အခန်း (၆၁၃)
Vol. 41 Ch. 613
လင်းဟိုင်တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဝတ်အစား ဝတ်ဆင်ထားသူများကပင် နွေဦးရာသီအလှတရားနှင့် နွေးထွေးသော လေပြေလှိုင်းတို့၏ အလှတရားများကို ဖိနှိပ်နိုင်ခြင်း မရှိခဲ့ပေ။
ရှည်လျားပြီး ကျယ်ပြန့်သော လမ်းမကြီးများပေါ်တွင် မြင်းလှည်းတစ်စီးက အထက်တန်းလွှာ မိသားစုများ စုစည်းနေသော မြို့မြောက်ဘက် နံရံဆီသို့ သွားနေခဲ့သည်။
မုန့်ချီ၊ ပိုင်ဟွာမိန်းမပျိုနှင့် ယင်နင်တို့က မြင်းလှည်းထဲမှ ထွက်လာပြီး အလွန် ကြီးကျယ်သော တည်းခိုဆောင်တစ်ခု၏ အပြင်ဘက်တွင် ရပ်လိုက်၏။ ထို့နောက် သူက ကြိုတင်ငှားရမ်းထားခဲ့သော အခန်းထဲသို့ ဝင်လာခဲ့၏။
ညရောက်သည့်အချိန်တွင် ပိုင်ဟွာမိန်းမပျိုက သီးသန့်တံခါးငယ်လေး တစ်ခုမှနေ၍ အလွန်ကျယ်ပြန့်သော စံအိမ်တစ်ခုဆီသို့ သူတို့ကို ခေါ်လာခဲ့သည်။ ထိုစံအိမ်၏ ဝင်္ကပါက တစ်ပိုင်းတစသာ ဖွင့်ထား၏။ အစေခံတစ်ယောက်၏ လမ်းညွှန်မှုနှင့် သူတို့က အနောက်ဘက် ဥယျာဉ်ထဲတွင် ရှိနေသော အဆောက်အဦးထဲကို ဝင်လာခဲ့ရသည်။
“ကျွန်မတို့က အချိန်အတိုင်းအတာတစ်ခုအထိ ဒီနေရာမှာ ပုန်းနေကြရဦးမယ်…”
ပိုင်ဟွာမိန်းမပျိုက ထိုနေရာကို သန့်ရှင်းရေး လုပ်လိုက်ပြီးနောက် မုန့်ချီကို အပြုံးနှင့် ချိုသာစွာ ပြောလိုက်သည်။ ယင်နင်က သူမ၏နောက်တွင် ရပ်နေခဲ့၏။
မုန့်ချီက ပြန်ဖြေခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်သည်။ ယင်နင်က လမ်းခရီးတလျှောက်တွင် သူ့ကို ဆွဲဆောင်ခဲ့ခြင်း မရှိချေ။ သူမက အထက်တန်းလွှာ မိသားစုမှ သခင်မလေးတစ်ယောက်ကဲ့သို့ အလွန်ရှက်တတ်သလို ရှောင်တိမ်းနေခဲ့သည့်အတွက် သူတို့(၂)ယောက်က ရင်းနှီးမှု မရှိသလို အလွန်ဝေးကွာနေခြင်းလည်း မရှိချေ။
သူမက သူ့အပေါ် သဘောကျနေကြောင်း သိသာနေသည့်အတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ပြနေခြင်း ဖြစ်သည်။ သူမ၏ထိန်းသိမ်းမှုက အလွန်တိကျပြီး လျစ်လျူရှုခြင်း၊ ရှောင်တိမ်းခြင်း မဟုတ်သလို သူမအပေါ် တန်ဖိုးထားမှု လျော့ကျသွားမှာ စိုးရိမ်ခြင်းသာ ဖြစ်နိုင်သည်။
မုန့်ချီက သူမကို ကြည့်ရုံသာကြည့်ခဲ့ပြီး နီးကပ်ခွင့်ရရန် ကြိုးစားခဲ့ခြင်း မရှိပေ။ ထို့ကြောင့် အဓိပ္ပာယ်ရှိသော သူမနှင့် ပိုင်ဟွာမိန်းမပျိုတို့၏ လုပ်ရပ်များက ကန့်လန့်ဖြစ်နေခြင်း မရှိတော့ချေ။
ပိုင်ဟွာမိန်းမပျိုက ပြတင်းပေါက်နားတွင် ရပ်လိုက်ပြီး ရောင်စုံပန်းများ ပွင့်လန်းနေသော ဥယျာဉ်ထဲကို စိုက်ကြည့်နေခဲ့သည်။
“ဒီခြံဝန်းကို ဘယ်မိသားစုက ပိုင်ဆိုင်တာလဲဆိုတာ သိလား ဆရာကြီး ကရုဏာမဲ့..”
