အခန်း (၆၁၂)
Vol. 41 Ch. 612
"လူတစ်ယောက်က နတ်ဆိုးစွမ်းအားတွေကြောင့် ရူးမသွားဘူးဆိုရင်တောင် အသက်ရှည်နိုင်မှာ မဟုတ်ဘူး။ ဒါက နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံမိတဲ့ အစစ်အမှန်ရလဒ်မျိုးပဲ…"
ပိုင်ဟွာမိန်းမပျိုနှင့် တခြားလူတိုင်းက အလွန်တည်ငြိမ်အေးချမ်းသော မုန့်ချီကို စိုက်ကြည့်နေပြီး ပြောပြ၍ မရနိုင်သော ခံစားချက်များကို ခံစားမိလာခဲ့သည်။ ထိုအတွေးများက သူတို့၏စိတ်ထဲတွင် ပေါ်လာနေပြီး ကရုဏာမဲ့နတ်ဆိုးက လုံးဝခန့်မှန်း၍ မရနိုင်သော လူတစ်ယောက်အဖြစ် ယုံကြည်လာခဲ့ကြ၏။
"သူက ပုံရိပ်ယောင်ခန္ဓာတောင်မသုံးဘဲ ဝိညာဉ်ဖျောက် နတ်ဆိုးသခင်ကို အနိုင်ရခဲ့တယ်…"
ဗုဒ္ဓလမ်းစဉ်နှင့် နတ်ဆိုးလမ်းစဉ်ကို ပေါင်းစည်းခြင်းက ပုံရိပ်ယောင်ခန္ဓာပြောင်းလဲခြင်း သို့မဟုတ် နောင်တမဲ့လျှို့ဝှက်တံခါးတို့အပေါ် သက်ရောက်မှု မရှိနိုင်ပေ။ ထိုအရာက ပြီးပြည့်စုံသော စွမ်းရည်အသစ်တစ်မျိုး ဖြစ်နိုင်ပြီး ရှေးဘိုးဘေးများ၏ ကျင့်ကြံမှုမှ ခွဲထွက်သွားသော လမ်းသစ်တစ်ခု ဖြစ်နိုင်သည်။
ထိုင်ခုံတွင် ထိုင်နေသော မုန့်ချီကတော့ စစ်အန်ကျောင်းတော်မှ ကျောင်းထိုင်ဖြစ်သော လင်းဟူတောင်ထက်ပင် ပို၍အဆင့်မြင့်သော ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ ဖြစ်နေသည်။ လူတိုင်းက သူ့ကို တိတ်တဆိတ် စိုက်ကြည့်နေကြ၏။
လူအနည်းငယ်၏ စိတ်ထဲတွင်တော့ အတွေးကိုယ်စီ ပေါ်လာကြသည်။
"ကရုဏာမဲ့နတ်ဆိုးက သိုင်းလောကကို ပြန်ရောက်လာတဲ့အချိန် ခန့်မှန်းလို့ မရနိုင်တဲ့ အစွမ်းမျိုးတောင် ပိုင်ဆိုင်ထားတယ်။ သူက မဟူရာမှတ်တမ်းကို ဝင်ရောက်နိုင်တဲ့ အစွမ်းမျိုးတောင် ရှိနေလောက်ပြီ…"
ပိုင်ဟွာမိန်းမပျိုက အနားတွင် ရှိနေသော သူမ၏သမီးနှင့် အချင်းချင်း ကြည့်လိုက်မိကြပြီး မျက်နှာပေါ်တွင် ဆွဲဆောင်မှုရှိသော အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။
"ဆရာကြီးက ဓမ္မအနှစ်သာရတွေကို နတ်ဆိုးသိုင်းကျမ်းတွေနဲ့ ပေါင်းစည်းလိုက်တာ တကယ့်ကို ဂုဏ်ယူဖို့ ကောင်းပါတယ်။ ဒီတိုက်ပွဲကလည်း အသက်ရှူမှားမတတ်ပဲ။ ကျွန်မကိုယ်တိုင်တောင် ရှင်နဲ့လက်ထပ်ချင်စိတ် ပေါက်လာပြီ။ အတွေ့အကြုံမရှိသေးတဲ့ ကျွန်မသမီးအပြင် ကျွန်မကိုပါ အလိုက်ပေးလို့ မရဘူးလား.."
