အခန်း (၆၁၁)
Vol. 41 Ch. 611
မျက်နှာချင်းဆိုင် ဆွေးနွေးရမည့် ပွဲတစ်ခု ဖြစ်သည့်အတွက် သီးသန့်တွေ့ဆုံရမည်ဟု မုန့်ချီက မျှော်လင့်ထားခဲ့သည်။ သို့သော် ပိုင်ဟွာမိန်းမပျိုက ဝိညာဉ်ဖျောက်နတ်ဆိုးသခင် အပါအဝင် လမ်းမှားပညာရှင်များစွာ ရှိနေသည့် နေရာတွင် သူ့ကို တွေ့ဆုံရန် ရွေးချယ်ခဲ့၏။
သူက ကိုယ်တိုင်ပြင်ထားခဲ့ပြီးသားဖြစ်သည်။ သူက ရန်စမှုများ ၊ အတည်ပြုရန် စစ်ဆေးမှုများစွာကိုလည်း သတိထားနေခဲ့သည်။ အစောပိုင်းတွင် သူ၏စကားလုံး၊ ဆွဲဆောင်မှုနှင့် ကြောက်စရာကောင်းသော အပြုအမူများက အလွန်အစွမ်းထက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိသည့်အပြင် နှိုင်းယှဉ်၍ မရနိုင်သော မကောင်းဆိုးဝါး တစ်ကောင်၏ပုံရိပ်မျိုး ကိုယ့်ကိုယ်ကိုယ် တည်ဆောက်နေခဲ့ခြင်း ဖြစ်သည်။
ထိုအရာက ပြိုင်ဘက်၏ စိတ်ဝိညာဉ်အပေါ် သက်ရောက်စေနိုင်၏။ ရန်သူများက သူ့ကို ရင်ဆိုင်ရာတွင် သတိထားနေမှသာ အနိုင်ရနိုင်မည်ဟု သတိပေးနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူက မတ်မတ်ထိုင်နေပြီး သက်ရောက်မှုမခံရသည့်အလား သက်ပြင်းချလိုက်မိ၏။
သူ့ပုံစံက အလွန်တည်ငြိမ်အေးချမ်းပြီး ယခင်တုန်းကကဲ့သို့သာ ဖြစ်သည်။ သူက ဝိညာဉ်ဖျောက် နတ်ဆိုးသခင်ကို ပြုံး၍ ကြည့်နေလိုက်၏။ တဖက်လူက သူ့ထက် တစ်ဆင့်နိမ့်သော ပညာရှင်တစ်ယောက်ကဲ့သို့ ထင်ရသည်။
အံ့ဩသွားခဲ့သလို ခံစားလိုက်ရသော ဝိညာဉ်ဖျောက် နတ်ဆိုးသခင်က မျက်လုံးတစ်ဖက်ကို မှိတ်လိုက်၏။
“ကရုဏာမဲ့နတ်ဆိုးက ဒီလိုယုံကြည်ချက်မျိုး ရှိနေရအောင် တကယ်အစွမ်းထက်လာတာလား…”
သူ၏မသိစိတ်ထဲတွင်တော့ မုန့်ချီအပေါ် အထင်ကြီးမှုက မြင့်တက်လာခဲ့သည်။ လင်းဟူတောင်၊ သွမ့်မူပိုင်နှင့် တခြားသူများကပင် တူညီစွာ ခံစားမိခဲ့ကြသည်။
ဖရိုဖရဲ ဖြစ်နေသော အခြေအနေများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် မုန့်ချီ၏ တည်ငြိမ်အေးချမ်းမှုက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်များ ရှိလာစေနိုင်ပြီး သူ၏ယုံကြည်ချက်ကလည်း သူ့အစွမ်းအပေါ် မှီခိုနေခဲ့သည်။
“သူက ဘယ်လောက်တောင် အစွမ်းထက်လာတာလဲ…”
ဝိညာဉ်ဖျောက် နတ်ဆိုးသခင်က သွားရှုပ်၍ မရသော လူတစ်ယောက်ဖြစ်ပြီး လမ်းမှားကို လျှောက်လှမ်းနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ သူက သူ့ကိုယ်သူ နှိမ့်ချမည့်အဖြစ်မျိုး မည်သို့အဖြစ်ခံနိုင်ပါမည်နည်း။
သူကလည်း ပါရမီရှင် တစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားခြင်း ဖြစ်သည်။ မျက်လုံးမှိတ်နေစဉ် သူက ပင့်သက်ရှိုက်လိုက်မိ၏။
“မိန်းကလေး….
