← Chapters

အခန်း (၅၉၆)

Vol. 40 Ch. 596

အခန်း (၅၉၆)

Vol. 40 Ch. 596

အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် လူငယ်လေးတစ်ယောက်က ကုန်းရန်ကျန့်ရှေ့တွင် ရပ်နေခဲ့သည်။ သူ့မျက်နှာက ကုန်းရန်ကျန့်နှင့် အတော်လေးကို တူညီနေပုံ ရသော်လည်း မျက်နှာက ခပ်ရှည်ရှည်နှင့် အတော်လေးကို ချောမောခန့်ညားသည်။ သူ့ပုံစံက ချောမောခန့်ညားသည့်အပြင် မောက်မာသည့် မျက်နှာအမူအရာလည်း ရှိနေခဲ့၏။

ထိုလူငယ်လေးကတော့ ကုန်းရန်ကျန့်၏ ဒုတိယသား ကုန်းရန်ပေါင် ဖြစ်သည်။ သူက ဝူတန်တောင်၏ ရွှေအလင်းတန်းလိုဏ်ဂူထဲတွင် လေ့ကျင့်နေခဲ့သူတစ်ယောက် ဖြစ်၏။ ယခုတစ်ကြိမ်တော့ သူက သတင်းပို့ရန် ပြန်လာခဲ့ခြင်း ဖြစ်သည်။

ကုန်းရန်ပေါင်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ကျွန်တော်က တာဝန်ကို ပြီးဆုံးအောင် လုပ်နိုင်ခဲ့တယ်။ အင်မော်တယ်တွေက ဒီပြဿနာကို ဝင်ပါဖို့ ဆုံးဖြတ်လိုက်ကြတယ်…"

ထိုစကားကို ပြောနေရင်း သူက အနည်းငယ် မျက်မှောင်ကြုတ်၍ ဆက်ပြောလိုက်၏။ "ဒါက တော်တော်လေးလည်း ထူးဆန်းတယ်။ ကျွန်တော်က မိုကျောင်းတော်ရဲ့ အတွေးအခေါ်တွေအကြောင်း အင်မော်တယ်တွေကို ပထမဆုံး သတင်းပို့လိုက်တဲ့အချိန်မှာ သူတို့အားလုံးက လျစ်လျူရှုဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့ဂိုဏ်းက ဒီလိုလောကရေးရာကိစ္စတွေကို ဝင်ပြီး မစွက်ဖက်သင့်ဘူးလို့ တွေးနေကြတာ...။ ပြီးတော့ အရည်အချင်းရှိသူကို သူကောင်းပြုတာနဲ့ သယ်ယူပို့ဆောင်ရေးအခွန်တွေ ဖျက်သိမ်းလိုက်တာက ဘုရင့်မိသားစုအပေါ် ဘာမှအကျိုးသက်ရောက်မှု မရှိဘူးလေ။ တကယ်လို့ သူတို့မျိုးဆက်တွေကသာ ကြိုးကြိုးစားစား လုပ်လိုက်မယ်ဆိုရင် သူတို့က အရေးပါတဲ့နေရာတွေ သေချာပေါက် ရသွားနိုင်တယ်…"

အထက်တန်းလွှာ မိသားစုဝင်တချို့ကတော့ သူတို့ကိုယ်သူတို့ ဘုရင့်တော်ဝင်မိသားစုဟု ခေါ်ဆိုတတ်ကြသည်။ ကုန်းရန်ကျန့်က သူ၏မုတ်ဆိတ်မွှေးကိုသပ်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။

"သူတို့က အဲဒီလိုတွေးနေမှာကိုပဲ အဖေက စိုးရိမ်နေခဲ့တာ...။ ဘာလို့လဲဆိုတော့ အရင်ရက်တွေမှာ အဖေလည်း ဘာမှမလုပ်ခဲ့ရဘူး။ ဒါပေမဲ့ သူတို့ရဲ့စိတ်ကို အဖေလည်း လုံးဝ မထင်ထားခဲ့ဘူးလေ။ ဒါဆိုရင် ဘာကြောင့် သူတို့က စိတ်ပြောင်းလိုက်ကြတာလဲ.."

ကုန်းရန်ပေါင်က ဇဝေဇဝါဖြစ်သလို ခံစားနေရသည်။ သူက ဆက်ပြောလိုက်၏။

"အမှန်အတိုင်း ပြောရရင်တော့ ကျွန်တော်လည်း မသိဘူး။ ပထမဆုံး ငြင်းပယ်လိုက်တဲ့ အချိန်မှာ ကျွန်တော်က တောင်းပန်ခဲ့တယ်။ ဒါပေမဲ့ အချည်းနှီးပါပဲ။ အဲဒီနောက်မှာတော့ ကျွန်တော်က တောင်တန်းတွေပေါ်မှာ လှည့်ပတ်သွားလာနေပြီး ရင်းနှီးတဲ့သူတွေကို ဖျောင်းဖျဖို့ ကြိုးစားကြည့်တယ်။ နောက်ဆုံး တစ်လနီးပါးလောက် ကြာတဲ့အချိန်မှာ ကျွန်တော်လည်း ပြန်လာဖို့ ပြင်လိုက်တယ်။ အဲဒီအချိန်မှာပဲ အင်မော်တယ်တွေက ကျွန်တော့်ကို ရုတ်တရက်လှမ်းခေါ်ပြီးတော့ ချန်းတိုင်းပြည်ရဲ့ စည်းမျဉ်းပြောင်းလဲမှုတွေက အမှန်တကယ်ကို ပျက်စီးစေတယ်လို့ပြောခဲ့တယ်။ ဒါကြောင့် သူတို့က ဝင်ပါဖို့ ဆုံးဖြတ်လိုက်ကြတယ်…"

