အခန်း (၁၃၇)
Vol. 10 Ch. 137
ရွှမ်မိသားစုတစ်ခုလုံး ရုတ်ချည်း လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။ အားလုံး ပြင်ဆင်ပြီးလျှင် စတင်၍ ထွက်ခွာလာခဲ့ကြ၏။
ကောင်းကင်ဒေသ ၊ အနောက်ဘက်ပိုင်း ၊ နှင်းနယ်မြေ
အလွန်ကြီးမားသော ကျောက်တံခါးကြီးတစ်ခုရှေ့တွင် လူများစွာ ရပ်နေကြသည်။
“ ဒါက နှင်းလျှို့ဝှက်နယ်မြေလား…”
ရွှမ်ယင်ယင်၏ မျက်၀န်းများက တောက်ပနေပြီး ရွှမ်ယီအနားသို့ မသိမသာတိုးကပ်သွားခဲ့၏။ သူမက လျှို့ဝှက်နယ်မြေအား အလွန်စူးစမ်းချင်နေသည်။
“ ဟုတ်တယ်…”
ရွှမ်ယီက မျက်၀န်းများကို မှေးကျဉ်းထားပြီး ကျောက်တံခါးကြီးအား စိုက်ကြည့်နေ၏။ သူမမှားချေ။
၎င်းက တစ်ချိန်က အဇူရာနယ်မြေမှ ခရမ်းလမင်းလျှို့ဝှက်နယ်မြေဖြစ်သည်။ ထိုလျှို့ဝှက်နယ်မြေက ယခုတွင် အတိုင်းမသိကွာဝေးသော ကောင်းကင်ဒေသသို့ရောက်နေချေပြီ။
လက်ရှိတွင် ထို၀င်ပေါက်တံခါးကြီးက အလင်းတန်းများဖြင်းလင်းလက်နေ၏။
၎င်း၏ရှေ့တွင် မြောက်ပိုင်းနယ်မြေရှိ အင်အားစုများမှ လူများ စုစည်းရောက်ရှိနေကြပြီး အလွန်အသက်၀င်နေသည်။
ဤတစ်ကြိမ်တွင် လျှို့ဝှက်နယ်မြေ၏ ဆွဲဆောင်မှုမှာ အလွန်ကြီးမားလှ၏။ သူတို့အားလုံး နှလုံးသားတွင်မီးများတောက်လောင်နေကြသော်လည်း မြောက်ပိုင်း၏ အုပ်စိုးသူ ကိုင်မိသားစု မရောက်လာသေးသဖြင့် မည်သူမျှ အတွင်းသို့ ၀င်ရောက်ခြင်းမရှိသေးချေ။
ထို့အပြင် လျှို့ဝှက်နယ်မြေ၏ နေရာကူးပြောင်းခြင်းပုံစံအရ အတူတကွ၀င်ခြင်းက ပို၍ အကျိုးရှိပေသည်။ ဤသို့ဖြင့် သိပ်မဝေးကွာလှသော နေရာများသို့ရောက်ရှိမည်ကာ အလျင်အမြန်ပြန်လည်စုစည်းနိုင်မည်ဖြစ်၏။
ယခုတွင် ကိုင်လျန်ရီ ရောက်လာပြီဖြစ်ရာ လူတိုင်းစိတ်လှုပ်ရှားလာခဲ့ကြသည်။ သူတို့အနေဖြင့် လျှို့ဝှက်နယ်မြေအတွင်းသို့ ၀င်ရောက်ရတော့ မဟုတ်ပေလော။
“ အစ်မကြီးလာပြီ…”
ကိုင်လင်းအားက ကိုင်လျန်ရီရှိရာဆီသို့ အမြန်ပြေးသွားရန်ပြင်လိုက်သော်လည်း ကိုင်လျန်ရီနံဘေး၌ အတူတကွ လမ်းလျှောက်လာသည့် ရွှမ်ယီအား တွေ့လျှင် ချက်ချင်းရပ်တန့်လိုက်၏ ။ ထိုမြင်ကွင်းက သူမအား အလွန်အံ့ဩသွားစေခဲ့သည်။