“ကျေးဇူးပြုပြီး ပြောပြပါဦး…”
မုန့်ချီက လက်နောက်ပစ်ပြီး ပြတင်းပေါက်အနားသို့ လျှောက်လာခဲ့သည်။
“ကျွန်မတို့က ဒီနေရာကို ရောက်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ အိပ်မက်မမက်ဖူးဘူး။ ကျွန်မတို့ ဘာပဲလုပ်လုပ် ဘယ်သူကမှ ဒီနေရာကို ရှာဖွေကြမှာ မဟုတ်ဘူး…”
ပိုင်ဟွာ မိန်းမပျိုက အပြုံးနှင့် ပြောလိုက်သည်။ ရယ်သံနှင့်အတူ သူမ၏ခန္ဓာကိုယ်က လှုပ်ရှားနေသည့်အတွက် အလွန်ဆွဲဆောင်မှုရှိသော မြင်ကွင်းတစ်ခု ပေါ်လာနေသည်။
“ဒါက ကျူးမိသားစုရဲ့ ဘိုးဘေးပိုင်နက်ပါ..”
“ကျူးမိသားစု.....”
မုန့်ချီကတော့ အံ့အားသင့်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။
ကျူးမိသားစုနှင့် တိုင်မိသားစု ဘိုးဘေးများက ယွင်မိသားစု၏ အစေခံများ ဖြစ်ကြသည်။ သိပ်မကြာခင် တိုင်မိသားစုက လင်းဟိုင်တွင် နေရာရလာခဲ့ပြီး သူတို့၏ နောက်ပိုင်းမျိုးဆက်များက အမွေအနှစ်များ ဆက်လက် ဆက်ခံလာခဲ့ကြ၏။ သူတို့က မိသားစု တိုးတက်သည်ဖြစ်စေ၊ ဆုတ်လျော့သည်ဖြစ်စေ ဆက်လက်သစ္စာရှိနေကြသည်။
သူတို့မိသားစုများက သီးခြားဆီ ခွဲထွက်လိုက်သည့်အချိန်တွင်ပင် သူတို့ကိုယ်သူတို့ ယွင်မိသားစု၏အစေခံများအဖြစ် သတ်မှတ်ထားကြပြီး မိသားစုခေါင်းဆောင်များက လျို့ဝှက်ကိုယ်ရံတော်များအဖြစ် ဆက်လက်ထမ်းဆောင်နေကြသည်။
သူတို့က သူတို့၏သခင်များအတွက်သာ အသက်ရှင်ခဲ့ကြပြီး မိသားစုအရေးကိစ္စများကိုတော့ ဝင်ပါခဲ့ခြင်း မရှိချေ။ သူတို့က မိသားစုကြီးထဲတွင် ထောက်တိုင်တစ်ခုဟု သတ်မှတ်နိုင်သည်။ မိသားစုအရေးအခင်းများထဲတွင် သူတို့၏လွှမ်းမိုးမှုက ပြင်ပအင်အားစုများထက် အဆပေါင်းများစွာ ကျော်လွန်နေခဲ့ပြီး သူတို့က အခွင့်အရေးရယူရန် အဓိကပစ်မှတ်တစ်ခု ဖြစ်လာကြသည်။ ထိုမိသားစုများက လမ်းမှားပညာရှင်များနှင့် ပူးပေါင်းနေခြင်းပေလော။
မုန့်ချီကတော့ အချက်အလက်များကို စဉ်းစားနေသည့်အချိန်တွင် ပိုင်ဟွာမိန်းမပျိုက ဆက်လက်ရှင်းပြသည်ကို ကြားလိုက်ရ၏။
“ကျူးမိသားစုက သခင်(၉) ယွင်ဖေးရန်ကို တိတ်တဆိတ် ထောက်ပံ့ပေးနေကြတယ်။ သူတို့က ကျွန်မတို့ကို ဒီမှာနေဖို့အတွက် စီစဉ်ပေးထားတာ။ ကျူးမိသားစုက ကျွန်မတို့ ဘယ်သူလဲဆိုတာ မသိကြဘူး…”
“ဒီလိုပဲ ဖြစ်ပါလိမ့်မယ်။ ဒါဆိုရင် ငါတို့ကရော သခင်(၉)ကို ထောက်ပံ့ပေးရမှာလား..”
