← Chapters

အခန်း (၆၀၃)

Vol. 41 Ch. 603

အခန်း (၆၀၃)

Vol. 41 Ch. 603

ကျန်းကျိဝေက မသေမချာ အမူအယာနှင့် မျက်မှောင်ကြုတ်လိုက်မိသည်။

"ကျွန်မတို့က ဒီကိစ္စမှာ သူ့ရဲ့ကိုယ်စား ဆုံးဖြတ်ပေးလို့မရမှာ စိုးရတယ်…"

တာအိုသခင်အိုကြီးက ရယ်လိုက်ပြီး သူတို့ကို စိတ်ထဲမှတစ်ဆင့် ပြောလိုက်၏။ "စိတ်မပူပါနဲ့ ဒကာမလေးတို့ ...

ငါက သူ့ဆီကို သတင်းစကားတစ်ခု ပါးပေးဖို့ပဲ အကူအညီတောင်းမှာပါ။ ဒီကိစ္စကို သခင်လေးစုကိုယ်တိုင် ဆုံးဖြတ်လို့ရပါတယ်။ ရွှေအလင်းတန်းလိုဏ်ဂူက အကူအညီတွေ ရောက်လာဖို့ အနည်းဆုံး(၂)ရက်လောက် အချိန်ပေးရဦးမယ်..။ ငါတို့မှာ အချိန်လုံလောက်ပါတယ်…"

"သူက တော်တော်များများကို သိနေတာပဲ…"

ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့၏ ခေါင်းထဲတွင် အတွေးများ ပေါ်လာခဲ့သည်။

တျန်းကွေကလည်း အလားတူ အံ့ဩနေခဲ့၏။ ထိုတာအိုသခင်က အစောပိုင်းတွင် သူ၏ကံကြမ္မာကို ပြောပြနေရင်း သူ့ကို သတိပေးခဲ့သည်။ ထိုတာအိုသခင်က သူ့ကို ရည်ရွယ်ချက်ရှိရှိ သတိပေးခဲ့ခြင်း ဖြစ်၏။

"သူက ဘာလုပ်ချင်နေတာလဲ ... "

သူတို့(၃)ယောက်က အံ့ဩမှင်တက်နေကြသည့်အချိန်တွင် တာအိုသခင်အိုကြီးက ဆက်၍ ပြောလိုက်သည်။

"သခင်လေးစုဆီက ငါတောင်းဆိုမယ့် အကူအညီက ရိုးရှင်းပြီး လွယ်ကူပါတယ်။ ဒီပစ္စည်းကို သူ့ဆီကို ယူသွားပေးပါ။ သူက ဒါကိုမြင်လိုက်တာနဲ့ ငါ့ကိုကူညီပေးဖို့ သဘောတူမယ်လို့ယုံတယ်…"

ချက်ချင်းဆိုသလိုပင် တျန်းကွေ၏လက်ထဲ၌ ပိုးသားအိတ်ငယ်လေးတစ်ခု ပေါ်လာခဲ့သည်။ ထိုအိတ်ငယ်လေးက ပေါ့ပါးပြီး သူ့လက်ထဲတွင် အလေးချိန်မရှိသလို ထင်မှတ်ရ၏။ အတွင်းထဲတွင် ပါဝင်နေသောပစ္စည်းက ထူးဆန်းပြီး မည်သည့်အငွေ့အသက်မျှ ပါဝင်နေခဲ့ခြင်း မရှိချေ။

ထိခိုက်မှုမရှိနိုင်သည့် တောင်းဆိုမှုကို စဉ်းစားမိသည့်အခါ ကျန်းကျိဝေနှင့်ရွမ်ယုရှုတို့ (၂)ယောက်လုံးက ထိုပိုးသားအိတ်လေးကိုကြည့်ပြီး တာအိုသခင်အိုကြီး၏ တောင်းဆိုမှုကို သဘောတူလိုက်ကြသည်။ ထိုသတင်းစကားကိုလည်း တျန်းကွေကသာ ပို့ဆောင်ပေးရမည်ဖြစ်၏။

လက်ရှိအချိန်တွင် ရန်သူများက သူတို့ကို စောင့်ကြည့်နေသည့် အခြေအနေ ဖြစ်နေသည့်အတွက် ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့က အကျဉ်းထောင်ထဲမှ အလွယ်တကူ ထွက်ပြေးနိုင်သော်လည်း အကျဉ်းထောင်၏ အပေါ်ဘက်တွင် စောင့်ကြည့်နေသည့် သိုင်းသခင်၏မျက်လုံးမှ ရှောင်ကွင်းသွားရန် ခက်ခဲသည်။ သူတို့က မသေချာသည့်အရာကို စွန့်စားလိုခြင်း မရှိချေ။

…………

တျန်းမိသားစု စံအိမ်ထဲတွင် ရှိနေသော စာကြည့်ခန်းလေးထဲတွင်…

မုန့်ချီ၊ ချီကျန်းရန်နှင့် ကျိုးဟမ်တို့က တရားရေးအမတ်ကြီး၏ နေအိမ်ထဲတွင် ရှိနေသော်လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နေကြရသည်။ စာကြည့်ခန်းထဲတွင် ရှိနေသော ခံစားချက်က အထက်တန်းလွှာ မိသားစုဝင်များ၏ အိမ်ဂေဟာများကဲ့သို့ စိုးရိမ်ထိတ်လန့်မှုများ ပေးနိုင်သည်။

ရှန့်ယင်မြို့ထဲတွင်လည်း ရဲမက်များ ကင်းလှည့်နေကြသေးသည်။ ထို့ကြောင့် သူတို့က မြို့ထဲကိုပြန်ဝင်လာပြီး တျန်းကွေ၏အကူအညီနှင့် တျန်းမိသားစု စံအိမ်ထဲကို ရောက်လာခဲ့ခြင်းဖြစ်သည်။ တျန်းကွေက သူတို့ကို စာကြည့်ခန်းထဲတွင် ဖုံးကွယ်ပေးထားပြီး သူ့လုပ်ရပ်များကို သူ့အဖေ သတိမထားမိအောင် ကြိုးစားနေခဲ့၏။