ကုန်းရန်ပေါင်က ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကို နားမလည်ခဲ့ပေ။

ကုန်းရန်ကျန့်က လက်နောက်ပစ်ပြီး ထိုအရာကို စဉ်းစားကြည့်နေခဲ့၏။

"ရွှေအလင်းတန်းလိုဏ်ဂူကို တစ်ယောက်ယောက် လာလည်သေးလား.."

ကုန်းရန်ပေါင်က ဝေ့ကျင်းအဆင့်သို့ ယခုမှ ရောက်လာခဲ့ခြင်းဖြစ်ပြီး သူ့ဆရာက အဝေးကို ခရီးသွားနေခဲ့သည်။ အကယ်၍ တခြားအကူအညီသာ မရှိလျှင် သူက ရွှေအလင်းတန်းလိုဏ်ဂူမှ အကြီးအကဲများ၏စိတ်ကို ပြောင်းလဲအောင် လုပ်ဆောင်ရန် သေချာပေါက် မဖြစ်နိုင်ပေ။

ကုန်းရန်ပေါင်က ခေါင်းခါပြလိုက်၏။

"ကျွန်တော်သိသလောက်တော့ တစ်ယောက်မှရောက်မလာဘူး…"

ကုန်းရန်ပေါင်က ခဏရပ်ပြီး ဆက်ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ဒီကိစ္စကို သဘောတူလိုက်ပြီ။ သိုင်းသခင်တစ်ယောက်နဲ့ လျှို့ဝှက်လက်နက်တစ်ခုကို စေလွှတ်လိမ့်မယ်။ သူတို့ပြောတာကတော့ အတွင်းရေးပြဿနာတွေကို ဖြေရှင်းဖို့ စည်းမျဉ်းတွေကို ပြန်ပြင်ဆင်မယ်လို့လည်း ပြောတယ်။ ချန်းတိုင်းပြည်ထဲမှာ သူကောင်းပြုမှုနဲ့ မျိုးရိုးဆက်ခံပိုင်ခွင့်ကိုတော့ ပယ်ဖျက်လို့ မရဘူး။ ဒါကြောင့် သူတို့က ဝင်ပြီးတားဆီးဖို့ အခွေအရေးမရှိသလို ရွှေအလင်းတန်းလိုဏ်ဂူရဲ့ နာမည်နဲ့လည်း ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့က ဒီကိစ္စကို ကိုယ်တိုင်စီစဉ်ရမယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ညွှန်ကြားပါဦး အဖေ…"

"ကောင်းတယ်။ အဖေ့မှာ အစီအစဉ်တစ်ခုရှိပြီးသားပဲလေ…"

ကုန်းရန်ကျန့်က လက် (၂) ဖက်ကို ပွတ်လိုက်ပြီး အတော်လေး ဝမ်းသာနေခဲ့သည်။ အရာအားလုံးက သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသလို ထင်ရ၏။

သူက အစီအစဉ်အကြောင်းကို မမေးသေးခင် ကုန်းရန်ပေါင်၏ရင်ထဲ၌ တခြားအရာတစ်ခု ပေါ်လာခဲ့သည်။ ထို့ကြောင့် သူက အသံတိုးတိုးနှင့် ပြောလိုက်၏။

"အဖေ …

ချူးဘုရင်ရဲ့ဂိုဏ်းသားတွေဆီကနေ သူတို့ကလည်း ကုန်သွယ်ပို့ဆောင်ရေးအခွန်ကို ဖယ်ရှားဖို့အတွက် ဆွေးနွေးနေကြတယ်လို့ကြားရတယ်။ အထက်တန်းလွှာမိသားစု ကုန်သည်တွေက အဲဒီအရာကနေ ပထမဆုံးအကျိုးအမြတ်တွေ ရနေကြတယ်။ ပြီးတော့ ထန်တိုင်းပြည်ထဲမှာလည်း ကန့်ကွက်တဲ့သူတွေ မရှိကြဘူး။ သူတို့ကလည်း အဲ့ဒီလိုပြောင်းလဲမှုတွေကို သဘောတူတယ်ထင်တယ်။ ကြည့်ရတာ ကုန်သည်တွေက အဲဒီအရာကို သဘောကျနေတာပဲ။ တကယ်လို့ ကျွန်တော်တို့ကသာ စည်းမျဉ်းတွေကို ပြန်ပြင်လိုက်မယ်ဆိုရင် တစ်ဖက်လူတွေက နှောင့်ယှက်ကြလိမ့်မယ်…"

