အခန်း (၅၉၄)
Vol. 40 Ch. 594
ညလေပြည်လေညင်းက ကြာပန်းထဲတွင် ရှိနေသော မွှေးရနံ့များနှင့် အေးတိအေးစက် လေလှိုင်းများကို သယ်ဆောင်ပေးခဲ့သည်။
တရားရေးအမတ်ကြီး တျန်းဟန်က လက်နောက်ပစ်၍ ရပ်နေပြီး ရေကန်ထဲတွင် စီးဆင်းနေသော ရေများကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့၏။ သူ၏ စိတ်အစဉ်ကတော့ လွင့်မျောနေခဲ့သည်။
ရုတ်တရက်ဆိုသလို သူ့အစေခံ တျန်းကျန်းက အလျင်အမြန် ရောက်လာပြီး အရေးပေါ်သတင်း ပေးပို့လိုက်သည်။
“သခင်ကြီး…
စုမိုကို ဘာသာရေးအမတ်ကြီးအဖြစ် အမိန့်ချလိုက်တဲ့သတင်းကို ယန်မြို့စားက သိသွားပြီ။ ယန်မြို့စားကလည်း စုမိုကို သွားပြီး ထောက်ပံ့ပေးနေတယ်…”
ယန်မြို့စားက တျန်းကွေ ဖြစ်သည်။ သူက ယန်မြို့ကို အမွေဆက်ခံထားရပြီး သူ့အစ်ကိုပြီးနောက် မြို့စားဖြစ်လာခဲ့ခြင်း ဖြစ်သည်။ တျန်းကွမ်ကတော့ တပ်မှူးရာထူးကို တိုးမြှင့်သွားခဲ့၏။
တျန်းဟန်က ရင်ထဲတွင် ဒေါသများ ပြည့်နှက်လာသည့်အလား မျက်လုံးထဲတွင် မီးဝင်းဝင်း တောက်လာခဲ့သည်။ သို့သော် သူ၏အငွေ့အသက်များကို ချက်ချင်း ထိန်းချုပ်လိုက်ပြီး ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားခဲ့၏။
“သူ့ကို လွှတ်ထားပေးလိုက်ပါ…”
သူ့လေသံက ပုံမှန်သာ ထင်မှတ်ရသည်။
တျန်းကျန်းက တိုးတိုးလေး ရေရွတ်လိုက်၏။
“သခင်ကြီး…
ကျွန်တော်တို့က သူ့ကို ဘယ်လိုလွှတ်ပေးလိုက်ရမှာလဲ။ သခင်ကြီးက ယန်မြို့စားနေရာကို လက်လွှတ်ချင်နေတာလား…”
တျန်းဟန်က ခံစားချက်ကင်းမဲ့သော အမူအရာနှင့် သူ့ကို ပြောလိုက်သည်။
“သူ့ကို လုပ်ချင်တာ လုပ်ခွင့်ပေးလိုက်ပါ…”
တျန်းကျန်းက သံသယများကို နောက်တစ်ကြိမ် မေးမြန်းခြင်း မရှိတော့ချေ။ သူက ခေါင်းညိတ်ပြလိုက်ပြီး စံအိမ်ထဲ၌ ထွက်ခွာသွားလိုက်၏။ ကြာပန်းရေကန်ကို အနည်းငယ် စိုက်ကြည့်ခဲ့ပြီးနောက် တျန်းဟန်က ရုတ်တရက် သက်ပြင်းချလိုက်မိပြီး တစ်ယောက်တည်း တီးတိုးပြောလိုက်မိသည်။
“ဒါလည်း ကောင်းတာပါပဲလေ…”
………….
