အခန်း (၆၀၆)
Vol. 41 Ch. 606
“ဒါက ကောင်းမယ်ထင်တယ်…။ နင် ကျွမ်းကျင်သွားတဲ့အချိန်ကျရင် ငါတို့အချင်းချင်း လက်ရည်စမ်းကြည့်ကြတာပေါ့…”
ကျန်းကျိဝေက သူမကို ပေးထားသော သိုင်းကျင့်စဉ်များကို ပြည့်ပြည့်ဝဝ နားလည်နိုင်ခြင်း မရှိသေးချေ။ သူမက လက်ရည်စမ်းနေစဉ် အတောအတွင်း တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိရန် မျှော်လင့်နေခဲ့သည်။
မုန့်ချီကလည်း စဉ်းစားနေခြင်းမရှိဘဲ အလယ်တွင် ရှိနေသော အလင်းတိုင်လုံးကြီးဆီသို့ ချဉ်းကပ်သွားခဲ့သည်။ သူက အပေးအယူ လုပ်ဆောင်လိုက်၏။ ထိုအချိန်တွင် အလင်းတန်းတစ်ခု တောက်ပလာခဲ့သည်။ အပြာရောင်သိုင်းကျမ်းငယ်လေးတစ်ခုက မုန့်ချီ၏ လက်ထဲတွင် ပေါ်လာခဲ့၏။
မုန့်ချီကတော့ ထိုစာအုပ်လေးဆီမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုကို ခံစားမိနေခဲ့သည်။ အတွင်းထဲတွင် ရေးသားထားသော စကားလုံးတိုင်းက အလွန်ထက်မြတ်သော ဓားတစ်လက်နှင့် ပေါင်းစပ်ထားသလို ထင်ရသည်။ သူက ထိုသိုင်းကျမ်းစာအုပ်၏ စာမျက်နှာများကို အေးအေးဆေးဆေး လှန်လှောကြည့်ရှုနေခဲ့ပြီး လဲလှယ်မှုကို အဆုံးသတ်လိုက်၏။ သူ့ဆီတွင် ကံကြမ္မာအမှတ် (၉၈၀) ကျန်နေခဲ့သည်။
ကျန်းကျိဝေက လှုပ်ရှားနေသော မြူခိုးများထဲသို့ ဝင်သွားခဲ့ပြီး နေဖောက်သက်တန့်ဓား၊ မက်မွန်သစ်ကိုင်း၊ သက်တမ်းရှည် ရွှေအဆီအနှစ်နှင့် အနီရောင်ဓားသွား ဆေးပင်တို့ကို အလင်းတိုင်လုံးထဲသို့ ထည့်လိုက်ပြီး သူမ၏ဓားကို သန့်စင်လိုက်သည်။
ထိုအချိန်တွင် အလွန်တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး မုန့်ချီတို့ အဖွဲ့သားများ အားလုံးက ဖြူဖွေးသွားသလို ခံစားလိုက်ရသည်။ အလွန်တောက်ပသော အလင်းရောင်များ ပျောက်ကွယ်သွားသည့် အချိန်တွင် အသစ်ဖန်တီးထားခဲ့သော နေဖောက်သက်တန့်ဓားကို ကျန်းကျိဝေ၏ လက်ထဲတွင် မြင်လိုက်ရသည်။
ထိုဓားက သူမ၏လက်ထဲတွင် အလွန်အန္တရာယ်များနေသလို ခံစားနေရပြီး ဓားသွားဆီမှ ထွက်ပေါ်လာသည့် အေးစက်စက် အငွေ့အသက်များက ကောင်းကင်ကိုပင် နှစ်ပိုင်းခွဲပစ်တော့မလို ထင်မှတ်ရသည်။ မကောင်းဆိုးဝါးများ၊ စိတ်ဝိညာဉ်များကို တားဆီးနိုင်သော ကြောက်စရာ အငွေ့အသက်တစ်ခုလည်း ရှိနေခဲ့သည်။
“ဒါက အဆင့်မြင့်ဆုံး အဖိုးတန်လက်နက်အဆင့်ကိုတောင် ရောက်ခါနီးနေပြီ။ ငါက ဒီဓားနဲ့ အသားကျဖို့ အချိန်နည်းနည်းပဲ ပေးရလိမ့်မယ်….”
