← Chapters

အခန်း (၆၁၀)

Vol. 41 Ch. 610

အခန်း (၆၁၀)

Vol. 41 Ch. 610

မုန့်ချီက သဘောတူညီထားသော နေ့ရက်တွင် မြစ်အရှေ့ပိုင်း အဆောက်အဦးဆီသို့ နောက်တစ်ကြိမ် ရောက်လာခဲ့သည်။ သွမ့်မူပိုင်က သူ့ကို ယခင်တခေါက် တွေ့ခဲ့သော အခန်းထဲသို့ ဦးဆောင်ခေါ်သွားခဲ့ပြီး သူ့အတွက် တည်ငြိမ်စွာ ရေနွေးကြမ်း ပြင်ဆင်ပေးနေခဲ့၏။

မုန့်ချီက မျက်နှာချင်းဆိုင်တွင် ရှိနေသော ထိုင်ခုံ၌ သက်တောင့်သက်သာ ထိုင်လိုက်ပြီး လက်ရန်းတစ်ဖက်ပေါ်သို့ လက်တင်ထားခဲ့၏။ သူကတော့ မိန်းမပျိုတစ်ယောက် ခေါ်မလာခဲ့သည့်အတွက် ဘာမှမဖြစ်ချင်ယောင်ဆောင်နေခဲ့သည်။

သူတို့က စိတ်ရှည်ခြင်း တိုက်ပွဲတစ်ခုကို တိုက်ခိုက်နေကြခြင်းဖြစ်ပြီး စကားအရင်ပြောသည့်သူက ရှုံးနိမ့်ရမည် ဖြစ်သည်။ ထိုအရာက သူတို့၏ အပေးအယူတွင်လည်း အရေးနိမ့်သွားနိုင်၏။

ဆူပွက်နေသော ရေနွေးငွေ့များက အခန်းထဲတွင် ပျံ့နှံ့နေပြီး ရေနွေး၏ရနံ့ကလည်း အခန်းတစ်ခုလုံး ပြည့်နေခဲ့သည်။ သွမ့်မူပိုင်က ရေနွေးခွက်ကို မြှောက်လိုက်ပြီး အစိမ်းရောင်ရေနွေးများကို ဖြည်းညင်းစွာ ထည့်ပေးလိုက်၍ မုန့်ချီကို အပြုံးနှင့် ပြောလိုက်သည်။

“ဒီဝါးရွက်စိမ်းလက်ဖက်ခြောက်က အထူးစိုက်ပျိုးထားတာ။ မင်းက ဒီရေနွေးကို သောက်လိုက်မယ်ဆိုရင် နှလုံးသားနဲ့ ဝိညာဉ်ကို တည်ငြိမ်သွားစေနိုင်တယ်…”

မုန့်ချီကတော့ စဉ်းစားမနေဘဲ ညာဖက်လက်ကို မြှောက်လိုက်ပြီး ရေနွေးခွက်ကို ယူလိုက်သည်။ ရေနွေးခွက်၏ မျက်နှာပေါ်တွင် လှိုင်းဂယက်လေးတစ်ခုမျှ ပေါ်လာခြင်း မရှိချေ။ မုန့်ချီက သူ၏ချီစွမ်းအင်များကို ဖိနှိပ်ပြီး ကမ္ဘာမြေကြီးနှင့် ဆက်သွယ်ထားသည့်အချိန်တွင် အလွန်နူးညံ့သိမ်မွေ့သယောင် ဖြစ်နေခဲ့သည်။

ရေနွေးခွက်ထဲကို အဆိပ်ခပ်ထားခြင်း ရှိမရှိ စစ်ဆေးကြည့်ပြီးမှသာ သူက သောက်ကြည့်လိုက်၏။

“တကယ်ကောင်းတဲ့ ရေနွေးပဲ။ ဒီရေနွေးက ခံတွင်းရှင်းတယ်။ ပြီးတော့ ပါးစပ်ထဲကို ရောက်သွားတဲ့အချိန်မှာ ခါးသက်သက် အရသာ ရှိတယ်။ အဲဒီနောက်မှာတော့ ချိုသွားတယ်။ တကယ့်ကို လက်ဖက်ခြောက်ကောင်းပဲ…”

သူက လူသားမီးဖိုကိစ္စကို ပြောခဲ့ခြင်း မရှိပေ။

သွမ့်မူပိုင်က သက်ပြင်းချလိုက်မိ၏။

“မင်းက ပိုမီမှာ နှစ်ပေါင်း(၂၀)လောက် ပိတ်မိနေတဲ့အတွက် အဆင့်တက်ဖို့ စိတ်မရှည်နိုင်ဖြစ်နေမယ်လို့ ငါ နားလည်ထားတာ။ မင်းက အတွေ့အကြုံရှိတဲ့ ဘုန်းတော်ကြီးတစ်ပါးလို နှလုံးသားထဲမှာ တရားဓမ္မ အငွေ့အသက်တွေ သယ်ဆောင်ထားမယ်ဆိုတာ ဘယ်သူက ထင်မှာလဲ။ မင်းက အရမ်းကို တည်ငြိမ်နေမှတော့ ငါ့ကိုတောင် ဖိနှိပ်ထားနိုင်သလိုပဲ…”

