← Chapters

အခန်း (၆၀၄)

Vol. 41 Ch. 604

အခန်း (၆၀၄)

Vol. 41 Ch. 604

နယ်မြေများထဲတွင် တိုက်ပွဲများကြောင့် မတည်မငြိမ် ဖြစ်လာပြီးနောက် ကလန်နာမည်များနှင့် ရှေးဟောင်းမျိုးဆက်များ၏ မျိုးရိုးနာမည် ဆက်ခံခြင်း ကွဲပြားမှုများက တဖြည်းဖြည်း ဝေဝါးလာသော်လည်း လက်ရှိအချိန်တွင်တော့ တစ်သားတည်း ဖြစ်နေသည်ဟု သတ်မှတ်နိုင်သည်။ ထိုအချက်ကြောင့် အမတ်ကြီးဟွမ်ကဲ့သို့သော ပညာရှင်များ၏ နာမည်များက ထူးဆန်းနေရခြင်း ဖြစ်သည်။

သူ့အဖော်များကတော့ မကြာသေးခင်ကမှ သိခဲ့သော တာအိုသခင်အိုကြီးနှင့် ပတ်သက်ပြီး သေချာနားလည်ထားခဲ့ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့က သူနှင့် ပတ်သက်ပြီး မည်သည့်အရာကိုမျှ မသိခဲ့ခြင်းကြောင့် ဖြစ်၏။

သို့သော် ယခင်ဘဝတွင် ကမ္ဘာမြေပေါ်၌ နေထိုင်ခဲ့ဖူးသော မုန့်ချီကတော့ စစ်မက်ရေးရာ ကာလများနှင့် ပတ်သက်သည့် စာအုပ်များကို ဖတ်ခဲ့ဖူးပြီး အမတ်ကြီးဟွမ်ကို ရှောင်ပိုင်ဟု နာမည်ပေးခဲ့ခြင်းအပေါ် မကြာခဏ ပြောခဲ့ဖူးသည်။

နောက်ပိုင်းတွင်တော့ တခြားလူများကလည်း ဝူကျိနှင့် ကျူးအာကဲ့သို့‌သော သမရိုးကျ နာမည်များကို ပေးခဲ့ကြကြောင်း တွေ့လိုက်ရသည့် အချိန်မှသာလျှင် ထိုကာလတွင် စာပေသင်ကြားမှုက အားနည်းကြောင်း နားလည်သွားခဲ့ရသည်။

အမတ်ကြီးဟွမ်၏နာမည် အဓိပ္ပာယ်ကိုလည်း သူက ဂရုမစိုက်တော့ပေ။ သူတို့က မတူညီသော အဆင့်ကွာဟချက်များ ရှိနေသည့် နတ်ဘုရားကမ္ဘာကြီးထဲကို ရောက်နေခြင်း ဖြစ်သည်။ သူ့ရှေ့တွင် ရှိနေသူက ချီတိုင်းပြည်မှ အစစ်အမှန် အမတ်ကြီးဟွမ် ဟုတ်မဟုတ် မုန့်ချီလည်း သေချာ မသိသေးပေ။

သို့သော် အနည်းဆုံးတော့ လုမျိုးရိုးဟူသော အရာကိုတော့ အမှတ်ရသွားခဲ့သည်။ သူ့နာမည်ကို ရှောင်ပိုင်ဟု ပေးခဲ့၏။ မုန့်ချီကတော့ အမတ်ကြီးဟွမ်အပြင် တခြားသူများကို မတွေးမိခဲ့ပေ။

"ကျွန်တော်က ချီတိုင်းပြည်က ဆရာကြီးလုလို့ ခေါ်ရမှာလား…"

မုန့်ချီကတော့ အံ့သြမှင်တက်သွားမှုကို ဖိနှိပ်လိုက်ပြီး တရိုတသေ ဦးညွှတ်လိုက်သည်။

ထိပ်သီးပညာရှင် (၆) ယောက်က လူအများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာခဲ့ပါပြီ။ ထို့ကြောင့် မုန့်ချီက သူ၏အဆင့်အတန်းနှင့် ဝါစဉ်အရ လိုက်ဖက်ညီအောင် ခေါ်ဆိုရန် လိုအပ်သည်။ သူ့ရှေ့တွင် ရှိနေသော အကြီးအကဲက ရှေးခေတ်မှ ကျန်နေသော လက်ကျန်ပညာရှင်တစ်ယောက် ဖြစ်သည်။ မုန့်ချီက သူ့ကို အမတ်ကြီးဟွမ်ဟု တိုက်ရိုက်ခေါ်ဆိုရန် ခက်ခဲသည်။ အထူးသဖြင့် သူက အကြီးအကဲတစ်ယောက်လည်း ဖြစ်နေ၏။

