အခန်း (၆၀၅)
Vol. 41 Ch. 605
သံသရာမြေကွက်လပ်၏ ပတ်ပတ်လည်တွင် ရှေးဟောင်းမှော်သားရဲများ၊ ဒဏ္ဍာရီထဲမှ မှော်သားရဲများ၏ ကျောက်ရုပ်ထုများ ပြည့်နှက်နေသည်။ သူတို့က အမြဲတမ်းရှိနေပြီး ခံစားချက်ကင်းမဲ့နေသော သူတို့မျက်လုံးများက မြေကွက်လပ်၏ အလယ်တွင် ရှိနေသော အရာအားလုံးကို ကြည့်နေသလို ထင်ရ၏။
မြေကွက်လပ်၏ အပေါ်ဘက်တွင် ရှိနေသော တိမ်တိုက်များက တဖြည်းဖြည်း နိမ့်ဆင်းလာခဲ့သည်။ မြေပြင်ပေါ်သို့ အလင်းတိုင်လုံးကြီးတစ်ခု ကျဆင်းလာပြီးနောက် လူ(၅)ယောက် ပေါ်လာခဲ့၏။
မုန့်ချီက ခံစားချက်များ လှုပ်ရှားနေရာမှ ပြန်ကောင်းလာသည့်အချိန်တွင် သံသရာအရှင်သခင်၏အသံကို ကြားလိုက်ရသည်။
“ချန်းတိုင်းပြည်က ပျက်စီးမှုတွေ ကြုံခဲ့ရတယ်။ မင်းတို့ရဲ့သင်ကြားမှုတွေဖြစ်တဲ့ ဘက်မလိုက်တဲ့ ချစ်ခြင်းမေတ္တာတရားကို ကောင်းမွန်စွာ အသုံးမပြုနိုင်ကြဘူး။ မင်းတို့က မင်းတို့ရွေးချယ်ထားတဲ့ သင်ကြားမှုတွေကိုလည်း ပြည့်ပြည့်ဝဝ ပြန့်နှံ့အောင် မလုပ်နိုင်ခဲ့ဘူး။ တစ်ယောက်ချင်းဆီကနေ ကံကြမ္မာအမှတ် ၂၅၀၀ ဆီနှုတ်မယ်…။ ဘာသုံးသပ်ချက်မှ မရှိဘူး….”
“ငါတို့က (၃)လအတွင်း မိုအတွေးအခေါ်တွေကို ဖြန့်ဝေဖို့အတွက် ရွေးချယ်ခဲ့တယ်။ ငါတို့က အောင်မြင်လုနီးနီး ရောက်ခဲ့တယ်လို့တော့ မှတ်ချက်ပေးသင့်တာပေါ့…”
မုန့်ချီက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်မိပြီး သံသရာအရှင်သခင်၏ စကားသံကို မကျေမနပ် ဖြစ်နေခဲ့သည်။
သူတို့၏ လုပ်ရပ်များက အချည်းနှီး မဖြစ်ခဲ့သော်လည်း ချီတိုင်းပြည်မှ အမတ်ကြီးနှင့် ရင်းနှီးမှုရခဲ့ပြီး ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်နှင့် ပတ်သက်သည့် အကြောင်းအရာ တစ်ခုတည်းကပင် ကံကြမ္မာအမှတ်၏ တန်ဖိုးကို ကျေသွားခဲ့သည်။ ထို့ပြင် မုန့်ချီနှင့် သူ့အဖော်များက ရန်သူပေါင်းများစွာကို သတ်ပစ်ခဲ့သည်။
ကုန်းရန်ကျန့်ကတော့ အလွန်အဆင့်မြင့်လှ၏။ သူက ထူးခြားသော စွမ်းရည်များ ရှိနေသော ပညာရှင်တစ်ယောက် ဖြစ်နေသည့်အပြင် ပိုင်ဆိုင်မှု မြောက်မြားစွာ ရှိနေသော မျိုးနွယ်စုတစ်ခု၏ အရှင်သခင်လည်း ဖြစ်နေခဲ့သည်။ နတ်ဘုရားကမ္ဘာကြီးသို့ သွားရောက်ခဲ့သော သူတို့၏ခရီးလမ်းက ဆုံးရှုံးမှု မရှိသည့်အပြင် အကျိုးအမြတ်များပင် ရခဲ့သေးသည်။
ထို့ပြင် အရေးပါသော အကူအညီများ ပေးနိုင်သည့် လျှို့ဝှက်ရတနာများကြောင့် သူတို့က အသက်ရှင်လာနိုင်ခဲ့ပြီး အလွန်ကြီးမားသော အကျိုးအမြတ်တစ်ခုကို ရရှိခဲ့သည်။ သူတို့က ထိုနတ်ဘုရားကမ္ဘာကြီးထဲ၌ ရှိနေသည့်အချိန်တွင် တိုက်ခိုက်ရေးနည်းလမ်းများကို အသားကျစေရန် လုပ်ဆောင်ခဲ့သည်မှာ ဉာဏ်ကောင်းသွားခဲ့ခြင်းဖြစ်သည်။
မုန့်ချီက သူတို့၏လုပ်ရပ်များကို ပြန်စဉ်းစားနေသည့်အချိန်တွင် စိတ်ပျက်နေသည့် အသံတစ်ခုကို ကြားလိုက်ရ၏။
“ရှောင်မုန့်…
အစောပိုင်းမှာ မင်းပြောခဲ့တဲ့ စည်းမျဉ်း(၃)ခုဆိုတာ ဘာကို ပြောချင်တာလဲ….”