ချန်းဘုရင်၏ နန်းတော်ထဲတွင် မုန့်ချီနှင့် ကျန်းကျိဝေတို့က သူတို့၏ ပထမဆုံးနန်းတွင်း အစည်းအဝေးကို စောင့်နေကြပြီး သူတို့နောက်ထပ်လုပ်ရမည့် အကြောင်းအရာများကို စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။
လွန်ခဲ့သော တစ်လအတွင်း သူတို့က အစီအစဉ်နှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို ဆွေးနွေးရန် အချိန်မရှိသော်လည်း အကြိမ်ကြိမ် အခါခါ ပြန်လည်စဉ်းစားခဲ့ကြသည်။ သူတို့က ထိုပြဿနာကို ဆွေးနွေးရန် နေ့ရောညပါ ကြိုးစားခဲ့ကြ၏။
“ချန်းဘုရင် ကိုယ်တိုင်က သိုင်းသခင်တစ်ယောက်ပဲ။ သူ့မှာ နန်းတွင်းအမတ်တွေနဲ့ မြေပိုင်ရှင် မဟုတ်တဲ့ စာသင်သားတွေရဲ့ထောက်ပံ့မှုတွေလည်း ရှိတယ်။ သူ့ဆီမှာ ဝေ့ကျင်းအဆင့် ပညာရှင်တွေရဲ့ ထောက်ပံ့မှုကလည်း အားနည်းမှာ မဟုတ်ဘူး။ သူသာ ပြတ်သားမယ်ဆိုရင် သယ်ယူပို့ဆောင်ရေးအခွန်ကို ဖယ်ရှားပြီး တိုင်းပြည်စည်းမျဉ်းတွေကို ပြောင်းလဲနိုင်လိမ့်မယ်။ ရှန့်ယင်မှာရှိတဲ့ အထက်တန်းလွှာ မိသားစုတွေက ပြင်းပြင်းထန်ထန် ဆန့်ကျင်လိမ့်မယ်လို့ မထင်ဘူး…”
“ဒါပေမဲ့ မှူးမတ်တွေကသာ မလိုက်နာဘူးဆိုရင် စည်းမျဉ်းတွေ ပျက်စီးသွားမှာ စိုးရတယ်။ ဒါက ရလဒ်တွေကို ကျရှုံးသွားစေနိုင်သလို တခြားတိုင်းပြည်တွေနဲ့ ဆက်ဆံရေးကိုလည်း ထိခိုက်သွားစေနိုင်တယ်။ ပြီးတော့ ဘဏ္ဍာရေးငွေ အလွန်အကျွံ ကုန်ဆုံးမှုကိုလည်း ဖြစ်စေနိုင်တယ်…”
ဘုရင်၏ညီငယ်တစ်ယောက် ဖြစ်သော ကျိုးဟမ်က ထိုကဲ့သို့ အခြေအနေများတွင် အရင်းနှီးဆုံး ဖြစ်သည်။ တော်ဝင်မိသားစုက စွမ်းအား ပိုင်ဆိုင်ထားသည့်အချိန်တွင် ထိပ်တန်းအထက်တန်းလွှာ မိသားစုက ထိုကဲ့သို့ အပြုအမူများကို လုပ်ဆောင်တတ်သည်။
အမြဲလိုလို ရေငုံနှုတ်ပိတ် နေတတ်သော ချီကျန်းရန်ကလည်း သင်ခန်းစားများစွာ သင်ကြားပေးခဲ့ပြီးနောက် ပို၍ပင် စကားများလာခဲ့သည်။ သူက ပြောလိုက်၏။ “အရည်အချင်းအလိုက် မြှောက်စားတဲ့ စနစ်ကို နန်းတွင်းခုံရုံး ၊ နယ်မြေရုံးတော်အနည်းငယ်၊ ရှန့်ယင်မှာရှိတဲ့ မှူးမတ်တွေနဲ့ ဘုရင်ကြီးရဲ့တပ်ဖွဲ့က ထိန်းချုပ်နိုင်တယ်။ ဒီလိုဆိုရင် ငါတို့က အထက်တန်းလွှာ မိသားစုတွေရဲ့ ပိုင်ဆိုင်မှုကိုလည်း ကာကွယ်ပေးနိုင်သလို ခုခံမှုလည်း နည်းသွားလိမ့်မယ်…”
