်းပြည်ထဲမှာ တိုက်ခိုက်ကြမယ်ဆိုရင် သူတို့သတ်ပစ်မယ့်လူတွေက သူတို့ရဲ့လူတွေ မဟုတ်ဘူး။ ပြီးတော့ သူတို့က တွင်းထွက်ပစ္စည်းတွေ၊ လယ်ယာမြေတွေကိုလည်း အသုံးချလိမ့်မယ်။ ရှားပါးတွင်းထွက်ပစ္စည်း ထုတ်လုပ်မှုတွေ၊ ဒီနေရာမှာရှိတဲ့ ယောကျ်ားမိန်းမ အကုန်လုံးကိုလည်း အသုံးချကြလိမ့်မယ်။ ဒါက ချူးတိုင်းပြည်နဲ့ ထန်တိုင်းပြည်နှစ်ခုလုံး အကျိုးရှိနိုင်တယ် မဟုတ်လား။ သူတို့က အဲဒီအကျိုးအမြတ်တွေကို စွန့်လွှတ်လိမ့်မယ်လို့ ဘုရင်ကြီးက ထင်နေတာလား။ တကယ်လို့ ဒီလိုအရာမျိုးသာ အကြိမ်ကြိမ် ဖြစ်နေမယ်ဆိုရင် ချန်းတိုင်းပြည်က သူ့ရဲ့နယ်မြေတွေကို ဘယ်နှစ်ကြိမ်များ ခုခံကာကွယ်နိုင်မှာလဲ။ ဘုရင်ကြီးရဲ့ နယ်မြေတွေက သေချာပေါက် ကျရှုံးသွားခဲ့ရဦးမှာပဲ။ ဘုရင်ကြီးက အဲဒါကို မမြင်ချင်ယောင်ဆောင်နေဦးမှာလား…”

သူက စကားတစ်လုံးချင်းကို သေချာပြောနေပြီး ဘုရင်ကြီးဆီကို အစွမ်းထက်သော စကားလုံးများနှင့် လှုံ့ဆော်နေခဲ့သည်။

ဘုရင်ကြီးက ဒေါသကို ဖိနှိပ်ရန် ကြိုးစားလိုက်၏။

“ချူးတိုင်းပြည်က ချန်းတိုင်းပြည်ကို ကယ်တင်ဖို့အတွက် တိုက်ခိုက်နိုင်တယ်။ သူတို့က ဒီနေရာမှာ တိုက်ခိုက်ဖို့တော့ မလိုဘူးလေ။ ကျိုးတိုင်းပြည်ကို ကယ်တင်ဖို့အတွက် ဝေ့တိုင်းပြည်က အဲဒီလိုနည်းလမ်းမျိုးကို အသုံးပြုခဲ့တာပဲ…”

မုန့်ချီက မစဉ်းစားခင် တွေးခဲ့မိသည်။

“တိုင်းပြည်(၂)ခုရဲ့ တိုက်ပွဲက အရမ်းကို ကြာလွန်းနေပြီ။ ခုခံမှုတွေ၊ နယ်မြေပျက်စီးမှုတွေကလည်း ထန်တိုင်းပြည်ရဲ့ နယ်စပ်မှာပဲ ရှိနေတာ။ ဒီတော့ ချူးတိုင်းပြည်က အကျိုးအမြတ်တွေရဖို့ ခက်ခဲတယ်။ ဒါပေမဲ့ ထန်တိုင်းပြည်က ချန်းတိုင်းပြည်ထဲကို ဝင်ရောက်လာပြီး ဘုရင်ကြီးတို့ရဲ့ နယ်မြေထဲကို မြန်မြန်သိမ်းပိုက်လိုက်မယ်၊ ပြီးတော့ ချူးတိုင်းပြည်က စစ်သည်တော်တွေ ရောက်မလာခင် ထန်တိုင်းပြည်ထဲကို ပြန်ဝင်ပြီး ခုခံကာကွယ်ကြမယ်။ တကယ်လို့ ဒီလိုမျိုး အကြိမ်ကြိမ် ဖြစ်လာမယ်ဆိုရင်ရော။ ချန်းတိုင်းပြည်ရဲ့ အကျိုးအမြတ်တွေ အားလုံး ကုန်သွားမယ်ဆိုရင်တောင် ဘယ်နှစ်ကြိမ် ကာကွယ်နိုင်မှာလဲ…”

ဘုရင်ကြီးက အသံပို၍ ကျယ်လာခဲ့သည်။

“ချူးတိုင်းပြည်နဲ့ ထန်တိုင်းပြည်ရဲ့ ကြားထဲမှာ အင်အားနည်းတဲ့ တိုင်းပြည်ငယ်လေးတွေ အများကြီးရှိတယ်။ ထန်တိုင်းပြည်ရဲ့ အသိဉာဏ်အရ ငါတို့ကို တိုက်ခိုက်ရမယ့်အစား ဘာလို့ သူတို့ကို မတိုက်ခိုက်ရမှာလဲ…”