ကျန်းကျိဝေက ဝမ်းသာအားရ ပြောလိုက်သည်။
ထိုဓားအဆင့်မြှင့်တင်မှုအတွက် ကံကြမ္မာအမှတ် (၆၀၀) သာ ကုန်ကျသော်လည်း ပစ္စည်းသီးသန့်ကပင် ကံကြမ္မာအမှတ် (၅၀၀၀)နီးပါးခန့် ရှိသည်။ လူအများစုကတော့ သံသရာအရှင်သခင်ဆီမှ အဆင့်မြင့် အဖိုးတန်လက်နက်အသစ်တစ်ခုကိုသာ လဲလှယ်ကြမည်ဖြစ်သည်။ မည်သို့ဖြစ်စေကာမှု အမှတ်နှင့် ပါဝင်ပစ္စည်းများကို ရှာဖွေပြီး သန့်စင်ခြင်းက အတော်လေး ပြဿနာများသည်။
သို့သော် နေဖောက်သက်တန့်ဓားက သူမအတွက် သစ္စာရှိသော အဖော်တစ်ယောက်ဖြစ်ပြီး သူမ၏ယုံကြည်မှုကို ရရှိထားသော လက်နက်တစ်ခုလည်း ဖြစ်သည်။ အဆင့်မြင့် အဖိုးတန်လက်နက်အဆင့်ကို ရောက်ခါနီးပြီဖြစ်သည့်အတွက် ကျန်းကျိဝေက သန့်စင်နေစဉ် အတောအတွင်း သေချာပေါက် အောင်မြင်စေရန် အမှတ်(၁၀၀၀) ထပ်တိုးပေါင်းထည့်ပေးခဲ့ရသည်။
ကျန်းကျိဝေက မျက်လုံးမှိတ်လိုက်၏။ သူမ၏ ခန္ဓာကိုယ်ထဲမှ အလင်းရောင် အနည်းငယ် ထွက်ပေါ်လာပြီး သူမက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
“ငါ့ဓားရဲ့အကူအညီနဲ့ ငါ့ရဲ့စိတ်ဝိညာဉ်အာရုံခံနိုင်စွမ်းက ပိုပြီးဝေးဝေးကို ရောက်နိုင်ပြီ”
“ဟမ်…”
မုန့်ချီက မှင်တက်သွားမိခဲ့သည်။
ထိုအရာက အဝေးကြည့်မျက်လုံးဆီမှ ရရှိခဲ့သော မက်မွန်သစ်ကိုင်း၏ စွမ်းရည်ဖြစ်နိုင်သည်။ အဝေးကြည့်မျက်လုံးနှင့် အလုံးစုံနားတို့ ပိုင်ဆိုင်ထားခဲ့သော ထူးခြားသည့်စွမ်းရည်များက မွေးရာပါစွမ်းရည်များ ဖြစ်နိုင်ချေများ၏။ ထို့ကြောင့် သူတို့၏ အကျွင်းအကျန်မှ ကျန်ရှိနေခဲ့သော ပစ္စည်းက သူတို့၏အရည်အချင်းကို ပိုင်ဆိုင်ထားသည်မှာ အံ့ဩစရာတော့ မရှိချေ။
ကျန်းကျိဝေက မျက်လုံးဖွင့်လိုက်ပြီးနောက် ဝမ်းသာအားရ ပြောလိုက်သည်။
“ငါ့ရဲ့ စိတ်ဝိညာဉ်အာရုံခံနိုင်စွမ်းက နေဖောက်သက်တန့်ဓားရဲ့ အကူအညီနဲ့ဆိုရင် ဘာမှတော့ မကြားရပေမဲ့ မိုင်(၂၀၀) (၃၀၀) လောက်ထိဖြန့်ကျက်နိုင်တယ် …”
“ဒါဆို အရမ်းကောင်းတယ်…”
မုန့်ချီနှင့် ကျိုးဟမ်တို့က တပြိုင်နက်တည်း ပြောလိုက်မိကြသည်။
ထိုစွမ်းရည်က အဝေးကြည့်မျက်လုံး အသေးစားပုံစံ တစ်မျိုးဖြစ်သည်။ ထိုအရာက ဓမ္မကာရတစ်ဝက်အဆင့် ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်အာရုံခံနိုင်စွမ်းကို ယှဉ်ပြိုင်နိုင်သည့် အရာတစ်ခုလည်း ဖြစ်သည်။
ထို့ပြင် ထိုဓားက မကောင်းဆိုးဝါးများကို တားဆီးနိုင်သည့် မက်မွန်သစ်ကိုင်း၏ ထူးခြားသော စွမ်းရည်တစ်ခုကိုလည်း အမွေဆက်ခံထားသေးသည်။ ထိုဓားက မကောင်းသော သဘာဝရှိနေသည့် ရန်သူများကို ရင်ဆိုင်ရာတွင် ပို၍ အစွမ်းထက်လာနိုင်သည်။ အသစ်ထပ်မံ ပေါင်းထည့်ထားသော အကျိုးသက်ရောက်မှုများက ဓား၏ထက်မြက်မှုနှင့် ဓားချီစွမ်းအင်များကို မြှင့်တင်ရာတွင် ပို၍အရေးပါသည်။
ကျန်းကျိဝေ သတိပြန်ဝင်လာသည့်အချိန်တွင် အလယ်၌ ရှိနေသော အလင်းတိုင်လုံးကြီးကို နောက်တစ်ကြိမ် ကြည့်လိုက်မိသည်။
“ငါက တတိယကောင်းကင် ဝေ့ကျင်းအဆင့်ကို ရောက်သွားပြီဆိုတော့ ငါ့ရဲ့ကိုယ်တွင်းကမ္ဘာကြီးနဲ့ အပြင်ဘက်ကို နောက်တစ်ကြိမ် ထိန်းညှိဖို့လိုနေပြီ။ ငါက ငါ့ရဲ့ ပုံရိပ်ယောင်ခန္ဓာ အနှစ်သာရတွေကို ပြန်လည်ပုံဖော်ဖို့အတွက် ကြိုစားရမယ်။ ငါက ဓားသိုင်းပညာ လေ့ကျင့်မှုမှာလည်း စိတ်ထဲ စွဲနေအောင်လုပ်ဖို့ လိုသေးတယ်..”