အကျဉ်းထောင်ထဲမှ ပြန်လာသည့်အချိန်တွင် သူက ကင်းလှည့်နေရင်း စာကြည့်ခန်းထဲသို့ ခိုးဝင်လာခဲ့သည်။ သူက တာအိုသခင်အိုကြီး၏ စကားကို လျင်မြန်စွာ ပြောပြလိုက်ပြီး မုန့်ချီကို အိတ်ငယ်လေး ပေးလိုက်၏။

"တာအိုသခင်အိုကြီးတစ်ယောက်...ဒါပေမယ့် သူ့ရဲ့အငွေ့အသက်ကို စစ်ဆေးကြည့်လို့ မရဘူးလား…"

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိပြီး တာအုပ်သခင်အိုကြီးနှင့် ပတ်သက်သည့်သဲလွန်စများကို ရှာဖွေကြည့်နေခဲ့သည်။ သူ၏အဆင့်အတန်းနှင့် ပတ်သက်ပြီး ရင်းနှီးသောအရာတစ်ခု ရှိနေခဲ့၏။

ကျိုးဟမ်ကလည်း တာအိုသခင်အိုကြီးနှင့် တျန်းကွေတို့၏ ပထမဆုံးတွေ့ဆုံမှု အကြောင်းကို ပြောပြခဲ့သည်။ တာအိုသခင်အိုကြီးနှင့် ပတ်သက်ပြီး သူတို့(၃)ယောက်က ဆက်လက်ဆွေးနွေးနေကြ၏။ ထိုသို့ဆိုရာတွင် တာအိုသခင်အိုကြီးဆီမှ မကောင်းသည့်အရာများ ခံစားမိခဲ့ခြင်းမရှိချေ။

ရုတ်တရက် သူ၏ထွက်ပေါ်လာမှုက ပို၍ပင် တိတ်ဆိတ်နေခဲ့၏။ သံသရာအရှင်သခင်က စောင့်ကြည့်နေကြောင်း သိနေသည့်အတွက် မုန့်ချီက အိတ်ကလေးကို ဖွင့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် အိတ်ထဲတွင် ရှိနေသည့်အရာက မည်သည့်အရာဖြစ်နေကြောင်း သိသွားခဲ့ပြီး ဘာကြောင့် သူက ရင်းနှီးသလို ခံစားနေရကြောင်း နားလည်သွားခဲ့သည်။

မုန့်ချီက အိတ်လေးကိုစောင်းပြီး ထုတ်လိုက်ရာ ပစ္စည်းက လက်ဖဝါးပေါ်သို့ ကျလာခဲ့၏။ ထိုအရာက လက်ဝါးအရွယ်အစား အနက်ရောင်တံဆိပ်ပြားလေးဖြစ်ပြီး ထိုအပေါ်တွင်တော့ ရွှေရောင်စကားလုံးများနှင့် စာရေးထားသည်။

"ကျောက်စိမ်းပုံရိပ်ယောင်နန်းတော် ...

တကယ့်ကို အစစ်အမှန်ပဲ…"

သူ့ဆီတွင်လည်း တူညီသော ပစ္စည်းတစ်ခုရှိနေကြောင်း မုန့်ချီက မှတ်မိသွားသည်။ ထိုအရာက တခြားမည်သည့်လုပ်ဆောင်ချက်မျှ မရှိသော်လည်း စိတ်ဝိညာဉ်အာရုံခံခြင်းကို တားဆီးနိုင်သော အရာတစ်ခုဖြစ်သည်။

သို့သော် တာအိုသခင်အိုကြီး ပေးလိုက်သောအရာကတော့ အရေးပါမှုအရ လုံးဝကို ကွဲပြားနေခဲ့သည်။ သူကတော့ အင်မော်တယ်အဖွဲ့အစည်းဆီမှ အမွေဆက်ခံထားသော လူတစ်ယောက်သာ ဖြစ်၏။ သူကိုယ်တိုင်က ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်နှင့် အနည်းငယ်လေးပင် ပတ်သက်မှု မရှိသော်လည်း တာအိုသခင်အိုကြီးကတော့ အစစ်အမှန်ဆက်ခံသူ တစ်ယောက်ဖြစ်နိုင်သည်။

"သူက ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်က လက်ကျန်ပညာရှင်တွေရဲ့ ရန်သူတစ်ယောက်များ ဖြစ်နိုင်မလား။ သူက အကူအညီတောင်းခဲ့တယ်ဆိုတော့ ငါ သုံးလိုက်တဲ့ အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကို မှတ်မိနေလို့များလား…"

"ကျောက်စိမ်းပုံရိပ်ယောင် နန်းတော်လား…"

ကျိုးဟမ်၊ချီကျန်းရန်နှင့်တျန်း‌ကွေတို့က တစ်ပြိုင်နက်တည်း ရေရွတ်လိုက်မိကြသည်။

သူတို့အားလုံးက ကောင်းကင်ဘိုးဘေး၏ ဒဏ္ဍာရီကို သိနေကြသည်။ သူက တာအိုပညာရှင်များ၏ ခေါင်းဆောင်ဖြစ်ပြီး တာအိုလမ်းစဉ် ဘိုးဘေး(၉)ယောက်ထဲတွင် အကြီးမြတ်ဆုံးဖြစ်သည်။ သူ၏နာမည်နှင့် ပုံပြင်ဒဏ္ဍာရီများက မုန့်ချီတို့ ဖြတ်သန်းလာခဲ့သော တိုင်းပြည်များ၊ ကမ္ဘာကြီးများထဲတွင် အလွန်နာမည်ကျော်ကြားသည်။

အထူးသဖြင့် လွန်ခဲ့သော နှစ်ပေါင်း(၅၀၀)ခန့်တွင် တိုက်ပွဲများ ဖြစ်ခဲ့သော နတ်ဘုရားကမ္ဘာကြီးထဲတွင်ဖြစ်၏။ ဒဏ္ဍာရီများက ပုံပြင်သက်သက်သာမဟုတ်ဘဲ ဤကမ္ဘာကြီးထဲတွင် အမှန်တကယ် ဖြတ်သန်းလာခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်၏ တံဆိပ်ပြားကို မြင်သည့်အချိန်တွင် သူတို့က အနည်းငယ် အံ့သြသွားကြရုံသာရှိ၏။

တျန်းကွေက သက်ပြင်းချလိုက်မိသည်။

"ကျောက်စိမ်း ပုံရိပ်ယောင်နန်းတော်က လူတွေက အခုအချိန်ထိ ရှိနေဦးမယ်လို့ ဘယ်သူက ထင်ထားမှာလဲ…"

