အခန်း (၅၉၈)
Vol. 40 Ch. 598
မုန့်ချီက သူ၏လက်အသစ်ကို သေချာစစ်ဆေးကြည့်လိုက်သည်။ သွေးကြောများ၊ အရေပြား၊ ကြွက်သားနှင့် သွေးကြောမှတ်များ အားလုံးကပင် မူလတုန်းကအတိုင်း တထပ်တည်း ဖြစ်သည်။ သူက ထိုအရာများကို နောက်တစ်ကြိမ် လေ့ကျင့်ရန် မလိုအပ်ပေ။ သူက အသစ်ထွက်ပေါ်လာသော လက်အသစ်နှင့် ရင်းနှီးမှု ရရှိရန်သာ လိုအပ်သည်။
“တကယ့်ကို ဓမ္မကာရအဆင့် သက်ရှိဖန်တီးခြင်း နည်းလမ်းပါလား…”
ထိုလက်အသစ်တစ်စုံကို မြင်လိုက်ရသည့်အချိန်တွင် မုန့်ချီ၏ရင်ထဲ၌ အံ့သြသွားသလို ခံစားလိုက်ရသည်။
“ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်…”
သူက နှိမ့်ချနေခဲ့ပြီး မိုကျောင်းတော်၏ ခေါင်းဆောင် ဖြစ်နေသည်ကိုပင် သူ့ကိုယ်သူ အလေးမထားခဲ့ပေ။ သူကတော့ မတူညီသော အဆင့်အတန်းများအစား မတူညီသော အလုပ်များဖြင့်သာ ရိုးရှင်းစွာ လုပ်ဆောင်ခဲ့သည်။
ပထမတွင် ခေါင်းဆောင်၏ လုပ်ဆောင်ချက်ကြောင့် သက်လတ်ပိုင်းလူကြီးက အံ့သြသွားခဲ့သည်။ ထိုအရာက သူ့အတွက်တော့ အလွန်ကြီးမားသော ဂုဏ်တစ်ခုဟု တွေးလိုက်မိ၏။
သိပ်မကြာခင် ခေါင်းဆောင်က ဘက်လိုက်မှုမရှိသော မေတ္တာတရားနှင့် စည်းမျဉ်းများအတိုင်း ပြုမူနေခြင်းဖြစ်ကြောင်း နားလည်သွားခဲ့သည်။ ခေါင်းဆောင်က အသိပညာကို လက်တွေ့နှင့် တသားတည်း ပေါင်းစပ်ပြနေခြင်း ဖြစ်သည်။
ချီကျန်းရန်က ပြန်၍အရိုအသေပေးလိုက်ပြီး သူ့နာမည်ကို မေးလိုက်၏။ ဟောပြောရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ဝေယျာဝစ္စမျိုးစုံကို တာဝန်ယူရသူ ဖြစ်သည့်အတွက် မိုကျောင်းတော်နှင့် နောက်လိုက်များကို တိုက်ရိုက်စီမံရသော ရွမ်ယုရှုနှင့် မုန့်ချီကလွဲလျှင် တခြား(၃)ယောက်ကတော့ သူတို့နှင့် ပတ်သက်ပြီး အနည်းငယ် သိနေကြသည်။
သို့သော် မိုကျောင်းတော်၏ လျှို့ဝှက်နောက်လိုက်များကိုတော့ သူတို့(၅)ယောက်က အတူတကွ အတည်ပြုနိုင်ကြ၏။ ထို့ပြင် ပိုင်စုန့်နှင့် ကျိုးပိုင်တို့ကို ထိုအခြေအနေမှ ဖယ်ထုတ်ထားခဲ့ပြီး သူတို့ဆီမှ မည်သည့်အချက်အလက်မျှ ပေါက်ကြားနိုင်ခြင်း မရှိချေ။
“ကျွန်တော့်နာမည်က ရန်ကွမ်လို့ ခေါ်ပါတယ်…”
သက်လတ်ပိုင်း လူကြီးက ပြန်ဖြေလိုက်သည်။
“ခေါင်းဆောင်နဲ့ မိန်းကလေးရွမ်ကြောင့် ကျွန်တော်က တိုးတက်လာခဲ့တာပါ။ ဒီတော့ ခေါင်းဆောင်က ကျွန်တော့်နာမည်ကို မသိတာ သဘာဝကျပါတယ်…”