သူမက ကျယ်လောင်စွာ ပြောပြလိုက်သည်။
ကျန်းကျိဝေက သူမ၏ကိုယ်ပိုင်စွမ်းရည်များကို မြှင့်တင်နိုင်ရန်အတွက် မတူညီသော ဓားသိုင်းပညာများစွာကို လေ့လာခဲ့သည်။ ထို့ကြောင့် သူမ၏ ပုံရိပ်ယောင်ခန္ဓာက အထွဋ်အမြတ်ဓားသခင်ခန္ဓာ ဖြစ်ပြီး သူမ၏တခြားသော ပုံစံတစ်မျိုးဖြစ်သည့် အထွဋ်အမြတ်တာအိုသခင် ဟူသောနေရာမှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။
“ငါတို့နားလည်ပြီ။ ဒါဆိုရင် နင်က ဝေ့ကျင်းအဆင့် ဓားသိုင်းတွေကို လဲလှယ်ဖို့ ဆန္ဒရှိနေတာလား…”
မုန့်ချီက အပြုံးနှင့် ခန့်မှန်းကြည့်လိုက်သည်။
“ဟုတ်တယ်။ ငါတို့ ဝေ့ကျင်းအဆင့် မရောက်ခင်တုန်းကတော့ တခြားဓားသိုင်းကျမ်းတွေ အားလုံးက သိုင်းကွက်တစ်ခု ၊ နှစ်ခုနဲ့ ပင်မလမ်းညွှန်ချက်ကိုပဲ လဲဖို့ လိုအပ်တယ်။ အဲဒီအရာတွေက ပြည့်ပြည့်ဝဝတော့ အလုပ်မလုပ်နိုင်ဘူး…။ ဒါကြောင့် ငါက ကျန်ရှိနေတဲ့ အစိတ်အပိုင်းတွေအားလုံးကို ပြည့်စုံအောင် လုပ်ဆောင်ဖို့ လိုအပ်တယ်…”
ကျန်းကျိဝေက ခေါင်းညိတ်ပြလိုက်သည်။
သူမက ပြုံးလိုက်ပြီးနောက် ကံကြမ္မာအမှတ် (၄၀၀၀) သုံး၍ သံသရာအရှင်သခင်ဆီတွင် စိမ်းပြာလ အင်မော်တယ်ကျဆင်းခြင်း ဓားသိုင်းကျမ်းမှ လိုအပ်နေသော သိုင်းကွက် (၄)ကွက်ကို ရယူလိုက်သည်။ ထို့နောက် အမှတ် (၅၀၀၀)သုံးပြီး နှစ်ဆယ့်သုံးချက် ဓားသိုင်းကွက်မှ ကျန်ရှိနေသော သိုင်းကွက်များကို လဲလှယ်လိုက်သည့်အတွက် သူမက အထွဋ်အမြတ်ဝိညာဉ် ဓားသိုင်းပညာကို ပြည့်စုံစွာ ဖမ်းဆုပ်ရန် အကူအညီ ဖြစ်နိုင်ပါလိမ့်မည်။ ထိုအရာကြောင့် သူမဆီတွင် ကံကြမ္မာအမှတ် (၁၈၀)သာ ကျန်တော့သည်။
ကျန်းကျိဝေ၏ အခြေအနေကို သုံးသပ်နေရင်း မုန့်ချီက ချီကျန်းရန်ကို လှည့်ကြည့်လိုက်သည်။
“အစ်ကိုချီ…
မဟူရာ ဖရိုဖရဲသလင်းကျောက်အပြင် တခြားဘာကို စဉ်းစားထားသေးလဲ..”
သူ၏အတွင်းအပြင်ကမ္ဘာကြီးများကို ပေါင်းစပ်နိုင်မည်ဆိုလျှင် သူက ဖရိုဖရဲကျင့်စဉ်၏ အဆင့် (၆) သိုင်းကွက်ကို ရယူခြင်းကလွဲလျှင် တခြားအရာလည်း မရှိချေ။ ထိုအရာက အမှတ် (၂၀၀၀)သာ ပေးရသော မဟူရာဖရိုဖရဲသိုင်းကွက်ဖြစ်၏။ ထိုအရာကို အထွဋ်အထိပ်ထိ လေ့ကျင့်လိုက်မည်ဆိုလျှင် ဆက်လက်တိုးတက်ရန်အတွက် အောင်မြင်မှုများ ရလာနိုင်သည်။
ချီကျန်းရန်က ခဏကြာ စဉ်းစားပြီး ပြောလိုက်၏။
“ငါက ဓားပညာကို အလေးထားတဲ့ ဟွမ်ဟွာဓားဂိုဏ်းက လူတစ်ယောက်ဖြစ်သလို ငါ လေ့လာထားတဲ့ ဖရိုဖရဲကျင့်စဉ်က ဓားသိုင်းတွေနဲ့ ပေါင်းစပ်လိုက်တဲ့အချိန်မှာ မတူညီတဲ့ ဓားကွက်တွေကို ဖန်တီးနိုင်တယ်။ နဂိုတုန်းကတော့ စကားလုံးမဲ့ကျောက်တိုင်ကို မလေ့လာရသေးခင် ငါက ထပ်ပြီးလေ့လာဖို့ လိုအပ် နေသေးတယ်။ အခုတော့ ငါ့ရဲ့လမ်းကြောင်းက ချောမွေ့သွားပြီ။ ဒါကြောင့် အခုငါက ငါ့ရဲ့ဓားသိုင်းပညာတွေ ပြည့်စုံသွားဖို့အတွက် ဖရိုဖရဲ အငွေ့အသက်ရှိနေပြီး ဓားချီစွမ်းအင်တွေကို မြှင့်တင်ပေးနိုင်တဲ့အစွမ်းမျိုး လိုအပ်တယ်…”