ထိုစကားလုံးက မုန့်ချီကို အပေးအယူအတွက် ရွေးချယ်လိုက်ပြီဖြစ်ကြောင်း ပြသနေခြင်းလည်း ဖြစ်သည်။ တခြားသော လမ်းမှားပညာရှင်များကလည်း ကန့်ကွက်နေခြင်း မရှိကြပေ။
ထိုအမျိုးသမီး၏ အလှတရားက စိတ်လှုပ်ရှားဖွယ် ကောင်းသော်လည်း ကရုဏာမဲ့နတ်ဆိုးကို ရန်စခြင်းက ကောင်းမွန်ခြင်း မရှိနိုင်ပေ။ ဝိညာဉ်ဖျောက် နတ်ဆိုးသခင်ကဲ့သို့ မဟုတ်ဘဲ သူတို့ကို ထောက်ပံ့ပေးနေသော နောက်ခံအင်အားစုများ မရှိကြပေ။
လက်ရှိအချိန်တွင် တောင်ထိပ် (၆) သွယ် မကောင်းဆိုးဝါး ရှိနေသည့်အတွက် သူတို့က ကြောက်စရာမလိုသော်လည်း သူတို့အားလုံး ဤနေရာမှ ထွက်ခွာသွားကြမည် ဖြစ်သည်။ ကရုဏာမဲ့နတ်ဆိုးကတော့ သူတို့ကို လိုက်လံသတ်ဖြတ်နိုင်ပြီး ပညာရှင် တစ်ယောက် (၂) ယောက်ကို အလွယ်တကူ သုတ်သင်လိုက်၍ ရနိုင်သည်။
ဝိညာဉ်ဖျောက် နတ်ဆိုးသခင်၏ မျက်နှာကတော့ ဖြူဖပ်ဖြူရော် ဖြစ်နေ၏။ သူက မည်သည့်စကားကိုမျှ မကြားရပေ။ အဘယ်ကြောင့်ဆိုသော် အစောပိုင်းတွင် သံသရာဘဝပေါင်းများစွာထဲ၌ နစ်မြုပ်နေသေးခြင်းကြောင့် ဖြစ်၏။ သူကတော့ ရန်သူအိုကြီး၏ လက်ထဲတွင် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားခြင်းကို လက်မခံနိုင်သလို ထင်ရသည်။
သူက စွမ်းအားအလုံးစုံကို သုံးခဲ့သော်လည်း ကရုဏာမဲ့နတ်ဆိုးကတော့ သူ၏ပုံရိပ်ယောင်ခန္ဓာကိုယ်ပင် မသုံးခဲ့ချေ။ သူတို့၏စွမ်းအားကွာဟမှုက အလွန်ကြောက်စရာ ကောင်းလွန်းလှ၏။
"ဗုဒ္ဓသင်ကြားမှုတွေက နတ်ဆိုးလမ်းစဉ်နဲ့ ပေါင်းစပ်ပြီးသွားရင် ဒီလောက်တောင် တိုးတက်လာနိုင်တာလား…"
တိုက်ခိုက်နေစဉ် အတောအတွင်း ရွှေရောင်ဗုဒ္ဓပုံရိပ်ကြီးနှင့် ကျမ်းစာများ ရွတ်ဖတ်နေသည့်အသံကို ကြားလိုက်ရသည့်အချိန်တွင် ကရုဏာမဲ့နတ်ဆိုး၏ စကားလုံးများက မှန်ကန်နေကြောင်း ယုံကြည်သွားခဲ့သည်။ သူလည်း ကျမ်းစာများနှင့် ဗုဒ္ဓကျင့်စဉ်များကို စတင်ဖတ်ရှုကြည့်လျှင် ကောင်းမည်လော။
"ဟား ဟား ဟား ဟား မိန်းမလှလေးတစ်ယောက်က ပညာရှင်တစ်ယောက်နဲ့ပဲ ထိုက်တန်မှာပေါ့။ ဆရာကြီးကရုဏာမဲ့က သူ့ရဲ့အစွမ်းတွေကို ပြသလိုက်ပြီဆိုတော့ ငါတို့က ဒီအပေးအယူကို နှောင့်ယှက်လို့ဖြစ်နိုင်ပါ့မလား…"
လင်းဟူတောင်က အားရပါးရ ရယ်လိုက်သည်။
