အခန်း (၆၀၇)
Vol. 41 Ch. 607
မြောင်လင်တွင် ရှိနေသော မှင်ကျောက်တုံးများနှင့် စာရွက်များ ရောင်းချသော စာရေးကိရိယာဆိုင် တစ်ခုထဲတွင် -
မုန့်ချီက နဂါး(၇)ကောင် စုတ်တံ အမှာစာတစ်ခု တောင်းဆိုလိုက်သည်။ ထိုအချိန်တွင် မုန့်ချီက သူ မှာယူထားသော ပစ္စည်းကို လာရောက်ယူဆောင်ခြင်း ဟုတ်မဟုတ် ဆိုင်ရှင်က တည်ငြိမ်စွာ မေးနေခဲ့သည်။ ထို့နောက် သူနှင့် ပတ်သက်သော အထောက်အထားကို ပြသရန် လိုအပ်ကြောင်း ရှင်းပြနေခဲ့၏။
မုန့်ချီက ပြုံးလိုက်ပြီး သူ၏ ဘယ်ဖက်လက်ကို ဆန့်ထုတ်လိုက်ရာ ငွေရောင်တောက်ပသော တံဆိပ်ပြားလေးတစ်ခု ပေါ်လာခဲ့သည်။
“ငွေတံဆိပ် လူဆိုးထိန်း....”
ဆိုင်ရှင်၏ မျက်လုံးများက အေးစက်သွားခဲ့ပြီး သူ၏အသက်ရှုသံက လေးလံလာခဲ့သည်။ သူက ချက်ချင်းပင် အပြုံးနှင့် ပြောလိုက်၏။
“သြော်… ကျွန်တော်တို့ရဲ့ အမာခံဝယ်သူပါလား။ အမှာစာကို ယူဖို့အတွက် ကျေးဇူးပြုပြီး အနောက်ဘက်ကို လိုက်ခဲ့ပေးပါ…”
ငွေတံဆိပ်နှင့်အထက် လူဆိုးထိန်းများက သာမန်လူများကြားထဲ၌ ဘုရင်များဟု သတ်မှတ်နိုင်သည်။ သူတို့က မြို့တစ်မြို့လုံးကို ထိန်းချုပ်အုပ်စိုးနိုင်သော သီးခြားပညာရှင်များ ဖြစ်ကြ၏။ မုန့်ချီက အဆောက်အဦး၏ အနောက်ဘက်တွင် ရှိနေသော အခန်းတစ်ခုဆီသို့ ဝင်လာခဲ့သည်။
ဆိုင်ရှင်က ချက်ချင်းပင် လေးလေးစားစား ဦးညွှတ်လိုက်၏။
“တွေ့ရတာဝမ်းသာပါတယ် ဆရာ။ ဆရာ တောင်းဆိုတဲ့ အချက်အလက်ကို ကျွန်တော်တို့က ရပြီးပါပြီ။ ဒါပေမဲ့ အဲဒီအချက်အလက်ကို နှုတ်ကပဲ ပြောပြလို့ ရပါတယ်။ စာအနေနဲ့ ပေးလို့ မရဘူး…”
“ဒါဆိုလည်း ပြောပါ…”
မုန့်ချီက ခေါင်းညိတ်၍ ပြောလိုက်သည်။
ကောင်းကင်(၉)သွယ် မိုးကြိုးနတ်ဘုရားဆီမှ လက်ခံရရှိထားခဲ့သော မုန့်ချီ၏ ကံကြမ္မာ ဝန်ထုတ်ဝန်ပိုးများက မကောင်းဆိုးဝါး လမ်းစဉ်(၉)သွယ်နှင့် သေချာပေါက် ပတ်သက်နေသည်။ ထို့ပြင် သူက လေဟာနယ်မိန်းမပျိုဂိုဏ်း၏ ဝင်ပေါက်နေရာနှင့် ပတ်သက်ပြီး သဲလွန်စများလည်း မရှိချေ။
သို့သော် သူက ကံကြမ္မာ ဝန်ထုတ်ဝန်ပိုးများကို ဆက်၍ အချိန်မဆွဲနိုင်တော့ပေ။ မဟုတ်လျှင် သဘာဝတရားကြီး၏ စွမ်းအားများကို သုံးစွဲနိုင်သည့် သူ၏စွမ်းရည်အပေါ်ကိုပင် သက်ရောက်လာနိုင်သည်။ ထိုအရာက သူ၏ အဆင့်တက်မှုကို အနှောင့်အယှက်ပေးနိုင်၏။
