အခန်း (၆၀၈)
Vol. 41 Ch. 608
သွမ့်မူပိုင်က ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး သတိထား၍ ပြန်ပြောလိုက်သည်။ “အတွင်းထဲမှာ စကားပြောကြမယ်…”
လမ်းမှားလမ်းမှန် နှစ်ဖက်စလုံးကို ရန်စခဲ့သည့် ကရုဏာမဲ့နတ်ဆိုးက လမ်းကြိုလမ်းကြားများထဲတွင် ကြွက်တစ်ကောင်ကဲ့သို့ ထွက်ပြေးနေခဲ့ရသည်။ သွမ့်မူပိုင်က မုန့်ချီ၏ရည်ရွယ်ချက်ကို သံသယဝင်နေပြီး သူက တစ်ဖက်လူကို အပြင်သို့ မောင်းထုတ်ရန် စဉ်းစားထားခဲ့သည်။ ထို့နောက်တွင်မှ သူက အင်အားစုကြီးများဆီသို့ သတင်းပို့ရန် စဉ်းစားထား၏။ ထိုသို့ဆိုရာတွင် တခြားသူများက မုန့်ချီကို မြင်သွားခဲ့မှာကို သူက မလိုချင်ခဲ့ပေ။
မုန့်ချီကတော့ ပေါ့ပေါ့ပါးပါးဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ခါးပတ်တစ်ချောင်း ပတ်ထားသည်။ သူက လက်နောက်ပစ်၍ သွမ့်မူပိုင်၏ နောက်မှ ပေါ့ပေါ့ပါးပါးပုံစံနှင့် လိုက်လာခဲ့သည်။ ရံဖန်ရံခါ ပန်းပွင့်များကို ကြည့်နေခဲ့သည်။ သူ၏အပြုအမူက အတော်လေးကို စိတ်အေးလက်အေး ရှိနေပုံရ၏။
ခရမ်းနီရောင် အဆောက်အဦး၏ အတွင်းထဲကို ခြေလှမ်း(၁၀)လှမ်းခန့် ရောက်လာသည့်အချိန်တွင် အလွန်ထူးဆန်းသော ခံစားမှုတစ်ခု ပေါ်လာခဲ့၏။ ပတ်ပတ်လည်တွင် ဒီရေလှိုင်းကြီးကဲ့သို့သော အန္တရာယ်တစ်ခု ပုန်းအောင်းနေသလို ခံစားနေရသည်။
သူက အဆောက်အဦးထဲသို့ ဝင်လာခဲ့သည့် အချိန်တွင် ရေလှိုင်းကဲ့သို့ ခံစားမှုက နောက်တစ်ကြိမ် ထိုနေရာကို ဆေးကြောသွားခဲ့ပြန်သည်။ စလာသည့်အချိန်မှ ဆုံးသည့်တိုင်အောင် မျက်လုံးများက သူ့ကို စိုက်ကြည့်နေသလို ခံစားနေရ၏။ သူက ပင်မချီစွမ်းအင် ပင်လယ်ကြီးထဲတွင် နစ်မြုပ်သွားသလို ခံစားချက်တစ်ခု ပေါ်လာခြင်း ဖြစ်သည်။
ထိုအရာက သူ၏အရေပြားပေါ်တွင် ကပ်ငြိသွားခဲ့ပြီး သူလည်း လှုပ်ရှားနိုင်ခြင်း မရှိချေ။ လမ်းတလျှောက်လုံး သံသရာအဆောင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သော မုန့်ချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။
သံရဲတိုက်အဆောက်အဦး၏ ဝင်္ကပါက လူတစ်ယောက် ဖုံးကွယ်ထားခြင်းကို ဖော်ထုတ်နိုင်သော စွမ်းရည်မျိုး ရှိသော်လည်း အသွင်ပြောင်း(၇၂)မျိုး ကျင့်စဉ်ကဲ့သို့ သဘာဝတရားကြီးကို ဆန့်ကျင်နေသည့် ကျင့်စဉ်များအပေါ်တွင်တော့ အသုံးဝင်နိုင်ခြင်း မရှိချေ။ ဝင်္ကပါဗဟိုက အတွင်းထဲကို ရောက်လာသော သက်ရှိတိုင်းကို စစ်ဆေးကြည့်နိုင်သော်လည်း သူကတော့ ခြွင်းချက် ဖြစ်သည်။
သူက ပြုံးလိုက်မိပြီး အတွင်းထဲသို့ လမ်းလျှောက်သွားခဲ့၏။ နောက်ဆုံးတွင်တော့ အဆောက်အဦး ပထမထပ်တွင် ရှိနေသော အခန်းတစ်ခုသို့ ဝင်လာခဲ့သည်။
“အခုအချိန်မှာ အရာအားလုံးက ကွဲပြားသွားပြီ။ မင်းက ဓမ္မကာရအဆင့်ကို ရောက်သွားမယ်ဆိုရင်တောင် လမ်းမှားလမ်းမှန် အဖွဲ့(၂)ခုလုံးကို ရင်ဆိုင်နိုင်မယ်လို့ ထင်နေတာလား…”
တံခါးပိတ်လိုက်သည့်အချိန်တွင် သွမ့်မူပိုင်က ပြောလိုက်သည်။ သူ၏ လေသံက အနည်းငယ် ထိတ်လန့်နေပုံပေါ်၏။