မုန့်ချီ၏ လက်ဝါးရိုက်ချက်က သူတို့ တွေးထားသည်ထက်ပင် ပို၍အံ့ဩစရာကောင်းကြောင်း သူနှင့် သွမ့်မူပိုင်တို့ (၂) ယောက်လုံးက တွေ့ထားခဲ့ကြသည်။ မုန့်ချီက အနှစ်သာရများအားလုံးကို ဖိနှိပ်ထားသယောင် ထင်မှတ်ရ၏။ သူက အမှန်တကယ် တည်ရှိနေခြင်း မဟုတ်ဘဲ ကမ္ဘာကြီး၏ နေရာတိုင်းကို စိုးမိုးထားသလို ဖြစ်နေသည်။
သူ၏တိုက်ခိုက်မှုကို မည်သည့်နည်းလမ်းနှင့်မျှ ရှောင်တိမ်း၍ မရနိုင်ပေ။ ထိုအရာများက ဓမ္မအနှစ်သာရများနှင့် ကြောက်စရာကောင်းသော နတ်ဆိုးအတွေးအခေါ်များကို ထူးခြားစွာ ပေါင်းစပ်ထားခြင်းကြောင့် ဖြစ်နိုင်သည်။ သူတို့က သိုင်းသခင်များနှင့်ပင် တိုက်ခိုက်နိုင်သော်လည်း ထိုကဲ့သို့ လက်ဝါးရိုက်ချက်တစ်ခုက သူတို့၏စွမ်းရည်ထက် ကျော်လွန်နေခဲ့၏။
"ကရုဏာမဲ့က ပိုမီမှာ ပိတ်မိနေစဉ် အတောအတွင်း ဘယ်လိုကံတရားမျိုးကိုကြုံခဲ့ရလို့ ဒီလိုအဆင့်မျိုးကို ရောက်သွားခဲ့တာလဲ…"
မုန့်ချီကတော့ ဝိညာဉ်ဖျောက် နတ်ဆိုးသခင်ကို အနိုင်ရခဲ့သော်လည်း မောက်မာသည့်ပုံစံမျိုး မပြခဲ့ပေ။
"ဒီတော့ မိန်းကလေးက ဘာကိုဆန္ဒရှိလဲပြောပါဦး…"
သူက အပြုံးနှင့် ပြောလိုက်၏။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသော်လည်း သူ့စိတ်ထဲတွင်တော့ သံသယတစ်ခု ရှိနေခဲ့သည်။
ပိုင်ဟွာမိန်းမပျိုနှင့် သူ့သမီးတို့ အချင်းချင်း ကြည့်လိုက်သည့်အကြည့်က သူတို့၏ မသိစိတ်နှင့် ဆုံးဖြတ်လိုက်ခြင်းပေလော။ ထိုအရာက ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းနေသည်။
ပုံမှန်အားဖြင့် သာမန်ပျိုးထောင်ထားသော လူတစ်ယောက်သာဆိုလျှင် သူ့ကို မည်မျှပမာဏနှင့် ဝယ်စေကာမူ ပြောစရာလိုလိမ့်မည် မဟုတ်ချေ။ သို့သော် ဘာကြောင့် အချင်းချင်း ကြည့်လိုက်ရသနည်း။ ထိုကဲ့သို့ အပြုအမူတွင် တစ်စုံတစ်ခု ဖုံးကွယ်ထားခြင်းပေလော။
ပိုင်ဟွာမိန်းမပျိုက သူမ၏ထင်မြင်ချက်ကို ဆွေးနွေးနေခြင်းပေလော။ ထိုသို့ဆိုလျှင် သူတို့၏ဆက်ဆံရေးအရ ဒုတိယတစ်ကြိမ် စဉ်းစားရန်လည်း ထိုက်တန်သည်။ လူသားမီးဖိုက လူသားမီးဖိုသက်သက် မဟုတ်နိုင်တော့ပေ။
ပိုင်ဟွာမိန်းမပျိုက တင်ပျဉ်ခွေထိုင်နေရမည့်အစား ဒူးထောက်လိုက်သည်။ သူမက နောက်ကျောကို မတ်မတ်ထိုင်နေပြီး မုန့်ချီကို စိုက်ကြည့်လိုက်၏။ "ဆရာကြီးကရုဏာမဲ့နတ်ဆိုး …
စိတ်အေးအေးထားပါ။ ကျွန်မတို့က အသေးစိတ်ကို နောက်မှာပဲ ဆွေးနွေးကြတာပေါ့"
မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး တခြားလူများကို ပြုံးပြလိုက်သည်။
"မင်းတို့ထဲမှာ ဘယ်သူက လော်အဖွဲ့အစည်းနဲ့ ပတ်သက်မှုရှိလဲ။ ငါတို့ရဲ့အရင်ရန်ညှိုးတွေကို ဖြေရှင်းလို့ရမရ သူတို့ကို တစ်ယောက်ယောက်ကများ တောင်းဆိုပေးဖို့ ကူညီပေးနိုင်မလား…"
သူစကားက နှိမ့်ချခြင်း မရှိသလို မောက်မာနေခြင်းလည်း မရှိချေ။ သူက ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းသာ ဖြစ်သည်။ အစောပိုင်းတွင် သူ ပြသလိုက်သော အစွမ်းနှင့် ပေါင်းစပ်လိုက်သည့် အချိန်တွင် သူ၏တောင်းဆိုမှုက လင်းဟူတောင်နှင့် တခြားသူများအတွက်တော့ သနားညှာတာပေးရန် တောင်းဆိုနေသည့်ပုံစံမျိုး မဟုတ်တော့ပေ။
ထိုအစား သူတို့က နှစ်ဦးနှစ်ဖက် အဆင်ပြေစေရန် ညှိနှိုင်းဆွေးနွေးမှုတစ်ခု လုပ်သကဲ့သို့ ခံစားမိနေခဲ့၏။ သူ့စကားထဲတွင် အလုံးစုံအလျော့ပေးထားသည့် စကားလုံးတစ်မျိုးပင် ပါနေခဲ့သည်။
အစောပိုင်းနှစ်တွင် ရက်စက်ကြမ်းကြုတ်ပြီး အတ္တကြီးသော လူတစ်ယောက်နှင့် ယှဉ်လိုက်မယ်ဆိုလျှင် ယခုသူ့ပုံစံက နတ်ဆိုးဧကရာဇ်တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူက စည်းမျဉ်းစည်းကမ်းများ ရှိနေသော်လည်း လူတိုင်းနှင့် သီးခြားဆီ ကွဲထွက်နေခဲ့၏။
အကယ်၍ သူက အစုလိုက်အပြုံလိုက် သုတ်သင်ရှင်းလင်းခြင်းနှင့် ဖျက်ဆီးခြင်းများကို စိတ်ဝင်စားနေဦးမည်ဆိုလျှင် သူ၏လုပ်ရပ်နှင့် အခြေအနေ ပြင်းထန်မှုကို သေချာသိနိုင်သည်။
သူနှင့် ဖျက်ဆီးရေးဂိုဏ်း၏ ပြဿနာများက အလွန်နက်ရှိုင်းလွန်းလှသည့်အတွက် သူက လော်အဖွဲ့အစည်း၊ သူတောင်းစားဂိုဏ်းတို့နှင့် ပြန်လည်သင့်မြတ်လာရန် မျှော်လင့်နေခဲ့သည်။ သူက ထိုအရာကို ပြင်ဆင်ရန် အကောင်းဆုံးကြိုးစားပြီး သူတို့ လိုက်လံတိုက်ခိုက်မည့်အဖြစ်ကို ရှောင်ရှားမည်သာ ဖြစ်သည်။
လွန်ခဲ့သော နှစ် (၂ဝ) ခန့်တွင် ထိုအရာက ကရုဏာမဲ့နတ်ဆိုး၏ စွမ်းရည်ထက် ကျော်လွန်နေခဲ့၏။ သူက မည်သည့်အတွေးမျိုးမျှမရှိဘဲ အမုန်းတရားနှင့် မကျေနပ်ချက်များသာ ရှိနေခဲ့သည်။ လူတိုင်းကလည်း သူ့ကို ရန်သူအဖြစ် သတ်မှတ်ထားခဲ့ပြီး သူကလည်း ရန်သူအားလုံးကို လက်တုံ့ပြန်ချင်ခဲ့သည်။ အခန်းထဲတွင် တိတ်ဆိတ်သွားခဲ့၏။ မည်သူကမှ စကားမပြောခဲ့ပေ။