အမတ်ကြီးဟွမ်က ရယ်ကာမောကာနှင့် ပြန်ပြောလိုက်သည်။

"ဒီလိုတွေလုပ်ဖို့ မလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ကျောက်စိမ်းပုံရိပ်ယောင် နန်းတော်က နောက်လိုက်တွေပါပဲ။ ပြီးတော့ ငါက မင်းရဲ့အကူအညီကို တောင်းဆိုရမယ့် ကိစ္စတစ်ခု ရှိတယ်…"

ထိုစကားကို ကြားသည့်အခါ မုန့်ချီက လျင်မြန်စွာ မေးလိုက်သည်။

"ကျွန်တော်က ဆရာကြီးကို ကူညီပေးနိုင်တဲ့အရာ ရှိနေတာလား…"

အမတ်ကြီးဟွမ်က သူ၏မုတ်ဆိတ်ကိုပွတ်လိုက်ပြီး တွေးတွေးဆဆနှင့် ပြောလိုက်သည်။

"ဒါက အသေးအဖွဲ့ကိစ္စပါပဲ။ မင်းရဲ့ပုံစံကို ပြောင်းလဲပြီး ကျွမ်းဘုရင်နဲ့တွေ့ဖို့အတွက် ငါနဲ့လိုက်ခဲ့စေချင်တယ်။ မင်းလုပ်ဖို့ လိုအပ်တာက ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်ကနေ သူ ယူလာတဲ့ပစ္စည်းကို စစ်ဆေးကြည့်ရုံပဲ။ မင်းက အဲဒီအရာနဲ့ ဆက်သွယ်မှုရှိနေမှတော့ အဲဒါကို သေချာပေါက်သိမယ်လို့ ထင်တာပဲ…"

"အဲဒီအရာနဲ့ပတ်သက်ပြီး ဆရာဦးလေးကတောင် ဘာမှမသိဘူးလား…"

မုန့်ချီက ထိုအခွင့်အရေးကို အရယူပြီး အမတ်ကြီးဟွမ်ကို ဆရာဦးလေးဟု ခေါ်လိုက်သည်။ ထိုအကြီးအကဲကလည်း ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်မှဟူသော စကားကို အကြိမ်ကြိမ်အခါခါ ပြောဆိုခဲ့သည့်အတွက် သူတို့၏ကြားထဲတွင် ဆက်နွယ်မှုတစ်ခုရှိစေရန် အခွင့်ကောင်းပေးနေခြင်းလည်း ဖြစ်နေသည်။

အမတ်ကြီးဟွမ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။

"အဲဒီအရာက ဘာဖြစ်မလဲဆိုတာတော့ ငါလည်းမသိဘူး။ ဒါက နောက်ကြောင်းသေချာမသိရတဲ့ အရာတစ်ခုဖြစ်မယ်လို့ပဲ သံသယဝင်မိတယ်…”

သူက ဆရာဦးလေးဟု ခေါ်နေခဲ့သည့်အတွက် မကျေမနပ် ဖြစ်သွားခြင်း မရှိချေ။ မုန့်ချီကတော့ ထိုကိစ္စနှင့်ပတ်သက်ပြီး အကြီးအကဲကို ထပ်မံ မှတ်ချက်မပေးခဲ့ပေ။

သူက ခေါင်းစဉ်သာ ပြောင်းလိုက်၏။

"ကျောက်စိမ်းပုံရိပ်ယောင်နန်းတော် ပေါ်လာတာက တိကျတဲ့ အခြေအနေမျိုးရှိလား ဆရာဦးလေး..."

ထိုအရာက သူ့အတွက် အလွန်အရေးကြီးသော ကိစ္စတစ်ခု ဖြစ်သည်။ ထိုနန်းတော်ထဲတွင် ကောင်းကင်ရွှေကျင့်စဉ်၏ ပြီးပြည့်စုံသော အမွေအနှစ်တစ်ခု ရှိနေနိုင်သည်။

"ပုံမှန်အားဖြင့် ပေါ်လာတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ နန်းတော်ပေါ်လာတဲ့ အချိန်တိုင်း သဘာဝတရားကြီးထဲမှာ ပြောင်းလဲမှုတွေ ရှိလာတတ်တယ်။ သာမန်လူတွေက အဲဒီပြောင်းလဲမှုဖြစ်စဉ်တွေကို သတိမထားမိနိုင်ဘူး။ ဒါပေမယ့် ငါနဲ့ ကျွမ်းဘုရင်ကို ယှဉ်နိုင်တဲ့ တခြားပညာရှင်တွေကတော့ အဲဒီအရာကို သတိထားမိနိုင်တယ်…”

“အထူးသဖြင့် သိပ်မကြာခင် ပြန်ပေါ်လာတဲ့ အတောအတွင်း မူမမှန်မှုတွေက အချိန်စီးဆင်းမှုကိုတောင် သက်ရောက်သွားခဲ့တယ်။ လက်ရှိအချိန်မှာတော့ အချိန်စီးဆင်းမှုကလည်း မူလအချိန်ကနေ သွေဖယ်နေပြီ။ အခု အချိန်က ပိုပြီးတော့ မြန်မြန်ကုန်လာနေတယ်။ ဒီအချိန်စီးဆင်းမှုကလည်း မူလပုံစံအတိုင်း ပြန်မဖြစ်တော့မှာ စိုးရိမ်မိတယ်…"