ဘုရင်ကြီး ထိန်းချုပ်နိုင်သော နယ်မြေများက အစွမ်းထက်ဆုံး ဖြစ်သည်။ အထက်တန်းလွှာ မိသားစုများက ပုံမှန် မဟုတ်သော နည်းလမ်းများကိုသုံး၍ နှောင့်ယှက်နိုင်ခြင်း မရှိချေ။ နတ်ဘုရားကမ္ဘာက တပ်ဖွဲ့များကတော့ မုန့်ချီတို့ ကမ္ဘာကြီးနှင့် ကွဲပြားသည်။ ထိုနေရာတွင် ရှေးအချိန်ကတည်းက ချန်ထားခဲ့သော ဝင်္ကပါများစွာ ရှိနေခဲ့၏။
လုံလောက်သော လေ့ကျင့်မှုနှင့် အဖိုးတန်လက်နက်များ ပိုင်ဆိုင်ထားသည့်အတွက် ထိုတိုက်ခိုက်ရေးဝင်္ကပါများက ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်များကိုပင် ဝေ့ကျင်းအဆင့် ပညာရှင်များနှင့် တိုက်ခိုက်နိုင်အောင် ကူညီပေးနိုင်သည်။ ထို့ကြောင့် တပ်ဖွဲ့တစ်ဖွဲ့၏ တည်ရှိမှုကလည်း အရေးပါ၏။
သို့သော် အလွန်ထူးခြားသော အခြေအနေ အများစုမှလွဲလျှင် တပ်ဖွဲ့အများစုက လေထဲတွင် ပျံသန်းနိုင်ခြင်း မရှိသည့်အတွက် အလစ်ချောင်း တိုက်ခိုက်ခြင်းက အသုံးမဝင်သော်လည်း သူတို့က ခုခံမှုနှင့် ထိပ်တိုက်တိုက်ပွဲများတွင် စခန်းချရန်တော့ ကောင်းမွန်လှသည်။
“ဟုတ်တယ်။ စတင်တဲ့အနေနဲ့ ငါတို့က ပဋိပက္ခတွေကို ရှောင်တိမ်းဖို့ လိုတယ်။ ပြီးတော့ ချူးတိုင်းပြည်က လျှို့ဝှက်တာအိုဂိုဏ်းနဲ့ ဆွေးနွေးတာကိုလည်း ရှောင်တိမ်းဖို့ လိုလိမ့်မယ်။ မတူညီတဲ့ အင်အားစုတွေက ငါတို့ရဲ့လုပ်ရပ်ကို ထောက်ခံလာရင်တော့ ငါတို့က ရဲရဲတင်းတင်း လုပ်လို့ရပြီ။ အကျိုးအမြတ်တွေ ခံစားပြီးသွားရင်တော့ သူတို့က သေချာပေါက် သဘောတူမှာပါ…”
မုန့်ချီက ချီကျန်းရန်၏စကားကို ထောက်ခံလိုက်ပြီး လွှတ်တော်ဆွေးနွေးပွဲ မတိုင်ခင် သူတို့ ဆွေးနွေးမှုရလာဒ်ကို ဘုရင်ကြီးဆီသို့ တင်ပြရန် ဆုံးဖြတ်လိုက်သည်။
ကျန်းကျိဝေက အနည်းငယ် မျက်မှောင်ကြုတ်ပြီး သူမ၏စိုးရိမ်မှုများကို ရှင်းပြလိုက်၏။
“အရည်အချင်းရှိသူကို မြှောက်စားတဲ့ စည်းမျဉ်းရယ်၊ ခြိုးခြံချွေတာတဲ့ စည်းမျဉ်းရယ်၊ ဘိုးဘေးယစ်ပူဇော်မှုကို ဖယ်ရှားတဲ့ စည်းမျဉ်းတွေကို ဘုရင်ကြီးနဲ့ တခြားအဖွဲ့ နည်းနည်းကပဲ စိုးရိမ်ကြတာ။ ဒါကြောင့် ငါတို့က ပြင်ပအနှောင့်အယှက်တွေကို စိုးရိမ်ဖို့ မလိုဘူး။ ဒါပေမဲ့ သယ်ယူပို့ဆောင်ရေးအခွန်ကို ဖယ်ရှားလိုက်ဖို့ကတော့ အထက်တန်းလွှာ မိသားစုတွေ ပူးပေါင်းမှု လိုလိမ့်မယ်။ မဟုတ်ရင် ငါတို့က အချိန်ကြာကြာ ရပ်တည်နိုင်မှာ မဟုတ်ဘူး…”