သို့သော် ထိုအရာက လုံလောက်သွားပြီဖြစ်ကြောင်း မုန့်ချီက သိနေခဲ့၏။ ထိုသတင်းက လော်အဖွဲ့အစည်းဆီသို့ ရောက်သွားနိုင်သည်။ ထို့ကြောင့် သူက ကူရှောင်စန်းကို ရှာဖွေရန် လမ်းခင်းပေးလိုက်သလို ဖြစ်သွားခဲ့၏။
ထိုအချိန်တွင် ဝိညာဉ်ဖျောက် နတ်ဆိုးသခင်က သတိပြန်ဝင်လာခဲ့သည်။ သူက မျက်လုံးတစ်ဖက် မှိတ်နေသော အခြေအနေကို ပြန်ရောက်သွားပြီး အစောပိုင်းတိုက်ပွဲကို စိတ်ဝင်စားပုံ မရချေ။
သို့သော် မုန့်ချီကတော့ သူ့ဆီမှ ထွက်ပေါ်လာသော သတ်ဖြတ်ချင်စိတ်များကို ခံစားမိနေသေး၏။ သူက တခြားသော စီးပွားရေး အပေးအယူများကို တိတ်တဆိတ် ကြည့်နေခဲ့သည်။ ထိုအစား သူကတော့ သူ့ကိုယ်သူ ကျေနပ်သည့်အလား သက်သောင့်သက်သာ ရှိနေခဲ့၏။
တဖြည်းဖြည်းနှင့် လမ်းမှားပညာရှင်များက တစ်ယောက်ပြီးတစ်ယောက် စစ်အန်ကျောင်းဆောင်ထဲမှ ထွက်ခွာသွားကြသည်။ မုန့်ချီကတော့ သွမ့်မူပိုင်၏ဘေးတွင် ကျန်နေခဲ့ပြီး ပိုင်ဟွာမိန်းမပျိုနှင့်အတူ တိတ်ဆိတ်သော အခန်းတစ်ခုထဲသို့ လိုက်လာခဲ့၏။
"ကျွန်မရဲ့သမီးနာမည်က ယင်နင်လို့ခေါ်တယ်…"
ပိုင်ဟွာမိန်းမပျိုက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်သည်။ သူမက အခန်းကို ပြင်ပကမ္ဘာကြီးနှင့် ခွဲထုတ်ထားလိုက်၏။
သူမက အပြုံးနှင့် မိတ်ဆက်ပေးလိုက်သည်။
"အစောပိုင်းမှာ ဆရာကြီးက ဝိညာဉ်ဖျောက်နတ်ဆိုးကို အနိုင်ယူခဲ့တဲ့အပေါ် သူက တော်တော်လေး လေးစားနေတာ..."
"အမေ ဘယ်လိုဖြစ်ပြီး..."
ပိုင်ဟွာမိန်းမပျို၏နောက်တွင် ပုန်းနေသော ယင်နင်က သူမ၏အင်္ကျီလက်ကို လှမ်းဆွဲလိုက်သည်။ သူမ၏လည်ပင်းမှနေ၍ စတင်နီရဲလာပြီး သိပ်မကြာခင် မျက်နှာတစ်ခုလုံး နီရဲသွားခဲ့၏။ သူမ၏ပုံစံက ပန်းပွင့်လေးတစ်ပွင့်ထက်ပင် ပို၍နူးညံ့ပျော့ပျောင်းနေပုံရသည်။
မုန့်ချီက ပြုံးလိုက်၏။
"မိန်းမလှလေးတစ်ယောက်ရဲ့ သဘောကျမှုကို ခံရတယ်ဆိုတာ တော်တော်လေး ဂုဏ်ယူဖို့ကောင်းပါတယ်…"
ပိုင်ဟွာမိန်းမပျိုက သူ့ကို ခိုးကြည့်လိုက်ရာ သူ့မျက်လုံးထဲတွင် တည်ငြိမ်အေးချမ်းသော ခံစားမှုတစ်ခုသာ တွေ့နေရသည်။ သူမက ပြောချင်နေသော စကားလုံးများကို မျိုချလိုက်ပြီး ဆွဲဆောင်မှုရှိသော အပြုံးနှင့် ပြောလိုက်၏။
"ကျွန်မက ရှင့်ရဲ့ကြွယ်ဝချမ်းသာမှုတွေကို မတပ်မက်ပါဘူး ဆရာကြီးကရုဏာမဲ့...။ ဒါပေမဲ့ ကျွန်မကို ဒုက္ခပေးနေတဲ့ ကိစ္စတစ်ခုကို ဖြေရှင်းဖို့ ကူညီပေးစေချင်တယ်.."