မင်းရဲ့သမီးက နတ်သမီးလေးလို လှတယ်၊ သူ့ရဲ့အလှတရားတွေက ငါ့ရဲ့အငွေ့အသက်တွေကိုတောင် လွင့်ပြယ်သွားစေခဲ့တယ်။ ဒီလိုချစ်စရာကောင်းတဲ့ မိန်းကလေးကို ငါ့ရဲ့ကိုယ်လုပ်တော်အဖြစ် ခေါ်သွားချင်တယ်…”
ဤနေရာတွင် တောင်ထိပ်(၆)သွယ် နတ်ဆိုး လင်းဟူတောင် ရှိနေသည့် အတွက်ကြောင့် ဝိညာဉ်ဖျောက် နတ်ဆိုးသခင်က ယုံကြည်ချက် ရှိနေသည်။ ကရုဏာမဲ့နတ်ဆိုးက မည်မျှအစွမ်းထက်လာစေကာမူ မဟူရာမှတ်တမ်းတွင် အကြိမ်ပေါင်းများစွာ ရောက်ခဲ့ဖူးသော လူတစ်ယောက်ကို အနိုင်ရနိုင်မည်လော။
အကယ်၍ သူက ကရုဏာမဲ့နတ်ဆို၏ လက်ထဲ၌ ရှုံးနိမ့်သွားမည်ဆိုလျှင်ပင် ဘဝတစ်လျှောက်လုံး မည်သည့်အကြောက်တရားကိုမျှ ခံစားရလိမ့်မည် မဟုတ်ချေ။ သူ့ဆီတွင် ထွက်ပြေးရန် နေရာတစ်ခု ရှိနေသည့်အတွက် မည်သည့်အရာကိုမျှ စိုးရိမ်နေရန် မလိုအပ်ပေ။
ပိုင်ဟွာမိန်းမပျိုက ပြုံးလိုက်၏။ သူမက သမီးဖြစ်သူကို တစ်ဘဝလုံး ငြိမ်းချမ်းစေချင်ပုံရသည်။
“ဒါတော့ ဘယ်ကောင်းမလဲ ဆရာကြီး ဝိညာဉ်ဖျောက် နတ်ဆိုးရယ်။ အရင်တုန်းကတော့ ကျွန်မက အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေထက်တောင် ပိုပြီးချစ်စရာကောင်းတယ်လို့ ပြောခဲ့တာလေ။ အခုကျွန်မရဲ့သမီးကို မြင်တော့ ကျွန်မကိုတောင် မေ့သွားပြီလား…”
သူမက စနောက်လိုက်သည့်အတွက် လမ်းမှားနတ်ဆိုးများအားလုံးက အားရပါးရ ရယ်လိုက်မိကြသည်။ ထို့ကြောင့် တင်းမာနေသော အခြေအနေက အနည်းငယ် ပြေလျော့သွားခဲ့၏။
ဝိညာဉ်ဖျောက် နတ်ဆိုးသခင်ကလည်း ရယ်လိုက်သည်။
“ဟုတ်တယ်။ ယောကျ်ားတစ်ယောက်က အမြဲတမ်းလောဘကြီးတာပဲလေ။ တကယ်လို့ ငါက နှစ်ယောက်လုံး လိုချင်တယ်ဆိုရင် မင်းက ဘာပြောမှာလဲ…”
သူက မျက်လုံးများကို အနည်းငယ် ဖွင့်လိုက်ရာ စိတ်ဝိညာဉ်များကို အစီအစဉ်မကျ ဖြစ်သွားစေနိုင်သော ထူးဆန်းသည့် အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ သူက ရန်စသည့်အနေနှင့် မုန့်ချီကို စိုက်ကြည့်လိုက်၏။
မုန့်ချီ၏မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားပြီး အနည်းငယ်ပြုံးရင်း ပြောလိုက်သည်။
“ဝိညာဉ်ဖျောက် …
ငါတို့က နည်းနည်းလောက် လက်ရည်စမ်းရင် မကောင်းဘူးလား…”
သူက ထိုစကားကို ပြောပြီးသွားသည့်အချိန်တွင် လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး သူ၏ညာဘက်လက်က အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ တချိန်တည်းတွင် သူ၏ဘယ်ဘက်လက်ထဲ၌ လေဟာနယ်တစ်ခု ဖန်တီးနေခဲ့၏။ သူက ဝိညာဉ်ဖျောက် နတ်ဆိုးသခင်ကို နှုတ်နှင့် ပြောဆိုနေရုံ မဟုတ်ဘဲ တိုက်ရိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မုန့်ချီက သူ၏ကိုယ်ပိုင်အစွမ်းကို သိနေ၏။ သူက နိယာမဖြစ်စဉ်နှင့် ခေါင်း(၂)လုံး လက်(၄)ဖက် လူသန်ကြီးအဖြစ် ပြောင်းလဲလိုက်သည့်အချိန်တွင်သာ ကောင်းကင်(၄)သွယ် ဝေ့ကျင်းအဆင့်၌ ရှိနေသော ပြိုင်ဘက်ကင်း ပညာရှင် တစ်ယောက်ကို ရင်ဆိုင်နိုင်သည့် အစွမ်းမျိုး ရှိနိုင်သည်။ အကယ်၍ သူကသာ ဓမ္မကာရအဆင့် သိုင်းကွက်ကို အသုံးပြုရန် အခွင့်အရေးရမည်ဆိုလျှင်တော့ ပြိုင်ဘက်ကို သတ်ပစ်ရန်ပင် မျှော်လင့်ချက်ရှိသည်။