ဝေ့ကျင်းအဆင့်ကို ရောက်ရှိသွားမည်ဆိုလျှင် သူ့ဂိုဏ်းတွင် ရှိနေသော အကြီးအကဲများက သက်တော်ရှည် အင်မော်တယ်ဓားသိုင်းကို လေ့လာခွင့်ပေးမည်ဖြစ်သည်။ ထိုအရာက သူ့ဂိုဏ်းထဲတွင် အထူးချွန်ဆုံး တပည့်များအတွက် အကြီးမားဆုံး အခွင့်အရေးတစ်ရပ်လည်းဖြစ်၏။
“နတ်ဆိုးအမှောင်တိမ်တိုက် ဓားသိုင်းပညာလား…”
ကျန်းကျိဝေနှင့် မုန့်ချီတို့က တပြိုင်နက်တည်း ပြောလိုက်မိကြသည်။
ထိုဓားသိုင်းပညာကို ဖရိုဖရဲကျင့်စဉ် ပြည့်ပြည့်ဝဝ နားလည်သွားခဲ့သော ပညာရှင်တစ်ယောက်က ဖန်တီးထားခဲ့ပြီး ဖရိုဖရဲစွမ်းအင်များကို မြှင့်တင်ရန် နည်းလမ်းတစ်ခုလည်းဖြစ်သည်။
ချီကျန်းရန်က ခေါင်းညိတ်ပြီး ပြောလိုက်၏။
“ဟုတ်တယ်….ငါက အဲဒီသိုင်းကျမ်းရဲ့ပင်မလမ်းညွှန်ချက်နဲ့ ပထမသိုင်းကွက်(၅)ခုကို လဲလှယ်ချင်တယ်…”
နတ်ဆိုးအမှောင်တိမ်တိုက် ဓားသိုင်းပညာ၏ ပင်မလမ်းညွှန်ချက်တွင် ဖော်ပြချက်အရ သူ၏လုပ်ဆောင်မှုက ဖရိုဖရဲလေဟာနယ်၏ စွမ်းအားများကို ဓားချီစွမ်းအင်များအဖြစ် ပြောင်းလဲနိုင်သော နည်းလမ်းတစ်ခုဖြစ်သည်။ တခြားသော သိုင်းကွက်များကတော့ ဓားသိုင်းပညာများသာ ဖြစ်၏။
ထိုသိုင်းကွက်၏ ပင်မလမ်းညွှန်ချက်က ကံကြမ္မာအမှတ် (၁၀၀၀) ရှိပြီး ပထမသိုင်းကွက် (၆)ခုက သိုင်းကွက်တစ်ကွက်လျှင် ကံကြမ္မာအမှတ် (၅၀၀)ဆီ လိုအပ်သည်။ (၈)ခုမြောက် သိုင်းကွက်ကတော့ အစောပိုင်းသိုင်းကွက် (၇)ခုလုံးနှင့် ပူးပေါင်းအသုံးပြုနိုင်သည့်အတွက် ကံကြမ္မာအမှတ် (၁၀၀၀) ရှိသည်။
“ဟုတ်တယ်…. ဖရိုဖရဲကျင့်စဉ်နဲ့ ဟွမ်ဟွာဓားဂိုဏ်းက ဓားသိုင်းတွေနဲ့ဆိုရင် နင့်ရဲ့လက်ရှိစွမ်းရည်တွေ ကျင့်စဉ်တွေက ဖြစ်နိုင်ချေ အများကြီးရှိတယ်…”
ကျန်းကျိဝေက ထောက်ခံသည့်အနေနှင့် ပြောလိုက်သည်။
မုန့်ချီကလည်း ခေါင်းညိတ်ထောက်ခံလိုက်၏။
“အစ်ကိုချီက ဖရိုဖရဲကျင့်စဉ်ကို အသုံးချပြီး အစ်ကိုချီရဲ့ အစစ်အမှန်ဓားသိုင်းပညာကို ပြည့်စုံအောင် လုပ်လို့ရတယ်။ ပြီးတော့ သံသရာကမ္ဘာကြီးထဲမှာ တခြားနည်းလမ်းတွေ ရှာလို့လည်း ရတယ်။ သာမန်ရန်သူတွေကတော့ အစ်ကိုရဲ့နောက်ကြောင်းကို ရှာဖွေနိုင်ဖို့ လုံးဝမဖြစ်နိုင်တော့ဘူး…”
စကားပြောရန် စိတ်ဝင်စားခြင်းမရှိသော ချီကျန်းရန်က မီးတောင်ကျောက်ကဲ့သို့သော ကျောက်တုံးလေးတစ်တုံးကို လဲလှယ်လိုက်ပြီး နတ်ဆိုးအမှောင်တိမ်တိုက်ဓားသိုင်းပညာ၏ ပထမ သိုင်းကွက်(၅)ကွက်ကို လဲလှယ်လိုက်သည်။ ထိုအလဲအလှယ်ကြောင့် သူက ကံကြမ္မာအမှတ် (၅၅၀၀) ကုန်ကျပြီး ကံကြမ္မာအမှတ် (၂၈၀)သာ ကျန်နေတော့သည်။
“ငါကတော့ အရင်တုန်းက လေ့လာထားခဲ့တဲ့ ဝေ့ကျင်းအဆင့် ဓားသိုင်းပညာတွေအားလုံးကို ပြည့်ပြည့်စုံစုံ နားလည်ဖို့ပဲ ဆန္ဒရှိတယ်။ မတူညီတဲ့ သိုင်းကွက်တွေကို ဓားသိုင်းတစ်ခုတည်းအဖြစ် အလွယ်တကူ ပေါင်းစပ်လို့ မရနိုင်ဘူး.”