ထိုစကားကိုကြားသည့်အခါ ကျိုးဟမ်နှင့် ချီကျန်းရန်တို့က အချင်းချင်း ကြည့်လိုက်မိကြသည်။ ကျောက်စိမ်း ပုံရိပ်ယောင်နန်းတော်၏ လက်ကျန်ပညာရှင်များ ဟူသည့် စကားလုံးကို မုန့်ချီက ကြားခဲ့ဖူးသည်။

မုန့်ချီကတော့ ထိုကိစ္စကို မသိချင်ယောင်ဆောင်ပြီး မေးလိုက်၏။

"ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်မှာ တခြားလူသိများတဲ့ ဆက်ခံသူတွေ ရှိနေသေးလား…"

"နတ်ဘုရားကမ္ဘာကြီးရဲ့အဆုံးသတ်မှာ ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်ကလည်း ဆုံးရှုံးမှုတွေ အတော်ကြီးကြုံခဲ့ရတယ်။ သူတို့နဲ့ ဆက်နွယ်နေတဲ့ တော်ဝင်မိသားစုတွေကလွဲရင် တိုင်းပြည်အနည်းငယ်က အုပ်ချုပ်သူတွေလောက်ပဲ ရှိတယ်။ ရွှေအင်မော်တယ်(၁၂)ယောက် ဒီကမ္ဘာကြီးထဲကနေ ပျောက်ကွယ်သွားတဲ့အချိန် အင်မော်တယ်(၁၂)ယောက်ထဲမှာ မပါတဲ့ ယွင်ကျုံးကျိကတောင် ပုန်းနေခဲ့တယ်။ ဒါကြောင့် ဒီအဖွဲ့အစည်းက တိတ်ဆိတ်သွားခဲ့တာပဲ…”

“လက်ရှိအချိန်မှာတော့ ထိပ်သီးပညာရှင်(၆)ယောက်ထဲက တစ်ယောက်ကို မွေးထုတ်နိုင်ခဲ့တဲ့ ချီတိုင်းပြည်က အစွမ်းထက်ဆုံး တိုင်းပြည်တွေထဲက တစ်ခုဆိုတဲ့ အဆင့်မျိုး ရှိသလို ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်ရဲ့ ဆက်ခံသူတွေဆိုတဲ့ နာမည်လည်း ရှိတယ်။ ဒီလိုတံဆိပ်ပြားမျိုးက ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်ရဲ့ စွမ်းရည်နဲ့အစွမ်းမျိုးမရှိဘဲ အလွယ်တကူ အတုလုပ်လို့ မရနိုင်ဘူး ... "

"ငါ နားလည်သွားပြီ ..။ ဒါဆိုရင် ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်က သူတို့အုပ်စိုးထားတဲ့ နယ်မြေတွေ၊ တိုင်းပြည်တွေထဲမှာတော့ အကြွင်းအကျန်တွေ ရှိနေသေးတယ်လို့ သက်မှတ်နိုင်တာပေါ့…"

မုန့်ချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။

သူက ထိုတံဆိပ်ပြားလေးကို ကိုင်ကြည့်နေပြီး အတွင်းထဲတွင် ရှိနေသော အငွေ့အသက်များနှင့် ဆက်နွယ်မှုရှိနေသလို ခံစားနေရ၏။ ထိုအရာက သူပိုင်ဆိုင်ထားသော တံဆိပ်ပြားလေးနှင့် သိသိသာသာ ကွဲပြားမှုတစ်ခု ရှိနေသည်။

"တံဆိပ်ပြား(၂)ခုရဲ့ကြားထဲမှာ ကွဲပြားမှုတွေ ရှိနေတာလား…"

မုန့်ချီက စဉ်းစားနေမိခဲ့သည်။

ထိုအရာကို သေချာစစ်ဆေးကြည့်ခြင်းမရှိဘဲ မုန့်ချီက ပြောလိုက်၏။

"မနက်ဖြန်ကျရင် ငါက သူ့ရဲ့တောင်းဆိုမှုကို သဘောတူတယ်လို့ တာအိုသခင်အိုကြီးကို သတင်းပို့လိုက်ပါ…"

သူက ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်မှဖြစ်သည်ဟူသော အချက်ကပင် မုန့်ချီ သဘောတူရန် လုံလောက်သည်။ ထို့ပြင် မိုကျောင်းတော်မှ နောက်လိုက်ပေါင်းများစွာကို ကယ်တင်နိုင်သည့် အခြေအနေလည်း ရှိနေသေး၏။

………..

နောက်တစ်ရက်တွင်တော့ တျန်း‌ကွေက မုန့်ချီ၏ တုံ့ပြန်မှုကို တာအိုသခင်အိုကြီး၊ ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ သိအောင် ပြောပြလိုက်သည်။

တာအိုသခင်အိုကြီးက အလွန်ဝမ်းသာသွားသည့် အမူအရာနှင့် ပြောလိုက်၏။

"ဘယ်လိုလဲ။ ငါပြောတာ မှန်တယ် မဟုတ်လား…"

ထို့နောက် တာအိုသခင်အိုကြီးက ဆက်လက်စနောက်လိုခြင်း မရှိတော့ဘဲ အမူအရာက လေးနက်သွားခဲ့သည်။

"ငါက တိုက်ရိုက်ပတ်သက်ဖို့အတွက် ကန့်သတ်ချက်တချို့ရှိနေတယ်။ ဒါပေမယ့် အပြင်ဘက်မှာ စောင့်ကြည့်နေတဲ့ သိုင်းသခင် သတိမထားမိဘဲ မင်းတို့ထွက်သွားနိုင်အောင် ကူညီပေးနိုင်တယ်။ မင်းတို့က အပြင်ဘက်မှာရှိတဲ့ အစောင့်တွေကို အနိုင်ရဖို့ ယုံကြည်ချက်ရှိလား…"

"ကန့်သတ်ချက်တွေလား ... "

ထိုစကားလုံးများက ကျန်းကျိဝေအတွက်တော့ ထူးဆန်းနေခဲ့သည်။ ကျန်းကျိဝေက တာအိုသခင်အိုကြီးပြောပြသော စကားလုံးများအကြောင်းကို အနည်းနှင့်အများ ကြားဖူး၏။