သို့သော် ပုံမှန်အခြေအနေမျိုးတွင်တော့ ပထမကောင်းကင်လှေကားဆိုသည်မှာ သူ လုံးဝကျော်ဖြတ်နိုင်ခြင်းမရှိသေးသော အတားအဆီတစ်ခု ဖြစ်သည်။ ကရုဏာမဲ့ နတ်ဆိုးအဖြစ် ဟန်ဆောင်နေသည့်အချိန်တွင် အခြေအနေပို၍ ဆိုးရွားမလာစေရန်အတွက် သူ၏အစစ်အမှန်စွမ်းအားကို အသုံးပြု၍ မရနိုင်ပေ။
သာမန်တိုက်ပွဲတစ်ခုတွင် သူက ပထမကောင်းကင် လှေကားဖြတ်ကျော်ထားသော ဝိညာဉ်ဖျောက် နတ်ဆိုးသခင်ကဲ့သို့ ထိပ်တန်းပညာရှင်တစ်ယောက်ကို အနိုင်ရရန် အခွင့်အရေးမရှိချေ။
အရေးကြီးဆုံးအရာကတော့ သူက လင်းဟူတောင်ကဲ့သို့ လမ်းမှားပညာရှင်များ၏ ရှေ့တွင် တစ်စုံတစ်ခု ပေါ်သွားနိုင်သည်။ သူကတော့ အလွန်လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ကို ပျောက်ဆုံးသွားအောင် လုပ်ဆောင်၍ မရနိုင်သလို ပိုင်ဟွာမိန်းမပျို၏ အဖြေကိုလည်း လိုအပ်နေသေးသည်။ မဟုတ်လျှင် သူ၏မျှော်လင့်ချက်များ အားလုံးက အဆုံးသတ်သွားနိုင်သည်။
ထိုကဲ့သို့ သူ၏အဆင့်နှင့် အစွမ်းက ပြိုင်ဘက်များကို မယှဉ်နိုင်သည့်နေရာမျိုးတွင် အချိန်၊ နေရာနှင့် တိုက်ခိုက်ရန် အခြေအနေကို အခွင့်ကောင်းယူလိုက်ရသည်။ လင်းဟူတောင် ခိုလှုံနေသော စစ်အန်ကျောင်းဆောင်ထဲရှိ ဆုတောင်းခန်းမထဲတွင် တိုက်ခိုက်လိုက်ခြင်းက ဝိညာဉ်ဖျောက် နတ်ဆိုးသခင်ကို အထင်မှားမှုများ ပေးနိုင်သည်။
တဖက်လူက ဤနေရာ ပျက်စီးသွားမှာကို ကြောက်လန့်သည့်အတွက် သူ၏နတ်ဆိုးသိုင်းပညာများကို ပြည့်ပြည့်၀၀ အသုံးပြုနိုင်လိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် ပုံရိပ်ယောင်ခန္ဓာ၏ အစွမ်းကလည်း သိသိသာသာ လျော့ကျသွားနိုင်သည်။ သူက ဤနေရာတွင် လက်ရည်စမ်းနေစဉ် အတောအတွင်း သူ့ပြိုင်ဘက်ကို ဤနေရာမှ ထွက်သွားရန် အခွင့်အရေးပေး၍ မရနိုင်ပေ။
ကရုဏာမဲ့နတ်ဆိုး၏ ချက်ချင်းဆိုသလို လှုပ်ရှားမှုများကြောင့် တိုက်ခိုက်ရာတွင် မျက်တောင်မခတ်တတ်သော လမ်းမှားနတ်ဆိုးများကပင် အံ့ဩမှင်တက်သွားကြသည်။
“သူက တကယ့်ကို မကောင်းဆိုးဝါးသခင်တစ်ယောက်လို့ ပြောရမှာပဲ၊ သူက စကားတောင်တစ်ခွန်းမှ မပြောတော့ဘူး…”
သူတို့ကတော့ အဝေးတွင် ရှိနေသော ဝိညာဉ်ဖျောက် နတ်ဆိုးသခင်ဆီသို့ ရောက်လာသည့် လှိုင်းဂယက်လေးများကို ကြည့်နေခဲ့သည်။ သူ၏ဘယ်ဘက်မျက်လုံးက မည်းနက်နေပြီး ဝဲကတော့တစ်ခု ဖန်တီးနေသလို ထင်ရ၏။ ထိုအရာက ဝိညာဉ်ဖျောက် နတ်ဆိုးသခင်၏ ခန္ဓာကိုယ်ကို စုပ်ယူနေသည့် ဝဲကတော့တစ်ခု ဖန်တီးနေသလို ထင်ရသည်။
ထိုအချိန်ကျမှသာ သူ့ပုံစံက ဝဲကတော့ထဲကို ပါသွားတော့မလို ဖြစ်လာသည်။ စုပ်ယူခြင်း ၊ လှုပ်ရှားခြင်း စွမ်းအားများက တသားတည်း ဖြစ်နေပြီး ပေါင်းစပ်လာသည့် အချိန်တွင် သူတို့၏စွမ်းအားများက အချင်းချင်း အထွဋ်အထိပ်သို့ ရောက်စေရန် တွန်းအားပေးနေခဲ့သည်။
ဝိညာဉ်ဖျောက် နတ်ဆိုးသခင်ကတော့ ဒေါသထွက်နေခြင်း မရှိချေ။ တစ်ဖက်တွင်တော့ သူက အလွန်ကျေနပ်သွားခဲ့သည်။ ကရုဏာမဲ့နတ်ဆိုး၏ တိုက်ခိုက်မှုများက အလွန်အစွမ်းထက်၏။ ထို့ကြောင့် သူက ပထမကောင်းကင်လှေကားကို မဖြတ်ကျော်ရသေးကြောင်း ပြသနေသည်။