အခန်းထဲတွင် တိတ်ဆိတ်မှုကသာ လွှမ်းခြုံနေခဲ့သည်။ တံခါးပိတ်ထားသည့်အတွက် အပြင်ဘက်မှ ဆူညံသံများကို မကြားရပေ။ အခန်းက ကမ္ဘာကြီးနှင့် သီးခြားဖြစ်တည်နေသလို ထင်မှတ်ရသည်။
ကရုဏာမဲ့နတ်ဆိုးကို ဝင်္ကပါနှင့် စစ်ဆေးကြည့်လိုက်ပြီးနောက် သွမ့်မူပိုင်၏ အပြုအမူက ပို၍ပင် နှစ်လိုဖွယ် ရှိလာ၏။ သူ၏ သံသယများကိုလည်း ဘေးဖယ်ထားလိုက်သည်။ ကရုဏာမဲ့နတ်ဆိုးနှင့် သွမ့်မူပိုင်တို့က အချင်းချင်း ဝါစဉ်အရ နီးကပ်မှု မရှိချေ။
သို့သော် သိုင်းလောကတွင် သွမ့်မူပိုင်၏ အစွမ်းနှင့် ဂုဏ်သတင်းက ပို၍မြင့်မား၏။ သူက အလွန်နာမည်ကြီးသော လူတစ်ယောက် မဟုတ်သော်လည်း အလားအလာရှိသော လမ်းမှားပညာရှင်တစ်ယောက်ဟု သတ်မှတ်နိုင်သည်။ ထိုအရာက သူ၏သိုင်းလောက နာမည်နှင့် အတော်လေးကို သိသာထင်ရှားနေ၏။
ဤကမ္ဘာကြီးထဲတွင် နာမည်ဂုဏ်သတင်း နိမ့်ကျသူများကို မည်သည့်ပညာရှင်ကမျှ မှန်ကန်သော သိုင်းလောကနာမည်များ မပေးတတ်ကြပေ။ သို့သော် နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။
အစစ်အမှန် ကရုဏာမဲ့နတ်ဆိုးက တတိယကောင်းကင် ဝေ့ကျင်းအဆင့်နှင့် အပူပင်မဲ့တောင်ကြားထဲတွင် သေဆုံးသွားခဲ့ရသည်။ ထိုအချိန်တွင် သွမ့်မူပိုင်ကတော့ ပထမကောင်းကင်လှေကားကို လွန်ခဲ့သော (၆)နှစ်ခန့်တွင် ခက်ခက်ခဲခဲ ဖြတ်ကျော်လာခဲ့ပြီးနောက် သံရဲတိုက် အဆောက်အဦး၏ မြစ်အရှေ့ပိုင်း အရှင်သခင်တစ်ယောက် ဖြစ်လာခဲ့သည်။
ယခုသူက ပို၍မြင့်မားသော အဆင့်ကိုပင် အောင်မြင်ထားခဲ့ပြီး ကောင်းကင်(၅)သွယ် ဝေ့ကျင်းအဆင့်ကို ရောက်နေခဲ့၏။ ထို့ကြောင့် သူက ပို၍ နာမည်ကြီးရန် လုံလောက်သည်။
ကရုဏာမဲ့နတ်ဆိုးကို အပြစ်တင်လိုက်သည့် အရာကလည်း အလွန်မောက်မာပြီး ရိုင်းစိုင်းလှ၏။ ထိုအရာက နတ်ဆိုးလမ်းစဉ်များ၏ လွှမ်းမိုးမှု တစိတ်တပိုင်း ဖြစ်သလို သူ၏မူလသဘာဝ တစိတ်တပိုင်းလည်း ဖြစ်သည်။
လွန်ခဲ့သော နှစ်(၂၀)ခန့်တွင် ကရုဏာမဲ့နတ်ဆိုးက ကျင်းအင်ပါယာ၏ အနောက်တောင်ဘက်တွင် ရှိနေသော မြို့တစ်မြို့လုံးကို အစုလိုက်အပြုံလိုက် သတ်ပစ်ခဲ့ပြီး ပထမ ကောင်းကင်လှေကားကို ဖြတ်ကျော်နိုင်ရန် ကြိုးစားခဲ့သည်။ ထိုအရာကြောင့် ဂိုဏ်းများနှင့် အထက်တန်းလွှာ မိသားစုဝင်များစွာက ဒေါသထွက်သွားခဲ့ပြီး သူ၏တည်နေရာကို စုံစမ်းရှာဖွေရန်နှင့် သူ့ကို လိုက်လံသတ်ဖြတ်ရန် ပညာရှင်များစွာ စေလွှတ်ခဲ့သည်။
ထို့ကြောင့် သူက သူ၏ အရည်အချင်းကို အသုံးချပြီး ဖျက်ဆီးရေးဂိုဏ်းတွင် ခိုလှုံခွင့်ရရန် တောင်းဆိုခဲ့သည်။ သို့သော် သူက ရတနာတစ်ခုအတွက် ကယ်တင်ရှင်များကို သစ္စာဖောက်လိမ့်မည်ဟု မည်သူကမျှ မထင်ထားခဲ့ပေ။ နောက်ဆုံး လော်အဖွဲ့အစည်းနှင့် သူတောင်းစားဂိုဏ်းကပါ ပူးပေါင်းရှာဖွေနေခဲ့သည့်အတွက် ကရုဏာမဲ့နတ်ဆိုးက ကမ္ဘာကြီးထဲမှ ပျောက်ကွယ်သွားခဲ့သည်။
သူက ရတနာကို မရခဲ့သည့်အပြင် လိုက်လံသတ်ဖြတ်ခံရမှုကြောင့် ထွက်ပြေးရန် နေရာပင် မရှိခဲ့ပေ။ သူက ဒဏ်ရာဆိုးဆိုးဝါးဝါး ရရှိခဲ့ပြီးနောက် ပိုမီသို့ ထွက်ပြေးခဲ့၏။