“အဲဒီတိုင်းပြည်ငယ်လေးတွေက တစ်လအတွင်း ဖျက်ဆီးပစ်လို့ရတယ်..။ နောက်ပိုင်းနှစ်တွေမှာ ကံကောင်းနေမယ်လို့ ဘုရင်ကြီးက ခံစားမိလို့လား…”

မုန့်ချီကတော့ လက်(၂)ဖက်ကို ဒူးပေါ်သို့ တင်ထားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ဘုရင်ကြီးက မုန့်ချီကို ဒေါသတကြီး စိုက်ကြည့်နေပြီး ယခုတစ်ကြိမ်တော့ သူ့ဓား၏ လက်ကိုင်ပေါ်သို့ တင်ထားခဲ့၏။ သို့သော် အချိန်တော်တော်ကြာပြီးနောက် သူက သက်ပြင်းချလိုက်မိပြီး မတ်တပ်ရပ်လိုက်သည်။ သူက ရင်ဘတ်ပေါ်သို့ လက်တစ်ဖက်တင်ပြီး ပြောလိုက်၏။

“ဆရာ…

ဆရာက ဒီနေ့ခေတ်ကမ္ဘာကြီးကို ရှင်းရှင်းလင်းလင်း သိနေတာတော့ အမှန်ပါပဲ။ အဲဒီလို တိုင်းပြည်ကြီးတွေကတော့ ဧရာမကျောက်တုံးကြီးတွေလိုပဲ။ ကျွန်တော်တို့ကတော့ သူတို့ရဲ့ ကြားထဲမှာရှိတဲ့ ကြက်ဥလေးတွေလို ဖြစ်နေတယ်။ သူတို့တွေ ပွတ်တိုက်မိတဲ့အချိန်တိုင်း ကျွန်တော်တို့ပဲ သေချာပေါက် ထိခိုက်ရလိမ့်မယ်။ ချန်းတိုင်းပြည်က ဒီလိုအရေးကနေ အသက်ရှင်ရပ်တည်နိုင်ဖို့ နည်းလမ်းတွေ ရှိရဲ့လား”

သူ့ဆီတွင် လှိုက်လှဲသော သဘောထားတစ်ခု ရှိနေခဲ့သည်။ သူက လက်ရှိ သူ့တိုင်းပြည်၏ အခြေအနေကိုလည်း ရှင်းရှင်းလင်းလင်း သိနေခဲ့၏။

ရုတ်တရက် ပြောင်းလဲသွားသော သဘောထားကြောင့် မုန့်ချီက အံ့သြနေခဲ့ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ဘုရင်ကြီးက သူတို့ကို နန်းတော်ထဲသို့ ဖိတ်ခေါ်ရသော ဆုံးဖြတ်ချက်ပေါ် အခြေခံပြီး ဘုရင်ကြီးက အခြေအနေကို သိနေမည်ဟု ယူဆထားခဲ့ကြသည်။ သူကတော့ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး သူတို့အဖွဲ့၏ အသိပညာကို စမ်းသပ်နေခြင်းသာ ဖြစ်သည်။

မုန့်ချီက သူ့ရှေ့တွင် ရှိနေသော ကြေးနီအရက်ခွက်ကိုယူ၍ တစ်ငုံသောက်လိုက်သည်။ ထို့နောက် အတွေးများကို စုစည်းလိုက်၏။ ခွက်ကို ပြန်ချလိုက်ပြီးနောက် သူက ဖြည်းညင်းစွာ ပြန်ဖြေလိုက်သည်။

“ပိုကြီးမားတဲ့ တိုင်းပြည်တစ်ခုကို မှီခိုနေရတယ်ဆိုတာ မှားယွင်းတဲ့ အစီအစဉ်တစ်ခုလို့ တိုင်းပြည်တစ်ခုလုံးက ယုံကြည်နေရမယ်။ ဒါက အထက်တန်းလွှာ မိသားစုတွေ အတွက်လည်း အတူတူပဲ။ ဒါပေမဲ့ ဘုရင်ကိုယ်တိုင်တော့ မပါဘူး။ အထက်တန်းလွှာ မိသားစုတွေက အညံ့ခံလိုက်တာနဲ့ သူတို့ရဲ့ နယ်မြေတွေကို ဆက်ပြီး‌တော့ ထိန်းသိမ်းနိုင်ကြသေးတယ်။ ဒါပေမဲ့ ဘုရင်ကြီးက ချန်းတိုင်းပြည်ကို ဆက်ပြီးတော့ ထိန်းသိမ်းထားနိုင်မှာလား…”