"ဘာကိစ္စလဲ…"
မုန့်ချီကတော့ ထိုရလဒ်ကြောင့် အလွန်ကျေနပ်နေခဲ့သည်။ ထိုသို့ဆိုလျှင် သူက သူတို့နှင့်ပို၍ လေးနက်သော ပတ်သက်မှုတစ်ခု ရှိလာနိုင်၏။ အကယ်၍ ပိုင်ဟွာမိန်းမပျိုက ရတနာများ တောင်းဆိုမည်ဆိုလျှင်ပင် သူကတော့ တောင်းဆိုမှုကို ပြောင်းလဲရန် အကောင်းဆုံး ကြိုးစားမည် ဖြစ်သည်။
"ဆရာကြီးက လင်းဟိုင် ယွင်မိသားစုကို ကြားဖူးလား…"
ပိုင်ဟွာမိန်းမပျိုက သူ၏အင်္ကျီလက်ကို ကိုင်ထားသော ယင်နင်၏ လက်ကလေးကို ပုတ်လိုက်သည်။
"လင်းဟိုင် ယွင်မိသားစုလား…"
မုန့်ချီက နာမည်ကို မှတ်မိနေသည့်အတွက် မျက်မှောင်ကြုတ်လိုက်မိသည်။
လင်းဟိုင်ဟူသည်မှာ မြစ်အရှေ့ပိုင်းတွင် ဒုတိယအကြီးဆုံး ပင်လယ်ဆိပ်ကမ်း တစ်ခုဖြစ်ပြီး လန်းယာ့ပြီးလျှင် ဒုတိယလည်း ဖြစ်သည်။ သူတို့က ကျန်းစီရင်စုနှင့် ပန်းစီရင်စုတို့၏ နယ်စပ်တွင် ရှိနေပြီး ကုန်သွယ်စီးဆင်းမှု ကောင်းမွန်သော နေရာတစ်ခုလည်း ဖြစ်သည်။ ထိုနေရာက အရှေ့ပင်လယ်မှနေ၍ ကျင်းအင်ပါယာထဲသို့ ပစ္စည်းများ သယ်ယူသည့်အချိန်တွင် သိုင်းပညာရှင် တစ်စိတ်တစ်ပိုင်းအတွက် ပထမရပ်နားရာတစ်ခု ဖြစ်သည်။
ထိုနေရာက မြစ်အရှေ့ပိုင်း ဓားကျေးရွာ၏ မြို့လည်း ဖြစ်သည်။ ယွင်မိသားစုနှင့် အရှေ့ပင်လယ် ဓားကျေးရွာ၏ ပတ်သက်မှုကို လူအများက သိထားကြ၏။ လင်းဟိုင်က ကိုယ်ပိုင်အုပ်ချုပ်မှုရှိနေသော တိုင်းပြည်ငယ်လေး တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ ထိုနေရာက ထိပ်တန်း အထက်တန်းလွှာ မိသားစုများ၊ ထိပ်တန်းသိုင်းဂိုဏ်းကြီးများနှင့်ပင် ယှဉ်နိုင်လုနီးပါး ဖြစ်နေ၏။
ယွင်မိသားစုသခင်ကြီးက အထွဋ်အထိပ်ကို ရောက်နေသည်မှာ အတော်လေးကို ကြာနေသော သိုင်းသခင်တစ်ယောက် ဖြစ်သည်။ သို့သော် သူက ဓမ္မကာရတစ်ဝက်အဆင့်ကို လုံးဝမရောက်ခဲ့ပေ။ မြေပြင်မှတ်တမ်းတွင် သူ၏အဆင့်က အဆင့် (၅၀) ဖြစ်ပြီး ထူးခြားသော လှည့်ကွက်များကြောင့် သူ၏ဂုဏ်သတင်းက ကျော်ကြားသည်။
သူ့ကို လင်းဟိုင် အနီးတစ်ဝိုက်တွင် ရှိနေသော ပညာရှင်များက ရိုသေလေးစားကြ၏။ ယခု လင်းဟိုင်တွင် ရှိနေသော အထက်တန်းလွှာမိသားစုများက ယွင်မိသားစုနှင့် ဆက်နွယ်နေကြပြီး တစ်ဖက်လူ၏ နောက်လိုက်များ ဖြစ်လာကြသည်။ ထိုမိသားစုက အထက်တန်းလွှာ ပညာရှင်များကို ပေါင်းစည်းထားနိုင်သော တော်ဝင်မိသားစုတစ်ခုကဲ့သို့ ဖြစ်၏။
"ယွင်မိသားစုက ဘာဖြစ်လို့လဲ…"
မုန့်ချီက မေးလိုက်၏။ သူက လက်နောက်ပစ်ထားပြီး အေးအေးဆေးဆေး အမူအရာကို ဆက်လက် ထိန်းသိမ်းထားသေးသည်။
ပိုင်ဟွာမိန်းမပျို၏ အမူအရာက တင်းကျပ်လာခဲ့၏။
"လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်မှာ ယွင်မိသားစုသခင်ကြီးက သက်တမ်းကုန်ဆုံးပြီး သေဆုံးသွားတယ်လို့ ကြားရတယ်…"
နောက်ပစ်ထားသော မုန့်ချီ၏လက် (၂) ဖက်က အနည်းငယ် လှုပ်ရှားသွားသည်။ သူက သတိလက်လွတ် ဖြစ်သွားသော်လည်း တည်ငြိမ်အေးချမ်းစွာ ပြောလိုက်၏။
"ဆရာကြီးရဲ့အသက်အရ သေခြင်းတရားက သူ့ဆီကို အချိန်မရွေး ရောက်လာနိုင်တာပဲလေ။ ဒါပေမဲ့ သူတို့မိသားစုထဲမှာ ပြိုင်ဘက်ကင်းပညာရှင်တွေ အများကြီးရှိနေသလို အရှေ့ပင်လယ် ဓားကျေးရွာရဲ့လွှမ်းမိုးမှုကလည်း ရှိနေသေးတယ်။ သူ့ရဲ့သေဆုံးမှုက လူစိမ်းတွေ အခွင့်ကောင်းယူနိုင်တဲ့အရာမျိုး မဟုတ်ဘူး…”
‘ယွင်မိသားစုသခင်ကြီးက သေသွားပြီလား။ သူက နောက်နေတာလား…’
မုန့်ချီ၏ ရင်ထဲတွင် လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့၏။
သူ့အစွမ်းနှင့် အသက်ကို စဉ်းစားကြည့်လိုက်ပြီး ယွင်မိသားစု၏ ပတ်ပတ်လည်တွင် ရှိနေသော အခြေအနေများကို သုံးသပ်ကြည့်လိုက်မယ်ဆိုလျှင် အရှေ့ဝင်ရိုးအင်မော်ဒယ်ဆေးရည် ရောင်းချသည့် လေလံပွဲအတွင်း ထိုဆရာကြီးလည်း ရှိနေခဲ့သည်။ ထိုဆရာကြီးက အသက်ကို ဆွဲဆန့်နိုင်သော ဆေးရည် (၂) မျိုး ဝယ်သွားခဲ့ကြောင်း သူက ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့၏။
ထိုဆေးရည်များကြောင့် သူက နောက်ထပ် (၂၅) နှစ်ခန့် အသက်ရှင်ရန် လုံလောက်ပြီး မိသားစုထဲတွင် နောက်ထပ် သိုင်းသခင်တစ်ယောက် ပေါ်လာသည့်အချိန်ထိ စောင့်နေ၍ရသည်။
ယွင်မကောင်းဆိုးဝါးအိုကြီးက ဆေးရည်အတု သောက်ပြီး လူတိုင်းကို ထင်ယောင်ထင်မှား လုပ်နေခြင်းပေလော။ သို့မဟုတ် ကိစ္စတစ်ခုခုများ ရှိနေခြင်းပေလော။
ရွမ်ကလန်၏ အခြေအနေနှင့် ပတ်သက်ပြီး အစားသရဲလေးဆီမှသိထားသော အချက်အလက်များကို အခြေခံပြီး ထိုဆေးရည်များက မှားစရာ မရှိချေ။ ထိုကိစ္စများက သူတို့ထင်ထားသလို ရိုးရှင်းမှု မရှိနိုင်ပေ။
"ဆရာကြီး ပြောတာ ဟုတ်တယ်။ သူ့ရဲ့သေဆုံးမှုက မထူးဆန်းဘူး။ ဒါပေမဲ့ သူ့ရဲ့အုတ်ဂူ ဆောက်ပြီးသွားတဲ့အချိန်မှာပဲ အသုံးချလိုက်ရတာကို သတိထားမိနေတာ..."
ပိုင်ဟွာမိန်းမပျိုက ပြုံးလိုက်သည်။
"အခုပဲ မြစ်အရှေ့ပိုင်းမှာရှိတဲ့ အထက်တန်းလွှာ မိသားစုတွေနဲ့ အရှေ့ပင်လယ်မှာရှိတဲ့ အင်အားစုတွေက သူ့ဆီကို သွားနေပြီး ဝမ်းနည်းကြောင်းပြသဖို့ ပြင်ဆင်နေကြတယ်။ ဒီတော့ အကြံအစည် ရှိနေတဲ့ ဧည့်သည်တွေလည်း နည်းမှာ မဟုတ်ဘူး။ ကျွန်မတို့ကတော့ လူတစ်ယောက်ကို အိမ်တော်သခင်နေရာ ပိုင်ဆိုင်ဖို့အတွက်ပဲ ကူညီပေးနေတာ...။ အဲဒီမိသားစုကို ဒုက္ခပေးဖို့ မဟုတ်ဘူး။ တကယ်လို့ ကျွန်မတို့ကသာ သေချာဂရုစိုက်မယ်ဆိုရင် အရှေ့ပင်လယ်ဓားကျေးရွာကို ကြောက်နေဖို့မလိုဘူး.."
