← Chapters

အခန်း (၅၉၉)

Vol. 40 Ch. 599

အခန်း (၅၉၉)

Vol. 40 Ch. 599

“ကျွန်တော်က တရားဝင်အချက်အလက်တွေကိုတော့ ရှာမတွေ့ဘူးလို့ သူက ပြောတယ်။ ဘာလို့လဲဆိုတော့ မိသားစုက ကျွန်တော့်ကို ဖယ်ထားလို့လေ။ ကျွန်တော်က ဇဝေဇဝါဖြစ်သွားတဲ့အတွက် သွားပြီးတော့ စုံစမ်းခဲ့ချိန်မှာ သူ အမှန်အတိုင်း ပြောနေတယ်ဆိုတာ နားလည်သွားတယ်…”

တာအိုသခင်အိုကြီးက အလွန်အံ့ဩစရာကောင်းပြီး သူ၏တွက်ချက်မှုများက မှန်ကန်နေကြောင်း တျန်းကွေက တွေ့ခဲ့ရသည်။

ထိုအရာက အလွန်တိုက်ဆိုင်နေကြောင်း ကျိုးဟမ်က သတိထားလိုက်မိသော်လည်း သူကိုယ်တိုင် လိုက်လံတိုက်ခိုက်ခံနေရသည့်အချိန်တွင် အကျဉ်းထောင်ထဲ၌ ရှိနေသော တာအိုသခင်အိုကြီးကို သွားရောက်တွေ့ဆုံနိုင်ခဲ့ခြင်း မရှိချေ။

“ဒီကမ္ဘာကြီးထဲမှာ အံ့ဩစရာကောင်းတဲ့လူတွေ အများကြီးရှိနေတာပဲ…. သူက တခြားဘာပြောခဲ့သေးလဲ….”

ကျိုးဟမ်က မေးလိုက်သည်။ အရာအားလုံးကို ကောင်းမွန်စွာ တွက်ချက်နိုင်သူများက ထူးခြားသော အခြေအနေများကိုလည်း ထုတ်ဖော်ပြောကြားတက်သည်။

တျန်းကွေက သေသေချာချာ စဉ်းစားကြည့်လိုက်ပြီး ခေါင်းခါ၍ ပြောလိုက်၏။

“ဘာမှထူးခြားတာတော့မရှိဘူ။ ဒါပေမဲ့ သူက ပျောက်ဆုံးသွားတဲ့ သူတို့ရဲ့ ကျင့်စဉ်တွေကြောင့် မကြာမကြာ ငိုကြွေးတတ်တယ်…”

“ပျောက်ဆုံးသွားတဲ့ ကျင့်စဉ်တွေလား…”

ကျိုးဟမ်က မျက်မှောင်ကြုတ်ပြီး ပြန်မေးလိုက်သည်။

တျန်းကွေက ခေါင်းညိတ်ပြလိုက်၏။

“အဲဒါတွေက ကျင့်စဉ်နည်းလမ်းတွေ၊ သိုင်းကွက်တွေ၊ ကောင်းကင်သိစိတ် ကျင့်စဉ်တွေနဲ့ မှော်အစွမ်းတွေ ဖြစ်လိမ့်မယ်။ လက်ရှိအချိန်မှာ အဲဒီအရာတွေက ဘက်လိုက်မှုမရှိတဲ့ မေတ္တာတရားမျိုး၊ ကရုဏာနှလုံးသားမျိုး မရှိပဲနဲ့ မရနိုင်ဘူး။ ဒါကြောင့် သူတို့တွေက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားခဲ့တာ…။ ဒီရူးနေတဲ့ တာအိုသခင်ကြီးက လူအသိုင်းအဝိုင်းကို တော်တော်လေးကို အလေးထားတယ် ထင်တယ်…”

“အရာအားလုံးက ဘက်လိုက်မှုမရှိတဲ့ မေတ္တာတရားနဲ့ ပတ်သက်နေတာ မဟုတ်ဘူး.”

ကျိုးဟမ်ကတော့ တျန်းကွေ၏ ရှင်းလင်းချက် ဒုတိယအပိုင်းကို လက်မခံခဲ့ချေ။ ကျင့်စဉ်ကျင့်ကြံနေသူတိုင်းက သူတို့၏ကျင့်စဉ်နည်းလမ်းများတွင် ကန့်သတ်ချက်ရှိကြောင်း တာအိုသခင်အိုကြီး၏ စကားလုံးများက အဓိကရည်ညွှန်းချင်ခဲ့သည်။