တျန်းကွေကတော့ အကျဉ်းထောင်ထဲရှိ အခြေအနေကို အလျင်အမြန် ပြောပြလိုက်သည်။

"ပဉ္စမအလွှာနဲ့ ဆဌမအလွှာမှာ ဝေ့ကျင်းအဆင့် အစောင့်(၂)ယောက်ရှိတယ်။ သူတို့(၂)ယောက်လုံးက ဒုတိယကောင်းကင် ဒါမှမဟုတ် တတိယကောင်းကင် ဝေ့ကျင်းအဆင့်တွေပဲ။ တခြားအစောင့်တွေကတော့ တံခါး(၈)ပေါက်၊ တံခါး(၉)ပေါက် အဆင့်ပဲ ရှိသေးတယ်။ သူတို့တွေကို ဆဌမအလွှာရဲ့ ပတ်ပတ်လည်မှာ နေရာချထားတာ ... "

ကျန်းကျိဝေက အချက်အလက်များကို စဉ်းစားနေရင်း ရွမ်ယုရှုကို လှမ်းကြည့်လိုက်သည်။

"ရတယ် ..."

သူမက ပြန်ဖြေလိုက်၏။ အကယ်၍ သူတို့၏ ရန်သူများက ကြောက်စရာကောင်းသော စွမ်းရည် ရှိနေသည့် လျှို့ဝှက်ရတနာများ ပိုင်ဆိုင်ထားမည်ဆိုလျှင် သူတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သေးသည်။ သူမ၏ဓားကတော့ တခြားသူများကို ရင်ဆိုင်တိုက်ခိုက်ရန် လုံလောက်သည်။

နောက်ထပ် ပြဿနာများ မရှိတော့သည့်အတွက် တာအိုသခင်အိုကြီးက ညာဘက်ခြေထောက်ကို အနည်းငယ် ဆောင့်ချလိုက်သည်။ ထိုအချိန်တွင် အကျဉ်းထောင်တစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ရှားလာပြီး အကျဉ်းထောင်ကြီးက သီးခြားလေဟာနယ်တစ်ခုထဲကို ကျရောက်သွားသည့်အလား တိတ်ဆိတ်သွားခဲ့၏။

ကျန်းကျိဝေက အစောပိုင်းတွင် သိမ်းဆည်းထားခဲ့သော လေဟာနယ်လက်စွပ်ကို ထုတ်လိုက်သည်။ သူမ၏နေဖောက်သက်တန့်ဓားကိုလည်း ဆွဲထုတ်လိုက်၏။ သူမက အနည်းငယ် အားစိုက်လိုက်ရာ ခြေထောက်နှင့် လက်ကို ချုပ်နှောင်ထားသော သံခြေကျင်းများက အပိုင်းပိုင်းအစစ ပျက်စီးသွားခဲ့သည်။

သူမ၏ဓားဆီမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် ရွမ်ယုရှု၏ လက်နှင့်ခြေထောက်တွင် ရှိနေသော သံကြိုးများက ပြုတ်ကျသွားခဲ့၏။ သူတို့က အကျဉ်းခန်းထဲမှ ထွက်လာခဲ့ကြသည်။

တခြားသော အကျဉ်းသားများကတော့ မျက်စိရှေ့တွင် မြင်နေရသော အဖြစ်အပျက်များကို ယုံကြည်ပေးရန် ခက်ခဲနေကြသည်။ သူတို့က အလွန်အံ့ဩနေသည့် အမူအရာနှင့် ကြည့်နေကြပြီး ကျန်းကျိဝေက တျန်းကွေကို သတိလစ်အောင် တိုက်ခိုက်၍ သူ့ကို ထောင့်တစ်နေရာတွင် မှီထားခဲ့ကြောင်း မြင်လိုက်ရ၏။

"ငါတို့ ဒီနေရာကနေ မထွက်ရသေးခင် မဆင်မခြင် မလှုပ်ရှားနဲ့။ ငါ့ရဲ့အမိန့်ကို ဆန့်ကျင်တဲ့သူတိုင်းက ဒီလိုရလဒ်မျိုးဘဲ ရလိမ့်မယ်…"

သံခြေကျင်းများ ပွတ်တိုက်သံမကြားရသလို မြေပြင်ပေါ်တွင် ရှိနေသော သံကြိုးများက ရုတ်တရက် ပြတ်တောက်သွားခဲ့သည်။ ထိုအချိန်တွင် ဓားအရိပ်များက အလွန်လျင်မြန်လွန်းလှသည့်အတွက် မျက်စိနှင့်မြင်ရန် ကြားရန်ပင် ခက်ခဲလှသည်။ ကျန်းကျိဝေ၏ ဓားသွားဆီမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ စွမ်းအားများကြောင့် အကျဉ်းသားများအားလုံးက ကြောက်လန့်သွားကြပြီး ခြေလက်များ မခိုင်တော့သလို ဖြစ်သွားကြ၏။

ကျန်းကျိဝေက ရှေ့သို့ လျှောက်သွားခဲ့ပြီး ဒုတိယထပ်တွင် ရှိနေသော အကျဉ်းခန်း၏ တံခါးဆီကို ဦးတည်သွားခဲ့သည်။ သူမ၏ဓားကို ဝှေ့ယမ်းလိုက်သည့် အချိန်တွင် ဧရာမတံခါးကြီးများက ပွင့်သွားခဲ့၏။ သူမက ရပ်တန့်နေခြင်း မရှိခဲ့ပေ။ သူမက လျှပ်စီးကြောင်းသဖွယ် အရှိန်မျိုးနှင့် တွေ့သမျှ ရန်သူတိုင်းကို ရှင်းပစ်နေခဲ့၏။ အစောင့်များက မြေပေါ်တွင် သတိလစ်လဲကျနေကြသည်။

ကျန်းကျိဝေ၏ တိုက်ခိုက်မှုက သူတို့၏ပင်မသွေးကြောများကို တိုက်ရိုက် တိုက်ခိုက်နိုင်ခဲ့သည်။ သူတို့၏ခြေသံများက တိတ်တဆိတ် ထွက်ပေါ်လာနေပြီး ကျန်းကျိဝေကတော့ အကျဉ်းခန်းထဲရှိ အကာအကွယ်များကို အေးအေးဆေးဆေး ဖျက်ဆီးပစ်နေခဲ့သည်။