ကျိုးဟမ်က သူ၏ရည်ရွယ်ချက်ကို ပြောပြလိုက်သည်။
ကျန်းကျိဝေ၏ ဥပမာအတိုင်း သူလည်း သူ့အဖော်များဆီမှ အကြံတစ်ခုကို လိုချင်ခဲ့သည်။ ဝေ့ကျင်းအဆင့် သိုင်းကျမ်းတစ်ခုဆီ၏ သိုင်းကွက်တစ်ခုဆီက အလွန်ကြောက်စရာကောင်းပြီး ဝေ့ကျင်းအဆင့်အောက်တွင် ရှိသော ရန်သူများကို ရင်ဆိုင်ရာတွင် သေစေနိုင်လောက်သော အစွမ်းမျိုးရှိသည်။ သူက အနိုင်အရှုံးကို ဆုံးဖြတ်နိုင်သော သိုင်းကွက်တစ်ခု လိုအပ်သည်။
သို့သော် ဝေ့ကျင်းအဆင့်ကို တက်လှမ်းလာခဲ့ပြီးနောက် ထိုသိုင်းကျမ်းများ၏ တစ်ကွက် နှစ်ကွက်က သူတို့၏ခုခံမှုအတွက်ပင် ပြည့်စုံနိုင်ခြင်း မရှိတော့ချေ။ တိုက်ခိုက်မှုအတွက်ကတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။ နောက်ပိုင်းတွင် သူတို့ရင်ဆိုင်ရနိုင်သော ရန်သူများက သိုင်းကွက်များကို အလွယ်တကူ ခုခံနိုင်ကြသည်။
ထို့ကြောင့် ကျန်းကျိဝေကဲ့သို့ ဓားသိုင်းပညာတွင် အလွန်ပါရမီရှိသော ပညာရှင် တစ်ယောက်ကပင် သူမကိုယ်တိုင် ဖန်တီးထားခဲ့သော သိုင်းပညာများအားလုံးကို တသားတည်း ပေါင်းစပ်ရန်အတွက် နည်းနည်းချင်းဆီ ပြောင်းလဲနေခဲ့ရ၏။ ထိုအရာက သူမ စိတ်ရှိသလို အသုံးပြုနိုင်သော ကျင့်စဉ်များ ၊ သိုင်းကွက်များကို ပေါင်းစပ်ထားသည့် ဓားသိုင်းပညာ အသစ်တစ်ခုဖြစ်သည်။
ဝေ့ကျင်းအဆင့်ကို မတက်လှမ်းခင် ကြုံတွေ့ခဲ့ရသော အခြေအနေများကြောင့် မုန့်ချီ၏ ဓားရှည်သိုင်းပညာနှင့် ဓားမောက်သိုင်းပညာများက သိသိသာသာ တိုးတက်လာခဲ့ရသည်။ ယခင်တုန်းကလည်း သူက ကျန်းကျိဝေနှင့် တိုက်ခိုက်ခဲ့ဖူးသေး၏။
သို့သော် သူတို့ အဆင့်တက်ပြီးခဲ့သည့် အချိန်ကတည်းကစပြီး ကျန်းကျိဝေ၏ အထွဋ်အမြတ်ဓားသိုင်းပညာ လေ့လာမှုက မုန့်ချီထက် အတော်လေး ကျော်လွန်သွားခဲ့သည်။ လက်ရှိအချိန်တွင် မုန့်ချီက အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်နှင့် ကောင်းကင်ရွှေကျင့်စဉ်တို့ကို အလေးထားပြီး လေ့ကျင့်ရန် အာရုံစိုက်နေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ထို့ကြောင့် တိုက်ခိုက်စွမ်းရည်အရ ကျန်းကျိဝေက အနည်းငယ် သာနေသော်လည်း နောက်ပိုင်းတွင် သူ၏စွမ်းရည်များက လျင်မြန်စွာ ဆက်လက်တိုးတက်လာနိုင်သည်။
“အစ်ကိုကျိုးက အင်ပါယာဓားသိုင်းပညာကို ပြည့်ပြည့်စုံစုံ နားလည်အောင် လေ့လာဖို့ စိတ်ကူးရှိတာလား…”
မုန့်ချီကတော့ အေးအေးဆေးဆေး မေးလိုက်သည်။ အထူးသဖြင့် ကျိုးဟမ်က သူသိထားသော တခြားသိုင်းပညာများ လမ်းညွှန်ပေးရန် မေးနေခြင်း ဟုတ် မဟုတ် သေချာလိုခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် မုန့်ချီကလည်း ထိုအချက်ကို ကွေ့ဝိုက်၍ ပြောခဲ့၏။
“ဟုတ်တယ်…အဲဒါက ငါနဲ့ တော်တော်လေးကို ကိုက်ညီတယ်…”
ကျိုးဟမ်က ပြောလိုက်သည်။