စိတ်ရှည်ခြင်း တိုက်ပွဲကို သည်းမခံနိုင်တော့သည့်အတွက် နောက်ဆုံးတွင် သူကသာ အရင်ပြောလိုက်ရသည်။

“ပိုမီက အရမ်းအန္တရာယ်များတယ်။ ရေရှည်အစီအစဉ်တွေက အဲဒီမှာ အသုံးဝင်တယ်လေ။ တစ်ခါတလေမှာ ပစ္စည်းတစ်ခုကို ရဖို့အတွက် ရက်ပေါင်းများစွာ စောင့်နေရတဲ့အချိန်မျိုးတောင် ရှိတယ်။ အဲဒီလို စောင့်ဆိုင်းနေမှုက လပေါင်းများစွာလည်း ကြာသွားနိုင်တယ်။ အဲဒီလို အတွေ့အကြုံတွေကို ကြုံလိုက်ရပြီးနောက် ငါ့ရဲ့စိတ်ရှည်မှုက အစွမ်းထက်လာတာပဲလေ…”

မုန့်ချီက ထိုင်ခုံလက်ကိုင်ကို အသာအယာ ပုတ်လိုက်သည်။

‘ဒါက မြေခွေးဘုရင်ကို သတ်တဲ့အချိန်မှာ ငါကိုယ်တိုင် တည်ဆောက်ထားခဲ့တဲ့ စိတ်ရှည်မှုနဲ့ စိတ်စွမ်းအားပဲ။ ဒါက အတွေ့အကြုံရှိတဲ့ ဘုန်းတော်ကြီးတစ်ပါးနဲ့ ဘာများသက်ဆိုင်လို့လဲ..’

သွမ့်မူပိုင်က အံ့သြသွားခဲ့သည်။

“ငါ နားလည်သွားပြီ။ ငါက ပိုမီကိုတော့ လုံးဝ မရောက်ဖူးဘူး။ ကြည့်ရတာတော့ ငါကြားဖူးတဲ့အရာတွေကြောင့် ငါက လမ်းလွဲသွားခဲ့တာပဲ။ တချို့ထင်ယောင်ထင်မှားကိစ္စတွေက တကယ့်ကို အကူအညီ မဖြစ်နိုင်ဘူး…”

ခဏရပ်လိုက်ပြီးနောက် သူက ပြုံးလိုက်သည်။

“ငါက မင်းရဲ့ကိုယ်စား လူသားမီးဖိုကိစ္စကို မေးခဲ့တယ်။ သူ့ဆီမှာတောင်းဆိုချက် နည်းနည်းရှိတယ်။ အဲဒီအရာက ကြားကနေ ပြောဆိုရုံသက်သက်နဲ့ အဆင်မပြေနိုင်မှတော့ ငါက မင်းနဲ့မျက်နှာချင်းဆိုင် တွေ့ဖို့ ပြောလိုက်တယ်…”

သူက လူသားမီးဖိုအတွက် အမှန်တကယ် အပေးအယူလုပ်ရန် ဆွေးနွေးပေးခြင်း မဟုတ်ဘဲ သတင်းပို့ပေးရုံ သက်သက်သာ ဖြစ်သည်။ ထို့ကြောင့် သူက ပထမဆုံး ခေါ်ဆောင်နိုင်မည်ဆိုလျှင်ပင် အရေးမနိမ့်နိုင်တော့ပေ။ သူက မည်သည့်အပေးအယူတွင်မျှ ပါဝင်ခြင်း မရှိသည့်အချိန်တွင် အရေးနိမ့် နိုင်ဦးမည်လော။

“တော်‌တော်ကောက်ကျစ်တဲ့ အဘိုးကြီးပဲ။ သူက ငါ့ကို စမ်းသပ်ဖို့အတွက် ပြပွဲတစ်ခု လုပ်ထားတာကိုး…”

မုန့်ချီက မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ စိတ်ထဲမှနေ၍ သွမ့်မူပိုင်ကို ကျိန်ဆဲလိုက်မိသည်။ သူကတော့ ခန်းမှန်း၍မရသော တွင်းနက်ကြီးတစ်ခု၏ အမူအရာမျိုးသာ ပေးနေခဲ့၏။

“တကယ်လို့ ငါတို့က မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ..”

ထိုအရာက သူ၏ အစစ်အမှန် ရည်ရွယ်ချက်လည်း ဖြစ်သည်။ အကြောင်းအရာများက သူ ထင်ထားသည်ထက်ပင် ပို၍ချောချောမွေ့မွေ့ ဖြစ်လာခဲ့သည်။ ကရုဏာမဲ့နတ်ဆိုး၏ ဂုဏ်သတင်းက အတော်လေး အဆင်ပြေနေခဲ့သည်။

သွမ့်မူပိုင်က မုန့်ချီကို စိတ်အနှောင့်အယှက် မပေးနိုင်ခဲ့သည့်အတွက် အနည်းငယ် စိတ်ပျက်သွားခဲ့၏။

“(၃)ရက်ကြာရင် မေပယ်တောင်တန်းမှာရှိတဲ့ လောင်ကျွမ်းခြင်းရေကန်မှာ အပေးအယူကိစ္စအတွက် လမ်းမှားပညာရှင်တွေ အများကြီး ရောက်လာကြလိမ့်မယ်။ သူလည်း အဲဒီမှာရှိလိမ့်မယ်။ ငါမင်းကို‌ ခေါ်သွားပေးမယ်…”