မုန့်ချီက ယပ်တောင်(၆)လက်ကျောင်းမှနေ၍ ထိုသတင်းများကို ကြားထားခဲ့သည်မှာ အတော်လေးကို ကြာခဲ့ပါပြီ။ အငေါ်တူးနေသော သွမ့်မူပိုင်၏ စကားလုံးများကို စိတ်မဝင်စားဘဲ သူက ထိုင်ခုံတစ်ခုကို ဖြည်းညင်းစွာ ဆွဲယူ၍ ထိုင်ချလိုက်သည်။
“မကောင်းဆိုးဝါးသခင်က နတ်ဆိုးဂိုဏ်းနဲ့ ပူးပေါင်းနေတယ်ဆိုတဲ့ အချက်ကြောင့် ဖျက်ဆီးရေးဂိုဏ်းက အဖွဲ့သားတွေက ပုန်းနေကြပြီ။ အခုလိုအချိန်မျိုးမှာ သူတို့တွေက ရန်ငြိုးအတွက် ပေါ်လာရဲဦးမှာလား။ လော်အဖွဲ့အစည်း၊ လေဟာနယ်မိန်းမပျိုဂိုဏ်းနဲ့ အသက်ပြောင်းလဲခြင်းဂိုဏ်းတို့လည်း အတူတူပဲ။ သူတို့တွေက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နေရကြရတယ်။ အမှန်တရားဂိုဏ်းတွေ၊ သူတောင်းစားဂိုဏ်းတွေကလည်း ငါ့လို မကောင်းဆိုးဝါးတစ်ကောင်ရဲ့နောက်ကို လိုက်ဖို့ ဆက်မလိုက်တော့တာ တော်တော်လေးတောင် ကြာနေပြီ။ အပြစ်ပြုမိထားခဲ့တဲ့ လမ်းမှားအဖွဲ့အစည်းတွေကတောင် ဒီအဘိုးကြီးကို အလေးမထားမှတော့ တခြားဂိုဏ်းတွေက ဘာများလုပ်နိုင်ဦးမှာလဲ…”
လမ်းမှားနတ်ဆိုးများထဲတွင် အမှန်တရားလမ်းစဉ် ပညာရှင်များ၏ လိုက်လံသတ်ဖြတ်ခြင်းကို မခံရသောသူ မည်သူများ ရှိနေသနည်း။ ထိုအရာက တချိန်ချိန် ကြုံရမည့် အရာတစ်ခုသာ ဖြစ်သည်။ သို့သော် လျို့ဝှက်စွာ လှုပ်ရှား၍ရသော နည်းလမ်းများ ရှိနေသေး၏။
ထို့ပြင် ထိုအဖြစ်အပျက်က လွန်ခဲ့သော အနှစ်(၂၀)ခန့်တွင် ဖြစ်သည်။ ထိုအချိန်က ကလေးများပင် သိုင်းလောကတွင် ပညာရှင်များ ဖြစ်နေကြပါပြီ။ လူငယ်ပညာရှင်များကလည်း အင်အားကြီး ပညာရှင်များအဖြစ် ပြောင်းလဲလာကြ၏။ ထိုအဖြစ်အပျက်တွင် ပါဝင်ပတ်သက်နေသူများကလွဲလျှင် မည်သူကရော ရှင်းရှင်းလင်းလင်း မှတ်မိနေကြဦးမည်နည်း။
သွမ့်မူပိုင်ကတော့ ကရုဏာမဲ့နတ်ဆိုးကို ကြည့်လိုက်ပြီး မျက်လုံးတစ်ဖက်ကို မှိတ်လိုက်သည်။ ပိုမီတွင် ရှိနေသော ခက်ခဲကြမ်းတမ်းသည့် အခြေအနေနှင့် အရင်းအမြစ်နည်းပါးမှုကို စဉ်းစားကြည့်လိုက်မည်ဆိုလျှင် တဖက်လူ၏ ကျင့်ကြံမှုက ရပ်တန့်နေခြင်း သို့မဟုတ် ဆုတ်ယုတ်သွားခြင်းသာ ဖြစ်နိုင်၏။ သူက ပထမကောင်းကင်လှေကားကို ဖြတ်ကျော်နိုင်မည် မဟုတ်ချေ။
သို့သော် သူ၏ အငွေ့အသက်များက မည်းမှောင်ပြီး ကြောက်စရာကောင်းနေခဲ့၏။ သူ၏အငွေ့အသက်က မည်မျှနက်ရှိုင်းကြောင်း သွမ့်မူပိုင်ကပင် မပြောနိုင်သည့်အတွက် သူက ကရုဏာမဲ့နတ်ဆိုးကို လျှော့မတွက်သင့်ဟု ခံစားမိနေခဲ့သည်။
“ဒါက ယာယီပါပဲ။ တကယ်လို့ လူတိုင်းက ဖျက်ဆီးရေးဂိုဏ်းနဲ့ လော်အဖွဲ့အစည်းက အဖွဲ့သားတွေကို သတ်ချင်နေတယ်ဆိုရင်တောင် သူတို့က တဖြည်းဖြည်းနဲ့ ပြန်ပေါ်လာကြဦးမှာပဲ။ တကယ်လို့ မင်းကသာ နည်းနည်းလေး ပေါ်သွားမယ်ဆိုရင် လမ်းမှားလမ်းမှန် (၂)ဖွဲ့လုံးက မင်းနောက်ကို လိုက်ကြမှာပဲ။ မင်းရဲ့အဆုံးသတ်က ကောင်းမှာ မဟုတ်ဘူး။ မင်းရဲ့မဟာမိတ်တွေက ကျင့်ကြံသူတွေ၊ နတ်ဆရာတွေ မဟုတ်သရွေ့ အဆင်မပြေဘူးလေ…”