သူမ၏ အစ်မဖြစ်သူက အဘယ်ကြောင့် ရွှမ်ယီနှင့် အတူတကွလမ်းလျှောက်လာရသနည်း။
ထို့အပြင် သူတို့က ရယ်ရယ်မောမောဖြင့် စကားများပြောကာ အလွန်ရင်းနှီးနေပုံရသည်။
၀င်ပေါက်ပတ်၀န်းကျင်မှလူတိုင်း ရွှမ်ယီအား စူးစိုက်ကာကြည့်နေကြ၏။ ကိုင်မိသားစုမှ ပုလဲလုံးလေး၏ အကျင့်စရိုက်နှင့် ပုံစံအား လူတိုင်း အနည်းနှင့်အများဆိုသလို နားလည်ထားကြသည်။ သူမက အလွန်တရာအေးစက်သော အလှလေးတစ်ဦးမဟုတ်သော်လည်း လူငယ်တစ်ယောက် သူမနှင့်အတူ ရယ်မောကာ လမ်းလျှောက်လာသည့် မြင်ကွင်းမျိုးက အလွန်ရှားပါးလှ၏။
ရွှမ်ယီက မူလနေရာ၌ပင် ငြိမ်သက်စွာရပ်နေသော ကိုင်လင်းအာကိုတွေ့လျှင် တည်ငြိမ်စွာ ပြုံးပြလိုက်သည်။
“ လူတိုင်းကို မိတ်ဆက်ပေးမယ်.. ဒါက ကျွန်မတို့နဲ့အတူ လျှို့ဝှက်နယ်မြေထဲ လိုက်ပါမယ့် ရွှမ်မိသားစုက လူငယ်ခေါင်းဆောင်ပဲ.. ပြီးရင် လူတိုင်း လျှို့ဝှက်နယ်မြေထဲကိုရောက်တဲ့အခါ အလွယ်တကူထိခိုက်ဒဏ်ရာမရစေဖို့ နီးစပ်ရာအဖွဲ့တစ်ခုနဲ့ အမြန်ဆုံး ပူးပေါင်းနိုင်အောင် ကြိုးစားကြပါ….”
ကိုင်လျန်ရီက အပြုံးတစ်ခုဖြင့် မိတ်ဆက်ပေးလိုက်၏။
အမှန်တွင် တခြားသော အဖွဲ့အစည်းများမှ လူများအတွက်ကိစ္စမရှိချေ။ သို့သော် ရွှမ်ယီ၏ နောက်တွင်ရှိနေသော ရွှမ်မိသားစုမှ လူငယ်များအတွက်မူ ခြားနား၏။ ၎င်းတို့အားလုံး မကြာသေးမီအချိန်ကမှ ကောင်းကင်ဒေသသို့ရောက်လာကြသည်ဖြစ်ရာ တခြားသော အဖွဲ့အစည်းများနှင့် မိတ်ဆက်ပေးရန်လိုအပ်သည်။
ထို့အပြင် ကိုင်လျန်ရီအနေဖြင့် ဤတစ်ကြိမ် လျှို့ဝှက်နယ်မြေခရီးစဉ်တွင် ရွှမ်ယီထံမှ အကူအညီများရရန် မျှော်လင့်ထား၏။
“ ရွှမ်မိသားစုလား..”
“ ငါကြားသလောက်ဆိုရင် ရွှမ်မိသားစုရဲ့ ပင်မသွေးမျိုးဆက်တွေက မရှိတော့ဘူးမဟုတ်လား.. ဒီလူအုပ်က ဘယ်ကရောက်လာတာလဲ…”
“ ငါနားလည်ပြီ.. နတ်သမီကိုင်က ငါတို့အနေနဲ့ အဲ့လူတွေကို ဂရုစိုက်ပေးစေချင်တာပဲဖြစ်ရမယ်… ဂုဏ်သိက္ခာရှိတဲ့ ရွှမ်မိသားစု… အင်း.. သူတို့က ငါတို့ကို ဆွဲမချသွားရင်အဆင်ပြေပါတယ်…..”