သူက ကံကြမ္မာအမှတ် (၄၈၀၀) အသုံးပြုပြီး အင်ပါယာဓားသိုင်းပညာတစ်ခုလုံးကို လဲလှယ်လိုက်ပြီး သူ လိုအပ်နေသော သိုင်းကွက်များကိုလည်း ဖြည့်လိုက်သည်။ သူ လဲလိုက်သော သိုင်းကွက်များအားလုံးက အင်ပါယာ၏သင်္ကေတ ဖြစ်သော အစစ်အမှန်နဂါးတစ်ကောင်နှင့် ကွဲပြားသော အမြင်များ ရှိနေခဲ့သည်။
ထိုသိုင်းပညာတွင် (၈)ကွက်မြောက်နှင့် (၉)ကွက်မြောက်သာ ကျန်နေပြီး ထိုအရာနှစ်ခုလုံးကလည်း ဓမ္မကာရအဆင့် သိုင်းကွက်များဖြစ်သည်။ ချက်ချင်းဆိုသလိုပင် ကျိုးဟမ်က အစစ်အမှန် အင်ပါယာ တံဆိပ်ကို နားလည်အောင် ကူညီပေးနိုင်သော ပစ္စည်းတစ်ခုကို လဲလိုက်ပြန်သည်။
ထိုပစ္စည်းက သူ၏သွေးကြောများကို ပိတ်လှောင်ထားရန် ကူညီပေးနိုင်ပြီး ကောင်ကင်(၇)သွယ် ဝေ့ကျင်းအဆင့်ထိ ရောက်အောင် ကူညီပေးနိုင်သည်။ ထိုအရာက ကံကြမ္မာအမှတ် (၁၅၀၀) ကုန်ကျ၏။
လူတိုင်းက လဲလှယ်ပြီးသွားသည့်အချိန်တွင် ရွမ်ယုရှုကတော့ ဆုံးဖြတ်ပြီးသား ဖြစ်သည်။သူမက တချိန်လုံး တိတ်ဆိတ်နေခဲ့၏။
“ခေါင်းထဲမှာ ဘာတွေစဉ်းစားနေတာလဲ ယုရှု…”
မုန့်ချီက စိုးရိမ်တကြီး မေးလိုက်သည်။
ရွမ်ယုရှုက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ပြောလိုက်၏။
“ငါက လအနည်းငယ်အတွင်း ဝေ့ကျင်းအဆင့်ကို တက်လှမ်းဖို့ ကြိုးစားနေမယ်။ နောက်ထပ် ဂီတပညာတွေ၊ ကျမ်းစာတွေ၊ သိုင်းကွက်တွေကို လေ့လာနေတာက ငါ့အတွက် အာရုံနောက်ရုံ သက်သက်ပဲဖြစ်လိမ့်မယ်။ ငါက အစောပိုင်းမှာ ငါ့ရဲ့လေ့ကျင့်မှုအတွက် ရှားပါးတွင်းထွက် ပစ္စည်းတွေ ယူထားတဲ့အတွက် အခုတော့ လုံလောက်သွားပြီ၊ ပြီးတော့ အိပ်တန်းတက် ဇာမဏီဗျပ်စောင်းကလည်း အဖိုးတန်လက်နက်အဆင့်ကို ရောက်နေပြီ…”
ရွမ်ယုရှုကတော့ သူမ လဲရမည့် ပစ္စည်းအတွက် အနည်းငယ် စဉ်းစားနေပုံရသည်။ မုန့်ချီက သူမအတွက် စဉ်းစားနေသည့်အချိန်တွင် ရွမ်ယုရှုက ပြောလိုက်၏။
“ဒါကြောင့် ငါက ငါ့ရဲ့ဂီတစွမ်းရည်ကို မြှင့်တင်ပေးနိုင်ပြီး ငါ့ရဲ့စွမ်းအား သက်ရောက်နိုင်တဲ့ အကွာအဝေးကို မြှင့်တင်ပေးနိုင်တဲ့ ကျင့်စဉ်တစ်ခုကို လဲလှယ်ချင်တယ်…”
“နင်က အရာအားလုံးကို စဉ်းစားပြီးမှတော့ ငါတို့ကို ဘာလို့မေးနေသေးတာလဲ…”
မုန့်ချီက ရှုံ့မဲ့သွားခဲ့သည်။
သူက ဇဝေဇဝါဖြစ်နေသည့်အတွက် ပြန်မေးလိုက်၏။
“နင်ရဲ့စွမ်းအား သက်ရောက်မှု အကျယ်အဝန်းကို မြှင့်တင်မှာလား…”
“အခုငါတီးလိုက်တဲ့ ဂီတသံစဉ်က မီတာ (၅၀၀) ကနေ မီတာ(၁၀၀၀) အကွာအဝေးမှာရှိတဲ့ ရန်သူတွေအပေါ်ကိုပဲ သက်ရောက်နိုင်တယ်..။ အဲဒီကျင့်စဉ်ထဲမှာရှိတဲ့ ဝေ့ကျင်းအဆင့်ကျင့်စဉ်တွေကတော့ မီတာ (၁၀၀၀) ကနေ (၂၅၀၀) အကွာအဝေးထိ တိုက်ခိုက်လို့ရတယ်…”
သူမက ရှင်းပြလိုက်သည်။
“အဲ့ဒီလောက်တောင် အစွမ်းထက်တာလား…”
မုန့်ချီနှင့် ကျိုးဟမ်တို့က အံ့ဩနေမိကြသည်။
ရွမ်ယုရှု တီးခတ်နေသော ဂီတသံများက အဝေးတိုက်ခိုက်မှုဟု သတ်မှတ်နိုင်သည်။ သူမ သင်ယူထားသော စွမ်းရည်များကို မြှင်တင်လိုက်မည်ဆိုလျှင် သူမက မြင်ရသော ရန်သူတိုင်းကို တိုက်ခိုက်နိုင်သည်ဟု ဆိုရပါလိမ့်မည်။
