အခန်း (၆၁၄)
Vol. 41 Ch. 614
ဘယ်ဘက်လက်ထဲတွင် ဆီစိမ်စက္ကူ ထီးကိုင်ထားသော အစိမ်းဝတ်လူကြီးက ထီးကို ဖြည်းညင်းစွာ လှည့်နေသည့်အချိန်တွင် မျက်နှာပြင်ပေါ်၌ ရှိနေသော မိုးရေစက်များက ပုလဲလုံးများကဲ့သို့ မြေပြင်ပေါ်ကို ပြန့်ကျဲလာခဲ့သည်။
ထီး၏နောက်တွင် သူ၏မျက်နှာတစ်စိတ်တစ်ပိုင်းက ဖုံးကွယ်နေပြီး နဖူးပေါ်တွင် ကံကြမ္မာအလှည့်အပြောင်းများကို အချက်ပြနေသော ဆံပင်ဖြူများသာ ပေါ်နေခဲ့သည်။ လက်ရှိအချိန်တွင် ထိုလူနှင့် သူ့ထီးကသာ အမှောင်ဓားသခင်၏ မျက်လုံးနှင့် အာရုံခံစွမ်းရည်များကို သိမ်းပိုက်ထားခဲ့၏။
အလွန်ကြောက်စရာကောင်းစွာ ရွာသွန်းနေသော မိုးရေစက်များကတော့ ချက်ချင်း ပျောက်ကွယ်သွားသလို ထင်ရသည်။ အမှောင်တိမ်တိုက်ကြီးများနှင့် လမ်းမရှည်ကြီးက လေဟာနယ်ထဲတွင် တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားခဲ့ပြီး အမှောင်ထုကြီးသာ ကျန်နေတော့သည်။
"ဒုတ်ဒုတ် ဒုတ်ဒုတ် ဒုတ်ဒုတ်…"
အမှောင်ဓားသခင်၏ နှလုံးသားက ထိန်းချုပ်၍ မရနိုင်စွာ လှုပ်ရှားလာပြီး ဗုံတစ်လုံး တီးနေသကဲ့သို့ ဖြစ်လာခဲ့သည်။ ထိုအရာက ဖော်ပြ၍ မရနိုင်သော အန္တရာယ် အငွေ့အသက်တစ်ခုကို ပေးစွမ်းနိုင်၏။
သူ့ရှေ့တွင် ရှိနေသော အစိမ်းဝတ်လူက အလွန်ကြောက်စရာကောင်းလွန်းလှသည်။ မယုံကြည်နိုင်စရာကောင်းလောက်အောင် ကြောက်စရာ ကောင်းနေ၏။ သူ့ခေါင်းထဲတွင် ထိုကဲ့သို့ အတွေးများက ရူးသွပ်စွာ ထွက်ပေါ်လာခဲ့သည်။ ထိုလူက သူ့ဘဝတွင် တွေ့ခဲ့ရသော ပညာရှင်များထဲတွင် အစွမ်းထက်ဆုံး ပြိုင်ဘက်တစ်ယောက်ဟုပင် ခံစားမိနေခဲ့၏။
သူက သိုင်းသခင်များနှင့် ကြုံတွေ့ခဲ့ရသော်လည်း အစစ်အမှန် တိုက်ခိုက်ခဲ့ဖူးခြင်း လုံးဝမရှိချေ။ ထို့ကြောင့် သိုင်းသခင်များ၏ဖိအားက ပြင်းထန်ခြင်းရှိမရှိ သူလည်း သေချာစဉ်းစားနေခဲ့၏။
သူနှင့် ဝိညာဉ်ဖျောက် နတ်ဆိုးသခင်တို့၏ တွေ့ဆုံမှုအကြောင်းကို စဉ်းစားပြီး သူလက်ထဲမှ ပွတ်ကာသီကာ လွတ်မြောက်လာခြင်းနှင့် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုလျှင် သူ၏ပင်မဝိညာဉ်အပေါ် ထိုလူပေးနိုင်သော ဖိအားက အဆပေါင်းများစွာ ပိုသာနေသည်။
သူ၏ရင်ထဲတွင် သွေးများ စီးကျလာသလို ခံစားနေရ၏။ သူ၏ခြေလက်များက အားနည်းသွားပြီး ခေါင်းထဲတွင်လည်း ထိုလူကို ဆန့်ကျင်ရန် လုံးဝမဖြစ်နိုင်သလို အတွေးများကို ကျော်လွှားရန် ကြိုးစားနေခဲ့၏။ သူက တိုက်ခိုက်ရန် ဆန္ဒများပင် ပေါ်လာနိုင်ခြင်း မရှိချေ။
ထိုလူ၏ ကြောက်စရာကောင်းသော သဘာဝနှင့် သူ၏ ဝိညာဉ်အပေါ် ပေးနေသော ဖိအားတစ်ခုတည်းကပင် သူ့ကို ရှုံးနိမ့်သွားရန် တွန်းအားပေးနေခဲ့ခြင်းပေလော။ အနည်းဆုံးတော့ အမှောင်ဓားသခင်ကလည်း အတွေ့အကြုံရှိသော ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက် ဖြစ်သည်။ သူက ထိုကဲ့သို့ လွှမ်းမိုးမှုမှ အကောင်းဆုံး ရုန်းထွက်ရန် ကြိုးစားနေခဲ့၏။