ဘုရင်ကြီးက ခေါင်းညိတ်ထောက်ခံလိုက်ပြီး မုန့်ချီ၏ အစီအစဉ်ကို စောင့်နေခဲ့သည်။ “ချန်းတိုင်းပြည်မှာ အားနည်းချက် (၃)ခု ရှိတယ်။ ပထမဆုံးတစ်ခုကတော့ အင်အားပဲ။ ဒီကမ္ဘာကြီးက မုဆိုးတွေရဲ့ကမ္ဘာကြီးပဲ။ တရားမျှတမှုဆိုတာ မရှိဘူး။ အားနည်းမှုကပဲ ပြစ်မှုတစ်ခု ဖြစ်နေခဲ့တာ…”

“ဒုတိယတစ်ချက်ကတော့ စွမ်းရည်ထက် ကျော်လွန်နေတဲ့အရာကို လုပ်နေတာပဲ။ ဥပမာအနေနဲ့ ပြောရရင် ချူးတိုင်းပြည်ကို အားကိုးပြီး တိုင်းပြည်ငယ်လေးတွေကို တိုက်ခိုက်နေတာမျိုးပဲ။ ဒါကြောင့် ထန်တိုင်းပြည်က အဲဒါကို သတိထားနေနိုင်တယ်.”

“နောက်ဆုံးတစ်ခုကတော့ တိုင်းပြည်တစ်ခုတည်းရဲ့ ‌ထောက်ပံ့မှုကို ယူထားတာပဲ။ ချူးတိုင်းပြည်ကို အရမ်းအားကိုးနေမယ်ဆိုရင် ထန်တိုင်းပြည်နဲ့ ပတ်သက်မှုကို ထိခိုက်သွားစေနိုင်တယ်..”

မုန့်ချီက သူတို့(၅)ယောက်အဖွဲ့ ဆွေးနွေးထားသည့် ရလဒ်များကို ရှင်းပြလိုက်သည်။

ဘုရင်ကြီးက ထိတ်လန့်သွားခဲ့၏။

“ထန်တိုင်းပြည်နဲ့ ပတ်သက်မှုကို ထိခိုက်စေမှာလား။ ကျွန်တော်တို့က နှစ်ဖက်လုံးကို ထောက်ခံသင့်တာလား…”

“မဟုတ်ဘူး…”

မုန့်ချီက ရှင်းပြမနေဘဲ ဆက်ပြောလိုက်၏။

“ကျွန်တော်တို့ကိုယ်တိုင်က အားနည်းနေတဲ့အချိန်မှာ ကျွန်တော်တို့က ကောင်းကင်ဘုံရဲ့ ဆန္ဒအတိုင်း နတ်ဘုရားတွေရဲ့အမိန့်ကို လေးစားရမယ်။ တိုင်းပြည်က ဘုရင်ကြီးရဲ့ အုပ်ချုပ်မှုအောက်မှာ တသားတည်း စည်းလုံးဖို့ လိုအပ်တယ်။ တိုင်းပြည်တစ်ပြည် စည်းလုံးဖို့အတွက် ဘက်မလိုက်တဲ့ မေတ္တာတရား ရှိဖို့လည်း လိုတယ်။ ပြီးတော့ ကျောင်းတွေ ဖွင့်လှစ်ပြီး နယ်မြေအနှံ့မှာရှိတဲ့ စာသင်သားတွေ၊ ပါရမီရှင်တွေကို စုစည်းရမယ်။ သူတို့ရဲ့မိသားစု နောက်ခံ အဆင့်အတန်းတွေကို ကြည့်နေလို့ မရဘူး။ ဒါက ရေရှည်အစီအစဉ်တစ်ခုပဲ..”

“နှစ်ပေါင်းများစွာ ကြာလာပြီးရင် အဲဒီအကျိုးသက်ရောက်မှုကို မြင်ရလိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုစည်းမျဉ်းမျိုးကို အသက်သွင်းလိုက်ပြီဆိုရင် လောကတခွင်မှာရှိတဲ့ ပါရမီရှင်တွေအားလုံး ဘုရင်ကြီးရဲ့တိုင်းပြည်ဆီကို ရောက်လာကြလိမ့်မယ်။ ဒါက အစပိုင်းမှာတော့ တော်တော်လေး အကုန်အကျများနိုင်တဲ့အတွက် ဘုရင်ကြီးက ခြိုးခြံချွေတာဖို့ လိုအပ်ပြီး ဘိုးဘေးယစ်ပူဇော်မှုတွေ အလွန်အကျွံလုပ်တာကို ကန့်ကွက်သင့်တယ်…”