မုန့်ချီနှင့် ရွမ်ယုရှုတို့သာ အဖမ်းခံရခြင်း မရှိသရွေ့ သူ့ကို ခြေရာခံနိုင်မည် မဟုတ်ချေ။
“တိုးတက်လာခဲ့တာလား။ ညီလေးမုန့်က ထိုစကားကို မကြာမကြာ ပြောခဲ့ပေမဲ့ ဒါက တော်တော်ထူးဆန်းနေတယ်…”
ချီကျန်းရန်က မျက်မှောင်ကြုတ်လိုက်၏။
ယခု မုန့်ချီက ဒဏ်ရာများမှ သက်သာလာပြီ ဖြစ်သည့်အတွက် မတ်တပ်ရပ်ပြီး မေးလိုက်သည်။
“မိတ်ဆွေကြီးရန်…
ကျေးဇူးပြုပြီး အပြင်ဘက်က အခြေအနေကို သွားကြည့်ပေးလို့ ရနိုင်မလား…”
“ကျွန်တော် ကြိုးစားပါ့မယ်…”
ရန်ကွမ်က မီးဖိုချောင်ထဲမှ ထွက်သွားပြီး မည်သည့်အရာမျှ မဖြစ်ခဲ့သည့်အလား အပြင်ဘက်ကို လျှောက်သွားခဲ့သည်။
“သူက အထက်တန်းလွှာ မှူးမတ်တစ်ယောက် ဆိုမှတော့ ဘယ်သူကမှ သံသယဝင်မှာ မဟုတ်ဘူး။ သူက သမိုင်းကြောင်းနဲ့ ပတ်သက်တဲ့ ရှေးဟောင်းကျမ်းစာတွေ အမြောက်အမြားကို ဖတ်ခဲ့ဖူးတယ်။ သူက အထက်တန်းလွှာ မိသားစုဝင်တွေကို စိတ်ပျက်နေပြီး ကမ္ဘာကြီးရဲ့ ပြဿနာတွေကို အဆုံးသတ်ဖို့အတွက် ပြန်လည်ပြုပြင်ချင်နေခဲ့တာ။ ကျွန်တော်တို့ ဟောပြောနေတာကို ကြားလိုက်ရတဲ့အချိန်မှာ သူက ကျွန်တော်တို့ကို ထောက်ခံခဲ့တယ်။ ဒါကြောင့် သူက ကျွန်တော့်ဆီကို ရောက်လာပြီး ကျွန်တော်တို့ကို အကူအညီပေးဖို့အတွက် လျှို့ဝှက်နောက်လိုက်တစ်ယောက် ဖြစ်လာချင်ခဲ့တယ်…”
ထိုစကားကို ပြောနေစဉ် သူက သက်ပြင်းချလိုက်မိသည်။
“အချင်းချင်း သစ္စာမဖောက်ပေမဲ့ သူတို့ရဲ့အဆင့်အတန်းကို သစ္စာဖောက်တဲ့သူတွေ ရှိကြတာပဲ…”
“မင်းက ဘာပြောချင်တာလဲ…”
ချီကျန်းရန်က ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
တာဝန်စတင်ခဲ့သည့် အချိန်မှစပြီး မုန့်ချီက ထူးဆန်းသောအရာများ၊ စကားလုံးများ ပြောနေခြင်းကို အမြဲတမ်း ကြားနေခဲ့ရသည်။ ထို့ကြောင့် သူကိုယ်တိုင်လည်း အံ့သြနေခဲ့ရ၏။
မုန့်ချီက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ဇဝေဇဝါ ပြန်ဖြေလိုက်သည်။ “ဘာမှမဟုတ်ပါဘူး…။ (၉)နှစ်လောက် စာပေမသင်ကြားရတဲ့သူတွေကတော့ အဲဒါကို နားလည်ဖို့ ခက်တာပေါ့…”
ချီကျန်းရန်က ထိုအရာကို အလေးအနက် မထားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင် ဂရုမစိုက်ချင်သောကြောင့် ဖြစ်သည်။
ခဏကြာပြီးနောက် ရန်ကွမ်က ပြန်ဝင်လာခဲ့သည်။ သူက အသံတိုးတိုးနှင့် ပြောလိုက်၏။
