အခန်း (၁၃၈)
Vol. 10 Ch. 138
သူသာအမှတ်မမှားလျှင် နတ်ဘုရားသန့်စင်ခြင်းမျှော်စင်၏ ထိပ်ဆုံးတွင်ရှိနေသောလူ၏ အမည်မှာ ရွှမ်ယီဖြစ်သည်။ သို့သော် ထိုရွှမ်ယီက အလွန်အစွမ်းထက်လှပြီး နက်နဲဓားဂိုဏ်းမှဖြစ်၏။ သူ့ရှေ့မှ တစ်ယောက်ကမူ….
ဟမ့်.. ကောင်းကင်အဆင့်တောင် မ၀င်နိုင်တဲ့ကောင်သက်သက်ပဲ…
အမည်တူနေခြင်းသာဖြစ်ရပေမည်။
“ အိုး.. ရွှမ်မိသားစုလား…”
“ ငါသိသလောက်ဆိုရင် ရွှမ်မိသားစုမှာ ပင်မသွေးမျိုးဆက်တွေ သိပ်မရှိတော့ဘူးမို့လား…”
ရွှမ်ယီ၏ နာမည်အားကြားလျှင် ၀မ်ချောင်နောက်မှ လူအုပ် အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွား၏။
ဟိုးယခင်တစ်ချိန်တွင် ၀မ်မိသားစု၏ အချစ်တော် အဖွဲ့၀င်တစ်ဦးအား ရွှမ်မိသားစုမှ စော်ကားခဲ့ဖူးသည်။ သို့သော် ရွှမ်မိသားစုက ကိုင်မိသားစုနှင့် ချည်နှောင်ထားသည်ဖြစ်ရာ ၀မ်မိသားစူ မည်သို့မှ လက်တုန့်မပြန်နိုင်အောင်ဖြစ်ခဲ့ရ၏။
အချိန်ကြာလာသည်နှင့်အမျှ ထိုကိစ္စမှာ မေ့ပျောက်လုနီးပါးဖြစ်နေချေပြီ။
သို့သော် ယခုတွင်မူ ရွှမ်မိသားစုမှ ၎င်းတို့၏ မျိုးဆက်များအား အနောက်ပိုင်းနယ်မြေသို့ စေလွှတ်လိုက်သည်။
“ ဟီးဟီး…”
၀မ်ချောင်၏ နှုတ်ခမ်းထောင့်စွန်းက အေးစက်သောအပြုံးတစ်ခုအဖြစ် တွန့်ကွေးသွား၏။
ရွှမ်ယီအား နောက်ဆုံးတစ်ကြိမ်စေ့စေ့နပ်နပ်ကြည့်လိုက်ပြီးလျှင် သူ့နောက်မှလူစုအားဦးဆောင်ကာ လျှို့ဝှက်နယ်မြေအတွင်း ၀င်သွားလေသည်။
ကိုင်လျန်ရီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး
“ သခင်လေးရွှမ်.. ရှင့်ရဲ့ရွှမ်မိသားစုက လျှို့ဝှက်နယ်မြေထဲမှ သတိထားမှရမယ်…”
ရွှမ်ယီက နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် ကိုင်လျန်ရီက ဆက်ပြောလိုက်သည်။
“ ကဲ အားလုံးပဲ.. အတူတူ၀င်ကြရအောင်.. အခွင့်အလမ်းကောင်းတွေနဲ့ တွေ့တဲ့အခါ လူစုပြီးရှိနေတာက ပိုအလေးသာလိမ့်မယ်….”