အမတ်ကြီးဟွမ်၏အသံက ခြောက်ကပ်နေပြီး သူကတော့ လုံးဝကို နားမလည်နိုင်သည့်အလား တစ်ယောက်တည်း ရေရွတ်နေခဲ့သည်။ သူက နားလည်မှုမရှိသလို မုန့်ချီက သူ့ထက်အရင် ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်ကို ရှာတွေ့သွားမှာလည်း ကြောက်လန့်နေခြင်း မရှိချေ။

မုန့်ချီကတော့ စကားတစ်ခွန်းမျှ မပြောဘဲ တိတ်တဆိတ် နားထောင်နေခဲ့၏။ ထို့နောက် သူက ကြားဖြတ်ပြောလိုက်သည်။

"ဒါဆိုရင် ကျွန်တော်တို့က သဘာဝတရားကြီးရဲ့ဖြစ်စဉ်တွေကို လေ့လာပြီး ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်ကို ခြေရာခံရမှာလား…"

အမတ်ကြီးဟွမ်က ခေါင်းညိတ်ပြလိုက်သည်။

"ငါတို့က အစောပိုင်း တွေ့ဆုံမှုတွေမှာ မအောင်မြင်ခဲ့ပေမယ့် အကြောင်းအရာတစ်ခုကိုတော့ တဖြည်းဖြည်း ဖော်ထုတ်နိုင်ခဲ့တယ်။ နောက်ဆုံးတစ်ကြိမ် ပြန်ပေါ်လာတဲ့အချိန်မှာတော့ ငါတို့က နန်းတော်ထဲကို ဝင်သွားနိုင်ခဲ့တယ်။ ဒါပေမဲ့ သိပ်မကြာခင် ဘာဆုလာဘ်မှမရဘဲ နန်းတော်ထဲကနေ ထွက်လာခဲ့ရတယ်။ ကျွမ်းဘုရင်ကပဲ ပစ္စည်းတစ်ခုကို ယူလာနိုင်ခဲ့တာ...။ ဒါကြောင့် အခုငါက သူ ယူလာတဲ့ပစ္စည်းကို စစ်ဆေးကြည့်ဖို့အတွက် မင်းကို တောင်းဆိုချင်တာ...”

“မင်းရဲ့လေ့လာမှုတွေက နန်းတော်ရဲ့သဘာဝကြောင့် ပိုပြီးတော့ အကျိုးအမြတ်ရှိနိုင်တယ်။ အမှန်အတိုင်းပြောရရင် ငါတို့က နောက်တစ်ကြိမ် နန်းတော်ထဲကိုဝင်သွားပြီး ပိုကောင်းတဲ့ အခွင့်အရေးတစ်ခုကိုတောင် ရနိုင်တယ်…"

ထိုစကားကို ပြောလိုက်ပြီးနောက် တာအိုသခင်အိုကြီးက သက်ပြင်းချလိုက်သည်။

"ငါက အသက်ကြီးလာပြီဖြစ်တဲ့အတွက် မသေခင် နန်းတော်ကို နောက်ဆုံးတစ်ကြိမ်သွားဖို့ပဲ ဖြစ်နိုင်တော့တယ်…"

အမတ်ကြီးဟွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါ့ရဲ့ဘိုးဘေးတွေကတော့ အချိန်အကြာကြီး ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ ဓမ္မကာရအဆင့်ကို ရရှိမှုက သီးသန့်ဆန်နေတုန်းပဲ။ ငါ အမွေဆက်ခံထားခဲ့တဲ့ ကောင်းကင်ရွှေကျင့်စဉ်ကလည်း ဓမ္မကာရအဆင့် သိုင်းကွက်တွေ မဟုတ်ဘူး။ ငါက မထင်မှတ်ဘဲ ကံကောင်းမှုတွေ ကြုံခဲ့ရတဲ့အတွက် ထိပ်သီးပညာရှင် (၆) ယောက်ရဲ့ ခေါင်းဆောင်ဖြစ်လာပြီး လက်ရှိစွမ်းရည်မျိုးကို ပိုင်ဆိုင်ထားတာ..."