“လမ်းပေါ်မှာ ကင်းလှည့်နေတဲ့ ရဲမက်တွေက လူတွေကို အိမ်ထဲကနေ ထွက်မလာဖို့ တားဆီးနေကြတယ်။ ခေါင်းဆောင်နဲ့ ဘုရင်ကြီးက ပြဿနာတွေ ဖြစ်ခဲ့တယ်လို့ သူတို့က ပြောတာပဲ။ ခေါင်းဆောင်က သူ့ကိုသတ်ပြီး မြို့ထဲမှာ ပုန်းနေတယ်လို့ ပြောကြတယ်။ သူတို့က မြို့ကို ဝင်္ကပါနဲ့ ပိတ်ထားပြီး မြို့ထဲမှာရှိတဲ့ အိမ်တိုင်းကို ရှာဖွေနေကြတာ။ ဝေ့ကျင်းအဆင့် ပညာရှင်တွေကိုတောင် မြို့အပြင်ဘက် စေလွှတ်ပြီး ခေါင်းဆောင်ရဲ့နောက်ကို လိုက်ခိုင်းနေခဲ့တယ်…”
ဝင်္ကပါကို အသက်သွင်းပြီး ဓားပြများကို ဖမ်းဆီးရန်အတွက် နတ်ဘုရားကမ္ဘာကြီးထဲတွင် ရဲမက်များ၏ လိုအပ်ချက်က မြင့်မားသည်။ အနည်းဆုံး ဉာဏ်အလင်းပွင့်မှုအဆင့်အထိ ရောက်နေရမည် ဖြစ်သည့်အတွက် သူတို့က အနည်းစု ဖြစ်နေရခြင်း ဖြစ်၏။
ရှာဖွေနေစဉ် အတောအတွင်း သူတို့က ပင်မလမ်းကြောင်းများကို တားမြစ်ထားပြီး နေရာတိုင်းကို ရှာဖွေကြသည်။ ဝေ့ကျင်းအဆင့် ပညာရှင်(၁)ယောက်က လေထဲ၌ ပျံဝဲနေပြီး တိုက်ခိုက်မှု အရိပ်အယောင်များကို အာရုံခံကြည့်နေခဲ့သည်။
“သူတို့က ငါတို့ကို ဒီလိုမျိုး အကောက်ကြံချင်နေတာပဲ…”
မုန့်ချီက နှာခေါင်းရှုံ့လိုက်မိပြီး သူ၏အမူအရာကတော့ ပုံမှန်သာ ဖြစ်သည်။ သို့သော် မျက်လုံးများကတော့ အေးစက်နေခဲ့၏။
“ကြည့်ရတာတော့ ချန်းဘုရင်က အန္တရာယ်ရှိနေပြီ ထင်တယ်။ သူက ငါတို့ကို ယုံကြည်ပေးခဲ့ပေမဲ့ ဒီလိုမျိုး အဆုံးသတ်သွားခဲ့ရတယ်။ ငါက သူ့ကို ထိခိုက်အောင် မလုပ်ခဲ့ပေမဲ့ သူက ငါ့ကြောင့် ထိခိုက်သွားခဲ့ပြီ။ ငါက တစ်နေ့နေ့မှာ သေချာပေါက် လက်တုံ့ပြန်ပေးရမယ်…”
သူ့ရင်ထဲတွင် ဒေါသများ ပြည့်နှက်လာပြီး ဆုံးဖြတ်ချက်ချလိုက်သည်။
ချီကျန်းရန်ကလည်း မျက်နှာပျက်နေခဲ့၏။ သူ့မျက်လုံးများက ဓား ကိုင်မထားသော ဘယ်ဖက်လက်ကို ကြည့်နေပြီး သတိလက်လွတ် ဆုပ်လိုက်မိသည်။
ရန်ကွမ်က သက်ပြင်းချလိုက်မိ၏။
“ဘုရင်ကြီးက အစွမ်းထက်တဲ့ တိုင်းပြည်(၁)ခု တည်ဆောက်ဖို့အတွက် တော်တော်လေး ကြိုးစားခဲ့ရတယ်။ ဒါပေမဲ့ သူတို့က ဒီလိုအရှက်မရှိတဲ့ စကားမျိုးကို ပြောရဲတာပဲ။ ခေါင်းဆောင်ကို ဘုရင်ကြီးက တစ်ချိန်လုံး ကာကွယ်ပေးနေတာ။ ခေါင်းဆောင်ရဲ့ စည်းမျဉ်းတွေကလည်း ချောချောမွေ့မွေ့ဖြစ်လာပြီး လူတိုင်းအတွက် အကျိုးအမြတ် ရှိတယ်။ ခေါင်းဆောင်က ဘာလို့ ဘုရင်ကြီးနဲ့ ပြဿနာတက်ပြီး သူ့ကို သတ်ရမှာလဲ။ အရေးကြီးဆုံးအရာကတော့ ခေါင်းဆောင်က အသက်ငယ်ပြီး ပထမကောင်းကင်အဆင့်ကိုတောင် မရောက်သေးဘူး။ လျှို့ဝှက်ရတနာ(၁)ခု ရှိနေရင်တောင် ခေါင်းဆောင်က ဘုရင်ကြီးလို သိုင်းသခင်တစ်ယောက်ကို မသတ်နိုင်ဘူး…”