ထိုနေ့ရက်များ အတောအတွင်း အတော်များများကတော့ ကျင့်ကြံမှုနောက်ကွယ်တွင် ရှိနေသော အကြောင်းပြချက်များကို မစဉ်းစားမိကြသလို သူတို့နှင့် ကမ္ဘာမြေကြီး၏ ပတ်သက်မှုကိုလည်း မစဉ်းစားမိကြသည့်အတွက် သူတို့ကိုယ် သူတို့ ပျောက်ဆုံးသွားခဲ့ခြင်းလည်း ဖြစ်သည်။

“တကယ်လို့ မိုကျောင်းတော်ရဲ့အတွေးအခေါ်နဲ့ ဝူတိုင်းပြည်ရဲ့ စည်းမျဉ်းတွေကနေ သူတော်စင်တွေ ထွက်ပေါ်လာမယ်ဆိုရင် သူတို့က ကိုယ်ပိုင်နည်းလမ်းတွေ ရှင်းပြနိုင်ကြလိမ့်မယ်။ သူတို့က အချင်းချင်း ယှဉ်ပြိုင်နေကြတာပဲ။ အလယ်ခေတ်မှာ ရှိတဲ့ ပညာရှင်တွေက သူတို့ရဲ့နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတဲ့ပုံစံမျိုးပဲ..” ကျိုးဟမ်ကတော့ ထိုအတွေးများကို စဉ်းစားကြည့်နေရင်း အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သို့သော် သူကတော့ ထိုအရာကို အထူတလည် အလေးထားနေခြင်း မရှိချေ။

သူက ချက်ချင်းပင် ဦးတည်ချက်ကို ပြောင်းလိုက်သည်။

“မိုကျောင်းတော်က နောက်လိုက်တွေ အများကြီး အဖမ်းခံထားရတယ်။ ကျေးဇူးပြုပြီး သူတို့ကို ဂရုစိုက်ပေးပါ…”

ထိုတာဝန်မှတဆင့် နတ်ဘုရာကမ္ဘာကြီးနှင့် သူတို့က နည်းလမ်းမျိုးစုံနှင့်ဆက်သွယ်ထားကြောင်း သူတို့က နားလည်လာခဲ့ကြသည်။ သူတို့က အရာအားလုံးကို ဖြေရှင်းခြင်းမရှိဘဲ ထွက်သွား၍ မရချေ။

“ကျွန်တော်ကိုယ်တိုင်လည်း နောက်လိုက်တစ်ယောက်ဖြစ်နေမှတော့ ဒီကိစ္စကို သေချာပေါက် အလေးထားပါတယ်….”

တျန်းကွေက တည်ငြိမ်စွာ ပြောလိုက်သည်။

ထိုစကားကိုကြားသည့်အခါ ကျိုးဟမ်က စိတ်ဝင်တစား မေးလိုက်သည်။

“မင်းက ငါတို့ကို ကမ္ဘာမကျေရန်သူအဖြစ် သတ်မှတ်ထားသင့်တာလေ…။ ဘာလို့လည်းဆိုတော့ မင်းရဲ့အစ်ကိုက ငါတို့ရဲ့လက်ထဲမှာ သေသွားခဲ့တာ။ မင်းက ဘာလို့ မိုကျောင်းတော်ရဲ့နောက်လိုက် ဆက်ဖြစ်နေရသေးတာလဲ…”

ထိုမေးခွန်းကြောင့် တျန်းကွေက တွေဝေသွားခဲ့ပြီး သက်ပြင်းချ၍ ပြန်ဖြေလိုက်သည်။

“ကျွန်တော်က ကျွန်တော့်ရဲ့အစ်ကို ကို မမုန်းပေမဲ့ သူနဲ့လည်း မရင်းနှီးဘူး။ ကျွန်တော်တို့ရဲ့ပတ်သက်မှုက ကိစ္စမရှိပါဘူး။ ကျွန်တော်တို့က လူတစ်ယောက်ကို သူ့ရဲ့အတိတ်လုပ်ရပ်တွေ၊ အကျင့်စရိုက်တွေကိုကြည့်ပြီး မဆုံးဖြတ်သင့်ဘူးလို့ ခေါင်းဆောင်က မကြာမကြာ ပြောတတ်တယ်…”

“လူတစ်ယောက်ရဲ့လုပ်ရပ်က ကျိုးကြောင်းဆီလျော်မှုရှိမရှိ မှန်ကန်မှု ရှိမရှိဆိုတာကို တခြားမသက်ဆိုင်တဲ့ကိစ္စတွေနဲ့ မဆုံးဖြတ်သင့်ဘူး။ တကယ်လို့ လူတစ်ယောက်ဟာ အတိတ်မှာ အမှားတစ်ခုလုပ်ခဲ့တယ် ဆိုရင်တောင် အခုအချိန်မှာ မကောင်းဆိုးဝါး တစ်ကောင် မဖြစ်နိုင်တော့ဘူး။ တကယ်လို့ အရင်တုန်းက ဆိုးဝါးတဲ့ ဂုဏ်သတင်းမျိုး ရှိနေတဲ့ လူတစ်ယောက်ဆိုရင်လည်း သူ့ရဲ့လက်ရှိလုပ်ရပ်တွေကို မစုံစမ်းပဲနဲ့ ကောက်ချက်ချလို့ မရနိုင်ဘူး…”