ရုတ်တရက်ဆိုသလို သူ့မျက်လုံးထဲတွင် အစိမ်းဝတ်လူ၏ ပုံရိပ်က လျင်မြန်စွာ ကြီးထွားလာပြီး မြင်ကွင်းတစ်ခုလုံးတွင် ပြည့်နှက်လာခဲ့သည်။ ထိုလူက သူ့ရှေ့ကို တခဏအတွင်း ပျံသန်းလာခဲ့၏။ ထို့နောက် ညာဘက်လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ပြီး ဘယ်ဘက်လက်ကတော့ ထီးကိုသာ ကိုင်ထားသေးသည်။
သေးသွယ်ပြီး အစွမ်းထက်သော ထိုလူ၏လက်ဖဝါးက အစက်အပြောက်များမရှိဘဲ အလင်းရောင်များ တလက်လက် တောက်ပနေခဲ့၏။ ထိုအရာက အမှောင်ဓားသခင်ကို ဓားတစ်ချောင်းသဖွယ် ရိုက်ချလိုက်သည်။
ထူးဆန်းစွာပင် ထိုတိုက်ခိုက်မှုက အမှောင်ဓားသခင်ကို သတိပြန်ဝင်လာရန် ကူညီပေးနိုင်ခဲ့၏။ တဖျောက်ဖျောက် ရွာကျနေသော မိုးရေစက်များက နားထဲကို ဝင်ရောက်လာပြီး မြေပြင်ပေါ်မှ မြူခိုးများလည်း ထွက်ပေါ်လာနေခဲ့သည်။
ရေစီးကြောင်းများက လမ်းမအတိုင်း စီးဆင်းသွားကြပြီး အဆောက်အဦးနှင့် လမ်းဘေး (၂) ဖက်တွင် ရှိနေသော အခင်းကျောက်ပြားများကို ဆေးကြောပေးနေခဲ့သည်။ သို့သော် အရာအားလုံးက အလွန်နှေးကွေးနေပြီး သည်းထန်စွာ ရွာသွန်းနေသော မိုးများကလည်း တစ်စက်ချင်းဆီ ကျနေသည့် ပျားရည်စက်များကဲ့သို့ ဖြစ်နေခဲ့၏။
အဘိုးအိုကတော့ သေခါနီး ဖားတစ်ကောင်ကဲ့သို့ဖြစ်နေပြီး သူ၏ပတ်ပတ်လည်တွင် နည်းနည်းချင်းဆီ ပြည့်နှက်လာနေခဲ့သည်။ မိုးရေစက်များ၏ ကြားထဲတွင် ကွာဟမှု တစ်ခုရှိနေပြီး ထိုအရာက ကလေးချော့တေးသံကဲ့သို့ ဖြစ်နေ၏။
တုံ့ဆိုင်းနေသော ပတ်ဝန်းကျင်၊ ကမ္ဘာကြီး၊ ခန္ဓာကိုယ်နှင့် ခံစားချက်များက အမှောင်ဓားသခင်ပင် ကွဲပြားမှုကို မပြောနိုင်လောက်အောင် တစ်သားတည်း ဖြစ်နေခဲ့သည်။ သို့သော် သူ့ဆီကို ရောက်လာနေသော လက်ဖဝါးကတော့ ပုံမှန်အရှိန်နှင့် ဖြစ်နေပြီး ပတ်ဝန်းကျင်တွင် ရှိနေသော တုံ့ဆိုင်းမှုများကပင် ထူးဆန်းနေသလို ထင်ရ၏။
လက်ဝါးတိုက်ခိုက်မှုက (၂၃) ချက် ဓားသိုင်းကွက်၏ လှုပ်ရှားမှုများကို တုပ၍ ဖန်တီးထားခြင်း ဖြစ်သည်။ ကျန်းကျိဝေ ပြင်ဆင်ထားသည့် ထိုသိုင်းကျမ်းက အနည်းငယ် ပို၍အားနည်း၏။ သို့သော် ထိုအရာက အပေါ်ယံ တုပထားခြင်းသာ ဖြစ်သည်။
အံ့သြစရာ အကောင်းဆုံးအရာကတော့ ထိုအရာကလည်း အစစ်အမှန် ပုံရိပ်ယောင်တစ်ခု ဖြစ်သည်။ ထိုလက်ဝါးချက်၏ အနှစ်သာရများကတော့ အနတ္တကျိန်စာဖျက်ဓားပညာ၏ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို လှုံ့ဆော်ထားသော အင်မော်တယ် ပုံရိပ်ယောင် (၇) သွယ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီလိုလက်ဝါးချက်က ဘယ်လိုဖြစ်ပြီး ရှိနေရတာလဲ.."