ထို့ပြင် သူက ကံကြမ္မာ ဝန်ထုတ်ဝန်ဖို့ ဖြေရှင်းခြင်းအတွက် အချိန်အကန့်အသတ်ကိုလည်း သေချာ မသိသေးပေ။ အနည်းငယ် နှောင့်နှေးသွားမည်ဆိုလျှင် သူ့အတွက် ကျဆုံးခြင်းသာ ဖြစ်သွားနိုင်သည်။ အရေးကြီးဆုံးအရာကတော့ အကယ်၍ သူကသာ ထိုအရာကို ဖြေရှင်းနိုင်မည်ဆိုလျှင် အနည်းဆုံးတော့ လွတ်လပ်ခွင့်ကို ရရှိနိုင်သည်။
မုန့်ချီက မတတ်သာသော အခြေအနေမျိုး မဟုတ်ဘဲ ကူရှောင်စန်းနှင့် ပူးပေါင်းလိုခြင်း မရှိချေ။ သူမက ကောင်းကင်(၉)သွယ် အပျက်အစီးထဲကို သွားလာနေခဲ့သော်လည်း သူမ၏အတွေ့အကြုံများက သခင်မစု နတ်သမီးနယ်မြေထဲတွင် အရေးပါမှု မရှိနိုင်ပေ။ ထိုအရာက ကောင်းကင်ခုံရုံး၏ အပိုင်းအစတစ်ခု ဖြစ်သော်လည်း ကောင်းကင်(၉)သွယ်နှင့် သွယ်ဝိုက်သော ပတ်သက်မှုတစ်ခုသာ ရှိနေသည်။
“ဒါပေမဲ့ စလာတဲ့ အချိန်ကတည်းက သူက ငါ့ကို လောကသခင်ပျက်သုန်းခြင်းဓားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပေးခဲ့သလို လေဟာနယ်မိန်းမပျိုဂိုဏ်းက လက်အောက်ငယ်သားတွေကိုလည်း ဆွဲဆောင်ခဲ့တယ်။ ကြည့်ရတာတော့ သူ့ဆီမှာ လှည့်ကွက်တွေ ရှိကောင်းရှိနိုင်တယ်..”
သူက အစီအစဉ်ကို စဉ်းစားနေရင်း ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။ ကူရှောင်စန်းက မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ်ထဲမှ တစ်ခုဖြစ်သော လော်အဖွဲ့အစည်း၏ နတ်ဘုရားမ ဖြစ်၏။ သူမ၏တည်နေရာကို ရှာဖွေရခြင်းက လေဟာနယ်မိန်းမပျိုဂိုဏ်း၏ ဝင်ပေါက်ကို ရှာဖွေရခြင်းထက် ပို၍ ခက်ခဲနိုင်သည်။
ကူရှောင်စန်းကတော့ အသေးစိတ် အစီအစဉ်များ ရေးဆွဲခဲ့ပြီးမှ သူ့ကို လာရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ သူက သူမကိုယ်တိုင် လာရှာသည့်အချိန်အထိ စောင့်နေရမည်လော။ ထို့ကြောင့်လည်း မုန့်ချီက မကောင်းဆိုးဝါးများနှင့် ပူးပေါင်းရန် ရည်ရွယ်ထားခြင်း မရှိချေ။
သူက လေဟာနယ် မိန်းမပျိုဂိုဏ်းနှင့် ကူရှောင်စန်းအကြောင်း သတင်းအချက်အလက်များကို ဖြည်းညင်းစွာ စုဆောင်းချင်ခဲ့သည်။ လေဟာနယ် မိန်းမပျိုဂိုဏ်းနှင့် ပတ်သက်သော အချက်အလက်များ အောင်အောင်မြင်မြင် ရရှိနိုင်မည်ဆိုလျှင်တော့ သူက ကူရှောင်စန်းနှင့် လက်တွဲလုပ်ဆောင်ရန် မလိုတော့ပေ။
“သိုင်းလောကမှာ လှုပ်ရှားသွားလာနေတဲ့ လမ်းမှားပညာရှင်တွေ အများစုက ဝေ့ကျင်းအဆင့်ကို မရောက်သေးတဲ့ လူတွေပဲ။ အဲဒီလို ပညာရှင်တွေက အမှောင်လမ်းကြား၊ ပြည့်တန်ဆာအိမ်တွေနဲ့ လောင်းကစားရုံတွေမှာ အများဆုံးပဲ။ ဝေ့ကျင်းအဆင့် စွမ်းအားရှိတဲ့ ကျင့်ကြံသူ အများစုကတော့ မြင်ကွင်းကနေ ပုန်းနေတတ်ကြတယ်။ အဲဒီလိုလူတွေက သူတို့ရန်စထားတဲ့ အဖွဲ့အစည်းတွေ လက်တုံ့ပြန်မှာကို စိုးရိမ်နေတဲ့အတွက် သူတို့ရဲ့လှုပ်ရှားမှုတွေက အရမ်းကို လျှို့ဝှက်တယ်။ မလိုအပ်ဘဲ သူတို့ကို ပြန်မြင်ရဖို့ခက်တယ်…”