မေပယ်‌တောင်တန်းက ရင်မြို့၏ တိုင်းပြည်နယ်စပ်တွင် ရှိနေသည်။ ထိုတောင်တန်းက အလွန်လှပသော မြင်ကွင်းများ ပြည့်နှက်နေပြီး ပင်လယ်သစ်တောကြီးကြောင့် နာမည်ကျော်ကြား၏။ ဆောင်းရာသီကို ရောက်သည့်အချိန်တိုင်း သစ်တောတစ်ခုလုံး အနီရောင်ခြုံလွှာကြီးတစ်ခု ရှိနေပြီး အရာအားလုံး မီးလောင်နေသည့်အလား ထင်ရသည်။ ထိုမြင်ကွင်းက ခရီးသွားများစွာကို ဆွဲဆောင်နိုင်သော အလှတရားများ ဖြစ်နေ၏။

သို့သော် လက်ရှိအချိန်တွင်တော့ နွေဦးရာသီ ဖြစ်နေသည့်အတွက် သစ်တောကြီးက အလှတရားများကို ထုတ်ဖော်ရန် အဆင်သင့် မဖြစ်သေးပေ။ယခုလို အပိုင်းအခြားတွင် ခရီးသွားနည်းပါးပြီး တောတောင်များထဲတွင် တေးသီငှက်အသံများကိုသာ ကြားနေရ၏။ ထိုအချိန်က အပေးအယူများလုပ်ရန် အကောင်းဆုံး နေရာတစ်ခု ဖြစ်သည်။

“အဲဒါက အဆင်ပြေပါတယ်…”

မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး သွမ့်မူပိုင်က သူ၏အစစ်အမှန် ခံစားချက်များကို စစ်ဆေးခွင့် မပေးခဲ့ပေ။

‘ဘယ်လိုလမ်းမှားပညာရှင်တွေ ရောက်လာမှာလဲ ဆိုတာကို သူက မစိုးရိမ်ဘူးလား။ သူက သူ့ကိုယ်သူ ယုံကြည်ချက် ရှိနေတာလား..’

………..

လောင်ကျွမ်းခြင်းရေကန်တွင် ရှိနေသော စစ်အန်ကျောင်းဆောင်တွင် -

ခန်းမကြီးထဲတွင် ထိုင်ဖုံ(၁၀)ခုကျော် နေရာချထား၏။ အကြီးဆုံး ထိုင်ဖုံတွင်တော့ အနီရောင် ဝတ်စုံဝတ်ထားသော ဘုန်းတော်ကြီးတစ်ပါး ရှိနေသည်။ အသက်ရှူလိုက်သည့် အချိန်တိုင်း သူ၏အသားအရေက ရေလှိုင်းများကဲ့သို့ လှုပ်ရှားနေခဲ့၏။ သူ့ဆီတွင် နှစ်လိုဖွယ် မျက်လုံးတစ်စုံ ရှိနေပြီး မျက်နှာပေါ်တွင်လည်း အရေးအကြောင်းတစ်ခု ရှိနေသည်။ သူက လက်ပိုက်ထား၏။

သူကတော့ စစ်အန်ကျောင်းဆောင်မှ ကျောင်းထိုင် အန်ဖာ ဖြစ်သည်။ သူ၏ ဘယ်ဖက်တွင်တော့ ပါရမီရှိပြီး ကုသိုလ်တရားများ ပြည့်နှက်နေသလို ထင်ရသည့် အဖြူဝတ်လူတစ်ယောက် ရှိသည်။

သူက အသက်(၃၀)အရွယ်သာ ထင်ရပြီး သူ၏ မျက်နှာပေါ်တွင် မုတ်ဆိတ်မွှေးလည်း မရှိချေ။ သူက ချောမောခန့်ညားပြီး သူ၏အငွေ့အသက်များက အလွန်နက်ရှိုင်း၏။ သူက မျက်လုံးတစ်ဖက် ပွင့်နေပြီး သူ့ပုံစံက လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ဆင့်ခေါ်ထုတ်လွှတ်နိုင်သော မှော်ဆန်သည့် ဆွဲဆောင်မှုတစ်ခု ရှိနေသည်။ အစွမ်းထက်သော လူတိုင်းနီးပါးကပင် သူ့မျက်လုံးကို တည့်တည့် မကြည့်ရဲကြပေ။

ကျောင်းထိုင်၏ ညာဘက်တွင်တော့ မျက်နှာပေါ်တွင် အရေးအကြောင်းတစ်ခုမျှ မရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက် ရှိသည်။ သူမ၏ငယ်ရွယ်စဉ် အလှတရားနှင့် ယှဉ်လိုက်မည်ဆိုလျှင် အချိန်ကာလက သူမဆီတွင် ရင့်ကျက်သော အလှတရားများကို ပေါင်းစပ်ပေးနေခဲ့သည်။

သူမက အစစ်အမှန် မိန်းမလှလေးတစ်ယောက် မဟုတ်သော်လည်း သူမ၏အကြည့်က နှလုံးသားများကို လှုပ်ရှားစေနိုင်ပြီး ဆန့်ကျင်ဘက် ပညာရှင်များကို ဆွဲဆောင်နိုင်သေးသည်။