ဘုရင်ကြီးက မုန့်ချီ၏စကားကို သဘောတူသော်လည်း နောက်ဆုံးစကားကို ကြားသည့်အချိန်တွင် မျက်မှောင်ကြုတ်လိုက်မိသည်။

“အစပိုင်းမှာလား…”

သူက ပြန်မေးလိုက်၏။

လူအများတက်ရောက်နိုင်သော ကျောင်းများ ဖွင့်လှစ်ပြီး နယ်မြေခံပါရမီရှင်များကို ဆင့်ခေါ်ခြင်းဟူသောအရာက ခြိုးခြံချွေတာခြင်းနှင့် ဘိုးဘေးယစ်ပူဇော်မှု ပယ်ဖျက်ခြင်းဟူသော အရာကို ဖုံးကွယ်ထား၍ မရကြောင်း သူက ကောင်းကောင်း သိနေသည်။ သို့သော် သခင်လေးစုကတော့ ထိုကဲ့သို့ စည်းမျဉ်းများကို ကနဦးအနေနှင့်သာ ပြောပြနေခြင်း ဖြစ်ပုံရ၏။

မုန့်ချီက ပြုံးပြပြီး ထိုအရာကို ရှင်းမပြခဲ့ပေ။ ထိုအစား သူက ဆက်ပြောလိုက်၏။ “လူတစ်ယောက်ရဲ့ စွမ်းရည်ထက် ကျော်လွန်နေတဲ့ အရာကိုလုပ်ဖို့ဆိုရင် ဘက်မလိုက်တဲ့ မေတ္တာတရားမျိုး မရှိဘဲနဲ့ မရနိုင်ဘူး။ လူအတော်များများမှာ တကိုယ်ကောင်းဆန်မှုပဲ ရှိတတ်ကြတယ်။ ဘုရင်ကြီးက တိုက်ပွဲတွေ မတိုက်ခိုက်တော့ဘူး ဆိုတာကို လောကကြီးသိအောင် ပြောပြဖို့ လိုလိမ့်မယ်။ တကယ်လို့ ဘုရင်ကြီးကသာ ကတိကို ဖောက်ဖျက်ခဲ့မယ်ဆိုရင် ကောင်းကင်ဘုံနဲ့ လူသားတွေရဲ့ စွန့်ပစ်မှုကို ခံရပြီး ဘိုးဘေးတွေလည်း အရှက်ရမယ်ဆိုတဲ့ စကားလုံးမျိုး ကတိပေးသင့်တယ်။ ဒါက တခြားတိုင်းပြည်တွေရဲ့ အကြောက်တရားတွေ၊ စိုးရိမ်မှုတွေကို ဖယ်ရှားပေးနိုင်လိမ့်မယ်…”

နတ်ဘုရားများ၊ လူသားများ၏ စွန့်ပစ်မှုကို ခံရပြီး ဘိုးဘေးများကို အရှက်ရစေသည်မှာ အလွန်ပြင်းထန်သော ကျိန်ဆိုမှုတစ်ခု ဖြစ်သည်။ ထိုကျိန်ဆိုမှုတွင် ချုပ်နှောင်သည့် စွမ်းအားများ မရှိသော်လည်း လူအများ၏ မျက်လုံးထဲတွင်တော့ အတော်လေးကို ကြောက်စရာကောင်းသည်။ ထို့ပြင် ယခု သူက မိုကျောင်းတော်၏ ရန်လိုမှု မရှိခြင်းဟူသော အတွေးအခေါ်ကိုလည်း လိုက်နာပြီးသား ဖြစ်သွားသည်။

ဘုရင်ကြီးက နောက်တစ်ကြိမ် တည်ငြိမ်သွားခဲ့၏။ အကယ်၍ သူကသာ တခြားတိုင်းပြည်များကို တိုက်ခိုက်ရာမှ အကျိုးအမြတ် မရှိလျှင် တိုင်းပြည်၏အစွမ်းက မည်သို့ တိုးတက်လာနိုင်မည်နည်း။ အကယ်၍ သူ့တိုင်းပြည်၏ သေရေးရှင်ရေး အခြေအနေမျိုးတွင် သူက ရန်လိုမှုမရှိသော အတွေးအခေါ်ကို ရပ်တည်နိုင်ခြင်း မရှိနိုင်ပေ။

မုန့်ချီကတော့ ဘုရင်ကြီး၏ အမူအရာပြောင်းလဲမှုကို သတိထားမိပုံ ရ၏။ သူက ဆက်ပြောလိုက်သည်။