ဆိုင်ရှင်က ယပ်တောင်(၆)လက်ကျောင်း၏ ဌာနချုပ်မှ ပို့လိုက်သော သတင်းအချက်အလက်များကို ပြန်လည်ပြောပြနေခဲ့သည်။
မုန့်ချီကလည်း ထိုအရာကို ကောင်းကောင်းကြီး နားလည်ထားခဲ့သည်။ သိုင်းလောကကို အန္တရာယ်ပေးနိုင်သော ပညာရှင်တစ်ဝက်ခန့်ကို အမှန်တရားဂိုဏ်းများက လိုက်လံရှာဖွေသုတ်သင်ပစ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့က ပုန်းအောင်းနေသည့် နေရာများတွင်သာ သေချာပေါက် ရှိနေနိုင်၏။
မုန့်ချီက သူ၏ ကံကြမ္မာ ဝန်ထုတ်ဝန်ပိုးကို ဖယ်ရှားပေးရန် သံသရာ အရှင်သခင်ကို တောင်းဆိုခဲ့သော်လည်း သံသရာအရှင်သခင်အတွက် ပေးရမည့် တန်ဖိုးက အနိမ့်ဆုံး ကံကြမ္မာမှတ် (၃)သောင်း ဖြစ်သည်။ ထိုအရာက ကံကြမ္မာဝန်ထုတ်ဝန်ပိုးကို ဖယ်ရှားရသည့် အခက်အခဲလည်း ဖြစ်သည်။
ထိုကံကြမ္မာက လောကသခင်ပျက်သုန်းခြင်းဓား၊ လေဟာနယ်မိန်းမပျိုဂိုဏ်းနှင့် ပတ်သက်နေသည်မှာ ကံကောင်းသွားသည်။ ထို့ကြောင့် သံသရာအရှင်သခင်က အာမခံချက် ပေးနိုင်သည်။
“ဒါဆိုရင် အမှောင်ထဲမှာ တခြားအစွမ်းထက် ပညာရှင်တွေ ရှိနေသေးတာလား….”
မုန့်ချီက အေးအေးဆေးဆေး မေးလိုက်သည်။ ယပ်တောင်(၆)လက်ကျောင်းက ပို၍များပြားသော အချက်အလက်များကို ပေးနိုင်သည်ဖြစ်ကြောင်း သူက သေချာသိနေခဲ့၏။
ဆိုင်ရှင်က စဉ်းစားမနေဘဲ ပြန်ဖြေလိုက်သည်။
“မြစ်အရှေ့ပိုင်းမှာရှိတဲ့ သံရဲတိုက်သခင် သွမ့်မူပိုင်က ဝါးမျိုခြင်းပင်လယ်ဆိုပြီး နာမည်ကျော်ကြားတယ်..”
“သံရဲတိုက်ပညာရှင်တွေက သိုင်းလောကရဲ့ အမှောင်ဘက်ခြမ်းကလား…”
မုန့်ချီက သေချာစဉ်းစားပြီး မေးလိုက်သည်။
တာ့ကျန်းအဖွဲ့အစည်းကဲ့သို့ သံရဲတိုက်အဖွဲ့အစည်းကလည်း သိုင်းလောကတွင် အစွမ်းထက်သော အုတ်မြစ်ရှိနေပြီး အဖွဲ့အစည်း(၆)ခုထဲမှ တစ်ခု ဖြစ်သည်။ သူတို့၏ လက်အောက်တွင် သိုင်းပညာရှင်အဖွဲ့အစည်းတစ်ခု ရှိ၏။
သို့သော် တာ့ကျန်းအဖွဲ့အစည်းနှင့် မတူသည်မှာ သံရဲတိုက်အဖွဲ့အစည်း၏ ဌာနချုပ် တည်နေရာက လျို့ဝှက်ချက် ဖြစ်၏။ ထိုဌာနချုပ်က အရှေ့ပင်လယ်ထဲတွင် ရှိနေသော သီးသန့်ကျွန်းတစ်ခုတွင် ရှိနေသည်ဟူသော သတင်းများကိုလည်း ကြားရသည်။