သူက ခဏရပ်လိုက်ပြီး နာကျင်သွားသလို ခံစားလိုက်ရသည်။
“မိုကျောင်းတော်က နောက်လိုက်တွေ အများကြီး အကျဉ်းချခံရတယ်လို့ ကျွန်တော် ကြားတယ်။ ဆရာပိုင်၊ ဆရာကျိုးနဲ့ ဆရာဝမ်တို့ကတော့ ပွတ်ကာသီကာ လွတ်မြောက်သွားခဲ့တယ်…”
“မိုကျောင်းတော်က နောက်လိုက်တွေကို ဖမ်းထားတာလား…”
မုန့်ချီက ဒေါသကို ဖိနှိပ်ပြီး လေပူများကို မှုတ်ထုတ်လိုက်သည်။
“ငါက ဒီကိစ္စကို အလွယ်တကူ အလွတ်ပေးလို့ မရဘူး။ ငါက သူတို့ကို လက်တုံ့ပြန်ရလိမ့်မယ်။ ငါတို့က တာဝန်ပြီးဆုံးအောင် ဟောပြောခဲ့တာပေမဲ့ သူတို့ရဲ့ ဘဝကို ပြောင်းလဲပစ်ခဲ့ပြီး သူတို့ရဲ့ယုံကြည်မှုတွေကို ဆုလာဘ်အဖြစ် ရခဲ့တယ်။ ပြီးတော့ သူတို့က နေ့စဉ်ဘဝမှာလည်း ငါတို့ရဲ့အတွေးအခေါ်တွေကို လိုက်နာနေခဲ့တာ။ ငါက သူတို့ကို လုံးဝ ချန်မထားခဲ့နိုင်ဘူး။ တကယ်လို့ ငါက သူတို့ကို ကယ်တင်ဖို့ မအောင်မြင်ဘူးဆိုရင်တောင် နောက်ပိုင်းမှာ သူတို့အတွက် သေချာပေါက် ပြန်ပြီးတော့ ပေးဆပ်ရမယ်။ အနည်းဆုံးတော့ ပိုင်စုန့်က တုံ့ပြန်တာ မြန်သွားတယ်။ မဟုတ်ရင် သူ့ဆီမှာရှိတဲ့ မိုကျောင်းတော်ရဲ့နောက်လိုက်စာရင်းကို ရသွားနိုင်တယ်..”
မုန့်ချီက အတွေးများကို စုစည်းလိုက်ပြီး သူတို့(၃)ယောက် အဖမ်းမခံရသည့်အတွက် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ မိုကျောင်းတော်က ပျက်စီးသွားရတော့မည် ဖြစ်၏။ ယခုတော့ မိုကျောင်းတော်၏ နောက်လိုက်အများစုက လွတ်မြောက်နေသေးသည်။
ထိုအချိန်တွင် သူတို့က ထောင့်တစ်နေရာမှနေ၍ အသံတစ်ခုကို ကြားလိုက်ရ၏။ သူတို့က အချင်းချင်း ကြည့်လိုက်မိကြပြီး ရန်ကွမ်က လျှို့ဝှက်အသံ ပို့ဆောင်မှုနှင့် ပြောလိုက်သည်။
“ကျွန်တော် သွားကြည့်လိုက်မယ်…”
ရဲမက်များက လမ်း၏အဝေးတွင် ရောက်နေသည့်အတွက် စာသင်သားများက သူတို့မိသားစုကို ရှာဖွေရန် ထွက်လာကြသည်။
ရန်ကွမ် ထွက်သွားသည့်အချိန်တွင် မုန့်ချီက သက်ပြင်းချလိုက်မိ၏။
“ဒါက ကျွန်တော်တို့ အမှားပဲ။ ကျွန်တော်က ရွှေအလင်းတန်းလိုဏ်ဂူကို သေချာ သတိမထားမိခဲ့တဲ့အတွက် ဘုရင်ကြီးကို ကောင်းကောင်းမကာကွယ်နိုင်ခဲ့ဘူး..”