“ကျွန်တော်တို့က မတည်ငြိမ်တဲ့ အခြေအနေမျိုး ရောက်နေတယ်လေ။ ဒီတော့ ထန်တိုင်းပြည်အတွက် အကျိုးရှိအောင် လုပ်တယ်ဆိုတာ ထန်ပြည်သားတွေအတွက် အကျိုးရှိတာမျိုးကို ဆိုလိုတာပဲ…”

“ဆရာက ဘာကို ပြောချင်တာလဲ…”

ဘုရင်ကြီးက နားမလည်နိုင်ခဲ့ပေ။

မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။

“ချူးတိုင်းပြည်နဲ့ ထန်တိုင်းပြည်က အချိန်အကြာကြီး တိုက်ခိုက်လာရတာ။ သူတို့ရဲ့ စီးပွားရေးကုန်သွယ်မှုတွေလည်း ပြတ်တောက်သွားပြီ မဟုတ်လား…”

“ဟုတ်ပါတယ်…”

ချန်းဘုရင်က သိုင်းသခင်တစ်ယောက် ဖြစ်သည့်အတွက် ယခုဖြစ်နေသော အချက်အလက်များကို အလွန်သေချာနားလည်နိုင်သည်။

“ချူးတိုင်းပြည်နဲ့ ထန်တိုင်းပြည်က တခြားတိုင်းပြည်တွေနဲ့ ကုန်သွယ်နိုင်ကြပေမဲ့ သူတို့ ပြိုင်ဘက်တွေဆီမှာပဲ ရှိတဲ့ ရှားပါးတွင်းထွက်ပစ္စည်းတွေ၊ ကျောက်မျက်ရတနာတွေ၊ ဆေးဝါးတွေလည်း ရှိနေသေးတယ်။ ချူးတိုင်းပြည်က ယွင်ကျိုးဆေးဝါးနဲ့ ထန်တိုင်းပြည် ကွမ်တောင်တန်းမှာရှိတဲ့ ရတနာတွေက ဥပမာတွေပဲ။ သူတို့တွေက ပညာရှင်တွေ ကျင့်ကြံဖို့ လိုအပ်တဲ့ ပစ္စည်းကောင်းတွေပဲ။ ကုန်သည်တွေက တိတ်တဆိတ် ကုန်သွယ်နိုင်ကြပေမယ့် သူတို့ရနိုင်တဲ့ အရေအတွက်က ကျင့်ကြံဖို့အတွက် မလုံလောက်ဘူး…”

မုန့်ချီက ယုံကြည်ချက်ရှိရှိ ရှင်းပြလိုက်သည်။

သူတို့က အဓိကအချက်ကို မရောက်သေးသည့်အတွက် ဘုရင်က အနည်းငယ် စိတ်ပျက်လာခဲ့သည်။

“ကျွန်တော်တို့က ထန်တိုင်းပြည်ကို ကူညီပြီး ယွင်ကျိုးဆေးတွေကို ဝယ်ပေးရမှာလား။ တကယ်လို့ ကျွန်တော်တို့ကို တွေ့သွားမယ်ဆိုရင် ချူးတိုင်းပြည်က သေချာပေါက် တိုက်ခိုက်ကြမှာပေါ့…”

ထိုကဲ့သို့ ကုန်သွယ်မှုမျိုးကို ပွင့်ပွင့်လင်းလင်း လုပ်ဆောင်၍ မရနိုင်ချေ။ ချူးတိုင်းပြည်နှင့် ထန်တိုင်းပြည်တို့က ပုံမှန်အခြေအနေနေမျိုးတွင် မျက်စိမှိတ်နေနိုင်သော်လည်း တိုက်ပွဲကာလမျိုးတွင်တော့ ကြည့်နေလိမ့်မည် မဟုတ်ချေ။

မုန့်ချီက ခေါင်းခါပြလိုက်၏။

“ဘာလို့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်နေရတာလဲ…”

ထိုစကားကို ပြောလိုက်ပြီးနောက် သူက မတ်တပ်ရပ်ပြီး လက်တစ်ဖက်ကို ရင်ဘတ်ပေါ်သို့ တင်လိုက်သည်။

“ဘုရင်ကြီး…

ကျေးဇူးပြုပြီး သယ်ယူပို့ဆောင်ရေးအခွန်တွေအားလုံးကို ပယ်ဖျက်လိုက်ပါ…”

တိုင်းပြည်နယ်စပ်တွင် စစ်ဆေးရေးများ ရှိနေပြီး မြို့ကြီးများ၏ အနားတွင်လည်း အခွန်ကောက်ခံသော နေရာများ ရှိနေသည်။

“သယ်ယူပို့ဆောင်ရေး အခွန်တွေ အားလုံးကို ဖယ်ရှားလိုက်ရမှာလား။ ကျွန်တော်တို့က ကျောင်းတွေဖွင့်ပြီး ပါရမီရှင်တွေ ရွေးချယ်ပြီးခေါ်မှာ မဟုတ်ဘူးလား…”