လူတိုင်းရုတ်တရက် အနည်းငယ်နားလည်သွားခဲ့ကြ၏။ လူတိုင်း ရွှမ်မိသားစုမှ ပင်မသွေးရင်းများအကြောင်း သိထားကြသည်။ ဤတစ်ကြိမ်တွင် ရွှမ်မိသားစုက နောက်ဆုံးအနေနှင့် အပြင်းအထန်တိုက်ပွဲဝင်လိုပုံရ၏။
ရွှစ်…
ထိုအချိန်တွင် အလင်းတန်းတစ်ခုလက်သွားပြီး ပတ်၀န်ကျင်၌ လူအုပ်ကြီးတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
“ အိုး.. မြောက်ပိုင်းက ကိုင်မိသားစုက ကျုပ်တို့ အနောက်ပိုင်းကို ဒီလောက်မြန်မြန်ရောက်လာတာလား…”
ထိုလူအုပ်အတွင်းမှ အနက်၀တ် လူငယ်တစ်ဦးက အေးစက်စွာပြုံးလျက် မေးလိုက်၏။
၀မ်ချောင် ၊ ကောင်းကင်အဆင့်(၁၅) ၊ အနောက်ပိုင်းနယ်မြေ ၀မ်မိသားစု ဆက်ခံသူ…..
လက်ရှိတွင် လျှို့ဝှက်နယ်မြေ၏ ပြောင်းလဲမှုများနှင့်ပတ်သက်၍ ဒေါသအထွက်ဆုံးလူများအား ပြပါဆိုလျှင် အနောက်ပိုင်းနယ်မြေမှ လူများသာဖြစ်၏။
၎င်းတို့၏ အမြင်အရဆိုလျှင် ထိုလျှို့ဝှက်နယ်မြေမှာ ၎င်းတို့၏ ပိုင်နက်အတွင်းရှိနေသဖြင့် အတွင်းမှ ရတနာများမှာ ၎င်းတို့နှင့်သာ သက်ဆိုင်ပေသည်။
သို့သော် နောက်ဆုံးတွင် တခြားသော ထိပ်တန်းအင်အားစုကြီးသုံးခုက တစ်ပြိုင်တည်း လှုပ်ရှားလာကြ၏။
အနောက်ပိုင်းနယ်မြေမှ ၀မ်မိသားစုအနေဖြင့် တစ်ဦးတည်း မောင်ပိုင်စီးထားနိုင်စွမ်းမရှိတော့ချေ။
၀မ်မိသားစုက ထိပ်သီးအင်အားစုကြီးလေးခုအနက်တစ်ခုဖြစ်သော်လည်း ကျန်သုံးခုအား တစ်ဦးတည်းဆန့်ကျင်နိုင်စွမ်းတော့ မရှိသေးပေ။
“ ဟမ့်…”
၀မ်ချောင်တစ်ယောက် မျက်မှောင်ကြုတ်ပြီး အလွန်ဒေါသထွက်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ရောက်ရောက်ခြင်း ၀မ်မိသားစုအား တစ်ခါမှ ကောင်းမွန်စွာ ဆက်ခံခြင်းမရှိခဲ့သည့် ကိုင်မိသားစုအဖွဲ့အား လျှို့ဝှက်နယ်မြေ ၀င်ပေါက်ရှေ့တွင် တွေ့လိုက်ရသောကြောင့်ဖြစ်၏။
“ အမှန်ဘဲ.. ငါတို့က လုံး၀မပေါ့ဆဘူး…”
ကိုင်လျန်ရီက ၀မ်ချောင်၏အမေးအား တည်ငြိမ်စွာ ပြန်လည်ချေပလိုက်သည်။