လက်ရှိအဆင့်တွင်တော့ သူတို့က ပဉ္စမအလွှာ၏ ဝင်ပေါက်ကို ရောက်လာခဲ့၏။ လေထဲတွင် ဓားတစ်လက်ကို ဝှေ့ယမ်းလိုက်သည့်အချိန်တွင် လေထဲ၌ သက်တန့်ကြီးတစ်ခုကဲ့သို့ ပေါ်လာခဲ့သည်။ ထိုဓားက မှော်အင်းကွက်များ ရေးဆွဲထားသော သတ္ထုတံခါးကြီးကို ဖြတ်တောက်လိုက်သည်။

တိုက်ခိုက်မှု၏အစွမ်းက အလွန်ကြီးမားလှသည့်အတွက် အကာအကွယ်ဝင်္ကပါတစ်ခု ရှိနေသော တံခါးကြီးက တစ်ချက်တည်းနှင့် အက်ကွဲသွားခဲ့သည်။ တံခါး၏ တခြားတစ်ဖက်တွင် အစောင့်ဖြစ်သော ဝေ့ကျင်းအဆင့် ပညာရှင်က အပြင်ဘက်မှ ရုတ်တရက် ရောက်လာသောအသံကြောင့် အံ့သြသွားခဲ့သည်။

သူ၏လက်တစ်ဖက်က ဓားကို လျင်မြန်စွာ ကိုင်လိုက်ပြီး တခြားလက်တစ်ဖက်က လျှို့ဝှက်ရတနာတစ်ခုကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

ထိုအချိန်တွင် လေထဲ၌ ကောင်းကင်(၉)သွယ်မှ ငှက်တစ်ကောင်၏ တေးသံကဲ့သို့ ဂီတသံတစ်ခုကို ကြားလိုက်ရသည်။ ရွမ်ယုရှု၏ လက်(၂)ဖက်က အိပ်တန်းတက် ဇာမဏီဗျပ်စောင်းကို လျင်မြန်စွာ တီးခတ်နေခဲ့၏။

သူမ၏နောက်တွင်တော့ ကောင်းကျိုး(၅)ဖြာ အတောင်ပံများ ပေါက်နေသော ဇာမဏီငှက်တစ်ကောင် ပုံရိပ်ယောင်ခန္ဓာ ရှိသည်။ ထိုအရာက ကောင်းကင်ပေါ်သို့ ပျံသန်းသွားခဲ့ပြီး သူ၏ပတ်ပတ်လည်တွင် လှည့်ပတ်၍ သူ၏ပင်မဝိညာဉ်ကို တိုက်ခိုက်လိုက်သည်။

အစောင့်က ယာယီမှင်တက်သွားခဲ့သည်။ ရွမ်ယုရှု၏ ဂီတစွမ်းအားက သူ့ကို တစ်ကိုယ်လုံး ထုံကျင်သွားစေခဲ့သည်။ ထိုအချိန်တွင် အနန္တဓားသိုင်း၏ တိုက်ခိုက်မှုက အခွင့်အရေးကို လက်လွှတ်မခံဘဲ ရောက်လာခဲ့သည်။ ဓားချက်က ပြင်းပြင်းထန်ထန် တောက်ပသွားခဲ့၏။

ဓားချက်က လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့ပြီး အစောင့်က ဒဏ်ရာမရှိဘဲ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ နဖူးပေါ်တွင်တော့ ဒဏ်ရာပါးပါးလေးတစ်ခုသာ ကျန်နေခဲ့သည်။ အစောင့်၏ပုံစံက အေးချမ်းနေသလို အမူအယာမျိုး ဖြစ်နေပြီး ကျန်းကျိဝေ၏ ဓားချက်ကြောင့် ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအားများ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။

မည်သည့်အရာကိုမျှယူဆောင်ရန် ရပ်တန့်နေခဲ့ခြင်း မရှိဘဲ ကျန်းကျိဝေက ဆဌမအလွှာ၏ ဝင်ပေါက်သို့ ရောက်လာခဲ့သည်။ တံခါး၏ တခြားတစ်ဖက်တွင် ရှိနေသော ဝေ့ကျင်းအဆင့် အစောင့်က တစ်စုံတစ်ခု လွဲမှားနေကြောင်း ခံစားမိခဲ့သည်။ သူက တခဏအတွင်း ဝင်္ကပါကို အသက်သွင်းရန်အတွက် ပြေးထွက်လာခဲ့၏။

သို့သော် ကျန်းကျိဝေကတော့ ဆဌမအလွှာ၏ ဝင်ပေါက်ကို ရောက်နေခဲ့သည်။ ကျန်းကျိဝေက သူမ၏ဓားကို ဝှေ့ယမ်းတိုက်ခိုက်လိုက်ရာ ရန်သူက သူမ၏တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။

တံခါး(၉)ပေါက်အဆင့်ကိုပင် မရောက်သေးသော မိုကျောင်းတော်မှ နောက်လိုက်များကတော့ သူတို့၏နောက်မှ ကပ်လိုက်လာသည့်အတွက် ဓားအလင်းတန်းတစ်ခုကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ကျန်းကျိဝေ၏ ဓားချက်အရှိန်ကြောင့် အစောင့်၏ လှုပ်ရှားမှုများက ရှုပ်ထွေးသွားသလို ခံစားလိုက်ရသည်။ သူမ၏ဓားချက်များက တဖြည်းဖြည်း ပို၍လျင်မြန်လာပြီး အကာအကွယ်မဲ့နေသော သူ့ဆီကို ဆက်တိုက် ရောက်လာခဲ့သည်။

ကျန်းကျိဝေ၏တိုက်ခိုက်မှုက ဆက်လက် ထွက်ပေါ်လာနေခဲ့၏။ ဝင်္ကပါကပင် သူမ၏ တိုက်ခိုက်မှုကို လွတ်မြောက်ခဲ့ခြင်း မရှိပေ။ ကျောက်တုံးများက အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားပြီး တိုက်ခိုက်နေသောနေရာမှ ကျောက်တုံးလေးများကလည်း ပျက်စီးသွားခဲ့သည်။ အလွန်ပြင်းထန်သော ဖိအားကြောင့် အစောင့်က သူ့ကိုယ်သူ မနည်းခုခံနေရပြီး လျှို့ဝှက်ရတနာကို အသုံးပြုရန်သာ ကျန်တော့သည်။