ဘာကြောင့် ခေါင်းစဉ်က ရုတ်တရက် ပြောင်းသွားကြောင်း ဘုရင်ကြီးက နားမလည်နိုင်ခဲ့ပေ။ သူက အံ့သြနေခဲ့ပြီး အနည်းငယ် စိုးရိမ်သွားခဲ့၏။ ဘိုးဘေးယစ်ပူဇော်သည့်နည်းကို ဖယ်ရှားပြီး ခြိုးခြံချွေတာလိုက်ရုံနှင့် ပါရမီရှင်များကို ထောက်ပံ့ရန် ခက်ခဲနိုင်သေးသည်။ အကယ်၍ သယ်ယူပို့ဆောင်ရေး အခွန်ကို ဖယ်ရှားလိုက်မည်ဆိုလျှင် ထိုအရာကို မည်သို့ ရရှိလာနိုင်မည်နည်း။

မုန့်ချီက မတ်မတ်ရပ်လိုက်သည့်အတွက် လေထဲတွင် အင်္ကျီများက လှုပ်ရှားနေခဲ့သည်။

“သယ်ယူပို့‌ဆောင်ရေးအခွန်တွေအားလုံးကို အထက်တန်းလွှာမိသားစုတွေကပဲ ချမှတ်ထားတာ။ အဲဒီငွေကြေးတွေ အားလုံးက ဘုရင်ကြီးဆီကို ရောက်လာမယ့်အစား သူတို့ဆီကိုပဲ ရောက်သွားတာ။ တကယ်လို့ ကျွန်တော်တို့က အဲဒါကို ဖယ်ရှားလိုက်မယ်ဆိုရင် ထန်တိုင်းပြည်နဲ့ ချူးတိုင်းပြည်က ကုန်သည်တွေအားလုံး ဒီမှာစုစည်းလာနိုင်တယ်။ အဲဒီအချိန်ကျရင် ရှန့်ယင်က ကုန်သည်တွေ စုရုံးလာတဲ့ နေရာတစ်ခု သေချာပေါက် ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်မှာ ကုန်သွယ်ရေး အခွန်တွေကို နှစ်ဆ မြှင့်တင်လိုက်လို့ရတယ်။ ကုန်သည်တွေက စားစရာ၊ အဝတ်အစား၊ အသုံးအဆောင်၊ မြင်းနဲ့ ဖျော်ဖြေရေး ပစ္စည်းမျိုးစုံကို လိုအပ်တယ်။ စားသောက်ဆိုင်တွေ၊ တည်းခိုဆောင်အလုပ်တွေလည်း မြင့်တက်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် ခရီးသွားတွေကို ထိန်းသိမ်းဖို့အတွက် တိုးတက်မှု မလုံလောက်မှာကိုပဲ စိုးရိမ်စရာ ရှိတယ်။ ရလဒ်အနေနဲ့ သာမန်လူတွေက ပိုကောင်းကောင်း နေထိုင်နိုင်ပြီး ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ ဈေးဆိုင်တွေက တိုးတက်လာမယ်။ ရှန့်ယင်ကလည်း ရတနာသိုက်ကြီးတစ်ခု ဖြစ်လာပြီး ဘုရင်ကြီးက အခွန်မလုံလောက်မှာ၊ ဘဏ္ဍာမရမှာကို စိုးရိမ်စရာ မလိုတော့ဘူး…”

ဘုရင်ကြီးက မတ်တပ်ရပ်လိုက်မိပြီး အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ ထိုအရာက အမှန်တကယ်လည်း အခွင့်အရေးကောင်းတစ်ခု ဖြစ်၏။

“ဒါက အလုပ်ဖြစ်ပါ့မလား။ ကြည့်ရတာတော့ တကယ်အလုပ်ဖြစ်မယ့်ပုံပဲ..”

မုန့်ချီ၏အသံက ပို၍ကျယ်လောင်လာပြီး သူက ဆက်ပြောလိုက်သည်။

“ဒီလို ကုန်သည်တွေ စုရုံးလာတဲ့အတွက် တိုင်းပြည်နှစ်ခုက လူတွေကလည်း ယွင်ကျိုးဆေးဝါးတွေနဲ့ ကွမ်တောင်တန်းက ရတနာတွေကို သေချာပေါက် လာပြီး အရောင်းအဝယ် လုပ်ကြမှာပဲ။ သူတို့ကိုယ်တိုင် လုပ်ဆောင်နေကြတဲ့အတွက် ဘုရင်အသီးသီးနဲ့လည်း ဘာမှမဆိုင်တော့ဘူး။ တိုင်းပြည်အများစုကလည်း ကျွန်တော်တို့ကို အပြစ်တင်မှာ မဟုတ်တော့ဘူး။ ဒါက ချူးတိုင်းပြည်နဲ့ ထန်တိုင်းပြည် နှစ်ခုလုံးအတွက် အကျိုးအမြတ်ရှိတဲ့ အရာတစ်ခုပဲ…”