ဤနေရာကို တက်ရောက်နိုင်သော လူတိုင်းတွင် ကိုယ်ပိုင်ထူးခြားမှုများ ရှိနေကြ၏။ အရိပ်တန်ပြန်ဂိုဏ်းမှ ရှန်ယွဲ့ကလည်း သူတို့ထဲတွင် ထိုင်နေခဲ့သည်။

“ကရုဏာမဲ့နတ်ဆိုးက ပိုမီကနေ ပြန်ရောက်လာပြီး သိုင်းလောကထဲကို ပြန်ဝင်လာပြီလို့ မင်းက ပြောလိုက်တာလား…”

အဖြူဝတ် ပညာရှင်က မျက်လုံးတစ်ဖက် မှိတ်ထားရင်း ပြောလိုက်သည်။

ရှန်ယွဲ့က တလေးတစား ခေါင်းညိတ်ပြလိုက်၏။

“ဟုတ်ပါတယ် …ဝိညာဉ်ဖျောက် ဆရာကြီး။ ကျွန်တော့်ရဲ့မျက်လုံးက မမှားနိုင်ပါဘူး။ ကျွန်တော်က ဆရာကြီးကို အရူးမလုပ်ရဲပါဘူး…”

အဖြူဝတ်လူက ဝိညာဉ်ဖျောက် နတ်ဆိုးသခင် မိုတျန်းကီ ဖြစ်သည်။ ရှန်ယွဲ့၏ စကားကို ကြားပြီးနောက် သူက အနည်းငယ် ပြုံးလိုက်မိ၏။

“ငါတို့က နှစ်ပေါင်းများစွာ မိတ်ဆွေဟောင်းတွေ ဖြစ်ခဲ့တာ။ ငါက ပန်းပွင့်ရာသီ အတောအတွင်း ယန်းကျိမြစ်ရဲ့ ဘယ်ဖက်ခြမ်းမှာ သူနဲ့ တွေ့ရတော့မယ်ဆိုတော့ ဘယ်လောက် ဝမ်းသာစရာကောင်းလိုက်လဲ…”

ကရုဏာမဲ့နတ်ဆိုးက သိုင်းလောကတွင် ပြန်လည်ပေါ်ထွက်လာသည့်အတွက် တခြားသော လမ်းမှားပညာရှင်များက မျက်မှောင်ကြုတ်နေမိကြသည်။

“သူက လော်အဖွဲ့အစည်း၊ ဖျက်ဆီးရေးဂိုဏ်းနဲ့ သူတောင်းစားဂိုဏ်းတို့ လုပ်ကြံမှာကို မကြောက်တာလား။ အခု သူ့ရဲ့အစွမ်းက ဘယ်လောက်လဲ…။ အရင်တုန်းကလို အစွမ်းထက်နေတုန်းပဲလား။ အရမ်းအစွမ်းထက်တဲ့အတွက် မဟူရာမှတ်တမ်းကို ရောက်လာဖို့တောင် မျှော်လင့်ချက် ရှိနေသေးတာလား…”

“ကရုဏာမဲ့နတ်ဆိုးက ကျင့်ကြံဖို့အတွက် အဆင်မပြေတဲ့ ပိုမီနယ်မြေထဲမှာ နှစ်ပေါင်း(၂၀)လောက် အချိန်ဖြုန်းခဲ့ရတယ်။ အခု သူနဲ့ ဝိညာဉ်ဖျောက် နတ်ဆိုးသခင်ရဲ့ ကြားထဲမှာ ကွာဟမှုတွေ ရှိနေမှာပဲ။ ဒါကတော့ ကိုယ်စိုက်ခဲ့တဲ့ မျိုးစေ့ကို ကိုယ်တိုင် ရိတ်သိမ်းရတာပဲလေ…”

စစ်အန်ကျောင်းဆောင်မှ ကျောင်းထိုင်က သက်ပြင်းချလိုက်မိသည်။

“အရင်တုန်းကတော့ သူက ငါတို့အားလုံးထဲမှာ အထူးခြားဆုံးနဲ့ ပထမကောင်းကင်လှေကားကို ဖြတ်ကျော်ဖို့ ရေပန်းအစားဆုံး လူတစ်ယောက်ပဲ။ သူက သိုင်းသခင်တစ်ယောက် အဖြစ်တောင် ရောက်သွားဖို့ မျှော်လင့်ရတယ်။ အမှန်တရား လမ်းစဉ်ပဲဖြစ်ဖြစ်၊ လမ်းမှားလမ်းစဉ်ပဲဖြစ်ဖြစ်၊ သူ့အကြောင်းကို ပြောတဲ့အချိန်တိုင်း မျက်ခုံးပင့်ကြရတာပဲ။ သူ့ထက် အဆင့်ရော၊ အစွမ်းရော၊ အဆပေါင်းများစွာ သာလွန်နေတဲ့သူတွေကတောင် သူ့ရဲ့အရည်အချင်းကို အသိအမှတ်ပြုကြရတယ်..”

