အခန်း (၁၄၀)
Vol. 10 Ch. 140
ရွှမ်ယီ၏ နံဘေးတွင်ကပ်ပါလာသော ရွှမ်ယင်ယင်ကမူ မျက်နှာလေး နီးမြန်း၍နေ၏။ သူမက နံဘေးရှိ အေးစက်သော မျက်နှာဖြင့် ရွှမ်ယီအား တောက်ပသော မျက်၀န်းကလေးများဖြင့် ငေးကြည့်ပြီး အလွန်စိတ်လှုပ်ရှားလျက်ရှိသည်။
“ အိုး.. ကောင်လေး မင်းက အရမ်းကြီးစိုးလွန်းပါလား…”
ဓားရာမြောင်း တစ်ဖက်အခြမ်းရှိ လူအုပ်အတွင်းမှ ခရမ်းရောင်၀တ်အဘိုးကြီးတစ်ဦးထွက်လာပြီး လှောင်ပြောင်လိုက်၏။
သူက ရွှမ်ယီခုတ်လိုက်သည့် ဓားရာအား တစ်ချက်ကြည့်လိုက်လျှင် ပြင်းထန်သော ဓားစွမ်းအားများအား ခံစားမိလိုက်သည်။ ထို့နောက် မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိ၏။
“ မင်းက တော်တော်လေးသန်မာတာပဲ.. ငါထင်တာမမှားဘူးဆိုရင် အခြေတည်ဝိညာဉ်အဆင့်(၉)ပဲဖြစ်ရမယ်.. မင်းလို ပါရမီရှင်တစ်ယောက်က ရွှမ်မိသားစုမှာ ဘယ်တုန်းက ပေါ်လာတာလဲ….”
စကားအဆုံးတွင် နောက်မှ လူအုပ်ကြီး၏ အမူအရာများ အနည်းငယ်ပြောင်းလဲသွားခဲ့ကြသည်။ ရွှမ်ယီအား ကြည့်သော အကြည့်များ၌ ထိတ်လန့်နေဟန်များ ရောယှက်ပါ၀င်လာ၏။
ထိုအသက်အရွယ်ဖြင့် အခြေအတည်ဝိညာဉ်အဆင့်(၉)သို့ရောက်ရှိနေသည်မှာ အလွန်ထူးခြားပြီး အံ့ဩစရာကောင်းလှသည်။
“ ရွှမ်မိသားစု.. ဟမ့် သူတို့က မင်းတို့ကို တော်တော်လေး ဖုံးကွယ်ထားခဲ့တာပဲ.. နေစမ်းပါဦး.. လှံကိုင်ထားတဲ့ တစ်ယောက်က စိတ်ဝိညာဉ်ခန္ဓာရှိတယ်ထင်တယ်… မင်းရဲ့အကြည့်တွေကနေပြီးတော့ ခြိမ်းခြောက်မှုကိုငါခံစားနေရတယ်.. ဒါကလည်း အချိန်တစ်ခုပေးလိုက်မှပါ.. အခုတော့မဟုတ်သေးဘူး….”