“ဟမ်…”
မုန့်ချီက အသံကြားရာကို ပြန်လှည့်ကြည့်လိုက်ရာ ကျိုးဟမ်က တည်ငြိမ်သော အမူအရာနှင့် သူ့ကို စိုက်ကြည့်နေကြောင်း မြင်လိုက်ရသည်။
မုန့်ချီက ခြောက်ကပ်စွာ ရယ်လိုက်မိ၏။
“အစ်ကိုကျိုး….
ဘာလို့ အသေးစိတ်ကို ဂရုစိုက်နေရတာလဲ…”
ကူကယ်ရာမဲ့နေသော ပုံစံဖြစ်နေသည့် ကျိုးဟမ်ကို ကြည့်ပြီး ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ကလည်း စိတ်ဝင်စားလာကြသည်။
မုန့်ချီကတော့ ချောင်းဟန့်ပြီး အိုးတိုးအမ်းတမ်း အခြေအနေကို ဖြိုခွဲလိုက် သည်။ အရင်ကမ္ဘာမြေမှ အသိဉာဏ်များအရ မုန့်ချီက သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော ဘဝ၊ တန်ဖိုးနှင့် ကမ္ဘာကြီးအပေါ် အမြင်များကို ရှေးဟောင်းဘာသာစကားနှင့် ရှင်းပြလိုက်သည်။
ထိုစကားကို ပြောနေရင်း သူ့ရင်ထဲတွင်တော့ တဒိန်းဒိန်း ခုန်နေခဲ့၏။ သူက အထက်တန်းကို အောင်မြင်ခဲ့သော်လည်း ထိုဘာသာများကို မလေ့လာခဲ့သည့်အတွက် တချို့တိကျသည့် အကြောင်းအရာများကို မေ့လုလုဖြစ်နေပြီး မှတ်မိသည့် သဘောတရားများကိုသာ အားကိုး၍ ပြန်ပြောခဲ့သည်။သို့သော် ထိုကိစ္စကို ကျိုးဟမ် မသိသည့်အတွက် မုန့်ချီက သူ၏အတွေးနှင့် ရောနှော၍ ပြောနိုင်သည်မှာ ကံကောင်းသွားသည်။
ဆွေးနွေးလိုက်ပြီးနောက် ချီကျန်းရန်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါတို့က ဒီတစ်ကြိမ် အကျိုးအမြတ်တွေ အများကြီးရခဲ့တယ်။ တကယ်လို့ ငါတို့က သံသရာအရှင်ဆီမှာ အဲဒီအရာတွေအားလုံးကို လဲလှယ်လိုက်မယ်ဆိုရင် ကံကြမ္မာအမှတ်တွေ တော်တော်လေး ဆုံးရှုံးသွားမှာ စိုးရတယ်…”
ချီကျန်းရန်၏ စကားလုံးက မုန့်ချီ၏ရင်ထဲသို့ မြားတစ်စင်းကဲ့သို့ ဝင်ရောက်လာခဲ့သည်။
“ဟုတ်တယ်။ သံသရာအရှင်သခင်က ဈေးပေါပေါနဲ့ဝယ်ပြီး ဈေးကြီးကြီးနဲ့ ပြန်ရောင်းတဲ့ ဈေးသည်မျိုးပဲ။ ငါတို့က အင်မော်တယ်အဖွဲ့သားတွေဆီကို ရောင်းသင့်လား….”
