သွေးနဂါးမြစ်
Vol. 013 Ch. 1201
တာလီတော်ဝင်အကြံပေးနှင့် ရန်ယွင်ကလည်း ရီဖူရှင်းကို ကြည့်နေကြသည်။ ယခင်က ရီဖူရှင်းသည် သတ္တဓားအသွင်အပြင်နှင့် ဖြစ်ကာ အင်ပါယာရှားဘုံသို့ သူ့ကို လိုက်ပါ ပို့ဆောင်စဉ်ကသာ ရီဖူရှင်း၏ သရုပ်အမှန်ကို ရန်ယွင်မြင်ဖူးခြင်း ဖြစ်သည်။
တာလီတော်ဝင်အကြံပေး အတွက်တော့ ရီဖူရှင်း၏ မျက်နှာအစစ်အမှန်ကို မြင်ရခြင်းမှာ သည်တစ်ကြိမ် ပထမဆုံး ဖြစ်သော်လည်း အကြည့်တစ်ချက်၌ပင် သူက သတိပြုမိသည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါက လုံးဝ ပြောင်းလဲသွားသော်လည်း ထူးကဲသာလွန်သော သူ့သဘာဝမှာ သိသာထင်ရှားနေဆဲ ဖြစ်၏။
“အင်ပါယာရှားဘုံက ရီဖူရှင်းက တော်ဝင်အကြံပေးနဲ့ တပည့်ကြီးရန်ယွန်ကို နှုတ်ဆက်ပါတယ်” ရီဖူရှင်းက မျက်နှာချင်းဆိုင်မှာ ရှိနေသည့် တော်ဝင်အကြံပေးနှင့် ရန်ယွင်ကို ဦးညွှတ်သည်။
သူက သူ့ကိုယ်သူ အင်ပါယာရှားဘုံမှ ရီဖူရှင်းဟု ရည်ညွှန်း၍ စည်းတစ်ခုကို ရှင်းလင်းစေရန် ပြုလုပ်လိုက်သလို သူတို့ကိုလည်း ဆရာနှင့်အစ်ကိုဟု မခေါ်ခဲ့ပေ။
လေးစားမှုနှင့် စည်းသတ်မှတ်မှုက ဝိရောဓိမဖြစ်ပေ။
သူတို့ အရမ်းရင်းနှီးနေလျှင် ပြဿနာများသာ ဖြစ်လာပေမည်။
သူက ဝတ်စုံအပိုင်းအစကို သုံး၍ သတင်းစကားပေးပို့ခဲ့သည့် သူ့ရည်ရွယ်ချက်ကို ဆရာက နားလည်မည် ဖြစ်သည်။
သူ့ဘေးမှ ရှားရှင်းယွန်ကလည်း မျက်နှာချင်းဆိုင်ကို ကြည့်ကာ ပြောသည်… “အင်ပါယာရှားဘုံက ရှားရှင်းယွန်.. တာလီတော်ဝင်အကြံပေးကို နှုတ်ခွန်းဆက်ပါတယ်”
တော်ဝင်အကြံပေးက သူတို့နှစ်ဦးကို ကြည့်ကာ အပြုံးနှင့်အတူ ခေါင်းညိတ်သည်။
“ရီဖူရှင်း ... ငါ မင်းကို အင်ပါယာရှားဘုံဆီ ပြန်ပို့တုန်းက ပြောဖူးတယ်။ ငါတို့ နောက်တစ်ခါ တိုက်ပွဲကွင်းပြင်မှာ ပြန်တွေ့ဖြစ်ခဲ့ရင် ငါ မင်းကို သက်ညှာမှာ မဟုတ်ဘူး။ မင်းနောက်ဆို သတိထားသင့်တယ်” ရန်ယွင်က ရီဖူရှင်းကို ပြောသည်။
ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်ကာ ပြန်ဖြေသည်… “ကျွန်တော့်ရဲ့ တုံ့ပြန်မှုကလည်း အဲဒီတုန်းကနဲ့ အတူတူပါပဲ”
ဘေးဘက်တွင် လီယောင်က ထိုပြောစကားများကို နားထောင်ရင်း သူ့မျက်နှာက တဖြည်းဖြည်း မှောင်မည်းလာသည်။