ထိုသို့ဆိုရာတွင် ကရုဏာမဲ့နတ်ဆိုးက သူ့ကို လှည့်စားရန်အတွက် အားနည်းချင်ယောင်ဆောင်နေမှာကို စိုးရိမ်နေခဲ့သည်။ သူက ပြိုင်ဘက်ကို လျှော့မတွက်ရဲသည့်အတွက် တံခါးပေါက်များ အားလုံးကို ဖွင့်လိုက်၏။
ထိုအချိန်တွင် သူ၏အနောက်ဘက်၌ စိမ်းပြာရောင် မကောင်းဆိုးဝါးသခင် ပုံရိပ်တစ်ခု ပေါ်လာပြီး သူ၏ခြေထောက်အောက်တွင်တော့ ဒဏ္ဍာရီထဲက မိုးခေါ်နဂါးတစ်ကောင် ရှိသည်။ သူ၏နားမှနေ၍ ရောင်စုံမြွေများ တွဲလောင်းကျနေ၏။
ထိုပုံရိပ်တွင် ပုံသဏ္ဍာန်မရှိသော မျက်နှာတစ်ခုရှိနေပြီး အနက်ရောင် မျက်လုံးတစ်စုံကသာ ထင်ရှားသည်။ သူ၏မျက်လုံးထဲမှနေ၍ လူတစ်ယောက်၏ ပင်မဝိညာဉ်ကို စုပ်ယူနိုင်သော ထူးဆန်းသည့် အလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။
ဝိညာဉ်ဖျောက် နတ်ဆိုးသခင်က လက်သီးနှင့် ထိုးလိုက်သည့်အချိန်တွင် သူ့နောက်ရှိ ရုပ်တုကလည်း လက်သီးနှင့် ထိုးလိုက်၏။ ပုံရိပ်ယောင်များက အစစ်အမှန်နှင့် ပေါင်းစပ်သွားခဲ့ပြီး သဘာဝတရားကြီးနှင့် ရောယှက်သွားခဲ့သည်။
လက်သီးချက်က ရိုးရှင်းသော်လည်း လေဟာနယ်ဆွဲငင်အားကို ဖျက်ဆီးနိုင်သည့် စိမ်းပြာရောင် အလင်းတန်းတစ်ခု ဖန်တီးနိုင်ခဲ့သည်။ ထိုအရာက မုန့်ချီ၏ ဝမ်းဗိုက်ရှိရာကို ဦးတည်နေခဲ့သည်။
မုန့်ချီက သူ၏လက်ဖဝါးနှစ်ဖက်ကို တွန်းထုတ်လိုက်သည့်အတွက် အေးစက်သော လေလှိုင်းများက ရှေ့သို့ ရောက်သွားပြီး တဖြည်းဖြည်း ပူလောင်လာခဲ့သည်။ ထိုအချိန်တွင် သူနှင့်ပြိုင်ဘက်၏ ကြားထဲတွင် ရှိနေသော လေဟာနယ်ထဲ၌ နေလုံးငယ်လေးတစ်ခု ထွက်ပေါ်လာသလို ထင်ရ၏။
အလွန်တောက်ပသော အလင်းတန်းများက အပူလှိုင်းများနှင့်အတူ ပေါင်းစပ်လာပြီး ကြောက်စရာကောင်းသော အစွမ်းက ရိုးရှင်းသော လက်သီးချက်ကို နှောင့်ယှက်နိုင်ခဲ့သည်။ သူက ယင်မှ ယန်သို့ ပြောင်းလဲပစ်လိုက်ခြင်းဖြစ်၏။
သူ၏ ဘယ်ဘက်လက်ထဲတွင် ရှိနေသော ဝဲကတော့ ကတော့ ပို၍ပင် အေးစက်လာသည်။ ထိုအရာက နေလုံးငယ်လေးနှင့် ဆန့်ကျင်ဘက်ဖြစ်၏။ သူတို့ကတော့ တစ်ယောက်နှင့် တစ်ယောက် အနားသို့ ကပ်လာကြခြင်း မရှိချေ။
လေဟာနယ်ထဲတွင် ယင်နှင့်ယန်သာ ပြည့်နှက်နေခဲ့၏။ လေဟာနယ်ကြီးက အနက်ရောင်နှင့် အဖြူရောင် ကျောက်တုံးကြီး ဖြစ်လာသလို ထင်ရသည်။ ထိုအရာများက အနှစ်သာရများနှင့် လက်သီး၏အစွမ်းကို ချေဖျက်လိုက်သည်။ ထို့နောက် ဝိညာဉ်ဖျောက် နတ်ဆိုးသခင်၏ ညာဘက်လက်ဆီသို့ ရောက်သွားပြီး သူ့ကို ဖြည်းညင်းစွာ ဖိနှိပ်ထားခဲ့သည်။
ထိုအရာကို မြင်လိုက်ရသည့်အချိန်တွင် လင်းဟူတောင်က အနည်းငယ် ခေါင်းညိတ်လိုက်မိသည်။ ကရုဏာမဲ့နတ်ဆိုက ကျင့်စဉ်အဆင့်တွင် သိသိသာသာ တိုးတက်လာခဲ့၏။ သူက အားနည်းနေသေးသော်လည်း ယင်နှင့်ယန်ကူးပြောင်းမှု ၊ နေလုံးကြီးနှင့် ဖရိုဖရဲတွင်းပေါက်များက ထူးခြားသည်။ သူက သိုင်းသခင်တစ်ယောက်အလား ကောင်းမွန်လွန်းလှ၏။