သို့သော် ထိုအရာများကို ရောင်းချပြီး ကံကြမ္မာများပြန်ရရန် အချိန်လိုအပ်သည်။ ရွမ်ယုရှုနှင့် ချီကျန်းရန်တို့က အဆင့်တက်မည့် အခြေအနေ ရှိနေကြ၏။ အနည်းငယ် နှောင့်နှေးသွားမည်ဆိုလျှင် သူတို့၏တိုးတက်မှုကို နှောင့်ယှက်မိနိုင်သည်။
ထို့ပြင် ယခုအဖွဲ့သားတစ်ယောက်ချင်းဆီတွင် ကံကြမ္မာအမှတ် ၃၀၀ ဆီသာရှိနေပြီး သူတို့က နောက်ထပ်တာဝန်အတွက် အချက်အလက်များ လဲလှယ်ရန်လည်း လိုအပ်နေသေးသည်။ ထို့ပြင် မုန့်ချီက အင်မော်တယ်စခန်းမှ ရောင်းချသည့် ပစ္စည်းများကို သူ့အဖွဲ့သားများက ရရှိရန်အတွက် ပစ္စည်းများနှင့် လဲလှယ်ရပါလိမ့်မည်။
ထိုသို့ဆိုလျှင် ကျိုးဟမ်က သူနှင့် အင်မော်တယ်အဖွဲ့၏ ပတ်သက်မှုကို သိသွားနိုင်သည်။ တချို့အရာများက အဖွဲ့အစည်း၏ စည်းမျဉ်းများနှင့် ဆန့်ကျင်နေနိုင်သည်။
ရုတ်တရက်ဆိုသလို အလွန်အေးစက်ပုံရသော ရွမ်ယုရှုက မုန့်ချီ၏ စကားကို ဖြတ်၍ပြောလိုက်သည်။
“ငါတို့က အသုံးဝင်တဲ့ပစ္စည်းတွေကို သူတို့ရဲ့တန်ဖိုးအတိုင်း ရွေးယူလို့ရတယ်လေ…”
မုန့်ချီက အံ့ဩသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက ထိုအတွေးမျိုး လုံးဝမတွေးမိခဲ့သောကြောင့်ဖြစ်၏။ သူက လက်ခုပ်တီးလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
“အဲဒါအကြံကောင်းပဲ…”
အကယ်၍ သူတို့ကသာ ထိုပစ္စည်းများကို အရင်ဆုံး ရွေးချယ်လိုက်မည်ဆိုလျှင် သံသရာအရှင်သခင်ဆီ၌ ဆုံးရှုံးမှုအမြောက်အများ မရှိနိုင်တော့ပေ။ သူတို့က ပစ္စည်းများကို ရွေးချယ်ပြီးမှ တခြားအရာများကို အမှတ်အတွက် လဲလှယ်၍ ရနိုင်သည်။
ကျန်းကျိဝေနှင့် ကျိုးဟမ်တို့ကပင် ရွမ်ယုရှု၏ ဉာဏ်ကောင်းမှုကို ချီးကျူးလိုက်ကြသည်။ ရွမ်ယုရှုကတော့ တည်ငြိမ်သယောင်ဖြစ်နေပြီး သူက အနည်းငယ် ခေါင်းငုံ့ထားသည်။ သို့သော် သူမ၏မျက်နှာပေါ်တွင် ဝမ်းသာမှုများကို အထင်းသား တွေ့နေရသည်။
သဘောတူထားသည့်အတိုင်း သူတို့က မြေကွက်လပ်၏ အလယ်တွင် ပစ္စည်းများကို စုပုံလိုက်သည်။ ဆရာတူ ညီအစ်ကိုနှစ်ယောက်ဆီမှ သူတို့ယူထားခဲ့သော တောင်တန်းမြစ်မြေပုံအတုနှင့် နတ်ဆိုး၏ခန္ဓာကိုယ်ထဲမှ ကျလာသော မတ်မွန်သစ်ကိုင်းတစ်ခု၊ လေဟာနယ်လက်စွပ်တစ်ကွင်းနှင့် ကင်းခြေများ မျက်လုံးအပါအဝင် ရှားပါးတွင်းထွက်ပစ္စည်းများ၊ ကုန်းရန်သန်း၏ သိုလှောင်အိတ်နှင့် ကုန်းရန်ပေါင်၏ သိုလှောင်လက်စွပ်ထဲရှိ အဖိုးတန်လက်နက်များ၊ လျှို့ဝှက်ရတနာများ၊ ရှားပါးတွင်းထွက်ပစ္စည်းများနှင့် ဆေးရည်များ ရှိနေသည်။ သို့သော် ထိုပစ္စည်းများကတော့ အလွန်အဆင့်နိမ့်၏။
ရှန့်ယင်မြို့၏အကျဉ်းထောင်ကို စောင့်ကြည့်နေသော ဝေ့ကျင်းအဆင့် အစောင့်နှစ်ယောက်၏ သိုလှောင်အိတ်နှင့် အဖိုးတန်လက်နက်များ၏ တန်ဖိုးကလည်း ကုန်းရန်သန်းထက်ပင် နိမ့်ကျသေးသည်။
ကုန်းရန်ကျန့်၏ လေဟာနယ် လက်စွပ်ထဲတွင်တော့ သက်တမ်းကြာ ရွှေအဆီအနှစ်နှင့် တခြားတွင်းထွက်ပစ္စည်းများ၊ ဆေးပင်များ၊ ဆေးရည်တချို့၊ တိမ်ဖောက်လှံနှင့် သွေးမကောင်းဆိုးဝါးဓားတို့က အဆင့်မြင့် အဖိုးတန်လက်နက်များဖြစ်ကြသည်။ ထို့ပြင် ကောင်းကင်(၅)သွယ်အဆင့် ငါးရောင်ခြယ်ကျောက်တုံး၊ မြေအောက်ရွှေအလင်းတန်း အဆောင်၊ ကောင်းကင်(၄)သွယ်အဆင့်ရှိ လေးရောင်ခြယ်ပုလွေနှင့် မျက်မမြင်ပုလဲလုံးဟုခေါ်သော အဖိုးတန်လက်နက်(၄)ခုလည်း ရှိနေသေးသည်။
ကျိုးဟမ်က သူတို့၏ရှေ့တွင် ရှိနေသော ပစ္စည်းများ၏ တန်ဖိုးကို လျင်မြန်စွာ တွက်ချက်ကြည့်လိုက်၏။
“တကယ်လို့ ငါတို့ကသာ ကုန်းရန်ကျန့်ကို မသတ်နိုင်ခဲ့ရင် ဒီတစ်ကြိမ် နည်းနည်းလေးတော့ ဆုံးရှုံးရလိမ့်မယ်….”