ဤတစ်လအတွင်း သယ်ယူပို့ဆောင်ရေးအခွန် ဖယ်ရှားလိုက်သည့် ချန်းတိုင်းပြည်က ကြီးကြီးမားမား ဆုံးရှုံးသွားရခြင်း မရှိချေ။ သို့သော် ချန်းတိုင်းပြည်က ချူးတိုင်းပြည်နှင့် ထန်တိုင်းပြည်တို့၏အနားတွင် ကပ်နေသည်။ အထူးသဖြင့် ချူးတိုင်းပြည်၏ မြို့တော်နှင့် နီးကပ်နေသည့်အတွက် ကုန်သည်ပေါင်း မြောက်မြားစွာက ထိုစည်းမျဉ်းကြောင့် သိသိသာသာ အကျိုးစီးပွားများ ရှိခဲ့ကြသည်။

အလားတူစွာပင် မုန့်ချီက ချန်းတိုင်းပြည်ထဲတွင် ပို့ချနေခဲ့သည်မှာ (၂) လကျော်ကြာခဲ့ပြီ ဖြစ်သည်။ အထက်တန်းလွှာမိသားစုများ၊ စာသင်သားများနှင့် သာမန်လူများကလည်း အကျိုးအမြတ်ဟူသော ထူးဆန်းသည့် စကားလုံးများကို အသုံးပြုလာကြ၏။ သူတို့က ဖရိုဖရဲအခြေအနေမှ အကျိုးအမြတ်များကို ဖော်ထုတ်နိုင်ကြသည်။

သူ့သားပြောလိုက်ပြီးနောက် ကုန်းရန်ကျန့်က ပြောလိုက်၏။

"မိုကျောင်းတော်ရဲ့ သူတော်စင် (၅) ယောက်က တော်တော်ထူးချွန်တယ်ဆိုတာ ငါလည်း သိပါတယ်။ အထူးသဖြင့် စုမိုက အထူးချွန်ဆုံးပဲ။ အပြန်အလှန် အကျိုးသက်ရောက်မှုက တိုင်းပြည်နဲ့လူတွေကြားထဲမှာ ကျင့်သုံးဖို့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုပဲ။ ပြောင်းလဲလိုက်တဲ့ စည်းမျဉ်းတွေက ချူးတိုင်းပြည်နဲ့ ထန်တိုင်းပြည်တို့ကို အတော်လေး အကျိုးကျေးဇူးရှိခဲ့တယ်။ ဒါကြောင့် သူတို့ကလည်း အဲဒီအရာကို ဝမ်းမြောက်ဝမ်းသာ လက်ခံနေကြတာပဲ။ ပြီးတော့ ကုန်သည်တွေကလည်း ငါတို့ရဲ့အကာအကွယ်အောက်မှာ လျှို့ဝှက်ပြီးတော့ အရောင်းအဝယ် လုပ်နိုင်ကြတယ်…"

သူ့အဖေက စုမိုကို အသိအမှတ် ပြုနေသည့်အတွက် ကုန်းရန်ကျန့်က စည်းမျဉ်းပြောင်းလဲရန်ကိစ္စကို မလုပ်တော့ကြောင်း သေချာသိသွားခဲ့သည်။ ထို့ကြောင့် သူက နောက်တစ်ကြိမ် ထပ်မေးလိုက်၏။

"အဖေ …

ကျွန်တော်တို့က အဲဒါကို လုပ်မှာလား မလုပ်ဘူးလား…"

ကုန်းရန်ကျန့်က သူ့သားကိုကြည့်ပြီး ပြုံးလိုက်သည်။

"မင်းက အရမ်းငယ်ပြီး အမြင်မရှိသေးဘူး။ မင်းက ကိစ္စတစ်ခု ခိုင်မာသွားတဲ့အချိန်ကျမှ ဆန့်ကျင်လိုက်မယ်ဆိုရင် အဲဒီအရာကို ခုခံဖို့ ကြိုးစားလို့မဖြစ်နိုင်ဘူး။ အဲဒီအစား မင်းက အဲဒီအရာကို ထိန်းချုပ်ဖို့ပဲ ကြိုးစားသင့်တာ...။ ဒီနည်းလမ်းနဲ့ မင်းက အဆိုးတွေကို ဖယ်ရှားနိုင်ပြီး အဲဒီအရာကနေတောင် အကျိုးအမြတ်တွေရနိုင်တယ်.."

