အခန်း (၁၃၆)
Vol. 10 Ch. 136
“ တူမလေး ကိုင်.. သတင်းအတိုင်းဆိုရင် လျှို့ဝှက်နယ်မြေက ကြီးကြီးမားမားပြောင်းလဲသွားပုံရတယ်.. တချို့စကားတွေအရဆိုရင် ထူးဆန်းတဲ့ရတနာတွေအများကြီးရှိတယ်တဲ့.. အဲ့အတိုင်းသာမှန်မယ်ဆိုရင်.. ကောင်းကင်ဒေသတစ်ခုလုံး တုန်ခါသွားနိုင်တယ်… ထိပ်သီးအင်အားစုကြီးတွေကြား မုန်တိုင်းထန်လာတော့မှာ အသေအချာပဲ…”
ရွှမ်ယွမ်က ကိုင်လျန်ရီအားကြည့်ပြီး လေးနက်စွာပြောလိုက်သည်။
သူက ယခင်ရှေ့မျိုးဆက်များမှ ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ဘုရင်အဆင့်သို့ချိုးဖျက်ရန် မည်မျှခက်ကြောင်း သဘာ၀အတိုင်းနားလည်ထား၏။
ဘုရင်အဆင့်နှင့် အောက်အဆင့်များမှာ သီးခြားကမ္ဘာနှစ်ခုအလား ခြားနားလှသည်။
ပြောရမည်ဆိုလျှင် ဘုရင်အဆင့်အောက်များမှာ ပုရွတ်ဆိတ်များချည်းသာ။
ရွှမ်ယွမ်တစ်ယောက် ထိုသို့တွေးမိခဲ့ပြီးနောက် သူ၏ အကြည့်က ရွှမ်ယီထံသို့ အလိုလိုရောက်သွားခဲ့၏။
‘ ဒီနတ်ဆိုးကောင်မပါဘူး…’
စိတ်ထဲမှရေရွတ်မိလိုက်သည်။
နယ်မြေစွမ်းအားတစ်ခုအား နားလည်ရန် မဆိုထားနှင့် ဓားရည်ရွယ်ချက် အဆင့်(၃)ထိရောက်အောင် နားလည်နိုင်ရန် ဘုရင်အဆင့်တစ်ယောက်အတွက်ပင် အလွန်ခဲယဉ်းသော ကိစ္စဖြစ်၏။
သို့သော် သူ့ရှေ့မှ မွန်းစတားလေးက ဓားရည်ရွယ်ချက် အဆင့်(၃)အထွတ်အထိပ်ထိ နားလည်နေရုံသာမက နယ်မြေစွမ်းအား နှစ်ခုကိုလည်း နားလည်ထားသေးသည်။
ထိုကဲ့သို့ မွန်းစတားများက တောင်ပိုင်းတိုက်ကြီးတွင် နောက်ထပ်တစ်ကြိမ် ထပ်မံပေါ်ထွန်းလာရန် သေချာပေါက် မဖြစ်နိုင်ပေ။
ကိုင်လျန်ရီ အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်၏။ သူမက ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုကြီးလေးခုအနက် တစ်ခုဖြစ်သော ကိုင်မိသားစုမှ ဆက်ခံသူဖြစ်သည်။ သူမအနေဖြင့် ဘုရင်အဆင့်အကြောင်းကိုလည်း အတိုင်းအတာတစ်ခုအထိနားလည်ထား၏။
သူမအနေဖြင့် ဘုရင်အဆင့်သို့ရောက်လိုပါက ပထမဦးစွာ ဥပဒေသ စွမ်းအားများကို နားလည်ရန်လိုအပ်သည်။ ပြီးလျှင် ဟင်းလင်ပြင်တံခါးပေါက်မှတစ်ဆင့် ဘုရင်အဆင့်သို့၀င်ရောက်ရပေမည်။ ထိုကိစ္စကား အလွန်အန္တရာယ်များလှ၏။
ဥပဒေသစွမ်းအားများ၏ ဖိနှိပ်မှုအောက်တွင် သူမ၏ နာမည်အား သိဒ္ဒိတင်ကာ အာဏာခိုင်မြဲအောင်လုပ်ရန်လိုအပ်သည်။ ပြီးလျှင် အမည်အား လောကထံသို့ကြေငြာပြီးပါက အနီးပတ်၀န်းကျင်တစ်ခုလုံး ရိုက်ခတ်သွားပေလိမ့်မည်။