ဘုရင်ကြီးက ထိုအချက်ကို နားလည်သွားပြီး ခေါင်းညိတ်ထောက်ခံလိုက်သည်။

ထိုအချိန်တွင် မုန့်ချီက ခိုင်မာစွာ ပြောလိုက်၏။

“ရလဒ်အနေနဲ့ ချန်းတိုင်းပြည်က အားနည်းမှာ မဟုတ်တော့ဘူး။ သူ့ကို တိုက်ခိုက်မယ်ဆိုရင် တိုင်းပြည်အသီးသီးကိုလည်း ထိခိုက်သွားစေလိမ့်မယ်။ ချန်းတိုင်းပြည်ကလည်း အမှန်တရားအတွက် နာမည်ကျော်ကြားလာပြီး ဘယ်တိုက်ပွဲကိုမှ ဝင်မပါတဲ့အတွက် တခြားတိုင်းပြည်တွေကိုလည်း ထိခိုက်မှာ မဟုတ်တော့ဘူး။ ရလဒ်အနေနဲ့ ချန်းတိုင်းပြည်က တခြားတိုင်းပြည်တွေ အားလုံးအတွက် အသုံးဝင်လာလိမ့်မယ်။ အစွမ်းထက်ပြီး အမှန်တရားကို မြတ်နိုးတဲ့ တိုင်းပြည်တစ်ခုက တခြားတိုင်းပြည်တွေအတွက် အကျိုးရှိနေမှတော့ ချန်းတိုင်းပြည်ကလည်း အန္တရာယ်ကင်းနေလိမ့်မယ်…”

“တကယ်လို့ ချူးတိုင်းပြည်နဲ့ ထန်တိုင်းပြည်ရဲ့ တိုက်ပွဲကို ခန့်မှန်းလို့ မရနိုင်ဘူး ဆိုရင်တောင် စိုးရိမ်နေဖို့ မလိုတော့ဘူး။ ဒီရလဒ်ကို ရှင်းလင်းသွားပြီဆိုရင် ဘုရင်ကြီးက ဘာဆက်လုပ်ရမလဲဆိုတာ သိပါလိမ့်မယ်..”

သူ၏ စကားလုံးများက ခိုင်မာနေပြီး အင်အားများ ပြည့်နှက်နေသည်။

ဘုရင်ကြီး၏ မျက်လုံးထဲတွင်တော့ ဝမ်းသာမှုများ ပြည့်နှက်နေပြီး အသက်ရှူသံကပင် ပြင်းထန်နေခဲ့၏။ သူက ပလ္လင်ပေါ်မှ ဆင်းလာပြီး မုန့်ချီ၏ပုခုံးကို ကိုင်လိုက်သည်။ “ဆရာ…

ဆရာက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ။ ချန်းတိုင်းပြည်က ဆရာ့ရဲ့ သင်ကြားမှုတွေ သိခွင့်ရခဲ့တာ တော်တော်လေးကို ကံကောင်းသွားပြီ။ ဆရာက ကျွန်တော်တို့အတွက် ဘာသာရေးအမတ်ကြီးရာထူးကို လက်ခံပေးနိုင်မလား..”

မုန့်ချီနှင့် သူ့အဖွဲ့က အချင်းချင်း ကြည့်လိုက်မိကြသည်။ တစ်လပင် မကျန်တော့သော အချိန်အတွင်း ထိုအခြေအနေက သူတို့၏ အောင်မြင်မှုအတွက် အဓိကကျနေခဲ့သည်။

“အဲဒါက ကျွန်တော် လိုချင်နေတဲ့ အရာပါပဲ။ ဒါပေမဲ့ ကျွန်တော်က မတောင်းဆိုရဲပါဘူး”

မုန့်ချီက ရင်ဘတ်ပေါ်သို့ လက်တစ်ဖက်တင်ပြီး ဦးညွှတ်လိုက်သည်။

………….

“ဖျောင်း...ခွမ်း....”

