← Chapters

အခန်း (၁၄၇)

Vol. 10 Ch. 147

အခန်း (၁၄၇)

Vol. 10 Ch. 147

“ မျှော်လင့်ထားသလိုပါပဲလား… အဆင့်(၁)ဆိုတဲ့အတိုင်း အရမ်းထူးခြားတာပဲ…”

ချင်တျန်ဂီ၏ မျက်၀န်းများက အလွန်‌တောက်ပနေ၏။ သူ့ကိုယ်တွင်းမှသွေးများက တိုက်ပွဲခေါ်သံကြောင့် အလွန်အမင်းဆူပွက်လာခဲ့သည်။ လေခွင်းသံနှင့်အတူ လက်ထဲမှ ဓားနက်ကြီးဖြင့် ပြေး၀င်ကာ ခုတ်ချလိုက်၏။

ဘုန်း…

လေးလံသော ဓားကြီးက လေထုအားခွင်းကာတိုး၀င်သွားပြီး ပတ်၀န်းကျင်မှ ‌မြေပြင်ကိုပင် ကွဲအက်သွားစေခဲ့သည်။

“ ဘုရင်တစ်၀က်အဆင့်ဆိုရင်တောင် ဒီတိုက်ခိုက်မှုကို ခုခံဖို့အတွက် နှစ်ခါပြန်စဉ်းစားရလိမ့်မယ်…”

ချင်အင်ပါယာမှ တစ်ယောက်က ချင်တျန်ဂီအား ဖော်ညွှန်းချီးကျုးလိုက်သည်။

သူတို့၏အမြင်တွင် ထိုပုံရိပ်က မျှော်စင်၏ အဆင့်ဇယားတွင် နံပါတ်(၁)ဖြစ်နေသော်လည်း ကျင့်ကြံမှုက အခြေတည်ဝိညာဉ်အဆင့်(၇)၌သာရှိသေး၏။ ကောင်းကင်အဆင့် နံပါတ်(၉) ချင်တျန်ဂီနှင့် ယှဉ်နိုင်မည်ဟု မထင်ပေ။

ချင်တျန်ဂီ ကိုယ်တိုင်လည်းထိုကဲ့သို့တွေးနေ၏။

မင်းက မျှော်စင်ထိပ်ဆုံးကိုရောက်တော့ကော ဘာဖြစ်လဲ.. ကျင့်ကြံဆင့်က အဓိကပဲ…!

သူက မျှော်စင်၏ (၅၂)ထပ်သို့သာရောက်ရှိခဲ့သည်။ ယခုတွင် ထိပ်ဆုံးအထပ်သို့ရောက်ရှိခဲ့သူနှင့် တိုက်ခိုက်ရတော့မည်ဖြစ်ရာ သူ၏သွေးများက ဆူပွက်နေ၏။

“ မင်း ဘာတွေလုပ်နိုင်လဲ ကြည့်ရအောင်…”

သူက ရှေ့သို့ ပြေးထွက်သွားပြီး ဓားနက်ကြီးဖြင့် နှစ်ကြိမ် သုံးကြိမ်ဆင့်ကာ ခုတ်ချလိုက်သည်။ သို့သော် ဓားချီအလင်းတန်းတစ်ခုကြောင့် ထိုတိုက်ခိုက်မှုများအားလုံး လွင့်ပျယ်သွားခဲ့၏။

ရွှမ်ယီအား ဗဟိုပြုလျက် မီတာ(၁၀၀)၀န်းကျင်တစ်ခုလုံး ဓားစွမ်းအားများဖြင့် ပြည့်နှက်လေသည်။

ချင်တျန်ဂီလည်း ဘာမှမတတ်နိုင်ပဲ နောက်ပြန်ဆုတ်လာခဲ့ရ၏။ သူ၏ မျက်၀န်းများအတွင်း၌ အလွန်အမင်းထိတ်လန့်နေဟန်များ အတိုင်းသားပေါ်လွင်နေသည်။

သူက အလွယ်တကူရှုံးနိမ့်သွားခဲ့၏။

သူထင်တာမမှားလျှင် တစ်ဖက်လူ၏ ဓားရည်ရွယ်ချက်က အဆင့်(၂) အထွတ်အထိပ်၌ဖြစ်သည်။

အနောက်ပိုင်းနယ်မြေမှ ပါရမီအရှိဆုံး ဓားသမား၀မ်ချောင်ပင်လျှင် ဓားရည်ရွယ်ချက်အဆင့်(၂)အား နားလည်နိုင်စွမ်းမရှိချေ။

