အခန်း (၁၄၂)
Vol. 10 Ch. 142
ဤကဲ့သို့ အခြေအနေအများရ ၀မ်ချောင်ဘက်မှ လူတိုင်းက ရွှမ်ယီရှုံးမည်ဟု တစ်သမတ်တည်း ကောက်ချက်ချထားကြသည်။
သို့သော် ရွှမ်မိသားစုဘက်တွင်မူ ကွဲပြား၏။ ရွှမ်ယီက မိသားစုခေါင်းဆောင်ကိုယ်တိုင် ဆက်ခံသူအဖြစ် အားတက်သရော်ကြေငြာထားသူဖြစ်၏။
သူက အခြေတည်ဝိညာဉ်အဆင့်(၉) ကျင့်ကြံသူဖြစ်ရုံသာမက ဓားရည်ရွယ်ချက် အဆင့်(၃) အထွတ်အထိပ်ထိလည်း နားလည်ထားသေးသည်။
ဘုန်း…
၀မ်ချောင်၏ ခန္ဓာကိုယ်အား ထက်ရှသည့် ဓားရည်ရွယ်ချက်စွမ်းအားများဖြင့် ၀န်းရံထားပြီး သူ့မျက်လုံးများကလည်း စူးရှတောက်ပနေသည်။ သူပုံစံက အလွန်အစွမ်းထက်သည့် ဓားတစ်စင်းအလားဖြစ်နေ၏။ သူ့ထံမှ ဓားရည်ရွယ်ချက်စွမ်းအားများက ကောင်းကင်ယံသို့တိုင်အောင် မြင့်တက်နေလေသည်။
“ မင်းကများ ငါ့ကိုသတ်ချင်တယ်ပေါ့.. ဟမ့်.. ဆယ်ကြိမ်လောက်တိုက်တောင် ငါ့ကို ထိခိုက်စေမှာမဟုတ်ဘူး…”
၀မ်ချောင်က ရွှမ်ယီအားကြည့်ပြီး အထင်သေးစွာပြောလိုက်သည်။
ရွှမ်ယီကလည်း လက်ထဲတွင် ဓားတစ်ချောင်းကိုင်စွဲထား၏။
“ အဲ့လောက်ထိမလိုပါဘူး…”
ရွှမ်ယီ၏ အမူအရာက သာမန်အတိုင်းတည်ငြိမ်လျက်ရှိနေပြီး ဓားတစ်ချက် ခုတ်ချလိုက်သည်။ လူတိုင်း၏ ထိတ်လန့်အံ့ဩနေသောအကြည့်များအောက်တွင် ၀မ်ချောင်၏ ဓားရည်ရွယ်ချက်ထက် အလွန်အစွမ်းထက်သော ဓားရည်ရွယ်ချက် စွမ်းအားတစ်ခုထွက်ပေါ်လာပြီး ၀မ်းချောင်၏ ဓားရည်ရွယ်ချက်အား ပိုင်းဖြတ်သွားခဲ့သည်။
“ မင်းကို သတ်ဖို့အတွက် ဓားတစ်ချက်ပဲလိုတယ်…”
ဓားရည်ရွယ်ချက် အဆင့်(၃) အထွတ်အထိပ်….