သွမ့်မူပိုင်က ခနဲ့သလို ပြောလိုက်သည်။ လော်အဖွဲ့အစည်းမှ ကျင့်ကြံသူများနှင့် နတ်ဆရာများတွင် တခြားနာမည်များရှိကြပြီး သူတို့က အမှန်တရားဂိုဏ်းများထဲတွင် အဖွဲ့သားများအဖြစ် ပုန်းအောင်းနေကြသည်။
မုန့်ချီကတော့ တည်ငြိမ်နေဆဲသာဖြစ်ပြီး အပြုံးနှင့် ပြောလိုက်၏။
“ပိုမီမှာ အကြောင်းအရာတွေက ပြောင်းလဲသွားပြီ။ ဘယ်သူကမှ အဲဒီနေရာမှာ ပုန်းနေလို့ရမှာ မဟုတ်တော့ဘူး။ ငါက အဲဒီမှာ ထိုင်နေလိမ့်မယ်လို့ မင်းက ထင်နေတာလား။ ငါကတော့ ငါ့မှာရှိတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး အဆင့်တက်ဖို့ ကြိုးစားခဲ့တယ်။ အချိန်ကျလာရင် ပြန်လည်သင့်မြတ်ဖို့ကလည်း မဖြစ်နိုင်တာမှ မဟုတ်တာ…”
“ပြန်လည်သင့်မြတ်ဖို့လား…”
သွမ့်မူပိုင်၏ အသံက လှုပ်ရှားသွားခဲ့သည်။
ကရုဏာမဲ့နတ်ဆိုးက ထိုင်ခုံလက်ရန်းပေါ်ကို လက်တင်ထားပြီး သူ့ပုံစံက အေးအေးဆေးဆေးသာ ဖြစ်၏။ တဖက်လူက မည်သည့်နေရာကိုမျှ သွားစရာမရှိသော လူတစ်ယောက်နှင့် မတူချေ။ သူက အေးအေးဆေးဆေးပြောနေပြီး သူ့ပုံစံက စိတ်အေးလက်အေး ရှိနေ၏။ သူ့ပုံစံက သူ့ကိုယ်သူ ယုံကြည်ချက် ရှိနေသလို ထင်မှတ်ရသည်။
‘သူက ဘယ်လောက်တောင် အစွမ်းထက်လာတာလဲ။ သူက အဆင့်တက်ပြီးသွားရင် လော်အဖွဲ့အစည်းနဲ့ ပြန်ပြီးသင့်မြတ်နိုင်တယ် ဆိုတဲ့စကားကိုတောင် ယုံကြည်ချက်ရှိရှိ ပြောရအောင် ဘယ်လောက် အစွမ်းထက်လာတာလဲ..’
“အစ်ကို ကရုဏာမဲ့နတ်ဆိုး…
အစ်ကို့ရဲ့ယုံကြည်မှုကို ကြည့်ရတာတော့ အောင်မြင်မှု ကြီးကြီးမားမား ရခဲ့တာထင်တယ်…”
သွမ့်မူပိုင်က ကရုဏာမဲ့နတ်ဆိုးဆီမှ အချက်အလက်များ နှိုက်ထုတ်ရန် စဉ်စားထားခဲ့သည်။
သို့သော် တစ်ဖက်လူက ပြန်မဖြေဘဲ ပြုံးရုံလေး ပြုံးပြလိုက်သည်။ ထို့ကြောင့် သူလည်း ရွေးချယ်စရာမရှိတော့ဘဲ ခေါင်းစဉ်ပြောင်းလိုက်ရသည်။
“မင်းက ငါ့ကို ဘာလို့ လာရှာတာလဲ…”
မုန့်ချီက ညာဘက်လက်ရန်းကို လက်ချောင်းလေးများနှင့် ညင်သာစွာ ခေါက်နေပြီး အပြုံးနှင့် ပြောလိုက်သည်။
“ပထမဆုံး ငါက သိုင်းလောကနဲ့ဝေးနေတာ တော်တော်လေး ကြာနေပြီ။ ဒီတော့ သိုင်းလောကရေးရာကိစ္စတွေ၊ အငယ်တွေနဲ့ ပတ်သက်ပြီး ဘာမှမသိဘူး။ ဒီတော့ ငါက မိတ်ဆွေတစ်ယောက် ရှာဖွေဖို့ လိုတယ်။ ဒုတိယတစ်ချက်ကတော့ မင်းက စီးပွားရေးလုပ်ငန်းတွေကို ကောင်းကောင်းကြီး လုပ်နိုင်နေတယ်ဆိုတာ ငါကြားခဲ့တယ်။ ငါက မင်းဆီကနေ ပစ္စည်းတစ်ခု လိုချင်လို့ပဲ…”
နှစ်ပေါင်း(၂၀)ဟူသည်မှာ မျိုးဆက်တစ်ခုလုံး ပြောင်းလဲသွားရန် လုံလောက်သည်။ ကရုဏာမဲ့နတ်ဆိုးက ပိုမီ၌ ပုန်းအောင်းနေစဉ် အသက်(၅၀)၊ (၆၀)ခန့်သာ ရှိနေသေး၏။ မကောင်းဆိုးဝါးလမ်းစဉ်တွင် သူ့နောက်မှ ရောက်လာသူများကို လူသစ်များဟု သတ်မှတ်နိုင်သည်။
“ဘာကိစ္စလဲ…”
သွမ့်မူပိုင်က စဉ်းစားမနေဘဲ မေးလိုက်သည်။ မည်သို့ဖြစ်စေကာမူ ကရုဏာမဲ့ နတ်ဆိုးက အသိအကျွမ်းတစ်ယောက်ဖြစ်ပြီး အလွန်ရက်စက်ကြမ်းကြုတ်သော မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင်လည်း ဖြစ်သည်။