“ကျွန်တော့်အစ်ကို ကို သတ်လိုက်တာက ဘက်လိုက်မှုမရှိတဲ့ မေတ္တာတရားတွေ၊ ရန်လိုမှုမရှိတဲ့ သင်ကြားမှုတွေနဲ့ ဘာမှမဆိုင်ဘူး…။ ကျွန်တော်က အမှားအမှန်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်။ ပြီးတော့ ကျွန်တော့်အစ်ကိုကသာ လုပ်ကြံဖို့ ကြိုးစားခဲ့တာလေ…။ သူက အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်ခဲ့တာ။ တကယ်လို့ တစ်ယောက်ယောက်က အနိုင်ကျင့်ခံရမယ် အသတ်ခံရမယ်ဆိုရင် ကျွန်တော်တို့က ခံရတဲ့သူကို အပြစ်မတင်သင့်ဘူး မဟုတ်လား ….”

“မင်းက အသက်ငယ်ငယ်လေးနဲ့ တော်တော်လေးကို ရင့်ကျက်နေပြီပဲ…”

ကျိုးဟမ်ကတော့ ထိုစကားလုံးများကြောင့် ရင်ထဲတွင် လှုပ်ရှားသွားခဲ့သည်။ တျန်းကွေက သူ့ထက် အဆပေါင်းများစွာ အသက်ငယ်နေခဲ့သည်။

တျန်းကွေက အပြုံးနှင့် ပြောလိုက်၏။

“ဒါတွေအားလုံးက ခေါင်းဆောင်ရဲ့ သင်ကြားပေးမှုကြောင့်ပါ။ အဲဒီစကားလုံးတွေက နားလည်လွယ်ပြီး ကောင်းကောင်းအသုံးဝင်တယ်လေ။ ခေါင်းဆောင်ပြောတဲ့အတိုင်း သူတို့တွေက ကျွန်တော်တို့ရဲ့ အခြေခံစည်းမျဉ်း(၃)ခုဖြစ်လာတာပဲ…”

ထိုစကားကို ပြောလိုက်သည့်အချိန်တွင် သူက တွေဝေသွားခဲ့သည်။

“ကျွန်တော်က ယန်မြို့စားအဖြစ် ဘဝမှာ ထိတ်လန့်စရာကိစ္စတွေ အများကြီး မြင်ခဲ့ဖူးတယ်။ အထက်တန်းလွှာမိသားစုတွေက တိုင်းသူပြည်သားတွေကို စော်ကားပြီး နှိမ့်ချ ဖျက်စီးကြတယ်။ သူတို့က လူသားတွေရဲ့ ကရုဏာကို ဆန့်ကျင်နေကြတာပဲ။ သူတို့ဆီကနေ တိုင်းပြည်ငယ်လေးတွေကို သုတ်သင်ရှင်းလင်းဖို့နဲ့ သူတို့ရဲ့ခေါင်းဆောင်ကို သတ်ပစ်ဖို့အကြောင်းတွေ မကြာခဏ ကြားဖူးတယ်..”

“အဲဒီအရာတွေက ကျွန်တော့်ကို ပိုပြီးတော့တောင် ရှုပ်ထွေးသွားစေခဲ့တယ်။ ဘာကြောင့် ကမ္ဘာကြီးက ဒီလိုဖြစ်နေတယ်ဆိုတာ ကျွန်တော် နားမလည်နိုင်ခဲ့ဘူး။ ကျွန်တော်က အဲဒါကို ဘယ်လိုပြောင်းလဲရမလဲဆိုတာ မသိခဲ့ဘူး။ ခေါင်းဆောင်ရဲ့ သင်ကြားမှုတွေကို ကြားတဲ့အချိန်မှပဲ ကျွန်တော်က နားလည်လာခဲ့တာ…”

“သူတို့မှာ အချင်းချင်း မေတ္တာထားနိုင်တဲ့ နှလုံးသားတွေ ပျောက်ဆုံးနေကြတာ။ သူတို့က ကမ္ဘာကြီးရဲ့လမ်းစဉ်တွေကို ဆန့်ကျင်နေကြတာ…။ သူတို့က တကိုယ်ကောင်းဆန်ပြီး အပြန်အလှန် အကျိုးကျေးဇူးတွေကို ဂရုမစိုက်ကြတော့ဘူး။ ဒီကမ္ဘာကြီးက မေတ္တာတရားကိုသာ အခြေခံသင့်ပြီး အဆင့်အတန်းတွေ ၊ မွေးဖွားတဲ့နေရာနဲ့ မျိုးရိုးကို အခြေခံသင့်တာ မဟုတ်ဘူး…”

