အခန်း (၆၀၉)
Vol. 41 Ch. 609
"ရင်းနှီးဖို့လား..."
ရှန်ယွဲ့က စိတ်ထဲတွင် သက်တောင့်သက်သာ ဖြစ်သွားရမည့်အစား ထိုစကားလုံးများကြောင့် ရင်ထဲတွင် လှုပ်ရှားသွားခဲ့သည်။ သူက သူ၏ခန္ဓာကိုယ် တံခါးပေါက်များကိုတိတ်တဆိတ် ဖွင့်လိုက်ပြီး သူ၏ကိုယ်တွင်းကမ္ဘာထဲတွင် လှည့်ပတ်၍ အကာအကွယ်ကို မြင့်တင်လိုက်သည်။
သူက အချိန်မရွေး တိုက်ခိုက်နိုင်ရန် ပြင်ဆင်ထားခဲ့သည်။ သူက ထိုသက်လတ်ပိုင်းလူကြီးကို လျှော့တွက်ထားခြင်း မရှိပေ။ ထိုလူကြီးက ရက်စက်ကြမ်းကြုတ်သည့်အပြင် ကြောက်စရာကောင်းသော ဂုဏ်သတင်းနှင့် ကျော်ကြားသည့် သက်တမ်းရှည် မကောင်းဆိုးဝါးတစ်ယောက် ဖြစ်သည်။
ပိုမီတွင် ဆယ်စုနှစ် (၂)ခုနီးပါးခန့် ပိတ်မိနေခဲ့သည်ကိုပင် သူကတော့ အစွမ်းထက်နေသေးသည်။ မည်သို့ဖြစ်စေကာမူ ထိုအချိန်က သူ၏အဆင့်နှင့် စွမ်းအားအရပင် ယနေ့ရှန်ယွဲ့ထက် သာလွန်နေခဲ့၏။ မကောင်းဆိုးဝါးတစ်ကောင်က သူ့နောက်မှ တိတ်တဆိတ် လိုက်လာပြီး သူ့ကို နှောင့်ယှက်သည့်အချိန်တွင် ရင်းနှီးချင်ရုံသက်သက်ဟု ပြောနေသည်မှာ မည်မျှရိုးရှင်းနိုင်မည်နည်း။
အစိမ်းရောင်ဝတ်ထားသော သက်လတ်ပိုင်းလူကြီးကို မြင်သည့်အချိန်တွင် သူ၏မျက်လုံးထဲ၌ အတွေ့အကြုံရင့်ကျက်မှုများ ပေါ်လွင်နေခဲ့သည်။ ရှန်ယွဲ့ကတော့ ရင်ထဲတွင် တောင်မြင့်ကြီးတစ်လုံး ဖိထားသလို ခံစားမှုတစ်ခုကို ခံစားနေခဲ့ရ၏။ ထိုအရာက လုံးဝခန့်မှန်း၍ မရနိုင်သော ရန်သူတစ်ယောက်ကဲ့သို့ ခံစားနေရပြီး အနိုင်ယူရန်ကတော့ လုံးဝမဖြစ်နိုင်တော့ပေ။
မုန့်ချီက ရှန်ယွဲ့၏ ခံစားချက်ပြောင်းလဲမှုကို သတိထားမိပုံရသည်။
"မိတ်ဆွေလေးက ဘယ်ဂိုဏ်းကလဲ ..။ မင်းက ဒီနယ်မြေထဲမှာ လမ်းစဉ်တူတဲ့ ပညာရှင်တွေနဲ့ မိတ်ဆက်ပေးလို့ရမလား…"
သူက အပြုံးနှင့် မေးနေသေးသည်။
နေမင်းကြီးက မိုးကုတ်စက်ဝိုင်းတွင် တဖြည်းဖြည်း ကျဆင်းလာသည့်အတွက် တိမ်တိုက်များက အနီရောင်ပြောင်းလဲလာသည်။ အလင်းရောင်များက သူ၏ အစိမ်းရောင်ဝတ်စုံပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု ထပ်ပိုးပေးလိုက်သည်။
သို့သော် မုန့်ချီ၏အငွေ့အသက်များကတော့ နက်မှောင်နေခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသော နေရောင်ခြည်က သူ့ကို တောက်ပအောင် လုပ်ဆောင်ပေးခဲ့ခြင်း မရှိချေ။ ထိုအစား သူ၏အငွေ့အသက်များကို စုပ်ယူခံလိုက်ရသလို ထင်ရသည်။ ထို့ကြောင့် သူက ယခင်ကထက် ပို၍ကြောက်စရာကောင်းသော အရိပ်တစ်ခုပင် ဖြစ်လာခဲ့၏။
ရှန်ယွဲ့က ပို၍ကြောက်လန့်သွားခဲ့သည်။ သူကတော့ အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားနေရသလို ဖြစ်နေ၏။ သူသာ ဆန့်ကျင်လိုက်မည်ဆိုလျှင် ကရုဏာမဲ့နတ်ဆိုးက သူ့ကို ပြင်းပြင်းထန်ထန် တုံ့ပြန်နိုင်သည်။
"ဟမ် ... သူက ပထမကောင်းကင်လှေကားကိုတောင် မဖြတ်ကျော်နိုင်သေးဘူးပဲ။ ဒါဆိုရင် ငါတို့ရဲ့အဆင့်ကွာဟချက်က အဲဒီလောက် မကြီးသေးဘူး။ ငါတို့(၂)ယောက်လုံးက ထိပ်တန်းပညာရှင်တွေဆိုမှတော့ ငါက ဘာကို ကြောက်ရမှာလဲ။ တကယ်လို့ အနိုင်မရရင်တောင် ငါက ထွက်မပြေးနိုင်ဘူးလား.."