ဒါက သူ့ရဲ့ တည်ရှိမှုကို လုံးဝ လျစ်လျူရှု ခံလိုက်ရတာလား…
ရီဖူရှင်းသည် ရောက်လာချိန်မှစ၍ သူ့ကို လုံးဝ အသိအမှတ်မပြုခဲ့ပေ။ သူ့အား ရှိသည်ဟုလည်း မြင်ပုံမရပေ။ ထိုသို့လုပ်ခြင်းက စော်ကားခြင်းတစ်မျိုးပါပေ။
“ရှားရှင်းယွန်.. မင်း စစ်ကြေညာချက်ကို ရပြီးပြီမလား” လီယောင်က ရှားရှင်းယွန်ကို ကြည့်ကာ မေးသည်။
ရှားရှင်းယွန်က လီယောင်ကို အေးစက်စွာ ကြည့်ရင်း လီယောင် ဆက်ပြောသည်ကို နားထောင်နေသည်။
“ရီဖူရှင်းက တာလီမှာ လုပ်သွားခဲ့တာတွေဟာ ခွင့်လွှတ်နိုင်စရာ မရှိဘူး။ မင်းက သူ့ကို ငါတို့လက်ထဲ အပ်ဖို့ ဆန္ဒရှိမယ်ဆိုရင် ဒီကိစ္စတစ်ခုလုံးကို ဘာမှမဖြစ်ခဲ့သလို သဘောထားပေးမယ်။ မဟုတ်ရင်တော့ အကျိုးဆက်တွေကို ရင်ဆိုင်ဖို့ ပြင်ထားလိုက်”
“နတ္ထိဘုံတိုက်ပွဲမှာ ရှုံးနိမ့်ပြီးတော့ အရှုံးကို လက်မခံနိုင်ဘဲ အလစ်ဝင်ပြီး လုပ်ကြံရဲတဲ့သူက ပါးစပ်ပေါက်ကို ဖွင့်ဖို့ သတ္တိ ဘယ်က ရတာလဲ” ရှားရှင်းယွန်က ဆက်ပြောသည်… “ငါ ကြားတာတော့ နင်အခု ရှန့်ထိုအဆင့်ကို ရောက်သွားပြီဆို။ နင်နဲ့ အတူတူပဲ အင်ပါယာရှားဘုံက ရီဖူရှင်းကလည်း ရှန့်ထိုအဆင့်ကို ရောက်သွားခဲ့ပြီ။ နင့်ရန်ငြိုးကို ဒီအတိုင်း မထားလိုက်နိုင်မှတော့ ဘာလို့ သေခြင်းရှင်ခြင်းတိုက်ပွဲ မတိုက်တာလဲ”
လီယောင်က ရှားရှင်းယွန်၏ စကားများကို ကြားသောအခါ သူ့မျက်နှာက မှောင်မည်းလာသည်။ ရီဖူရှင်းနဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲ တိုက်ရမည်လား။
လီယောင်က အတော်လေး ထူးချွန်ထက်မြက်ပေမဲ့ သူက အဆင့်တူနေလျှင်ပင် ရီဖူရှင်းနဲ့ ထိပ်တိုက် ရင်မဆိုင်ရဲ။ အနိုင်ရမည့် ယုံကြည်ချက် သူ့တွင် မရှိပေ။
နတ္ထိဘုံတိုက်ပွဲအတွင်း ရီဖူရှင်းနှင့် တိဟောက်၏ တိုက်ပွဲက ပြိုင်ဘက်ကင်းတိုက်ပွဲ ဖြစ်ခဲ့သည်။ သူ ရှန့်ထိုမဖြစ်ခင်က သတင်းကြားသည်မှာ ရီဖူရှင်းက ရှောင်ကလန်ကို ဖိအားပေး၍ ရှန့်ထိုအဆင့်ကို ဝင်ရောက်ပြီးသား ဖြစ်သည့် ရှောင်ရှမ်းကို သတ်ဖြတ်ခဲ့သည်။
ရှီအဆင့် အထွတ်အထိပ်နှင့် သူက ရှန့်ထိုအဆင့် ဖြစ်တည်မှုကို ရှုံးနိမ့်စေခဲ့ပြီး တိုက်ပွဲကို အသုံးချကာ ရှန့်ထိုအဆင့်သို့ ဝင်ရောက်ခဲ့သည်။