သူကတော့ ပြောနေရင်း တဖြည်းဖြည်းပို၍ စိတ်လှုပ်ရှားလာခဲ့သည်။

နောက်ဆုံးတွင်တော့ ကောက်ချက်ချလိုက်၏။

“ခေါင်းဆောင်က ဒီနေ့ကမ္ဘာကြီးအကြောင်းကို တော်တော်လေး ရှင်းရှင်းလင်းလင်း သိနေခဲ့တယ်။ ပြီးတော့ ကောင်းကင်ဘုံရဲ့နည်းလမ်းတွေကိုလည်း နားလည်ထားတယ်။ သူက ဗဟုသုတပြည့်စုံတဲ့အတွက် ထူးခြားဆန်းကြယ်တဲ့ အဓိပ္ပာယ်တွေကိုလည်း သိနေတယ်၊ နောက်ပိုင်းတော့ ဒီကမ္ဘာကြီးထဲမှာရှိတဲ့ လူတိုင်းက မိုကျောင်းတော်ကို လေးစားလာပြီး ခေါင်းဆောင်ကလည်း နောက်ပိုင်းမျိုးဆက်တွေအတွက် သူတော်စင်တစ်ပါးဖြစ်လာလိမ့်မယ်….”

“သခင်လေးကျိုး….

အခြေခံစည်းမျဉ်း(၃)ခုက ဘာအဓိပ္ပာယ်လဲ ဆိုတာ ကျွန်တော် ခေါင်းဆောင်ဆီက မေးချင်နေခဲ့တာ ကြာပြီ….”

သူက ကျိုးဟမ်ကို စကားပြောနေရင်း မျက်လုံးများက သေချာစိုက်ကြည့်နေခဲ့သည်။ ကျိုးဟမ်က မျက်နှာပျက်နေကြောင်း သူလည်း ဝိုးတဝါး သတိထားမိခဲ့၏။

ကျိုးဟမ်က ပြုံးပြလိုက်သည်။

“အဲဒီအရာတွေကတော့ တန်ဖိုးနဲ့ ထိုက်တန်မှု၊ ကိုယ်တိုင်နဲ့ လူတစ်ယောက်ရဲ့ အနာဂတ် ထင်မြင်ချက်၊ ကမ္ဘာကြီးရဲ့အခြေအနေအပေါ် သုံးသပ်မှုတွေကို ရည်ညွှန်းချင်တာ…”

“ကျွန်တော် နားလည်ပါပြီ…”

တျန်းကွေက ခေါင်းညိတ်ပြလိုက်ပြီး ခံစားချက်များကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

ထို့နောက် သူက လေးလေးနက်နက် ပြောလိုက်၏။

“အရင်ကိစ္စမှာ ကျွန်တော် ပတ်သက်နေတယ်ဆိုတာကို ကျွန်တော့်အဖေက သိသွားပြီ။ ဒီတော့ အနီးအနားမှာ ရှာဖွေပြီးသွားပြီဆိုရင် သခင်လေးက ထွက်သွားလို့ရတယ်။ ကျွန်တော်က ရှာပြီးသွားတဲ့ နေရာတစ်ခုကို ခေါ်သွားပေးမယ်..”

“ကောင်းပြီလေ….”

ကျိုးဟမ်က စဉ်းစားမနေဘဲ ပြန်ဖြေလိုက်သည်။

ရှန့်ယင်ဈေးနယ်မြေက လမ်းပေါင်းများစွာ ၊ အိမ်ပေါင်းများစွာ အတန်းလိုက် ရှိနေသည်။ ကျန်းကျိဝေနှင့် ယွမ်ယုရှုတို့က မိုကျောင်းတော် နောက်လိုက် တစ်ယောက်၏ အိမ်ထဲတွင် ပုန်းနေကြပြီး သတင်းရောက်လာမည့်အချိန်ကို စောင့်နေခဲ့သည်။

ခဏကြာပြီးနောက် ဆံပင်ဖြူနှင့် အကြီးအကဲတစ်ယောက် ပြန်လာခဲ့သည်။ သူက ရှန့်ယင်မြို့ရှိ ပြောင်းလဲမှုများကြောင့် အကျိုးအမြတ်ရှိခဲ့သော သာမာန်မြို့သား တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူက မိုကျောင်းတော်အပေါ် အလွန်ယုံကြည်နေခဲ့၏။ သူက သဘောကောင်းသော လူတစ်ယောက်လည်းဖြစ်ပြီး ဘက်လိုက်မှုမရှိသော မေတ္တာတရားကို လက်ခံထားသည့်အတွက် စမ်းသပ်မှုကို အောင်မြင်ခဲ့သည်။