သူက လျစ်လျူရှုထားသည်ဟု ဆိုလိုခြင်း မဟုတ်သော်လည်း သူ၏ သတိလစ်သွားမှုကြောင့်သာ ဖြစ်သည်။ နန်းတွင်းထဲတွင် ရှိနေသော သိုင်းသခင် ပစ်လိုက်သည့် ရွှေမြားကြောင့် ရွှေအလင်းတန်းလိုဏ်ဂူမှ အိမ်ပြန်လာသည့် ကုန်းရန်ပေါင်ကို ပြန်လည်သုံးသပ်မိခဲ့သည်။
“ချန်းဘုရင်က တိုင်းပြည်တစ်ပြည်ရဲ့ဘုရင်ဖြစ်သလို သူက သိုင်းသခင် (၁)ယောက်ပဲ။ သူ့မှာရှိတဲ့ ရတနာတွေက ငါတို့ထက်တောင် ပိုပြီးတော့ များသေးတယ်။ ငါတို့က သူ့ကို ကာကွယ်ပေးရမယ့်အစား သူက ငါတို့ကို ကာကွယ်ပေးတာ သဘာဝပဲလေ..” ချီကျန်းရန်က သူ့ကို နှစ်သိမ့်လိုက်၏။
“ရွှေအလင်းတန်းလိုဏ်ဂူရဲ့လုပ်ရပ်က ထူးဆန်းတယ်။ မှတ်တမ်းတွေအရ သူတို့က ဒီလို အသေးအဖွဲကိစ္စတွေကို လုံးဝဝင်မပါတတ်ဘူး။ သူတို့က လူသတ်ဖို့ ပညာရှင်တွေ စေလွှတ်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ တကယ်လို့ သူတို့က ငါတို့ကို တားဆီးချင်တယ်ဆိုရင်တောင် ငါတို့ကို သတိပေးဖို့အတွက် တမန်တော်တစ်ယောက်ပဲ စေလွှတ်သင့်တယ်။ သူတို့က ချန်းဘုရင်ကို သေချာပေါက် လွှမ်းမိုးနိုင်တာပဲလေ။ ငါတို့က အဲဒီအရာကိုပဲ အရင်ဆုံး စိုးရိမ်နေခဲ့တာ။ ဒါပေမဲ့ သူတို့က ကမ္ဘာမကြေ ရန်သူတွေလို လုပ်ပြီး ငါတို့အားလုံးကို သေစေချင်ခဲ့တယ်…”
မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။
“ရွှေအလင်းတန်းလိုဏ်ဂူရဲ့လုပ်ရပ်က တော်တော်ကို ထူးဆန်းနေတယ်။ သူတို့မှာ အကြံအစည် တစ်ခုခုတော့ ရှိနေလောက်တယ်…”
ထို့နောက် သူ၏အမူအရာက တည်ငြိမ်သွားခဲ့သည်။
“သူတို့က ဘယ်လောက်ပဲ အစွမ်းထက်ထက် တစ်နေ့နေ့မှာ ငါတို့က ချန်းဘုရင်အတွက် လက်တုံ့ပြန်ပေးရမယ်။ ဖမ်းဆီးထားတဲ့ မိုကျောင်းတော်ရဲ့နောက်လိုက်တွေကိုသာ မကယ်တင်နိုင်ဘူးဆိုရင် ငါတို့က.....”
ချီကျန်းရန်က အသံတိုးတိုးနှင့် ပြောလိုက်၏။
“အခုတော့ လက်မလျှော့ပါနဲ့ဦး။ ကျွန်တော်တို့က အခွင့်ကောင်းတွေ ရှာကြတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ကိုယ်တိုင် ဒီရှာဖွေမှုကနေ လွတ်မြောက်ဖို့ လိုတယ်…”
မုန့်ချီက လက်ကို ဝှေ့ယမ်းပြလိုက်သည်။
အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကြောင့် မုန့်ချီက အလွယ်တကူ ပြောင်းလဲနိုင်စွမ်း ရှိ၏။ သူက ရှန့်ယင်မြို့ကဲ့သို့ ကြီးမားသော မြို့ကြီးတစ်ခုထဲတွင် ပြီးပြည့်စုံစွာ ပုန်းအောင်းနေနိုင်သည်။ သိုင်းသခင်(၁၀)ယောက် သူ့နောက်ကို လိုက်လံဖမ်းဆီးမည် ဆိုလျှင်ပင် သူတို့က သူ့ကို ဖမ်းဆီးရန်အတွက် တစ်မြို့လုံးကို ဖျက်ဆီးခြင်း သို့မဟုတ် ထူးဆန်းသော ရတနာများ ရှိနေမှသာ ဖြစ်နိုင်ပါလိမ့်မည်။