“ အိုး…”
ရွှမ်ယီက အနည်းငယ်ခေါင်းညိတ်လိုက်ပြီးနောက် မှင်သက်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤလျှို့ဝှက်နယ်မြေ အဇူရာဒေသတွင် ရှိနေစဉ်က ၀င်ရောက်သူတိုင်းကို ကျပန်းနေရာများသို့ ပို့ဆောင်ပေး၏။ ကြည့်ရသည်မှာ လျှို့ဝှက်နယ်မြေက ကောင်းကင်ဒေသသို့ရောက်လာချိန်၌ တော်တော်လေးပြောင်းလဲသွားပုံရသည်။
ကိုင်လျန်ရီက မျက်နှာထက်တွင် အပြုံးတစ်ခုအား ဆင်မြန်းလျက် လူတိုင်းကို ဦးဆောင်၍ လျှို့ဝှက်နယ်မြေအတွင်း ၀င်သွားခဲ့၏။
ရွှပ်…
ထိုအချိန်တွင် ရွှမ်ယီ၏ နားထဲ၌ အသံတစ်ခုအားကြားလိုက်ရသည်။
[ ဒင်…! အရံတာ၀န် အသက်၀င်လာပါပြီ..။
အရံတာ၀န်- လျှို့ဝှက်နယ်မြေမပိတ်မီ ဘုရင်အဆင့်သို့ချိုးဖျက်ရမည်…။
တာ၀န်ဆုလာဘ် - အင်ပါယာအဆင့်အစောပိုင်း ကျင့်ကြံသူ ရဲ့ရီဆောင်၏ တိုက်ခိုက်မှု သုံးခု…]
……
ရွှမ်ယီက လျှို့ဝှက်နယ်မြေအတွင်းရှိ တောအုပ်တစ်ခု၌ ပေါ်လာခဲ့သည်။
လက်ရှိရောက်ရှိနေသောနေရာက ပြင်ပရှိ နှင်းများဖုံးလွှမ်းနေသော နေရာနှင့် လွန်စွာကွာခြားလှ၏။
ပတ်၀န်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များမှာ အလွန်ထူထပ်ပြီး ပေါများလှသည်။
သူရောက်နေသော တောအုပ်မှာလည်း အလွန်စိမ်းစိုပြီး အသက်ဓာတ်များ ပြည့်လျှံနေ၏။
စိတ်ဝိညာဉ်စွမ်းအင်သိပ်သည်းမှုက ပြင်ပကမ္ဘာထက် သုံးဆလောက်မြင့်မားသည်။
ရွှမ်ယီက ခေတ္တမျက်လုံးမှိတ်လိုက်ပြီး ဤနေရာမှ အရှိန်အဝါများနှင့် ကျင့်သားကျသွားအောင် ဆောင်ရွက်လိုက်၏။
လက်ရှိအချိန်တွင် ရွှမ်ယီက လျှို့ဝှက်နယ်မြေအတွင်း ချက်ချင်းရှာဖွေရန် စိတ်မ၀င်စားနိုင်သေးချေ။
အဘယ်ကြောင့်ဆိုသော် လျှို့ဝှက်နယ်မြေအတွင်းသို့၀င်လာစဉ် စနစ်ထံမှ အရံတာ၀န်တစ်ခု လက်ခံရရှိခဲ့သည်။
လျှို့ဝှက်နယ်မြေမပိတ်ခင် ဘုရင်အဆင်သို့ ချိူးဖျက်ရမည်တဲ့လား…?
လျှို့ဝှက်နယ်မြေ ဘယ်အချိန်ပိတ်မလဲ မည်သူမှ မသိနိုင်ချေ။
ဤလျှို့ဝှက်နယ်မြေ အဇူရာဒေသတွင်ရှိစဉ်က (၇)ရက်သာကြာမြင့်၏။ သို့သော် လက်ရှိနေရာ၌ ပွင့်နေသည်မှာ နှစ်၀က်ခန့်ရှိနေချေပြီ။
လက်ရှိတွင် လျှို့ဝှက်နယ်မြေက အပြောင်းအလဲများစွာလည်းဖြစ်ပေါ်နေ၏။ ထို့ကြောင့် မကြာခင်ပိတ်သွားနိုင်ချေရှိသည်။
ရွှမ်ယီ၏အမူအရာက အလွန်အမင်းလေးနက်နေ၏။ သူက ကောင်းကင်ဘုရင်အဆင့်တစ်ဦး၏ စွမ်းအားကို မြင်တွေ့ခဲ့ဖူးပြီးသားဖြစ်သည်။ ယခုတွင် စနစ်က အင်ပါယာအဆင့်ကျင့်ကြံသူတစ်ဦး၏ တိုင်ခိုက်မှုအား ဆုလာဘ်အဖြစ်ပေးနေချေပြီ။ သူမလိုချင်ဟုပြောလျှင် လိမ်ရာကျသွားပေလိမ့်မည်။
ထို့အပြင် ဘုရင်အဆင့်သို့ကျော်ဖြတ်ရန်မှာ လတ်တလော သူ၏ ပန်းတိုင်လည်းဖြစ်သည်။ ပြင်ပကမ္ဘာတွင် ဘုရင်အဆင့်သို့ ကျော်ဖြတ်၍ရသော်လည်း လျှို့ဝှက်နယ်မြေအတွင်း ကျော်ဖြတ်ခြင်းက သူ့ထံတွင် ဝှက်ဖဲတစ်ခုတိုးလာမည်ဖြစ်ရာ သူ့အနေဖြင့် လုံး၀လက်မလျော့နိုင်ချေ။ အကောင်းဆုံးကြိုးစားသွားရပေမည်။
ဝှစ်ရှ်…
တောအုပ်အတွင်းမှ လှုပ်ရှားသံတစ်ခုအား ကြားလိုက်ရသည်။
“ ဟမ်…”
ရွှမ်ယီ အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိ၏။ ထို ပပြေးနေသေလူ၏အရှိန်အဝါက သူနှင့် အတော်လေးရင်းနှီးနေသလို ခံစားနေရသည်။
ရွှမ်ယီက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး ထိုလူရှိရာဆီသို့ သွားရန်ပြင်လိုက်၏။
လျှို့ဝှက်နယ်မြေအပြင်တွင် လူများအတူတကွ၀င်ပါက အဝေးသို့ရောက်မသွားနိုင်ကြောင်း ကိုင်လျန်ရီပြောခဲ့သည်။ ဤသည်မှာ ခရမ်းလမင်းလျှို့ဝှက်နယ်မြေနှင့် လုံး၀ကွဲပြားနေသော်လည်း လူတိုင်းအတွက် အကျိူးရှိသည့် အခြေအနေတစ်ခုဖြစ်၏။
“ ဟဟ.. အစ်ကိုကြီးရွှမ်ယီ.. ကျွန်မပါ ယင်ယင်….”