ထိုအချိန်တွင် သက်လတ်ပိုင်းအမျိုးသမီး နှုတ်ခမ်းကို လက်နှင့်ကာပြီး ပြုံးလိုက်၏။

“သူ့ထက် အဆင့်တွေ၊ ကျင့်စဉ်တွေ အဆပေါင်းများစွာ သာလွန်နေတဲ့လူဆိုတာ ဆရာကြီးလင်းဟူကို ပြောနေတာလား…”

မြစ်အရှေ့ပိုင်းတွင် နာမည်ကျော်ကျောင်းဆောင်များထဲမှ တစ်ခုဖြစ်သော စစ်အန်ကျောင်းဆောင်မှ ကျောင်းထိုင်က မဟူရာမှတ်တမ်းမှ လူတစ်ယောက် ဖြစ်သည်။ သူက တောင်ထိပ်(၆)သွယ် မကောင်းဆိုးဝါး လင်းဟူတောင် ဖြစ်၏။

လင်းဟူတောင်က ပြုံးလိုက်ပြီး ခေါင်းစဉ်ကို ပြောင်းလိုက်သည်။ ထိုအစား သူက ရှန်ယွဲ့ကို လှည့်ကြည့်ပြီး မေးလိုက်၏။

“မင်းက ကရုဏာမဲ့နတ်ဆိုးနဲ့ တွေ့ခဲ့တဲ့ အတောအတွင်း သူ့ရဲ့အစွမ်းကို စစ်ဆေးကြည့်ခဲ့သေးလား…”

လူတိုင်းက ရှန်ယွဲ့၏ အဖြေကို စောင့်နေကြသည်။ ရှန်ယွဲ့က အလွန်ထင်ရှားသော ပုံရိပ်ယောင်တစ်ခုထဲတွင် ပိတ်မိနေပြီး အစစ်အမှန်နှင့် ပုံရိပ်ယောင်ကိုပင် ခွဲခြား၍ မရနိုင်ခဲ့ကြောင်း မည်သို့ ပြောပြနိုင်မည်နည်း။ သူက စိတ်ထဲတွင် ကရုဏာမဲ့နတ်ဆိုးကို ကျိန်ဆဲလိုက်မိသော်လည်း မျက်မှာပေါ်တွင် ခံစားချက် ကင်းမဲ့နေသေးသည်။

“ကျွန်တော်က သူ့ရဲ့အစွမ်းကို မဆုံးဖြတ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ သူ့ရဲ့ပုံစံ၊ ကစားပြောဆိုပုံနဲ့ ကျင့်စဉ်တွေကို ကြည့်ရတာတော့ တတိယကောင်းကင်အဆင့် ဖြစ်မယ်ထင်တယ်..”

အကယ်၍ သူကသာ ထိုကဲ့သို့ မပြောလျှင် တိုက်ပွဲတစ်ခု ဖော်ဆောင်လိုက်သလို ဖြစ်သွားပေလိမ့်မည်။

“ထင်ထားတဲ့အတိုင်းပဲ…”

ဝိညာဉ်ဖျောက် နတ်ဆိုးသခင်က သက်ပြင်းချလိုက်သည်။

“အတိတ်တုန်းကတော့ အစ်ကိုကရုဏာမဲ့က အတော်လေး စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်ပဲ။ သူ့ရဲ့စကားပြောဆိုပုံနဲ့ သူ့ရဲ့အရည်အချင်းတွေက နတ်ဆိုးဧကရာဇ်တောင် ဖြစ်လာနိုင်တယ်။ ငါက သူ့ကို အရမ်းလေးစားခဲ့တာ။ ဒါပေမဲ့ အခု‌တော့ နှမြောစရာပဲ…”

သူက အတော်လေး နောင်တရသလို ထင်နေရသည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိ ကရုဏာမဲ့နတ်ဆိုးက သူနှင့်နှိုင်းယှဉ်၍ပင် မရတော့ဘဲ အလေးထားရန် မလုံလောက်သေးပေ။ သူက ယခင်ရန်သူဟောင်းကြီးကို အရှက်ခွဲရန် စိတ်ဆန္ဒပင် ပျောက်ကွယ်သွားခဲ့သည်။

ရှန်ယွဲ့နှင့် တခြားသော လမ်းမှားနတ်ဆိုးများက ခေါင်းညိတ်သဘောတူလိုက်ကြသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာ အတောအတွင်း ပိုမီတွင် ပုန်းအောင်းနေကြသူများက အဆင့်တက်ရန် လုံးဝအောင်မြင်ခဲ့ခြင်း မရှိသည့်အပြင် သိုင်းလောကသို့ ပြန်လာနိုင်ခြင်းလည်း မရှိကြပေ။

ဝိညာဉ်ဖျောက် နတ်ဆိုးသခင်၏အသံက တိုးသွားခဲ့သည့်အချိန်တွင် လင်းဟူတောင်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ကျောင်းဆောင်သခင် သွမ့်မူလည်း ရောက်လာပြီပဲ။ ဟင်…..”