သို့သော် သူက ချီကျန်းရန်၊ ကျန်းကျိဝေနှင့် အခြားသူများအတွက် စိုးရိမ်နေခဲ့သည်။ သူတို့က မျက်နှာပြောင်းလဲပြီး အငွေ့အသက်များကို ဖုံးကွယ်ထားနိုင်သော်လည်း ပြောင်းလဲနိုင်စွမ်း မရှိကြပေ။ မြို့တစ်ခုလုံးကို ပိုက်စိတ်တိုက်ရှာနေသော ရဲမက်များက အိမ်တိုင်းကို ရှာဖွေမည်ဆိုလျှင် အနှေးနှင့်အမြန် သူတို့ကို တွေ့သွားနိုင်သည်။
“ဒါပေမဲ့ အစွမ်းထက်တဲ့ အဆက်အနွယ်တွေ ရှိနေတဲ့ ကုန်သည်တွေလည်း အများကြီး ရှိတယ်။ သူတို့က မြို့ကို အချိန်အကြာကြီး ပိတ်ထားဖို့ မဖြစ်နိုင်ဘူး…”
မုန့်ချီက အနည်းငယ် စိတ်အေးသွားသလို ခံစားလိုက်ရသည်။
ခဏကြာပြီးနောက် ရန်ကွမ်က မီးဖိုချောင်ထဲကို ရောက်လာပြီး စိုးရိမ်တကြီး ပြောလိုက်၏။
“သူတို့က အနားကို ရောက်လာပြီ…”
“ဒီလောက်မြန်မြန်နဲ့ တည့်တည့် ရောက်လာတာလား…”
ပထမတွင် မုန့်ချီနှင့် ချီကျန်းရန်တို့က အံ့အားသင့်သွားခဲ့ကြသည်။ သူတို့က မီးတောက်စွမ်းအင် ကူးပြောင်းမှုမှတစ်ဆင့် ဤနေရာကို ရောက်လာကြောင်း နားလည်သွားခဲ့၏။ ထို့ကြောင့် အငွေ့အသက်တချို့ ကျန်နေသေးသည်မှာ သဘာဝပင် ဖြစ်သည်။
ရန်ကွမ်က လေပူများကို မှုတ်ထုတ်ပြီး ထပ်ဖြည့်ပြောလိုက်၏။
“အလုပ်သမားရေးရာ အမတ်ကြီး ကုန်းရန်ကျန့်က ကလန်ကဆန် လုပ်တာတွေကို တားဆီးဖို့အတွက် အိမ်(၁)အိမ်မှာ ရှိနေတဲ့ လူတိုင်း စုနေပြီး အမိန့်ပေးထားတယ်။ တကယ်လို့ အရှင်သခင်နဲ့ ကျေးကျွန်တွေ ဆိုရင်တောင် သူတို့ရဲ့ စာရွက်စာတမ်းကို ပြရလိမ့်မယ်။ မိသားစုဝင်တွေဆိုရင်လည်း သူတို့အတည်ပြုနိုင်မှ ရမယ်…”
“တော်တော်လေးကို ဂရုစိုက်နေတာပဲ…”
မုန့်ချီက ကုန်းရန်ကျန့်၏အခြေအနေကို စတင်သုံးသပ်နေခဲ့သည်။ ထိုအမိန့်ကြောင့် သူတို့က ရန်ကွမ်၏ အစေခံများဟု ပြောရန် မဖြစ်နိုင်တော့ပေ။
ရန်ကွမ်က စိုးရိမ်နေသည့်အချိန်တွင် မုန့်ချီက ရယ်လိုက်၏။
“ငါ့မှာ နည်းလမ်းရှိပါတယ်။ မင်းက မစိုးရိမ်နဲ့။ သူတို့ပြောသလိုပဲ ပြောလိုက်ပါ…”
သူက ရန်ကွမ်ကို စိတ်သက်သာရာ ရစေရန် ယုံကြည်မှုတစ်ခု ပေးခဲ့သည်။ ရန်ကွမ်က သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီး မိသားစုနှင့် အစေခံများကို စု၍ ရဲမက်များကို စောင့်နေခဲ့၏။
အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်က အစွမ်းထက်ကြောင်း ချီကျန်းရန်က သိထားသည့်အတွက် တည်ငြိမ်နေခဲ့သည်။ သိပ်မကြာခင်က အရာရှိ(၁)ယောက်က ရဲမက်များနှင့်အတူ အတွင်းထဲကို ဝင်လာခဲ့သည်။
ရန်ကွမ်က အထက်တန်းလွှာ မိသားစုဝင် တစ်ယောက် ဖြစ်သည့်အတွက် သူတို့က တလေးတစား ဆက်ဆံကြ၏။ ရဲမက်တချို့က ခန်းမထဲကို ဝင်သွားပြီး သူတို့၏ စာရွက်စာတမ်းများကို စစ်ဆေး၍ တခြားသူများကတော့ အိမ်ထဲတွင် ရှာဖွေနေကြသည်။