လက်ရှိတွင် ၀မ်ချောင်၏ မျက်၀န်းများ အလွန်ပြူးကျယ်နေ၏။
သူ၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေကာ အသက်ဓာတ်များ သူ့ထံမှ ဖယ်ခွာထွက်လာပြီး ကြောက်မက်ဖွယ် သေခြင်းအငွေ့အသက်များအား ခံစားလိုက်ရသည်။
“ ကျောက်စိမ်းအကာ……”
၀မ်ချောင်အား အကာကွယ်ပေးထားသည့် စိတ်ဝိညာဉ်စွမ်းအင် အကာအကွယ်အလွှာများ တစ်စစီဖြစ်သွားခဲ့ပြီး ဓားချက်က လေဟာနယ်ကိုပင် ပိုင်းဖြတ်သွားလေသည်။
၀မ်ချောင်တစ်ယောက် စကားပင်မဆုံးလိုက်ပဲ ဓားချီစွမ်းအင်၏ ပိုင်းဖြတ်ခြင်းကိုခံလိုက်ရသည်။ အသက်ကယ်အဆောင်အား အသုံးပြုရန်ပြင်လိုက်သော်လည်း အသက်သွင်းရန် အချိန်မမှီခဲ့ချေ။
ပတ်၀န်းကျင်တစ်ခုလုံး သေမင်းနယ်မြေတစ်ခုအလား တိတ်ဆိတ်သွားလေသည်။
ကောင်းကင်အဆင့်တွင် နံပါတ်(၁၅)ရှိသော ၀မ်ချောင်ပင်လျှင် ရွှမ်ယီထံမှ ဓားတစ်ချက်အား ခုခံနိုင်စွမ်းမရှိချေ။
“ ဘာတွေဖြစ်သွားတာလဲ…”
“ ဓားရည်ရွယ်ချက်.. သူ့လည်း ဓားရည်ရွယ်ချက်ကိုနားလည်ထားတယ်.. အဲ့တာကိုမှ အဆင့်(၃) အထွတ်အထိပ်တောင်ရောက်နေပြီ…”
လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားခဲ့၏။ ယခုအချိန်မှစ၍ အနောက်ပိုင်းနယ်မြေ၏ အမွေဆက်ခံသူ ၀မ်ချောင် ကမ္ဘာလောကကြီးတွင် မရှိတော့ချေ။
ဒါက ကောင်းကင်ကိုတုတ်ဖြင့် တက်ထိုးခြင်းမဟုတ်ပေလော။
ခရမ်းရောင်၀တ်အဘိုးကြီးက ရှေ့တိုးလာပြီး ရွှမ်ယီအား လက်ညှိုးထိုးလိုက်သည်။ သူ့လက်ညှိုးများက ထိမ်းမနိုင်သိမ်းမရ တုန်ယင်နေ၏။
“ မင်း.. မင်း ဘယ်လိုလုပ်လိုက်တာလဲ.. ဘာလို့ ဒီလောက်တောင် ရက်စက်တာလဲ…”
ထိုအဘိုးကြီးကစကားပြောနေရင်း ရုတ်တရက် ကောင်းကင်သို့ပျံတက်ကာ ထွက်ပြေးသွားသည်။
လက်တစ်ဖက်တွင် ၀မ်ချောင်၏ ခန္ဓာကိုယ်အား သယ်ဆောင်ထားပြီး ကာကွယ်ရေးအဆောင်အား ချက်ချင်း အသုံးပြုလိုက်၏။ စကားပြောဟန်ဆောင်ပြီး ရွှမ်ယီ သတိမထားမိခင်အချိန်မှာ အလျင်အမြန်ထွက်ပြေးခြင်းဖြစ်လေသည်။
ဓားရည်ရွယ်ချက် အဆင့်(၃) အထွတ်အထိပ်အား နားလည်ထားသော အခြေတည်ဝိညာဉ်အဆင့်(၉) ကျင့်ကြံသူအား သူတို့အားလုံး ဝိုင်းတိုက်လျှင်ပင် အသက်ရှင်ရန်လမ်းမမြင်ပေ။
“ ခွေးကောင်လေး.. မင်းစောင့်နေစမ်း.. ၀မ်မိသားစုက မင်းကို ဒီအတိုင်းထားမှာမဟုတ်ဘူး…”
လူက ပျောက်ကွယ်သွားပြီး ကျန်ဆဲသံတစ်ခုသာ အနောက်တွင်ကျန်ရစ်ခဲ့၏။
ရွှမ်ယီ ခေါင်းယမ်းမိလိုက်သည်။ ထို အဘိုးကြီးများ၏ တိုက်ခိုက်နိုင်စွမ်းက ထိုမျှမဟုတ်သော်လည်း ၎င်းတို့ထံတွင် ရှင်သန်ရေးအတွက် ဝှက်ဖဲမျိုးစုံရှိနေ၏။
သူတို့က ကောင်းကင်ဒေသ ထိပ်တန်းအင်အားစုကြီးလေးခုအနက် တစ်ခုဖြစ်သော ၀မ်မိသားစုမှ ဖြစ်ထိုက်ပေသည်။
“ အနောက်ပိုင်းနယ်မြေက ၀မ်မိသားစုလား.. အခုလောလောဆယ်မှာ ငါ့လက်သီးက ပိုသန်မာနေတယ်လေ.. ဘာတွေ တွေးပြီးစိုးရိမ်နေမှာလဲ…”
ရွှမ်တန်တို့အားလုံး ရွှမ်ယီအားငေးကြည့်နေကြ၏။ မည်သူမှ စကားတစ်ခွန်းမဆိုကြချေ။
ရွှမ်ယီက ၀မ်ချောင်အား သတ်ပစ်သည်အထိ လုပ်ရဲမည်ဟု သူတို့ထင်မှတ်ထားခြင်းမရှိချေ။ ထို့အပြင် သူက အသာအယာအလွယ်တကူပင် ပြုလုပ်သွားခဲ့ခြင်းဖြစ်၏။
“ ရွှမ်ယီ.. ဒါက ဝမ်မိသားစု….”