သယ်ယူပို့ဆောင်ရေးအခွန်ကို ဖယ်ရှားခြင်းမရှိဘဲ ကုန်သည်များကို ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ ကုန်သည်များမရှိလျှင် အကျိုးအမြတ်လည်း မရှိနိုင်တော့ပေ။ အကျိုးအမြတ်မရှိဘဲ အကြောင်းအရာ မည်မျှ လုပ်ဆောင်နိုင်မည်နည်း။ ဘုရင်ကြီးကို ဖျောင်းဖျခြင်းက အစသာဖြစ်ပြီး အစစ်အမှန် စိန်ခေါ်မှုက ယခုအချိန်အထိ ရောက်မလာသေးပေ။
ရွမ်ယုရှုက ရုတ်တရက် ပြောလိုက်၏။
“ငါတို့က ကင်းလှည့်တာကို အရှိန်မြှင့်လိုက်ပြီး တခြားသူတွေကို ကြောက်သွားအောင် လူတစ်ယောက်ကို ဥပမာအနေနဲ့ သုတ်သင်လိုက်မယ် ဆိုရင်ကော…”
ကျန်းကျိဝေက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“အဲဒါက အဖြေတစ်ခု ဖြစ်နိုင်သည်။ ငါတို့ကသာ တခြားသူတွေကို ခြောက်လှန့်နိုင်ပြီး သူတို့တွေ ဝင်မရှုပ်နိုင်အောင် တားဆီးနိုင်မယ်ဆိုရင် ငါတို့ရဲ့အစီအစဉ်တွေက ပိုပြီးတော့ လွယ်ကူသွားနိုင်တယ်…”
စည်းမျဉ်းအသစ်များကသာ အကျိုးအမြတ် ရှိမည်ဆိုလျှင် နှောင့်ယှက်ချင်သော လူများကလည်း အဆုံးတွင် ဘာမျှလုပ်နိုင်တော့မည် မဟုတ်ချေ။ တစ်လကြာပြီးနောက် သူတို့က ဤကမ္ဘာကြီးထဲမှ ထွက်သွားရမည် ဖြစ်သော်လည်း ထိုတိုင်းပြည်ကို ဂရုစိုက်ပေးရဦးမည် ဖြစ်သည်။ ချန်းဘုရင်က သူတို့ကို တလေးတစား ဆက်ဆံပြီး သူတို့ကို အားကိုးနေခဲ့သည်။ သူတို့က အရှုပ်အထွေးများကို ချန်ထား၍ ရနိုင်မည်လော။
“လူတချို့ကို သတ်ပြီး တခြားသူတွေကို ခြောက်လှန့်မှာလား။ ငါတို့က ဘယ်သူ့ကို ရှင်းလင်းကြမှာလဲ…”
ကျိုးဟမ်က အထင်သေးစွာ ရယ်လိုက်သည်။
“စစ်ဆေးရေးနေရာတွေမှာရှိတဲ့ အစောင့်အများစုက တံခါး(၉)ပေါက်ပဲ ရှိသေးတယ်။ ငါတို့က သူတို့ကိုသတ်လို့ ဘာရမှာလဲ။ အထက်တန်းလွှာပညာရှင်တွေက နောက်ကွယ်မှာ သူတို့နဲ့ ပတ်သက်ကြောင်း ဘာသဲလွန်စမှ ချန်မထားဘူး။ သူတို့က အဲဒီအစောင့်ကို ထွက်ပြေးအောင်တောင် ကူညီပေးနိုင်သေးတယ်။ တကယ်လို့ ငါတို့ကသာ အဖြေမရှာနိုင်ဘူးဆိုရင် ဘုရင်ကြီးကပဲ မျက်နှာပျက်ရလိမ့်မယ်…”
“ပြီးတော့ စစ်ဆေးရေးနေရာတွေက အရမ်းများတယ်။ ငါတို့က အဲဒီနေရာတွေကို သွားပြီး စစ်ဆေးဖို့အတွက် လူအင်အား မလောက်ဘူး။ အတားအဆီးသာ ရှိနေမယ်ဆိုရင် ကုန်သည်တွေရဲ့ အကျိုးအမြတ်ကလည်း ပျက်စီးသွားရမှာပဲ။ သူတို့က သယ်ယူပို့ဆောင်ရေးအခွန် ဖယ်ရှားလိုက်တဲ့ ဘုရင်ကြီးရဲ့အမိန့်ကို သံသယ ဝင်လာလိမ့်မယ်…”
“တကယ်လို့ ငါတို့က နောက်ပိုင်းမှာ အတားအဆီးတွေ အကုန်လုံးကို ဖယ်ရှားနိုင်မယ် ဆိုရင်တောင် ကုန်သည်တွေက ချန်းတိုင်းပြည်ကို ဖြတ်လာချင်တော့မှာ မဟုတ်ဘူး။ တကယ်လို့ ရေတို အကျိုးအမြတ် မရနိုင်ဘူးဆိုရင် ဘုရင်ကြီးက ငါတို့ကို ဆက်ပြီး ယုံကြည်ပေးဦးမှာလား…”