မုန့်ချီက ရုတ်တရက် မေးလိုက်သည်။
ယွင်မိသားစုတွင် နောက်ထပ်တက်လာမည့် အရှင်သခင်က တရားမဝင် မြေးများ၊ သားများ မဟုတ်ဘဲ သူ၏တရားဝင် မြေးများ၊ သားများသာ ဖြစ်ရပါလိမ့်မည်။ ယွင်သခင်ကြီးက နှစ်ပေါင်းကြာမြင့်စွာ အသက်ရှင်နေထိုင်ခဲ့သည့်အတွက် သူ့နောက်တွင် မိသားစုဝင်များ မျိုးဆက်(၂)ဆက်တိတိ ရှိနေသည်။
ထို့ကြောင့် သူ့ကို ဆရာအကြီးအကဲယွမ်ဟု ခေါ်ကြ၏။ သခင်(၉)ကတော့ ပထမဇနီး၏ သားတစ်ယောက်ဖြစ်ပြီး နေရာရရန် အကောင်းဆုံး သတ်မှတ်ခံထားရသူ တစ်ယောက်ဖြစ်သည်။
အသက်(၆၀)အရွယ်တွင် သူ၏ကျင့်စဉ်အဆင့်က ကောင်းကင်(၅)သွယ် ဝေ့ကျင်းအဆင့် ဖြစ်၏။ အကယ်၍ သူကသာ ဒုတိယသခင် ယွင်ဖေးဟူနှင့် အလွန်ရင်းနှီးသော ဆွေမျိုးများ မရှိလျှင် သေချာပေါက် ရွေးချယ်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။
ရွေးချယ်ခံရမည့်လူများထဲတွင် သခင်(၆)နှင့် သခင်(၁၃)လည်း ပါဝင်နေခဲ့သည်။ သခင်(၆)ကတော့ အသက်(၇၀)အရွယ်တွင် ကောင်းကင်(၆)သွယ် ဝေ့ကျင်းအဆင့်ကို ရောက်နေခဲ့၏။ သူက တချိန်တုန်းက လူငယ်မှတ်တမ်းတွင် ထိပ်ဆုံး(၁၀)ယောက်အထိ ရောက်ခဲ့ပြီး သိုင်းသခင်တစ်ယောက် ဖြစ်နိုင်ချေရှိခဲ့သည်။
သူ၏အဘိုးကလည်း ပထမဇနီး၏ သားတစ်ယောက်ဟု သတ်မှတ်နိုင်သည့်အတွက် သူ၏အဆင့်အတန်းက ဒုတိယသခင်နှင့် သခင်(၉)တို့ကို ယှဉ်နိုင်သည်။ သူ၏အစွမ်းနှင့် အလားအလာကလည်း အလွန်မြင့်မားသည့်အတွက် အရှေ့ပင်လယ်၏ ဓလေ့ထုံးတမ်းများအရ သူက အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်နိုင်သည်။
သခင်(၁၃)၏ အဘိုးကတော့ ယွင်မိသားစုမှ သခင်မ(၇)၏ အဖေ ဖြစ်သည်။ မိသားစုထဲတွင် ယန်စွမ်းအားက ယင်စွမ်းအားကို လွှမ်းမိုးသွားသည့်အတွက် သမီးအရေအတွက် နည်းပါး၏။ နောက်ပိုင်း ယွင်သခင်ကြီးက သခင်မကို မွေးစားခဲ့သည့်အတွက် သူမကလည်း သူ့ကလေးတစ်ယောက် ဖြစ်လာခဲ့သည်။
သခင်(၁၃)က အလွန်ကြိုစားပြီး မိသားစုရေးရာကိစ္စများကို ချောချောမွေ့မွေ့ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။ သူ့ဆီတွင် သင့်တော်သော စွမ်းအားရှိနေပြီး သူက အသက်(၅၀)အရွယ်တွင် ပထမကောင်းကင်လှေကားကို ဖြတ်ကျော်ပြီးသွားပြီ ဖြစ်၏။