သူက ပြောလိုက်သည်။
အနည်းငယ် ဆုံးရှုံးသည်ဟု ပြောသည်မှာ သူတို့၏အဖိုးတန်လက်နက်များ၊ တာဝန်မအောင်မြင်မှုကြောင့် ဆုံးရှုံးလိုက်သော ကံကြမ္မာအမှတ်များကို ရည်ညွှန်းပြီး ပြောလိုက်ခြင်းဖြစ်၏။ သူတို့၏ပစ္စည်းများနှင့် အမှတ်များ၏တန်ဖိုးက တာဝန်မတိုင်မီအချိန်ကထက် လျော့ကျနေခြင်း မရှိချေ။
မုန့်ချီကတော့ ပြုံးလိုက်သည်။
“ဒါပေမဲ့ ကုန်းရန်သန်းရဲ့ ပစ္စည်းတွေနဲ့တင် ကျွန်တော်တို့က အနည်းဆုံး ကံကြမ္မာအမှတ် (၅၀၀၀) လောက်ရပြီလေ။ တကယ့်ကို ဝဖီးနေတဲ့ သိုးတစ်ကောင်ကို သတ်မိခဲ့တာပဲ…”
မုန့်ချီကတော့ သံသရာကမ္ဘာကြီးထဲတွင် ဆိုးသွမ်းသော အတွေ့ကြုံများနှင့်အတူ သေခြင်းတရားပေါင်းစုံကို ရင်ဆိုင်ခဲ့ဖူးသည်။ သို့သော် ချန်းဘုရင်ကို ဆန့်ကျင်ခဲ့သူများကို သူ့လက်နှင့် သုတ်သင်ခဲ့သည့် အကျိုးအမြတ်က သူ့အတွက် အဆင်ပြေသွားစေခဲ့၏။
အပြစ်ရှိသလို ခံစားချက်နှင့် နောင်တ တရားများက သူ့ကို လုံးဝထိန်းချုပ်ခွင့်မပေးခဲ့ပေ။ ထိုအရာက ပြတ်သားမှုနှင့် စိတ်ဝိညာဉ်စွမ်းအားကို စမ်းသပ်ခြင်းဖြစ်ပြီး သိုင်းပညာကျင့်ကြံသူများက နောက်ထပ်ဝေ့ကျင်းအဆင့် လှေကားများကို ဖြတ်ကျော်ရန်အတွက် ထိုအချက်များ လိုအပ်သည်။
ခံစားချက်များကို မထိန်းချုပ်နိုင်သော သူများက သံသရာခရီးစဉ်များ အတောအတွင်း ကျရှုံးသွားရပေလိမ့်မည်။ သူတို့က စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများထဲ၌ ထာဝရ ပိတ်မိနေလိမ့်မည် ဖြစ်၏။
ရွမ်ယုရှုက သဘာဝကျောင်းဆောင်နှင့် ရရှိခဲ့သည့် ပစ္စည်းများကို ထုတ်လိုက်သည်။ ထိုအရာကို နောက်ထပ်တစ်ကြိမ် အသုံးပြုနိုင်သေး၏။ ထို့နောက် သူမက မုန့်ချီကို ကြည့်ပြီး ပြောလိုက်သည်။
“နင်က ဒီတာဝန်မှာ အမှတ်အရရော ကြိုးစားမှုအရရော အများဆုံးပဲ။ ဒီတော့ နင်အရင်ဆုံး ရွေးလိုက်လေ…”
ရွမ်ယုရှုက စဉ်းစားနေခြင်းမရှိဘဲ ပြောလိုက်သည်။ ကျန်းကျိဝေ၊ ကျိုးဟမ်နှင့် ချီးကျန်းရန်တို့ကလည်း ခေါင်းညိတ်သဘောတူလိုက်ကြသည်။
မုန့်ချီကလည်း ဟန်ဆောင်မနေတော့ပဲ ရှေ့သို့ တက်လာခဲ့သည်။ သူက ပစ္စည်းများကို အကြမ်းဖျင်းကြည့်လိုက်ပြီး တစ်ခုကို ရွေးချယ်လိုက်သည်။ ထိုအရာကတော့ တောင်တန်းမြစ်မြေပုံ ရတနာဖြစ်သည်။ ထိုရတနာ၏ စွမ်းရည်က စိတ်ဝိညာဉ်လှုပ်ခါခြင်းခေါင်းလောင်းကို ယှဉ်နိုင်သည်။
မြေပုံကို နောက်ထပ်တစ်ကြိမ်သာ အသုံးပြုနိုင်တော့သော်လည်း ကံကြမ္မာအမှတ် (၆)ထောင်တန်ကြေး ရှိနေသေးသည်။ သူ၏လက်ရှိရတနာ စုဆောင်းမှုအရ တိုက်ခိုက်မှုအရရော ခုခံမှုအရရော လုံလောက်သွားပြီ ဖြစ်ကြောင်း မုန့်ချီက ယုံကြည်နေခဲ့သည်။ ထိုအရာက သူ့အတွက် ယုံကြည်မှု ရှိစေရန် တခြားစွမ်းရည်အပိုတစ်ခု ဖြစ်သည်။