ထိုသို့သော ရီဖူရှင်းအား မည်သို့ အနိုင်ယူနိုင်ပါမည်နည်း။
“လီယောင် ... ကျုပ် တာလီမှာ ရှိတုန်းက ဂရုစိုက်ပေးခဲ့တာ ကျေးဇူးတင်တယ်” ရီဖူရှင်းက လီယောင်ကို ဖျတ်ခနဲကြည့်ကာ ပြောသည်။ လီယောင်၏ မျက်ဝန်းများတွင် ရုတ်တရက် သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပြည့်နှက်လာ၏။
ရီဖူရှင်း၏ စကားများက သူ၏ အနာဟောင်းကို ဆွလိုက်သလို ဖြစ်သွားခဲ့သည်။
“စောင့်ကြည့်နေလိုက်” လီယောင်က နိုးထနဂါးတိုက်ပွဲစင်မြင့်ကို ငုံ့ကြည့်သည်။ ရီဖူရှင်းက နောက်ဆုံးပွဲစဉ်၌ အနိုင်ရထားခဲ့သည့် ဝိညာဉ်ကျောက်တုံးများနှင့် ရတနာများ ရှိနေသည့် သိုလှောင်လက်စွပ်ကို ထုတ်သည်။ သူက သူ့နောက်မှာ ရှိနေသည့် စစ်ထိုရန်ကို ပြုံးကာ ကြည့်လိုက်၍ ပြောသည်… “ကျုပ်ကို ကူညီပေးပါဦး”
“လုပ်လေ” စစ်ထိုရန်က ပြောသည်။
“တိဟောက်ပေါ်မှာ အကုန် လောင်းကြေးထပ်လိုက်” ရီဖူရှင်းက ပြုံးသည်… “မင်း ကိုယ့်ဘာသာ ချိန်ဆလို့ရတယ်။ ဒါပေမဲ့ အလွန်အကျွံတော့ မလုပ်နဲ့။ ဒီတစ်ခေါက်တော့ ကျုပ်လည်း ယုံကြည်ချက်သိပ်မရှိလို့ ငါးဆယ်ရာခိုင်နှုန်းလောက် အခွင့်အရေးရှိတယ်ပဲ ပြောချင်တယ်”
“ကောင်းပြီလေ” စစ်ထိုရန်က ခေါင်းညိတ်သည်။ ယခင်တစ်ခေါက်က သူတို့ အခွင့်အရေးကို လွဲချော်ခဲ့သော်လည်း သည်တစ်ကြိမ်မှာတော့ ရီဖူရှင်းကို သူမ ယုံကြည်သည်။
တိဟောက်၏ စွမ်းရည်က ရီဖူရှင်းနှင့် ယှဉ်နိုင်သည်။ တာလီပြည်ထောင်တွင် ထိုအချိန်၌ သူကလွဲလျှင် မည်သူကမှ မလွှမ်းမိုးနိုင်သူ ဖြစ်၏။ သူက ဘုရင်ထန်တောက်၏ မွေးစားသားဖြစ်ပြီး တောက်လီတောင်တွင် ကျင့်ကြံနေသည့် ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်၏။
တိုက်ပွဲတွင် တိဟောက်ကို ရှုံးနိမ့်သွားပြီးနောက်တွင် သူသည် အချိန်ကြာမြင့်စွာ ကျင့်ကြံခြင်းတွင် နစ်မြုပ်ထားခဲ့ပြီး ဖြစ်နိုင်သည်က သူ့အဆင့်သည် ပို၍ တိုးတက်လာပြီး ရှန့်ထိုအဆင့်အောက်၌ အမြင့်ဆုံးတစ်ယောက် ဖြစ်လာနိုင်သည်။
အိပ်မောကျနဂါးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူများမှာ အားနည်းသူများ မဟုတ်သောကြောင့် ပို၍ သန်မာသော ပြိုင်ဘက်များလည်းရှိနိုင်သဖြင့် သူက ကျိန်းသေ အာမခံရဲခြင်း မရှိပေ။