ရွှမ်ယင်ယင်တစ်ယောက် အတော်လေးစိတ်လှုပ်ရှားနေ၏။ သူမအနေဖြင့် ဤမတိုင်ခင်အတောအတွင်း မည်သည့် လျှို့ဝှက်နယ်မြေကိုမှ ၀င်ရောက်ဖူးခြင်းမရှိချေ။
လျှို့ဝှက်နယ်မြေအတွင်းသို့ မ၀င်ခင်က သူမစိတ်ထဲတွင် ရွှမ်ယီနှင့် အတူတူ၀င်မည် ၊ အကယ်၍ ရွှမ်ယီနှင့် အတူတူပေါ်မလာလျှင်တောင် အနီးတွင် အတူ၀င်လာသူ နှစ်ယောက် သုံးယောက် ရှိမည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် လက်တွေ့တွင် စိမ်းသက်သောနေရာကြီးတစ်ခု၌ သူမ တစ်ယောက်တည်းသာရှိနေခဲ့၏။
တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ကျပန်း ဦးတည်းချက်တစ်ခုရွေးချယ်ကာ ဆက်တိုက်ပြေးလာခဲ့လေသည်။
သူမ ကံသာဆိုးမနေလျှင် တစ်စုံတစ်ယောက်နှင့် အမြန်ဆုံးပြန်ဆုံးတွေ့နိုင်ပေလိမ့်မည်။
အမှန်တကယ်တွင်လည်း သူမ အလွန်ကံကောင်းလှ၏။ သူမရွေးချယ်ခဲ့သည့်ဘက်က ရွှမ်ယီရှိနေသော နေရာနှင့် ကွက်တိဖြစ်နေခဲ့သည်။
ရွှမ်ယင်ယင်၏မျက်နှာထက်တွင် အံ့ဩမှုများပြည့်နှက်နေပြီး ရွှမ်ယီရှိရာသို့ ပျော်ရွှင်စွာ ပြေးလာလိုက်၏။
ရွှမ်ယီလည်း အနည်းငယ်အံ့အားသင့်သွားပြီးနောက် ခေါင်းယမ်းကာ ပြုံးလိုက်သည်။
“ ယင်ယင်.. လမ်းမှာ တစ်ယောက်ယောက်နဲ့တွေ့ခဲ့သေးလား…”
ကိုင်လျန်ရီက သူ့အား မြောက်ပိုင်းမှလူများကို ဂရုစိုက်ပေးရန်တောင်းဆိုထားသည်။ သူ့အနေဖြင့် လူတိုင်းကို လိုက်ပြီးဂရုစိုက်ပေးမနေနိုင်သော်လည်း ရွှမ်မိသားစုမှလူများကိုမူ ကာကွယ်ရန်လိုအပ်သည်။
ရွှမ်ယင်ယင်က ခေါင်းယမ်းလိုက်၏။ သူမနှင့် ပထမဆုံးတွေ့ဆုံးသူမှာ ရွှမ်ယီဖြစ်သည်။
“ ကောင်းပြီ.. ငါ့နောက်ကလိုက်ခဲ့.. တခြားလူတွေကို လိုက်စုရအောင်…”
ရွှမ်ယီက ရွှမ်ယင်ယင်အား သူ့နောက်မှလိုက်ခဲ့ရန် အချက်ပြလိုက်၏။