အမှောင်ဓားသခင်က သေခြင်းတရားကို စောင့်နေရသည့်အလား စိတ်ထဲတွင် တုံ့ဆိုင်းလာခဲ့သည်။
သူကတော့ ခေါင်းပေါ်မှ ရိုက်ချလိုက်သော လက်ဝါးချက်ကို မသက်မသာ ကြည့်နေရပြီး ပထမဆုံးအကြိမ်အဖြစ် အန္တရာယ်ခံစားမှုများကလည်း အထွဋ်အထိပ်ကို ရောက်လာခဲ့၏။ သူ့မျက်လုံးရှေ့တွင် ရှိနေသော အစိမ်းဝတ်လူက မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သည်။ သူက သာမန်လူတစ်ယောက် မဟုတ်နိုင်ပေ။
အဆိုးဆုံး အခြေအနေတွင် သူက လက် (၂) ဖက်ကို အတင်းအကျပ် မြှောက်လိုက်ပြီး ဝေလငါးကြီးတစ်ကောင်ကဲ့သို့ ပါးစပ်ဟလိုက်၏။ အမှောင်ထုကြီးက စတင်လှုပ်ရှားလာပြီး ကြောက်စရာကောင်းစွာ လည်ပတ်လာခဲ့သည်။ ထို့နောက် သူက အငွေ့အသက်များကို စုပ်ယူလိုက်၏။
ချက်ချင်းဆိုသလိုပင် ဤကမ္ဘာကြီးထဲ၌ ရှိနေသော ပင်မချီစွမ်းအင်များနှင့် မိုးရေများ၏ အလယ်တွင် ရှိနေသော လက်ဖဝါးစွမ်းရည်များက သူ့ပါးစပ်ထဲသို့ ပြန်ရောက်သွားခဲ့၏။ သူ့ခန္ဓာကိုယ်နှင့် လက် (၂) ဖက်များကလည်း မူလရှိနေသည့်နေရာကို ပြန်ရောက်သွားခဲ့ပြီး မရပ်မနား စီးဆင်းနေသလို ထင်ရသည်။
မိုးရေကန့်လန့်ကာကြီးကလည်း ပျောက်ကွယ်သွားခဲ့ပြီး လက်ဝါးစွမ်းရည်များက ဖျက်ဆီးခံလိုက်ရ၏။ လေပွေလှိုင်းကြီးတစ်ခုက လမ်းမရှည်ကြီးကို ဖြတ်တိုက်သွားခဲ့ပြီး အရာအားလုံးကို ဆွဲခေါ်သွားသလို ထင်ရသည်။ ထိုလေပွေလှိုင်းကြီး၏ ပင်မအုတ်မြစ်ကတော့ အမှောင်ဓားသခင်ကိုယ်တိုင် ဖြစ်သည်။
ပုံရိပ်ယောင်များ ပျောက်ကွယ်သွားသည့်အတွက် သူက ကမ္ဘာကြီးကို ရှင်းရှင်းလင်းလင်း ပြန်မြင်လာရ၏။ သူက ပြန့်ကျဲနေသော အနက်ရောင်တိမ်တိုက်များ၊ သည်းထန်စွာ ရွာသွန်းနေသော မိုးများနှင့် လမ်းကြားလေး၏အဝတွင် ထီးတစ်ချောင်းကိုင်ထားသော အစိမ်းဝတ်လူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုလူ၏နဖူးပေါ်တွင် ဆံပင်ဖြူ အနည်းငယ်ရှိနေပြီး အလွန်ထင်ရှားသော မျက်နှာပေါက်တစ်ခု ရှိနေသည်။
သူ့ဆီမှ ဘဝကံကြမ္မာ အပြောင်းအလဲများစွာ တွေ့ကြုံခဲ့ရသော လူတစ်ယောက်၏ အငွေ့အသက်မျိုး ထွက်ပေါ်လာနေခဲ့သည်။ သူကတော့ လုံးဝမလှုပ်ရှားခဲ့သည့်အလား နေရာတွင် တိတ်တဆိတ် ရပ်နေခဲ့၏။
မုန့်ချီက ရှေ့သို့ အေးအေးဆေးဆေး လျှောက်လှမ်းလာနေသည်ကို အမှောင်ဓားသခင်က မြင်လိုက်ရသည်။ သူက လမ်းလျှောက်လာသည့်အချိန်တွင်ပင် အလွန်လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုတစ်ခု ပေးနိုင်ပြီး ဒုက္ခပင်လယ်ကြီးထဲမှ လွတ်မြောက်၍ ခြေတစ်လှမ်းတည်းနှင့် တစ်ဖက်ကမ်းကို ရောက်သွားသလို ခံစားနေရသည်။