သူက မုန့်ချီနှင့် ရွမ်ယုရှုတို့၏ အကူအညီကြောင့် ကျောင်းတော်ထဲကို ဝင်ရောက်နိုင်ခဲ့သည်။ သူက လူသစ်တစ်ယောက်ဖြစ်သည့်အတွက် တခြားမည်သူ့ကိုမျှ မသိသေးသလို ဤနေရာတွင် သူတို့ကို ရှာတွေ့နိုင်သည့် အခွင့်အရေးကလည်း နည်းပါးသည်။

ထို့ကြောင့်လည်း ရွမ်ယုရှုက ဤနေရာတွင် ပုန်းအောင်နေကြောင်း အကြံပေးခဲ့ခြင်း ဖြစ်သည်။ လမ်းပေါ်တွင် ရဲမက်များ ပိတ်ဆို့ပြီး အိမ်တိုင်းကို ရှာဖွေနေကြောင်း ထိုအကြီးအကဲက သူတို့ကို ပြောပြခဲ့သည်။

အဆုံးတွင်တော့ သူက ပြတ်သားစွာ ပြောလိုက်၏။

“မိန်းကလေးတို့…

ကျွန်တော့်အိမ်မှာ မိန်ကလေးတို့ ကောင်းကောင်းပုန်းလို့ရတဲ့ အခန်းလေး တစ်ခန်းရှိတယ်။ ကျွန်တော်က သူတို့ကို နည်းနည်းလေး လမ်းလွှဲထားလိုက်မယ်…”

သူက တခြားအရာများကို နားမလည်ခဲ့သော်လည်း မိုကျောင်းတော်၏ စည်းမျဉ်းများကြောင့် သူ့မိတ်ဆွေများစွာ၏ လူနေမှုဘဝက တိုးတက် ပြောင်းလဲလာခဲ့ကြောင်း သိနေခဲ့သည်။ မည်သို့ဖြစ်စေကာမူ သူက ထိုအကြွေးကို ပြန်ပေးရမည်ဖြစ်၏။

“ဘာမှ မစိုးရိမ်ပါနဲ့….. ကျွန်မတို့မှာ ကိုယ်ပိုင်နည်းလမ်းတွေ ရှိပါတယ်..”

ကျန်းကျိဝေက တည်ငြိမ်နေခဲ့သည်။

ထိုအကြီးအကဲ အိမ်ထဲမှ နောက်တစ်ကြိမ် ထွက်သွားသည့်အချိန်တွင် သူမက ရွမ်ယုရှုကို ပြောလိုက်သည်။

“သူတို့ရှာနေတာက တော်တော်လေးကို အသေးစိတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ကို ရှာတွေ့သွားမှာပဲ။ (၂) ရက်ကြာပြီးရင် ငါတို့က မူလကမ္ဘာကြီးကို ပြန်သွားလို့ရပြီ..”

ရွမ်ယုရှုက အေးစက်စွာ ပြောလိုက်သည်။

“ရှန့်ယင်မြို့က အရမ်းကြီးတယ်။ သူတို့ဆီမှာ လူအင်အားနည်းတယ်။ သူတို့က ဒီရက်တွေအတွင်း ရှာလို့ပြီးမှာ မဟုတ်ဘူး…”

ကျန်းကျိဝေက ခေါင်းညိတ်ထောက်ခံလိုက်၏။

“ဒီနေ့ ငါတို့တွေ့ရတဲ့အရာတွေကို အခြေခံပြီး သူတို့က ငါတို့ကို တစ်ရက် နှစ်ရက် အတွင်း လိုက်ရှာကြလိမ့်မယ်။ ဒီနေရာမှာ ဓါးပြတွေ၊ ပြစ်မှုလုပ်ထားတဲ့သူတွေလည်း ရှိတယ်။ ဒီတော့ အနှေးနဲ့အမြန် ပြဿနာတွေ တက်လာမှာပဲ။ သူတို့တွေ တိုက်ခိုက်နေတဲ့အချိန်မှာ ငါတို့တွေ နေရာရွေ့ဖို့လွယ်တယ်”

ဤနယ်မြေထဲတွင် ပုန်းအောင်းနေသော သူခိုးဓါးပြများ ပြည့်နှက်နေသည်။ ထို့ကြောင့် သူတို့အတွက် အကောင်းဆုံးပုန်းအောင်းစရာ နေရာတစ်ခု ဖြစ်နိုင်၏။