သို့သော် အရှေ့ပင်လယ် အဆောက်အဦးနှင့် လော့ရန် အဆောက်အဦးဟုခေါ်သော နယ်မြေများ၏ ပတ်ပတ်လည်တွင်လည်း သူတို့၏ ဂိုဏ်းခွဲများကို တွေ့နိုင်သည်။ တည်နေရာ၏ အရေးပါမှုပေါ် မူတည်ပြီး ဂိုဏ်းခွဲများ၏ အဆောက်အဦးများတွင် သာမန်ဝေ့ကျင်းအဆင့် ပညာရှင်များနှင့် ဝေ့ကျင်းအဆင့် အတွေ့အကြုံရှိ ပညာရှင်များ သို့မဟုတ် သိုင်းသခင်တစ်ယောက်ပင် ရှိနေနိုင်သည်။
သွမ့်မူပိုင်က သူတို့ထဲမှ တစ်ယောက်ဖြစ်ပြီး သူက ကောင်းကင်(၅)သွယ် ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက် ဖြစ်၏။ သံရဲတိုက်အဖွဲ့အစည်းကလည်း သူတောင်းစားဂိုဏ်းကဲ့သို့ သိုင်းလောကသား တစ်ဝက်ခန့်နှင့် အဆင်ပြေနေခြင်း မရှိကြပေ။
သူတို့က မကောင်းမှု မလုပ်ခြင်း မဟုတ်ဘဲ ပွင့်ပွင့်လင်းလင်း မလုပ်ခြင်းသာ ဖြစ်သည်။ မကောင်းသော သဘာဝရှိနေသည့် ကိစ္စများကိုလည်း သူတို့၏အလုပ်များတွင် တွေ့နိုင်သေးသည်။
သိုင်းလောကတွင် ထွက်ပေါ်နေသော စကားအရ ထိုအဖွဲ့အစည်းတွင် သီးသန့် ဂိုဏ်းခွဲတစ်ခုဖြစ်သော ဖဲကြိုးနီရဲတိုက်ဟုခေါ်သည့် ရဲတိုက်တစ်ခု ရှိသည်။ ထိုအရာက လုပ်ကြံသတ်ဖြတ်မှုကို အထူးအလေးထားသော နေရာတစ်ခုလည်း ဖြစ်၏။ သူတို့က ယုတ်မာမှုအရာတွင် ရက်စက်ခြင်းကျောင်းဆောင်ထက် အနည်းငယ်လေးသာ ပို၍ နိမ့်ကျသည်။
ထိုကဲ့သို့ တည်ဆောက်ပုံများ ရှိနေသော အစွမ်းထက် အဖွဲ့အစည်းများက အထက်တန်းလွှာ မိသားစုများနှင့် ကွဲပြားသည်။ သူတို့၏ အဖွဲ့သားအများစုကို ကြားဖြတ်ခေါ်ဆောင်ထားတတ်ကြခြင်း ဖြစ်ပြီး သူတို့စွမ်းရည်များ၊ သိုင်းပညာများ သင်ကြား၍ အဖွဲ့အစည်း၏ လိုအပ်ချက်ကို ချဲ့ထွင်ရန် ကြိုးစားကြသည်။
ထို့ကြောင့် အဖွဲ့သားများက လူမသိ သူမသိ ဖြစ်လာကြပြီး ကြောက်စရာကောင်းသော နာမည်ဆိုးရှိနေသည့် ပညာရှင်များကပင် အဖွဲ့အစည်းကို အလွယ်တကူ ပူးပေါင်းနိုင်ကြသည်။
ထိုသို့ဆိုရာတွင် ယပ်တောင်(၆)လက်ကျောင်းက ထိုအဖွဲ့အစည်းကို သံသယမျက်လုံးနှင့် သေချာစောင့်ကြည့်နေခဲ့သည်။ သူတို့က သံရဲတိုက် အဖွဲ့အစည်းကို ပြဿနာရှာ၍ မရသည့်အတွက် အတော်လေး ဇဝေဇဝါ ဖြစ်နေရ၏။
သူ့အဖြေက ဝေဝါးနေကြောင်း နားလည်သည့်အတွက် ဆိုင်ရှင်က အလျင်အမြန် ရှင်းပြလိုက်သည်။
“သွမ့်မူပိုင်ကတော့ လူဆိုးတစ်ယောက် မဟုတ်ဘူး…”
သူက ခဏရပ်လိုက်သည်။
