တစ်ယောက်ယောက်က စည်းကျော်လာခဲ့ပြီ
Vol. 10 Ch. 132
ရှောင်ဇီ ၏ဖခင်က သတိပြန်ရလာပုံရပြီး၊ သူသည် စဥ်းစားတွေးခေါ် နိုင်လာပုံရသည်။
သို့သော် သူ့ဘေးတွင်ရပ်နေသော ရှောင်ဇီ ကတော့ ထိတ်လန့်မှုတွေ အပြည့်နှင့်ပင်
အဲ့ဒီချိန်မှာတော့ သူမရဲ့လက်က ဘောင်းဘီအိတ်ကပ်ထဲကို ရောက်သွားပြီး တစ်ခုခုကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။
ကျန်းရီက သူမရဲ့ လှုပ်ရှားမှုတွေကို သတိပြုမိပြီးတော့ "ရှောင်ဇီ မင်းဘာလုပ်နေတာလဲ?"
"............"
"မင်းအိတ်ကပ်ထဲက ဘာလဲ?"
ကျန်းရီ က ထပ်မေးလိုက်တော့ ရှောင်ဇီက သူ့လက်ကို အိတ်ကပ်ထဲမှ ဖြည်းညှင်းစွာ ထုတ်လိုက်သည်။
ထိုအချိန်တွင် သူမသည် လက်ထဲတွင် အနီရောင်စကတ်နှင့် အဝါနုရောင်ရှိသော ၀တ်စုံဖြင့် လက်ဖဝါးအရွယ် အ၀တ်ဖြင့်လုပ်ထားသော အရုပ်ကို ကိုင်ထားခဲ့သည်။ သူမရဲ့ နှုတ်ခမ်းတွေကလည်း သွေးနီရောင် သန်းနေခဲ့သည်။
"ရှောင်ဇီ မင်း...မင်းမှာ ဒီအရုပ် ဘယ်လိုရှိနေတာလဲ?"
"အဖေ့ရဲ့ မတော်တဆမှုပြီးတော့ တစ်နေ့မှာ အဖေ့ကိုစောင့်ကြည့်ရတာ ပင်ပန်းတဲ့အတွက် အနားယူဖို့ ပြန်လာခဲ့တယ်။ အိပ်ရာက နိုးလာတဲ့အခါမှာ သမီး အိပ်ယာဘေးမှာ ဒီအရုပ်ရှိနေခဲ့တယ်၊ သမီးအမြဲတွေးခဲ့တာက... အမေက သမီးကို ပေးခဲ့တာလို့ပဲ၊ အဖေ သူတို့က တစ်ခုတည်းလား။"
"ဒါက အဲ့ဒီအရုပ်ပဲ! ငါသူမကို တစ်ကြိမ်တွေ့ပြီးနောက်မှာ သေဖို့ အကြောင်းကိုပဲ တွေးနေခဲ့တယ်။
စိတ်အေးအေးထားဖို့ တွေးလိုက်တိုင်းမှာ ငါ့စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိတယ် ဘာလဲဆိုတော့ ငါ့လို အရှုံးသမားက ဘာလို့ အသက်ဆက်ရှင်နေသေးတာလဲ?။
ဟုတ်တယ်…အဲဒီတုန်းက စိတ်ဓာတ်တွေ ကျနေခဲ့တာကို ဝန်ခံတယ်၊ ဒါပေမယ့် ကိုယ့်ကိုယ်ကို သတ်သေပြီး အဆုံးသတ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ ငါတကယ်ကို သေဖို့ကို မတွေးဖူးဘူး၊ ဒါပေမယ့် ဒီအရုပ်ကိုတွေ့ပြီးနောက်မှာ ပြတင်းပေါက်ဆီကို ခြေလှမ်းပြီး ဦးတည်ခဲ့တယ်။
ပြီးတော့ ငါ အထပ်မြင့် အဆောက်အဦးကနေ ခုန်ချခဲ့တယ်။"
" ဘယ်သူမှ မသိခဲ့တာက ငါ အဆောက်အဦးပေါ်ကနေ ခုန်ချလိုက်တဲ့ အချိန်မှာ အဆောက်အဦထိပ်မှာ ခပ်တိုတိုပုံစံနဲ့ ရပ်နေတဲ့ အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရတယ်။ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရရင်တောင် သူ့အဝတ်အစားတွေကို ငါ ရှင်းရှင်းလင်းလင်း မှတ်မိနေတယ်!"