ကိုင်လျန်ရီက သူမရှေ့မှ ရွှမ်ယီအား ထူးဆန်းသော အကြည့်ဖြင့်ကြည့်နေခဲ့သည်။

ဤကိုယ်ပွားက သူနှင့်တွေ့ဆုံ‌ခဲ့သော ရွှမ်ယီနှင့် တစ်ထေရာတည်း ထပ်တူကျနေ၏။

တစ်ခုတည်းသော ခြားနားချက်က ဤလက်ရှိရွှမ်ယီက ရွှမ်ယီအစစ်လောက်စွမ်းထက်ပုံမပေါ်ချေ။

ထိုကိုယ်ပွားက အခြေတည်ဝိညာဉ်အဆင့်(၇)၌ရှိနေပြီး ဓားရည်ရွယ်ချက်ကလည်း များစွာစွမ်းအားလျော့ကျနေသည်။

“ ငါက ရွှမ်ယီအစစ်ကိုမယှဉ်နိုင်ပေမယ့် ဒီကိုယ်ပွားကို နိုင်မလား စမ်းကြည့်ရအောင်…”

ကိုင်လျန်ရီဆိုသည်မှာ မွေးကတည်းက ပါရမီရှင်တစ်ဦးအဖြစ်သတ်မှတ်ခံထားရသူတစ်ဦးဖြစ်၏။

သူမက ကောင်းကင်အဆင့်တွင် တတိယနေရာ၌ ရှိနေပြီး ဆန္ဒရှိလျှင် ပထမနေရာကိုပင် ခြိမ်းခြောက်ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။

သူမ နံဘေးတွင် ကိုးရောင်ချယ်အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။ ထို့နောက် ၎င်းတို့က ရွှေရောင်အဖြစ်စုစည်းသွားခဲ့ပြီး ဘုရင်တစ်၀က်အဆင့်များပင် ထိုစွမ်းအားအောက်၌ ဦးညွှတ်ရပေလိမ့်မည်။

သို့သော် သူမက မောက်မာခြင်းအလျင်းမရှိချေ။

အစစ်အမှန်ရွှမ်ယီနှင့် တိုက်ခိုက်ခဲ့စဉ်က ထိုလူက သူမအား တိုက်ခိုက်ခြင်းပင်မပြုပဲ အနိုင်ယူခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် ထိုမွန်းစတားနှင့် သွား၍ နှိုင်းယှဉ်ရန် မည်သို့မှ မဖြစ်နိုင်ပေ။

သို့‌သော် လက်ရှိသူမရှေ့မှ ရွှမ်ယီမှာ ၎င်း၏ အားနည်းသော ပုံစံတစ်ခုသာဖြစ်၏။

ကိုင်လျန်ရီ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရွှေရောင်အလင်းတန်းများတောက်နေပြီး သူမ၏ မျက်၀န်းများက တိုက်ခိုက်လိုစိတ်အပြည့်နှင့်ဖြစ်သည်။ ဤတိုက်ပွဲအား သူမအနိုင်ရမည်ဟုခံစားနေမိ၏။

ပတ်၀န်းကျင်မှ လူတိုင်းက ကိုင်လျန်ရီအား မျှော်လင့်ချက်မျက်၀န်းများဖြင့် ဝိုင်းကြည့်နေကြလေသည်။

ရွှမ်ယီ၏ ကိုယ်ပွားကလည်း သူမထံမှ ပြင်းထန်သောစွမ်းအားများကို ခံစားမိဟန်ရ၏။ သူ၏ ဓားကို လေထဲသို့မြှောက်လိုက်ပြီး ပတ်၀န်းကျင်မှ စိတ်ဝိညာဉ်စွမ်းအားများ ၎င်းထံသို့ စုစည်းလာခဲ့သည်။

လေနှင့် လျှပ်စီးစွမ်းအင်များ ရောယှက်နေသည့် ဓားချက်က လူတိုင်း၏ အမြင်အာရုံအောက်မှ ပျောက်ကွယ်လျက် ကိုင်လျန်ရီထံ ပြေး၀င်သွားလေသည်။

“ အဆင့်လွန် သိုင်းကွက်…”

ကိုင်လျန်ရီ၏ မျက်၀န်းများက မယုံကြည်နိုင်ဟန်ဖြင့် ပြူးကျယ်သွားခဲ့၏။

ဘုရင်အဆင့်ကျင့်ကြံသူများအနေဖြင့်ပင် သိုင်းကွက်တစ်ခုအား အဆင့်လွန်အဆင့်ထိ နားလည်ရန် မလွယ်ကူပေ။

အဆင့်လွန်အဆင့်ဆိုသည်မှာ သိုင်းကွက်၏ မူလစွမ်းအားကို ကျော်လွန်နေပြီး ၎င်းတွင် အလွန်ပြင်းထန်သည့် အဖျက်စွမ်းအားရှိသည်။