ရွမ်ယုရှုက လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်၏။
“အဲဒီလို ပြောရလိမ့်မယ်…”
သူမက ပြုံးလိုက်ပြီးနောက် သံသရာအရှင်သခင်ထံမှ လဲလှယ်နိုင်သော စာရင်းထဲတွင် ကျင့်စဉ်ကို ပြလိုက်သည်။ထိုအရာကို “မိုင်တစ်ထောင်သတ်ဖြတ်ရေး ဂီတသံ” ဟုခေါ်ပြီး ရှားရှားပါးပါး တွေ့မြင်ရသော ကျင့်စဉ်တစ်ခုလည်းဖြစ်သည်။ ကံကြမ္မာ အမှတ် (၆၀၀၀) ကုန်ကျ၏။
ရွမ်ယုရှု၏ တုန့်ပြန်မှုကြောင့် မုန့်ချီတို့ အားလုံးက ပြန်၍ စကားပင်မပြောနိုင်ကြပေ။ သူတို့က ထိုကျင့်စဉ် လဲလှယ်ရန် ချက်ချင်း တိုက်တွန်းလိုက်ကြသည်။ သူတို့အသီးသီး လဲလှယ်သွားပြီးနောက် သူတို့(၄)ယောက်က ကံကြမ္မာအမှတ် (၄၀၀) ပေးလိုက်ပြီး နောက်ထပ်တာဝန်အတွက် အချက်အလက်များကို လဲလှယ်လိုက်သည်။
သံသရာအရှင်သခင်၏ စကားသံက ထူးဆန်းစွာ ထွက်ပေါ်လာခဲ့၏။
“အနောက်သို့ ခရီးသွားခြင်းကမ္ဘာကြီးထဲက တာဝန်တစ်ခု - တိုင်(၅)လုံးတောင်ထိပ်ပေါ်မှာ ကောင်းကင်ခုံရုံး အပိုင်းအစတစ်ခု ပေါ်လာတယ်။ မင်းတို့ရဲ့တာဝန်က ကောင်းကင်ခုံရုံးရဲ့အလယ်ကိုသွားပြီး နတ်ဆိုးတွေက ပစ္စည်းတစ်ခုကို မယူနိုင်အောင် ခုခံကာကွယ်ရမယ်။ အောင်မြင်မှုအတွက် ဆုကြေးက ကံကြမ္မာအမှတ် (၃၅၀၀)။ ကျရှုံးမယ်ဆိုရင်တော့ တူညီတဲ့ ကံကြမ္မာအမှတ်ကို ပြန်ပေးရလိမ့်မယ်။ ဒီတာဝန်က တစ်နှစ်နေရင် စမယ်..”
“အနောက်သို့ ခရီးသွားခြင်း ကမ္ဘာကြီး…”
မုန့်ချီ၊ ကျန်းကျိဝေနှင့် တခြားသူများက မျက်နှာပျက်သွားကြပြီး ကျန်းယွင်ရှန်၊ ဖူကျန်းကျန်း နှင့် လော်ရှန်းကျိတို့ သေဆုံးသွားခဲ့သော မှတ်ဉာဏ်များကို ပြန်လည်အမှတ်ရလာကြသည်။
စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားကြပြီးနောက် မုန့်ချီက သက်ပြင်းချ၍ ပြောလိုက်သည်။
“ငါတို့က အနောက်သို့ ခရီးသွားခြင်း ကမ္ဘာကြီးထဲမှာ စောင့်နေတဲ့ အခက်အခဲတွေကို ပြောနေဖို့ မလိုတော့ဘူး၊ အဆိုးဆုံး အခြေအနေကတော့ ဒီတစ်ကြိမ် ငါတို့ရဲ့တာဝန်က ကောင်ကင်ခုံရုံးရဲ့အပိုင်းအစတစ်ခုနဲ့ ပတ်သက်နေတယ်။ ငါတို့က သေချာပြင်ဆင်ထားရင် ပိုကောင်းမယ်…”
သူတို့က မည်ကဲ့သို့သော နတ်ဆိုးများကို တွေ့ရမည်ဖြစ်ကြောင်း မသိနိုင်သလို သူတို့က မည်ကဲ့သို့အရာမျိုးကို တိုက်ခိုက်ရမည် ဖြစ်ကြောင်းလည်း မသိကြပေ။ သူတို့က အထွဍ်အမြတ်တောင်ထိပ်ဆီသို့ နောက်တစ်ကြိမ် ဝင်ရောက်ကြမည်လော။
ကျန်းကျိဝေနှင့် တခြားသူများက မျက်နှာပျက်ပျက်နှင့် ခေါင်းညိတ်ပြလိုက်ကြသည်။ သူတို့က စကားပြောရန်ပင် ဆန္ဒမရှိတော့ဘဲ မြေကွက်လပ်ထဲမှ ထွက်သွားရန် ပြင်လိုက်၏။
မုန့်ချီက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည်။
“ဗုဒ္ဓလက်ဝါးပင်မလမ်းညွှန်ချက်က လန်ကီကျောင်းတော်မှာ သိမ်းထားတယ်။ ငါက စိတ်ဝင်စားတဲ့ လူတိုင်းကို ခေါ်သွားပေးလို့ရတယ်။ မင်းတို့တွေက စိတ်ဝင်စားလား….”