သူက တခဏအတွင်း အမှောင်ဓားသခင်၏ရှေ့တွင် ပေါ်လာပြီး လက်ဝါးရိုက်ချက်တစ်ခုက ငှက်မွေးလေးတစ်ခုကဲ့သို့ သူ့ဆီကို ပေါ့ပါးစွာ ရောက်လာခဲ့သည်။ သူက ဝေလငါးကြီးတစ်ကောင်ကဲ့သို့ ဝါးမျိုနေသော အခြေအနေကို လုံးဝလျစ်လျူရှုထားပြီး တဖြည်းဖြည်းနှင့် ဆွဲငင်နေသည့် စွမ်းအားများကို ဖယ်ရှားလိုက်သည်။
လက်ဝါးရိုက်ချက်က လေလှိုင်းများ၊ စွမ်းအားများ၊ သယ်ဆောင်လာခဲ့ခြင်း မရှိချေ။ ထိုအရာက ကမ္ဘာမြေကြီးနှင့်ပင် ဆက်သွယ်ထားခဲ့ခြင်း မရှိချေ။ ထိုလက်ဝါးက ကြွေကျလာသော သစ်ရွက်တစ်ခုကဲ့သို့ သိမ်မွေ့စွာ လွင့်မျောလာခဲ့ခြင်း ဖြစ်သည်။
အမှောင်ဓားသခင်က မျက်မှောင်ကြုတ်လိုက်မိ၏။ သူက သူ့ကိုယ်သူ ထိန်းချုပ်ထားနိုင်ခြင်း မရှိသလို ခံစားလိုက်ရပြီး အစောပိုင်းတွင် တုံ့ဆိုင်းသွားခဲ့သည့် ခံစားချက်များထက်ပင် ပို၍ဆိုးရွားနေကြောင်း ခံစားလိုက်ရသည်။
သူက ရိုးရှင်းသော လက်ဝါးရိုက်ချက်၏ စည်းချက်ကို ဖမ်းဆုပ်နိုင်ခြင်း မရှိခဲ့ပေ။ ထိုလက်ဝါးချက်က နေရာတိုင်း အချိန်တိုင်းတွင် ရှိနေသလို ထင်ရသည်။ သူက ထိုတိုက်ခိုက်မှုကို မည်သည့်နေရာတွင် ရှောင်တိမ်းရမှန်း မသိချေ။
"ကမ္ဘာမြေကြီးထဲမှာ ‘ငါ ထူးခြားမှုနဲ့ အမှန်တရား’က နေရာတိုင်း ၊ အချိန်တိုင်းမှာရှိတယ်…"
အကယ်၍ အမှောင်ဓားသခင်က ဗုဒ္ဓပညာရှင်တစ်ယောက် မဟုတ်လျှင်ပင် ထိုလက်ဝါးချက်ထဲ၌ ပါဝင်နေသော ထူးခြားဆန်းကြယ်သည့် ဓမ္မအနှစ်သာရများကို ခံစားမိနေသည်။ ထိုအရာက အကျင့်စာရိတ္တ ပျက်ပြားနေသော သက်ရှိများအားလုံးကို သီးခြားခွဲထုတ်လိုက်သလို ဖြစ်နေခဲ့၏။
အကြောင်းအရာ (၂) ခုလုံးက ဓမ္မအနှစ်သာရများထဲတွင် တစ်သားတည်း ပေါင်းစပ်သွားခဲ့ပြီး တစ်ခုမရှိဘဲ တစ်ခု မနေနိုင်ခဲ့ပေ။ လက်ဝါးနှင့်လူက တသားတည်း ပေါင်းစပ်သွားခဲ့၏။
ခေါင်းထဲတွင် ထိုအတွေးပေါ်လာသည်နှင့် အမှောင်ဓားသခင်က စိတ်ဓာတ်ကျလာခဲ့သည်။ သူ ခံစားနေရသောအန္တရာယ်က ယခင်တုန်းကထက်ပင် ပို၍နက်ရှိုင်းနေခဲ့၏။ သူက သူ၏စိတ်ဝိညာဉ်ကို မြှင့်တင်ပြီး အကောင်းဆုံးတုံ့ပြန်ရန် ကြိုးစားမည်ဆိုလျှင်ပင် ထိုလက်ဝါးချက်ကို တားဆီးရန် နည်းလမ်းမရှိချေ။ တားဆီးရန်လည်း လုံးဝ မဖြစ်နိုင်ပေ။
မကောင်းသော အတွေးများက သူ၏ခံစားချက်များကို ရုတ်တရက် ဖုံးလွှမ်းသွားခဲ့သည်။ သူက အံကြိတ်လိုက်ပြီး အချုပ်အနှောင်များအားလုံးကို ဖယ်ရှားလိုက်သည်။ အမှန်အတိုင်းပြောရလျှင် သူက သူ့ကိုယ်သူ ဆက်လက်ထိန်းချုပ်ရဲခြင်း မရှိတော့ချေ။