လွန်ခဲ့သော (၁၀)စုနှစ်အတွင်းသူက မိသားစု၏ အပေါ်ယံခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပြီး သခင်ကြီး ကိုယ်တိုင် ပြုစုပျိုးထောင်ထားသော ဆက်ခံသူတစ်ယောက်ဟုပင် စဉ်းစား၍ ရနိုင်သည်။
မုန့်ချီ၏ စကားကိုကြားသည့်အခါ ပိုင်ဟွာမိန်းမပျိုက ပြုံးလိုက်၏။
“သခင်(၉)က စကားနည်းပြီး ထူးဆန်းတဲ့လူတစ်ယောက်ပဲ။ သူက ရင်းနှီးတဲ့ မိန်းကလေးမိတ်ဆွေတွေနဲ့တောင် တော်တော်လေး သစ္စာရှိပြီး တာဝန်ကြီးတယ်..” ထိုစကားများအပြင် သူတို့က တခြားမည်သည့်စကားမျှ မပြောခဲ့ပေ။
ရက်ပေါင်းများစွာ အတောအတွင်း ပိုင်ဟွာမိန်းမပျိုနှင့် ယင်နင်တို့က သူတို့၏ တည်နေရာကို ရှင်းပြခဲ့ခြင်း မရှိဘဲ အဆောက်အဦးထဲမှ ရံဖန်ရံခါ ထွက်သွားခဲ့၏။ မုန့်ချီကတော့ သူတို့ကို စိတ်ဝင်စားခဲ့ခြင်း မရှိသလို ဒေါသထွက်နေခဲ့ခြင်းလည်း မရှိခဲ့ပေ။
သူကတော့ သူ၏လေ့ကျင့်မှုကိုသာ အလေးထားနေ၏။ တစ်ကြိမ်တည်းနှင့် အဆင့်တက်ရသည့် အကျိုးသက်ရောက်မှုက အတွင်းအပြင် ကမ္ဘာကြီး၏ စည်းချက်နှင့် လိုက်လျောညီထွေ ရှိလာပြီး တုံ့ပြန်မှုများ ဖြစ်လာနိုင်သည်။ ထိုအရာက လမ်းကြောင်းတွင် ကနဦး တုံ့ပြန်မှုများ ထွက်ပေါ်လာနိုင်၏။
ထိုအရာက အနှစ်သာရများနှင့် အနီးစပ်ဆုံးဖြစ်ပြီး ပုံရိပ်ယောင်ခန္ဓာကိုယ် အသုံးပြုရာတွင် အတော်လေး အချိန်ကုန် သက်သာစေသည်။ ထိုအရာက စွန့်စားခန်းများ၊ အမှားများစွာ လုပ်ဆောင်ပြီး အတားအဆီးတစ်ခုကို ဖြတ်ကျော်ရခြင်းမှ သူ့ကို တားဆီးပေးနိုင်၏။
ထို့ကြောင့် သူက ဒုတိယကောင်းကင်လှေကားကို ဖြတ်ကျော်သည့်အချိန်တွင် (၃)ဆခန့်ပင် ပို၍လျင်မြန်နိုင်သည်။ သူက တံခါးပေါက်များကို ဖွင့်လိုက်ပြီး သူ၏ကိုယ်တွင်းကမ္ဘာထဲတွင် တိတ်တဆိတ် လှည့်ပတ်လိုက်၏။
သူ၏ ပုံရိပ်ယောင်ခန္ဓာက အတွင်းထဲတွင် ဖြစ်ပေါ်လာပြီး သူ၏ ပတ်ဝန်းကျင်က မှေးမှိန်သွားခဲ့၏။ သူ၏ကိုယ်တွင်းကမ္ဘာကြီးထဲရှိ လှုပ်ရှားမှုများမှတဆင့် အပြင်ဘက် ကမ္ဘာကြီးထဲတွင် ပြောင်းလဲမှုများ ဖန်တီးလိုက်သည်။ သူက သေချာခွဲခြမ်းစိတ်ဖြာပြီး အနှစ်သာရများ၏ ပြောင်းလဲမှုမရှိသော စည်းချက်များကို ခံစားကြည့်နေခဲ့၏။