အရောင်တောက်တောက်မျက်နှာ၊ ရှုပ်ထွေးနေသော ဆံပင်များနှင့် သွမ့်မူပိုင်က ခန်းမ၏တံခါးဝတွင် ပေါ်လာခဲ့သည်။ သူက အတွင်းထဲကို ဖြည်းညင်းစွာ ဝင်ရောက်လိုက်ပြီး အစိမ်းဝတ် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ကို ခေါ်လာခဲ့သည်။

ဦးထုပ်‌ပျော့ ဆောင်းထားသော သက်လတ်ပိုင်းလူက နဖူးပေါ်တွင် ဆံပင်ဖြူ အနည်းငယ် ရှိနေသည်။ သူက ဘဝအတွေ့အကြုံများစွာ ရှိနေသော လူကြီးလူကောင်းတစ်ယောက်၏ ဆွဲဆောင်မှုမျိုး ရှိနေသည်။ သူ၏မျက်လုံးထဲတွင် ခံစားချက်များ ကင်းမဲ့နေပြီး သူ့ဆီမှနေ၍ အလွန် လျှို့ဝှက်သော အငွေ့အသက်များ ထွက်ပေါ်လာနေခဲ့သည်။ သူက အမှန်တကယ် မရှိသလို ထင်မှတ်ရ၏။

လင်းဟူတောင်ကပင် သူ့အနားကို ရောက်မလာမချင်း သူ့ကို စစ်ဆေးကြည့်နိုင်ခဲ့ခြင်း မရှိချေ။ ထို့ကြောင့်လည်း သူက အံ့သြမှင်တက်သွားခဲ့ခြင်း ဖြစ်၏။

“ကရုဏာမဲ့နတ်ဆိုး...”

ဝိညာဉ်ဖျောက်နတ်ဆိုးသခင်က မျက်လုံးပြူးသွားခဲ့ပြီး ပင်မဝိညာဉ်ကိုပင် လှုပ်ရှားသွားစေနိုင်သော နတ်ဆိုးအငွေ့အသက်တစ်ခု ထွက်လာခဲ့သည်။

“ကရုဏာမဲ့နတ်ဆိုးလား.....”

လမ်းမှားပညာရှင်များအားလုံးက သက်လတ်ပိုင်းလူကြီးကို မော့ကြည့်လိုက်မိကြသည်။

မုန့်ချီက ဝိညာဉ်ဖျောက်နတ်ဆိုးသခင်နှင့် တောင်ထပ်(၆)သွယ် မကောင်းဆိုးဝါးတို့ကို ခေါင်းညိတ်ပြလိုက်သည်။ သူက ဤနေရာတွင် ရှိနေသော လူများထက် နိမ့်ကျနေသော ခံစားချက်မျိုး ပေါ်လာခြင်းမရှိဘဲ သူ့ကိုယ်သူ ယုံကြည်ချက် ရှိနေပုံရ၏။

သွမ့်မူပိုင်က လျင်မြန်စွာ မိတ်ဆက်ပေးလိုက်ပြီး မုန့်ချီကို လူမရှိသော ထိုင်ဖုံတစ်ခုဆီသို့ ခေါ်သွားခဲ့သည်။

“ဒါဆိုရင် မင်းက ကရုဏာမဲ့နတ်ဆိုးပေါ့။ ငါက မင်းရဲ့နာမည်ကို ကြားဖူးတာကြာပြီ။ ဒီနေ့မှပဲ မင်းနဲ့ တွေ့ခွင့်ရတော့တယ်…”

လင်းဟူတောင်က အံ့သြမှုများကို ဘေးဖယ်ထားလိုက်ပြီး အပြုံးနှင့် စကားပြောလိုက်သည်။ ထိုသို့ဆိုရာတွင် သူကတော့ ကရုဏာမဲ့နတ်ဆိုး၏အစွမ်းကို စစ်ဆေးနိုင်ခြင်း မရှိသည့်အတွက် မသက်မသာ ခံစားနေခဲ့ရ၏။

လူတိုင်းက ထိတ်လန့်အံ့သြနေသော ခံစားချက်တစ်ခုကို ရရှိနေကြသည်။ ကရုဏာမဲ့နတ်ဆိုးက ပိုမီ၏အချုပ်အနှောင်ထဲမှ လွတ်မြောက်လာပုံရပြီး ယခင်အထွဋ်အထိပ် အခြေအနေထက်ပင် ပို၍ အစွမ်းထက်နေပုံရ၏။ သူ၏စွမ်းအားများကလည်း တူညီသော ကံတရားမျိုး ရှိနေပုံရသည်။

ဝိညာဉ်ဖျောက် နတ်ဆိုးသခင်က မျက်လုံးမှိတ်လိုက်ပြီး ပြုံးလိုက်၏။

“မင်းရဲ့ပုံစံတွေ မပြောင်းလဲသွားတဲ့အတွက် ငါက ‌တော်‌‌တော်‌လေး ကျေနပ်သွားပြီ။ တကယ်လို့ ငါသာ မင်းကို တကယ်ပဲ မဖိနှိပ်နိုင်ဘူးဆိုရင် ငါက အုတ်ဂူထဲအထိ နောင်တရနေလိမ့်မယ်…”

သူက စကားလုံးနှင့် ပြောနေသည့်အချိန်တွင် ယဉ်ကျေးသိမ်မွေ့နေခြင်း မရှိချေ။ ထိုအချိန်တွင် ရန်သူများ ရင်ဆိုင်လိုက်သည့် နေရာတိုင်းတွင် မီးပွားလေးများ ထွက်ပေါ်လာနေခဲ့သည်။