ရှန်ယွဲ့က မျက်မှောင်ကြုတ်လိုက်မိပြီး နှုတ်ခမ်းကို တွန့်ကွေး၍ ပြုံးလိုက်၏။
"ခင်ဗျားက အရိပ်တန်ပြန်ဂိုဏ်းလို ဂိုဏ်းငယ်လေးတစ်ခုကို ကြားဖူးမယ်လို့မထင်ဘူး…"
သူ့အသံ ပျောက်မသွားသေးခင် သူ့လက်ထဲ၌ ဓားပျံ(၂)လက် ပေါ်လာခဲ့သည်။ တစ်ခုက အနက်ရောင်ဖြစ်ပြီး အခြားတစ်ခုက အဖြူရောင်ဖြစ်သည်။ (၂)ခုလုံးက အလင်းရောင်များ တောက်ပနေခဲ့သည်။
တစ်ချိန်တည်းလိုလိုပင် နေရောင်အောက်တွင် ထွက်လာသော မုန့်ချီ၏အရိပ်က စတင်လှုပ်ရှားလာပြီး အသက်ဝင်လာသလို ထင်ရ၏။ ထိုအရာက လုံးဝကို သီးခြားဖြစ်လာပြီး မုန့်ချီဆီကို ခုန်ဝင်သွားခဲ့သည်။
ထိုအရိပ်ဆီမှ ထွက်ပေါ်လာသော အငွေ့အသက်နှင့် ခံစားမှုများကလည်း မုန့်ချီနှင့် တူညီနေပြီး သူ့ဆီတွင် နတ်ဆိုးအငွေ့အသက်များ ပြည့်နှက်နေသည်။ ထို့ကြောင့် အတော်လေး အန္တရာယ်များ၏။ ထိုအရာက အရိပ်တန်ပြန်ဂိုဏ်း၏ အထွဋ်အမြတ်ထိပ်သီး သိုင်းပညာတစ်ခုဖြစ်ပြီး အရိပ်ခွဲထွက်ခြင်းသိုင်းပညာဖြစ်သည်။
အသုံးပြုလိုက်သူက သူ၏ကိုယ်တွင်းကမ္ဘာကြီးနှင့် ပြိုင်ဘက်၏အရိပ်ကို ဆက်သွယ် အသုံးချနိုင်သည်။ အကယ်၍ သူကသာ ပထမကောင်းကင်လှေကားကို ဖြတ်ကျော်နိုင်မည်ဆိုလျှင် အနှစ်သာရများကိုပင် ပေါင်းစပ်နိုင်သေးသည်။ ဆက်သွယ်ထားသော အရိပ်က ပြိုင်ဘက်၏စွမ်းအား(၈၀)ရာခိုင်နှုန်းကို အသုံးပြုနိုင်သည့်အတွက် ရုတ်တရက် အသုံးပြုလိုက်မည်ဆိုလျှင် အတော်လေးကို ပြဿနာများသည်။
လက်ရှိအချိန်တွင် ရှန်ယွဲ့၏အစွမ်းက မလုံလောက်လျှင်ပင် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသော အရိပ်ကို လျှော့တွက်၍ မရနိုင်ပေ။ ထိုအရာက ဝေ့ကျင်းအဆင့်ဖြစ်ပြီး လူတစ်ယောက်ကို သတိမထားမိအောင် လုပ်ဆောင်နိုင်သည်။ သူ၏သတ်ဖြတ်ချင်စိတ်များကလည်း သနားညှာတာမှုကင်းမဲ့၏။
သူ့ဆီမှ အကူအညီနှင့် ပေါင်းစပ်လိုက်မယ်ဆိုရင် သာမန်ထိပ်တန်းအဆင့် ပညာရှင်တစ်ယောက်က သေချာပေါက် အရေးနိမ့်သွားနိုင်သည်။ လမ်းမှားနတ်ဆိုး တစ်ယောက်ဖြစ်သော ရှန်ယွဲ့က သူ့ကိုယ်သူက လွဲလျှင် မည်သူ့ကိုမျှမယုံကြည်ခဲ့ပေ။
သူက အမြဲသတိထားနေပြီး အထူးသဖြင့် မကောင်းဆိုးဝါးလမ်းစဉ် လျှောက်လှမ်းသူများကို ဖြစ်သည်။ သူက အသာစီးရရန် အရင်ဆုံး တိုက်ခိုက်တတ်သည်။
ထိုအရိပ်က သူ ကိုယ်တိုင်နှင့် မုန့်ချီ၏ ခြေထောက်ကို ဆက်သွယ်ထားပြီး သူကတော့ လက်တကမ်းအတွင်း ရှိနေသည်။ ထိုအရာက အတော်လေးကို ကြောက်စရာကောင်းလွန်းလှ၏။ အရိပ်က မုန့်ချီ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လှည့်ပတ်နေချိန်တွင် ရှန်ယွဲ့၏ ဓားအလင်းတန်းက လေဟာနယ်ကိုဖြတ်၍ သူ့ဆီကို ရောက်လာတော့မည်ဖြစ်သည်။
ရုတ်တရက်ဆိုသလို အမှောင်ထုကြီးက ကောင်းကင်ကြီးကို ဖုံးလွှမ်းသွားခဲ့ပြီး နေရောင်ခြည်ကို ဝါးမြိုသွားခဲ့သည်။ ရောင်နီလွှမ်းနေသော တိမ်တိုက်များ မရှိတော့ဘဲ အလင်းရောင် တစ်စက်မျှ မရှိတော့ချေ။