(၄)ရက်ကြာပြီးနောက် ပိုင်ဟွာမိန်းမပျိုနှင့် ယင်နင်တို့က မုန့်ချီ၏ တံခါးကို လာခေါက်ကြသည်။
“ဆရာကြီး ကရုဏာမဲ့က တော်တော်လေးကို စိတ်ရှည်တာပဲ။ လင်းဟိုင်မှာရှိတဲ့ ကိစ္စတွေကို ဘာမှမမေးတဲ့အပြင် ကျွန်မတို့ရဲ့အစီအစဉ်ကိုတောင် မမေးဘူး…
ပိုင်ဟွာမိန်းမပျိုက သူ့ကို စိုက်ကြည့်နေခဲ့သည်။ သူ့ဆီမှ ထွက်ပေါ်လာသော ခံစားချက်ကြောင့် ပဋိပက္ခများကို ရင်ဆိုင်ရသည့်အချိန်တွင်ပင် သူ့ပုံစံက အမြဲတည်ငြိမ်အေးချမ်းနေပုံရ၏။
မုန့်ချီက သူတို့ကိုကြည့်ပြီး ပြုံးလိုက်သည်။
“ယွင်သခင်ကြီးရဲ့ကိစ္စက ငါနဲ့ ဘာမှ မဆိုင်ဘူးလေ။ ဒီတော့ ဘယ်သူပဲ အရှင်သခင်ဖြစ်ဖြစ် ငါ့အတွက် ကိစ္စမှ မရှိတာ။ ဒီတော့ ဘာမှစိုးရိမ်စရာလည်း မလိုဘူး။ ပြီးတော့ မင်းတို့က ဒီလိုအရေးကြီးတဲ့ကိစ္စတစ်ခုအတွက် ငါ့လို အပြင်လူ တစ်အေားကိုးနေမှာ မဟုတ်ဘူးလေ။ မင်းတို့မှာ တခြားအကူအညီတွေ ရှိမယ်ဆိုတာ ယုံတယ်။ ဒီတော့ မင်းတို့ တောင်းဆိုတဲ့ အချိန်ကျမှပဲ ငါက အကောင်းဆုံး လုပ်ပေးဖို့ ကြိုးစားရမှာပေါ့။ မဟုတ်ဘူးလား မိန်းကလေး ယင်နင်…”
မထင်မှတ်ထားသော အခေါ်အဝေါ်နှင့် ခေါ်လိုက်သည့်အတွက် ယင်နင်၏ မျက်နှာလေးက နီရဲသွားခဲ့၏။
“ပိုင်ဟွာမိန်းမပျိုက ကိစ္စတိုင်းကို လုပ်တဲ့အချိန်တိုင်း သူ့ကို ခေါ်သွားတယ်။ ဒီကောင်မလေးကလည်း သေချာပေါက် မရိုးရှင်းနိုင်ဘူး..”
မုန့်ချီက အဝေးကို လှမ်းကြည့်ရမည့်အစား ပိုင်ဟွာမိန်းမပျိုကို လှည့်ကြည့်လိုက်သည်။
“ဆရာကြီး ကရုဏာမဲ့က ဗုဒ္ဓလမ်းစဉ်ကို မကောင်းဆိုးဝါးလမ်းစဉ်အဖြစ် ပြောင်းလဲနိုင်တယ် ဆိုမှတော့ သေချာပေါက် ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပဲပေါ့..”
ပိုင်ဟွာမိန်းမပျို၏ ချီးကျူးမှုက လှိုက်လှိုက်လှဲလှဲ ရှိမရှိ သူလည်း သေချာ မပြောနိုင်ပေ။
“ဒီနေ့ ကျွန်မတို့ဆီမှာ ဆရာကြီး ကရုဏာမဲ့အတွက် တာဝန်တစ်ခု ရှိတယ်…”
“ဘာတာဝန်လဲ…”
မုန့်ချီက ပြန်လှည့်လာခဲ့သည်။ သူက မိန်းမပျို(၂)ယောက်ကို သူ့အခန်းထဲသို့ ဝင်ခွင့်ပေးလိုက်၏။
ပိုင်ဟွာမိန်းမပျိုက အပြုံးနှင့် ပြောလိုက်သည်။
“ဝိညာဉ်ဖျောက် နတ်ဆိုးသခင် ရှာနေတဲ့ ကောင်လေးက ပေါ်လာပြီ..”
“သူလား....”