သူက ခဏရပ်လိုက်ပြီး ကောင်းကင်ကြီးကို တည်ငြိမ်စွာ မော့ကြည့်လိုက်သည်။

"နတ်ဘုရားကမ္ဘာကြီး အဆုံးသတ်ချိန် ရောက်လာခဲ့တဲ့ ကပ်ဆိုးတွေထဲမှာ လျှို့ဝှက်ဆန်းကြယ်မှုတွေ ၊ ကန့်သတ်ချက်တွေ အများကြီး ကျန်နေတယ်။ ငါ့ရဲ့စွမ်းအားက အဲဒီအရာတွေကိုမြင်နိုင်ပြီး အမှတ်အသားတွေကို ဖတ်နိုင်တယ်။ ဒါပေမဲ့ ငါက ကံကြမ္မာကိုတော့ လက်မခံနိုင်ဘူး။ ငါ့မှာ ရည်မှန်းချက်တွေ အများကြီးရှိတယ်။ နန်းတော်ပြန်ပေါ်လာဖို့ကိုလည်း မျှော်လင့်နေခဲ့တယ်။ ဒါဆိုရင် ငါက ခွန်းလွန်မျိုးဆက်ရဲ့အမွေဆက်ခံမှုတွေ အားလုံးကို ရရှိနိုင်ပြီး ထာဝရရှင်သန်ခြင်းကိုလည်း ပိုင်ဆိုင်နိုင်လိမ့်မယ်…"

"ထာဝရရှင်သန်နိုင်ခြင်းလား…"

မုန့်ချီက ထိုစကားလုံး၏ အဓိပ္ပာယ်ကို သေချာစဉ်းစားနေမိခဲ့သည်။

"ဒါဆိုရင် လက်ရှိကျင့်ကြံသူတွေ ဒါမှမဟုတ် ဓမ္မကာရအဆင့် ပညာရှင်တွေက နှစ်ပေါင်း (၃၀၀) လောက်ပဲ အသက်ရှင်နိုင်တာပဲ…"

သူကတော့ တစ်စုံတစ်ခုကို အလေးထားရန် ဆုံးဖြတ်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်မှုများ၊ ကန့်သတ်ချက်များ အကြောင်းကိုသာ စတင်မေးမြန်းနေခဲ့၏။ သို့သော် အမတ်ကြီးဟွမ်က သူသိထားသော အရာများကို မချွင်းမချန် ပြောနေခဲ့သည်။

ထို့ကြောင့် မုန့်ချီ၏စိတ်ဝင်စားမှုများက ပို၍မြင့်တက်လာနေရ၏။ သူ၏အရိပ်အမြွက် စကားများကြောင့် မုန့်ချီကလည်း ခေါင်းစဉ်ပြောင်းလိုက်ပြီး သူစိုးရိမ်နေရသည့်အရာကို မေးလိုက်သည်။

"ဆရာဦးလေး …

ဘိုးဘေးဆရာကြီးနဲ့ ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်က တခြားပညာရှင်တွေက လူမြင်ကွင်းကနေ ပျောက်ကွယ်သွားပြီး ဘာကြောင့် ပုန်းအောင်းနေကြရတာလဲ…"

ထိုခေါင်းစဉ်ကြောင့် အမတ်ကြီးဟွမ်၏ အမူအရာက မှုန်ကုတ်ကုတ် ဖြစ်သွားခဲ့သည်။

"ငါ့ရဲ့ဘိုးဘေးတွေထဲက တစ်ယောက်ကတော့ ဒီအရာနဲ့ပတ်သက်ပြီး စကားတစ်ခု ချန်ထားခဲ့တယ်။ ရှေးတုန်းက ကုန်းမြေတွေ ပျက်စီးမှုနဲ့အတူ နတ်ဘုရားအဖွဲ့အစည်းတွေ နှစ်ဖက်လုံးကလည်း ကြီးကြီးမားမား ဆုံးရှုံးမှုတွေ ကြုံခဲ့ရတယ်။ အဲဒီနောက်မှာတော့ သူတို့က ယိုယွင်းပျက်စီးနေတဲ့ ရှန့်အင်ပါယာကို လက်လွှတ်ပြီး ဝူဘုရင်ကို ထောက်ပံ့ပေးဖို့ နားလည်လိုက်ကြတယ်။ အဲဒီအချိန်မှာ တာအိုဘိုးဘေး (၃) ယောက်နဲ့ ဗုဒ္ဓခေါင်းဆောင် (၂) ယောက်တို့ကတော့ သီးသန့်နေထိုင်ခဲ့ကြတယ်…"

"ဒါက အင်မော်တယ်တွေဆီကနေ ငါရထားတဲ့ အချက်အလက်တွေအတိုင်းပါပဲလား.."

မုန့်ချီက စဉ်းစားနေရင်း ခေါင်းညိတ်ပြလိုက်သည်။

"ပျက်စီးမှုတွေဖြစ်ပြီး (၃)နှစ်မြောက်မှာပဲ ကောင်းကင်တမန်တော်က ပျောက်ကွယ်သွားခဲ့ပြီး အသူရာနန်းတော်က ဘာတွေဖြစ်သွားလဲဆိုတာ ဘယ်သူမှ မသိတော့ဘူး။ (၅) နှစ်မြောက်မှာ ဘိုးဘေးတိုတီကိုယ်တိုင်နဲ့ သုသိတာနန်းတော်က တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားတယ်။ (၉) နှစ်မြောက်မှာတော့ ဘိုးဘေးဆရာကြီးနဲ့ ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်က လူတွေအားလုံး ခွန်းလွန်တောင်တန်းနဲ့အတူ ပျောက်ကွယ်သွားခဲ့တယ်။ (၁၁) နှစ်ကြာတဲ့အချိန်မှာ ဗုဒ္ဓသန့်စင်နယ်မြေတွေအားလုံး ကမ္ဘာကြီးပေါ်ကနေ ပျောက်ကွယ်သွားတယ်…"