ရှောင်ဇီ နဲ့ သူ့အဖေပြောတာတွေကို နားထောင်ရင်း ကျန်းရီ ရဲ့ မျက်လုံးတွေက အရုပ်ပေါ်ကို ရောက်သွားခဲ့တယ်။
"ရှောင်ဇီရေ အရုပ်ကို ကိုင်ပြီးတော့ ငါ့ကို အနီးကပ် သေချာပြပါအုံး"
ရှောင်ဇီ က ခေါင်းညိတ်ပြပြီးတော့ အရုပ်ကို ကင်မရာနားသို့ ကပ်ပြီး ပြလိုက်သည်။ ကျန်းရီက ထပ်ခါတလဲလဲ ကြည့်ပြီးတဲ့ နောက်မှာတော့ “သူမကို မီးရှို့လိုက် ” လို့ပြောလိုက်သည်။
“အမ်? အိုး.........ကောင်းပါပြီ။”
“မင်းရှေ့မှာပဲ မီးရှို့လိုက်။”
ကျန်းရီ ၏အမူအရာမှာ လေးနက်လာပြီး ရှောင်ဇီ သည် မီးခြစ်ငှားရန် အခြားအခန်းတွေ ဆီသို့ အမြန်သွားခဲ့သည်။ အခန်းထဲတွင် အ၀တ်စုတ်အရုပ်ကို မီးရှို့လိုက်သောအခါ အခန်းတစ်ခန်းလုံး တီးတိုး ညည်းညူသံများကို ကြားနေခဲ့ရသည်။
ထို တီးတိုး အသံသည် သီချင်းဆိုနေတဲ့ အသံ မဟုတ်ပေ။ အဲ့ဒါက ကဗျာရွတ်ဆိုနေ သကဲ့သို့ အသံဖြစ်သည်။
ရှောင်ဇီ ၏ဖခင်သည် ထိုအသံကို ကြားသောအခါ၊ “ဒါက အဲ့ဒီအသံပဲ…
နားထောင်ကြည့်လိုက်...
ဒီအသံက အစပိုင်းမှာ ဘာမှမဟုတ်ပေမယ့် မင်း ပိုနားထောင်လေ မင်း ပိုပြီး ထိတ်လန့်လာလေပဲ။
အဲ့ဒါက ကျိန်စာတစ်ခုလိုပါပဲ၊ တဖြည်းဖြည်းနဲ့ မင်း အဆိုးတွေ မြင်လာမယ်။ တဖြည်းဖြည်းနဲ့ ငါ့နားထဲမှာ တိုးတိုးလေး တီးတိုးပြောနေတဲ့ သူတစ်ယောက်ရှိနေသလိုပဲ မင်းက အဖြစ်မရှိတဲ့ အရှုံးသမားပဲ၊ မင်းဘာလို့ အသက်ဆက်ရှင်နေတာလဲ? ”
“သေလိုက်၊ ဒီကမ္ဘာမှာ မင်းနဲ့ တန်တာ ဘာတစ်ခု ရှိသေးလို့လဲ? မင်းကိုမင်း တန်ဖိုးရှိသေးလားလို့ မေးကြည့်ဖူးလား? မင်းရဲ့မိဘတွေကို မင်း ဘယ်လောက် ဂရုစိုက်ပြီးပြီလဲ၊ မင်းရဲ့ ဇနီးနဲ့ သားသမီးတွေက မင်းကို ဂုဏ်ယူနေလား။ မင်းအခက်အခဲတွေနဲ့ ကြုံလာရတဲ့အခါ မင်းနဲ့ တစ်သက်လုံး ခင်မင်ရင်းနှီးခဲ့တယ်လို့ မင်းထင်ခဲ့တဲ့ သူတွေက မင်းကို အကူအညီပေးဖူးလား ”
“မဟုတ်ဘူး၊ မင်းက ဒီကမ္ဘာထဲမှာ အထီးကျန်စွာနဲ့ တစ်ယောက်ထဲပဲ၊ မင်းနိုးလာတဲ့အခါ မင်းက ညနေအထိကို အိပ်ပျော်နေခဲ့သလိုပဲ။ အပြင်က ကောင်းကင်က မီးခိုးရောင်။ မင်းကိုမင်း စိတ်ရှုပ်နေတယ်လို့ ထင်နေတာ မဟုတ်လား မဟုတ်ဘူး... အခုက အရေးကြီးဆုံး အချိန်ပဲ၊ မင်းရဲ့ ဘဝ အစစ်အမှန်ပဲ ဘာလို့လဲဆိုတော့ တစ်ကမ္ဘာလုံးက မင်းကို စွန့်ပစ်ထားတယ်ဆိုတာ မင်းသိလိုက်ရလို့ပဲ !”