သို့သော်လည်း ယူချင်းသည် ပြီးခဲ့သည့်လက အိပ်မောကျနဂါးပြိုင်ပွဲတွင် အဓိကအနိုင်ရရှိသူ ဖြစ်သောကြောင့် တာလီက တိဟောက်ကဲ့သို့သော လူနှင့် အခြားသူများကို ပြိုင်ပွဲသို့ စေလွှတ်ခဲ့ခြင်း ဖြစ်ပေမည်။ သူတို့က တိကျသည့် ရလဒ်တစ်ခုကို လိုချင်ပြီး သူတို့၏ စွမ်းရည်များကို အကောင်းဆုံး အသုံးချလိမ့်မည်။ တိဟောက် မဟုတ်လျှင်ပင် ဒွန်ချန်းကဲ့သို့ ထိပ်တန်းပါရမီရှင်များ အများအပြား ရှိသေးသည်။
ထို့ကြောင့် ရီဖူရှင်းက ပြိုင်ဘက်အပေါ်၌ လောင်းကြေးထပ်လိုခြင်း ဖြစ်သည်။ သူ ရှုံးသွားခဲ့လျှင်ပင် ယခင်တစ်ခေါက်က အနိုင်ရထားသည်များသာ ဖြစ်ပေသည်။ သူက ကိုယ်ပိုင် ပိုင်ဆိုင်မှုများကို မထည့်သလို ရှားရှင်းယွန်ဆီမှလည်း မချေးခဲ့ပေ။
ထို့ကြောင့် သည်တစ်ခေါက် လောင်းကြေးက သူ့အတွက် စိတ်ပျော်စေရုံ သက်သက်သာ ဖြစ်၏။
မကြာမီမှာပင် အိပ်မောကျနဂါးပြိုင်ပွဲကို စတင်ပြီး နောက်ထပ် ပြင်းထန်သော ပြိုင်ပွဲများ ဖြစ်ပေါ်လာတော့မည် ဖြစ်သည်။
တိဟောက်၊ ဒွန်ချန်းနှင့် အခြားလူများသည် ပြိုင်ပွဲ၌ တိုက်ခိုက်ကြပြီး သူတို့၏ အင်အားများမှာ ယခင်ကနှင့်ယှဉ်လျှင် အနည်းငယ် တိုးတက်လာသည်။
တိဟောက်၏ နတ်ဘုရား ထောင်ချောက်ခေါင်းလောင်း၊ နဂါးနှင့်ဆင်သုံးချောင်းထောက် ဖိုအိုးနှင့် ကျားယဲ့ဓားတို့မှာ ထိပ်တန်းတိုက်ခိုက်ရေး နည်းစနစ်များ ဖြစ်ကြသည်။ ထို အဓိက သက်စောင့်ဝိညာဉ်သုံးခု ပေါင်းစည်းသွားသည့်အခါ သူတို့၏ စွမ်းအားများမှာ မယုံနိုင်လောက်အောင် အစွမ်းထက်ပြီး ပြိုင်ဘက်များကို ဆက်တိုက် ရှုံးနိမ့်စေ၏။
ဒွန်ချန်းက ဓမ္မခန္ဓာကိုယ်ကို ဆင့်ခေါ်ပြီး များပြားလှသော လက်များက တစ်ချိန်တည်းမှာ ထွက်ပေါ်လာပြီး တိုက်ခိုက်သည်။ အိပ်မောကျနဂါးပြိုင်ပွဲ၏ တိုက်ပွဲစင်မြင့်ပေါ်မှာပင် သူသည် အလွန် အားကောင်းနေဆဲဖြစ်သည်။
သူတို့နှစ်ယောက်သည် တာလီတွင်လည်း လီယောင်ကို အနိုင်ရနိုင်သူများ ဖြစ်ကြသည်။
ထို့အပြင် သူတို့နှစ်ယောက်လုံးသည် တစ်ချိန်က ရှုံးနိမ့်ဖူးခြင်းကြောင့် မဟုတ်လျှင် ရှန့်ထိုအဆင့်သို့ ဝင်ရောက်ပြီးသား ဖြစ်နေလိမ့်မည်။