ထိုအချိန်တွင် ယုတ်မာရိုင်းစိုင်းမှုများ သွေးဆာမှုများ ပြည့်နှက်နေသည့် အမှတ်အသားတစ်ခုက သူ၏မျက်ခုံးကြားထဲတွင် ထွက်ပေါ်လာခဲ့၏။ ထိုအမှတ်အသားက ဓမ္မအနှစ်သာရများကို ချက်ချင်း ဖယ်ရှားလိုက်ပြီး မကောင်းဆိုးဝါး ချီစွမ်းအင်များကို စုစည်းလိုက်သည်။
အစက်အပျောက်ကင်းမဲ့သော အဖြူရောင် လက်ဝါးချက်က ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး အကာအကွယ်အလွှာများစွာ၏ နောက်တွင် ပြန်ပေါ်လာခဲ့သည်။
ပြင်ပစွမ်းအားများ အားလုံးကို ဖိနှိပ်နိုင်သည့် အစွမ်းမျိုးရှိနေပြီး ‘ငါ ၊ ထူးခြားမှုနှင့် အမှန်တရား’ သိုင်းကွက်ကို ပင်မအနေနှင့် အသုံးပြုထားသည့်အတွက် ထိုလက်ဝါးချက်က အမှောင်ဓားသခင်၏ နဖူးကို ရိုက်လိုက်မိပြီး နဖူးမှ သွေးများ စီးကျလာခဲ့၏။ သူ၏ခေါင်းထဲတွင် မူးဝေသွားခဲ့ပြီး ပင်မဝိညာဉ်ကလည်း လှုပ်ရှားနေကြောင်း ခံစားလိုက်ရသည်။
အကယ်၍ အနက်ရောင် မကောင်းဆိုးဝါး အမှတ်အသားကသာ သူ့ကို ကာကွယ်ပေးရန် စွမ်းအားများ ထွက်ပေါ်လာခဲ့ခြင်း မရှိလျှင် ရလဒ်က တွေးကြည့်၍ပင် မရနိုင်ပေ။
မကောင်းဆိုးဝါး အမှတ်အသားက ပျောက်ကွယ်သွားခဲ့ပြီး ရောင်စုံအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအရာက အမှောင်ဓားသခင်၏ ခန္ဓာကိုယ်ထဲတွင် မကောင်းဆိုးဝါး ချီစွမ်းအင်များအဖြစ် စုစည်းလာခဲ့သည်။ ထို့နောက် သူက မြေပေါ်မှ မြောက်တက်လာပြီး ဆိပ်ကမ်းဆီသို့ တရှိန်ထိုး ပြေးထွက်သွားခဲ့၏။
"ဟမ်…"
မထင်ထားသည့် ရလဒ်တစ်ခု ပေါ်လာခဲ့သည်။
အမှောင်ဓားသခင်၏ အရံအစီအစဉ်က မုန့်ချီ ထင်ထားသည်ထက်ပင် ကျော်လွန်နေခဲ့၏။ သူက သက်တန့်ရောင် ဓားအလင်းတန်းအဖြစ် ပြောင်းလဲသွားသည့်အတွက် မုန့်ချီက အနည်းငယ် နှေးကွေးသွားခဲ့သည်။ သူက ကန့်လန့်ကာကဲ့သို့ မိုးရေစက်များကို ဖြတ်ကျော်ပြီး အမှောင်ဓားသခင်၏နောက်မှ လိုက်သွားခဲ့၏။
လမ်းတလျှောက်တွင်ရှိနေသော မိုးရေများက အခင်းကျောက်ပြားများကို ရှင်းလင်းဆေးကြောပေးနေသည်။ မိုးရေများက နောက်တစ်ကြိမ် ကျဆင်းလာသည့်အချိန်တွင် အရာအားလုံးက ကနဦးအခြေအနေကို ပြန်ရောက်သွားခဲ့သည်။
ဝေ့ကျင်းအဆင့် ပညာရှင် (၂) ယောက်၏ တိုက်ပွဲကတော့ ပျက်စီးသည့်အစွမ်းမျိုး ဖြစ်မလာခဲ့ပေ။ သူတို့၏စွမ်းအားများကို ချုပ်နှောင်ထားသည့်အတွက် တိုက်ပွဲ၏ထူးခြားမှုက သိသာထင်ရှားနေ၏။ ရောင်စုံအလင်းတန်းက ပင်လယ်ကမ်းစပ်ဆီသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့ပြီး အဝေးတွင် ပျောက်ကွယ်သွားခဲ့သည်။
အမှောင်ဓားသခင်ကတော့ လုံခြုံမှုကို ခံစားခဲ့ရခြင်း မရှိဘဲ မကောင်းဆိုးဝါး တစ်ကောင်ကဲ့သို့သော လူက သူ့နောက်မှ လိုက်လာနေကြောင်း ခံစားနေရသည်။ သူက သိပ်မကြာခင် မီသွားနိုင်၏။ အန္တရာယ်က တဖြည်းဖြည်း နီးကပ်လာနေသည့် အချိန်တွင် သူ၏ခံစားချက်များက ပြင်းထန်လာနေခဲ့သည်။