ခန်းမ၏ မျက်နှာချင်းဆိုင်တွင် ရှိနေသော သစ်ပင်တစ်ပင်ပေါ်တွင် ငှက်ကလေး တစ်ကောင်က သူတို့ကို ကြည့်နေခဲ့၏။ အထူးသဖြင့် ရှာဖွေရေးအဖွဲ့ကို ဖြစ်သည်။ သူတို့ထွက်သွားသည့်အချိန်တွင် ငှက်ကလေးက ခန်းမထဲသို့ ပြန်လာပြီး မုန့်ချီအဖြစ် ပြောင်းလဲသွားခဲ့၏။
“သွားကြစို့။ ကျွန်တော်တို့က အဲဒီအိမ်ထဲမှာ ပုန်းနေလို့ရတယ်…”
မုန့်ချီက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။
သူတို့က ရဲမက်များ ရောက်မလာခင် ရွေးချယ်ထားသော အိမ်ထဲတွင် ဝင်ရောက်ပုန်းနေခဲ့၏။ သူတို့က ကောင်းကင်ပေါ်တွင် ရှိနေသော ဝေ့ကျင်းအဆင့် ပညာရှင် သတိမထားမိစေရန် သူတို့၏ အငွေ့အသက်များကိုလည်း ဖုံးကွယ်ထားခဲ့သည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ရှာဖွေရေးအဖွဲ့က အိမ်၏ ပတ်ပတ်လည်ကို ရောက်သွားကြ၏။ သူတို့က အထဲကို ဝင်လာသည့်အချိန်တွင် သူတို့သိနေသော အဖွဲ့သားတစ်ယောက်က အထဲမှ ထွက်လာပြီး ပြောလိုက်သည်။
“ဒီမှာ မရှိဘူး…”
“ကောင်းပြီလေ…”
သူတို့က ခေါင်းညိတ်ပြလိုက်ပြီး တခြားနေရာများကို လှည့်ပတ်ရှာဖွေနေကြ၏။
မုန့်ချီက ပြုံးလိုက်ပြီး တခြားအဖွဲ့သားများနှင့်အတူ လမ်းလျှောက်ချင်ယောင်ဆောင်၍ သူတို့ထွက်သွားမည့်အချိန်ကို စောင့်နေခဲ့သည်။ ခဏကြာပြီးနောက် တခြားနေရာမှ အဖွဲ့တစ်ဖွဲ့ ရောက်လာပြန်သည်။ သူတို့ကလည်း ရင်းနှီးသော အဖွဲ့သားတစ်ယောက် ထွက်လာသည်ကို မြင်လိုက်ရပြီး အိမ်နားကိုမရောက်ခင် အသံကို ကြားလိုက်ရသည်။ ထိုအဖွဲ့သားကို မြင်လိုက်သည့်အခါ သူတို့က သံသယဝင်ခြင်းမရှိဘဲ လူခွဲသွားခဲ့ကြ၏။
နာရီဝက်ခန့် ကြာပြီးနောက် ရန်မိသားစုထဲတွင် ငြိမ်းချမ်းသွားခဲ့သည်။ ခေါင်းဆောင်က ရဲမက်များ၏ လက်ထဲမှ ပုန်းအောင်းရန် မည်သို့ လုပ်ဆောင်ခဲ့ကြောင်း နားမလည်နိုင်သည့်အတွက် ရန်ကွမ်က အံ့သြနေခဲ့၏။
“အခု အခြေအနေက ရှုပ်ထွေးနေပေမဲ့ သူတို့က သံသယဝင်စရာ ဘာမှရှာမတွေ့ခဲ့ဘူး။ အခု ကျွန်တော်တို့က မြို့ထဲကနေထွက်ဖို့ ကြိုးစားရမယ်…”
မုန့်ချီက ချီကျန်းရန်ကို ကြည့်ပြီး ပြောလိုက်သည်။
“မြို့ထဲကနေ ထွက်ဖို့လား…”
ချီကျန်းရန်က ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
“ဝင်္ကပါက တစ်မြို့လုံးကို ဖုံးကွယ်ထားတာလေ။ ငါတို့က ဘယ်လိုထွက်နိုင်မှာလဲ…”
မုန့်ချီက လေပူများကို မှုတ်ထုတ်လိုက်သည်။
“သူတို့ကသာ ကျွန်တော်တို့ကို မြို့အပြင်ဘက်မှာ ရှာတွေ့သွားမယ်ဆိုရင် မြို့ထဲမှာ ရှာဖွေမှုတွေ ရပ်သွားလိမ့်မယ်။ လူတိုင်းကလည်း ဘေးကင်းသွားလိမ့်မယ်။ ကျွန်တော်တို့က မိုကျောင်းတော်က နောက်လိုက်တွေကိုတောင် ကယ်တင်ကောင်း ကယ်တင်နိုင်လိမ့်မယ်..”