သုတ်သင်ရှင်းလင်းရမည့် ပြဿနာကလည်း အခက်ခဲဆုံး တာဝန်တစ်ခု ဖြစ်သည်။ မုန့်ချီနှင့် တခြားသူများက သေချာစဉ်းစားနေကြသော်လည်း သင့်တော်သော အဖြေတစ်ခု မတွေ့ရပေ။
ရုတ်တရက်ဆိုသလို မုန့်ချီက အရင်ဘဝတွင် ဖတ်ခဲ့ဖူးသော စာအုပ်တစ်အုပ်ကို မှတ်မိသွားသည်။ သူက လက်ခုပ်တီးလိုက်၍ ပြောလိုက်၏။
“ငါ့မှာ အစီအစဉ်တစ်ခု ရှိတယ်…”
သူက အော်ပြောလိုက်သည်။
“ဘယ်လိုအစီအစဉ်လဲ…”
ကျန်းကျိဝေနှင့် အခြားသူများက သူ့ကို လှည့်ကြည့်လိုက်သည်။
မုန့်ချီက တည်ငြိမ်သွားခဲ့ပြီး ဆန်းကြယ်စွာ ပြောလိုက်၏။
“ဒါက ရှုပ်ထွေးတဲ့ အတွေးတစ်ခုတော့ မဟုတ်ပါဘူး…”
သူက ပြောလိုက်သည်။
“ငါတို့ကို ဟန်ရေးပြမနေပါနဲ့။ ငါတို့ရဲ့ရှေ့မှာ ဟန်ရေးပြဖို့ မလိုဘူးလေ…” ကျန်းကျိဝေက သူ့ကို အပြုံးနှင့် ပြောလိုက်သည်။
မုန့်ချီက ချောင်းဟန့်လိုက်၏။
“နယ်စပ်မှာရှိတဲ့ ခံတပ်တွေက ဘုရင်ကြီးရဲ့ထိန်းချုပ်မှုအောက်မှာ ရှိတယ်။ သူတို့ရဲ့ သယ်ယူပို့ဆောင်ရေး အခွန်တွေက ဖယ်ရှားဖို့ အလွယ်ဆုံး ဖြစ်လိမ့်မယ်…”
ကျိုးဟမ်နှင့် အခြားသူများက သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်သည်။ ထိုအရာက အလွယ်ကူဆုံး အစိတ်အပိုင်း ဖြစ်၏။ သူတို့ကသာ ပညာရှင်များကို အလေးထားလိုက်ပြီး သူတို့လူများနှင့် အစားထိုးလိုက်မည်ဆိုလျှင် ထိုအကျိုးအမြတ်ကို ရရှိရန် မခက်ချေ။
“ဒါကြောင့် ငါတို့ကသာ အဲဒီခံတပ်တွေကနေတစ်ဆင့် ဘုရင်ကြီးရဲ့အမိန့်ကို ကုန်သည်တွေ သိအောင် ပြောပြလိုက်မယ်ဆိုရင် ငါတို့က ကျန်တဲ့ စစ်ဆေးရေး နေရာတွေကို စိုးရိမ်နေဖို့ မလိုတော့ဘူး…”
မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။
ရွမ်ယုရှုကတော့ သူမ၏ရှေ့တွင် စားစရာတစ်ခု ရှိသော်လည်း မစားနိုင်သော အမူအရာမျိုးနှင့် မေးလိုက်သည်။
“ဘယ်လိုအမိန့်မျိုးလဲ…”
မုန့်ချီက အလေးအနက် အမူအရာနှင့် ပြောလိုက်၏။
“သယ်ယူပို့ဆောင်ရေး အခွန်ကောက်တဲ့သူကို သတ်တဲ့လူတွေက အပြစ်မရှိဘူးလို့ အမိန့်ထုတ်လိုက်မယ်…”
“အပြစ်မရှိတဲ့ လူသတ်သမားလား…”
ကျိုးဟမ်က ထိတ်လန့်တကြား ရေရွတ်လိုက်မိသည်။ ထိုကဲ့သို့ အမိန့်မျိုးကို သူလည်း မတွေးမိခဲ့ပေ။