မုန့်ချီက လက်မြှောက်လိုက်ပြီး ခေါင်းတွင် ရှိနေသော ဆံပင်ဖြူများကို ထိလိုက်၏။
“ငါက ယင်စွမ်းအားတွေ ပြည့်နေတဲ့ မိန်းကလေးဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက် လိုချင်တယ်။ ပြီးတော့ ယင်စွမ်းအားတွေကို ယန်စွမ်းအားအဖြစ် ပြောင်းလဲနိုင်တဲ့ ကျင့်စဉ်တစ်ခုလည်း လိုချင်တယ်…”
“မင်းက ရူးသွားပြီလား။ ငါက လူတစ်ယောက်ကို ဖမ်းဖို့ လွယ်မယ်လို့ ထင်နေတာလား”
သွမ့်မူပိုင်၏အသံက ကျယ်လောင်သွားခဲ့သည်။ ကရုဏာမဲ့နတ်ဆိုးက အလွန်မောက်မာပြီး သူ၏စွမ်းရည်ထက် ကျော်လွန်သော တောင်းဆိုချက်တစ်ခု လုပ်နေသည်ဟု သူက တွေးမိခဲ့၏။
ထိပ်သီးအင်အားစုများစွာတွင် ဝေ့ကျင်းအဆင့် ပညာရှင် ဒါဇင်ပေါင်းများစွာ ရှိနေသော်လည်း သူတို့ကို လုံးဝ ထိခိုက်၍ မရနိုင်ပေ။ အကယ်၍ ကရုဏာမဲ့နတ်ဆိုးက ကံကောင်းထောက်မပြီး မိန်းမပျိုတစ်ယောက်ကို ပြန်ပေးဆွဲနိုင်မည်ဆိုလျှင်ပင် စိတ်ဝိညာဉ်မီးအိမ်မှတဆင့် လိုက်လံရှာဖွေနိုင်သည့်အတွက် လွတ်မြောက်နိုင်ခြင်း မရှိချေ။ သူက အသက်ရှင်ရန် ဆန္ဒမရှိတော့ခြင်းပေလော။
တစ်ဖက်တွင်လည်း ဝေ့ကျင်းအဆင့်ကို ရောက်လာကြသော တကိုယ်တော် ကျင့်ကြံသူများက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သည့် စွမ်းရည်များ ရှိကြသည်။ သူတို့ကို သတ်ပစ်ရန် ဖြစ်နိုင်သော်လည်း ဖမ်းဆီးရန်ကတော့ မဖြစ်နိုင်သော တာဝန်တစ်ခု ဖြစ်သည်။
မုန့်ချီကတော့ အပြုံးနှင့် ပြောလိုက်၏။
“ငါ့မှာ လျို့ဝှက်ကျင့်စဉ်တစ်ခု ရှိတယ်။ ငါက ဒီအခွင့်အရေးကို အသုံးချပြီး အဆင့်တက်ဖို့ ကြိုးစားနေတာ။ တကယ်လို့ ငါတို့က ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်ကို မဖမ်းနိုင်ဘူးဆိုရင်တောင် အနိမ့်ဆုံး ဝေ့ကျင်းတစ်ဝက်အဆင့်ကိုတော့ ပစ်မှတ်ထားရမယ်။ ဒါပေမဲ့ ပစ်မှတ်က အပျိုစင်ဖြစ်ရမယ့်အပြင် ယင်စွမ်းအားကို ယန်စွမ်းအားအဖြစ် ဘယ်လိုပြောင်းရမလဲဆိုတာလည်း သိရမယ်…”
ထိုကဲ့သို့ လိုအပ်ချက်များ ရှိနေသည့်အတွက် ဖြစ်နိုင်ချေရှိသူများက လေဟာနယ်မိန်းမပျိုဂိုဏ်းမှ ပညာရှင်များသာ ဖြစ်နိုင်သည်။
“ဝေ့ကျင်းတစ်ဝက်အဆင့်ကနေ ဝေ့ကျင်းအဆင့်။ ပြီးတော့ ယင်စွမ်းအားကို ယန်စွမ်းအားအဖြစ် ဘယ်လိုပြောင်းရမလဲဆိုတာ သိရမှာလား…”
သွမ့်မူပိုင်က တီးတိုးရေရွတ်လိုက်ပြီး ပြန်လည်တည်ငြိမ်သွားခဲ့သည်။
ခဏကြာ စဉ်းစားပြီးနောက် သူက နောက်တစ်ကြိမ် ပြောလိုက်၏။
“အဲဒီလိုမိန်းကလေးတွေက ငွေအများကြီး တန်ကြေးရှိတယ်။ မင်းက ဘာနဲ့ ကမ်းလှမ်းမှာလဲ…”
‘အတွင်းအား ကျင့်စဉ်တွေသိတဲ့ ငါ့ရဲ့ကိုယ်လုပ်တော်ကတောင် မကြာခင်ကမှ ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်တာ။ ဒါပေမဲ့ ကရုဏာမဲ့နတ်ဆိုးကတော့ ဝေ့ကျင်းတစ်ဝက်အဆင့်ကနေ ဝေ့ကျင်းအဆင့် ကိုယ်လုပ်တော်တစ်ယောက်ကိုတောင် အိပ်မက်မက်နေတာလား။ ဒီလိုကိုယ်လုပ်တော်မျိုး ရဖို့ မလွယ်ဘူး..’