သူက မည်သည့်အရာမျှ လုပ်ဆောင်ရန်မလိုဘဲ ပြိုင်ဘက်ကိုပင် ဆိုးဝါးသည့် အခြေအနေ ရောက်အောင် တွန်းပို့နိုင်ခဲ့သည်။ ကရုဏာမဲ့နတ်ဆိုးက အားနည်းနေသည်မှာလည်း သူ ရှိနေခြင်းကြောင့် အထင်လွဲမှာ စိုးသည့်အတွက် အစစ်အမှန်စွမ်းအားကို မပြသခဲ့ခြင်းဖြစ်မည်ဟု လင်းဟူတောင်က ယူဆနေခဲ့သည်။
စွမ်းအားများကို ထိန်းချုပ်ထားသည့်အတွက်ကြောင့် ဝိညာဉ်ဖျောက် နတ်ဆိုးသခင်က ကရုဏာမဲ့နတ်ဆိုး၏ ပုံရိပ်ယောင်ခန္ဓာ အသုံးပြုရန်ပင် ထိုက်တန်ခြင်းမရှိကြောင်း ညွှန်ပြနေသည်။
အဖြူရောင်နှင့် အနက်ရောင် အလင်းစက်များက ကြိတ်ဆုံကျောက်တုံးကြီးကဲ့သို့ ဆန့်ကျင်ဘက် လည်ပတ်လာခဲ့သည်။ ဝိညာဉ်ဖျောက်နတ်ဆိုးသခင်က အံ့ဩသွားခဲ့သော်လည်း ထိတ်လန့်သွားခဲ့ခြင်း မရှိချေ။ အကယ်၍ ကရုဏာမဲ့နတ်ဆိုးက ထိုကဲ့သို့အစွမ်းမျိုး ပြသနိုင်ခဲ့ခြင်းမရှိလျှင်သာ ထူးဆန်းနေပါလိမ့်မည်။
လက်ရှိအခြေအနေကို စဉ်းစားလိုက်ပြီးနောက် သူက ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး ညာဘက်လက်ကို လက်သည်း တစ်ချောင်းအဖြစ် ပြောင်းလဲလိုက်သည်။ မကောင်းဆိုးဝါးသခင် နတ်ဆိုးခန္ဓာ၏ ကြွက်သားများကလည်း ဖောင်းကားလာခဲ့၏။
ထို့နောက်ကျယ်လောင်သောအသံတစ်ခု ထွက်လာပြီး သူက လက်နှစ်ဖက်ထဲသို့ စွမ်းအားများ ဖြည်းညင်းစွာ ပေါင်းထည့်၍ အဖြူရောင်နှင့် အနက်ရောင်ကြိတ်ဆုံကြီးကို စာရွက်တစ်ရွက်ပမာ ဆွဲဖြဲလိုက်သည်။ ထိုအရာက အရေးကြီးဆုံးအချက် မဟုတ်သေးချေ။
သူက ရုတ်တရက် မျက်လုံးပြူးလာပြီး အဆုံးမဲ့နတ်ဆိုး တွင်းနက်ကြီးတစ်ခုကဲ့သို့ အလွန်နက်ရှိုင်းသော မျက်လုံးတစ်စုံကို ပြသနေခဲ့သည်။ ထိုမျက်လုံးများထဲမှ ထူးဆန်းသော အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့၏။
တချိန်တည်းဆိုသလို မကောင်းဆိုးဝါးသခင် ပုံရိပ်ယောင်၏ မျက်လုံးများက ဖောင်းကားလာပြီး အနှစ်သာရများနှင့် ပေါင်းစပ်၍ သူတို့၏ပတ်ပတ်လည်တွင် ရှိနေသော ကမ္ဘာကြီးကပင် ပြောင်းလဲလာခဲ့သည်။
သူ၏ပတ်ဝန်းကျင်က မည်းမှောင်လာပြီး အေးစက်မှုက သူ၏ပင်မဝိညာဉ်ထဲသို့ ပေါင်းစပ်လာကြောင်း မုန့်ချီက တွေ့လိုက်ရ၏။ သူ၏ခန္ဓာကိုယ်ထဲတွင် စိတ်ဆန္ဒမျိုးစုံ ထွက်ပေါ်လာပြီး သူ၏စိတ်ဝိညာဉ်က မူးဝေလာသလို ဖြစ်လာသည်။
စိမ်းပြာရောင် မကောင်းဆိုးဝါးသခင် ခန္ဓာက အဝေးတွင် ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် အလွန် ကြီးကျယ်ခန်းနားသော အရိပ်ကြီးတစ်ခုပမာ ဖြစ်လာခဲ့သည်။ သူ၏ခြေထောက်ကလည်း ဒဏ္ဍာရီ မိုးခေါ်နဂါးတစ်ကောင်ပေါ်တွင် ရှိနေ၏။
ထိုအရာက လူတစ်ယောက်၏ စိတ်နှင့် ခန္ဓာကိုယ်ကို ထိန်းချုပ်မရစေရန် တုန်လှုပ်သွားစေနိုင်သော မကောင်းဆိုးဝါးလှိုင်းလုံးများကို ထုတ်ပေးခဲ့သည်။ ဝိညာဉ်ဖျောက်နတ်ဆိုးသခင်က သူ၏သတ်ဖြတ်ရေးကျင့်စဉ်များကို ထုတ်သုံးရန် ရွေးချယ်လိုက်၏။
အဘယ်ကြောင့်ဆိုသော် သူ၏ပတ်ဝန်းကျင်ကို မထိခိုက်စေလိုခြင်းကြောင့် ဖြစ်သည်။ သူက ပြိုင်ဘက်၏ စိတ်ဝိညာဉ်ကို ဖိနှိပ်ရန် မကောင်းဆိုးဝါးသခင် ခန္ဓာကိုပင် တိုက်ရိုက်အသုံးပြုလိုက်၏။
မကောင်းဆိုးဝါးသခင်က ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်ရာ ကမ္ဘာမြေကြီး၏ ကြားထဲတွင် ရှိနေသော လေဟာနယ်ထဲတွင် ပြည့်နှက်နေခဲ့သည်။ သူက မုန့်ချီ၏ စိတ်ဝိညာဉ်ကို ဖမ်းဆီးရန် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။