အလင်းရောင်ပျောက်ဆုံးသွားသည့်အတွက် အရိပ်ကို ဆုံးရှုံးသွားရသည်ဟု ဆိုနိုင်၏။ အမှောင်ထုကြီးက အလွန်သိပ်သည်းလှသည့်အတွက် ရှန်ယွဲ့က သူ၏လက်ချောင်းလေးများကိုပင် မမြင်နိုင်ပေ။ သူက ရုတ်တရက် ပြတ်တောက်သွားသော အရိပ်နှင့် ဆက်သွယ်ကြည့်လိုက်သည်။
သူ၏ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်သည့်အချိန်တွင် အစိမ်းရောင်ဝတ်ရုံ ဝတ်ထားသော ကရုဏာမဲ့နတ်ဆိုးက ရှေ့ကို တစ်လှမ်းဆီလျှောက်လာပြီး ခန္ဓာကိုယ်က တဖြည်းဖြည်း ကြီးမားလာကြောင်း တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်က အလွန်ကြီးမားလွန်းလှသည့်အတွက် အရာအားလုံးကို လွှမ်းခြုံနိုင်သလို ဖြစ်လာခဲ့၏။
နတ်ဆိုးကောင်းကင်ကြီးက သူ့အပေါ်ကို ကျဆင်းလာသလို ဖြစ်လာပြီး သူကိုယ်တိုင်ကတော့ ကောင်းကင်နှင့် ငရဲကြားထဲတွင် ကြပ်သိပ်နေသလို ခံစားနေရသည်။ သူ့ပုံစံက အတော်လေး သနားစရာကောင်းလှပြီး သူက ကောင်းကင်နှင့် မြေကြီးကြားထဲတွင် ပုန်းအောင်းရန်အတွက် လက်(၂)ဖက်နှင့် ကာကွယ်ထားခဲ့၏။ တစ်ဖက်လူ၏လက်(၅)ချောင်းကတော့ လှောင်အိမ်တစ်ခုသဖွယ် ဖြစ်ပေါ်လာသည့်အတွက် သူက အလွန်စိတ်ဓာတ်ကျလာခဲ့သည်။
"ဒါ ... ဒါ ..."
ရှန်ယွဲ့က လှုပ်ရှားနေသော ခံစားချက်များကို ဖိနှိပ်ရန် မနည်းကြိုးစားနေရပြီး အတော်လေး အံ့ဩနေခဲ့၏။ ထိုအချိန်တွင် သူက တိုက်ခိုက်ချင်စိတ်များအားလုံးကို ဆုံးရှုံးလိုက်ရသည်။
ခန္ဓာကိုယ်အတွင်းပိုင်းနှင့် အပြင်ပိုင်းကို ဆက်သွယ်နိုင်သည့်အတွက် ကရုဏာမဲ့နတ်ဆိုး၏ ကျင့်ကြံခြင်းက ရပ်တန့်နေခြင်း မရှိကြောင်း သက်သေပြနေသည်။ ကမ္ဘာမြေကြီး၏ စွမ်းအားများနှင့် ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက် သိမ်းသွင်းခဲ့သော အနှစ်သာရများကို နားလည်သွားခဲ့ပြီးနောက် ထိုအရာတွင် ထူးခြားသော စည်းချက်တစ်ခုရှိနေကြောင်း သိလိုက်ရသည်။
ထိုအရာက အဝေးထိအောင် ပျံ့နှံ့သွားနိုင်သော ကြောက်စရာစွမ်းအားတစ်ခု ထုတ်ပေးနိုင်ခြင်းမရှိချေ။ သို့သော် စိတ်နှင့် အာရုံခံစွမ်းရည်များကို လှည့်စားနိုင်သော ပုံရိပ်ယောင်တစ်ခု ထုတ်ပေးနိုင်သည်။
အလွန်ထူးဆန်းသော ပုံရိပ်ယောင်များက ထိတွေ့၍ မရနိုင်ဘဲ လူသတ်ပစ်နိုင်၏။ ထိုကဲ့သို့ ပြိုင်ဘက်မျိုးကို ရင်ဆိုင်ရာတွင် စိတ်လွတ်သွားသည်နှင့် သေချာပေါက် ရှုံးနိမ့်သွားနိုင်သည်။ အစိမ်းရောင်အရိပ်ကဲ့သို့ နတ်ဆိုးမျိုးက သေချာပေါက် ပုံရိပ်ယောင်တစ်ခု ဖြစ်သည်။ သို့သော် သူက သတ်ဖြတ်ချင်စိတ်များကို ဖုံးကွယ်ထားသော ကရုဏာမဲ့နတ်ဆိုးကို ဆက်လက်သတိထားရန် လိုအပ်၏။
သူ၏အဖြူရောင်မျက်လုံးများက အနက်ရောင်ပြောင်းလဲသွားပြီး သူ၏မျက်ဆံများကလည်း ဝဲကတော့များအဖြစ် ပြောင်းလဲသွားသည်။ သူက မည်မျှပင် ခက်ခက်ခဲခဲကြိုးစားစေကာမူ ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြားထဲတွင် ခွဲခြားနိုင်ခြင်းမရှိချေ။