သူက စိတ်ဓာတ်ကျမှုနှင့် အကြောက်တရားများကို ဖိနှိပ်နိုင်ခြင်း မရှိတော့သည့်အချိန်တွင် သူ့ခန္ဓာကိုယ်က ပေါ့ပါးသွားပြီး ထိုကဲ့သို့သော ခံစားမှုကလည်း ထူးခြားစွာ ပျောက်ကွယ်သွားခဲ့၏။
သူက အံ့သြသွားခဲ့ပြီး ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်ရာ သူနှင့် မလှမ်းမကမ်း ရေထဲတွင် သွားလာနေသော သင်္ဘောတစ်စီးကို တွေ့လိုက်ရသည်။ အလွန်ကြီးကျယ်ခမ်းနားသော (၇) ထပ် သင်္ဘောကြီးက သူ့ရှေ့တွင် ရှိနေခဲ့၏။ ထိုသင်္ဘောပေါ်တွင် အလံများကို လှပစွာ စိုက်ထားပြီး အရှေ့ပင်လယ် ဓားကျေးရွာဟူသော စကားလုံးများကို ရေးသားထားသည်။
"အရှေ့ပင်လယ်က ဟယ်မိသားစုရဲ့သင်္ဘော...။ တကယ်ကို အသက်ကယ်ထွက်ပေါက်တစ်ခု ရှိနေသေးတာပဲ…"
အမှောင်ဓားသခင်က လေပူများကို မှုတ်ထုတ်လိုက်သည်။
"ဒါကြောင့်လည်း ကြောက်စရာကောင်းတဲ့ အစိမ်းဝတ်လူက ဆက်ပြီးလိုက်မလာတာပဲ…"
ရုတ်တရက်ဆိုသလို သူ့မျက်လုံးထဲ၌ ပိုးချည်မျှင်လေးတစ်ခုနှင့် ငါးမျှားချိတ်တစ်ခု ပေါ်လာခဲ့သည်။ သူက ကြည့်လိုက်ရာ သင်္ဘောပေါ်တွင် အဝါရောင်ဆံပင်နှင့် အဘိုးအိုတစ်ယောက်ကို မြင်လိုက်ရ၏။ ထိုအဘိုးအို၏ အငွေ့အသက်များက လှုပ်ရှားမှုများ မရှိချေ။ သူက အမှောင်ဓားသခင်ကို ဤနေရာတွင် ရှိနေသလို သတ်မှတ်မထားချေ။
အမှောင်ဓားသခင်က တခြားနေရာကို ထွက်မပြေးရဲသည့်အတွက် စောင့်နေခဲ့သည်။ ကြောက်စရာကောင်းသော ရန်သူတစ်ယောက်က သူ့နောက်မှ လိုက်လာခဲ့သည့်အချိန်တွင် သူလည်း သင်္ဘောပေါ်သို့ တက်သွားပြီး ကုန်းပတ်ပေါ်သို့ ပျံသန်းသွားခဲ့သည်။
"သခင်လေးက မင်းကို အထဲလာဖို့ ဖိတ်ခေါ်နေတယ်.."
အဘိုးအိုက ငါးမျှားနေရင်း အေးစက်စွာ ပြောလိုက်သည်။
အမှောင်ဓားသခင်က ညွှန်ကြားထားသည့်အတိုင်း အခန်းထဲသို့ ဝင်သွားခဲ့ရာ ပြတင်းပေါက်နားတွင် လူတစ်ယောက် ထိုင်နေကြောင်း တွေ့လိုက်ရသည်။ ထိုလူက ထိုင်နေသည်ကိုပင် သာမန်လူတစ်ယောက်ထက် ခေါင်းတစ်လုံးစာပို၍ အရမ်းမြင့်နေသေး၏။
သူက မတ်မတ်ထိုင်နေပြီး သူ၏မျက်ခုံးနှင့် မျက်လုံးက ဓားတစ်လက်ကဲ့သို့ ဖြစ်နေသည်။ ဤကမ္ဘာကြီးထဲတွင် မည်သူကမျှ သူ့ကို ပြဿနာမရှာနိုင်သည့်အလား ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်များ ပြည့်နှက်နေခဲ့၏။
"တွေ့ရတာဝမ်းသာပါတယ် သခင်လေး…"
ထိုလူက ကိုယ်ပျောက်ဓား ဟယ်ကျူးဖြစ်ကြောင်း အမှောင်ဓားသခင်က မှတ်မိနေခဲ့သည်။
"မင်းက လင်းဟိုင်မှာ ထွက်ပြေးရအောင် ဘာတွေဖြစ်လာတာလဲ.."