“ဒါပေမဲ့ ငါတို့က ဘာမှမလုပ်ဘဲ ဒီလိုထိုင်နေလို့တော့ မရဘူး။ ငါတို့က ရန်သူတွေရဲ့ လှုပ်ရှားမှုကို အကောင်းဆုံး သတိထားသင့်တယ်။ တကယ်လို့ ငါတို့မအောင်မြင်ရင် ဒီနောက်လိုက်က သေသွားရလိမ့်မယ်…”

ကျန်းကျိဝေ၏ လေသံက ပြောင်းလဲလာခဲ့သည်။

ထိုစကားက သူမ၏ အကျင့်စရိုက်ကို ထင်ဟပ်နေစေခဲ့သည်။ ရန်သူက သူတို့ကို မနက်ဖြန်ရှာတွေ့သည် ဖြစ်စေ၊ ရှာမတွေ့သည်ဖြစ်စေ သူတို့၏ အစီအစဉ်ပြောင်းလဲမှုက အချိန်မတိုင်မီ ပြန်၍မရပေ။ သူတို့က လုံခြုံမှုအတွက် တစ်စုံတစ်ခု လုပ်ရမည်ဖြစ်သည်။

ရွမ်ယုရှုက ခေါင်းညိတ်ပြီး ပြောလိုက်၏။

“သူတို့ မရှာရသေးတဲ့လမ်းတွေ အများကြီး ရှိနေသေးမှတော့ ငါတို့က ရှာပြီးတဲ့ နေရာတွေကို ဖြည်းဖြည်းချင်း ရွေ့ရင် ရမလား…”

“လေထဲမှာ စောင့်ကြည့်နေတဲ့ ဝေ့ကျင်းအဆင့် ပညာရှင်တွေ ရှိတယ်…။ တကယ်လို့ ငါတို့ကသာ ပိတ်ထားတဲ့နေရာကို ဖြတ်ကျော်ဖို့ ကြိုးစားလိုက်မယ်ဆိုရင် အလွယ်တကူ တွေ့သွားနိုင်တယ်..”

ကျန်းကျိဝေက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

သူမက မုန့်ချီတို့အပေါ်ကိုလည်း မျှော်လင့်မထားခဲ့ပေ။ မိန်းကလေးနှစ်ယောက်က ထိုကိစ္စကို အချိန်တော်တော်ကြာ စဉ်းစားနေခဲ့သော်လည်း အဖြေ ရှာမတွေ့ခဲ့ချေ။ သူတို့၏အကြံအစည်များကို အချင်းချင်း ဖယ်ရှားနေကြရသည်။

သူတို့က စဉ်းစားနေသည့်အချိန်တွင် အဝေးမှ ဆူညံသံများကို ကြားလိုက်ရ၏။ သိပ်မကြာခင် အကြီးအကဲက ပြန်လာပြီး ရဲမက်များ ရှာဖွေနေစဉ် အတောအတွင်း နာမည်ကျော် ဓားပြတစ်ယောက်ကို တွေ့ခဲ့ကြောင်း သူတို့ကို ပြောပြလိုက်သည်။ ယခု သူတို့က ဝင်္ကပါတစ်ခုကိုသုံး၍ သူ့ကို ဖမ်းရန် ပြင်နေကြသည်။ ကြည့်ရသည်မှာ ဝေ့ကျင်းအဆင့် ပညာရှင်များ၏ အကူအညီလည်း ရှိနေပုံရ၏။

“ဒီနေရာမှာ ရှာဖွေမှုကို ကြောက်နေတဲ့သူတွေ အများကြီးရှိတယ်။ တကယ်လို့ ရှာတွေ့သွားမယ်ဆိုရင် သူတို့က အဖမ်းခံရမှာပဲ။ သူတို့က မိုကျောင်းတော်ရဲ့ နောက်လိုက်တွေကို အာရုံစိုက်နေတဲ့အတွက် စစ်ဆေးမေးမြန်းဖို့ လူအင်အားရှိမှာ မဟုတ်ဘူး…”

ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့က ထိုပြဿနာကို စိတ်ဝိညာဉ်နှင့် ဆွေးနွေးနေကြသည်။ ရုတ်တရက် ဆိုသလို သူတို့၏ ခေါင်းထဲ၌ အကြံတစ်ခု ပေါ်လာခဲ့သည်။ (၁၅)မိနစ်ခန့် ကြာပြီးနောက် သူတို့က သာမန်လူများအဖြစ် ရုပ်ဖျက်ပြီး ကုန်သည်များကြားထဲတွင် ပေါ်လာခဲ့သည်။သူတို့က ရှာဖွေနေသည့် နယ်မြေဆီသို့ တစ်လှမ်းချင်း လျှောက်သွားခဲ့ကြ၏။