“တော်လောက်ပြီ!!”
ရှောင်ဇီ ၏ဖခင်က သူ့ကို ပူးကပ်နေသလိုမျိုး တိတ်တဆိတ် လိုက်ပြောနေတဲ့အချိန်မှာ ကျန်းရီ ၏ အသံသည် အဲ့ဒီအခိုက်တန့်တွင် တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲသို့ မိုးခြိမ်းသံကဲ့သို့ ပဲ့တင် ထပ်လာခဲ့သည်။
ရှောင်ဇီ ၏ဖခင်က အဲ့ဒီ တီးတိုး သံနှင့် အတူ လိုက်ပါရွတ်ဆိုနေသောအခါတွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
ဟာသလုပ်ရတာကို ကြိုက်တဲ့ ပရိသတ်တွေတောင် ထူးထူးခြားခြား တိတ်ဆိတ်နေပြီးတော့ မကောင်းတာတွေ တွေးလာခဲ့သည်။ ရှောင်ဇီ ရဲ့ အဖေပြောခဲ့သလိုပါပဲ။
ညနေခင်းရဲ့ မီးခိုးရောင် ကောင်းကင်အောက်မှာ အိပ်ရာက နိုးထလာသလို့ပါပဲ ပြတင်းပေါက်အပြင်ကို စိုက်ကြည့်တော့ ဘာအရောင်မှ မမြင်ရဘူး။
လူတွေက ခွန်အားမရှိနေသလိုပဲ လုံးဝကို မလှုပ်ရှားချင်ခဲ့ကြဘူး။ ရာစုနှစ်တစ်ခုစာ ကုန်သွားသလိုတောင် ခံစားလိုက်ရတယ်၊ သူတို့ရဲ့နှလုံးသားထဲမှာ ဘာနွေးထွေးမှုမှ မရှိဘူးတော့ဘူး။ အေးစက်လွန်းနေတဲ့ အတွက် စိတ်ထဲကနေ ဒီကမ္ဘာမှာ ငါ့ကို ချစ်တဲ့သူတောင် ရှိပါ့မလားလို့ မေးနေမိတယ်။
ဒီလိုခံစားချက်မျိုး ပျံ့နှံ့သွားသည့်ပုံမှာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။ ဒါပေမယ့် ဒီအသံကို ကြားလိုက်သည်နှင့် တစ်ချိန်တည်းမှာပင် ပရိသတ်အားလုံး၏ နှလုံးသားထဲတွင် အဆိုးမြင်စိတ်တွေ ပျံ့နှံ့သွားခဲ့သည်။
ကျန်းရီ ၏ ကျယ်လောင်သော အော်သံကို ကြားလိုက်ရမှသာ စီးမြောနေသည့် ပရိသတ်များရဲ့ ရင်တွင်းထဲ၌ အချက်ပေး ခေါင်းလောင်းသံများ မြည်လာသလို ခံစားလိုက်ရသည်။
ကြည့်ရှု့သူ A- " ဘာလားဟ?? အခုအချိန်မှာ ငါတကယ်ကြီးကို အသက်မရှင်ချင်တော့တဲ့ အတွေးတွေ ဝင်လာတယ်ဟ !"