ဘုရင်အဆင့်ဆိုသည်မှာ အလွန်တရာအားကောင်းလှသော တိုက်ခိုက်ရေးစွမ်းအားများရှိသောအဆင့်ဖြစ်၏။
ထိုအဆင့်က အင်အားစုကြီးများအတွက် အခြေခံအုတ်မြစ်လည်းဖြစ်ပေသည်။
ပုံရိပ်ယောင်ကျောက်တုံးမှ မြင်ကွင်းအရဆိုလျှင် ထိုအလင်းလုံးက ဥပဒေသစွမ်းအားကို အလွယ်တကူနားလည်စေပြီး ဘုရင်အဆင့်သို့ ချိုးဖျက်ရာတွင်ကြုံတွေ့ရမည့် အခက်အခဲအားလုံး လျော့ကျသွားစေခဲ့သည်။ ၎င်းပစ္စည်းများသာ အစုလိုက်အပြုံလိုက်ရှိနေပါက ကောင်းကင်ဒေသတစ်ခုလုံး ပြောင်းလဲသွားပေလိမ့်မည်။
ထို့အပြင် ထိုဆန်းကျယ်သောအလင်းလုံးသာ လျှို့ဝှက်နယ်မြေထဲ၌ ရှိနေရိုးမှန်လျှင် တစ်ခုနှစ်ခုတည်းသာ ရှိမည်မဟုတ်ပေ။
ဤအခြေအနေတွင် အင်အားစုကြီးတိုင်း ထိုဆန်းကျယ်သောအရာအား စုဆောင်းနိုင်ရန် အစွမ်းကုန်ကြိုးစားကြတော့မည်ဖြစ်၏။ အကယ်၍ ထိုဆန်းကျယ်သော ပစ္စည်း၏ အကူအညီဖြင့် မိမိတို့အဖွဲ့အစည်းထဲမှ တစ်ယောက် ဘုရင်အဆင့်ရောက်သွားလျှင် အဖွဲ့အစည်း၏အင်အား အဆင့်တစ်ခုသို့ရောက်သွားပေလိမ့်မည်။
တစ်ခုထက်မက ရရှိခဲ့လျှင်မူ……
အခြေအနေက စိတ်ကူးကြည့်ရန်ပင် မလွယ်တော့ချေ။
ရွှစ်…
ရုတ်တရက် ကိုင်လျန်ရီ၏ ရှေ့သို့ အလင်းတန်းတစ်ခုကျရောက်လာခဲ့သည်။ သူမက လက်ဆန့်ကာ ၎င်းအား လက်ခံယူလိုက်၏။ ထို့နောက် အတွင်းသို့ စိတ်ဝိညာဉ်စွမ်းအင်အနည်းငယ် ထည့်သွင်းလိုက်ပြီးလျှင် သူမ၏ မျက်၀န်းများ တောက်ပသွားလေသည်။
“ ဦးလေးရွှမ်.. သခင်လေးရွှမ်.. ကိုင်မိသားစုက ကျွန်မဆီကို သတင်းတစ်ခုပါးလိုက်တယ်.. ကိုင်မိသားစု ၊ ရွှမ်မိသားစုနဲ့ မြောက်ပိုင်းမှာရှိတဲ့ တခြား လက်အောက်ခံမိသားစုတွေက လူငယ်မျိုးဆက်တွေအားလုံး နှင်းလျှို့ဝှက်နယ်မြေကို ချက်ချင်းသွားရမယ်….”
ကိုင်လျန်ရီက စိတ်အားထက်သန်နေသော မျက်၀န်းများဖြင့် ရွှမ်ယီအား ကြည့်လိုက်သည်။
“ သခင်လေးရွှမ်ယီ.. လက်ရှိ နှင်းလျှို့ဝှက်နယ်မြေက တော်တော်လေးထူးခြားတယ်.. အဲ့တာ စပေါ်လာတုံးက စီနီယာ ဘုရင်အဆင့်ကျင့်ကြံသူတွေ အတွင်းကို၀င်နိုင်ဖို့ ကြိုးစားခဲ့ကြသေးတယ်.. ဒါပေမယ့် တန်ပြန်စွမ်းအားကြောင့် ဒဏ်ရာရပြီး အားလုံးလက်လျှော့လိုက်ကြရတယ်..”
“ ပြီးတော့ သူတို့အားလုံး လူသားဘုရင်အဆင့်က စီနီယာတွေချည်းပဲ…”
“ အခု အဲ့ဒီလျှို့ဝှက်နယ်မြေထဲမှာ ထူးဆန်းတဲ့ရတနာတွေထွက်ပေါ်လာပြီးတော့ ဘုရင်အဆင့်တွေကိုလည်း ၀င်ခွင့်ပိတ်ပစ်လိုက်တယ်.. ပြောရမယ်ဆိုရင် ဒါက ကျွန်မတို့အတွက် တစ်သက်မှာ တစ်ကြိမ်ပဲရနိုင်တဲ့ အခွင့်အရေးကြီးတစ်ခုပဲ….”