အစိမ်းဝတ် မကောင်းဆိုးဝါးက ကောင်းကင်နှင့် မြေကြီးကြားထဲတွင် သူ့ကို ဖိနှိပ်ထားသလို ဖြစ်နေခဲ့၏။ သူ ခံစားနေရသော အရာအားလုံးက အလွန်အမင်းကို စစ်မှန်နေခဲ့သည်။ သေဆုံးခြင်းကို စောင့်နေ၍ မရကြောင်း သိနေသည့်အတွက် ရှန်ယွဲ့က အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေသော်လည်း အကျိုးရှိသော နည်းလမ်းကို အသုံးပြုလိုက်သည်။
သူက ခန္ဓာကိုယ်ကို လှည့်ထွက်လိုက်ပြီး သူ၏ဓား(၂)ချောင်းကို ရှေ့တည့်တည့်သို့ ပစ်လိုက်၏။ ထိုအချိန်တွင် အဖြူရောင်နှင့်အနက်ရောင် ဓားအလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ ဓားအလင်းတန်းများက သူတို့၏ပတ်ပတ်လည်ကို ရေလှိုင်းကြီးတစ်ခုသဖွယ် ဖြတ်တောက်ပစ်လိုက်သည်။
ဓားအလင်းတန်းများက အလွန်နက်ရှိုင်းပြီး အဝေးသို့ ရောက်သွားသည့်အချိန်တွင် အစိမ်းရောင်လူရိပ်ကို အပိုင်းပိုင်းစစ ဖျက်ဆီးပစ်ခဲ့၏။ ထိုအရာများက လှိုင်းလုံးများကဲ့သို့ စတင်ဖြစ်ပေါ်လာခဲ့သည်။
"ဒါက ပုံရိပ်ယောင်ပဲ။ ငါ သိနေတယ်…"
ရှန်ယွဲ့၏ ရင်ထဲတွင် ဝမ်းသာမှုများ ပြည့်နှက်နေခဲ့သည်။ ထိုအချိန်တွင် အပိုင်းအစများအားလုံးက ခေါင်းပေါ်တွင် ဆံပင်ဖြူ အနည်းငယ်ရှိနေသော အစိမ်းဝတ်လူရိပ်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုလူရိပ်များက သူတို့၏ညာဘက်လက်ဖဝါးနှင့် ရိုက်ချလိုက်သည့်အချိန်တွင် သူ့ဆီကို ပတ်ပတ်လည်မှ ရောက်လာနေသော အမှောင်လက်ဝါးစွမ်းအင်များကို ရှန်ယွဲ့က ခံစားမိလိုက်၏။ ထိုစွမ်းအင်များက တောင်တန်းကြီးတစ်ခုသဖွယ် လေးလံနေခဲ့သည်။ သူ့နားထဲတွင် လေတိုးသံများကိုပင် ကြားနေရ၏။ ကရုဏာမဲ့နတ်ဆိုးက ပုံရိပ်ယောင်အဖြစ်မှ အစစ်အမှန်အဖြစ် ပြောင်းလဲသွားခဲ့၏။
ရှန်ယွဲ့က သူ့ဆီကို ရောက်လာသော အန္တရာယ်အငွေ့အသက်များကို ခံစားလိုက်မိသည်။ ပတ်ပတ်လည်မှ ရောက်လာသော လက်ဝါးစွမ်းအင်များက သူ့ခန္ဓာကိုယ်ကို တစ်စစီဖြစ်သွားစေနိုင်ကြောင်း ခံစားမိနေသည့်အတွက် သူလည်း ပင့်သက်ရှိုက်လိုက်မိသည်။
ထို့နောက် သူ၏ဓားများကို ပတ်ပတ်လည်တွင် မုန်တိုင်းတစ်ခုသဖွယ် လှည့်ပတ်လိုက်ရာ အဖြူရောင်နှင့် အနက်ရောင် ဓားအလင်းတန်းများက အချင်းချင်း ရောယှက်သွားပြီး သူ၏ပတ်ပတ်လည်တွင် အဖြူအနက် စက်ဝိုင်းတစ်ခုပေါ်နေခဲ့သည်။
"ဘုန်း ဘုန်း ဘုန်း ဘုန်း…"
ဆက်တိုက် ရိုက်ခတ်နေသည့် အသံများနှင့် ဓားသံများ ထွက်လာနေခဲ့သည်။ ရှန်ယွဲ့ကတော့ မုန်တိုင်း၏အလယ်ကို ရောက်နေသော လှေငယ်လေးတစ်စင်းကဲ့သို့ ခံစားနေရ၏။ သူ၏ချီနှင့် သွေးများက ဆူပွက်နေပြီး အတွင်းထဲတွင် ကြောက်စရာကောင်းစွာ လည်ပတ်နေသည်။ သူက သွေးအန်ရတော့မလို ခံစားနေရ၏။ သူက လှိုင်းလုံးသဖွယ် တိုက်ခိုက်မှုများကို ခက်ခက်ခဲခဲ ခုခံနေရ၏။ ရင်ထဲတွင်လည်း မကျေမနပ် ခံစားမှုတစ်ခု ပေါ်လာခဲ့၏။
သူက အံကြိတ်လိုက်ပြီး ဓားတစ်စုံကို ကန့်လန့်ဖြတ် ပစ်လွှတ်လိုက်သည်။ ထို့နောက် အဖြူရောင်နှင့် အနက်ရောင် ဓားအလင်းတန်းများကို အမြှီးနှင့်ခေါင်း ချိတ်ဆက်လိုက်၏။ ထိုအရာက ဒဏ္ဍာရီထဲမှ မိုးခေါ်နဂါး(၂)ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး သူတို့၏စက်ဝိုင်းအတွင်း ရှိနေသောအရာအားလုံးကို သတ်ဖြတ်ဖျက်ဆီးနေခဲ့သည်။