သူက အလွန်ထူးခြားသော စွမ်းရည် ရှိနေသော ရတနာတစ်ခုကိုသာ လိုအပ်သည်။ ထို့ကြောင့် မြေအောက်ရွှေအလင်းတန်းအဆောင်၊ လေးရောင်ခြယ်ပုလွေနှင့် တောင်တန်းမြစ်မြေပုံကိုသာ ရွေးချယ်ရန် ကျန်တော့၏။ သူ၏ရွေးချွယ်မှုက ထင်ရှားနေ၍လည်း မရချေ။ တောင်တန်းမြစ်မြေပုံက တိုက်ပွဲထဲတွင် အရေးပေါ်အခြေအနေ၌ သူ့ကို ကူညီပေးနိုင်သည်။
ကုန်းရန်ကျန့်နှင့် သူ့သားကို ပြန်ပေးဆွဲခဲ့သည်မှာ ထိုမြေပုံ၏စွမ်းရည်ကို စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ထိုအရာမရှိလျှင် မုန့်ချီ၏အစွမ်းအရ သူ့အဖော်များ၏ အကူအညီရှိလျှင်ပင် ကုန်းရန်ကျန့်ကို သတ်ဖြတ်ရန် မလုံလောက်ချေ။ အနည်းငယ် နှေးကွေးသွားမည်ဆိုလျှင် သူတို့၏အစီအစဉ်က ပျက်စီးသွားနိုင်ပြီး ကုန်းရန်ကျန့်က လွတ်မြောက်သွားနိုင်သည့်အပြင် သူ၏စစ်ကူများ ရောက်လာနိုင်သည်။
ထို့ကြောင့် မုန့်ချီက မြေပုံကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ထိုအရာက တန်ဖိုးအရှိဆုံးအရာလည်း ဖြစ်၏။ မုန့်ချီက မြေပုံကို သိမ်းလိုက်ပြီး ကျန်းကျိဝေကို အပြုံးနှင့် ပြောလိုက်သည်။
“နင့်အလှည့်ပဲ။နင်က ဘယ်လိုတန်ဖိုးပဲရှိရှိ ကြိုက်တဲ့အရာတစ်ခုကို ယူလို့ရတယ်…”
ကျန်းကျိဝေက မက်မွန်သစ်ကိုင်း၊ သက်တမ်းကြာ ရွှေအဆီအနှစ်တစ်ခုနှင့် အနီရောင်ဓားသွား ဆေးပင်တစ်ခုကို ယူလိုက်သည်။ ထိုအရာများ၏ စုစုပေါင်းတန်ဖိုးက ကံကြမ္မာအမှတ် (၅၅၀၀) ရှိသည်။ မုန့်ချီ ရွေးချယ်နေစဉ် အတောအတွင်း သူမက ဆုံးဖြတ်ထားခြင်းဖြစ်၏။
“ဒါတွေအားလုံးက လက်နက်သန့်စင်ဖို့အတွက် အသုံးပြုနိုင်တယ်။ငါက ငါ့ရဲ့လက်နက်ကို အဆင့်မြှင့်ဖို့အတွက် စဉ်းစားနေတာ…”
သူမက ရွေးချယ်လိုက်ပြီးနောက် ပြောလိုက်သည်။
ကျန်းကျိဝေက တတိယ ကောင်းကင်ဝေ့ကျင်းအဆင့်ကို ရောက်နေပြီး သူမ၏ နေဖောက်သက်တန့်ဓားကတော့ အလယ်အလတ် အဖိုးတန်လက်နက်အဆင့်သာ ရှိနေသေးသည်။
“အချိန်ကျနေပြီပဲ…။ ငါ့ရဲ့ရေလှိုင်းမီးတောက်ဓားကတော့ အဆင့်မြင့် အဖိုးတန်လက်နက်အဆင့်ကို ရောက်နေတာ နည်းနည်းကြာနေပြီ…”
မုန့်ချီက အပြုံးနှင့် မှတ်ချက်ပေးလိုက်သည်။
မုန့်ချီက တာဝန်လုပ်ဆောင်နေစဉ် ရေလှိုင်းမီးတောက်ဓားကို သုံးခဲ့သည့်အတွက် ဝေ့ကျင်းအဆင့် ပညာရှင်များ၏ သွေးများ သောက်ခဲ့ရသည်။ သို့သော် သူ့ဓားမောက်၏ အစွမ်းကတော့ သူ မျှော်လင့်ထားသလို လျင်မြန်စွာ တိုးတက်လာခဲ့ခြင်း မရှိချေ။