"အဲဒီအရာကို ထိန်းချုပ်ဖို့ ကြိုးစားရမှာလား…"

ကုန်းရန်ပေါင်က အံ့ဩမှင်တက်သွားခဲ့သည်။

ထို့နောက် ကုန်းရန်ကျန့်က အလေးအနက် ပြောလိုက်၏။

"အသစ်ထုတ်ပြန်လိုက်တဲ့ တိုင်းပြည်စည်းမျဉ်းတွေကို ဆက်ပြီးတော့ ကျင့်သုံးမယ်။ ဒါပေမဲ့ အဲဒီအရာကို ထိန်းချုပ်မှာက စုမိုမဟုတ်ဘူး။ ငါတို့အားလုံးပဲ ဖြစ်လိမ့်မယ်။ စုမိုက ပြောခဲ့ဖူးတယ်။ သမိုင်းကြောင်းမြစ်ကြီးက ရှေ့ကိုပဲ ဆက်ပြီး စီးဆင်းသွားတာ.။ ရေစုန်အတိုင်း ကူးခတ်နိုင်တဲ့သူတွေပဲ အသက်ရှင်နိုင်လိမ့်မယ်။ မဟုတ်ရင် သေရလိမ့်မယ်။ ဒါကြောင့် ငါတို့က ရေစုန်မှာပဲ ကူးကြမယ်။ ငါတို့ကပဲ သူ့ရဲ့ထိန်းချုပ်သူတွေ ဖြစ်လာရလိမ့်မယ်။ အဲဒီအရာကနေ ငါတို့က ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ရမှာပေါ့…"

ထိုစကားကို ကြားသည့်အခါ ကုန်းရန်ပေါင်က သူ့အဖေ၏လှည့်ကွက်များကို မြင်လိုက်ရသည်။ ပထမဆုံးအကြိမ်အဖြစ် အစစ်အမှန် မြေခွေးတစ်ကောင်က မည်ကဲ့သို့ဖြစ်ကြောင်း သူလည်း သိသွားခဲ့၏။

"ဒါကြောင့်လည်း ငါ့အဖေက အကြီးဆုံး အထက်တန်းလွှာမိသားစု (၃) ခုရဲ့ အကြံပေးတစ်ယောက် ဖြစ်နေခဲ့တာပဲ…”

“ဒါဆိုရင် ကျွန်တော်တို့က စုမိုကို လုပ်ကြံကြမှာလား…"

ကုန်းရန်ပေါင်က ထိုအတွေးကိုသာ တွေးမိခဲ့သည်။ သူက သူ့အဖေပြောလိုသော အဓိပ္ပါယ်ကို မှားယွင်းသွားမှာကိုလည်း ကြောက်လန့်နေခဲ့သည်။

ကုန်းရန်ကျန့်က ဟာသတစ်ခုကို ကြားရသည့်အလား ရယ်လိုက်သည်။ ထို့နောက် သူက ဆက်ပြောလိုက်၏။

"ဘာလိုအဖေတို့က အဲဒီလိုလုပ်သင့်တာလဲ။ တကယ်လို့ သူတို့သေသွားမယ်ဆိုရင် အဖေတို့က အစစ်အမှန် ထိန်းချုပ်သူတွေ ဖြစ်လာမှာလား။ ပြီးတော့ တျန်းကွမ်ရဲ့ အဖြစ်အပျက်ပြီးသွားတဲ့အချိန် သူတို့က ပြင်းပြင်းထန်ထန် စောင့်ကြပ်နေကြတယ်။ ဘုရင်ကြီးကလည်း သူတို့ကိုအလေးထားနေတယ်။ တကယ်လို့ အဖေတို့ကသာ သူတို့ကို သတ်ချင်တယ်ဆိုရင် အနည်းဆုံး နတ်ဘုရားလက်နက်ရှိနေတဲ့ ရွှေအလင်းတန်းလိုဏ်ဂူက အင်မော်တယ်တွေ လိုအပ်တဲ့အပြင် တိုင်ရှန်အကြီးအကဲအနည်းငယ်ကိုလည်း လိုအပ်တယ်…"

ထို့နောက် သူက အလွန်လေးနက်သော အမူအရာနှင့် ထပ်ဖြည့်ပြောလိုက်သည်။

"ဒါပေမဲ့ သူတို့မှာ အားနည်းချက်တစ်ခုရှိတယ်။ အဲဒါက သူတို့ရဲ့အခြေအနေလို့လည်း သတ်မှတ်နိုင်တယ်။ သူတို့က သူ့ရဲ့ကာကွယ်မှုကို အားကိုးနေရတဲ့အတွက် သူကိုယ်တိုင်ကတော့ ပြင်းပြင်းထန်ထန် ကာကွယ်နေတာမျိုး မရှိဘူး…"

ကုန်းရန်ပေါင်က မျက်လုံးပြူးသွားခဲ့၏။

"အဖေ …

ချန်းဘုရင်ကို ပြောနေတာလား…"

ချန်းဘုရင်က သိုင်းသခင် တစ်ယောက်ဖြစ်ပြီး ချန်းတိုင်းပြည်ထဲတွင် အထူးချွန်ဆုံး လူတစ်ယောက်လည်း ဖြစ်သည်။ သူက မုန့်ချီကို လုပ်ကြံသတ်ဖြတ်မှုများမှ ကာကွယ်ပေးထားသော်လည်း သူ၏လုံခြုံမှုကိုတော့ လျစ်လျူရှုထားခဲ့သည်။