စကားဆုံးသည်နှင့် ထိုအဘိုးကြီးထံမှ ပြင်းထန်သော အရှိန်အဝါများထွက်ပေါ်လာ၏။ သူကလည်း အခြေတည်ဝိညာဉ်အဆင့်(၉) ကျင့်ကြံသူတစ်ဦးဖြစ်သည်။
ရွှမ်မိသားစုအဖွဲ့၀င်များ ထိတ်လန့်သွားခဲ့ကြ၏။ သူတို့ရှေ့မှ အဘိုးကြီးက ထိုမှအဆင့်မြင့်မည်ဟု သူတို့ ထင်မှတ်ထားခဲ့ခြင်းမရှိချေ။
“ ဘာလဲ.. အံ့ဩသွားကြတာလား… ကြည့်ရတာ မင်းတို့ရွှမ်မိသားစု တကယ်ကို နိမ့်ကျသွားပြီးပဲ.. မဟုတ်ရင် ဘာလို့ မင်းတို့ ကလေးတစ်ခုကို လျှို့ဝှက်နယ်မြေထဲ ဒီတိုင်းပို့လိုက်မှာလဲ…”
ခရမ်းရောင်၀တ်အဘိုးအို၏ စကားများအတွင်း၌ အထင်သေးနေဟန်များ အတိုင်းသားပါ၀င်နေသည်။
ရွှမ်မိသားစု အမှန်တကယ် နိမ့်ကျသွားခြင်းသာဖြစ်ရပေမည်။ သူတို့က ဤမျှအရေးကြီးသောကိစ္စအတွက် ထိုကလေးတစ်အုပ်ကိုသာ ပို့လွှတ်ခဲ့သည်။ ထိုအုပ်စု၏ စွမ်းအားများက မဆိုးလှသော်လည်း လျှို့ဝှက်နယ်မြေအတွင်းသို့ လူငယ်မျိုးဆက်များသာ ၀င်ရောက်ရမည်ဟု မည်သူမှ ကန့်သတ်ထားခြင်းမရှိချေ။
သို့သော် ဘုရင်အဆင့်အောက်တွင် ပြိုင်ဘက်ကင်းဖြစ်သော ရွှမ်ယီတစ်ယောက်လုံးရှိနေသဖြင့် ရွှမ်ယွမ်က စိတ်ချကာလွှတ်လိုက်ခြင်းဖြစ်ကြောင်း သူတို့သိလိမ့်မည်မဟုတ်ချေ။
ရွှမ်မိသားစုမှ လူငယ်မျိုးဆက်များအား ရွှမ်ယီ၏ စောင့်ရှောက်မှုအောက်တွင် လေ့ကျင့်မှုတစ်ခုအဖြစ် လျှို့ဝှက်နယ်မြေအတွင်း ပို့လွှတ်လိုက်ခြင်းက ပို၍ ကောင်းမွန်ပေသည်။
ခရမ်းရောင်၀တ် အဘိုးကြီး၏ အမြင်တွင် တစ်ဖက်အဖွဲ့၌ တိုက်ခိုက်နိုင်စွမ်းရှိသူမှာ ရွှမ်ယီတစ်ယောက်တည်းသာရှိ၏။
လျှို့ဝှက်နယ်မြေအတွင်းသို့ ရတနာရှာရန် ၀င်ရောက်လာကြသည်မှာ လူငယ်မျိုးဆက်များသာမဟုတ်ဘူး အစွမ်းထက်ခေတ်ဟောင်း ကျင့်ကြံသူ များစွာပါ၀င်သည်။
လက်ရှိ သူတို့အဖွဲ့၌ပင် သုံးဦးတိတိရှိ၏။
“ ကောင်လေး.. မင်းသာညာဏ်ရှိတယ်ဆိုရင် ဒီနေရာကမြန်မြန်ထွက်သွားလိုက်တော့.. မဟုတ်ရင် သေလမ်းကလွဲပြီးတခြားမရှိဘူး…”
ရုတ်တရက် ခရမ်းရောင်၀တ်အဘိုးကြီးနောက်မှ လူတစ်ယောက်ထွက်လာပြီး ထီမထင်ဟန်ဖြင့် စကားဆိုလိုက်သည်။ သူက ရှေ့သို့ဆက်လှမ်းလာပြီး ရွှမ်ယီပြုလုပ်ထားသည့် ဓားချက်အမှတ်အသားအား ကျော်ဖြတ်ရန်ပြင်လိုက်၏။
ဘန်း..