ထိုအရာကလည်း သိပ်မကြာခင် အတောအတွင်း အသုံးမပြုခဲ့ခြင်းကြောင့် ဖြစ်နိုင်သလို ထိုဓားမောက်က သွေးသောက်ပြီး တိုက်ခိုက်ရန် မုန့်ချီ၏ စိတ်ဆန္ဒနှင့် မကိုက်ညီခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ မည်သို့ဖြစ်စေကာမူ ဓားဆီမှ ထွက်လာသော အပူရှိန်ကတော့ ပို၍ နက်ရှှိုင်းလာပြီး ဓားသွားဆီမှနေ၍ ကြောက်စရာကောင်းသည့် အငွေ့အသက်များ ထွက်လာခဲ့သည်။
ထို့နောက် ရွမ်ယုရှုက ရှားပါးတွင်းထွက်ပစ္စည်း (၄)မျိုးကို ရွေးချယ်လိုက်သည်။ ထိုအရာများ အားလုံးက သူတို့၏တာဝန်မတိုင်မီ သံသရာအရှင်သခင်ဆီ သူမလဲလှယ်ခဲ့သော အရာများနှင့် တစ်ထပ်တည်းဖြစ်၏။ သူမက အဆင့်တက်ရန် လက်တစ်ကမ်းသာ လိုတော့သည့်အတွက် ထိုပစ္စည်းများက သူမ၏တိုးတက်မှုတွင် ကူညီပေးနိုင်ပြီး သူမက အကြီးအကဲများဆီမှ နောက်ထပ်တောင်းဆိုရန် ခက်ခဲသည်။
ထိုအရာများကို အနီးကပ်ကြည့်နေခြင်းမရှိဘဲ ချီကျန်းရန်ကတော့ မြေအောက်ရွှေအလင်းတန်းအဆောင်ကို ရွေးချယ်လိုက်သည်။ ထိုပစ္စည်းက သံသရာအရှင်သခင်၏ စစ်ဆေးမှုအရ ကံကြမ္မာအမှတ် (၅၀၀၀) နီးပါးခန့် တန်ကြေးရှိသည်။ ထိုအရာက သူ ထွက်ပြေးနိုင်စေရန် ကူညီနိုင်သော အရာတစ်ခုလည်း ဖြစ်၏။
ကျိုးဟမ်က ပစ္စည်းများကို ကြည့်ပြီး ရွေးချယ်ရန် စဉ်းစားနေခဲ့သည်။ ထို့နောက် သူက သဘာဝကျောင်းဆောင်နှင့် စိတ်အခြေအနေကို တည်ငြိမ်စေနိုင်သော ဆေးရည်တစ်ခုကို ရွေးချယ်လိုက်သည်။ ထိုအရာများက စုစုပေါင်းကံကြမ္မာအမှတ် (၅၀၀၀) နီးပါးဖြစ်၏။
အဆုံးတွင်တော့ သူတို့၏ ပထမတစ်ကြိမ်ရွေးချယ်မှု အဆုံးသတ်သွားခဲ့ပြီး ကျန်းကျိဝေက မုန့်ချီကို ကြည့်ပြီးပြောလိုက်သည်။
“နောက်တစ်ကြိမ် နင့်အလှည့်ကို ပြန်ရောက်ပြီ…”
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိပြီး ရွေးချယ်မှုကို စဉ်းစားနေခဲ့သည်။ သူက ခြေလက်အပိုများ ထွက်ပေါ်လာလျှင် အသုံးပြုရန်အတွက် ဓားတစ်လက် လိုအပ်နေသည်။ သွေးမကောင်းဆိုးဝါးဓားက အဆင့်မြင့် အဖိုးတန် လက်နက်တစ်ခုဖြစ်ပြီး သူ၏လိုအပ်ချက်အတွက် ကိုက်ညီနေသည်။
ထိုသို့ဆိုရာတွင် ထိုဓားက သွေးဆာမှုများ ပြည့်နှက်နေခဲ့သည်။ ထိုအရာက မကောင်းဆိုးဝါး ဓားတစ်လက်ဖြစ်ပြီး သူနှင့် ကိုက်ညီမှု မရှိချေ။ တဖက်တွင်တော့ ငါးရောင်ခြယ်ကျောက်တုံးနှင့် လေးရောင်ခြယ်ပုလွေတို့က အသုံးဝင်သော ရတနာများ မဟုတ်သေးပေ။ ထို့ကြောင့် သူက ပစ္စည်းကိုရွေးချယ်ရမည့်အစား စဉ်းစားနေခဲ့သည်။
နောက်ဆုံးတွင်တော့ သူက သက်ပြင်းချပြီး ပြောလိုက်၏။
“အခုတော့ ငါက မရွေးသေးဘူး…။ ပြီးမှပဲ အမှတ်နည်းနည်းလောက်ယူတော့မယ်။ ငါက ကံကြမ္မာအမှတ်တွေကို အလွယ်တကူ မသုံးချင်ဘူး..”