အမတ်ကြီးဟွမ်၏ အမူအရာက သူ၏သတင်းများအပေါ် အနည်းငယ် သံသယဝင်နေပုံရသည်။

"နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာအတွင်း နတ်ဘုရားတွေအများကြီး ထွက်ခွာသွားခဲ့တယ်။ တချို့ကတော့ သေဆုံးသွားတာကိုတောင် တွေ့လိုက်ရတယ်.."

"ထွက်ခွာသွားတာလား"

မုန့်ချီက ရှုပ်ထွေးသွားမိခဲ့သည်။

အမတ်ကြီးဟွမ်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။

"ဘာလို့လဲဆိုတော့ သူတို့အားလုံးက ပျောက်ကွယ်မသွားခင် အမှာစကားတွေ ချန်ထားခဲ့လို့ပဲ။ အဲဒီအရာတွေအားလုံးက လူတိုင်းကို ဆူညံပွက်လောရိုက်စေခဲ့တယ်။ သူတို့ချန်ထားခဲ့တဲ့စကားက 'ပြန်လာမယ်' ဆိုတဲ့စကားပဲ…"

"ပြန်လာမှာလား…"

မုန့်ချီက နောက်တစ်ကြိမ် ပြန်မေးလိုက်ပြီး ဇဝေဇဝါ ဖြစ်နေသေး၏။

"သူတို့တွေထဲမှာ ဘယ်သူပြန်ရောက်လာပြီလဲ…"

ပြန်လာသောနေရာက အင်မော်တယ်များ၏နယ်မြေကို ပြန်လာမည်လော သို့မဟုတ် အစစ်အမှန်နယ်မြေလော သို့မဟုတ် လေဟာနယ်အလင်းတန်း အပိုင်းအစမဟုတ်ဘဲ အစစ်အမှန် ကမ္ဘာကြီးကို ပြန်လာမည်လော။

"ငါက (၂) ယောက်ပဲသိတယ်။ တစ်ယောက်ကတော့ ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်က အင်မော်တယ်ဘိုးဘေးကွမ်ချန်းနဲ့ နောက်တစ်ယောက်က သုသိတာနန်းတော်က အင်မော်တယ်ဘိုးဘေးနန်းဟွာတို့ပဲ။ တခြားသူတွေကိုတော့ ငါလည်းမသိဘူး…."

အမတ်ကြီးဟွမ်က ပြောလိုက်သည်။

မုန့်ချီကတော့ အရာအားလုံးကို မှတ်သားထားခဲ့ပြီး နောက်ထပ် မေးခွန်းများ မေးနေခဲ့၏။ အမတ်ကြီးဟွမ်က အတတ်နိုင်ဆုံး မေးခွန်းများကိုပြန်ဖြေရန် ကြိုးစားနေပြီး တချို့ကိစ္စများကိုတော့ ရေငုံနုတ်ပိတ်နေခဲ့သည်။

ထို့ကြောင့် မုန့်ချီက ခေါင်းစဉ်ပြောင်းလိုက်ရပြန်၏။ အဆုံးတွင်တော့ သူတို့၏ဆွေးနွေးမှုက ကျောက်စိမ်းပုံရိပ်ယောင် တွက်ချက်မှုကဲ့သို့သော ကောင်းကင်ရွှေကျင့်စဉ်များ လေ့လာမှုတွင် အဆုံးသတ်သွားခဲ့သည်။

အမတ်ကြီးဟွမ်၏ အကြံပေးချက်နှင့် လမ်းညွှန်ချက်များကြောင့် မုန့်ချီက သူ၏တိုးတက်မှုကို နှောင့်နှေးစေနိုင်သော အတားအဆီးများကို ဖြတ်ကျော်နိုင်ခဲ့၏။ အတွေးအမြင်များကို ဖလှယ်ရာမှတဆင့် မုန့်ချီက အမတ်ကြီးဟွမ်၏ ထူးခြားသော စွမ်းရည်များကိုလည်း ရှင်းရှင်းလင်းလင်း နားလည်လာခဲ့သည်။

သူ့အဖော်များကတော့ မိုကျောင်းတော်မှ တပည့်များကို စီစဉ်ပေးရန် အလုပ်များနေကြောင်း သတိထားမိခဲ့သည်။