ချီကျန်းရန် ခေါင်းခါပြီး ပြောလိုက်သည်။
“ဗုဒ္ဓလမ်းစဉ်ကျင့်ကြံမှုတွေက ငါ့အတွက် မကောင်းဘူး…”
ချီကျန်းရန်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ကြောင်း မုန့်ချီက သတိထားမိလိုက်သည်။ သူ့ပုံစံက ယခင်တုန်းက ပုံစံနှင့် လုံးဝကို ကွဲပြားနေခဲ့သည်။ သူက ထိုကဲ့သို့ အခြေအနေမျိုးအထိ အမှန်တကယ် ပြောင်းလဲသွားခဲ့၏။
“ဟုတ်တယ်။ ဖရိုဖရဲကျင့်စဉ်နဲ့ ဟွမ်ဟွာဓားဂိုဏ်းရဲ့သိုင်းကွက်တွေက လက်ထဲမှာ အလုံအလောက် ရှိနေပြီပဲ၊ အထူးသဖြင့် အဆင့်တက်ဖို့အတွက် ကြိုးစားရမယ်.”
မုန့်ချီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
ထို့နောက် သူက စနောက်လိုက်၏။
“အစ်ကိုချီရဲ့ ပုံရိပ်ယောင်ခန္ဓာက ဘယ်လိုပုံစံရှိမလဲမသိဘူး။ နတ်ဘုရားမ နွီဝါးရဲ့ ပုံစံမျိုးလား…”
ချီကျန်းရန်၏ နဖူးပေါ်တွင် ရှိနေသော သွေးကြောများက ထောင်ထလာပြီး ချက်ချင်း ပြန်လှည့်သွားခဲ့သည်။
“ကောင်းပြီလေ။ ငါက လက်ရှိကျင့်စဉ်တွေကို လေ့လာပြီးသွားရင် အဲဒီအရာကို လေ့လာဖို့ နင်နဲ့လိုက်ခဲ့မယ်…”
ကျန်းကျိဝေကတော့ ဗုဒ္ဓလမ်းစဉ်အပေါ် တည်ငြိမ်စွာ ပြောခဲ့သည်။
ကျန်းကျိဝေက ဓားနှင့် ပတ်သက်သော အရာတိုင်းကို စိတ်ဝင်စား၏။ ဗုဒ္ဓလက်ဝါးကို လေ့လာခြင်းက ဓားကိုင်ရသည့် စည်းမျဉ်းများကို ပို၍ နားလည်လာရန် အတွေးများ ရရှိလာနိုင်ပြီး သူမ၏ကိုယ်ပိုင်ဓားသိုင်းပညာများ ဖန်တီးရန် ကူညီပေးနိုင်သည်။
“ငါကတော့ အဆင့်တက်ဖို့ အရင်အာရုံစိုက်လိုက်ဦးမယ်၊ ပြီးမှ ဗုဒ္ဓလမ်းစဉ်ရဲ့ တည်ငြိမ်အေးချမ်းမှုကို ရှာဖွေတာပေါ့…”
ရွမ်ယုရှုက အကြွင်းမဲ့ ငြင်းဆန်ခြင်းမရှိဘဲ ပြောလိုက်သည်။
ကျိုးဟမ်ကလည်း ပြောလိုက်၏။
“ဗုဒ္ဓလမ်းစဉ်သင်ကြားမှုတွေက ငါ့ရဲ့လမ်းစဉ်တွေနဲ့ ဆန့်ကျင်နေမှာ စိုးရတယ်။ ပြီးတော့ ငါက ဘယ်သူမှ သတိမထားမိပဲ ထွက်လာလို့မရဘူး။ ဒီတော့ ငါက ငြင်းရတော့မယ်..”
“ဟုတ်တာပေါ့… မင်းရဲ့အစ်ကိုတော်က ဗုဒ္ဓအင်ပါယာဆိုတဲ့ ဂုဏ်ပုဒ်ကို ရခဲ့တယ်ဆိုတာ မင်းမှ မသိခဲ့တာ..”
မုန့်ချီက တစ်ယောက်တည်း စဉ်းစားကြည့်လိုက်သည်။
ကျိုးဟမ်၏ စိုးရိမ်မှုက ကျိုးကြောင်းဆီလျော်ကြောင်း နားလည်နေသည့်အတွက် သူလည်း ဖိအားမပေးခဲ့ပေ။ သူတို့က စကားအနည်းငယ်ပြောလိုက်ပြီးနောက် တစ်ယောက်ချင်းဆီ ထွက်ခွာနေသည်ကို ကြည့်နေကြရသည်။
အစစ်အမှန်ကမ္ဘာကြီးဆီသို့ ပြန်ရောက်လာသည့်အချိန်တွင် မုန့်ချီက ကောင်းကင်ပေါ်တွင် ရှိနေသော အဖြူရောင်တိမ်တိုက်များနှင့် အပြာရောင် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ ရုတ်တရက်ဆိုသလို သူ့ခေါင်းထဲ၌ စိုးရိမ်မှုတစ်ခု ပေါ်လာခဲ့၏။
“ငါက ကောင်းကင်(၉)သွယ်က မိုးကြိုးနတ်ဘုရားရဲ့ ကံကြမ္မာကို ဘယ်လိုဖြေရှင်းရမလဲ..”
သိပ်မကြာခင်အတောအတွင်း သူ ဆက်ခံထားခဲ့သော ကံကြမ္မာဝန်ထုပ်ဝန်ပိုးက သူ့ပုခုံးပေါ်တွင် တဖြည်းဖြည်း လေးလံလာပြီးသူ၏ ခံစားချက်များအပေါ် သက်ရောက်လာကြောင်း ခံစားမိနေခဲ့သည်။
Translated by Hein Htet.