သူက ပြုံးလိုက်ပြီးနောက် သူ့နောက်လိုက်များကို ရောင်းချရန် ကမ်းလှမ်းထားသော လေဟာနယ်လက်စွပ်က ရှိနေသေးကြောင်း နားလည်သွားခဲ့သည်။ ထို့ကြောင့် ယွမ်ရန်နှင့် သူ့အဖော်များက ကံကြမ္မာအမှတ် အပိုမရှိသေးကြောင်း ပြသနေခဲ့သည်။
မုန့်ချီ၏ ဆုံးဖြတ်ချက်ကိုကြားသည့်အခါ ကျန်းကျိဝေ၊ ရွမ်ယုရှုနှင့် ကျိုးဟမ်တို့က ပစ္စည်းများကို ကြည့်လိုက်ကြသည်။ ခဏကြာတိတ်ဆိတ်နေပြီးနောက် ချီကျန်းရန်က ပြောလိုက်သည်။
“ငါတို့က ကျန်တဲ့ပစ္စည်းတွေကို သံသရာအရှင်သခင်ဆီမှာ တန်ဖိုးတွက်ခိုင်းလိုက်ပြီး အမှတ်တွေ လဲလိုက်ရင် မကောင်းဘူးလား…။ ပြီးမှ ငါတို့က အမှတ်တွေခွဲပြီး သံသရာအရှင်သခင်ဆီကနေ ငါတို့လိုချင်တဲ့ပစ္စည်းတွေနဲ့ လဲလှယ်ဖို့ ဆုံးဖြတ်ကြမယ်။ ကျန်တဲ့အမှတ်တွေကို ငါတို့ အညီအမျှခွဲကြတာပေါ့…”
“အရမ်းကောင်းတယ်….အဲဒါက အကောင်းဆုံးပဲ…”
ကျန်းကျိဝေနှင့် မုန့်ချီတို့က သဘောတူလိုက်ကြသည်။ အကယ်၍ သူတို့အားလုံးကသာ ထိုပစ္စည်းပုံကြီးထဲမှ ပစ္စည်းတစ်ခုဆီကို ရွေးချယ်နေရမည်ဆိုလျှင် အတော်လေး ပြဿနာများနိုင်သည်။
သူတို့(၅)ယောက်က ကျန်ရှိနေသော ပစ္စည်းများကို အလင်းတိုင်လုံးထဲသို့ ပို့လိုက်ပြီး စစ်ဆေးကြည့်စေခဲ့သည်။
“ငါးရောင်ခြယ် ကျောက်တုံးအတု….
ကောင်းကင်(၅)သွယ် ဝေ့ကျင်းအဆင့် လျှို့ဝှက်ရတနာတစ်ခု။ ဒီကျောက်တုံးက ရောင်စုံအလင်းတန်းတွေ ထုတ်လွှတ်နိုင်ပြီး ရန်သူရဲ့မျက်နှာကို ဝေဝါးသွားစေနိုင်တယ်။ ကံကြမ္မာအမှတ် (၅၁၀၀) တန်ကြေးရှိတယ်။ ကံကြမ္မာအမှတ် (၄၀၀၀) နဲ့ လဲလို့ရတယ်..”
“လေးရောင်ခြယ် ပုလွေအတု…
ကောင်းကင်(၄)သွယ် ဝေ့ကျင်းအဆင့် လျှို့ဝှက်ရတနာတစ်ခု။ ကံကြမ္မာအမှတ် (၄၃၀၀) တန်ကြေးရှိတယ်။ ကံကြမ္မာအမှတ် (၃၂၀၀) နဲ့ လဲလို့ရတယ်..”
“မျက်မမြင်ပုလဲလုံးအတု…
ကောင်းကင်(၄)သွယ်ဝေ့ကျင်းအဆင့် လျှို့ဝှက်ရတနာတစ်ခု။ ကံကြမ္မာအမှတ် (၄၂၀၀) တန်ကြေးရှိတယ်။ ကံကြမ္မာအမှတ် (၃၁၀၀)နဲ့ လဲလို့ရတယ်..”
သံသရာအရှင်သခင်က ပစ္စည်းများကို စစ်ဆေးပေးနေသည့်အချိန်တွင် မုန့်ချီနှင့် သူ့မိတ်ဆွေများက တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ သံသရာအရှင်သခင်က လျှို့ဝှက်ရတနာများနှင့် ဆေးပင်များကို အမှတ်များများ ပို၍ကမ်းလှမ်းတတ်သည်။ မက်မွန်သစ်ကိုင်းနှင့် လေဟာနယ်လက်စွပ်အပါအဝင် ပစ္စည်းများကို ကံကြမ္မာအမှတ် (၄၆၀၀) ဖြစ်ပြီး ကုန်းရန်ကျန့်နှင့် ကုန်းရန်ပေါင်တို့၏ ပစ္စည်းများ အားလုံး ကံကြမ္မာအမှတ် (၁၂၀၀၀) ရှိသည်။
အကျဉ်းထောင် အစောင့်နှစ်ယောက်ဆီမှ ရရှိလာသော ပစ္စည်းများကတော့ ကံကြမ္မာအမှတ် (၉၀၀၀) ခန့် ရှိသည်။ ကုန်းရန်ကျန့်ဆီမှ ကျန်နေသော ပစ္စည်းများ ပေါင်းလိုက်မည်ဆိုလျှင် သူတို့၏အကျိုးအမြတ်က စုစုပေါင်း ကံကြမ္မာအမှတ် (၄၉၀၀၀) ခန့်ရှိသည်။