“လူဆိုးတွေက သူတို့သတ်လိုက်တဲ့ ရန်သူဆီကနေ ပစ္စည်းတွေကို ရယူပြီးသွားရင် အဲဒီပစ္စည်းတွေက သုံးလို့ မရတဲ့ အခြေအနေမျိုး ရှိတယ်။ သိုင်းလောကမှာ သူတို့ရဲ့ ရပ်တည်မှုအရ အဲဒီပစ္စည်းတွေကို ပွင့်ပွင့်လင်းလင်း ရောင်းချလို့မရဘူး။ ဒါကြောင့် သူတို့က အဲဒီပစ္စည်းတွေကို ရောင်းချပေးဖို့အတွက် ကြားခံလူတစ်ယောက် လိုအပ်တယ်။ အဲဒီကြားခံလူတွေကတော့ ဒီလိုပစ္စည်းတွေကို ရောင်းချပေးတာ၊ အရောင်းအဝယ် လုပ်ပေးတာကနေတဆင့် အကျိုးအမြတ်တွေ အများကြီး ရကြတယ်။ အဲဒီလိုလူတွေက အဖွဲ့အစည်းတွေနဲ့ ပတ်သက်မှု မရှိပေမဲ့ သိုင်းလောကမှာ အစွမ်းထက်တဲ့ နောက်ခံတွေ ရှိကြတယ်။ သူတို့က အမှောင်ထဲကနေပဲ အလုပ်တွေကို လုပ်ကြတယ်။ ဒါကြောင့် သက်သေပြစရာမရှိဘဲ သူတို့ကို ဖမ်းဆီးဖို့ ခက်တယ်…”
“ဒါဆိုရင် သွမ့်မူပိုင်က အဲဒီလို ကြားခံလူတွေထဲက တစ်ယောက်လား…” နောက်ဆုံးတွင်တော့ မုန့်ချီက နားလည်သွားခဲ့သည်။
ဆိုင်ရှင်က အနည်းငယ် လှုပ်ရှားနေသော အသံနှင့် ပြောလိုက်သည်။
“ဆရာ့မှာ ထူးခြားတဲ့အမြင် ရှိနေတာပဲ။ သံရဲတိုက်အဖွဲ့အစည်းက အမှန်တရား မဟုတ်သလို လမ်းမှားလမ်းစဉ်လည်း မဟုတ်ဘူး။ ဒါပေမဲ့ သူတို့က မကောင်းတဲ့ကိစ္စတွေကနေ ဝေးဝေးရှောင်နေတာမျိုးလည်း မရှိဘူး။ သွမ့်မူပိုင်ကတော့ အဲဒီလို စီးပွားရေး အလုပ်မျိုးကို ကျွမ်းကျင်တယ်။ ဒါကြောင့် အမှောင်နှင့် အလင်း အဖွဲ့အစည်းတွေရဲ့ ကြားထဲမှာ သူ့ရဲ့ နာမည်ဂုဏ်သတင်းက ပျံ့နှံ့နေတယ်…”
‘ကြည့်ရတာတော့ ငါက သိုင်းလောကရဲ့(၂)ဖက်စလုံးနဲ့ အလုပ်လုပ်နေတဲ့ လူတစ်ယောက်ဆီကို သွားချင်တယ်ဆိုရင် လူဆိုးတစ်ယောက်နဲ့ သေချာပေါက် ဆက်ဆံရမယ်ထင်တယ်…’
မုန့်ချီက တစ်ယောက်တည်း တွေးနေမိသည်။
ဆိုင်ရှင်က ပြောလိုက်၏။
“အပေါ်ယံမှာတော့ သွမ့်မူပိုင်က မာနကြီးပြီး မောက်မာတဲ့အပြင် မိန်းမရှုပ်တဲ့ လူတစ်ယောက်ပဲ။ သူက သူ့ရဲ့ ခြေရာလက်ရာတွေကို ကောင်းကောင်းကြီး ဖုံးကွယ်ထားနိုင်တယ်။ ကျွန်တော်တို့ကလည်း သူနဲ့ပတ်သက်တဲ့ သဲလွန်စတွေ အများကြီး ကောလာဟလတွေ အများကြီးကို ကြားခဲ့ဖူးတယ်။ ဒါပေမဲ့ သက်သေ တိတိကျကျ မရတဲ့အတွက် သူ့ကို ဘာမှ လုပ်လို့မရဘူး။ သူက နာမည်ကျော် လမ်းမှားပညာရှင်တစ်ယောက်နဲ့ နီးကပ်နေတာ၊ ဒါမှမဟုတ် ကူညီပေးတယ်ဆိုတဲ့ အရာမျိုး မရှိသရွေ့ ကျွန်တော်တို့က သူ့ကို ဘာမှလုပ်လို့ မရနိုင်ဘူး။ တကယ်လို့ ကျွန်တော်တို့က သူ့ကို စစ်ဆေးဖို့ သူလျှိုတစ်ယောက် လွှတ်လိုက်မယ်ဆိုရင်တောင် သူက အပေါ်ယံမှာ ဟန်ဆောင်နေတော့ ဘာမှလုပ်မရနိုင်ဘူး…”
ထို့ကြောင့် အစစ်အမှန် လူဆိုးတစ်ယောက်ကသာ အလုပ်ဖြစ်နိုင်သည်။ ယပ်တောင်(၆)လက်ကျောင်းမှ လူတစ်ယောက်ကပင် သွမ့်မူပိုင်၏ ယုံကြည်မှုကို ရရှိပြီး သူနှင့် အပေးအယူ လုပ်ရန် မဖြစ်နိုင်ပေ။