ရွှမ်တန်က ထူးဆန်းသော အမူအရာဖြင့် စကားဆိုလိုက်ပြီး ချက်ချင်းရပ်တန့်သွားခဲ့သည်။
ရွှမ်ယီ အနည်းငယ်ပြုံးလိုက်ပြီး ရွှေနေကြာသီးများရှိရာဆီသို့ လျှောက်သွားလိုက်၏။
သူသတ်ချင်တဲ့လူကို သတ်ပစ်မည်။ ဘယ်သူ့ကိုမှ ဂရုစိုက်နေမည်မဟုတ်ချေ။
“ သူတို့ပြောတဲ့စကားအရဆိုရင် ဆန်းကျယ်တဲ့ အလင်းလုံးက ဒီရွှေနေကြာသီးတွေထဲမှာ ရှိနေပုံပဲ…”
ရွှမ်ယီက ခေါင်းမော့လိုက်၏။
ဤအပင်ကြီးတွင် လေနှင့်အတူ ဘယ်ညာယိမ်းနွဲ့နေသော ရွှေနေကြာသီး ငါးလုံးခန့်ရှိနေသည်။
“ ငါလည်းသေချာမသိဘူး.. ဒါပေမယ့် ဒီရွှေရောင်အသီးတွေကိုငါကြည့်နေတုံး အရမ်းမြန်တဲ့ အလင်းတစ်ခုကိုတော့ တွေ့မိလိုက်တယ်…”
ရွှမ်ယင်က လက်တွင်း၌ လှံအားဆွဲကိုင်ပြီး ရှေ့တိုင်းကာပြောလိုက်သည်။ ရွှမ်ယီအား ကြည့်နေသော အကြည့်များတွင် လေးစားမှုများပါ၀င်နေ၏။
သူ့ထံတွင် လှံစိတ်ဝိညာဉ်ခန္ဓာကိုယ်ရှိနေပြီး တိုက်ခိုက်ရေးစိတိဆန္ဒက သူ့အတွက် အလွန်အရေးကြီးသည်။
ရွှမ်ယီက ၀မ်ချောင်ကို သတ်ဖြတ်လိုက်ခြင်းက သူ၏ သွေးများအား ပွက်ပွက်ဆူသွားစေခဲ့သည်။
“ ကောင်းပြီ…”
ရွှမ်ယီက ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် လေထဲသို့ ခုန်တက်လိုက်၏။ လက်တစ်ချက်ဝှေ့ယမ်းလိုက်ပြီး ရွှေနေကြာသီး(၅)လုံးအား အပင်မှ ပြုတ်ကျသွားစေခဲ့သည်။
ပထမ(၄)လုံးက သာမန်အတိုင်းသာဖြစ်၏။ သို့သော် နောက်ဆုံး အလုံးကမူ မြေပေါ်သို့မကျမီ ၎င်းထံမှ အလင်းရောင်အနည်းငယ် ပေါ်လာပြီး မြေကြီးအတွင်း ၀င်ပြေးရန်ကြိုးစားလိုက်သည်။
ရွှမ်ယီ၏ မျက်၀န်းများ တောက်ပသွားခဲ့၏။
“ တစ်ခုခု မှားနေတာ အမှန်ပဲကိုး…”
ရွှပ်..
ရွှမ်ယီက ထိုအလင်းတန်းအား တိုက်ရိုက်ဖမ်းဆုပ်လိုက်၏။ ထို့နောက် အနီးကပ်ကြည့်ရှုလိုက်သည်။