ကုန်းရန်ကျန့်က သူ၏ထင်မြင်ချက်ကို ခေါင်းညိတ်ပြလိုက်သည်။

"ဘုရင်အသစ်ကို ထောက်ပံ့ပြီး လွှတ်တော်ခန်းမကို ပြန်ဖွဲ့စည်းမှသာ အဖေတို့က ပိုင်ဆိုင်နိုင်မယ်လေ။ ပြီးတော့ အဖေတို့က စုမိုတို့အဖွဲ့ကို လိုက်ပြီး တိုက်ခိုက်ကြတာပေါ့။ ဒါဆိုရင် တိုင်းပြည်စည်းမျဉ်းအသစ်တွေကလည်း အဖေတို့ရဲ့ပိုင်ဆိုင်မှုပဲ ဖြစ်လာလိမ့်မယ်.."

ကုန်းရန်ကျန့်က လုံးဝ တွေဝေနေခဲ့ခြင်း မရှိချေ။

ထိုကဲ့သို့ ရူးသွပ်သော တုံ့ပြန်မှုကြောင့် သူ့သားကပင် အံ့ဩမှင်တက်နေခဲ့၏။

"ဒါပေမယ့် လွှတ်တော်ခန်းမတစ်ခုလုံးကို ဝင်္ကပါတွေနဲ့ ကာကွယ်ထားတယ်။ ဘုရင်ကြီးကလည်း အဖိုးတန်လက်နက် ရှိနေတဲ့ သိုင်းသခင်တစ်ယောက်ပဲ။ ကျွန်တော်တို့က အနည်းဆုံး နတ်ဘုရားလက်နက်ရှိနေတဲ့ အလင်းတန်းလိုဏ်ဂူက အင်မော်တယ်တွေ မှော်ရတနာတွေ တိုင်ရှန်အကြီးအကဲ အနည်းငယ်ကိုတောင် လိုနိုင်တယ်.."

သူက သူ့အဖေစကားကို ပြန်လည်ပြောပြလိုက်သည်။

ကုန်းရန်ကျန့်က အပြုံးနှင့် ပြောလိုက်၏။

"တကယ်လို့ အဖေတို့က သူတို့ကို တိုက်ရိုက်ရင်ဆိုင်လိုက်မယ်ဆိုရင်ရော...။ တျန်းမိသားစုနဲ့ ဝမ်မိသားစုတို့က မိသားစုကြီးတွေပဲ။ လွှတ်တော်ခန်းမထဲမှာလည်း သေချာပေါက် သူတို့လူတွေရှိနေနိုင်တယ်…”

“ရွှေအလင်းတန်းလိုဏ်ဂူက အင်မော်တယ်ကို တောင်းဆိုကြည့်ကြတာပေါ့။ တကယ်လို့ သူကသာ နန်းတွင်းထဲကို ခိုးဝင်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ကူညီပေးနိုင်မယ်ဆိုရင် သူတို့က ဘုရင်ကြီးကို မသတ်နိုင်ဘဲ နေဦးမှာလား။ တျန်းမိသားစု၊ ဝမ်မိသားစုနဲ့ တည်ငြိမ်အေးချမ်းဖို့လား…"

ကုန်းရန်ပေါင်က အံ့ဩသင့်စွာ ပြောလိုက်မိသည်။

ကုန်းရန်ကျန့်က ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်တယ်။ အဖေတို့က အဲဒီအတိုင်းပဲ စီစဉ်ရလိမ့်မယ်.."

ကုန်းရန်ပေါင်က ခဏကြာစဉ်းစားပြီး ပြတ်သားစွာ ပြောလိုက်သည်။

"တကယ်လို့ သူတို့က အဲဒီအရာကိုတောင် မအောင်မြင်နိုင်ဘူးဆိုရင်တော့ သိုင်းသခင်ဆိုတဲ့ဂုဏ်ပုဒ်နဲ့ မထိုက်တန်တော့ဘူး…"

…………

ဘာသာရေးအမတ်ကြီး၏ရဲတိုက်က ချန်းဘုရင်၏ အကာအကွယ်အတွင်း ရှိနေနိုင်ရန် နန်းတွင်းလွှတ်တော်ခန်းမအနီးတွင် တည်ရှိနေသည်။ ဘုရင်ကြီး၏ စောင့်ကြည့်မှုကြောင့် ထိုအိမ်အတွင်းကို ထိုးဖောက်ဝင်ရောက်လာနိုင်သူ မရှိချေ။

"အထက်တန်းလွှာ မိသားစု (၃) ခုရဲ့ပိုင်နက်ထဲမှာရှိတဲ့ တပ်ဖွဲ့တွေက မူမမှန်တာတွေ မရှိတဲ့အတွက် နောက်ပိုင်းမှာတော့ အတွင်းရေးပြဿနာတွေ ဖြစ်မလာနိုင်တော့ဘူး ထင်ရတာပဲ…"