သူမအနေဖြင့် ထိုကိစ္စအား အံ့ဩနေချိန်မရှိပေ။

ကိုင်လျန်ရီ၏ အမူအရာက လေးနက်နေပြီး သူမ၏ လက်‌များလှုပ်ရှားသွားခဲ့သည်။ ကိုးရောင်ချယ်အလင်တန်းများဖြစ်ပေါ်လာခဲ့ပြီး ရွှေရောင်အဖြစ်သို့ပြောင်းလဲကာ ပတ်၀န်းကျင်တစ်ခုလုံးအား လင်းထိန်သွားစေ၏။

ထို မမြင်နိုင်သော လေလျှပ်စီးဓားချက်ကပျောက်ကွယ်သွားခဲ့ပြီး ကိုင်လျန်ရီ၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်စဖြစ်ပေါ်လာခဲ့သည်။

သို့သော် သူမ၏ အပြုံးက ချက်ချင်းပျောက်ကွယ်‌သွားခဲ့၏။

“ ဓားတစ်သောင်း…”

“ မဟာအင်ပါယာဓား…”

“ လေလျှပ်စီဓား…”

“ ဓားရည်ရွယ်ချက် ဒုတိယအဆင့်အထွတ်အထိပ်…”

ရွှမ်ယီ၏ ကိုယ်ပွားက သိုင်းကွက်အမည်များအား အော်ဆိုလျှက် ဆက်တိုက် ထုတ်ဖော်လိုက်သည်။ ပတ်၀န်းကျင်မှလူတိုင်း အလွန်အမင်းအံ့ဩသွားခဲ့ရ၏။

ထို စိတ်ဝိညာဉ်ကိုယ်ပွားက မောပန်းခြင်းမရှိသည့်အလားဖြစ်နေသည်။

တစ်ခဏအတွင်း ထို ကိုယ်ပွားရွှမ်ယီ၏ အထက်ကောင်းကင်ယံထက်တွင် လေများတိုက်ကာ လျှပ်စီးများလက်နေပြီး မြောက်မြားစွာသောဓားများ ဖြစ်ပေါ်လာခဲ့သည်။

လူတိုင်း ၎င်းတို့ထံမှ ပြင်းထန်သည့် အဖျက်စွမ်းအားများကို ခံစား၍ရနေ၏။

လက်ရှိတွင် ကိုယ်ပွားရွှမ်ယီ၏ ပုံရိပ်မှာ ဓားစွမ်းအင်များ၏အလယ်၌ မှိန်ဖျော့နေချေပြီ။ အဘယ်ကြောင့်ဆိုသော် သူ့ပတ်၀န်းကျင်ရှိ လေဟာနယ်မှာ ပုံပျက်နေပြီဖြစ်သောကြောင့် ဖြစ်၏။

“ ပြေးကြ…”

ပတ်၀န်းကျင်မှလူတိုင်း သေခြင်းတရားအငွေ့အသက်၏ လွှမ်းမိုးမှုကိုခံစားလိုက်ကြရသည်။

ကိုင်လျန်ရီက စိတ်ဝိညာဉ်စွမ်းအင်များထည့်သွင်းလျက် လူတိုင်းအား ထွက်ပြေးကြရန် လောဆော်လိုက်၏။

သူမကိုယ်တိုင်လည်း ကိုယ်ရောင်ချယ်အလင်းတန်းများ၀န်းရံလျက် အလျင်အမြန်ထွက်ပြေးတော့သည်။

အစစ်အမှန်ရွှမ်ယီ၏ ရှေ့တွင် သူမက တိုက်ခိုက်မှု တစ်ခုတောင်မှ ခံယူနိုင်သည့်စွမ်းအားမရှိချေ။

သို့သော် လက်ရှိ သူ့မရှေ့မှ ကိုယ်ပွားရွှမ်ယီမှာ အခြေတည်ဝိညာဉ်အဆင့်(၇)၌သာရှိနေသည့်အပြင် အစစ်အမှန်ရွှမ်ယီထက် အဖက်ဖက်မှ နိမ့်ကျပေသည်။

သူမက အခြေတည်ဝိညာဉ်အဆင့်(၉) ကျင့်ကြံဆင့်ဖြင့် ဘုရင်တစ်၀က်အဆင့်များကိုပင် တိုက်ခိုက်နိုင်သူဖြစ်၏။

သို့သော် လက်ရှိတွင် ထိုတိုက်ခိုက်မှုအား လုံး၀ရင်ဆိုင်ဝံ့ခြင်းမရှိချေ။

အကယ်၍ တိုက်ရိုက်ရင်ဆိုင်လိုက်မည်ဆိုပါက ဤနေရာ၌ပင် အသက်ပျောက်သွားနိုင်သည်။

All Chapters