မုန့်ချီက လက်နောက်ပစ်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားခဲ့သည်။
“သူက လမ်းမှားလမ်းစဉ်ကနေ ထွက်လာပြီး ဆိုးသွမ်းတဲ့အလုပ်တွေကို လုံးဝ မလုပ်ခဲ့ပေမဲ့ သူ့ရဲ့သတင်းကွန်ယက်က တော်တော်လေး ကျယ်ပြန့်တယ်။ သူက အမှန်တရားလမ်းစဉ် ဝေ့ကျင်းအဆင့် ပညာရှင်တွေနဲ့တောင် မိတ်ဆွေ ဖြစ်နေတယ်။ ဒါကြောင့် သူက လင်းဟိုင်ကို ခိုးဝင်လာပြီး ကျူးမိသားစုနဲ့ တိုင်မိသားစုက ဝေ့ကျင်းအဆင့် ပညာရှင်တွေကို တိတ်တဆိတ် တွေ့ခဲ့တဲ့အချိန်မှာတောင် သေချာမသိခဲ့ဘူး။ ယွင်သခင်ကြီးက အသက်ကြီးလို့ သေသွားတာ မဟုတ်ဘဲ လုပ်ကြံသတ်ဖြတ်ခံရတာလို့ သူက ပြောခဲ့တယ်။ သူတို့က ဒီကိစ္စကို အရှေ့ပင်လယ် ဓားကျေးရွာဆီ သတင်းပို့ခဲ့ပြီး သူတို့က ဆက်ခံသူကို မဆုံးဖြတ်ခင် သူတို့သခင်ကြီးရဲ့ သေဆုံးမှုကို စုံစမ်းဖို့ တောင်းဆိုခဲ့တယ်…”
ပိုင်ဟွာမိန်းမပျို၏အပြုံးက ပျောက်ကွယ်သွားခဲ့ပြီး သူမ၏ မျက်နှာပေါ်တွင် တည်ငြိမ်အေးချမ်းသည့် အမူအရာတစ်ခု ပေါ်လာခဲ့သည်။
“ယွင်သခင်ကြီးက အသက်ကြီးလို့ သေတာမဟုတ်ဘဲ လုပ်ကြံသတ်ဖြတ်မှုကြောင့် သေတာလား…”
မုန့်ချီက အံ့သြသွားသော်လည်း စိတ်ဝင်တစား ပြန်မေးလိုက်သည်။
ထိုအရာက သူ့လို ဆေးရောင်းသူတစ်ယောက်အတွက်တော့ မှားယွင်းမှုမရှိကြောင်း သတိထားမိရန် လွယ်ကူလှသည်။ သို့သော် ထိုလူငယ်လေးတစ်ယောက်က မည်သို့ ရှာဖွေတွေ့ရှိခဲ့သနည်း။ သဲလွန်စများ ကျန်နေခြင်းပေလော။ အကယ်၍ ထိုသို့ဆိုလျှင်လည်း ဘာကြောင့် လူတိုင်းက သတိမထားမိရသနည်း။
ပိုင်ဟွာမိန်းမပျိုက မျက်ခုံးပင့်လိုက်သည်။
“သိုင်းသခင်အဆင့် ပညာရှင်တွေက သူတို့ရဲ့သက်တမ်းကို ကောင်းကောင်းကြီးသိပြီး သေခါနီးအချိန်မှာ အစီအစဉ်တွေ လုပ်တတ်တယ်လို့ သူက ပြောတယ်။ ဥပမာအနေနဲ့ပြောရရင် သူတို့ရဲ့ အုတ်ဂူတွေကို ကြိုပြီးဆောက်တာတွေ၊ ကိစ္စရပ်တွေကို အစီအစဉ်တကျ နေရာချထားတာမျိုးပေါ့။ ဒါပေမဲ့ ယွင်သခင်ကြီးလို လူတစ်ယောက်ကတော့ ဆက်ခံသူကိုတောင် ရွေးချယ်တာမျိုး မလုပ်ခဲ့ဘဲ ဘာလို့ မိသားစုပြဿနာတစ်ခု ဖန်တီးခဲ့ရတာလဲ..”
“တစ်ယောက်ယောက်က အဲဒီအရာတွေအားလုံးကို တမင်တကာ ဖျက်ဆီးလိုက်တာများ ဖြစ်မလား…”
မုန့်ချီက ထင်မြင်ချက်ကို ပြောပြကြည့်လိုက်သည်။
သူ့အတွက် အကြီးမားဆုံး သံသယကတော့ ယွင်သခင်ကြီးက အသက်ကို ဆွဲဆန့်နိုင်သော ဆေးရည်(၂)ခု ဝယ်သွားခဲ့ပြီး သိပ်မကြာခင် သေဆုံးရန် မဖြစ်နိုင်ကြောင်း လုံးဝ သိနေသည်။ မည်သည့်အရာများ ဖြစ်ပျက်နေသနည်း။
ယင်နင်က သူတို့၏ စကားဝိုင်းကို ဖြတ်ပြောလိုက်၏။
“သူက ရထားတဲ့ သဲလွန်စကို ပြဖို့အတွက် အချိန်ကောင်းကို စောင့်နေတာလို့ ပြောတယ်။ ဒါကြောင့်လည်း ကျူးမိသားစုနဲ့ တိုင်မိသားစုဝင်တွေက သူ့ကို မယုံကြည်ရဲသလို သံသယဝင်နေကြတာ…”
“ဒါဆို ငါက မင်းတို့အတွက် ဘာလုပ်ပေးရမလဲ…”
မုန့်ချီက ယင်နင်ကိုကြည့်ပြီး မေးလိုက်သည်။
“ကျေးဇူးပြုပြီး အမှောင်ဓားသခင်ကို ရင်ဆိုင်ပေးပါ…”
ပိုင်ဟွာမိန်းမပျိုက ပြုံးလိုက်၏။
“ဒါပေမဲ့ ကျေးဇူးပြုပြီး သူ့ကို မသတ်ပါနဲ့။ သူက ခက်ခက်ခဲခဲ ရုန်းကန်လိုက်ပြီးနောက် အသက်လု ထွက်ပြေးသွားတဲ့ အခြေအနေမျိုး ရနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ..”