ထိုအရာကတော့ အရိပ်တန်ပြန်ဂိုဏ်း၏ ထူးခြားသောကျင့်စဉ်တစ်ခုဖြစ်သော မြွေဆိုးဒုက္ခသိုင်းကွက် ဖြစ်သည်။ သို့သော် အရိပ်နှင့်ပူးပေါင်း တိုက်ခိုက်နိုင်ခြင်း မရှိသည့်အတွက် ထိုအရာက အစွမ်းထက်ခြင်းမရှိသည်မှာ ကံဆိုးသွား၏။
ဓားအလင်းတန်းများက အချင်းချင်း ရောယှက်နေပြီး ရှန်ယွဲ့ကလွဲလျှင် အရာအားလုံးကို ဖြတ်တောက်ပစ်နေသည်။ ထိုအရာများက အစိမ်းဝတ်လူရိပ်များကို ဖျက်ဆီးပစ်နေပြီး အမှောင်ထုကြီးကပင် အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့၏။
"အောင်မြင်သွားပြီ…"
ရှန်ယွဲ့၏သိစိတ်က အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
သူက ပုံရိပ်ယောင်ကို လုံးဝဖျက်ဆီးရန် ကြိုးစားလိုက်သည့်အချိန်တွင် အမှောင်ထုကြီးက နောက်တစ်ကြိမ် ကျရောက်လာကြောင်း တွေ့လိုက်ရပြန်သည်။ နဖူးပေါ်တွင် ဆံပင်ဖြူများ ရှိနေသော အစိမ်းဝတ်လူရိပ်က အမှောင်ထဲတွင် ထွက်ပေါ်လာခဲ့၏။
သူ့ပုံစံက တည်ငြိမ်းအေးချမ်းပြီး မျက်လုံးထဲတွင် သူ၏အတွေ့အကြုံများကို တွေ့မြင်နေရသည်။ သူက ညာလက်ကို မြှောက်လိုက်ရာ အမှောင်ထုကြီးက ဖြည်းညင်းစွာ ရွေ့လျားသွားခဲ့၏။
"သူက အဆင်ပြေနေသေးတာလား"
သူ့ခေါင်းထဲတွင် ထိုအတွေး ပေါ်လာသည့်အချိန်၌ ရှန်ယွဲ့က သူ့အသက်ကို အောင့်ထားလိုက်မိသည်။
လက်ညှိုးထိုးနေသော လူက ပြောင်းလဲမှု လုံးဝမရှိသော်လည်း လေးနက်မှုကတော့ အထွဋ်အထိပ်ကို ရောက်နေခဲ့၏။ သူလက်ညှိုးထိုးနေသည့် အမှောင်ထုကြီးထဲတွင် အစက်အပျောက်လေး တစ်ခု ပေါ်နေပြီး ထိုအရာက ပတ်ပတ်လည်တွင် ရှိနေသော အနက်ရောင် အမှောင်ထုကြီးနှင့် လုံးဝကို ကွဲပြားနေသည်။
အမှန်အတိုင်း ပြောရလျှင်တော့ သူ၏ပတ်ပတ်လည်တွင် ရှိနေသော အမှောင်ထုကြီးက လှုပ်ရှားလာပြီး တဖြည်းဖြည်း ကျုံ့လာခဲ့၏။ သူ၏ဆန္ဒနှင့် ဆန့်ကျင်၍ ရှန်ယွဲ့က မကောင်းဆိုးဝါးကဲ့သို့သော ထိုလူ၏လက်ညှိုးရှိရာကို ပျံသန်းလာခဲ့သည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်နှင့် ပင်မဝိညာဉ်က ပျက်စီးသွားပြီဟုပင် ခံစားလိုက်ရ၏။
"တော်တော် ကြောက်စရာကောင်းတဲ့ လက်ညှိုးပဲ…"
သူက လေကို တဝကြီး ရှုလိုက်မိသည်။
ထိုအချိန်တွင် ဓားအလင်းတန်း(၂)ခုက ရုတ်တရက် ပျက်စီးသွားခဲ့၏။ အဖြူရောင်နှင့် အနက်ရောင်အလင်းစက်များကလည်း အချင်းချင်း စီးဆင်းလာခဲ့ပြီး အလွန်ကြောက်စရာကောင်းသည့် ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာခဲ့သည်။ အလင်းတန်းများကလည်း ထိုလက်ညှိုးရှိရာကို ရေလှိုင်းများကဲ့သို့ ရောက်သွားနေကြ၏။
"ဖျောက်…"
အလင်းရောင်များနှင့်အတူ ကြောက်စရာကောင်းသော ဆွဲငင်အားကြီးက ပျောက်ကွယ်သွားခဲ့၏။
ရှန်ယွဲ့က ပေပေါင်းများစွာအကွာကို ပျံသန်းသွားခဲ့ပြီး အဝေးမှ မျက်လုံးနှင့် စိုက်ကြည့်နေခဲ့သည်။ သူ၏တိုက်ခိုက်မှုက အလုပ်ဖြစ်ရန် မျှော်လင့်နေခဲ့သော်လည်း အစိမ်းဝတ်လူကတော့ ခံနိုင်ရည် ရှိနေခဲ့သည်။