မုန့်ချီက ထိုင်ခုံတွင် တင်ပျဉ်ခွေထိုင်နေပြီး သူ့ပုံစံက ခံစားချက်ကင်းမဲ့၍ ခန့်မှန်း၍လည်း မရနိုင်ပေ။ သူက ဝိညာဉ်ဖျောက် နတ်ဆိုးသခင်ကို စိုက်ကြည့်လိုက်၏။ ထို့နောက် အပြုံးနှင့် ပြန်ဖြေလိုက်သည်။

“နှစ်ပေါင်း(၂၀)ကြာပြီးတဲ့နောက် မင်းက တိုးတက်လာမယ်ဆိုတာ ငါလည်း မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ ဘယ်သူက သေချာသိနိုင်မှာလဲ…”

သူက ခံစားချက်ကင်းမဲ့စွာ ခေါင်းခါလိုက်မိ၏။ သူပြောချင်သည့်အဓိပ္ပာယ်ကို လူတိုင်းက နားလည်နေကြသည်။

“သူက ဝိညာဉ်ဖျောက် နတ်ဆိုးသခင်ကို အထင်သေးနေတာလား။ သူက ဘာကြောင့် ဒီလိုယုံကြည်ချက်မျိုး ရှိနေရတာလဲ။ အခု သူက ဘယ်လောက်တောင် အစွမ်းထက်လာပြီလဲ…”

လမ်းမှားနတ်ဆိုးများအားလုံး၏ စိတ်ထဲတွင် ထိုကဲ့သို့သော အတွေးတစ်ခု ပေါ်လာကြသည်။

သွမ့်မူပိုင်ကတော့ တင်းမာမှုကို ဖြေလျှော့ရန် ကြိုးစားလိုက်သည်။

“ဒါက ပိုင်ဟွာမိန်းမပျိုလို့ ခေါ်တယ်။ မင်းနဲ့မျက်နှာချင်းဆိုင်တွေ့ဖို့ တောင်းဆိုထားတဲ့ တစ်ယောက်ပဲ…”

လူတိုင်းက မျက်နှာချင်းဆိုင်‌ တွေ့ဆုံရသည့် ရည်ရွယ်ချက်ကို အံ့သြနေကြသည့် အချိန်တွင် ပိုင်ဟွာမိန်းမပျို၏မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူမက ညင်သာစွာ လက်ခုတ်တီးလိုက်ရာ အနီးအနားတွင် ရှိနေသော အခန်းတစ်ခုထဲမှနေ၍ မိန်းမလှလေးတစ်ယောက် ထွက်ပေါ်လာခဲ့သည်။

ထိုမိန်းမပျို၏ အသားအရေက ကလေးတစ်ယောက်ကဲ့သို့ နူးညံ့ပျော့ပျောင်းပြီး သူမက လုံလုံခြုံခြုံ ဝတ်ဆင်ထားသည့်အတွက် လမ်းလျှောက်လာသည့်အချိန်တိုင်း လေထဲ၌ လှုပ်ရှားနေသော စင်ယော်ငှက်လေး တစ်ကောင်ကဲ့သို့ ဖြစ်သည်။ ထိုအရာက အလွန်လှပသော မြင်ကွင်းတစ်ခု ဖြစ်၏။

သူမက ခန်းမထဲတွင် ရှိနေသော ပညာရှင်များကိုကြည့်ပြီး အနည်းငယ် ထိတ်လန့်နေခဲ့သည်။ သူမက ကြောက်ရွံ့နေသော သမင်မလေးတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။ သူမဆီတွင် နတ်ဆိုးဆန်သော အလှတရားမျိုး မရှိသည့်အတွက်ကြောင့် သူမက ယောကျ်ားများ၏ စိတ်ဆန္ဒများကို လှုံ့ဆော်ပေးနိုင်ပြီး သူတို့က သူမကို သိမ်းပိုက်ချင်နေကြသည်။

ပထမတွင်တော့ သူမက ယောကျ်ားနှင့် မိန်းမကြားထဲတွင် ဆွဲဆောင်မှုတစ်မျိုးဖြစ်သော မွှေးရနံ့တစ်မျိုးကို ထုတ်လွှတ်လိုက်သည်။ လုံလုံခြုံခြုံဝတ်ဆင်ထားသော သူမ၏ ဝတ်စုံက လှုပ်ရှားလိုက်သည့် အချိန်တိုင်း အနည်းငယ် လှစ်ဟာသွားပြီး ယောကျ်ားသားများအား တစစီ ဆွဲဖြဲပစ်ရန် ဆွဲဆောင်နေသလို ထင်ရ၏။

ခန်းမထဲတွင် အပ်ကျသံပင် မကြားရတော့ချေ။ ခန်းမထဲတွင် အသက်ရှူသံ ပြင်းပြင်းသာ ကြားနေရသည်။ လင်းဟူတောင်၊ ဝိညာဉ်ဖျောက်နတ်ဆိုးသခင်နှင့် သွမ့်မူပိုင်တို့က ထိုမိန်းမပျိုကို အာသာငမ်းငမ်း ကြည့်နေရင်း တံတွေးကို မျိုချလိုက်မိကြသည်။

ထိုမိန်းမပျို ‌ရောက်လာခဲ့သည့်အချိန်၌ ပိုင်ဟွာမိန်းမပျို၏ နောက်တွင် ပုန်းအောင်းလိုက်ပြီး မုန့်ချီကို စိုက်ကြည့်လိုက်သည်။