မုန့်ချီက မေးစေ့ကို လက်နှင့်ပွတ်ပြီး အပြုံးနှင့် ပြောလိုက်သည်။
“တဖက်လူက ဘာလိုချင်လဲဆိုတာကို အရင်ဆုံး မေးလိုက်ပေါ့…”
အကယ်၍ သူက တန်ကြေးတစ်ခုခုကို ပြောလိုက်မည်ဆိုလျှင် သာမန် အပေးအယူတစ်ခုကဲ့သို့ ဖြစ်သွားနိုင်ပြီး မည်သည့်ပတ်သက်မှုမျှ မကျန်နိုင်တော့ပေ။ သူကတော့ ထိုအရာမျိုးကို သဘောမကျပေ။
သွမ့်မူပိုင်က မုန့်ချီ၏ မျက်လုံးများကို စိုက်ကြည့်နေရာ ထိုမျက်လုံးများက အလွန်ထက်မြက်ပြီး ကြောက်စရာကောင်းကြောင်း တွေ့လိုက်ရသည်။ မုန့်ချီက သူ့ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့၏။ သူ၏မျက်လုံးများက အလွန်နက်ရှိုင်းပြီး ခံစားချက်များ မရှိသည့်အပြင် ဖတ်ကြည့်၍လည်း မရချေ။
“တကယ်လို့ မင်းဆီမှာ တဖက်လူ လိုချင်တဲ့အရာ မရှိဘူး ဆိုရင်ကော…”
သွမ့်မူပိုင်က လေးလေးနက်နက် မေးလိုက်သည်။ သူက မုန့်ချီဆီမှ မျက်လုံးကို ခွာသွားခဲ့၏။
မုန့်ချီကတော့ မူလအမူအရာအတိုင်းသာ ပြန်ပြောလိုက်သည်။၊
“ဒီအပေးအယူကိုတော့ ငါကိုယ်တိုင်ပဲ တာဝန်ယူမယ်။ မင်းက ဘာမှစိုးရိမ်စရာမလိုဘူး။ တကယ်လို့ သူတို့က တခုခုကို ရင်ဆိုင်နေရတယ်ဆိုရင်လည်း ငါက သူတို့ကို ကူညီပေးနိုင်တယ်…”
သူက ထိုကိစ္စကို ဖော်ပြလိုက်ပြီးနောက် လက်ရန်းကို လက်နှင့် ပုတ်လိုက်ပြီး ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။ သူက ထွက်သွားတော့မည်ဟု ပြောလိုက်ခြင်းလည်း ဖြစ်၏။
သွမ့်မူပိုင်က မျက်မှောင်ကြုတ်လိုက်မိသည်။
“ငါက မင်းရဲ့တောင်းဆိုမှုကို ပြောလိုက်မယ်…”
ယနေ့က သူတို့က ပထမဆုံးအကြိမ် တွေ့ရခြင်းဖြစ်ပြီး ကရုဏာမဲ့နတ်ဆိုးက သိုင်းသခင်တစ်ယောက်၏ အခြေအနေမျိုး ရှိနေသည်။ မုန့်ချီ ထွက်သွားသည်ကို မြင်သည့်အခါ သွမ့်မူပိုင်က ဒုတိယထပ်ကို တက်သွားခဲ့၏။
ထို့နောက် သူက တခြားသော လျို့ဝှက်အခန်းတစ်ခုထဲကို ဝင်သွားခဲ့သည်။ အခန်းထဲတွင်တော့ အနက်ရောင်ဝတ်စုံ ဝတ်ထားသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ထိုင်နေခဲ့သည်။ သူ၏အငွေ့အသက်များက ဝိုးတဝါးသာဖြစ်နေပြီး အမှန်တကယ် မရှိသလို ခံစားရ၏။ သူ့ဆီမှ ကြောက်စရာကောင်းပြီး အေးစက်သော အငွေ့အသက်တစ်ခု ပေါ်လွင်နေခဲ့သည်။
မုန့်ချီက မြစ်အရှေ့ပိုင်း အဆောက်အဦးထဲမှ ထွက်သွားခဲ့သည့်အချိန်တွင် အနက်ဝတ်နှင့်လူက သွမ့်မူပိုင်ကို မေးလိုက်၏။
“အဲဒီလူက ဘယ်သူလဲ..”
သူကတော့ အမှန်တရားလမ်းစဉ်ဖြစ်သော အရိပ်တန်ပြန်ဂိုဏ်းမှ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ တစ်ယောက် ဖြစ်သည်။ သူက ဝေ့ကျင်းအဆင့်ကို ရောက်သည်မှာ ဆယ်စုနှစ်တစ်ခု ကြာနေပြီ ဖြစ်သည်။ သူက ယနေ့ည သွမ့်မူပိုင်နှင့် လျို့ဝှက်အပေးအယူတစ်ခုလုပ်ရန် ရောက်လာခဲ့ခြင်း ဖြစ်၏။
အရိပ်တန်ပြန်ဂိုဏ်းက ဂိုဏ်းကြီးများထဲမှ တစ်ခုဟု သတ်မှတ်နိုင်ခြင်း မရှိသော်လည်း ကြောက်စရာကောင်းသော အစွမ်းကို ပိုင်ဆိုင်ထားသည်။ ထိုသို့ဆိုရာတွင် သူတို့က တဖက်ခြမ်းကို တိတ်တဆိတ် ပြောင်းလဲနေခဲ့၏။
သွမ့်မူပိုင်ကတော့ အနည်းငယ်လေးပင် မလေးမစား မလုပ်ရဲပေ။ သူက အေးအေးဆေးဆေး ပြောလိုက်၏။
“ကရုဏာမဲ့နတ်ဆိုး...”