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိပြီး ထိုအခက်အခဲကို စဉ်းစားကြည့်နေခဲ့၏။ သူကတော့ လူဆိုးတစ်ယောက်၏ ပုံစံမျိုးကို ပြောင်းလဲရန် ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် သူက သွမ့်မူပိုင်၏ အနားသို့ကပ်ရန် နာမည်ကျော်ကြားသည့် လူဆိုးများနှင့် ပတ်သက်သော အချက်အလက်များကိုလည်း ယခုအချိန်အထိ မသိသေးခြင်းကြောင့် ဖြစ်၏။
သံရဲတိုက် အဆောက်အဦး၏ မြစ်အရှေ့ပိုင်းဂိုဏ်းခွဲက ယင်မြို့ထဲတွင် တည်ရှိနေသည်။ မုန့်ချီက အကောင်ငယ်လေးတစ်ကောင်အဖြစ် ပြောင်းလဲပြီး အနီးပတ်ဝန်းကျင်ကို စစ်ဆေးရန် ဝင်ရောက်သွားခဲ့၏။
ထိုနယ်မြေ၏ အလယ်တွင်တော့ (၂)ထပ် အဆောက်အဦးရှိနေပြီး အပေါက်ဝတွင်တော့ မီးငှက်တစ်ကောင်၏ ပုံသဏ္ဌာန် ပန်းချီကားတစ်ချပ် ရှိသည်။ ထိုအရာက ခြံဝန်း၏ အလယ်တွင် သီးခြားရပ်နေပြီး ပတ်ပတ်လည်တွင်တော့ အလွန်ကြီးမားသော လေဟာနယ်ကြီးတစ်ခု ရှိသည်။
အဆောက်အဦး၏ အနားကို မရောက်သေးခင် မုန့်ချီကတော့ အလွန် ကြောက်စရာကောင်းသော အအေးဓာတ်တစ်ခုကို ခံစားလိုက်ရ၏။ သူက ချက်ချင်း ရပ်တန့်လိုက်ပြီး စိတ်ဝိညာဉ်သိစိတ်ကို ဖြန့်ကျက်၍ ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်သည်။
ထိုအချိန်တွင် သူ၏တကိုယ်လုံး စပ်ဖျင်းဖျင်း ဖြစ်သွားသလို ခံစားလိုက်ရ၏။ အဆောက်အဦး၏ မီတာများစွာ ပတ်ပတ်လည်အတွင်း သက်ရှိအငွေ့အသက် တစ်ခုမျှ မရှိချေ။ အသက်ရှင်နေသည့် ပိုးကောင်မွှားကောင် တစ်ကောင်မျှ မရှိဘဲ ယင်ကောင်နှင့် ငှက်များပင် မရှိချေ။
“မှော်ပညာရှင်တွေ၊ ရုပ်ပြောင်းရုပ်လွှဲ ပညာရှင်တွေကို တားဆီးထားတာလား။ ဒါမှမဟုတ် ဒီအဆောက်အဦးရဲ့ အရှင်သခင်က အသန့်ကြိုက်တဲ့အတွက် အနီးအနားကို တိရစ္ဆာန်တွေ တစ်ကောင်မှ ရောက်မလာအောင် လုပ်ထားတာလား..”
ခဏကြာ စဉ်းစားပြီးနောက် ငှက်တစ်ကောင် ပေါ်လာခဲ့သည်။ ထိုငှက်က ထိုနယ်မြေကို ဖြတ်သန်းသွားရန် ကြိုးစားလိုက်၏။ သူက အနားသို့ ပျံသန်းသွားသည့်အချိန်တွင် ရုတ်တရက် လေထဲ၌ အေးခဲရပ်တန့်သွားခဲ့သည်။ သူက မမြင်ရသော နံရံတစ်ခုကို တိုက်မိသွားသလို ထင်မှတ်ရသည်။ ချက်ချင်းဆိုသလိုပင် အလန်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုငှက်ကလေးက ပြာအဖြစ် ပြောင်းလဲသွားခဲ့၏။
“ဒါက ရုပ်ပြောင်းရုပ်လွှဲ ပညာရှင်တွေကို သတိထားနေတာပဲ။ သံရဲတိုက် အဆောက်အဦးမှာ သေချာပေါက် လျို့ဝှက်ချက်တွေ ရှိနေနိုင်တယ်..”