သူက အမတ်ကြီးဟွမ်ကို အပြုံးနှင့် ပြောလိုက်၏။

"ဆရာဦးလေး …

ကျွန်တော်က မိုကျောင်းတော်ရဲ့နောက်လိုက်တွေကို ချီတိုင်းပြည်ထဲမှာ ခိုလှုံခွင့်ပေးဖို့အတွက် ဆရာဦးလေးရဲ့ခွင့်ပြုချက် တောင်းချင်တယ်…"

သူ၏လုပ်ဆောင်မှုကို အမတ်ကြီးဟွမ်က သတိမထားမိခဲ့ပေ။ သူက အပြုံးနှင့် ပြောလိုက်၏။

"ငါက တခြားအတွေးအခေါ်ကျောင်းတွေဆိုရင်တော့ သူတို့ကို မောင်းထုတ်မှာပဲ။ ဒါပေမဲ့ မင်းကတော့ မင်းသားချီကို ကိုယ်တိုင်စကားပြောဖို့ လိုလိမ့်မယ်။ ချီတိုင်းပြည်က လျစ်လျူရှုခံရပြီး ပျက်စီးနေတာ တော်တော်လေးကိုကြာခဲ့ပြီ။ အသွင်ပြောင်းထားတဲ့ တပ်ဖွဲ့တချို့လောက်ပဲ ရှိတော့တယ်…"

နောက်ဆုံးစကားလုံးက မုန့်ချီ၏တောင်းဆိုမှုကို သွယ်ဝိုက်၍ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ မုန့်ချီက သူ၏ဆရာဦးလေးကို ကျေးဇူးတင်စကားပြောလိုက်ပြီး သူ့အဖော်များနှင့် ပူးပေါင်းလိုက်၏။

ထို့နောက် သူက တည်ငြိမ်သော အမူအရာနှင့် သူ့ရှေ့တွင် ရှိနေသော အဖွဲ့များကို ခေါ်လိုက်သည်။

"ငါတို့လမ်းစဉ်ရဲ့အောင်မြင်မှုက ရွှေတူးရသလိုပဲ။ ငါတို့တွေက နောက်ဆုံးအောင်မြင်မှုကို မရမချင်း ဇွဲရှိဖို့နဲ့ ဆုံးဖြတ်ချက်ပြတ်သားဖို့လိုအပ်တယ်။ နောက်ထပ် ပြောရမယ်ဆိုရင် စွမ်းအားတွေက အလွယ်တကူ မရနိုင်ဘူး..”

“ဒီလမ်းကြောင်းရဲ့ အဆုံးသတ်မှာတော့ တောက်ပတဲ့အနာဂတ်က ငါတို့ကို စောင့်နေတယ်။ ဒီလမ်းကြောင်းက ကြမ်းချင်ကြမ်းနိုင်တယ်။ မင်းတို့က ယုံကြည်မှုရှိပြီး ဇွဲရှိရမယ်၊ မင်းတို့ရဲ့စည်းမျဉ်းစည်းကမ်းတွေ စိတ်ဓါတ်တွေကို ပြင်ဆင်ထားရမယ်၊ အတွေးအခေါ်တွေကို လိုက်နာပြီး နှိမ့်နှိမ့်ချချနဲ့နေရမယ်။ ချီတိုင်းပြည်ရဲ့ ပျက်စီးဆုတ်ယုတ်နဲ့ ယိုယွင်းမှုတွေက ချီတိုင်းပြည်ကို ပျက်စီးသွားအောင် တွန်းအားပေးနေခဲ့တယ်…”

“အဲဒီအရာကို ပြောင်းလဲအောင် လုပ်ဖို့က ငါတို့ရဲ့တာဝန်ပဲ။ ဒီတော့ လိုက်ချင်တဲ့သူတွေက အစ်ကိုပိုင်စုန့်နဲ့ ကျိုးပိုင်တို့ရဲ့ ခေါင်းဆောင်မှုအတိုင်း လိုက်သွားကြရမယ်။ ချန်းတိုင်းပြည်ထဲမှာနေခဲ့ဖို့ ဆန္ဒရှိတဲ့သူတွေကိုတော့ အစ်ကိုဝမ်ချီက ဦးဆောင်လိမ့်မယ်…"

ရှန့်ယင်မြို့၏ ပိတ်ဆို့မှု ပြီးဆုံးသွားသည့်အချိန်တွင် ပိုင်စုန့်၊ ကျိုးပိုင်နှင့် ဝမ်ချီတို့က မုန့်ချီတို့နှင့်အတူ ပြန်လည်ပူးပေါင်းလာခဲ့ခြင်း ဖြစ်သည်။

"နားလည်ပါပြီ ခေါင်းဆောင်ဆရာ…"

နောက်လိုက်များက ရိုရိုသေသေ ပြန်ဖြေလိုက်ကြသည်။

ပိုင်စုန့်က မုန့်ချီကို ကြည့်ပြီး တွေဝေစွာ ကြည့်လိုက်၏။

"ဒါပေမဲ့ ခေါင်းဆောင်ဆရာတို့က ဒီနေရာကနေ ဘယ်ကိုသွားကြမှာလဲ…"

"ငါတို့က အရေးကြီးသွားစရာကိစ္စတစ်ခု ရှိနေသေးတယ်။ ငါတို့က အရာအားလုံးကို ဖြေရှင်းပြီးသွားရင် ချီတိုင်းပြည်ထဲမှာ မင်းတို့နဲ့ပြန်ပြီးဆုံမယ်.."

မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်သည်။

ပိုင်စုန့်က တခြားလူများ၏ ရိုသေလေးစားမှုနှင့် လက်ခံမှု မရှိသော်လည်း နောက်လိုက်များကို ဦးဆောင်နိုင်ရန် အရည်အချင်း ရှိသည်။ တစ်ဖက်တွင်တော့ ဝမ်ချီက တိုက်ခိုက်ရာတွင် ကျွမ်းကျင်သော်လည်း ချန်းတိုင်းပြည်ထဲတွင် နောက်လိုက်များကို ဦးဆောင်နိုင်ရန် ခေါင်းဆောင်မှု အရည်အချင်း လိုချင်နေခဲ့သည်။

သူက ထိုလူများကို ခေါင်းဆောင်အနေနှင့် ရွေးချယ်ပေးခဲ့သော်လည်း အစစ်အမှန် ခေါင်းဆောင်ရာထူးကိုတော့ တျန်းကွေ၏လက်ထဲသို့ အပ်နှံထားခဲ့သည်။

ညက လျင်မြန်စွာ ပြောင်းလဲလာပြီး ကောင်းကင်ပေါ်တွင် အမှောင်ထုကြီး လွှမ်းခြုံနေခဲ့၏။ မုန့်ချီက ကြွက်တစ်ကောင်အဖြစ် ပြောင်းလဲပြီး အမတ်ကြီးဟွမ်၏ အင်္ကျီအိတ်ထဲတွင် ပုန်းနေခဲ့သည်။ သူက လေဟာနယ်တစ်ခုတည်းတွင် ပိတ်မိနေသည့်အလား မလှုပ်မယှက် ရပ်နေ၏။ သို့သော် အပြင်ဘက်တွင် ရှိနေသော အရာအားလုံးကိုတော့ အာရုံခံကြည့်နိုင်သည်။

အမတ်ကြီးဟွမ်က လမ်းလျှောက်နေခြင်းကို ရုတ်တရက် ရပ်တန့်လိုက်၏။ သူက ရယ်ကာမောကာနှင့် လူတစ်ယောက်ကို ပြောလိုက်သည်။

"အထင်ကြီးပြီး ကိုယ့်ကိုယ်ကိုယ် ဘဝင်မြင့်တာက မင်းနဲ့ တွဲနေတဲ့ အရာတစ်ခုပဲ။ မင်းက သူခိုးတစ်ကောင်လို အရိပ်ထဲကနေ စောင့်ကြည့်နေတော့ရော ဘာရမှာလဲ..”

“ငါက မင်းလိုကြီးမြတ်တဲ့ အမတ်ကြီးဟွမ်ရဲ့ရှေ့မှာ ပေါ်မလာရဲဘူးလေ…"

အလွန်ကျယ်လောင်ပြီး ကြီးကျယ်ခမ်းနားသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ လူစိမ်းက နှိမ့်ချသယောင် ပြောလိုက်သော်လည်း သူတို့က တန်းတူဖြစ်နေသည့်အလား အမတ်ကြီးဟွမ်ဟု ခေါ်ခဲ့သည်။

မုန့်ချီက သူ၏စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်ရာ သူတို့၏ရှေ့တွင် ရပ်နေသော အရပ်ရှည်ရှည် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့ပုံစံက လူချမ်းသာ တစ်ယောက်ကဲ့သို့ ဘုရင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏အရေပြားများက ရွှေရောင်တလက်လက် တောက်ပနေသည်။

သူ၏အကြည့်က အလွန်တည်ငြိမ်အေးစက်နေပြီး အနက်ရောင် မုတ်ဆိတ်မွှေးများနှင့် မည်းနက်နေသော မျက်ခုံးများ ရှိသည်။ မာနကြီးသောလူစိမ်းက အလွန်အဆင့်အတန်းမြင့်စွာ ရပ်နေခဲ့ခြင်း ဖြစ်၏။

"ကြည့်ရတာ စုမိုလွတ်သွားတာ မင်းရဲ့နှောင့်ယှက်မှုကြောင့်ပဲဖြစ်မယ်…"

ချူးတိုင်းပြည်မှ ကျွမ်းဘုရင်က ပြောလိုက်သည်။

အမတ်ကြီးဟွမ်၏ ညွှန်ကြားမှုအတိုင်း မုန့်ချီက သူ၏စိတ်ဝိညာဉ်သိစိတ်နှင့် ကျွမ်းဘုရင်၏ ခါးတွင် ချိတ်ထားသော ပစ္စည်းကို သေချာစစ်ဆေးကြည့်နေခဲ့သည်။ ထိုအရာက ခရမ်းရောင်၊ အဖြူရောင်၊ ရွှေရောင်နှင့် အဝါရောင် အလင်းတန်းများ တောက်ပနေသော မှော်တုတ်တံတစ်ချောင်း ဖြစ်၏။