ပထမတွင် ကျန်းကျိဝေက ဇဝေဇဝါ ဖြစ်နေသော်လည်း သူမက နားလည်သွားခဲ့၏။ “ဒါဆိုရင် ကောင်းတယ်။ သယ်ယူပို့ဆောင်ရေးအခွန် ပေးနေရတဲ့ ကုန်သည်တွေထဲမှာ ပညာရှင်တွေ အများကြီးပါတယ်။ သူတို့က တိုင်းပြည်ထဲမှာ အစွမ်းထက်တဲ့ ပညာရှင်တွေကိုပဲ ကြောက်ကြတာ။ သူတို့တွေကို ဝေ့ကျင်းအဆင့် ပညာရှင်တွေကပဲ တားဆီးနိုင်လိမ့်မယ်…”
တိုင်းပြည်များက ဖရိုဖရဲ ဖြစ်နေကြသည်။ ကုန်သည်များက ပညာရှင်များ၏ အကူအညီများမရှိဘဲ နယ်မြေအသီးသီးကို မည်သို့ခရီးသွားလာကြမည်နည်း။ မုန့်ချီ၏ အကြံဉာဏ်အတိုင်းသာ လုပ်ဆောင်လိုက်မည်ဆိုလျှင် သူတို့က ကုန်သည်များ၏ အစွမ်းကို ငှားယူပြီး သူတို့၏လူအင်အား မလုံလောက်မှုကို ဖြေရှင်းနိုင်ပါလိမ့်မည်။ ထိုသို့ဆိုလျှင် ချန်းတိုင်းပြည်ထဲ၌ ရှိနေသော မတူညီသည့် စစ်ဆေးရေး နေရာများကို စောင့်ကြည့်နေနိုင်သည်။
“တကယ် အံ့သြစရာကောင်းတဲ့ အတွေးမျိုးပဲ။ ငါတို့က ဒီလိုနည်းလမ်းနဲ့ ကုန်သည်တွေဆီကနေ သယ်ယူပို့ဆောင်ရေးအခွန် ပယ်ဖျက်ဖို့ ဘုရင်ကြီးရဲ့ ဆုံးဖြတ်ချက် တောင်းလို့ရတယ်…”
ကျိုးဟမ်က လက်ခုပ်တီး၍ ပြောလိုက်သည်။
မုန့်ချီကတော့ သူတို့၏ချီးကျူးမှုကို ကျေနပ်သွားခဲ့ပြီး အပြုံးနှင့် ဆက်ပြောလိုက်၏။
“တကယ်လို့ အထက်တန်းလွှာ မိသားစုတွေက ဝေ့ကျင်းအဆင့် ပညာရှင်တွေကို သုံးမယ်ဆိုရင် ဒါမှမဟုတ် တပ်ဖွဲ့တစ်ခုကို သုံးမယ်ဆိုရင် ငါတို့က သေချာပေါက် သတိထားမိနိုင်မှာပဲ။ ဒါကြောင့် ငါတို့က သူတို့ကို ဥပမာအနေနဲ့ ရှင်းလင်းလိုက်လို့ ရမယ်…”
သူက ခဏရပ်လိုက်ပြီး ထပ်ဖြည့်ပြောလိုက်သည်။
“ငါတို့က အချင်းချင်း သတ်ဖြတ်နေသယောင်နဲ့ လုပ်ဆောင်လို့ရတယ်။ ငါတို့က လူခွဲပြီး ကုန်သည်အဖွဲ့တွေနဲ့ ပူးပေါင်းမယ်။ တကယ်လို့ ငါတို့ကသာ ဝေ့ကျင်းအဆင့် ပညာရှင်တွေ ဒါမှမဟုတ် ငါတို့ဆီကနေ အခွန်တောင်းတဲ့ တပ်ဖွဲ့ကို တွေ့မယ်ဆိုရင် တခြားသူတွေကို ဥပမာပေးတဲ့အနေနဲ့ ချက်ချင်း တိုက်ခိုက်လို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုက်ခိုက်တဲ့သူက အပြစ်မရှိဘူးလေ…”
“ဒါပေမဲ့ ငါတို့က အထက်တန်းလွှာ မိသားစုတွေကို အရမ်းကြီး တွန်းအားမပေးသင့်ဘူး။ ငါတို့က သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်တယ်။ ဒါပေမဲ့ ဒီပြဿနာတွေ တင်းမာအောင် လုပ်လို့တော့ မရဘူး။ မဟုတ်ရင် တခြားအထက်တန်းလွှာ မိသားစုတွေက ငါတို့ကို စိုးရိမ်လာပြီး ပြည်တွင်းစစ်တစ်ခု ဖြစ်လာနိုင်တယ်။ ငါတို့က ချူးတိုင်းပြည်ကို ဝင်ပါဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်…”