“ကရုဏာမဲ့နတ်ဆိုးလား....”
ထိုအရာ မည်သူဖြစ်ကြောင်း အလွန်အေးစက်သော ရှန်ယွဲ့က သိပ်မကြာခင် မှတ်မိသွားခဲ့၏။
“အဲဒီမကောင်းဆိုးဝါးအိုကြီးက ပိုမီမှာ ပုန်းနေတာ မဟုတ်ဘူးလား။ သူက နေ့ခင်းကြောင်တောင် ဒီကိုလာတယ်ဆိုတော့ လိုက်ပြီး သတ်ဖြတ်ခံရမှာကို မကြောက်ဘူးလား…”
ကရုဏာမဲ့နတ်ဆိုးက သိုင်းလောက၌ နာမည်ကျော်ပညာရှင်တစ်ယောက် ဖြစ်နေသည့်အချိန်တွင် ရှန်ယွဲ့ကတော့ မွေးကင်းစသာ ရှိနေသေးသည်။ သူက ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်ရှိရန် ခက်ခက်ခဲခဲ ကြိုးစားနေရသည့်အချိန်၌ ကရုဏာမဲ့နတ်ဆိုး၏ ဂုဏ်သတင်းက အထွတ်အထိပ်ကို ရောက်နေပြီ ဖြစ်သည်။
ထို့နောက် တဖက်လူက ပိုမီတွင် ပုန်းအောင်းသွားခဲ့ရ၏။ သူ့အတွက်တော့ ကရုဏာမဲ့နတ်ဆိုးက ကြောက်စရာကောင်းသော မကောင်းဆိုးဝါးအိုကြီးတစ်ကောင် ဖြစ်သည်။
သွမ့်မူပိုင်က မုန့်ချီ၏ ရည်ရွယ်ချက်ကို မဖော်ပြဘဲ အကြမ်းဖျင်း ရှင်းပြလိုက်သည်။ ရှန်ယွဲ့က မတ်တပ်ရပ်လိုက်ပြီး ပြတင်းပေါက်ရှိရာကို လှမ်းကြည့်လိုက်၏။ သူက အစောပိုင်းတွင် မုန့်ချီကို မြင်ခဲ့သောနေရာကို စိုက်ကြည့်နေခဲ့၏။
သူက တီးတိုးရေရွတ်လိုက်သည်။
“ကရုဏာမဲ့နတ်ဆိုးဆိုတာ အတိတ်တုန်းက တော်တော်လေးကို ကြောက်စရာကောင်းခဲ့တယ်။ သူက မြေပြင်မှတ်တမ်းနဲ့ မဟူရာမှတ်တမ်းကို ရောက်နိုင်တဲ့ မျှော်လင့်ချက်တွေ ရှိခဲ့တယ်။ သူက ပညာရှင်တွေထဲမှာတောင် အလားအလာရှိတဲ့ ပညာရှင် တစ်ယောက် ဖြစ်ခဲ့တာပဲ။ ဒါပေမဲ့ ပိုမီမှာ နှစ်ပေါင်း (၂၀)နီးပါးလောက် ကြာပြီဆိုတော့ သူ့ရဲ့ကျင့်ကြံမှုတွေက လုံးဝ ပျက်စီးသွားပြီလို့ တွေးထားတာ။ သူက အဆင့်တက်ဖို့တောင် လုပ်ဆောင်နိုင်ခဲ့ပြီး ကျောင်းဆောင်သခင် သွမ့်မူကိုတောင် ယှဉ်ပြိုင်နိုင်တာပဲ…”
သူက မြေပြင်မှတ်တမ်းနှင့် မဟူရာမှတ်တမ်းသို့ ဝင်ရောက်နိုင်ရန် အလားအလာ ရှိခဲ့သော ပညာရှင်တစ်ယောက် ဖြစ်ခဲ့ချိန်တွင် တဖက်လူကတော့ သာမန် ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်သာ ဖြစ်သည်။ ယခုတော့ အခြေအနေက ပြောင်းပြန် ဖြစ်သွားသည့်အတွက် သူက မနေနိုင်တော့ဘဲ သက်ပြင်းချလိုက်မိသည်။
သွမ့်မူပိုင်က မျက်မှောင်ကြုတ်လိုက်မိပြီး ကရုဏာမဲ့နတ်ဆိုး အပေါ် သူ၏ ထင်မြင်ချက်များကို ရှင်းပြခဲ့ခြင်း မရှိချေ။ သူ၏အငွေ့အသက်က လုံးဝ ခန့်မှန်းကြည့်၍ မရနိုင်ပေ။
ရှန်ယွဲ့က သွမ့်မူပိုင်၏ ပြောင်းလဲမှုကို သတိမထားမိခဲ့ပေ။
“ကျောင်းဆောင်သခင်သွမ့်မူ…
လွန်ခဲ့တဲ့ ရက်တွေတုန်းက ဝိညာဉ်ဖျောက် နတ်ဆိုးသခင်က မြစ်အရှေ့ပိုင်းကို ရောက်လာခဲ့တယ် မဟုတ်လား…”
ရှန်ယွဲ့က အပြုံးနှင့် မေးလိုက်၏။
“ဟုတ်တယ်…”
သွမ့်မူပိုင်က ခေါင်းညိတ်ပြလိုက်သည်။