သို့သော်လည်း ရှန့်ထိုအဆင့်သို့ ဝင်ရောက်ခြင်းမှာ အခွင့်အရေးနှင့် အချိန်ကိုက်စေရန် လိုပေသည်။ အခုတွင် သူတို့၏ အဆင့်မှာ အထွတ်အထိပ်တွင် ဖြစ်ပြီး အချိန်တစ်ခုသာ စောင့်ရန်လိုတော့ပေသည်။
သူတို့အပြင် ရီဖူရှင်းနှင့် တစ်ကြိမ် ယှဉ်ပြိုင်ဖူးသည့် အပြစ်ခုနစ်ပါးလည်း ပါဝင်ပေသည်။
ထိုစဉ်က လူအများသည် ဓားတောင်ကုန်းမှ အရေးပါသော ဓားသမား ကျင့်ဝူက သူနှင့် ပြိုင်ဘက်ဖြစ်နိုင်မည်ဟု ထင်ခဲ့ကြသော်လည်း ရီဖူရှင်းသည် ကျင့်ဝူ၏ အားနည်းချက်ကို ထိုးနှက်ကာ တစ်ချက်တည်းနှင့် ပွဲသိမ်းစေခဲ့သည်။
ယခု အပြစ်ခုနစ်ပါးသည် ပို၍ သန်မာလာသည်။
တိုက်ပွဲအဆုံးတွင် အသန်မာဆုံး လူများကြားမှ ဗိုလ်လုပွဲတွင် တိဟောက်၊ ဒွန်ချန်း၊ အပြစ်ခုနစ်ပါးနှင့် အခြားလူများ ပူးပေါင်းကာ နိုးထနဂါးတိုက်ပွဲစင်မြင့်မှ ပြိုင်ဘက်အများအပြားကို ရှုံးနိမ့်စေခဲ့သည်။ နောက်ဆုံး သူတို့သည် အောင်မြင်စွာနှင့် ကောင်းကင်သို့ ပျံသန်းထွက်ခွာနိုင်ခဲ့၏။
ထိုမြင်ကွင်းကို ကြည့်ရင်း လီယောင်၏ အမူအရာမှာ ကျေနပ်နှစ်သိမ့်သော အပြည့်များ ဖြစ်ပေါ်နေသည်။ ဤသို့ဆိုလျှင် တိဟောက်နှင့် အခြားလူများက အင်ပါယာရှားဘုံ၏ ယူချင်းနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်မည် ဖြစ်သည်။
ရီဖူရှင်းက ယူချင်းကို ဒေသနန်းတော်သို့ ပို့ရန် ကြိုးစားနေသည်လား။
ထိုမျှ မလွယ်ကူပေ။
သူတို့ အားလုံးက ရန်ဟောင်ဘုံက ဖြစ်ပြီး သွေးနဂါးဘုံမှ လူများကဲ့သို့ သွေးနဂါးစစ်တပ်သို့ ဝင်ရန် မလိုအပ်သော်လည်း ဒေသနန်းတော်သို့ ဝင်ရောက်နိုင်မည် ဆိုလျှင်တော့ ထိုအခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။
ယနေ့တွင် ခွန်ရွှမ်သည်လည်း ပြိုင်ပွဲကို လေ့လာရန် ရောက်ရှိနေသည်။ ပြီးခဲ့သည့်လကကဲ့သို့ သည်ပြိုင်ပွဲ၏ အနိုင်ရရှိသူသည် သူမ ပြိုင်ဘက်ဖြစ်လာလိမ့်မည်။
“နောက်ခုနစ်ရက်နေရင် နိုးထနဂါးတံဆိပ်ရရှိထားတဲ့ ဘယ်သူမဆို ဒေသနန်းတော် ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်နိုင်ပါတယ်” ရှန့်ထိုတစ်ပါးက လေထုထဲမှ ကြေညာခဲ့၏။