ချီကျန်းရန်က မုန့်ချီကို ထောက်ခံလိုက်သည်။
“ဒါဆိုရင် ဓားစာခံရွေးချယ်တာကလည်း အဓိက သော့ချက်ပဲ…”
မုန့်ချီက ခေါင်းညိတ်၍ ပြောလိုက်သည်။
“ချန်းတိုင်းပြည်မှာ ဘုရင်ကြီးကလွဲရင် အစွမ်းထက် အထက်တန်းလွှာမိသားစု နည်းနည်းလေးပဲ ရှိတယ်။ အဓိက အထက်တန်းလွှာ မိသားစုတွေကတော့ အရင်ဘာသာရေးအမတ်ကြီး ဝမ်တန်း၊ တရားရေးအမတ်ကြီး တျန်းဟန်နဲ့ အလုပ်သမားရေးအမတ်ကြီး ကုန်းရန်ကျန့်တို့ပဲ။ သူတို့အားလုံးက ပြိုင်ဘက်ကင်း သိုင်းပညာရှင်တွေဖြစ်ပြီး လွှတ်တော်ခန်းမထဲမှာ အရေးပါတယ်။ နယ်မြေတွေ အများကြီးလည်း ရှိနေသလို တိုင်းပြည်ထဲမှာ စစ်ဆေးရေးနေရာတွေ အများကြီး ရှိတယ်။ ပြီးတော့ ငါတို့ကသာ သူတို့ထဲက တစ်ယောက်ကို ဥပမာအနေနဲ့ သတ်လိုက်မယ်ဆိုရင် ငါတို့က သူတို့ရဲ့စက်ဝိုင်းထဲကနေပဲ ရွေးချယ်လို့ ရပြီ…”
ထိုစကားလုံးများက သာမန်သာဖြစ်သော်လည်း သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေ၏။
“တရားရေးအမတ်ကြီးတျန်းဟန်ရဲ့မိသားစုက ချူးတိုင်းပြည်မှာရှိတဲ့ အထက်တန်းလွှာတွေနဲ့ ပတ်သက်နေတယ်။ ဒါကြောင့် သူက သင့်တော်တဲ့ ပစ်မှတ်တစ်ခု မဟုတ်ဘူး…”
ကျိုးဟမ်က ဖြစ်နိုင်ချေရှိသော ပစ်မှတ်ကို အရင်ဆုံး ဖယ်ရှားလိုက်သည်။
ထို့နောက် ရွမ်ယုရှုက ပြောလိုက်၏။
“အလုပ်သမားရေးအမတ်ကြီး ကုန်းရန်ကျန့်ဆီမှာတော့ ဝူတန်တောင်ပေါ်က ရွှေအလင်းတန်းလိုဏ်ဂူမှာ သိုင်းပညာ လေ့လာနေတဲ့ သားတစ်ယောက် ရှိတယ်..”
“ဒီလိုဆိုရင် ငါ အစားထိုး ဝင်ထားခဲ့တဲ့ အရင်ဘာသာရေးအမတ်ကြီး ဝမ်တန်းပဲ ကျန်တော့တယ်…”
မုန့်ချီက ရေရွတ်လိုက်သည်။
“သူ့မိသားစုက ချန်းတိုင်းပြည်ထဲမှာ ရှေးအကျဆုံး အထက်တန်းလွှာ မိသားစုတစ်ခုပဲ။ သူက ပထမဆုံး ချန်းဘုရင်ကို ခစားခဲ့တာ။ သူတို့ရဲ့ကလန်ထဲမှာ ပညာရှင်တွေ အများကြီးရှိတယ်။ တိုင်းပြည်တစ်ခုလုံးမှာ မိသားစုတွေ၊ မိတ်ဆွေတွေလည်း အများကြီး ရှိတယ်။ ချန်းတိုင်းပြည်ရဲ့ အပြင်ဘက်မှာတော့ အစွမ်းထက်တဲ့ ထောက်ခံမှုတွေ မရှိဘူး။ ဒါကြောင့် သူက လွယ်ကူတဲ့ ပစ်မှတ်တစ်ခု ဖြစ်နိုင်တယ်။ မင်းတို့က ကုန်သည်အဖွဲ့တွေနဲ့ ပူးပေါင်းတဲ့အချိန်ကျရင် သူ့ရဲ့နယ်မြေကနေ ဖြတ်သွားသင့်တယ်…”
“ကောင်းပြီလေ…”
ကျန်းကျိဝေနှင့် တခြားသူများက ထောက်ခံလိုက်ကြသည်။
သူတို့၏ ဆွေးနွေးပွဲ ပြီးဆုံးသွားပြီးနောက် မုန့်ချီနှင့် တခြားသူများက သူတို့၏ အစီအစဉ်များကို ပြောပြရန် ဘုရင်ကြီးနှင့် နောက်တစ်ကြိမ် တွေ့ဆုံခဲ့သည်။ ယခင်နန်းတွင်း တွေ့ဆုံပွဲများနှင့် ယှဉ်လိုက်မည်ဆိုလျှင် ယခုတစ်ကြိမ်က ရိုးရှင်းပြီး အေးအေးဆေးဆေး ဖြစ်နေသည်။