မုန့်ချီက စိတ်ဝင်တစား မျက်မှောင်ကြုတ်လိုက်မိသည်။
သူက ခြံဝန်းထဲတွင် ရှိနေသော တခြားအဆောက်အဦးများကို စုံစမ်းစစ်ဆေးပြီး တစ်စုံတစ်ခု သိနိုင်ခြင်း ရှိမရှိ စောင့်ကြည့်နေခဲ့၏။ မုန့်ချီက အဆောက်အဦးငယ်(၇)ခုကို စစ်ဆေးကြည့်နေခဲ့သည်။
ထိုအချိန်တွင် သွမ့်မူပိုင်ကတော့ သူ၏ဂုဏ်သတင်းအတိုင်း မိန်းမပွေရှုပ်သည်ဟူသော ပုံစံနှင့်သာ ရှိနေကြောင်း တွေ့လိုက်ရသည်။ သူ၏အငယ်ဆုံး ကိုယ်လုပ်တော်ကတော့ အသက်(၁၅)နှစ် (၁၆)နှစ်အရွယ် အမွှာမိန်းကလေး (၂)ယောက် ဖြစ်သည်။ ထိုအရာက သူ၏မြေးများထက်ပင် ပို၍ အသက်ငယ်နေသေး၏။
“ဟမ် ဒီအမွှာ(၂)ယောက်ဆီကနေ တော်တော်လေးကို ထူးခြားတဲ့ အငွေ့အသက်တစ်ခု ထွက်လာနေတယ်။ သူတို့က ဖြားယောင်းခြင်း အတတ်ပညာကို သေသေချာချာ လေ့ကျင့်ထားတာပဲ…”
ငှက်တစ်ကောင်ပုံစံ ပြောင်းလဲထားသော မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေခဲ့သည်။ ထိုအမွှာ(၂)ယောက်က အတော်လေးကို ထူးခြားနေခဲ့၏။ အပြစ်ကင်းစင်သော မျက်နှာလေးနှင့် ဆွဲဆောင်မှုရှိသော အလှတရား၊ ပိန်ပိန်သွယ်သွယ်နှင့် လှပသော ကိုယ်လုပ်တော်များက ကြည့်လိုက်လျှင် သာမန်သာ ထင်မှတ်ရသည်။
သို့သော် မုန့်ချီကို ချီတိုင်းပြည်မှ အမတ်ကြီးဟွမ်က ကျောက်စိမ်း ပုံရိပ်ယောင် တွက်ချက်ခြင်း ပညာကို လေ့ကျင့်ပေးခဲ့သည်။ သူကိုယ်တိုင်ကလည်း ထိုကဲ့သို့ အရာမျိုးကို ကြုံခဲ့ဖူးသည့်အတွက် အမတ်ကြီးဟွမ်က မတူညီသော မိန်းကလေးများကို ဥပမာပေးပြီး ရှင်းပြခဲ့သည်။ သူက မိန်းကလေးများကို သုံးသပ်ရာတွင် ရရှိခဲ့သော အသိပညာများအရ သူတို့၏ရုပ်ရည်က သူတို့ လေ့ကျင့်ထားသော လျို့ဝှက်ကျင့်စဉ်များကြောင့် ဖြစ်ကြောင်း မုန့်ချီက သေချာ သိနေခဲ့သည်။
ထိုကဲ့သို့ သဘောသဘာဝရှိသော လျို့ဝှက်ကျင့်စဉ်များက အနည်းငယ်သာ ရှိ၏။ ထို့ကြောင့် ကိုယ်လုပ်တော်များက လေဟာနယ်မိန်းမပျိုဂိုဏ်းမှ လက်ဆောင်များ ဖြစ်ကြောင်း ယူဆနိုင်သည်။ သွမ့်မူပိုင်က သူ၏စွမ်းအားများကို ပြန်ဖြည့်ရန် သူတို့၏ ယင်စွမ်းအားများကို စုပ်ယူရန် ဖြစ်နိုင်သည်။
ထိုကိုယ်လုပ်တော်များက သွမ့်မူပိုင်နှင့် ဆက်နွယ်နေသူများကိုဖျော်ဖြေပေးရန်လည်း ဖြစ်နိုင်သည်။ သူတို့က တခြားသူများကို ထိန်းချုပ်ရန် တိတ်တဆိတ် စေလွှတ်ထားခြင်းလည်း ဖြစ်နိုင်၏။
မုန့်ချီက အရာအားလုံးကို မှတ်သားထားခဲ့ပြီး မြစ်အရှေ့ပိုင်း အဆောက်အဦး၏ ခြံဝန်းထဲမှနေ၍ လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။ ထို့နောက် သူက တရားဝင် လာရောက်ရမည်ဖြစ်၏။
မှောင်စပျိုးလာသည့်အချိန်တွင် သူက လှုပ်ရှားလိုက်ရာ ဆံပင်ဖြူ အနည်းငယ် ရှိနေသော သက်လတ်ပိုင်း လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ သူက အစိမ်းရောင်ဝတ်စုံနှင့် ဦးထုပ်ပျော့တစ်ခုကို ဆောင်းထား၏။ သူ့ပုံစံက အလွန်ထင်ရှားပြီး ပင်ပန်းနွမ်းနယ်နေသည့် ပုံစံမျိုး မရှိချေ။ ထိုအရာကတော့ ကရုဏာမဲ့နတ်ဆိုး၏ ပုံစံမျိုး ဖြစ်သည်။