မုန့်ချီက ပိုင်နက်များထဲတွင် ဝင်ရောက်သွားနေသော မိုကျောင်းတောင်မှ နောက်လိုက်တချို့၏ သတင်းပေးမှုကြောင့် ထိုကဲ့သို့ သုံးသပ်မိလိုက်သည်။

သို့သော် ကျန်းကျိဝေကတော့ မျက်မှောင်ကြုတ်နေမိ၏။

"သူတို့က အရမ်းကို နာခံလွန်းနေတယ်။ တျန်းကွမ် သေသွားပြီးတဲ့နောက် မိသားစု (၃)ခုက သီးသန့်ဆွေးနွေးနေကြတယ်။ အဲဒီနောက်မှာတော့ သူတို့က ဘာမှမလုပ်ကြဘူး။ အရာအားလုံးရဲ့ နောက်ကွယ်မှာ တစ်ခုခုတော့ ကြံစည်နေနိုင်တယ်…”

“ဒါလည်း အကြောင်းပြချက်တစ်ခု ဖြစ်နိုင်တယ်။ တကယ်လို့ ငါတို့ကသာ အကြောင်းပြချက်ကို လျစ်လျူရှုလိုက်မိတယ်ဆိုရင် ပြဿနာ ရောက်လာတဲ့အချိန်ကျမှ အဖြေရှာဖို့ အရမ်းနောက်ကျသွားလိမ့်မယ်။ ငါတို့က သူတို့ကို ‌ခြေရာခံလို့မရဘူး…”

ကျိုးဟမ်က ရှင်းပြလိုက်သည်။

"ရှောင်မုန့်ရဲ့ အဝေးကြည့်မျက်လုံးမှတ်ဉာဏ်ကလည်း မပြည့်စုံသေးဘူး။ ဒါက စွမ်းရည်တစ်ခုခုနဲ့ ပူးပေါင်းလေ့ကျင့်မှပဲ ရလိမ့်မယ်။ မဟုတ်ရင် ငါတို့က ကုန်းရန်ကျန့်ကို စောင့်ကြည့်ပြီး သူ ဘာလုပ်ချင်နေလဲဆိုတာ စစ်ဆေးကြည့်ရမယ်.."

မုန့်ချီ၏ ဦးဆောင်မှုကြောင့် နောက်ဆုံးတွင်တော့ ကျိုးဟမ်က သူ့ကို ရှောင်မုန့်ဟု ခေါ်ခဲ့သည်။

ထိုအချိန်တွင် ရွမ်ယုရှုက ရုတ်တရက် ပြောလိုက်၏။

"ဝူတန်တောင်ပေါ်မှာရှိတဲ့ ရွှေအလင်းတန်းလိုဏ်ဂူကိုရော ဘယ်လိုလုပ်မလဲ..”

“ချူးတိုင်းပြည်ထဲက တျန်းမိသားစုရဲ့ ဆွေမျိုးတွေလား…"

ချီကျန်းရန်ကလည်း ဝင်ပြောလိုက်သည်။

မုန့်ချီကတော့ သူ၏သတင်းများကို ပြန်လည်သုံးသပ်ပြီး ပြောလိုက်၏။

"သူတို့က စည်းမျဉ်းအသစ်တွေကြောင့် ရလာတဲ့ အကျိုးအမြတ်တွေကို တော်တော်လေး ကျေနပ်နေပြီ။ ဒါကြောင့် သူတို့က စည်းမျဉ်းပြန်ပြင်ဖို့ နှောင့်ယှက်မှာ မဟုတ်ဘူးလို့ လူလွှတ်ပြီး ငါတို့ကို ပြောခိုင်းလိုက်တယ်။ ဒါပေမဲ့ ရွှေအလင်းတန်းလိုဏ်ဂူက တောင်တန်းတွေထဲမှာ ရှိနေတာ...။ ငါတို့က သူတို့ကို ရှာလို့မရသလို စစ်ဆေးကြည့်လို့လည်း မရနိုင်ဘူး…”

“ကုန်းရန်ကျန့်ရဲ့ဒုတိယသား ကုန်းရန်ပေါင်က ဝူတန်တောင်ကနေ မကြာသေးခင်ကမှ ပြန်လာတယ်ဆိုတာသိတယ်။ သူနဲ့အတူ ဘယ်သူမှ ပါမလာဘူး။ ဒါက ငါသိထားသမျှအကုန်ပဲ။ ရွှေအလင်းတန်းလိုဏ်ဂူက လူတွေကိုလည်း တစ်ယောက်မှ ခြေရာမခံမိဘူး…"

"မင်းက အဲဒါကိုတောင် ရှာတွေ့သေးတာလား…”

ကျိုးဟမ်က မုန့်ချီကိုကြည့်ပြီး တစ်ယောက်တည်း တွေးနေမိသည်။

"သူက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် ဘယ်ကိုသွားလဲဆိုတာတောင် ဖော်ထုတ်နိုင်တာပဲ…"