ယခု ချန်းဘုရင်က မိုကျောင်းတော်ကို အလွန်ယုံကြည်နေခဲ့၏။ သူတို့က အတားအဆီးများ မရှိတော့ဘဲ သူတို့၏ တောင်းဆိုချက်များကလည်း ဘုရင်ကြီး၏ အမိန့်များ ဖြစ်သွားခဲ့ကြသည်။
မုန့်ချီ ကျေနပ်မှုမရှိသော အရာကတော့ သူ၏ လေဟာနယ် လက်စွပ်နှင့် လက်နက်များကို အပြင်ဘက်တွင် ရှိနေသော အစောင့်များဆီတွင် ချန်ထားခဲ့ရခြင်း ဖြစ်သည်။ ဤနေရာက အလွန်ထူးဆန်းပြီး အစွမ်းထက် လျှို့ဝှက်ရတနာများ ပြည့်နှက်နေသော ကမ္ဘာကြီးတစ်ခု ဖြစ်သည်။ ဘုရင်ကြီးက တဦးတည်းသော သိုင်းသခင်တစ်ယောက် ဖြစ်သော်လည်း သတိထားရန် လိုနေသေးသည်။
မုန့်ချီ အပြင် တခြားအမတ်ကြီးများ၏ လက်နက်များ ၊ လေဟာနယ် လက်စွပ်များကိုလည်း အပြင်ဘက်တွင် ထားခဲ့ရသည်။
“ငါ့ရဲ့လေဟာနယ်လက်စွပ်ထဲမှာ ငရဲအင်ပါယာရဲ့ လက်ကောက်ဝတ်အရိုးရယ်၊ မသန့်စင်ရသေးတဲ့ သမုဒ္ဒရာအုပ်စိုးခြင်း ပုလဲလုံးရယ် ရှိတယ်။ ငါ့ရဲ့အဖိုးတန် လက်နက်တွေကလည်း ထိပ်တန်းအဆင့်နဲ့ အလယ်အလတ် အဆင့်တွေပဲ။ ကျေးဇူးပြုပြီး အဲဒါတွေ မပျောက်ပါစေနဲ့…”
မုန့်ချီက ရင်ထဲတွင် ဆုတောင်းနေမိ၏။ ထိုရတနာများက ကံကြမ္မာအမှတ်များစွာ တန်ကြေးရှိလေသည်။
ဘုရင်ကြီးက သူ့ရှေ့တွင် ရှိနေသော အမတ်ကြီးများကိုကြည့်ပြီး ပထမဦးဆုံး ဆုံးဖြတ်ချက်ကို ကြေညာခဲ့၏။ ထို့နောက် မုန့်ချီကို ဘာသာရေးအမတ်ကြီးအဖြစ် တာဝန်ပေးခဲ့ပြီး ကျန်သည့်လူများကိုတော့ သူ့အဖော်များအဖြစ် သတ်မှတ်ခဲ့သည်။
ထိုကြေညာမှု လုပ်ဆောင်ခဲ့သည့် အချိန်တွင် အလွန်ထိတ်လန့်နေသော မျက်လုံးပေါင်းများစွာက မုန့်ချီကို စောင့်ကြည့်နေခဲ့သည်။ သို့သော် မျက်လုံးတစ်စုံက တည်ငြိမ်နေသည့်အတွက် မုန့်ချီက အံ့သြသွားခဲ့သည်။
ထိုမျက်လုံးတစ်စုံကတော့ ဈေးကြီးသော သရဖူတစ်ခုနှင့် ရှေးဟောင်းဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ဖြစ်သည်။ သူက ချောမောခန့်ညားပြီး ကျက်သရေရှိ၏။
“တျန်းကွမ်…
တရားရေးအမတ်ကြီး တျန်းဟန်ရဲ့သားအကြီးဆုံး။ အသက်(၃၀)အရွယ်မှာ ဝေ့ကျင်းအဆင့်ကို ရောက်ခဲ့တယ်။ သူက ရဲမက်တွေကို ဦးဆောင်နေရတယ်…”
မုန့်ချီက ထိုလူကို ချက်ချင်း မှတ်မိသွားခဲ့ပြီး သူနှင့်ပတ်သက်သော အချက်အလက်များက ခေါင်းထဲတွင် အသေးစိတ် ပေါ်လာခဲ့သည်။
Translated by Hein Htet