အရက်ခွက်(၁)ခွက်က ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ တရားရေးအမတ်ကြီး တျန်းဟန်၏မျက်နှာက မည်းမှောင်နေခဲ့၏။

သူ့ရှေ့တွင် ရပ်နေသော အကြီးဆုံးသား တျန်းကွမ်ကိုကြည့်ပြီး ‌သူက အော်ပြောလိုက်သည်။

“ရယ်စရာကောင်းလိုက်တာ။ ဘုရင်ကြီးက မိုကျောင်းတော်က စုမိုကို ဘာသာရေးအမတ်ကြီးအဖြစ် ခန့်အပ်လိုက်တာလား။ သယ်သူပို့ဆောင်ရေး အခွန်တွေကို ဖယ်ရှားပြီး အရည်အချင်းရှိသူတွေကို ချီးမြှောက်မယ်ဆိုတာ ငါတို့မိသားစု အကျိုးစီးပွားတွေကို ထိခိုက်စေလိမ့်မယ်…”

တျန်းကွမ်က ခေါင်းညိတ်ထောက်ခံလိုက်သည်။

“ကျွန်‌တော်လည်း အဲဒီလိုပဲ ခံစားမိခဲ့တယ်။ အရှေ့တောင်ပိုင်းမှာရှိတဲ့ ဝူတိုင်းပြည်ကလည်း ဝူဟောင်လို့ခေါ်တဲ့ ကျေးတောသားတစ်ယောက်ကို မြှောက်စားလိုက်တယ်လို့ ကြားရတယ်။ သူတို့ကလည်း အထက်တန်းလွှာ မိသားစုတွေရဲ့ နယ်မြေတွေကို သိမ်းယူပြီး လယ်ယာမြေတွေ၊ မြို့တွေကို ပြန်လည် တည်ဆောက်နေတယ်။ ရလဒ်အနေနဲ့ ဝူတိုင်းပြည်က ပြည်တွင်းစစ် ဖြစ်သွားခဲ့တာပဲ။ စုမိုကလည်း အဲဒီလိုဖြစ်မှာ စိုးရတယ်..”

“အထက်တန်းလွှာ မိသားစုတွေရဲ့ နယ်မြေတွေကို လယ်ယာမြေတွေ၊ မြို့တွေ တည်ဆောက်ဖို့ သိမ်းယူတာလား…”

တျန်းဟန်က ခေါင်းထဲတွင် မူးဝေသွားခဲ့၏။ ထိုကဲ့သို့ အတွေးအခေါ်များက သူ့အတွက် နားလည်နိုင်ခြင်း မရှိ‌ချေ။

“ကောင်းကင်ကြီးက ပြိုကျလာပြီလား…”

တျန်းကွမ်၏ အမူအရာက တည်ငြိမ်နေခဲ့သည်။

“ကျွန်တော်တို့က အဲဒီအန္တရာယ်ကို ဖြေရှင်းမှပဲ ဖြစ်တော့မယ်…”

“ဒါပေမဲ့ ဘုရင်ကြီးရဲ့အထောက်အပံ့ ရှိနေတယ်လေ…”

ဘုရင်ကြီးက သိုင်းသခင်တစ်ယောက် ဖြစ်ကြောင်း သိနေသည့်အတွက် တျန်းဟန်က မျက်မှောင်ကြုတ်နေမိသည်။ သူက ဤတိုင်းပြည်ထဲတွင် အစွမ်းထက်ဆုံး လူတစ်ယောက်လည်း ဖြစ်၏။ သူ့ရှေ့တွင် မည်သူကမျှ လူတစ်ယောက်ကို သတ်ပစ်နိုင်ခြင်း မရှိပေ။ သူတို့က ချူးတိုင်းပြည်မှ အကူအညီ မရှိဘဲ လုပ်နိုင်ခြင်း မရှိချေ။

တျန်းကွမ်က ပြောလိုက်၏။

“တကယ်လို့ ကျွန်တော့်အသက်ကို ရင်းရမယ် ဆိုရင်တော့ အခွင့်အရေးတစ်ခု ရှိနိုင်တယ်…”

“မင်း...”

တျန်းဟန်က အံ့အားသင့်စွာ ပြောလိုက်မိသည်။

တျန်းကွမ်က နှုတ်ခမ်းကို ကိုက်လိုက်မိပြီး မျက်နှာပေါ်တွင် တည်ငြိမ်မှုနှင့် ပြတ်သားမှုများ ပေါ်လာခဲ့၏။

“ကျွန်‌တော် သေသွားရင်လည်း ကိစ္စမရှိဘူး။ ကျွန်တော်တို့ကသာ သူ့ကို ရှင်းနိုင်မယ်ဆိုရင် ဘဝကြီးက လုံခြုံသွားလိမ့်မယ်။ လူသန်းပေါင်းများစွာက အမှန်တရားအတွက် သေသွားကြရတယ်လို့ စုမိုကိုယ်တိုင် ပြောခဲ့တာပဲလေ…”

Translated by Hein Htet

All Chapters