သူက သိုင်းလောကထဲ၌ ရှိနေသော လူဆိုးများထဲတွင် အလွန်နာမည်ကျော်ကြားသော လူဆိုးတစ်ယောက်လည်း ဖြစ်ခဲ့၏။ သူက ပိုမီတွင် အသတ်ခံခဲ့ရကြောင်း ဘိုးဘေးဒိုမူနှင့် မုန့်ချီတို့ကလွဲလျှင် မည်သူမျှ မသိကြပေ။ ထိုအရာက မုန့်ချီအတွက် အကောင်းဆုံး ဟန်ဆောင်မှုတစ်ခု ဖြစ်နိုင်သည်။
သွမ့်မူပိုင်က သံရဲတိုက်အဆောက်အဦး၏ ဝေ့ကျင်းအဆင့် ပညာရှင်များထဲတွင် နာမည်ကျော်ကြားလာသည့်အချိန်၌ ကရုဏာမဲ့နတ်ဆိုး၏ အကြောင်းကို ပြောခဲ့ဖူးသည်။ အကယ်၍ သူတို့က မတွေ့ဖူးလျှင်ပင် သွမ့်မူပိုင်ကတော့ ထိုနာမည်ကို သေချာပေါက် သိနေနိုင်၏။ ထိုကဲ့သို့ အပြစ်မရှိသူများကို သတ်ဖြတ်တတ်သော လူတစ်ယောက်က ယပ်တောင်(၆)လက် ကျောင်း၏ သူလျှို မဖြစ်နိုင်တော့ပေ။
မုန့်ချီက ငယ်ရွယ်သော ကရုဏာမဲ့ နတ်ဆိုးပုံစံအဖြစ် ပြောင်းလဲလိုက်ပြီး ပိုမီတွင် ပုန်းအောင်းနေသော လူဆိုးတစ်ယောက်၏ပုံစံမျိုး မဟုတ်ချေ။ ထို့ကြောင့် သွမ့်မူပိုင်က သူ့ကို ချက်ချင်း မှတ်မိနိုင်၏။
မြစ်အရှေ့ပိုင်းအဆောက်အဦး၏ အပြင်ဘက်တွင် အစေခံပေါင်းများစွာက ကစားနေသော မိန်းကလေး တစ်ယောက်ကို ကြည့်နေခဲ့သည်။ သူမက သွမ့်မူပိုင်၏ အငယ်ဆုံးသမီးဖြစ်ပြီး သူ၏ကိုယ်လုပ်တော်တစ်ယောက်မှ လွန်ခဲ့သော (၆)နှစ်တွင် မွေးဖွားခဲ့သော ကလေးမလေး တစ်ယောက်လည်း ဖြစ်သည်။
ထိုကလေးမလေးက လိပ်ပြာတစ်ကောင်ကို လိုက်ဖမ်းနေ၏။ သူ၏နဖူးပေါ်မှ ချွေးများ စီးကျလာပြီး ရုတ်တရက်ဆိုသလို လိပ်ပြာလေးက လက်တစ်ဖက်ပေါ်တွင် ဆင်းသက်သွားကြောင်း မြင်လိုက်ရသည်။
သူမက မျက်လုံးပြူးသွားပြီး လှမ်းကြည့်လိုက်ရာ အလွန်ချောမောခန့်ညားသော သက်လတ်ပိုင်း လူကြီးတစ်ယောက်ကို မြင်လိုက်ရသည်။ သူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် ဆံပင်ဖြူအနည်းငယ် ရှိနေသည်။ သူက နွေးထွေးဖော်ရွေစွာ ပြုံးပြလိုက်၏။
“ကျေးဇူးတင်ပါတယ် ဦးလေး…”
ကလေးမလေးက လိပ်ပြာလေးကိုယူပြီး ပြောလိုက်သည်။
“သူနဲ့ ဝေးဝေးနေ…”
ခပ်တည်တည် အသံတစ်ခု ထွက်လာ၏။ ဆွတ်ဆွတ်ဖြူနေသောဆံပင်၊ အရေးကြောင်း မရှိသော မျက်နှာနှင့် အဘိုးအိုက ပြောလိုက်သည်။ ထိုအရာကတော့ မြစ်အရှေ့ပိုင်းမှ သွမ့်မူပိုင် ဖြစ်၏။
မုန့်ချီက သူ့လက်ကို ရုတ်သိမ်းလိုက်သည်။ သူက လက်နောက်ပစ်ပြီး သွမ့်မူပိုင်ကို တိတ်တဆိတ် ကြည့်နေခဲ့သည်။
“မင်းက ဖျက်ဆီးရေးဂိုဏ်း၊ လော်အဖွဲ့အစည်းနဲ့ သူတောင်းစားဂိုဏ်းတို့ကို ပြဿနာရှာထားပြီး ဒီနေရာမှာ ပေါ်လာရဲသေးတာလား…”
သွမ့်မူပိုင်က တိတ်တဆိတ် ပြောလိုက်သည်။
‘သူတို့က အချင်းချင်း သိနေကြတာပဲ…’
မုန့်ချီက လက်နောက်ပစ်ထားပြီး ယုံကြည်မှုရှိရှိ ရယ်လိုက်မိသည်။
“အချိန်တွေက ပြောင်းလဲသွားခဲ့ပြီလေ…”
Translated by Hein Htet.