ကြည့်ရှု့သူ B- " ငါရောပဲဟ! ငါ တစ်ခါတလေ ညနေစောင်း အိပ်ရာက ထမိတဲ့ ခံစားချက်နဲ့ တူတူပဲဟ ။ ကမ္ဘာကြီးက ငြီးငွေ့စရာကြီး၊ အဆိုးမြင်ပြီး ကိုယ့်ကိုယ်ကို သံသယတွေ ထွက်လာခဲ့တယ် f**k ဒီခံစားချက်ကြီးက တကယ် ကြောက်စရာကြီး "
ကြည့်ရှု့သူ C- "မဟုတ်ဘူး၊ ဒီလို ခံစားချက်မျိုးက အပြင်ကို ပြန့်ပွားလို့မရဘူး၊ ရှိတောင် ရှိမနေသင့်တာ။ လူတွေက အကောင်းမြင်ပြီးတော့ အေးချမ်းတဲ့ ဘဝကိုသာ ဖြတ်သန်းသင့်တာ။ ဘယ်လောက်ပဲ ဒုက္ခတွေ ပြင်းထန်နေပါစေ မင်း အသက်ရှင်နေမှသာ အဲဒါကို ကျော်ဖြတ်ဖို့အတွက် အခွင့်အလမ်း ရှိမှာ။ သေပြီးရင် မင်းမှာ သေတ္တာတစ်လုံးပဲ ရလိမ့်မယ်... မင်းသေရင် အဲဒါက တကယ်ကို ပြီးသွားမှာ။"
နောက်ဆုံးတော့ ပရိသတ်တွေခဗျာ အသက် ပြန်ဝင်လာခဲ့တယ်။ ကျန်းရီ သည် မီးလောင်ထားသော အဝတ်စုတ်အရုပ်ကို ကြည့်ပြီး ရှောင်ဇီ ၏ဖခင်ကို လှမ်းကြည့်လိုက်သည်။
"မစ္စတာ ဇန်း၊ မင်း အခုရော တစ်ခုခုကို ကြားသေးလား"
ကျန်းရီက ခပ်ဆတ်ဆတ် မေးခွန်းတစ်ခု မေးလိုက်သည်။ ရှောင်ဇီ ၏ ဖခင် ခင်ဗျာ အံ့ဩသွားခဲ့သည်။
ဒါပေမယ့် မကြာခင်မှာပဲ သူ့မျက်လုံးတွေက အခန်းအပြင်ဘက်ကို လှမ်းကြည့်လိုက်မိတယ်။ အခန်း အပြင်ဘက်တွင် မျက်နှာများစွာရှိနေပြီး ပြတင်းပေါက်အပြင်ဘက်နဲ့ တံခါးဝတွင်လည်း စည်ကားနေခဲ့သည်။
သူတို့ရဲ့ မျက်နှာတွေပေါ်တွင် အပြုံးတွေ ကိုယ်စီနဲ့ အခန်းထဲကို လှမ်းအော်လိုက်သည်- " ကောင်းကောင်း အသက်ဆက်ရှင်ပါ၊ ငါတို့ ဘယ်လောက်ပဲ အသက်ဆက်ရှင်ချင်ပေမယ့် ငါတို့ အသက် မရှင်နိုင်တော့ဘူးဆိုတာကို မင်းမြင်လား။ ဘဝက အရမ်းတန်ဖိုးရှိတယ်!"
"အပြင်မှာ တစ်ယောက်ယောက်က ငါ့ကို အသက်ဆက်ရှင်ပါလို့ ပြောနေတယ်" ရှောင်ဇီ ၏ ဖခင်က ပြောလိုက်သည်။
ကျန်းရီ၏ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပြီးတော့ "ဟုတ်တယ်၊ ဒီအရုပ်က မင်းဆီ ဘာလို့ရောက်လာတာလဲ မင်းသိလား? မင်းသေဖို့မစဉ်းစားဖူးဘူး လို့ ပြောပေမယ့် မင်းစိတ်ထဲမှာတော့ ဒီလိုမျိုး တစ်ခါမှ မတွေးခဲ့ဖူးဘူးလား?”