မုန့်ချီက သူ့နောက်ကို လိုက်လာခြင်းမရှိဘဲ ပြုံးရုံလေးသာ ပြုံးခဲ့၏။
"မင်းရဲ့ရင်ထဲမှာ ကောက်ကျစ်တဲ့ နှလုံးသားတစ်ခုရှိနေသေးသရွေ့ ဒီအဘိုးကြီးက မသေနိုင်ဘူး…"
"ဘယ်လို…"
ရှန်ယွဲ့၏ရင်ထဲတွင် တင်းကြပ်သွားခဲ့သည်။ သူ့စိတ်ထဲတွင် အတွေးပေါင်းစုံ ပေါ်လာသော်လည်း ထိုစကား၏ အစစ်အမှန် အနှစ်သာရကို ဖမ်းဆုပ်နိုင်ခဲ့ခြင်း မရှိချေ။
ရုတ်တရက်ဆိုသလို အမှောင်ထုကြီးက ပျောက်ကွယ်သွားပြီး သူက တောင်တန်း၏ အရိပ်အောက်တွင် ရပ်နေကြောင်း တွေ့လိုက်ရသည်။ ယုံကြည်ချက်ရှိပြီး ချောမောခန့်ညားသော အစိမ်းဝတ်သက်လတ်ပိုင်းလူကြီးကတော့ လက်နောက်ပစ်၍ ရှိနေသေး၏။
သူက တဖြည်းဖြည်း ကျဆင်းသွားနေသော နေလုံးကြီးကို ငေးကြည့်နေသည်။ ဆည်းဆာနေရောင်ခြည်က သူ၏နဖူးပေါ်တွင် ရှိနေသော ဆံပင်များပေါ်သို့ ကျနေပြီး အနည်းငယ် အနီရောင်သန်းနေ၏။ သူ၏မျက်လုံးတစ်စုံကလည်း တမ်းတလွမ်းဆွတ်နေသလို ခံစားနေရပြီး ကရုဏာတရားများ ပြည့်နှက်နေသည်။ သူက လှုပ်ရှားခဲ့သည့် လက္ခဏာတစ်ခုမျှ မရှိချေ။
အဝေးမိုးကုတ်စက်ဝိုင်းတွင်တော့ အနီရောင်တိမ်တိုက်များ ပြည့်နှက်နေခဲ့ပြီး ညနေဆည်းဆာအချိန်တွင်ပင် အေးစက်သော လေလှိုင်းများ တိုက်ခတ်နေသေးသည်။ ထိုအရာက ထိုလူကြီး ပထမဦးဆုံး ပေါ်လာခဲ့သည့်အချိန်တွင် တူညီသော မြင်ကွင်းတစ်ခု ဖြစ်နေသည်။ အစောပိုင်းတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သော တိုက်ပွဲက ပုံရိပ်ယောင်တစ်ခုသဖွယ်ဖြစ်နေခဲ့၏။
"ဖြစ်ခဲ့တဲ့ အရာတွေအားလုံးက ပုံရိပ်ယောင်တစ်ခုလား ... မဟုတ်ဘူး။ ဒီလောက်ထိ အစစ်အမှန်လို ခံစားနေရမှတော့ ဘယ်လိုလုပ်ပြီး ပုံရိပ်ယောင်ဖြစ်နိုင်မှာလဲ…"
သို့သော် ထိုအရာက ပုံရိပ်ယောင်တစ်ခုဖြစ်ရမည်ဟု ရှန်ယွဲ့က ထင်မိသွားခဲ့သည်။
"ဒါဆိုရင် အခုဖြစ်ခဲ့တဲ့အရာတွေက ပုံရိပ်ယောင်တစ်ခုလား…"
ခဏကြာသည့်တိုင်အောင် ရှန်ယွဲ့က အစစ်အမှန်နှင့် ပုံရိပ်ယောင်၊ အမှန်နှင့်အမှားကို ခွဲခြားရန် လုံးဝမဖြစ်နိုင်ကြောင်း တွေ့လိုက်ရသည်။ ထိုအရာက အမှန်တကယ်ဖြစ်ခဲ့ခြင်းလား အတုလား သူလည်း မသိတော့ချေ။
လေပြေလေညင်းများက သူ့ကို ဖြတ်ကျော်သွားသည့်အချိန်တွင် သူလည်း တစ်ကိုယ်လုံးအေးစက်ပြီး တုန်လှုပ်လာခဲ့၏။ သူက ထိုအရာကို နားမလည်နိုင်သေးခင် သူ၏နောက်ကျောနှင့် နဖူးပေါ်တွင် ချွေးများ စီးကျနေခဲ့၏။
"လမ်းမှားဂိုဏ်းကြီးတွေထဲက တစ်ခုဖြစ်နေမှတော့ ဒီအဘိုးကြီးက အရိပ်တန်ပြန်ဂိုဏ်းကို မသိဘဲနေမလား…။ အကြီးအကဲစွန်းက နေကောင်းရဲ့လား…"
မုန့်ချီက မေးလိုက်သည်။ သူကတော့ နောက်ပြန်လှည့်မကြည့်ဘဲ ခန္ဓာကိုယ်ကသာ အနည်းငယ် လှည့်လာခဲ့သည်။
သူက ယခင်မျိုးဆက်မှ အစွမ်းထက်ပညာရှင်တစ်ယောက်၏ စွမ်းအားနှင့် သိက္ခာကို ပြသခဲ့၏။ ထို့နောက် အရိပ်တန်ပြန်ဂိုဏ်းနှင့် ပတ်သက်ပြီး သူသိထားသည့် အရာများကို ပြန်လည်စဉ်းစားကြည့်လိုက်ပြီး ကရုဏာမဲ့နတ်ဆိုးနှင့် သက်တူရွယ်တူ ဖြစ်နိုင်သည့် လမ်းမှားပညာရှင်တစ်ယောက်ကို ရွေးချယ်၍ မေးလိုက်သည်။