ရွမ်ယုရှုက ကျန်းကျိဝေကို သတိပေးရန် ရောက်လာခဲ့သည့်အချိန်တွင် အန္တရာယ်သတိပေးချက်ရသည့်အလား စပ်ဖျင်းဖျင်း ခံစားမှုတစ်ခုကို ရလိုက်သည်။ သူမက မော့ကြည့်လိုက်ရာ မိုကျောင်းတော်မှ နောက်လိုက်များထဲတွင် ရှိနေသော အကျဉ်းထောင်ထဲမှ ကြောက်စရာကောင်းသော လူတစ်ယောက် ပေါ်လာခဲ့သည်။ ထိုအရာက သားကောင်တစ်ကောင်ကဲ့သို့ ရွမ်ယုရှုဆီကို ပြေးဝင်လာခဲ့၏။

"သူလျှိုတစ်ယောက် ပုန်းနေတာပဲ ... "

အလွန်အေးစက်ပြီး သတိထားနေသော ရွမ်ယုရှုက သူမ၏ဗျပ်‌စောင်းကို တီး၍ ဇာမဏီပုံရိပ်ယောင်ကို နောက်တစ်ကြိမ် ဆင့်ခေါ်လိုက်သည်။ ဇာမဏီက လေထဲတွင် ကြောက်စရာကောင်းစွာ အော်ဟစ်လိုက်ပြီး ဇာမဏီတေးသံကလည်း ကောင်းကင်ပေါ်ကိုပင် ထိုးဖောက်သွားနိုင်ခဲ့သည်။

ထိုသူလျှိုကတော့ ပင်မဝိညာဉ် တုန်လှုပ်သွားသလို ခံစားလိုက်ရ၏။ ဇာမဏီပုံရိပ်ယောင်က ပျံသန်းလာကြောင်း သူ့နားထဲတွင် ကြားလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် သူ့ရင်ထဲ၌ မီးတောက်တစ်ခု ထွက်ပေါ်လာခဲ့၏။ လေလှိုင်းများ မရှိဘဲ မီးတောက်က တဖြည်းဖြည်း ပို၍ကြီးမားလာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမြိုသွားခဲ့၏။

"ချွမ် ချွမ် ချွမ်…"

သံချင်းထိခိုက်သံများ ဆက်လက်ထွက်ပေါ်လာသည်။ အစောင့်၏နဖူးပေါ်မှ ချွေးများ စီးကျလာနေပြီး သူက ကျန်းကျိဝေ၏ တိုက်ခိုက်မှုများကို မနည်းကာကွယ်နေရ၏။ အကယ်၍ ကျန်းကျိဝေကသာ ပတ်ပတ်လည်တွင် ရှိနေသော လူများကို ထိခိုက်မှာမကြောက်လျှင် သူက သေဆုံးသွားသည်မှာ ကြာလောက်ပါပြီ။

အလွန်စိုးရိမ်ထိတ်လန့်လာသည့်အတွက် သူက သူ၏ဓားမောက်ကို မြှောက်ပြီး ရောက်လာသော တိုက်ခိုက်မှုကို ကာကွယ်ရန် ပြင်ဆင်လိုက်သည်။ သူ၏ကာကွယ်မှုက အဆုံးသတ်ကို ရောက်သွားကြောင်း သတိထားမိသည့်အတွက် ကျန်းကျိဝေက တိုက်ခိုက်မှုအရှိန်ကို ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲလိုက်ပြီး ဟာကွက်တစ်ခု ဖန်တီးလိုက်သည်။

ခုခံနေသော သူ၏အရှိန်အဝါများ လျော့ကျသွားသည့်အချိန်တွင် အစောင့်က ကျန်းကျိဝေ၏ ရုတ်တရက် တိုက်ခိုက်မှုကို တားဆီးနိုင်ခြင်း မရှိတော့ချေ။ သူ၏ပတ်ပတ်လည်တွင် အရှိန်က နှေးကွေးသွားသလို ထင်မှတ်ရပြီး ဓားသွားက သူ၏နဖူးကို ထိုးဖောက်လာကြောင်း ကြည့်နေရသည်။

ကျန်းကျိဝေက ဓားပေါ်တွင် ရှိနေသော သွေးများကို သုတ်လိုက်ပြီး ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်၏။ သူမက ရွမ်ယုရှုကို ပြောလိုက်သည်။

"နောက်လိုက်တွေအားလုံးကို စစ်ဆေးကြည့်လိုက်…"

ရွမ်ယုရှုက တပည့်များအားလုံး၏ မျက်နှာကိုကြည့်လိုက်သည်။ သူမက တစ်ယောက်ချင်းဆီကို စစ်ဆေးပြီး သူတို့အားလုံးကို သေချာကြည့်နေခဲ့သည်။ ထိုလူများထဲတွင် သူတို့က နောက်ထပ်သူလျှို(၂)ယောက်ကို တွေ့လိုက်ရပြီး (၂)ယောက်လုံးကို ကျန်းကျိဝေက သုတ်သင်ပစ်ခဲ့သည်။

ထိုအချိန်တွင် ကျန်းကျိ‌ဝေက တာအိုသခင်အိုကြီးကိုကြည့်ပြီး မေးလိုက်၏။

"ဆရာကြီး ...

ကျွန်မတို့က ဘယ်သူမှသတိမထားမိဘဲ ဒီအကျဉ်းထောင်ထဲကနေ ထွက်သွားဖို့ နည်းလမ်းရှိလား…"

အမှန်အတိုင်း ပြောရလျှင် ကျန်းကျိဝေက အဖြေတစ်ခုကို စဉ်းစားထားခဲ့သေးသည်။ တောင်တန်းမြစ်မြေပုံက တစ်ကြိမ်အသုံးပြု၍ ရနိုင်သေး၏။ သူတို့(၃)ယောက်က သတိမထားမိဘဲ ထွက်ပြေးနိုင်သည့်အတွက် မိုကျောင်းတော်မှ နောက်လိုက်များကိုတော့ မြေပုံထဲတွင် ထည့်ထား၍ ရသည်။ သို့သော် တာအိုသခင်အိုကြီးဆီတွင် နည်းလမ်းရှိ၊မရှိ ကျန်းကျိဝေက သိချင်ခဲ့၏။