မုန့်ချီက ရယ်လိုက်မိသည်။

"ကျွန်တော်တို့က မိုကျောင်းတော်ရဲ့ အတွေးအခေါ်တွေကို ဘယ်လိုပဲပြုပြင်ပြုပြင် ဘက်မလိုက်တဲ့ ချစ်ခြင်းမေတ္တာတရားနဲ့ ကံကြမ္မာကို ဆန့်ကျင်တဲ့ အတွေးအခေါ်တွေက သာမန်လူအများစုကို အကြီးအကျယ် အကျိုးအမြတ် ရှိစေခဲ့တယ်။ ဒါကြောင့် ကုန်းရန်မိသားစု၊ တျန်းမိသားစုနဲ့ ဝမ်မိသားစုထဲမှာရှိနေတဲ့ ကျွန်တော်တို့ရဲ့နောက်လိုက်တွေက ကျွန်တော့်ကို အချက်အလက်တွေ ပို့ပေးနေတယ်..”

“ကုန်းရန်ပေါင်က အိမ်ကို အနားယူဖို့နဲ့ လေ့ကျင့်ဖို့ ပြန်ရောက်လာခဲ့တာ...။ သူ့မှာလည်း သူ့ကို အလုပ်အကျွေးပြုနေတဲ့သူတွေ ရှိတာပဲ မဟုတ်လား။ ဒီလိုအရာမျိုးကို ကျွန်တော်တို့က မသိဘဲ နေမှာလား…”

“ဒါက သာမန်လူတွေရဲ့စွမ်းအားပဲ။ သူတို့ကို အဲဒီလူတွေက ပင်လယ်ကြီးတစ်ခုလို ဝိုင်းရံနေကြတယ်…"

မုန့်ချီက တစ်ယောက်တည်း တွေးနေခဲ့သည်။

"ဒီစွမ်းအားက လွန်ခဲ့တဲ့တစ်လလောက်မှာ မရှိခဲ့တာတော့ ရှက်စရာပဲ။ မဟုတ်ရင် ကျွန်တော်တို့က သီးသန့်ဆွေးနွေးနေကြတဲ့ မိသားစုကြီး (၃) ယောက်အကြောင်းကို ကြားချင်ကြားနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွှေအလင်းတန်းလိုဏ်ဂူကို သတိထားမှရမယ်။ ချန်းဘုရင်ကို သတိပေးပြီး ချူးဘုရင်ရဲ့ထောက်ခံချက်ကို တောင်းသင့်တယ်။ ဒါပေမဲ့ ချူးဘုရင်က အကျိုးအမြတ်တွေရသွားခွင့်တော့ မပေးနိုင်ဘူး။ မဟုတ်ရင် ကျွန်တော်တို့က သူ့ရဲ့ထောက်ခံချက်ကို စိုးရိမ်နေစရာလိုမှာ မဟုတ်ဘူး…"

ကျိုးဟမ်က မိုကျောင်းတော်၏ နောက်လိုက်များ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် အလွန်အံ့သြနေခဲ့သည်။ ချန်းဘုရင်က ရွှေအလင်းတန်းလိုဏ်ဂူနှင့် ပတ်သက်နေခြင်း မရှိသည့်အတွက် သူ့အတွက် ကာကွယ်ပေးရန် ပညာရှင်တစ်ယောက်ရှာဖွေရန် ခက်ခဲသည်။

မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။

"ကျွန်တော့်မှာလည်း အဲဒီလိုအတွေးမျိုး ရှိတယ်…"

ထိုအချိန်တွင် ချန်းဘုရင်က တိုင်းပြည်ကိစ္စများ ဆွေးနွေးရန် သူတို့ကို ဖိတ်ခေါ်လိုက်ကြောင်း အစောင့်တစ်ယောက်က လာပြောခဲ့သည်။

"လုံးဝကို အချိန်ကိုက်ပါလား..."

မုန့်ချီက ပြုံးလိုက်ပြီး ကျန်းကျိဝေနှင့်အတူ လွှတ်တော်ခန်းမဆီသို့ ဦးတည်သွားခဲ့သည်။ ပိုင်စုန့်၊ ကျိုးပိုင်နှင့် ဝမ်ချီတို့ကတော့ ဘာသာရေးအမတ်ကြီးရဲတိုက်ထဲတွင် ကိစ္စများကို စီစဉ်ပေးရန် ကျန်ရှိနေကြသည်။

အပြင်ဘက်တွင် မှောင်နေပြီ ဖြစ်၏။ လေလှိုင်းများက ပြင်းပြင်းထန်ထန် တိုက်ခတ်နေပြီး မုန်တိုင်းတစ်ခု လာတော့မလို ခံစားနေရသည်။ မုန့်ချီက ထိုကဲ့သို့ ရာသီဥတုမျိုးကို သဘောမကျပေ။ သို့သော် အန္တရာယ်အငွေ့အသက်များ မရှိသည့်အတွက် သူ့စိတ်ထဲတွင် ရှင်းလင်းပြီး ရှေ့သို့ဆက်၍ လျှောက်သွားခဲ့သည်။