ဟယ်ကျူးက တည့်တည့်သာ မေးလိုက်သည်။
အမှောင်ဓားသခင်က ရင်ထဲတွင် လှုပ်ရှားသွားခဲ့ပြီး အခြေအနေတစ်ရပ်လုံးကို ပြောပြလိုက်သည်။ သူက ယွင်သခင်ကြီးနှင့် ပတ်သက်သော သက်သေကို တွေ့ခဲ့ခြင်းနှင့် အလွန်လျှို့ဝှက်ဆန်းကြယ်သော အစိမ်းဝတ်ပညာရှင်က သူ့ကို လိုက်လံသတ်ဖြတ်သည့် အကြောင်းအရာများ ပြောပြခဲ့ခြင်း ဖြစ်သည်။
အစိမ်းဝတ်ပညာရှင်က သူ့ကိုနှုတ်ပိတ်ရန် လိုက်လာသည်ဟု မပြောသော်လည်း ဟယ်ကျူးက ချက်ချင်း တွေးမိခဲ့သည်။ ဟယ်ကျူးက သူ့ရှေ့တွင်ရှိနေသော မှတ်တမ်းကို ပုတ်လိုက်ပြီး တီးတိုးရေရွတ်နေ၏။
"အစိမ်းဝတ်လူရဲ့ လက်ဝါး (၂) ချက်မှာ ကိုယ်ပိုင်အငွေ့အသက်တွေ ရှိနေတယ်။ သူတို့တွေကို တိုင်းတာဖို့ခက်ခဲတယ်။ ပထမဆုံးပုံစံကတော့ ရွှမ်တျန်းဂိုဏ်းရဲ့ ပုံရိပ်ယောင်ခန္ဓာနဲ့ တူတယ်။ ဒါပေမယ့် ဒုတိယတစ်ခုမှာတော့ ငါက ရင်းနှီးတဲ့အရာ တစ်ခုမှ မမြင်ဖူးဘူး။ ဒါကြောင့် သူ့ရဲ့နောက်ကြောင်းကို မပြောနိုင်ဘူး။ မင်းမှာ ဘာသဲလွန်စတွေ ရှိသေးလဲ…"
အမှောင်ဓားသခင်က ခေါင်းခါပြလိုက်သည်။
"ကျွန်တော်လည်း ဒီလိုပညာရှင်တစ်ယောက်ကို လုံးဝမကြားဖူးဘူး…"
ဟယ်ကျူးက တံဆိပ်တုံးနှိပ်ထားသော ကျောက်စိမ်းသိုင်းကျမ်းလေး တစ်ခုကို ထုတ်လိုက်ပြီး အမှောင်ဓားသခင် မြင်လိုက်ရသော အရာများကို ပေါင်းထည့်ပေးလိုက်သည်။ သူက ထိုလူ၏အငွေ့အသက်နှင့် ရုပ်ရည်မှတဆင့် ထိုလူကို စစ်ဆေးကြည့်နိုင်၏။
မဟုတ်လျှင် ထိုလူတစ်ယောက်၏ ပုံစံဖြစ်သော အစိမ်းရောင်ဝတ်စုံနှင့် ခါးပတ်ပြားတစ်ခု၊ ထင်ရှားသော မျက်နှာပုံစံ၊ နဖူးပေါ်တွင် ရှိနေသော ဆံပင်ဖြူများ၊ ချောမောခန့်ညားသည့်ပုံစံ၊ ကံကြမ္မာအတွေ့အကြုံများ ပြည့်နှက်နေသည့်မျက်လုံး၊ လက်ထဲတွင် ထီးတစ်ချောင်း ကိုင်ထားသည့်အရာက ဤကမ္ဘာကြီးထဲတွင် လူပေါင်းများစွာနှင့် ကိုက်ညီနေပါလိမ့်မည်။
အမှောင်ဓားသခင်ကလည်း တိုက်ခိုက်သူကို သိချင်နေခဲ့၏။ လျင်မြန်စွာ စစ်ဆေးကြည့်လိုက်ပြီးနောက် သူက ကျောက်စိမ်းဝါးသိုင်းကျမ်းကို နဖူးပေါ်သို့ တင်လိုက်ပြီး သူ၏အတွေ့အကြုံများ ပေါင်းစပ်လိုက်သည်။
ထိုသိုင်းကျမ်းကို ကြည့်နေရင်း ဟယ်ကျူး၏အမူအရာက ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။ ထို့နောက် သူက သိုင်းကျမ်းကို ပြတင်းပေါက် အပြင်ဘက်သို့ ပစ်လိုက်ရာ ငါးမျှားချိတ်တစ်ခုက ဖမ်းထားလိုက်၏။
ခဏကြာပြီးနောက် သူတို့၏နားထဲတွင် အသက်ကြီးနေသော အသံတစ်ခု ကြားလိုက်ရသည်။
"အဲဒီလူရဲ့အငွေ့အသက်နဲ့ ရုပ်ရည်ကို စစ်ဆေးကြည့်လိုက်မယ်ဆိုရင် အရင်နှစ်တွေတုန်းက ကရုဏာမဲ့နတ်ဆိုး ဖြစ်မယ်ထင်တယ်.."
"သူလား...။ သူ့ရဲ့အစွမ်းက ဒီလောက်တောင် တိုးတက်လာတာပဲ။ သူ့ကို လျှော့တွက်လို့ မရနိုင်ဘူး…"
ဟယ်ကျူးက တွေးတွေးဆဆနှင့် ပြောလိုက်သည်။ သူကတော့ ကရုဏာမဲ့နတ်ဆိုး၏ လက်ရှိအစွမ်းကို ချက်ချင်း စမ်းသပ်ကြည့်ချင်နေပုံရ၏။
"သူ့ကို လျှော့မတွက်သင့်တာ မဟုတ်ဘူး။ သူက မကောင်းဆိုးဝါးတစ်ကောင်လိုပဲ.."