ရုတ်တရက်ဆိုသလို အစိမ်းရောင်ဝတ်ထားသော လူရိပ်က အလွန်ကြီးမားသော ဗုဒ္ဓပုံရိပ်တစ်ခုအဖြစ် ကြီးထွားလာခဲ့သည်။ ထိုပုံရိပ်ဆီမှ တည်ငြိမ်အေးချမ်းပြီး ကရုဏာရှိသော အငွေ့အသက်များ၊ အသိဉာဏ်နှင့် ပကတိတန်ဖိုး၊ ဖြူစင်ခြင်း စသော ခံစားမှုများ ထွက်ပေါ်လာနေသည်။ ထိုခံစားမှုများက ကမ္ဘာမြေကြီးကို ဖိနှိပ်လိုက်ပြီး ကန့်သတ်ချက်ထက် ကျော်လွန်သွားခဲ့၏။
ထို့ကြောင့် မကောင်းဆိုးဝါးသခင် ပုံရိပ်ယောင်ခန္ဓာက နောက်သို့ ဆုတ်သွားလိုက်ရသည်။ ရွှေရောင်ဗုဒ္ဓပုံရိပ်၏ ရှေ့တွင်တော့ မကောင်းဆိုးဝါးသခင် ပုံရိပ်ယောင်ခန္ဓာက ပုရွက်ဆိတ် တစ်ကောင်ထက် မပိုခဲ့ပေ။
ထိုအရာက ပထမဆုံး တိုက်ခိုက်ခဲ့သည့် အချိန်ကတည်းကစပြီး မုန့်ချီ စောင့်ဆိုင်းနေခဲ့သော အခွင့်အရေးတစ်ခု ဖြစ်သည်။ သူက ပြိုင်ဘက်ကို စွမ်းအားအရရော ကျင့်စဉ်အဆင့်အရရော မယှဉ်ပြိုင်နိုင်သော အခြေအနေတွင် တဖြည်းဖြည်းချင်း အစီအစဉ်ချထားခဲ့ရခြင်း ဖြစ်သည်။
သူက ဝိညာဉ်ဖျောက် နတ်ဆိုးသခင်ကို ပြင်ပတိုက်ပွဲများအစား စိတ်ဝိညာဉ်တိုက်ပွဲတစ်ခု တိုက်ခိုက်ရန် တွန်းအားပေးချင်ခဲ့သည်။ မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ်တွင် ရှိနေသော ပညာရှင်များက အနည်းနှင့်အများ မကောင်းဆိုးဝါးကျင့်စဉ်များကို လေ့ကျင့်ထားကြပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လာတတ်သည်။
သူတို့၏ကျင့်စဉ်များကို ပြည့်ပြည့်ဝဝ အသုံးပြုခြင်းမှ ကန့်သတ်ထားသည့်အချိန်မျိုးတွင် သူတို့က ထို့ကဲ့သို့သော လမ်းကြောင်းတစ်ခုကိုသာ မထင်မှတ်ဘဲ ရွေးချယ်ခဲ့ကြသည်။ ဝိညာဉ်ဖျောက် နတ်ဆိုးသခင်ဆီတွင် နတ်ဆိုးမျက်လုံး နတ်ဆိုးကျင့်စဉ် ပိုင်ဆိုင်ထားကြောင်း မုန့်ချီက သိနေခဲ့၏။ အကယ်၍ သူကိုယ်တိုင်နှင့် ရန်သူ၏ အကြောင်းကို သိနေလျှင် တိုက်ပွဲပေါင်း(၁၀၀) တိုက်ခိုက်ရမည်ဆိုလျှင်ပင် ရှုံးနိမ့်လိမ့်မည် မဟုတ်ချေ။
မုန့်ချီ၏ စိတ်ဝိညာဉ်ကျင့်ကြံမှုအရ ဝိညာဉ်ဖျောက် နတ်ဆိုးသခင်ထက် သာလွန်နေပြီး သူ့ဆီတွင် ကျင့်စဉ်နည်းလမ်းပေါင်းစုံ ရှိနေသည်။ ထို့ပြင် သူက ပြိုင်ဘက်၏ ပင်မဝိညာဉ်ကို ဖိနှိပ်နိုင်သော ‘ငါ၊ ထူးခြားမှုနှင့် အမှန်တရား’ ဟူသည့် သိုင်းကွက်၏ စိတ်ဝိညာဉ်လွှဲပြောင်းမှုလည်း ရှိနေသေးသည်။
အလွန်တည်ငြိမ်အေးချမ်းသော ဗုဒ္ဓပုံရိပ်ယောင်ကြီးက လက်အုပ်ချီလိုက်ပြီး မကောင်းဆိုးဝါးသခင်ကို ဖိနှိပ်လိုက်၏။ သူ့အသံက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
“မင်းက ငါ့ကို တွေ့ဆုံနိုင်ဖို့အတွက် အမှန်တရားကို သုံးလိုက်မယ်ဆိုရင် ဒါမှမဟုတ် ငါ့ကို ကြားစေဖို့အတွက် မင်းရဲ့အသံကို သုံးလိုက်မယ်ဆိုရင် မင်းက လမ်းမှားကို ကျရောက်သွားရလိမ့်မယ်။ ဗုဒ္ဓကိုတော့ မြင်တွေ့ခွင့်ရမှာ မဟုတ်တော့ဘူး…”