တာအိုသခင်အိုကြီးက ပြောလိုက်သည်။

"စောင့်ကြည့်လိုက် ... "

သူက လက်(၂)ဖက်ကို မြှောက်လိုက်ပြီး အင်္ကျီလက်များကို ဖြန့်လိုက်သည်။ တခဏအတွင်း သူ၏အင်္ကျီလက်က အလွန်ကြီးမားသွားခဲ့ပြီး ဧရာမလိုဏ်ဂူကြီး၏ အဝကဲ့သို့ ဖြစ်လာ၏။ သူ၏အင်္ကျီလက်ထဲတွင် အမှောင်ထုကြီးတစ်ခု ထွက်ပေါ်လာပြီး သီးခြားပုံရိပ်ယောင် နယ်မြေတစ်ခုရှိနေသလို ထင်ရသည်။

ဘယ်ကမှန်းမသိဘဲ ရောက်လာသော လေလှိုင်းများအားလုံးက ရွမ်ယုရှု စစ်ဆေးထားခဲ့သော တပည့်များအားလုံးကို ဆွဲခေါ်သွားခဲ့၏။

"အိပ်ကပ်လေဟာနယ် နည်းလမ်းလား…"

ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့က အလွန်အံ့သြသွားကြသည်။ ထိုအရာက အလွန်ရှေးကျသော ကျင့်စဉ်တစ်ခုဖြစ်၏။

"ဒါက တော်တော်ရှေးကျတဲ့ ကျင့်စဉ်တစ်ခုပဲ။ ဒီကျင့်စဉ်ရဲ့အမွေအနှစ်က တာအိုဘိုးဘေး(၉)ယောက်ရဲ့ခေတ်မှာ ပျောက်ဆုံးသွားခဲ့တာ…"

တာအိုသခင်အိုကြီးက အင်္ကျီလက်ကို ဝှေ့ယမ်းပြီး အပြုံးနှင့်ပြောလိုက်သည်။

"ငါက ဒီကျင့်စဉ်ရဲ့အမွေအနှစ်ကို မထင်မှတ်ပဲ ရခဲ့တာ…"

သူက ဝန်ခံလိုက်၏။

"ဒါပေမယ့် အဲဒါကို နာမည်ဘယ်လိုခေါ်လဲဆိုတာတော့ ငါလည်း မသိဘူး…"

သူက ပြောလိုက်ပြီး အပြင်ဘက်သို့ ထွက်လာခဲ့သည်။ သူက အကျဉ်းသားများ ထွက်ပြေးသွားသည့်အတွက် တျန်းကွေ အသတ်မခံရစေရန် လုံခြုံသောနေရာတစ်ခုသို့ ရွှေ့ပြောင်းပေးခဲ့သည်။ ထို့နောက်သူတို့(၃)ယောက်က ရုပ်ဖျက်ပြီး အကျဉ်းထောင်အစောင့်များအဖြစ် ပြောင်းလဲ၍ အကျဉ်းထောင်ထဲမှ ထွက်လာကြ၏။

မြို့အပြင်ဘက်သို့ ရောက်သည့်အချိန်တွင် မုန့်ချီက တာအိုသခင်အိုကြီးကို တလေးတစား ဦးညွတ်လိုက်သည်။

ကျန်းကျိဝေနှင့် တခြားသူများကလည်း ကယ်တင်ထားခဲ့သော မိုကျောင်းတော်မှ နောက်လိုက်များ အသက်ရှင်ရပ်တည်ရေးအတွက် တခြားတစ်နေရာတွင် စီစဉ်ပေးနေကြသည်။

"ဘာမှအရိုအသေပေးနေစရာမလိုပါဘူး ... ငါတို့က ကျောက်စိမ်း ပုံရိပ်ယောင်နန်းတော်က နောက်လိုက်တွေပါပဲ…"

တာအိုသခင်အိုကြီးက လက်ကာပြောလိုက်သည်။

"မင်းက သူတို့တွေကို ဒီနေရာကနေ တတ်နိုင်သမျှ ဝေးဝေးပို့ပေးလိုက်။ မဟုတ်ရင် ချူးဘုရင် ရောက်လာတဲ့အချိန် ငရဲကျသလို ဆင်းရဲဒုက္ခမျိုးကို ခံစားရလိမ့်မယ်…"

"ချူးဘုရင်လား .။ ချူးတိုင်းပြည်က ဒီကိစ္စတွေကို ဘယ်လိုဖြစ်ပြီးစိုးရိမ်နေရတာလဲ.."

မုန့်ချီက အံ့အားသင့်စွာ မေးလိုက်မိသည်။

"ဒါဆိုရင် ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတာ ရွှေအလင်းတန်းလိုဏ်ဂူပဲ မဟုတ်ဘူးပေါ့ ..."

ချူးဘုရင်က အလွန်ကြီးမားသော အကျိုးအမြတ်များရရှိခဲ့သည့်အချိန်တွင် ဤနေရာကို ကျူးကျော်ရန် စိတ်ဝင်စားခြင်း မရှိသင့်ပေ။

"ဟား ဟား ဟား ဟား မင်း မှားနေတယ် ။ ဒါက လက်ရှိတိုင်းပြည်ကို အုပ်စိုးနေတဲ့ ချူးဘုရင်မဟုတ်ဘူး…"

တာအိုသခင်အိုကြီးက ခေါင်းခါပြီး ပြောလိုက်၏။

"အရင်ချူးဘုရင်က ရွှေအလင်းတန်းလိုဏ်ဂူထဲမှာ တံခါးပိတ်လေ့ကျင့်နေတာ ကြာလှနေပြီ…."