သူမက ပြုံးလိုက်ပြီး အလွန်စိတ်ဝင်စားစရာကောင်းသော ဖြေဆေးတစ်ခုကို စဉ်းစားမိသွားသလို ထင်ရသည်။
"ရွမ်မိသားစုကလည်း သူတို့ရဲ့တတိယသခင်လေးကို ကိုယ်စားလှယ်အနေနဲ့ လွှတ်မယ်လို့ သတင်းကြားတယ်။ ဆရာကြီးလိုပဲ သူကလည်း နှစ်ပေါင်းများစွာကြာပြီးမှ သိုင်းလောကမှာ ပြန်ပေါ်လာတာ...။ တစ်ခုကွဲပြားသွားတာကတော့ သူက ချီစွမ်းအင်သွေဖယ်မှုကနေ သက်သာသွားတာပဲ။ အရင်တုန်းကတော့ သူက မြေပြင်မှတ်တမ်းမှာ အဆင့်ဝင်ခဲ့တယ်…"
"အဲဒီတတိယသခင်လေးက ဝမ်းနည်းကြောင်း သဝဏ်လွှာ လာပို့မှာလား။ သူတို့မိသားစုက ဒီကိစ္စကို ဒီလောက်တောင် အလေးအနက် မထားတာလား.."
မုန့်ချီကတော့ တခြားမိသားစု ကိုယ်စားလှယ်များအကြောင်း စုံစမ်းမေးမြန်းရာတွင် အမူအရာ ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။ အရှေ့ပင်လယ်ဓားကျေးရွာက ဟယ်ကျူးကို ပို့လွှတ်နိုင်သည့် ဖြစ်နိုင်ခြေကို ဘေးဖယ်ထား၍ မရနိုင်ချေ။ သူတို့၏ ကိုယ်စားလှယ်များက အရေးပါသောသူများ ဖြစ်နိုင်၏။
မည်သို့ဖြစ်စေကာမူ ယွင်မိသားစုနှင့် ဓားကျေးရွာ၏ ပတ်သက်မှုက အရှေ့ပင်လယ်ရှိ အင်အားစုများနှင့် ပတ်သက်မှုထက် ပို၍ခိုင်မာသည်။
"ရွမ်မိသားစု အရှင်သခင်က သခင်လေး (၃)ရဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့အတွက် ကူညီပေးချင်တာလည်း ဖြစ်နိုင်တာပဲ.."
ထိုအရာကို စဉ်းစားကြည့်နေရင်း မုန့်ချီက နောက်ထပ်မေးခွန်းတစ်ခု မေးလိုက်သည်။
"မင်းတို့က ယွင်မိသားစုထဲမှာ ဘယ်သူ့ကို ထောက်ပံ့ပေးမှာလဲ…"
"ဆရာကြီးကသာ ကျွန်မတို့နဲ့အတူ လင်းဟိုင်ကို လိုက်ခဲ့မယ်ဆိုရင် အဖြေရှာတွေ့မှာပါ…"
ပိုင်ဟွာမိန်းမပျိုက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
မုန့်ချီက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်၏။
"မိန်းကလေး …
ဝိညာဉ်ဖျောက် နတ်ဆိုးသခင်ကို ဘယ်အင်အားစုက ထောက်ပံ့ပေးထားတာလဲဆိုတာ သိလား။ မြစ်အရှေ့ပိုင်းကို သူ လာရတဲ့ရည်ရွယ်ချက်က ဘာလဲ…"
ပိုင်ဟွာမိန်းမပျိုက ပါးစပ်ကို လက်နှင့်အုပ်ပြီး ရယ်လိုက်သည်။
"ပထမဆုံးမေးခွန်းနဲ့ ပတ်သက်ပြီး ကျွန်မလည်း သေချာမသိဘူး။ ဒါပေမဲ့ ဒုတိယမေးခွန်းအတွက် အဖြေတော့ ရှိတယ်။ ဝိညာဉ်ဖျောက် နတ်ဆိုးသခင်ရဲ့ နောက်ကွယ်မှာရှိတဲ့ အင်အားစုထဲမှာ သစ္စာဖောက်တစ်ယောက် ရှိတယ်။ အဲဒါကမျိုးဆက်သစ် ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ပဲ။ သူက မကောင်းဆိုးဝါးကျင့်စဉ်တစ်ခုကို ခိုးယူပြီး ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားတယ်။ ဝိညာဉ်ဖျောက်နတ်ဆိုးသခင်က ဒီနေရာကိုရောက်လာပြီး အဲဒီသစ္စာဖောက်ကို စောင့်ကြည့်နေတာ..."
ခဏရပ်လိုက်ပြီးနောက် သူမက ပြောလိုက်၏။
"သူက ယွင်မိသားစုက သခင်မလေး (၇) နဲ့လည်း တစ်ခုခုပတ်သက်နေတယ်လို့ ပြောတယ်…"
Translated by Hein Htet.