“ကျားကို တောင်ထဲကနေ ထွက်လာအောင် မျှားခေါ်တာလား။ မြို့ကို ပိတ်ဆို့ထားတဲ့ ဝင်္ကပါကရော…”
မုန့်ချီက ပြုံးလိုက်ပြီး သူ့အမူအရာက အေးစက်နေခဲ့သည်။
“အဲဒီအချိန်ကျရင် ကျွန်တော်တို့ကို ဖမ်းဖို့ ကြိုးစားနေတဲ့ ဝေ့ကျင်းအဆင့် ပညာရှင်တွေက ပြန်လာကြမှာပဲ မဟုတ်လား…”
တရားရေးအမတ်ကြီး ရဲတိုက်ထဲတွင် -
ကျိုးဟမ်က တျန်းကွေ၏အခန်းထဲတွင် ပုန်းနေသည့်အတွက် ရှာဖွေမှုကို စိုးရိမ်နေစရာ မလိုအပ်ပေ။ အစီအစဉ်အရ ပထမတွင် သူက မိုကျောင်းတော်၏ နောက်လိုက် တစ်ယောက်ကို တျန်းမိသားစု စံအိမ်ထဲတွင် ကာကွယ်ထားခြင်း ဖြစ်သည်။ တျန်းကွေ အိမ်သို့ ပြန်လာသည့်အချိန်တွင် သူ့ကို ဤနေရာသို့ ပို့ဆောင်ပေးခဲ့၏။
“အဆင်ပြေရဲ့လား…”
ကျိုးဟမ်က တျန်းကွေကိုကြည့်ပြီး သူ့ကို သံသယဝင်နေမှာ စိုးရိမ်နေခဲ့သည်။
တျန်းကွေက ပြုံးလိုက်သည်။
“အဆင်ပြေပါတယ်။ ကျွန်တော်က မိုကျောင်းတော်နဲ့ ပတ်သက်နေတယ်ဆိုတာ သူတို့ မသိကြဘူး။ ကျွန်တော့်အဖေမှာ ကျွန်တော်တစ်ယောက်တည်းပဲ ရှိတော့တယ်။ သူကလည်း ကျွန်တော် ပတ်သက်နေတယ်ဆိုတာကို သိမှာ မဟုတ်ဘူး..”
“မင်းက သူ သတိမထားမိအောင် အစောင့်အဖွဲ့ထဲကို ဘယ်လိုဝင်ခဲ့တာလဲ။ အရာရှိ တစ်ယောက်ကတောင် သူ့ရဲ့ ရဲမက်တွေကို မသိဘူးလား…”
ကျိုးဟမ်က စိတ်ဝင်တစား မေးလိုက်၏။
တျန်းကွေက မျက်မှောင်ကြုတ်လိုက်မိသည်။
“အဲဒါတော့ ကျွန်တော်လည်း မသိဘူး။ ဒါပေမဲ့ ထောင်ထဲမှာရှိတဲ့ တာအိုသခင် တစ်ယောက်က ကျွန်တော့်ကို သတိပေးခဲ့တယ်။ ကျွန်တော် သွားပြီး စစ်ဆေးကြည့်လိုက်တဲ့အချိန်မှာ အဲဒီအကြံအစည်က တကယ်ပဲဆိုတာ တွေ့လိုက်ရတယ်။ ပြီးတော့ ကျွန်တော်က အဖွဲ့ထဲကို ပူးပေါင်းဖို့အတွက် ကျွန်တော့်ရဲ့ ဦးလေးတွေကို တောင်းဆိုခဲ့တာ။ ကျွန်တော့်အဖေက လွှတ်လိုက်တယ်လို့ သူတို့ကို ပြောလိုက်တယ်လေ…”
သူက အကျဉ်းထောင်တွင် ကိစ္စရပ်များကို စီစဉ်ညွှန်ကြားရသော ထောင်မှူးတစ်ယောက် ဖြစ်သည်။
“တာအိုသခင်အိုကြီး တစ်ယောက်လား…”
အခြေအနေက ထူးဆန်းနေကြောင်း ကျိုးဟမ်က တွေ့လိုက်ရသည်။
တျန်းကွေက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။
“ပွစိပွစိ ပြောနေတဲ့ တာအိုသခင် အဘိုးအိုတစ်ယောက်။ သူက ကံကြမ္မာဟောပြောပြီး အသက်မွေးတယ် ထင်တယ်။ မကြာသေးခင်ကမှ သူ့ကို ထောင်ထဲပို့ထားတာ။ သူက လူတစ်ယောက်ကို အပြစ်ပြုမိခဲ့လို့လေ။ သူက ကျွန်တော့်မှာ အလုပ်မရှိတဲ့အချိန်တိုင်း ကျွန်တော့်ရဲ့ကံကြမ္မာကို ပြောပြတတ်တယ်..”
Translated by Hein Htet.