အစောပိုင်းတွင် သူတို့၏ တိုက်ခိုက်မှုများကြောင့် ရှန်ယွဲ့က ထွက်ပြေးရန် ဆန္ဒများအားလုံး ပျောက်ကွယ်သွားခဲ့၏။ သူ့ရှေ့တွင် ရှိနေသော မကောင်းဆိုးဝါးအိုကြီးက ခန့်မှန်း၍ မရနိုင်သော တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
သူက တည်ငြိမ်းအေးချမ်းပြီး လုံးဝလျစ်လျူရှု၍ မရသည့်အပြင် နှစ်ပေါင်း(၂ဝ)ခန့်ကို ဖြုန်းတီးခဲ့ခြင်း မရှိသည့် အဘိုးအိုတစ်ယောက် ဖြစ်သည်။ ထိုအစား ကရုဏာမဲ့နတ်ဆိုးက မြေပြင်မှတ်တမ်းနှင့် မဟူရာမှတ်တမ်းကို တက်လှမ်းနိုင်ရန် အလားအလာရှိသည်ဟူသော ယခင်အတွေးများအတိုင်း ဆက်၍ရှိစေခဲ့သည်။ ယခု သူက ပို၍ပင်အစွမ်းထက်နေသေး၏။
အတိတ်တုန်းကတော့ ကရုဏာမဲ့နတ်ဆိုးက လူတိုင်း၏ ချီးကျူးမှုကို ခံခဲ့ရပြီး အလားအလာရှိသည်ဟု သတ်မှတ်နိုင်ရုံသာ ရှိသည်။ ယခုတော့ သူက မဟူရာမှတ်တမ်းမှ ပညာရှင်တစ်ယောက်ကဲ့သို့ ခံစားမှုကို ပေးနိုင်၏။
လက်ရှိအချိန်တွင် မဟူရာမှတ်တမ်းတွင် အဆင့်(၆၃)တွင် ရှိနေသော ပညာရှင်ကသာ မြေပြင်မှတ်တမ်းကို ဝင်ရောက်ရန် အရည်အချင်းပြည့်မီသည်။
"အကြီးအကဲစွန်းက ကျန်းမာပါတယ်။ အခုထိ သူက ဒေါသကြီးနေတဲ့အတွက် ပထမကောင်းကင်လှေကားကိုတောင် မဖြတ်ကျော်နိုင်တော့ဘူး…"
ရှန်ယွဲ့က ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။ သူကတော့ အားနည်းသူများကိုသာ အနိုင်ကျင့်တတ်သူတစ်ယောက်ဖြစ်၏။
နောက်ဆုံးတွင်တော့ မုန့်ချီက သူ့ကို အပြုံးနှင့် ပြန်လှည့်ကြည့်လိုက်၏။ သူ၏ပုံပန်းသဏ္ဍာန်က အလွန်ထင်ရှားပြီး ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိနေခဲ့သည်။
"အခုမင်းက ငါ့ကို ဒီနယ်မြေထဲမှာရှိနေတဲ့ လမ်းမှားပညာရှင်တွေနဲ့ မိတ်ဆက်ပေးလို့ရပြီလား…"
ရှန်ယွဲ့၏ရင်ထဲတွင် လှုပ်ရှားသွားခဲ့ပြီး အပြုံးနှင့် ပြန်ဖြေလိုက်သည်။
"ဒီနယ်မြေထဲမှာ ဆရာကြီး ရင်းနှီးနေတဲ့ နေရာတွေ၊ ဆရာကြီး ရင်းနှီးနေတဲ့ လူတွေရှိတယ်…"
"ဘယ်သူလဲ…"
မုန့်ချီက တွေဝေစွာ ပြန်မေးလိုက်သည်။
"ဝိညာဉ်ဖျောက် နတ်ဆိုးသခင် မိုတျန်းကီ ...
သူကလည်း ဆိုးရွားတဲ့ဒုက္ခတစ်ခုကို ကြုံရပြီး နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့တယ်။ ဒါပေမယ့် အခုတော့ သူက ပထမကောင်းကင်လှေကားကို ဖြတ်ကျော်နိုင်သွားပြီ။ သူ့ရဲ့အစွမ်းမှာလည်း သိသိသာသာ တိုးတက်မှုတွေ ရှိခဲ့တယ်။ ဒါပေမယ့် ကြည့်ရတာတော့ သူက ဆရာကြီးထက် နောက်ကျနေမယ် ထင်တာပဲ.."
ရှန်ယွဲ့က မုန့်ချီ၏ ခံစားချက်ပြောင်းလဲမှုကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ မည်သို့ဖြစ်စေကာမူ သူတို့(၂)ယောက်ကတော့ နှစ်ပေါင်းများစွာ ရန်သူများဖြစ်ခဲ့၏။
"နောက်ဆုံး သူ့ကို ပြန်တွေ့ရမယ်ဆိုတော့ တော်တော်လေး ကောင်းတယ် မဟုတ်လား…"
မုန့်ချီက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
‘သူ့ဆီမှာ မကျေနပ်မှုတွေတောင် လုံးဝပေါ်မလာခဲ့ဘူး။ ဝိညာဉ်ဖျောက် နတ်ဆိုးသခင်က သူ့အတွက်တော့ အသေးအဖွဲ့လူတစ်ယောက်လိုပဲ..’