"ချူးတိုင်းပြည်ရဲ့ ကျွမ်းဘုရင်လား ..။ ထိပ်တန်းပညာရှင် (၆)ယောက်ထဲက တစ်ယောက်လား .။ သူက ဒီနေ့ထိ အသက်ရှင်နေသေးတာလား…"

မုန့်ချီက အလွန်ထိတ်လန့်အံ့သြသွားခဲ့သည်။

"ဟုတ်တာပေါ့။ တော်တော်လေး ကြာနေပြီလေ။ ဒါပေမယ့် သူတစ်ယောက်တည်းတော့ မဟုတ်လောက်ဘူး။ ဝူတိုင်းပြည်က အမတ်ကြီးဟန်၊ ဝမ်တိုင်းပြည်က အမတ်ကြီးထန်၊ လဲ့တိုင်းပြည်က အမတ်ကြီးမင်နဲ့ မူတိုင်းပြည်က အမတ်ကြီးချင်တို့လည်း အသက်ရှင်လျက် ရှိနေသေးတယ်…"

“ဒါပေမယ့် ကျွန်တော်က ချူးတိုင်းပြည်က ကျွမ်းဘုရင်နဲ့ ဘာပြဿနာမှမရှိခဲ့ဘူးလေ။ ဘာလို့ သူက ကျွန်တော့်အပေါ် ရန်လိုနေခဲ့ရတာလဲ…"

မုန့်ချီက ဇဝေဇဝါ ဖြစ်နေသော အမူအယာနှင့် မေးလိုက်သည်။

"နတ်ဘုရားကမ္ဘာကြီးထဲမှာ ဓမ္မကာရအဆင့်စွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့ ပညာရှင်တွေ ရှိနေသေးတာလား။ သူတို့တွေက ပုန်းနေသေးတယ်ဆိုတာ ဘာလို့ ဘယ်သူမှ မသိရတာလဲ…"

တာအိုသခင်အိုကြီးက ပြောလိုက်သည်။

"နယ်မြေတွေထဲမှာ သေဆုံးသွားတဲ့ ရန်သူတွေ ကုန်သွားတဲ့အချိန် ထူးဆန်းတဲ့ လက္ခဏာတွေပေါ်လာခဲ့တယ်။ ငါတို့က အဲဒီလိုထူးဆန်းတဲ့ လက္ခဏာတွေကို အဖြေရှာဖို့အတွက် ခရီးသွားလာခဲ့ကြပေမယ့် ဘာမှမတွေ့ခဲ့ကြဘူး။ အဲဒီနေ့မှာပဲ ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်က ပြန်ပေါ်လာခဲ့တယ်။ နန်းတော်ကို ထိန်းချုပ်ခွင့်ရဖို့အတွက် တိုက်ပွဲကြီးတစ်ခုလည်း ဖြစ်ခဲ့တယ်။ ဒါပေမယ့် ချူးတိုင်းပြည်က ကျွမ်းဘုရင်ကလွဲရင် ငါတို့တွေတစ်ယောက်မှ အကျိုးအမြတ်မရခဲ့ဘူး.."

"ကျောက်စိမ်း ပုံရိပ်ယောင်နန်းတော်လား.."

မုန့်ချီကတော့ မယုံကြည်နိုင်သည့် အမူအယာနှင့် မျက်လုံးပြူးသွားခဲ့ပြီး သူ၏အငွေ့အသက်များက လှုပ်ရှားလာခဲ့သည်။

"ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်က ရှိနေသေးတာလား…"

ကျွမ်းဘုရင်က မည်သည့်အရာကို ရရှိသွားခဲ့သနည်း။

"ငါက သူ ယူသွားတဲ့ပစ္စည်းကို စောင့်ကြည့်နေတာ တော်တော်လေးကိုကြာပြီ။ ဒါကြောင့် ငါက ချူးတိုင်းပြည်၊ ထန်တိုင်းပြည်နဲ့ ချန်းတိုင်းပြည်ရဲ့ နယ်မြေတွေမှာ လှည့်ပတ်သွားလာနေခဲ့တာ ..။ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်မှာတော့ အဲဒီပစ္စည်းကနေ ကောင်းကင်(၉)သွယ်ကိုတောင် လှုပ်ရှားစေနိုင်တဲ့ အလင်းတန်းကြီးတစ်ခု ထွက်လာခဲ့တယ်။ ငါ့ရဲ့တွက်ချက်မှုရလဒ်အရ မူမမှန်မှုတွေက မင်းကြောင့် ဖြစ်လာတာပဲ။ ချူးတိုင်းပြည်က ကျွမ်းဘုရင်ကလည်း ဒီလိုတူညီစွာပဲ ကောက်ချက်ချကြလိမ့်မယ်။ ဒါကြောင့်လည်း သူက မင်းကို အသေရရအရှင်ရရ အမိန့်ထုတ်လိုက်တာပဲ။ တကယ်လို့ သူ့ကို ကန့်သတ်ထားတဲ့အရာတွေသာ မရှိရင် သူက မင်းဆီကို ရောက်လာတာကြာပြီ…"

တာအိုသခင်အိုကြီးက သူ၏စိတ်ဝင်စားမှုကို ဖုံးကွယ်ထားခြင်း မရှိဘဲ ပြောလိုက်သည်။

"ဒါကြောင့်လည်း ရွှေအလင်းတန်းလိုဏ်ဂူရဲ့ သဘောထားက ပြောင်းလဲသွားခဲ့တာပဲ.."

မုန့်ချီက မျက်မှောင်ကြုတ်ပြီး အသေးစိတ်ကို မေးလိုက်သေးသည်။

"ဒီတာအိုသခင်အိုကြီးက သူ့ကိုယ်သူ ငါလို့ပြောနေပြီး တခြားပညာရှင်တွေကိုတော့ ငါတို့ လို့ ပြောနေတယ်ဆိုတော့ သူက ဘယ်သူလဲ…"

"ဆရာကြီးရဲ့နာမည်ကို သိလို့ရမလား ..."

မုန့်ချီက ရုတ်တရက် မေးလိုက်သည်။

တာအိုသခင်အိုကြီးက အားရပါးရရယ်ပြီး ပြောလိုက်၏။

"ငါက လုမျိုးရိုးနဲ့ မွေးဖွားလာခဲ့တာ ..။ ငါ့နာမည်ကတော့ ရှောင်ပိုင်လို့ခေါ်တယ်.."

"လုရှောင်ပိုင် ... ချီရှောင်ပိုင်လား။ ချီတိုင်းပြည်ရဲ့အမတ်ကြီးဟွမ်ပေါ့ ..။ သူက ကျောက်စိမ်း ပုံရိပ်ယောင်နန်းတော်ရဲ့ အစစ်အမှန်ဆက်ခံသူပဲ.."

မုန့်ချီက တစ်ယောက်တည်း တွေးနေမိပြီး အလွန်အံ့သြမှင်တက်သွားခဲ့မိသည်။

Translated by Hein Htet.

All Chapters