တစ်ဖွဲ့လုံးဆီမှ အမှတ်(၁၀၀) အနှုတ်ခံထားရသည့်အတွက် မုန့်ချီနှင့် သူ့အဖော်များက တစ်ယောက်လျှင် ကံကြမ္မာအမှတ် ၉၇၈၀ ဆီ ရခဲ့သည်။ ချီကျန်းရန်က ငါးရောင်ခြယ် ကျောက်တုံးကို ယူခဲ့သည့်အတွက် သူက ကံကြမ္မာအမှတ် (၅၇၈၀) သာရခဲ့ပြီး၊ ရွမ်ယုရှုကတော့ လေးရောင်ခြယ်ပုလွေကို ယူခဲ့သည့်အတွက် ကံကြမ္မာအမှတ် (၆၅၈၀) ရခဲ့သည်။ ကျိုးဟမ်ကတော့ မျက်မမြင်ပုလဲလုံးကို ယူခဲ့ပြီး ကံကြမ္မာအမှတ် (၆၅၈၀) ရခဲ့သည်။
မုန့်ချီနှင့် ကျန်းကျိဝေတို့ကတော့ ကောင်းကင်(၄)သွယ်ဝေ့ကျင်းအဆင့်ရှိသော မည်သည့်ပစ္စည်းကိုမျှ မရွေးချယ်ခဲ့သည့်အတွက် ကံကြမ္မာအမှတ် (၉၇၈၀)ဆီ ရရှိခဲ့သည်။
“နင်က ခေါင်းထဲမှာ တစ်ခုခု တွေးနေတာလား…”
ကျန်းကျိဝေက မုန့်ချီကို အပြုံးနှင့် မေးလိုက်သည်။
မုန့်ချီက ချက်ချင်း လဲလှယ်ရန်အတွက် တစ်စုံတစ်ခု လိုအပ်နေကြောင်း သူမက သိလိုက်သည်။ အထူးသဖြင့် သူက သံသရာအရှင်သခင် ဆီတွင် ပစ္စည်းတစ်ခု ရွေးချယ်ထားပြီးသား ဖြစ်နိုင်၏။
“ဟုတ်တယ်…. အဲဒါက ဓားသိုင်းပညာတစ်ခုလေ…”
မုန့်ချီက ပြုံးလိုက်သည်။
“ဓားသိုင်းပညာလား…”
သူမကတော့ လက်နက်အကြောင်း ပြောမည်ဟု တွေးထားခဲ့၏။
“ဒီကိုရင်လေး စိတ်ဝင်စားနေတဲ့ ဓားသိုင်းပညာက ဘာလဲ။ သူက တော်တော်လေး ဂျီးများတယ်။ ပြီးတော့ သံသရာအရှင်သခင်ရဲ့ကျင့်စဉ်တွေထဲမှာ ကောက်ရိုးပုံထဲက အပ်ရှာသလို တန်ဖိုးရှိတဲ့အရာတွေကို ရွေးထုတ်နိုင်တယ်…”
“အဲ့ဒါက ရိုးရှင်းပေမဲ့ ရှုပ်ထွေးတဲ့ ဓားသိုင်းပညာတစ်ခုပါပဲ။ ဝေ့ကျင်းအဆင့် ဓားသိုင်းပညာတစ်ခုလေ။ သိုင်းကွက်(၃)ကွက်ပဲ ပါတယ်…”
မုန့်ချီက အလင်းတိုင်လုံးရှိရာကို လှည့်ကြည့်လိုက်သည်။
“သူတို့တွေကတော့ အန္တရာယ်ဓားကွက်၊ သုတ်သင်ရေးဓားကွက်နဲ့ ဓားတစ်သောင်းပြန်လာခြင်း ဓားကွက်တို့ပဲ…”
သူက ထိုအရာကို စောင့်နေသည်မှာ ကြာခဲ့ပါပြီ။ ထိုအရာက ဓားရှည်(၃)သွယ်၊ ဓားမောက်(၃)သွယ်၊ စိတ်ဝိညာဉ်(၃)သွယ်ထဲမှ ဓားရှည်(၃)သွယ်ဓားသိုင်းဖြစ်သည်။ ဓားမောက်(၃)သွယ်၊ စိတ်ဝိညာဉ်(၃)သွယ် အခြေအနေက သူ၏ဓားရှည်နှင့် ဓားမောက်ကို ပေါင်းစပ်ရသည့် သိုင်းပညာတစ်ခုဟုလည်း သတ်မှတ်နိုင်သည်။
လက်ရှိအခြေအနေတွင် မုန့်ချီက ဓားရှည်နှင့် ဓားမောက်ကို နှစ်မျိုးလုံး ကျွမ်းကျင်လာအောင် လုပ်ဆောင်ချင်နေသည်။ ထိုအရာက လက်ရှိအချိန်တွင် သူ၏ ဓားရှည်သိုင်းပညာ ကျွမ်းကျင်မှုကို သိသိသာသာ မြှင့်တင်ပေးနိုင်၏။
မုန့်ချီ၏ စကားကြောင့် ကျန်းကျိဝေက အံ့ဩသွားခဲ့သည်။ သူမက ထိုကျင့်စဉ်ကို စာရင်းထဲတွင် ရှာဖွေကြည့်လိုက်ရာ မုန့်ချီပြောခဲ့သော အရာကို တွေ့လိုက်ရသည်။
“ဓားရှည်(၃)သွယ်…”
သူမက ဖော်ပြချက်များကို သေချာဖတ်ကြည့်နေခဲ့သည်။ ထိုအရာက ကံကြမ္မာအမှတ် (၈၈၀၀) တန်ကြေးရှိပြီး ဝေ့ကျင်းအဆင့် ဓားသိုင်းပညာများအားလုံးထဲတွင်ပင် အလွန်အန္တရာယ်များသည်ဟု သတ်မှတ်နိုင်သည်။
Translated by Hein Htet.