အလင်းမျက်နှာပြင်က ပျောက်ကွယ်သွားပြီး လီယောင်က ရီဖူရှင်းနှင့် အခြားလူများကို ဖျတ်ခနဲ ကြည့်သည်။ ထို့နောက် အခြားဘက်သို့ ကြည့်လိုက်ပြီး ခွန်ရွှမ်နှင့် ခွန်ကျန်းဆီသို့ လျှောက်သွားခဲ့သည်။
“နတ္ထိဘုံတိုက်ပွဲပြီးကတည်းက ခင်ဗျားတို့နှစ်ယောက်နဲ့ ကျွန်တော် မတွေ့တာ ကြာခဲ့ပြီနော်” လီယောင်က ပြောသည်။ ရီဖူရှင်းက ထိုနေရာသို့ ကြည့်နေပြီး သူက လီယောင်၏ ရည်ရွယ်ချက်ကို နားလည်လေသည်။
လီယောင်က နတ္ထိဘုံတိုက်ပွဲအား ဆက်ရန် ရည်ရွယ်နေသည်လား။
ထိုအချိန်က နတ္ထိဘုံတိုက်ပွဲတွင် အင်ပါယာလီဘုံသည် ဥဒေါင်းအင်ပါယာဘုံနှင့် တစ်ဖက်တည်း ဖြစ်ခဲ့သော်လည်း သူ၏ဟန့်တားခြင်းကို ခံခဲ့ရသည်။
ယခု လီယောင်က ထိုသို့ ထပ်လုပ်ရန် ကြိုးစားနေသည်လား။
ခွန်ရွှမ်၊ ခွန်ကျန်း၊ ကျားလို့ဖုန်းသည် အင်ပါယာလီဘုံမှ တိဟောက်၊ ဒွန်ချန်း၊ အပြစ်ခုနစ်ပါးတို့နှင့် အတွဲညီသည်။ သူတို့ ပူးပေါင်းလိုက်လျှင် အလွန်မှ စွမ်းအားပြည့်ဝပြီး ပြိုင်ဘက်ကင်းလုနီးပါး အဖွဲ့ ဖြစ်သွားမည်ဟု ဆုံးဖြတ်နိုင်ပေသည်။
သို့သော်လည်း အင်အားကောင်းသည့် ဗိုလ်လုပွဲက သူတို့အတွက်သာ မဟုတ်ဘဲ သွေးနဂါးဘုံမှ ထိပ်တန်းပါရမီရှင်များလည်း ပါဝင်သည်။
သူတို့၏ ခွန်အားမှာ တိဟောက်နှင့် ဒွန်ချန်းထက်တော့ အားနည်းမနေခြင်းလည်း ဖြစ်နိုင်သည်။
ယူချင်းသည်ပင် ထိုသို့တိုက်ပွဲမျိုး၌ ဖိအား အတော်အသင့် ခံစားရပေလိမ့်မည်။
“ငါသာ သိခဲ့ရင် ဒီတစ်ခေါက် အိပ်မောကျနဂါးပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ပါတယ်” လီယောင်က ခွန်ရွှမ်ထံသို့ လျှောက်သွားသည်ကို မြင်လျှင် ရှားရှင်းယွန်က ပြောသည်။ သူမနှင့် ဂူတုန်းလျှိုသာ ဒီတစ်ကြိမ် ကျင်းပသည့် အိပ်မောကျနဂါးပြိုင်ပွဲကို ပါဝင်ခဲ့ရင် သူတို့ကို တိဟောက်နှင့် ဒွန်ချန်းတို့ကို ဖိနှိပ်နိုင်စွမ်း ရှိလိမ့်မည်ဖြစ်ပြီး ဒေသနန်းတော် တိုက်ပွဲပြီးနောက်တွင် သူတို့အား လီယောင်တို့ ဘာမှလုပ်နိုင်တော့မည် မဟုတ်ပေ။
“မင်းသမီးက ဒီလိုအန္တရာယ်များတဲ့ တိုက်ပွဲမှာ ဝင်မပြိုင်တာ ကောင်းပါတယ်” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်လျှင် ရှားရှင်းယွန်က သူ့ကို မကျေမနပ်ကြည့်သည်။