သူတို့က လွှတ်တော်ခန်းမနားသို့ ရောက်လာသည့်အချိန်တွင် အစောင့်တစ်ယောက်က အနားသို့ ကပ်လာပြီး သူတို့၏ အဆင့်အတန်းများကို စစ်ဆေးလိုက်သည်။ ထိုအစောင့်က မုန့်ချီနှင့် ရင်းနှီးနေသော ကလေးဆန်ဆန် မျက်နှာလေး ဖြစ်သည်။ သူက ယခင်တရားရေးအမတ်ကြီး တျန်းဟန်၏သားအငယ်ဆုံး တျန်းကွေ ဖြစ်သည်။

သူကလည်း စမ်းသပ်ခံခဲ့ပြီးနောက် မိုကျောင်းတော်၏ နောက်လိုက်တစ်ယောက် ဖြစ်နေခဲ့သည်။ သူက သာမန်အထက်တန်းလွှာ ပညာရှင်တစ်ယောက် မဟုတ်ချေ။

"ဘာလို့ မြို့စားတစ်ယောက်က ဒီမှာစောင့်ကြပ်နေရတာလဲ…"

တျန်း‌ကွေက မုန့်ချီ၏မျက်လုံးထဲကို တည့်တည့်စိုက်ကြည့်နေပြီး ဘယ်ဘက်လက်ကို အောက်ချ၍ မုန့်ချီကို အချက်ပေးလိုက်သည်။ သူ အချက်ပေးလိုက်သည်မှာ အလွန်အန္တရာယ်များနေသည်ဟူသော သင်္ကေတ ဖြစ်၏။

"ပြေးရမှာလား ၊ အန္တရာယ်လား..."

မုန့်ချီက သူ၏အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်နှင့် စစ်ဆေးကြည့်လိုက်သော်လည်း ဘာမျှမခံစားမိသည့်အတွက် အလွန်အံ့ဩသွားခဲ့သည်။

"တစ်ယောက်ယောက်က ငါ့ရဲ့အာရုံခံစွမ်းရည်ကနေ ဖုံးကွယ်ထားနိုင်တာလား။ သူက ဒီလိုအခြေအနေမျိုးကို ဖန်တီးထားခဲ့တာလား…"

အခြေအနေက အရေးကြီးလာလေလေ မုန့်ချီက ပို၍တည်ငြိမ်လာလေလေ ဖြစ်သည်။ သူက ပထမဆုံး သတိထားခဲ့၏။

"လွှတ်တော်ခန်းမထဲမှာ တစ်ခုခု မှားနေပြီ။ ချန်းဘုရင်ကရော..."

သူက ချန်းဘုရင်၏ ဘေးကင်းလုံခြုံမှုကို ကျောက်စိမ်းပုံရိပ်ယောင် တွက်ချက်မှုနှင့် တွက်ကြည့်လိုက်သည်။

"ဝေဝါးနေတာလား မသေချာဘူးလား။ ဝေဝါးနေတယ်ဆိုတာ မူမမှန်မှုတစ်ခု ရှိနေတယ်လို့ ဆိုလိုတာပဲ…"

မုန့်ချီက စဉ်းစားနေရန် အချိန်မရခဲ့ပေ။ သူက လျှို့ဝှက်အသံပို့ဆောင်မှုကိုသုံးပြီး ကျန်းကျိဝေကို ချက်ချင်းပြောလိုက်၏။

"အရမ်းနောက်မကျခင် ပြေးတော့..."

ခဏအတွင်း မုန့်ချီ၊ ချီကျန်းရန်၊ ကျန်းကျိဝေ၊ ရွမ်ယုရှုနှင့် ကျိုးဟမ်တို့က ပတ်ပတ်လည်သို့ ထွက်ပြေးခဲ့ကြသည်။ သူတို့ ထွက်ပြေးသည့်အချိန်တွင် အလင်းတန်း (၃) ခု ဖြစ်လာခဲ့၏။

လွှတ်တော်ခန်းမ၏ အတွင်းထဲတွင် စောင့်နေသူက သူတို့ကို သတိထားမိပုံရပြီး ချက်ချင်း မတ်တပ်ရပ်လိုက်သည်။ သူက လေးတစ်ချောင်းကို ကိုင်ထားခဲ့၏။ ထိုအချိန်တွင် မြားကတော့ ရွှေရောင်အလင်းတန်းများမှ စုစည်းလာခဲ့သည်။

တစ်ချိန်တည်းတွင် ဘာသာရေးအမတ်ကြီးရဲတိုက်ထဲရှိ ပိုင်စုန့်က သတင်းတစ်ခုကို ရရှိခဲ့သည်။ အထက်တန်းလွှာမိသားစု (၃) ခုမှ အစေခံများအားလုံးကလည်း ညအချိန်အတွင်း မူမမှန်မှုများကို တွေ့ရှိခဲ့ကြသည်။

"သခင်လေးစုကို မြန်မြန်တားလိုက်တော့..."

သူက ချက်ချင်းပင် ခေါင်းမော့ပြီး ဝမ်ချီနှင့် ကျိုးပိုင်တို့ကို ကြည့်လိုက်သည်။

Translated by Hein Htet.

All Chapters