အလွန်ကြီးကျယ်ခမ်းနားသော မှော်တုတ်တံဆီမှ တစ်ဖက်လူ၏ နှလုံးသားကို တည်ငြိမ်စေနိုင်သော အငွေ့အသက်များ ထွက်ပေါ်လာနေပြီး လူသားကမ္ဘာကြီး၏ စည်းမျဉ်းများကို ဆန့်ကျင်နိုင်သည့်အပြင် အချိန်စီးဆင်းမှုကိုလည်း ဖိနှိပ်ပေးနိုင်သည်။

သို့သော် ထိုတုတ်တံ၏ အငွေ့အသက်များက အားနည်းလှသည်။ ထိုအရာက ဒဏ္ဍာရီထဲမှာ မှော်တုတ်တံတစ်ခုတော့ မဖြစ်နိုင်ပေ။ အံ့ဩစရာ အကောင်းဆုံး အရာကတော့ ထိုတုတ်တံ၏ အငွေ့အသက်ကို မုန့်ချီက အလွန်ရင်းနှီးသလို ခံစားနေရခြင်း ဖြစ်၏။

ထိုအရာက ခပ်ဖျော့ဖျော့သာ ဖြစ်သော်လည်း သူ၏ကိုယ်ပိုင်ပစ္စည်းတစ်ခုအလား ရင်းနှီးနေသလို ခံစားနေရခြင်း ဖြစ်၏။ သူ့ခန္ဓာကိုယ်နှင့် ထိုအငွေ့အသက်များက အရင်းအမြစ် တစ်ခုတည်းမှ ဖြစ်နေသလို ခံစားနေရသည်။

"မဟုတ်သေးဘူး။ ဒါက ငါ့ရဲ့အငွေ့အသက်နဲ့ နည်းနည်းတော့ကွဲတယ်.."

မုန့်ချီက ရုတ်တရက် ခံစားမိလိုက်သည်။

မုန့်ချီက သံသယဝင်စွာ ရှုပ်ထွေးနေသည့်အချိန်တွင် အမတ်ကြီးဟွမ်နှင့် ကျွမ်းဘုရင်တို့က ခဏကြာစကားပြောပြီး ထွက်ခွာလာခဲ့ကြ၏။ အမတ်ကြီးဟွမ်က ဝေးဝေးကို ရောက်လာပြီးမှသာ မုန့်ချီကို အိတ်ကပ်ထဲမှ ထုတ်ပေးလိုက်ပြီး သူတွေ့ခဲ့သည့်အရာကို မေးနေခဲ့၏။

မုန့်ချီက သူ၏ရှာဖွေတွေ့ရှိမှုကို ထူးဆန်းစွာ ပြောလိုက်သည်။

"အမှန်အတိုင်းပြောရရင်တော့ ကျွန်တော်တောင် အဲဒီအရာရဲ့ဇစ်မြစ်ကို သေချာမသိဘူး…"

အမတ်ကြီးဟွမ်က လက်နောက်ပစ်၍ တစ်ယောက်တည်း လေးလေးနက်နက် စဉ်းစားနေခဲ့သည်။ သူက တီးတိုးရေရွတ်လိုက်၏။

"ဒီနေရာမှာ ငါ မရှာရသေးတဲ့ ဆန်းကြယ်မှုတွေ အများကြီးရှိနေသေးတယ်။ ငါတို့က ဘာများသေချာနိုင်မှာလဲ…"

ရုတ်တရက်ဆိုသလို အချိန်ပြည့်ပြီဖြစ်ကြောင်း မုန့်ချီက သံသရာအရှင်သခင်ဆီမှ သတိပေးချက်ကို ရရှိခဲ့သည်။ သူတို့သာ ဆက်နေမည်ဆိုလျှင် အချိန်ကွာဟမှုကြောင့် သူတို့အတွက် ဆိုးကျိုးများ ဖြစ်လာနိုင်ကြောင်း သိနေခဲ့၏။

သူက ချီတိုင်းပြည်သို့သွားရန် အချိန်မဖြုန်းချင်တော့သည့်အတွက် အမတ်ကြီးဟွမ်ကို ကျေးဇူးတင်စကားပြောပြီး ကံကြမ္မာအမှတ် (၂၅၀၀) သုံး၍ ပြန်လာလိုက်သည်။

"ငါ ပြန်လာခဲ့မယ်…"

မုန့်ချီက အဝေးတွင်ရှိနေသော ချန်းတိုင်းပြည်ကိုကြည့်ပြီး တစ်ယောက်တည်း ကြုံးဝါးလိုက်လေသည်။

Translated by Hein Htet.

All Chapters