“အမှောင်ဓားသခင်လား။ သူ့ကို မသတ်ရဘူးလား..”
မုန့်ချီက လက်နောက်ပစ်ပြီး အခန်းထဲတွင် လမ်းလျှောက်နေခဲ့သည်။
“သူက သူ့ကိုယ်သူ အမှောင်ဓားသခင်လို့ ခေါ်တာပဲ။ ဒါပေမဲ့ အဲဒါက သူ့ရဲ့ အစစ်အမှန် နာမည် ဟုတ်မဟုတ်တော့ သေချာမသိဘူး..”
ယင်နင်က ပြောလိုက်သည်။
ပိုင်ဟွာမိန်းမပျိုက ဆွဲဆောင်မှုရှိရှိ ပြုံးလိုက်၏။
“ဒီလို ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်ကို သတ်လိုက်တော့ရော ဘာများ ထူးခြားမှာလဲ။ သူ့ကို ခြောက်လိုက်ရုံနဲ့ လုံလောက်ပါတယ်။ ဒါမှ သူက ဦးနှောက် မမှန်တော့ဘူးလို့ တခြားသူတွေက တွေးမှာလေ။ ဒါက ကျွန်မတို့အတွက် အကျိုးရှိတယ်…”
“ဒါဆိုရင် ငါတို့တွေက တခြားယှဉ်ပြိုင်သူတွေကို အပြစ်လွှဲချလို့ ရတာလား..”
မုန့်ချီက ပြုံးလိုက်ပြီး အံ့သြနေခြင်း မရှိသလို စိုးရိမ်နေခြင်းလည်း မရှိချေ။
ပိုင်ဟွာမိန်းမပျိုက သူ့ကို မျက်ခုံးပင့်၍ ကြည့်လိုက်သည်။
“တကယ်လို့ ဆရာကြီးက အဲဒီလို စဉ်းစားတယ်ဆိုလည်း အဲဒီလိုပဲ ထားလိုက်ပါ..”
မုန့်ချီက နောက်ထပ်မေးခွန်းများ မမေးတော့ပေ။
“အမှောင်ဓားသခင်က ဝိညာဉ်ဖျောက် နတ်ဆိုးရဲ့ ရန်ကနေ ရှောင်တိမ်းနိုင်တယ် ဆိုမှတော့ သူက သေချာပေါက် သတိထားလိမ့်မယ်။ သူက သူ့ရဲ့တည်နေရာကို ဘယ်လိုလုပ်ပြီး အလွယ်တကူ ဖော်ထုတ်မှာလဲ..”