ရှန်ယွဲ့က အလွန်အံ့ဩမှင်တက်နေခဲ့သည်။
သို့သော် သူက မဆင်မခြင် မပြောရဲသည့်အတွက် ခေါင်းစဉ်ပြောင်းရန် ဆုံးဖြတ်လိုက်၏။
"ပြီးတော့ တောင်ထိပ်(၆)သွယ် မကောင်းဆိုးဝါး ဆရာကြီးလင်းဟူလည်း ရှိတယ်။ လက်ရှိအချိန်မှာတော့ သူက မဟူရာမှတ်တမ်းမှာ အဆင့်(၉၃)ရှိနေပြီး သူ့ရဲ့နာမည်ဂုဏ်သတင်းက တော်တော်လေးကို ပျံ့နှံ့နေတယ်။ သူက ကျွန်တော်တို့ရဲ့ စံပြပါပဲ…"
မုန့်ချီက ရှန်ယွဲ့ပြောပြနေသော လမ်းမှားနတ်ဆိုးများအကြောင်းကို တစ်ယောက်ချင်းဆီ နားထောင်နေပြီး ထူးခြားသည့်နာမည်တစ်ခုကို ကြားသည့်အချိန်တိုင်း သူ့ကို ရပ်ခိုင်းခဲ့သည်။
"ပိုင်ဟွာမိန်းမပျို …
ရင်မြို့ထဲမှာရှိတဲ့ ပြည့်တန်ဆာ အိမ်ပိုင်ရှင်တစ်ယောက်၊ သူ့ရဲ့အစွမ်းကိုတော့ သေချာမသိရဘူး။ ဒါပေမယ့် သူက အစွမ်းထက်တဲ့ သမီးတော်တွေကို လေ့ကျင့်ပေးတယ်ဆိုပြီး နာမည်ကျော်ကြားတယ်…"
သူမက ရင်မြို့ထဲတွင်ရှိနေသော ပြည့်တန်ဆာများ၏ နောက်ကွယ်တွင် ရှိနေသော အုပ်ချုပ်သူတစ်ယောက် မဟုတ်သော်လည်း နာမည်ကျော်ပြည့်တန်ဆာ အိမ်ပိုင်ရှင် တစ်ယောက်ဖြစ်သည်။
မုန့်ချီက အပြုံးနှင့် ခေါင်းညိတ်ပြီး မေးလိုက်၏။
"ကျောင်းဆောင်သခင် သွမ့်မူဆီကို ကိုယ်လုပ်တော်အသစ်တွေ ပို့ပေးလိုက်တဲ့သူက အဲဒီပိုင်ဟွာမိန်းမပျိုလား…"
ရှန်ယွဲ့က မသက်မသာ ခေါင်းခါပြောလိုက်သည်။
"ဒါတော့ ကျွန်တော်လည်း သေချာမပြောတတ်ဘူး…"
မုန့်ချီက ထပ်မမေးတော့ဘဲ သူ့ကို ဆက်ပြောခွင့်ပေးလိုက်သည်။ ရှန်ယွဲ့ ပြောပြီးသွားသည့် အချိန်တွင် မုန့်ချီက လက်ဝှေ့ယမ်းပြလိုက်ပြီး သူ့ကိုထွက်သွားရန် အချက်ပြလိုက်၏။
ရှန်ယွဲ့က သူ့ကို အတော်လေးကို လေးစားနေပြီး မယုံကြည်နိုင်သလို ခံစားနေရ၏။ သူက ဖြည်းညင်းစွာ သတိထား၍ ထွက်ခွာလာခဲ့ပြီး မိုင်(၁၀၀)ခန့်အကွာကို ရောက်သည့်အချိန်မှသာ သူက အနည်းငယ် တုန်လှုပ်နေကြောင်း တွေ့လိုက်ရ၏။
မုန့်ချီက လက်နောက်ပစ်ပြီး ရှန်ယွဲ့ ထွက်သွားသည်ကို ကြည့်၍ ပြုံးရုံလေး ပြုံးလိုက်မိသည်။ သူက ယင်ယန်တံဆိပ်၏ ပင်မကျင့်စဉ်၊ အနတ္တကျိန်စာဖျက်ဓားပညာ၏ နှလုံးသက်ရောက်ခြင်းစွမ်းရည်အပြင် လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်၏ လျှို့ဝှက်ဆန်းကြယ်သော အနှစ်သာရများကို အသုံးပြုခဲ့ပြီး အင်မော်တယ်ပုံရိပ်ယောင်(၇)သွယ်ကို အသက်သွင်းခဲ့သည်။
နောက်ဆုံးရလဒ်ကတော့ အတော်လေးကို ဆန်းကြယ်လွန်းလှ၏။ သူက ရှန်ယွဲ့ကို အေးအေးဆေးဆေး သိမ်းသွင်းနိုင်ခဲ့ပြီး သူ့ကို ကိုယ်တိုင်ခံစားခဲ့ရသယောင် ဖန်တီးနိုင်ခဲ့သည်။
"ပိုင်ဟွာ မိန်းမပျို…"
သူက မျက်မှောင်ကြုတ်လိုက်မိပြီး သွမ့်မူပိုင်၏ တုံ့ပြန်မှုကို အရင်ဆုံးစောင့်နေရန် ဆုံးဖြတ်လိုက်သည်။
Translated by Hein Htet.