အလွန်နက်ရှိုင်းသော ဓမ္မအသံများက ဝိညာဉ်ဖျောက်နတ်ဆိုးသခင်၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာပြီး သူ၏ ပင်မဝိညာဉ်ကို လှုပ်ရှားသွားစေခဲ့သည်။ သူကတော့ သူ အလွန်သဘောကျသည့် ကိုယ်လုပ်တော်၏ ရင်ခွင်ထဲကို ရောက်နေသလို ခံစားနေရသည်။
အချိန်ကြာလာသည့်နှင့်အမျှ သူ့အောက်တွင်ရှိနေသော ကိုယ်လုပ်တော်က အလောင်းတစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားခဲ့ပြီး ပြည်ပုပ်များ ဖြစ်လာခဲ့သည်။ ထို့နောက် အရိုးများအဖြစ် ပြောင်းလဲသွားခဲ့၏။ ကိုယ်လုပ်တော်၏ အလှတရားများကလည်း ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် သူက အလွန်သဘောကျသော စားစရာတစ်ခုကို စားသောက်နေကြောင်း တွေ့လိုက်ရသည်။ ဆာလောင်မှုက သူ့ကို နှိပ်စက်နေခဲ့သည်။ သူက ဆာလောင်နေသော နတ်ဆိုးတစ်ကောင်ကဲ့သို့ မရပ်မနား စားနေပြီး ဗိုက်ကြီးက ဖောင်းကား၍ ပေါက်ကွဲသွားခဲ့သည်။ သူက ထိုနာကျင်မှုကို ခံစားနိုင်ခြင်း မရှိချေ။
ထို့နောက် သူက ခန္ဓာကိုယ်တစ်ခုလုံး ဓါးနှင့် အမွှန်းခံရသော သတ္တဝါတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ နာကျင်မှုက သူ၏အရိုးထဲသို့ စိမ့်ဝင်နေခဲ့၏။ ထို့နောက် သူက အပိုင်းပိုင်းအစစ ခုတ်ပိုင်းခံလိုက်ရပြီး လူအများက ဝိုင်းဝန်းစားသုံးနေကြပြန်သည်။
သူက ကံဆိုးသော အဖြစ်အပျက်မျိုးစုံကို တွေ့ကြုံနေရကြောင်း နားလည်သွားခဲ့ပြီး သူ၏ရင်ထဲတွင် ဒေါသနှင့် မကျေနပ်မှုများ ထွက်ပေါ်လာခဲ့သည်။ သူ့ရန်သူကတော့ သူ့ဝိညာဉ်ကို လောင်းကျွမ်းစေနိုင်သော မီးတောက်ကဲ့သို့ ဖြစ်နေပြီး သူ့ဆီမှ ထာဝရလွတ်မြောက်နိုင်ခြင်း မရှိတော့ချေ။
သံသရာစက်ဝိုင်းထဲတွင်ရှိသော နယ်ပယ်(၆)ခုက မရှိတော့ပေ။ ဤကမ္ဘာကြီးထဲတွင် လူသားများသာ တည်ရှိနေတော့သည်။ အကယ်၍ သူ၏နှလုံးသားကသာ တည်ငြိမ်ခြင်း မရှိလျှင် သူ ရပ်နေသည့် နေရာတိုင်းက ငရဲပြည် ဖြစ်သွားနိုင်၏။
ပုံရိပ်ယောင် ဘဝပေါင်းများစွာက သူ၏မျက်လုံးထဲတွင် ပေါ်လာပြီး သူကတော့ အကြိမ်ပေါင်းများစွာ ပြန်လည်ဝင်စားခြင်းကို ကြုံနေရသည်။ သူ၏ ပင်မဝိညာဉ်ကလည်း တဖြည်းဖြည်းပို၍ ဆိုးဝါးလာခဲ့၏။
ရုတ်တရက်ဆိုသလို သူ၏ ပင်မဝိညာဉ်ကို လှုပ်ရှားစေနိုင်သော ဓမ္မအသံတစ်ခု ကြားလိုက်ရသည်။
“အစစ်အမှန်တွေအားလုံးက ပုံရိပ်ယောင်တစ်ခုပဲ၊ ပုံရိပ်ယောင်တွေအားလုံးကလည်း အစစ်အမှန်ပဲ။ မင်းရဲ့ လူသတ်ချင်စိတ်တွေကို ဖယ်ရှားပြီး ဗုဒ္ဓကို လာတွေ့ပါ…”
ဗုဒ္ဓ၏တရားသံက မိုးခြိမ်းသံပမာ ထွက်ပေါ်လာခဲ့သည်။ ဝိညာဉ်ဖျောက် နတ်ဆိုးသခင်က မူးဝေနေသေးသည့်အချိန်တွင် သူ့မျက်စိရှေ့တွင် ရှိနေသော ရွှေရောင်ဗုဒ္ဓကြီးက အစိမ်းဝတ်လူအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူ၏မျက်လုံးများက ဘဝအတွေ့အကြုံပေါင်းများစွာကို ပြသနေခဲ့သည်။ သူက ညာဘက် လက်ကို မြှောက်လိုက်ပြီး ဝိညာဉ်ဖျောက် နတ်ဆိုးသခင်ကို ညင်သာစွာ ရိုက်လိုက်သည်။ အနီးကပ် ကြည့်လိုက်မည်ဆိုလျှင် ထိုသာမန်ရိုက်ချက်လေးတစ်ခု၌ ပြောပြ၍မရနိုင်သော အငွေ့အသက် ပြည့်နှက်နေခဲ့၏။ ထိုအရာက အမှန်တကယ် မရှိသလိုလည်း ထင်ရသည်။