သူက ရယ်ကာမောကာနှင့် ပြောလိုက်သည်။ သူ မလှုပ်ရှားရသေးခင် အမှောင်ဓားသခင်၏ တည်နေရာကို အရင်သိရမည် ဖြစ်၏။
“သူပုန်းနေတဲ့နေရာကို ပြောပြတဲ့လူတစ်ယောက် ရှိပါတယ်…”
ပိုင်ဟွာမိန်းမပျိုက ချစ်စရာကောင်းစွာ ပြုံးလိုက်သည်။
“ဘယ်သူများပါလိမ့်…”
မုန့်ချီက အေးအေးဆေးဆေး မေးလိုက်၏။
“ယွင်မိသားစုက သခင်(၁၃)လေ…”
ပိုင်ဟွာမိန်းမပျိုက သူ၏အမူအရာပြောင်းလဲမှုကို စောင့်ဆိုင်းနေသလို ထင်ရသည်။
မုန့်ချီက ပြန်ပြုံးပြလိုက်၏။ သူက အေးအေးဆေးဆေး ပြောလိုက်သည်။
“တကယ် မထင်ထားတာပဲ…”
ယွင်မိသားစုဝင် ဘယ်နှစ်ယောက်က နတ်ဆိုးမိန်းမပျိုများနှင့် ပတ်သက်နေသနည်း။
……………
မိုးများ သည်းထန်စွာ ရွာသွန်းနေခြင်းက နွေရာသီအစောပိုင်းကို ရောက်ရှိနေကြောင်း မေ့လျော့နေစေခဲ့သည်။ အနက်ရောင်ဝတ်စုံ ဝတ်ထားသော အမှောင်ဓားသခင်က တစ္ဆေတစ်ကောင်ကဲ့သို့ တံစက်မြိတ်အောက်တွင် သွားလာနေခဲ့၏။ တခါတရံက သူက ကိုယ်ဖော့ပညာကို အသုံးပြုပြီး ဦးတည်ချက်ကိုပြောင်း၍ သူ့နောက်မှ လိုက်မလာစေရန် ရှောင်ရှားနေခဲ့သည်။
မိုးရေစက်များက ကျောက်တုံးပေါ်သို့ တဖျောက်ဖျောက် ကျဆင်းလာနေသည့်အသံက အပြင်ဘက်ကမ္ဘာကြီးနှင့် ကွဲထွက်နေသလို ထင်ရသည်။ သူက အစီအစဉ်ကို ပြန်လည်စဉ်းစားပြီး အရှိန်ကို နှေးကွေးလိုက်သည်။
သတင်းကသာ ပျံ့နှံ့သွားမည်ဆိုလျှင် နောက်ကွယ်တွင် ရှိနေသော ပညာရှင်က သေချာပေါက် လှုပ်ရှားလာရပါလိမ့်မည်။ ထိုပညာရှင်က သူ့ကို သတ်လိုက်ခြင်းမျိုးပင် ဖြစ်နိုင်၏။ ထိုအချိန်ရောက်လျှင် သူက သူ၏တည်နေရာကို တမင်တကာ ထုတ်ဖော်ပြီး အလစ်ချောင်း တိုက်ခိုက်ရန် စဉ်းစားထားခဲ့သည်။
အကယ်၍ သူက ဝိညာဉ်ဖျောက်နတ်ဆိုးသခင်နှင့် တခြားသူများကို ထောင်ခြောက်ထဲသို့ ဆွဲခေါ်နိုင်မည်ဆိုလျှင်တော့ အကောင်းဆုံး ဖြစ်သည်။ သူက တခြားလူများ၏ အစွမ်းကိုငှားပြီး ထိုလူများကို ရှင်းပစ်နိုင်၏။ ထိုသို့ဆိုလျှင် သူက ယွင်မိသားစုကိစ္စကို ဖြေရှင်းပြီးသွားသလို သူ့နောက်မှ လိုက်လာသူများကိုလည်း ဖြေရှင်းနိုင်ပါလိမ့်မည်။
ရုတ်တရက်ဆိုသလို ရေတံခွန်ကဲ့သို့ ရွာကျနေသော မိုးရေထဲတွင် ခေါင်းပေါ်၌ ဆံပင်ဖြူ အနည်းငယ်ရှိနေသော အစိမ်းဝတ် လူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုလူက သူ့ဆီကို လျှောက်လာနေခဲ့၏။ သူ့လက်ထဲတွင် ထီးတစ်ချောင်းကို ကိုင်ထားပြီး ထိုလူကတော့ မိုးရွာထဲတွင် အေးအေးဆေးဆေး လမ်းလျှောက်နေသလို ထင်ရသည်။
သို့သော် သူ့ဆီမှ ထွက်ပေါ်လာနေသော အတွေ့အကြုံရင့်ကျက်သည့် ခံစားချက်တစ်ခုက မေ့ပျောက်၍ မရနိုင်ပေ။ အမှောင်ဓားသခင်က ထိုလူကို မြင်လိုက်ရသည့်အချိန်တွင် မိုးများအားလုံး ပျောက်ကွယ်သွားခဲ့ပြီး တိမ်တိုက်များကလည်း ပျောက်ကွယ်သွားခဲ့သည်။ သူက လမ်းမကို မြင်ရခြင်း မရှိတော့ချေ။
သူနှင့် အလွန်ထူးဆန်းသော ဆွဲဆောင်မှုတစ်ခု ရှိနေသည့် ထိုလူ၏ ကြားထဲတွင် ဤကမ္ဘာကြီးသာ ကျန်တော့၏။
“သူက နောက်ကွယ်မှာရှိတဲ့လူလား။ ဒါမှမဟုတ် လမ်းမှားနတ်ဆိုးတစ်ယောက်လား…”
Translated by Hein Htet.