ကျင့်ကြံခြင်းကမ္ဘာမှာ တိုက်ပွဲကို ရှောင်တိမ်းတဲ့လူဆိုတာ ရှိလို့လား…
အင်ပါယာရှားဘုံမှ သူမ၏ ဂုဏ်သတင်းက မျိုးရိုးနောက်ခံ အပေါ်၌ အခြေခံထားခြင်း မဟုတ်ပေ။
“သွားစို့” ရီဖူရှင်းက တော်ဝင်အကြံပေးနှင့် ရန်ယွင်တို့ဘက်ကို ဖျတ်ခနဲ ကြည့်၍ ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက် သွားတော့သည်။
သူ ဒီကို လာခဲ့သည့် အဓိကရည်ရွယ်ချက်မှာ တော်ဝင် အကြံပေးနှင့်အဖွဲ့ကို မြင်တွေ့လို၍ ဖြစ်သည်။
သူတို့ နှစ်ဖက်မှ စစ်ပွဲသည် ဤနေရာတွင် ဖြစ်ပွားလိမ့်မည် မဟုတ်ပေ။
သွေးနဂါးမြို့တော်သည် သွေးနဂါးအင်ပါယာ၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင် ရှိသည့် တစ်ခုတည်းသောမြို့ ဖြစ်ကာ သည်နေရာတွင် မည်သူကမှ စစ်ပွဲကို မစတင်ရဲကြပေ။ ထို့ကြောင့် တိုက်ပွဲသည် မြို့၏ အပြင်ဘက် တစ်နေရာရာ၌ စတင်မည် ဖြစ်၏။
နောက်ခုနစ်ရက်အကြာ၌ တိုက်ပွဲတစ်ခု ရှိသောကြောင့် ရီဖူရှင်း ပြန်သွားပြီးနောက်တွင် နှစ်ဖက်လုံးက ငြိမ်းငြိမ်းချမ်းချမ်းပင် ကျန်ရှိနေခဲ့သည်။
ထိပ်တိုက် ရင်ဆိုင်ခြင်းက ဒေသနန်းတော်တွင် ကျင်းပမည့်တိုက်ပွဲ၌ ဖြစ်ပွားလိမ့်မည်။
ပြိုင်ပွဲ ဆယ်ခု၌ နိုးထနဂါးတံဆိပ် ရရှိခဲ့သည့် မည်သူမဆို တိုက်ပွဲတွင် ပါဝင်နိုင်ပြီး ဆန္ဒမရှိပါက မပါဝင်ဘဲလည်း နေနိုင်သည်။
ထိုတိုက်ပွဲတွင် သတ်ဖြတ်ခြင်းကို ခွင့်မပြုသဖြင့် သေဆုံးခြင်း ရှိမည် မဟုတ်သောကြောင့် လူတိုင်းက ပါဝင်လိုပေသည်။
များလှစွာသော ထိပ်တန်းပါရမီရှင်များ အိပ်မောကျနဂါးပြိုင်ပွဲတွင် ပါဝင်ကြခြင်းမှာ သွေးနဂါးစစ်တပ်ကို ဝင်ရန်နှင့် ထိပ်တန်းပြိုင်ဘက် အချင်းချင်း သိုင်းပညာဖလှယ်ကြရန် ဖြစ်သည်။ အဆုံးမှာတော့ သူတို့သည်လည်း ဒေသနန်းတော်ကို ဝင်ရန် အခွင့်အရေး ရလိုကြသည်။
သို့သော်လည်း ထိုသို့ဖြစ်ရန်က ခက်ခဲလွန်းလှသည်။
အိပ်မောကျနဂါးပြိုင်ပွဲ ဆယ်ကြိမ်ကျင်းပခဲ့သည့် အနိုင်ရရှိသူများထဲမှ အခြားလူများထက် သာလွန်ထူးကဲသည့် ပြိုင်ဘက်ကင်းသူ တစ်ယောက်သာလျှင် ဒေသနန်းတော်သို့ ကျင့်ကြံရန် ဝင်ခွင့်ရမည် ဖြစ်သည်။