ထိုရိုက်ချက်ထဲတွင် ဓမ္မအနှစ်သာရများ ပြည့်နှက်နေပြီး လူတစ်ယောက်၏ စိတ်ဆန္ဒများကို ချုပ်ငြိမ်းသွားစေနိုင်သည်။ ရှုပ်ထွေးနေသော ခံစားချက်များကလည်း ဓမ္မတေးသံများအောက်တွင် ပြီးပြည့်စုံစွာ စုစည်းနိုင်ခဲ့၏။
ဝိညာဉ်ဖျောက်နတ်ဆိုးသခင်က အမှတ်တမဲ့ လက်မြှောက်ပြီး တားဆီးထားလိုက်သည်။ ထိုအချိန်ကျမှသာ အစွမ်းထက်သော အဖြူရောင်လက်ဖဝါးက သူ၏နဖူးရှေ့တွင် ရပ်တန့်သွားကြောင်း တွေ့လိုက်ရ၏။
“ဒီလက်ဝါးရိုက်ချက်…”
လင်းဟူတောင်နှင့် သွမ့်မူပိုင်တို့က မယုံကြည်နိုင်သလို ဖြစ်သွားကြသည်။ သူတို့ကပင် ထိုလက်ဝါးချက်ကို တားဆီးနိုင်မည်ဟု ယုံကြည်ချက် မရှိကြပေ။ ကရုဏာမဲ့နတ်ဆိုးက အမှန်တကယ်ပင် တိုင်းတာ၍ မရနိုင်သော တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။
မုန့်ချီက သူ၏ ညာဘက်လက်ဖဝါးကို ရုပ်သိမ်းလိုက်သော်လည်း သူ၏အငွေ့အသက်များကတော့ မူလတုန်းကကဲ့သို့ ဆန်းကြယ်နေသေးသည်။ သူက တည်ငြိမ်နေပုံရ၏။
“ ငါ၊ထူးခြားမှုနှင့် အမှန်တရား သိုင်းကွက်ကို ပင်မအနေနဲ့သုံးပြီး အသက်သွင်းထားတဲ့ အင်မော်တယ်ပုံရိပ်ယောင်(၇)သွယ်ကို တားဆီးဖို့ လွယ်မယ်လို့ မထင်နဲ့..”
ထိုအရာက သူ၏ ပြိုင်ဘက်ကင်း နတ်ဘုရား သိုင်းပညာဖြစ်ပြီး ဤကမ္ဘာကြီးထဲတွင် နံပါတ်(၁)ရိုက်ချက်လည်း ဖြစ်သည်။ အကယ်၍ သူက အခြေခံအားဖြင့် နားလည်မည်ဆိုလျှင်ပင် ထိုအရာကို တိုက်ရိုက်အသုံးပြု၍ မရနိုင်ပေ။ သူကတော့ မတည်ငြိမ်သော ဝိညာဉ်ဖျောက် နတ်ဆိုးသခင်၏ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ကို အခွင့်ကောင်းယူလိုက်ခြင်းသာ ဖြစ်သည်။
ပိုင်ဟွာမိန်းမပျို၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး အားတင်း၍ ပြုံးလိုက်သည်။
“ဒါဆိုရင် ဆရာကြီး ကရုဏာမဲ့က ဗုဒ္ဓလမ်းစဉ်ကို ပြောင်းလိုက်တာလား…”
မုန့်ချီက ပြုံးလိုက်သည်။
“ငါက ပိုမီမှာ သွားလာနေစဉ် အတောအတွင်းဘုန်းတော်ကြီးတစ်ပါးရဲ့ အမွေးဆက်ခံမှုကို ရခဲ့တာပါ။ ပထမတော့ အဲဒါကို ဘာမှ မတွေးမိဘူး။ ဒါပေမဲ့ အားလပ်ချိန်တွေမှာ လေ့လာကြည့်လိုက်တော့ ငါ့နည်းငါ့ဟန်နဲ့ အမှားတွေကို နားလည်လာခဲ့တယ်။ ပြီးတော့ ဉာဏ်အလင်းပွင့်မှုကို ရရှိခဲ့တယ်..။ နောက်ဆုံး ငါက ဗုဒ္ဓလမ်းစဉ်သင်ကြားမှုတွေနဲ့ နတ်ဆိုးလမ်းစဉ်ကို ပေါင်းစပ်ပြီး သီးခြားကျင့်စဉ်တစ်ခု ဖန်တီးနိုင်ခဲ့တယ်…”
သူက လက်အုပ်ချီပြီး ပြောလိုက်သည်။ သူ၏အမူအရာက အလွန်ကြီးကျယ်ခမ်းနားနေခဲ့၏။
“ဒီကမ္ဘာကြီးက ဒုက္ခပင်လယ်ကြီးလိုပဲ။ သက်ရှိတွေအားလုံးကတော့ ဆိုးယုတ်ခြင်းနွံအိုင်ထဲမှာ နစ်မြုပ်နေကြတယ်။ အရာအားလုံးက ပုံရိပ်ယောင်တွေပဲ ဆိုမှတော့ ဘာလို့ အဲဒီအရာတွေအားလုံးကို မဖျက်ဆီးရမှာလဲ…”
လမ်းမှားနတ်ဆိုးများအားလုံးက အလွန်ရယ်စရာကောင်းပြီး ကြောက်စရာကောင်းသော အရာတစ်ခုကို တစ်ပြိုင်နက်တည်း တွေ့လိုက်ရသည်။ သူတို့က မုန့်ချီက လေးလေးစားစား စိုက်ကြည့်နေမိကြ၏။
“သူက ဝိညာဉ်ဖျောက် နတ်ဆိုးသခင်ကိုတောင် အလွယ်တကူ အနိုင်ရခဲ့တယ်ဆိုတော့ မဟူရာမှတ်တမ်းကို ရောက်လာဖို့ အရည်အချင်းရှိနေပြီ မဟုတ်လား..”
Translated by Hein Htet.