“ဆရာကြီး ကရုဏာမဲ့နတ်ဆိုး…

ဆရာကြီးကတော့ ဘာမှသက်ရောက်မခံရပါလား။ ကြည့်ရတာတော့ ကျွန်မရဲ့သမီးကို မကြိုက်တာများလား…”

အစောပိုင်းတွင် မုန့်ချီက ထိုအမျိုးသမီးကို တချက်ကြည့်လိုက်ပြီးနောက် အဝေးကို လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးက စိတ်မပါသလို ထင်မှတ်ရ၏။ သူက အပြုံးနှင့် ပြန်ဖြေလိုက်၏။

“သူက အစစအရာရာ ထူးခြားပါတယ်။ ငါ အရမ်းကျေနပ်တယ်။ သူက အသုံးဝင်တဲ့ ပစ္စည်းတစ်ခုဆိုတာ အတည်ပြုနိုင်တာပဲ…”

သူက ဝိညာဉ်ဖျောက် နတ်ဆိုးသခင်နှင့် သွမ့်မူပိုင်တို့ကိုကြည့်ပြီး ဆွဲဆောင်မှုရှိသော အသံနှင့် ပြောလိုက်သည်။

“သူ့ရဲ့အလှတရားက စိတ်လှုပ်ရှားစရာကောင်းပေမဲ့ အပြုအမူပိုင်းမှာ မင်းတို့ရဲ့ အိန္ဒြေပျက်ပြားသွားအောင် လုပ်နိုင်တာလား။ ဆရာကြီးလင်းဟူက သူ့ရဲ့ အသက်အရွယ်နဲ့ ပျော်ရွှင်မှုတွေကို ခံစားချင်တယ်ဆိုတာ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ မင်းကရော ရည်မှန်းချက် ပျောက်သွားပြီလား။ ဝိညာဉ်ဖျောက်နတ်ဆိုး..”

သူ့စကားကို ကြားလိုက်ရသည့်အချိန်တွင် သူတို့၏ရင်ထဲ၌ ဒေါသနှင့် အကြောက်တရားများ ရောနှောပေါ်လာခဲ့သည်။ ထိုကဲ့သို့ မိန်းမလှလေးတစ်ယောက်က ကရုဏာမဲ့နတ်ဆိုး၏ မျက်လုံးထဲတွင်တော့ အသုံးဝင်သော ပစ္စည်းတစ်ခုထက် မပိုခဲ့ပေ။ သူ့ဆီတွင် ခံစားချက်များပင် လှုပ်ရှားစေနိုင်ခြင်း မရှိချေ။ အတော်လေးကို အတ္တကြီးခြင်း ဖြစ်၏။

“သူက ဘယ်လောက်ပဲလှလှ၊ ဘယ်လောက်ပဲ ဆွဲဆောင်မှုရှိရှိ၊ အသုံးဝင်တဲ့ ပစ္စည်းတစ်ခုလို့ပဲ သတ်မှတ်ထားတာလား။ တကယ်လို့ အဲဒီပစ္စည်းက အသုံးမဝင်တော့ဘူးဆိုရင် သူက ဖျက်ဆီးပစ်မှာပဲလား။ အရင်တုန်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင်နဲ့ ယှဉ်လိုက်မယ်ဆိုရင် အခု သူကတော့ ပိုပြီးကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေပြီ…”

သူ၏နဖူးပေါ်တွင် ရှိနေသော ဆံပင်ဖြူများနှင့် မျက်လုံးထဲတွင် ရှိနေသော ခံစားချက်များက သူ၏သဘောထားကို ပြသနေသည်။

လင်းဟူတောင်နှင့် ဝိညာဉ်ဖျောက်နတ်ဆိုးသခင်တို့က ပြန်မဖြေနိုင်သေးခင် ပိုင်ဟွာမိန်းမပျိုက ပြုံးလိုက်သည်။

“ဆရာကြီး ကရုဏာမဲ့…

ရှင်က တကယ့်ကို ထူးခြားပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့သမီးတွေကလည်း အဖိုးတန်ပါတယ်။ သူတို့က သူတို့ရဲ့သခင်တွေနားမှာ အမြဲတမ်း အလုပ်အကျွေး ပြုနိုင်ကြတယ်။ ဒီမှာရှိတဲ့လူတိုင်းက သူ့ကို လိုချင်လောက်တယ် မဟုတ်လား..”

ဝိညာဉ်ဖျောက်နတ်ဆိုးသခင်က မုန့်ချီကို စိုက်ကြည့်လိုက်ပြီး ရင်ထဲတွင် မကျေနပ်မှု အသစ်တစ်ခု ပေါ်လာပြီး အမုန်းတရားတချို့က ရင်ထဲကို စိုက်ဝင်နေခဲ့၏။

“သူတို့က ငါ့ရဲ့အစွမ်းကို စမ်းသပ်ဖို့ ကြိုးစားနေကြတာပဲ…”

မုန့်ချီက သက်ပြင်းချလိုက်မိပြီး သူ့အမူအရာက တည်တည်ငြိမ်ငြိမ်သာ ဖြစ်သည်။ သူက အလွန်အေးချမ်းသော အမူအရာနှင့် နေရာတွင် ထိုင်နေသေး၏။

Translated by Hein Htet

All Chapters