ကိုင်လျန်ရီက ရွှန်းလဲ့စွာစိုက်ကြည့်လိုက်ပြီး ရိုးသားသောလေသံဖြင့်
“ သခင်လေးရွှမ်ယီရဲ့ ခွန်အားနဲ့ဆိုရင် လျှို့ဝှက်နယ်မြေထဲမှာ ဘယ်သူမှ ပြိုင်ဘက်ဖြစ်နိုင်မယ်မထင်ဘူး.. ကျေးဇူးပြုပြီးတော့ အထဲကိုရောက်ရင် ကျွန်မတို့ မြောက်ပိုင်းကလူတွေကို ဂရုစိုက်ပေးပါဦး….”
လက်ရှိအချိန်တွင် ကိုင်လျန်ရီ၏ နှလုံးသားတစ်ခုလုံး တောက်လောင်နေခဲ့သည်။ ရွှမ်ယီ၏ ခွန်အားက ရွယ်တူမျိုးဆက်များအားလုံးထက်သာလွန်နေပြီး သူမည်မျှအစွမ်းထက်ကြောင်းကို ရင်ဆိုင်တိုက်ခိုက်ဖူးသူများသာ နားလည်ပေလိမ့်မည်။
ရွှမ်ယီအားဆန့်ကျင်ရန် သူမအနေဖြင့်တတ်နိုင်စွမ်းမရှိသလို ကောင်းကင်ဒေသ၏ နံပါတ်(၁) ဖီးနစ်လှိုဏ်ဂူမှ မြင့်မြတ်သားတော်လည်း လုံး၀တတ်နိုင်မည်မဟုတ်ချေ။ ကောင်းကင်ဒေသတစ်ခုလုံးရှိ လူငယ်မျိုးဆက်များတွင် ရွှမ်ယီအား ယှဉ်နိုင်မည့်လူ တစ်ဦးမှမရှိချေ။
လက်ရှိတွင် လျှို့ဝှက်နယ်မြေအတွင်းသို့ ဘုရင်အဆင့်များ၀င်ရောက်၍ မရတော့ပေ။ အကယ်၍ ရွှမ်ယီသာထိုအထဲသို့ လိုက်ပါမည်ဆိုလျှင် လျှို့ဝှက်နယ်မြေအတွင်း၌ မြောက်ပိုင်းနယ်မြေ ကိုင်မိသားစုက ပြိုင်ဘက်ကင်းဖြစ်သွားပေလိမ့်မည်။
ရွှမ်ယီက အနည်းငယ်ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ မစ္စရီက ပြောနေမှတော့ ကျုပ်က အားလုံးကို တတ်နိုင်စွမ်းရှိသလောက် ကာကွယ်ပေးပါမယ်…”
ရွှမ်ယီ၏ စိတ်ထဲတွင်လည်း လျှို့ဝှက်နယ်မြေအား အလွန်စိတ်၀င်စားနေ၏။ အဇူရာဒေသတွင်ရှိနေစဉ်ကပင် ထိုလျှို့ဝှက်နယ်မြေမှာ သိပ်ပြီး မရိုးရှင်းကြောင်း ခံစားမိခဲ့သည်။
ထိုလျှို့ဝှက်နယ်မြေက ကောင်းကင်ဒေသသို့ရောက်လာချိန်တွင် မပွင့်သေးခင်အချိန်၌ လူသားဘုရင်တစ်ယောက်ကိုပင် တန်ပြန်တိုက်ခိုက်နိုင်စွမ်းရှိနေ၏။
လက်ရှိတွင် လူတစ်ယောက်အား ဘုရင်အဆင့်သို့ ကျော်ဖြတ်စေနိုင်စွမ်းရှိသော ရတနာများ ပေါ်ထွက်လာပြီး ဘုရင်အဆင့်များ၏၀င်ခွင့်ကိုလည်း ပိတ်ပင်ထားသေးသည်။
ရွှမ်ယီအနေဖြင့် လျှို့ဝှက်နယ်မြေအား စိတ်မဝင်စားရန် မဖြစ်နိုင်တော့ချေ။
“ ရွှမ်မိသားစုက တပည့်တွေအားလုံးကို ငါချက်ချင်းစုစည်းလိုက်မယ်.. ဒါမှ ချက်ချင်းထွက်ခွာလို့ရမှာ….”
ရွှမ်ယွမ်၏ အမူအရာက လွန်စွာလေးနက်နေပေသည်။