အမှောင်ဓားသခင်က တစ်ယောက်တည်း တွေးလိုက်မိသည်။
ထို့နောက် သူက ပြောလိုက်၏။
"ကျွန်တော်က လမ်းမကနေ ထွက်လာတဲ့ အချိန်ကတည်းကစပြီး ခိုးကြောင်ခိုးဝှက် သွားလာနေရတာ...။ ကျွန်တော်က အလွယ်တကူ သတ်လို့မရနိုင်တဲ့ လူတစ်ယောက်ဆိုတာ ယုံကြည်ချက်ရှိတယ်။ ကရုဏာမဲ့နတ်ဆိုးက ကျွန်တော့်ကို တားဆီးနိုင်တယ်ဆိုတာ ကျွန်တော့်ရဲ့တည်နေရာနဲ့ ပတ်သက်ပြီး သူ့ကို တစ်ယောက်ယောက်က သတင်းပေးလိုက်တာ သေချာတယ်…"
"မင်းရဲ့စိတ်ထဲမှာ သံသယဝင်နေတဲ့လူရှိလား…"
ဟယ်ကျူးက အပြုံးနှင့် မေးလိုက်သည်။
အမှောင်ဓားသခင်က စဉ်းစားပြီး ပြန်ဖြေလိုက်၏။
"အရင်ရက်တွေ အတောအတွင်း ကျွန်တော်က ကျူးမိသားစု၊ တိုင်မိသားစုနှင့် ယွင်မိသားစုက အကြီးအကဲတွေကို တွေ့ခဲ့တယ်။ သူတို့တွေက သံသယဝင်စရာ အကောင်းဆုံးပဲ။ ဒါပေမဲ့ ခြေရာခံလျှို့ဝှက်ကျင့်စဉ်မျိုး မရှိသရွေ့ သူတို့က သိမှာမဟုတ်ဘူး…"
"ဒါဆိုရင် မင်းပုန်းနေတဲ့နေရာကို ဘယ်သူတွေသိလဲ…"
ဟယ်ကျူးကတော့ တည်ငြိမ်ပြီး ယုံကြည်ချက် ရှိနေပုံရသည်။
“ယွင်မိသားစုက သခင်(၁၃) နဲ့ သခင်မ(၇) တို့ပဲ။ ပြီးတော့ ကျွန်တော့်ရဲ့မိတ်ဆွေ သင်္ဘောခေါင်းဆောင်တစ်ယောက်လည်း ရှိသေးတယ်။ သူက ကျွန်တော် ပုန်းမယ့်နေရာကို စီစဉ်ပေးတာ..."
အမှောင်ဓားသခင်က သူ ပုန်းကွယ်နေသည့် နေရာအကြောင်း သိထားသည့် သူများအကြောင်းကို ရိုးရိုးသားသား ပြောပြနေသည်။ ဟယ်ကျူးက သူ့ကို ဖြည်းညင်းစွာ မေးခွန်းများ မေးနေပြီး သူ၏အတွေးများကို ကူညီပေးနေခဲ့သည်။
…………
မုန့်ချီကတော့ ကမ်းစပ်၌ ရှိနေသော လှေဆိပ်တွင် မိုးရေစက်များအောက်၌ ထီးတစ်ချောင်းကို ကိုင်ထားသည်။ သူက ပင်လယ်ထဲတွင် ရွက်လွှင့်နေသော သင်္ဘောကြီးကို ကြည့်နေခဲ့၏။
"စိတ်ဝင်စားစရာပဲ…"
သူက တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက ဖြည်းညင်းစွာ ပြန်လှည့်လာပြီး မြူခိုးထဲတွင် ပျောက်ကွယ်သွားခဲ့၏။
အမှောင်ဓားသခင်၏ နဖူးပေါ်တွင် ထွက်ပေါ်လာသော အနက်ရောင် အမှတ်အသားက သူမြင်ခဲ့ဖူးသော မကောင်းဆိုးဝါးသခင်နှင့် တူညီနေသည်။ ထိုအရာက လုံးဝ မတူညီသော်လည်း (၂) ခုစလုံးက တူညီသော ဇစ်မြစ်တစ်ခုဖြစ်ကြောင်း သေချာပြောနိုင်၏။
သူနှင့် ကူရှောင်စန်းတို့ထက်အရင် မကောင်းဆိုးဝါးသခင်၏အုတ်ဂူကို ဝင်ရောက်ခဲ့သော ဂူဖောက်သမားများက တစ်စုံတစ်ခု ရရှိသွားခြင်းပေလော။ အစတွင်တော့ မုန့်ချီက ရလဒ်ကို အနည်းငယ်လေးသာ ဂရုစိုက်သည်။ သူက အမျိုးသမီး၏ ယုံကြည်မှုကို လျင်မြန်စွာရရှိပြီး လေဟာနယ်မိန်းမပျိုဂိုဏ်းနှင့် ရင်းနှီးလိုခြင်းသာ ဖြစ်သည်။
ထိုသို့ဆိုရာတွင် မကောင်းဆိုးဝါးသခင်နှင့် ပတ်သက်သောအရာတစ်ခုက မတော်တဆ ပေါ်ထွက်လာခဲ့သည့်အတွက် အကြောင်းအရာများက ပို၍ စိတ်ဝင်စားစရာ ကောင်းလာခဲ့သည်။
Translated by Hein Htet.