သွေးနဂါးမြို့တော်တွင် သွေးနဂါးမြစ် ရှိသည်။ ထိုမြစ်သည် မီးတောက် ချော်ရည်များကဲ့သို့ ဆူပွက်နေသော မြစ်ဖြစ်သည်။ မဟာလမ်းစဉ်၏ မီးတောက်များက မြစ်အတွင်းတွင် စီးဆင်းနေသည်။
ဒေသနန်းတော်သည် သွေးနဂါးမြစ်ပေါ်တွင် တည်ရှိသည်။
ခမ်းနားသည့် ဒေသနန်းတော် အနီးမှ ကောင်းကင်သည် သွေးနီရောင်လွှမ်းနေပြီး မီးတောက်မီးလျှံများသည် ကောင်းကင်တစ်ခုလုံးကို တစ်နေ့လုံး တောက်ပနေတတ်သည်။ ဒေသနန်းတော် တစ်ခုလုံးကို မဟာလမ်းစဉ်၏ အသိများက လွှမ်းခြုံထား၏။ လမ်းစဉ်၏ အသိများသည် နေရာတိုင်းတွင် ရှိနေပြီး ကွဲပြားမှုကို အချိန်မရွေး ခံစားနိုင်သည်။
လူအချို့ပြောကြသည်က ဒေသနန်းတော်၏ အောက်ခြေ၌ ရန်ဟောင်တစ်ပါး၏ ကြီးမြတ်သော ရတနာရှိပြီး ထိုရတနာကြောင့်ပင် အံ့သြဖွယ်မြင်ကွင်းအား ဖြစ်ပေါ်စေခြင်း ဖြစ်သည်။
လူအချို့ ပြောကြသည်မှာကတော့ ဒေသနန်းတော် တစ်ခုလုံးကိုက ရှားပါးလှသည့် ရတနာဖြစ်ပြီး ရန်ဟောင်တစ်ပါးက ကောင်းကင်နှင့် မြေကြီး၏ မဟာလမ်းစဉ် အသိများကို စုစည်း၍ စွမ်းအားများကို သိမ်းဆည်းခဲ့သည် ဟူ၍ ဖြစ်သည်။
ထိုအချိန်၌ သွေးနဂါးမြစ်ထဲမှ ဒေသနန်းတော်ပေါ်၌ လူရိပ်တစ်ခုက ရပ်လျက်ရှိနေပြီး သူ့အကြည့်များက သွေးနဂါးမြစ်၏ ဆန့်ကျင်ဘက် အရပ်မျက်နှာဆီ ဦးတည်ငေးမောနေသည်။
ထိုလူများသည် ထူးကဲသာလွန်သည့် အရှိန်အဝါရှိပြီး ပြိုင်ဘက်ကင်း လှပမှုများဖြင့် ပြည့်နှက်နေသည်။ အချို့က ရန်ဟောင်တစ်ပါး၏ အသရေဖြင့် ဖုံးလွှမ်းထားစဉ်တွင် အချို့မှာ မဟာလမ်းစဉ်ဖြင့် ဝန်းရံထားခြင်းကို ခံရသည်။ ဒေသနန်းတော်၌ ကျင့်ကြံသည့်အခါတွင် အချိန်တိုင်း မဟာလမ်းစဉ်၏ အသိများ လောင်ကျွမ်းမှုမှ ဆန့်ကျင်ကာကွယ်ရန် စွမ်းအားများကို ထုတ်လွှတ်ထားရသည်။
ထို့ကြောင့်ပင် ထိုလူများ၏ စွမ်းအားများကို ရှင်းလင်းပြတ်သားစွာ ခံစားနိုင်ခြင်း ဖြစ်သည်။
ဒေသနန်းတော်တွင် ကျင့်ကြံနေသူများမှာ သွေးနဂါးဘုံရှိ ရန်ဟောင်ဘုံများမှ လာကြခြင်းဖြစ်ပြီး အချို့မှာ တော်ဝင်မိသားစုမှ ဖြစ်ကာ အချို့မှာ ထိပ်တန်းပုဂ္ဂိုလ်များမှ ကျင့်ကြံရန် စေလွှတ်လိုက်သည့် မျိုးဆက်များဖြစ်ကြသည်။
ဒေသနန်းတော်သည် သွေးနဂါးဘုံတွင် ကျင့်ကြံခြင်း၌ အကောင်းဆုံး နေရာဖြစ်သည်ဟု ကျော်ကြားပေသည်။
***