“သူတို့က မကောင်းဆိုးဝါးသခင်တွေလို့ နာမည်ကျော်ကြားပြီး မကြာခဏ အချင်းချင်း တိုက်ခိုက်ခဲ့တဲ့ ရန်သူတွေပဲ။ တစ်ယောက်က နှစ်ပေါင်း(၂၀)လောက် ကျင့်စဉ်အဆင့် ရပ်တန့်နေပြီး တခြားတစ်ယောက်ကတော့ အင်အားစုတွေရဲ့ အရိပ်အောက်မှာ ခိုလှုံနေတယ်။ သူက ပိုပြီးတော့ အစွမ်းထက်တဲ့အပြင် ပထမ ကောင်းကင်လှေကားကိုတောင် ဖြတ်ပြီးသွားပြီ။ အခု သူတို့တွေက မြစ်အရှေ့ပိုင်းမှာ နောက်တစ်ကြိမ် တွေ့နေကြပြီ။ ဒါက တော်တော်လေးကို ပျော်စရာ ကောင်းလာတော့မယ်…”
မကောင်းဆိုးဝါးလမ်းစဉ်တွင် ရှိနေသော လူပေါင်းများစွာကဲ့သို့ ရှန်ယွဲ့ကလည်း သူ အကျိုးအမြတ်မရှိဘဲ တဖက်လူ ပျက်စီးသွားမည့် အရာမျိုးကို မြင်ချင်ခဲ့သည်။
ထိုစကားကို ကြားသည့်အခါ သွမ့်မူပိုင်၏ ရင်ထဲတွင်တော့ လှုပ်ရှားသွားခဲ့၏။ ထို့နောက် သူက သူတို့၏အပေးအယူနှင့် ပတ်သက်ပြီး စကားလွှဲသွားခဲ့သည်။ အပေးအယူ ပြီးဆုံးသွားပြီးနောက် ရှန်ယွဲ့က အဆောက်အဦးထဲမှ တိတ်တဆိတ် ထွက်သွားခဲ့၏။
သူက ဦးတည်ချက်ကို ဆက်တိုက် ပြောင်းလဲနေခဲ့ပြီး ရင်မြို့ထဲမှ သတိထား၍ ထွက်လာခဲ့သည်။ သူက လေထဲတွင် တိတ်တဆိတ် ပျံသန်းနေရင်း ရုတ်တရက် ခံစားမှုတစ်ခု ရခဲ့၏။ တစ်စုံတယောက်က သူ့နောက်မှ လိုက်လာသလို ခံစားနေရသည်။
ထို့ကြောင့် သူက ထွက်ပြေးသည့်နည်းလမ်းကို အသုံးပြုလိုက်ပြီး အရိပ်တန်ပြန်ဂိုဏ်း၏ ဝင်ပေါက်ဆီကို သွားခဲ့၏။ သူက မိုင်ပေါင်း(၁၀၀)ခန့်အကွာတွင် အရိပ်များအဖြစ် ပြန်ပေါ်လာခဲ့သည်။
သို့သော် သူ ပြန်ပေါ်လာသည့်အချိန်တွင် တစ်စုံတစ်ယောက်ကို သတိထားမိသွားသည့်အတွက် နှလုံးခုန်နှုန်းပင် မြန်လာခဲ့၏။ သူနှင့် မလှမ်းမကမ်းတွင်တော့ အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော သက်လတ်ပိုင်း လူတစ်ယောက် ရှိနေသည်။
သူ၏မျက်နှာအမူအရာက ထင်ရှားပြီး နဖူးပေါ်တွင် ဆံပင်ဖြူ အနည်းငယ် ရှိနေ၏။ သူ့ဆီမှ အလွန်တည်ငြိမ်အေးချမ်းသော အငွေ့အသက်များ ထွက်ပေါ်နေပြီး သူက လက်နောက်ပစ်၍ ကျဆင်းလာသော နေမင်းကြီးကို စိုက်ကြည့်နေခဲ့သည်။ သူကတော့ အဝေးမှ ဤနေရာအထိ လိုက်လာသလို ထင်မှတ်ရ၏။
“နေကျချိန်ကို ကြည့်ရတာက တော်တော်လေးကို ပျော်စရာကောင်းတာပဲ။ မဟုတ်ဘူးလား မိတ်ဆွေ…”
သက်လတ်ပိုင်းလူကြီးက ပြန်လှည့်ခြင်းမရှိဘဲ သူ၏မျက်လုံးများက ကောင်းကင်ပေါ်ကိုသာ စိုက်ကြည့်နေခဲ့သည်။
ရှန်ယွဲ့က ထိုလူကို မှတ်မိသွားသည့်အတွက် မျက်နှာပျက်သွားခဲ့၏။
“ကရုဏာမဲ့နတ်ဆိုး…”
ကရုဏာမဲ့နတ်ဆိုး၏အသံက တိုးသော်လည်း ဆွဲငင်အားများ ရှိသည်။ သူ စကားပြောသည့် ပုံစံကပင် ဆွဲဆောင်မှုတစ်မျိုးကဲ့သို့ ထင်ရ၏။
မုန့်ချီက ဖြည်ညင်းစွာ ပြန်လှည့်လာပြီး သူ့ကို ပြုံးပြလိုက်၏။
“ငါက သိုင်းလောကကို မရောက်တာ နှစ်ပေါင်းများစွာ ကြာနေပြီ။ ဒီတော့ မရင်းနှီးတဲ့သူတွေ အများကြီးကို တွေ့နေရတယ်။ မင်းက ဒီနေရာမှာ ဖြတ်သွားတာ မြင်တဲ့အတွက် ငါက မိတ်ဆွေဖွဲ့ဖို့ ရောက်လာခဲ့တာ…”
Translated by Hein Htet