“……….”
“မစ္စတာ ဇန်း ၊ ဒီရုပ်ကို ဘယ်မှာတွေ့ခဲ့လဲပဲ ပြောပြပါတော့”
“ချင်းဟီ လို့ ခေါ်တဲ့ ဘားရဲ့ အပြင်ဘက်မှာ အမှိုက်ပုံးတစ်ခုရှိတယ်၊ အဲ့အမှိုက်ပုံးနဲ့ နံရံ ကြားမှာ တွေ့ခဲ့တာ”
“ ရှောင်ဇီ ”
ကျန်းရီ က ထပ်အော်လိုက်သည်။ ရှောင်ဇီ က ကျန်းရီ ကိုကြည့်လိုက်ပြီး “ ကျွန်မ ဒီမှာပါ” လို့ပြောလိုက်သည်။
“မင်းအဖေပြောတဲ့နေရာကိုသွား၊ အမှိုက်ပုံးနားမှာရပ်ပြီး သူ့ကိုရှာရမယ်”
ရှောင်ဇီ သည် မသိစိတ်ကနေ ခေါင်းညိတ်ပြလိုက်သော်လည်း တံခါးအပြင်ဘက်သို့ လှည့်ကြည့်မိလိုက်တဲ့အခါ အထူးသဖြင့် အခန်းရှေ့တွင် ရပ်နေသော ဖရဲသီးဘောလုံးကို ကိုင်ဆောင်ထားသည့် ကလေးတစ်ယောက်ကို မြင်လိုက်တဲ့အခါ သူမ၏အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
“မင်းဘာကိုကြောက်နေတာလဲ။ သူတို့အားလုံးက မင်းရဲ့ ခရီးသည်တွေပဲလေ။ အဲဒီအရုပ်ကြောင့် မင်းနဲ့မင်းအဖေက အရမ်း ထူးခြားနေတယ်။ မင်းဆီမှာ သေခြင်းအငွေ့အသက် တစ်ခုရှိနေတယ်၊ ဒါကြောင့် မင်း သူတို့ကို တွေ့နေရတာပဲ။ သူတို့လည်း မင်းကြောင့်ပဲ မင်းရဲ့ ခန္ဓာကိုယ်ထဲက သေခြင်းအငွေ့အသက်တွေကြောင့် မင်းရဲ့ကားထဲကို ရောက်လာခဲ့တာ”
“သွားတော့ အဲဒီနေရာကို သွားပြီး ကြည့်လိုက်ရအောင်၊ ဘယ်လိုအရာမျိုးက ဒီလောက် ရဲရင့်နေတာလဲဆိုတာ”
ကျန်းရီက ပြုံးပြလိုက်သော်လည်း တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းမှ ပရိသတ်တွေက “စတွင်မာ ဒီကိစ္စကို တမင်လိုက်ဖြန့်နေတဲ့ နောက်ကွယ်က သူရှိနေတာလား” ဟု မေးနေခဲ့သည်။
ကြည့်ရှု့သူ A- “ ဖြစ်နိုင်တယ်၊ အခု ရွတ်ဆိုနေတဲ့ အသံမှာ ဘာတစ္ဆေတစ်ကောင်မှကို မတွေ့ရဘူး။ ဒါက လူတွေရဲ့ နှလုံးသားကို အမှောင်ထဲ ကျသွားစေတဲ့ ကျိန်စာတစ်ခုနဲ့ တူတယ်။ စတွင်မာကလည်း ဒီလို စကားမျိုးတွေ ထပ်ပြောတယ်ဆိုတော့။ ဖြစ်နိုင်တာက အပြင်ကို ဒုက္ခပေးချင်တဲ့ သတ္တိတွေ ကောင်းနေတဲ့ သရဲတစ်ကောင်ကောင်များ ရှိနေတာလား?”
ကျန်းရီ က တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲက စကားလုံးတွေကို တစ်ချက်ကြည့်လိုက်ပြီး “ဟုတ်တယ်၊ တစ်ယောက်ယောက်က စည်းကျော်လာပြီ!”