ရွှမ်ယီက ထိုလူအား ကြည့်ပင်မကြည့်ပဲ လက်ကိုယမ်းကာ ဓားတစ်ချက် ခုတ်ချလိုက်သည်။ ဓားအမှတ်အသား တစ်ဖက်ခြမ်းသို့ ဖြတ်ကျော်လာသည့်လူက နေရာ၌ပင် ချက်ချင်းရပ်တန့်သွားခဲ့၏။ သူက ရွှမ်ယီအား လက်ညှိုးထိုးလျက်သားရှိနေပြီး သွေးများပန်းထွက်လာကာ အသက်ပျောက်သွားလေသည်။
“ အဲ့ဒီ မျဉ်းကြောင်းကို ဖြတ်တဲ့လူမှန်စမျှ သေရမယ်လို့ ကျုပ်ပြောခဲ့ပြီးပြီ.. ဘယ်သူစမ်းကြည့်ချင်သေးလဲ…”
ရွှမ်ယီ၏ အမူအရာက နဂိုအတိုင်းပင် အေးစက်စက်ရှိနေပြီး မျက်၀န်းများအတွင်း၌ လူသတ်ငွေ့များ ရစ်သိုင်းနေ၏။
ခရမ်းရောင်၀တ်အဘိုးကြီး မျက်နှာပျက်သွားခဲ့သည်။
ယခုလေးတင် အသတ်ခံလိုက်ရသောသူက အခြေတည်ဝိညာဉ်အဆင့်(၈)၌ ရှိနေပြီး အားနည်းသည်ဟု မဆိုနိုင်ပေ။ သို့သော် ထိုလူက ရွှမ်ယီ၏ ဓားချက်အောက်တွင် အနည်းငယ်မျှပင် လှုပ်ရှားနိုင်စွမ်းမရှိခဲ့ချေ။
ခရမ်းရောင်၀တ်အဘိုးကြီးက ရွှမ်ယီအား အေးစက်စွာစိုက်ကြည့်လိုက်ပြီး
“ ငါတို့က အလင်းလုံးတစ်လုံးနောက်ကိုလိုက်နေတာ… အဲ့တာက ဒီနားတစ်ဝိုက်လေးမှာ ပျောက်သွားခဲ့တယ်.. ဖြစ်နိုင်တာက ရွှေနေကြာအသီးတွေထဲမှာ ဒါမှမဟုတ် မင်းတို့ ရွှမ်မိသားစုက လူတွေဆီမှာပဲဖြစ်ရမယ်….”
“ ဟုတ်တယ်.. အဲ့ဒီ အလင်းလုံးကြောင့် ငါတို့ လူ(၃)ယောက်ကို ဆုံးရှုံးခဲ့ရတယ်.. အဲ့တာကို ငါတို့ဆီ လွှဲပေးပါ.. ဒါဆိုရင် ငါတို့ချက်ချင်း ဒီနေရာက လှည့်ထွက်သွားပေးမယ်….”
တစ်ဖက်အဖွဲ့အတွင်းမှ နောက်တစ်ယောက်က ၀င်ပြောလိုက်၏။
ရွှမ်ယီ၏ဓားချက်က အလွန်ကြောက်စရာကောင်းသည် မှန်သော်လည်း ထိုအလင်းလုံးအား သူတို့စွန့်လွှတ်နိုင်ခြင်းမရှိသေးပေ။
အလင်းလုံးလား…?
ရွှမ်ယီ မျက်ခုံးပင့်လိုက်မိသည်။ ထိုဆန်းကျယ်သော ရတနာအား ဤမျှ လျှင်မြန်စွာ သူတွေ့သွားပြီလော။
ရွှမ်ယီ၏ အကြည့်က ရွှမ်တန်တို့အဖွဲ့ထံရောက်သွားခဲ့၏။ လူတိုင်းက ကမန်းကတန်းဖြင့် အလျင်အမြန် ခေါင်းယမ်းလိုက်ကြသည်။
“ အဲ့ဒီ အလင်းဘောလုံးက ငါတို့ဆီမှာမရှိဘူး.. အဲ့တာက ရွှေနေကြာအသီးထဲ ပုန်းနေလားဆိုတာက ငါတို့လည်း မပြောတတ်ဘူး.. ပြောရမယ်ဆိုရင် ဒီရွှေနေကြာသစ်သီးကိုတောင် ငါတို့ ဘ၀မှာ ပထမဆုံးမြင်ဖူးတာပဲ.. ငါတို့ ခူးမလို့လုပ်နေတုံး သူတို့ရောက်လာတာ….”
ရွှမ်ယီက အနည်းငယ်ခေါင်းညိတ်ပြလိုက်၏။
“ ကြားလား.. ခင်ဗျားတို့လိုချင်နေတဲ့ပစ္စည်းက ကျုပ်တို့ဆီမှာမရှိဘူး…”
စကားဆုံးသည်နှင့် ရွှမ်ယီက စိတ်တွင်း၌ အေးစက်စွာ နှာမှုတ်လိုက်၏။ ထိုအလင်းလုံး တကယ်ရှိနေလျှင်လည်း ရွှမ်ယီက ၎င်းအား စွန့်လွှတ်ရန် စိတ်ကူးမရှိချေ။