ထိုစကားများက ၀မ်ချောင်အား ပို၍ ရုပ်ဆိုးသွားစေခဲ့၏။
သူက ထိပ်တန်းအင်အားစုကြီးလေးခုအနက်တစ်ခုဖြစ်သော ၀မ်မိသားစု၏ ဆက်ခံသူဖြစ်ကာ ကောင်းကင်အဆင့်(၁၅)တွင် တည်ရှိနေသူလည်းဖြစ်သည်။ ကောင်းကင်ဒေသလူငယ်မျိုးဆက်တွင် လူအနည်းငယ်သာ မျက်လုံးထဲရှိ၏။
သူကသာလျှင် တခြားသူများအား လျစ်လျှူရှုခဲ့ခြင်းဖြစ်သည်။
သူရှေ့မှ ကိုင်လျန်ရီက ကြည့်လိုက်လျှင် ဖြူဥနူးညံ့ကာ အမှန်ပင် ချစ်ချင်စရာကောင်းလွန်းလှ၏။ ကိုင်မိသားစုနှင့် ၀မ်မိသားစုကြားတွင် နဂိုကတည်းက ဆက်ဆံရေးကောင်းများ မရှိခဲ့သော်လည်း ယခုတွင် လူအများရှေ့၌ ၀မ်ချောင်တစ်ယောက် အရှက်ကွဲသွားသလို ခံစားနေရသည်။
“ ဟဟ.. နတ်သမီးကိုင်က လူစိမ်းတွေကို ကြင်နာတတ်တယ်လို့ ကျုပ်တစ်ခါမှမကြားခဲ့ဖူးဘူး.. ဒါနဲ့ ဒီလူက ဘယ်သူများလဲ.. ကောင်းလေး မင်းက ကောင်းကင်အဆင့်မှာ နံပါတ်ဘယ်လောက်လဲ… ငါနဲ့ ဒီမတိုင်ခင်က တွေးဖူးသေးလား….”
ရွှမ်ယီက ၀မ်ချောင်အား တစ်ချက်ဝေ့ကြည့်လိုက်သည်။ လက်ရှိအခြေအနေများအရ ၀မ်မိသားစုနှင့် ကိုင်မိသားစုကြားမှ ဆက်ဆံရေးမှာမကောင်းမွန်ကြောင်း သူမြင်နိုင်၏။
“ ရွှမ်ယီပါ.. ကျုပ်က နာမည်မကြီးသလို ကောင်းကင်အဆင့်မှာလည်း မပါ၀င်ဘူး…”
ရွှမ်ယီက အသာအယာပင်ပြုံးလိုက်၏။
ကိုင်လျန်ရီလည်း ခေါင်းအနည်းငယ်ယမ်းပြီး အောင့်သက်သက်ဖြင့်ပြုံးလိုက်မိသည်။
ကောင်းကင်အဆင့်လား…?
ထိုလူက ၎င်းအား မျက်လုံးထဲပင်မထည့်ခြင်း ဖြစ်နိုင်သည်။
အဆင့်(၁၅)အားမပြောနှင့် အဆင့်(၃)တွင်ရှိနေသော သူမပင်လျှင် ရွှမ်ယီအား အနည်းငယ်မျှ ယှဉ်နိုင်စွမ်းမရှိချေ။
“ အိုး.. ရွှမ်ယီတဲ့လား…ဟဟ မင်းနာမည်က စိတ်ဝင်စားဖို့ကောင်းသားပဲ..”
“ ဒါဆို မင်းက ရွှမ်မိသားစုကပေါ့…”
၀မ်ချောင်က ရယ်လိုက်သည်။ ထို့နောက် ရွှမ်ယီအပါအဝင် နောက်ဘက်တွင်ရပ်နေသော ရွှမ်မိသားစုမှ လူတိုင်းအား လေးလေးနက်နက်ကြည့်လိုက်၏။