ဝင်္ကပါကတော့ အသက်ဝင်နေခဲ့သည်။ သူတို့က အစွမ်းထက်သော ဝေ့ကျင်းအဆင့် ပညာရှင်များကို မတွေ့သ၍ ကြောက်စရာ မလိုအပ်ပေ။ ဝေ့ကျင်းအဆင့် ပညာရှင်များက လေထဲတွင် ပျံဝဲနေပြီး ဆက်လက်ရှာဖွေနေကြသည်။

တခဏအတွင်း ဖယိုဖရဲအခြေအနေများ ဖြစ်ပေါ်လာခဲ့ပြီး ပြန်လည်တိုက်ခိုက်နေသူများက အရေအတွက် နည်းပါးပြီး စွမ်းအားနည်းသည်။ နေ့ခင်းပိုင်းတွင် ရဲမက်အဖွဲ့က တည်းခိုဆောင်ကို ရှာဖွေနေရင်း အဆောက်အဦးပြိုကျသွားသလို ကျယ်လောင်သည့်အသံတစ်ခုကို ကြားလိုက်ရသည်။ လူတစ်ယောက်က တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။

ထိုအချိန်တွင် တပ်မှူးက ဝင်္ကပါမြေပုံတစ်ခု ဆွဲထုတ်လိုက်သည်။ ရဲမက်များကလည်း ဝင်္ကပါ၏ ပတ်ပတ်လည်သို့ လျှောက်သွားကြပြီး အန္တရာယ်ကို သတိထားနေကြ၏။ ဝင်္ကပါ ထွက်ပေါ်လာသည့်အချိန်တွင် ပတ်ပတ်လည်သို့ စွမ်းအားများ ပြန့်နှံ့လာပြီး တိုက်ခိုက်လိုက်သောလူဆီကို လှိုင်းလုံးကြီးများ ရောက်ရှိသွားခဲ့သည်။

“အဲဒါက အရင်တုန်းက ယန်မြို့ကို ဓါးပြတိုက်ခဲ့တဲ့ ကျန့်ရှင်းပဲ…”

လူအုပ်ကြီးထဲတွင် မှတ်မိနေသော လူတစ်ယောက်က အော်ပြောလိုက်သည်။

ထိုလူက ချူးတိုင်းပြည်နှင့် ထန်တိုင်ပြည်၏ အနီးအနား တိုင်းပြည်ငယ်လေးများထဲတွင် မြို့နှင့်ရွာများကို ဓားပြတိုက်နေသော နာမည်ကျော် ဓားပြတစ်ယောက် ဖြစ်သည်။ သူ့လက်အောက်တွင် လက်အောက်ငယ်သားပေါင်းများစွာရှိ၏။

သူ့လက်အောက်ငယ်သားများက လူအုပ်ကြီးထဲသို့ လူခွဲပြီး ထွက်ပြေးသွားကြသည်။ ကျန့်ရှင်းကို ဝင်္ကပါနှင့် ဖမ်းနေသည့်အချိန်တွင် သူတို့က ထွက်ပြေးရန် ကြိုးစားနေကြခြင်းဖြစ်၏။ သို့သော် သတိထားနေသော ရဲမက်များက အဖွဲ့နှစ်ဖွဲ့ (၃)ဖွဲ့ခွဲ၍ ရောက်လာကြသည်။

ထိုအချိန်တွင် ဝေ့ကျင်းအဆင့် ပညာရှင်များက တားမြစ်မှုကိုသာ အလေးထားနေပြီး ဖရိုဖရဲအခြေအနေတွင် လူတစ်ယောက်မျှ လွတ်မသွားစေရန် စောင့်ကြည့်ထားသည်။ အကယ်၍ လွတ်သွားမည်ဆိုလျှင် သူတို့က ပြန်လည်ရှာဖွေရတော့မည် ဖြစ်၏။

ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့က အချင်းချင်း ကြည့်လိုက်မိကြပြီး ထွက်ပြေးနေသော ဓားပြတစ်ယောက်နှင့်အတူ အစောင့်တစ်ယောက်ကို တိုက်ခိုက်လိုက်သည်။သူတို့က ထိုအဖွဲ့သားအဖြစ် ဟန်ဆောင်လိုက်ကြခြင်းဖြစ်၏။ သူတို့က သူတို့၏စွမ်းအားများကို တံခါး(၆)ပေါက် (၇)ပေါက်အဆင့်သို့ ထိန်းချုပ်ထားလိုက်ပြီး သိုင်းကွက်အနည်းငယ် လှုပ်ရှားလိုက်သည်။

ထိုအချိန်တွင် သူတို့နှစ်ယောက်၏လက်က ဖမ်းချုပ်ခံလိုက်ရ၏။ သိပ်မကြာခင် ဆူဆူပူပူ လှုပ်ရှားမှုများ ပြီးဆုံးသွားခဲ့ပြီး ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်က အမိန့်ပေးလိုက်သည်။

“သူတို့ကို စစ်ဆေးမေးမြန်းဖို့အတွက် ထောင်ထဲခေါ်သွားလိုက်…”

ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့က မော့ကြည့်ခဲ့ခြင်း မရှိချေ။ သူတို့က ဝမ်းသာသွားသလို ခံစားနေရသည်။

“နင်တို့က ငါတို့ကို ဖမ်းချင်နေတာ မဟုတ်လား၊ ငါတို့ကိုယ်တိုင် ထောင်ထဲ ဝင်သွားလိုက်မယ်လေ။ ဒါက ပြစ်မှုလှလှလေးတစ်ခုပါပဲ…”

သူတို့၏ အကျဉ်းထောင်က ဝေ့ကျင်းအဆင့် အကျဉ်းထောင်နှင့် သိသိသာသာ ကွဲပြားနေသည်။ အစောင့်များရှိသော်လည်း သူတို့က အလွယ်တကူ ပြန်ထွက်လာ၍ မုန့်ချီကို ထွက်ပြေးရန် ကူညီပေးနိုင်၏။

ရှန့်ယင်မြို့၏ မြေအောက်မြစ်ထဲတွင်…

မုန့်ချီမှ ပြောင်းလဲထားသော ငါးတစ်ကောင်က အတော်လေးကို စိတ်ရှည်လက်ရှည် ကူးခတ်နေခဲ့သည်။ သူက ကျန်းကျိဝေနှင့် တခြားသူများအတွက် စိုးရိမ်နေခြင်းမရှိဘဲ သူတို့၏အစွမ်းနှင့် ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်နေခဲ့သည်။

ဝေ့ကျင်းအဆင့် ပညာရှင်များက ညအချိန်တွင် သူတို့၏အိမ်သို့ပြန်သွားကြပြီး ဝင်္ကပါထိန်းသိမ်းရန် လူတချို့ကို တာဝန်ပေးထားခဲ့သည်။ တခြားသူများကတော့ အတွင်းထဲမှနေ၍ ဝင်္ကပါကို အသက်သွင်းထားပြီး မိုကျောင်းတော်မှ နောက်လိုက်များကို လိုက်လံဖမ်းဆီးနေကြ၏။

ဥပမာတစ်ခုကတော့ ရွှေအလင်းတန်းလိုဏ်ဂူမှ သိုင်းသခင်ဖြစ်သည်။ ထိုသိုင်းသခင်ထံတွင် တံဆိပ်မရှိသလို သူက မုန့်ချီကို ဖမ်းဆီးရန် အချိန်ကန့်သတ်ချက်လည်း မပေးခဲ့ချေ။

ဝင်္ကပါက မပွင့်သေးမေုန့်ချီကတော့ ဝင်္ကပါကို ဖျက်ဆီးနိုင်သော တံဆိပ်တစ်ခုအဖြစ် ပြောင်းလဲ၍ အကာအကွယ်များကို ဖြတ်သွားလိုက်သည်။ မြေအောက်ရေက အေးစက်နေသော်လည်း မုန့်ချီကတော့ အလင်းတန်းတစ်ခု၏ အကာအကွယ် ရှိနေသည့်အတွက် ပုံမှန်အတိုင်းသာ ဖြစ်သည်။

ရေထဲမှ ခုန်ထွက်လိုက်ပြီးနောက် မုန့်ချီက ကြွက်တစ်ကောင်အဖြစ် ပြောင်းလဲလိုက်ပြီး မြေပြင်ပေါ်တွင် တွင်းတစ်ခု တူးလိုက်သည်။ ခဏကြာပြီးနောက် ညအချိန်တွင် တလက်လက် တောက်ပနေသော လူသားပုံသဏ္ဍာန် ပြန်ပြောင်းလိုက်၏။

သူ၏မျက်နှာပေါ်တွင် လေလှိုင်းများ တိုက်ခတ်နေခဲ့သည်။ သူက အဝေးတွင် ရှိနေသော ရှန့်ယင်မြို့ကို လှမ်းကြည့်လိုက်ရာ ရွှေအလင်းတန်းလိုဏ်ဂူမှ မျက်နှာနီနီနှင့် သိုင်းသခင်ကို မြင်လိုက်ရသလို ထင်ရ၏။ သူက အငွေ့အသက်များကို ထိန်းချုပ်လိုက်ပြီး သူ၏ဓားမောက်နှင့်အတူ ရှေ့သို့လျှောက်လာခဲ့သည်။

“လူသတ်ဖို့ အချိန်ကျပြီ…။ အခုအချိန်က ကုန်းရန်မိသားစုနယ်မြေမှာ လူသတ်ရမဲ့အချိန်ပဲ…”

Translated by Hein Htet.

All Chapters