← Chapters

အခန်း (၆၁၅)

Vol. 41 Ch. 615

အခန်း (၆၁၅)

Vol. 41 Ch. 615

ကျူးမိသားစုစံအိမ်၏ အနောက်ဘက် ဥယျာဉ်ထဲတွင် …

ပိုင်ဟွာမိန်းမပျိုနှင့် ယင်နင်တို့က မုန့်ချီဆီကို နောက်တစ်ကြိမ် ရောက်လာကြသည်။

“ဆရာကြီးကရုဏာမဲ့က အမှောင်ဓားသခင်ကို အဝေးရောက်အောင် ခြောက်လိုက်နိုင်တာ တော်‌‌တော်လေး ထူးခြားတာပဲ…”

သူမက ပြုံးလိုက်ပြီး မျက်လုံးလေးများက တောက်ပနေခဲ့သည်။

ယင်နင်ကလည်း မုန့်ချီကို လေးစားနေခဲ့၏။

မုန့်ချီက သူတို့၏ စကားလုံးများကို လျစ်လျူရှုလိုက်ပြီး ပြန်ဖြေလိုက်သည်။

“သူက မင်းတို့ကို ဘာပြောလိုက်လို့လဲ။ အခု သူက ဘယ်မှာ ပုန်းနေတာလဲ…”

မကောင်းဆိုးဝါး အမှတ်အသားကို မြင်လိုက်ရသည့်အချိန်တွင် သူက အမှောင်ဓားသခင်ကို အမှန်တကယ် ဖမ်းပစ်ချင်နေခဲ့သည်။

“သူက သခင်မ(၇)နဲ့ သခင်(၁၃)တို့ကို သတင်းပို့ခဲ့တယ်။ သူက အသတ်ခံရလုနီးပါး အခြေအနေကြုံခဲ့ရတယ်လို့ ပြောတယ်။ ရန်သူက ယွင်သခင်ကြီး သေဆုံးမှုနဲ့တောင် ပတ်သက်နေနိုင်တယ်လို့ ပြောခဲ့တယ်…”

ပိုင်ဟွာမိန်းမပျိုက ပါးစပ်ကို လက်နှင့်အုပ်ပြီး ပြောလိုက်သည်။

“ရန်သူ ဘယ်သူလဲဆိုတာ အဖြေရှာမတွေ့နိုင်ဘူးဆိုရင် သူက အကြမ်းဖျင်း ဖော်ပြချက်လောက်ပဲ ပြောပြမယ်လို့ ပြောတယ်။ သူ့ရဲ့လက်ရှိတည်နေရာကိုတော့ သခင်မ(၇)နဲ့ သခင်(၁၃)တို့ကတောင် မသိကြသေးဘူး…”

သူ၏ရည်ရွယ်ချက် ပေါ်မသွားစေရန်အတွက် မုန့်ချီကတော့ နောက်ထပ် မေးမြန်းခဲ့ခြင်း မရှိပေ။ သူက ပိုင်ဟွာမိန်းမပျိုကို စိုက်ကြည့်ပြီး အပြုံးနှင့် ပြောလိုက်၏။

“မိန်းကလေးက အကြောင်းပြချက် မရှိဘဲ ငါ့ဆီကို လာမှာ မဟုတ်ပါဘူး။ ဒီနေ့ ချီးကျူးရုံသက်သက် ငါ့ဆီကို ရောက်လာတာလား…”

“ဆရာကြီး ကရုဏာမဲ့က အမျှော်အမြင်ရှိတဲ့ လူတစ်ယောက်ပဲ။ ကျွန်မက ရှင့်ကို မလိမ်ရဲပါဘူး။…”

ပိုင်ဟွာမိန်းမပျိုက မျက်လုံးလေးများကို လှုပ်ရှားလိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။

ထို့နောက် သူက ဝန်ခံလိုက်၏။

“ယွင်သခင်ကြီးက အသတ်ခံခဲ့ရတာလို့ အမှောင်ဓားသခင်က ပြောခဲ့တယ်။ ကျွန်မတို့က အလောင်းကို မမြင်ရပေမဲ့ သခင်(၉)နဲ့ ကျွန်မတို့ကတော့ ဖြစ်နိုင်တယ်လို့ ယူဆတယ်။ ဒါပေမဲ့ အရေးအပေါ် အခြေအနေမျိုး ဖြစ်လာတာကို ကာကွယ်ဖို့အတွက် ကျွန်မတို့က ယွင်သခင်ကြီးသေမသေဆိုတာကို သေချာအောင် လုပ်ဖို့လိုတယ်..”

‘ယွင်သခင်ကြီးက သူ့ရဲ့မိသားစုထဲမှာ လျို့ဝှက်ပြဿနာတွေ ဖြေရှင်းနိုင်ဖို့အတွက် သေချင်ယောင်ဆောင်နေတယ်လို့ သူတို့က သံသယဝင်နေတာပဲ။ တကယ်လို့ ပိုင်ဟွာမိန်းမပျိုကသာ သူသေတာကို အတည်မပြုနိုင်ဘူးဆိုရင် သူက အစီအစဉ်တွေကို ရှေ့ဆက်လုပ်ရဲမှာ မဟုတ်ဘူး…’

“ဒါက ငါနဲ့ ဘယ်လိုပတ်သက်နေတာလဲ။ ယွင်သခင်ကြီးရဲ့သေဆုံးမှုကို အတည်ပြုဖို့အတွက် ယွင်မိသားစုရဲ့တရားဝင် သားသမီးတွေက ပိုပြီးသင့်တော်တယ် မဟုတ်လား…”

မုန့်ချီက ပြတင်းပေါက်ရှေ့တွင် ရပ်နေခဲ့ပြီး လက်တစ်ဖက်နှင့် ပန်းအိုးကို ကိုင်ကြည့်နေသည်။ သူ့လေသံက ခံစားချက်များ ကင်းမဲ့နေ၏။

ယွင်သခင်ကြီးကို ယခုအချိန်ထိ မြှုပ်နှံရခြင်း မရှိသေးပေ။ သူတို့က အင်အားကြီး မိသားစုအသီးသီးမှ လာရောက် အရိုအသေပေးနိုင်အောင် စောင့်နေကြခြင်း ဖြစ်သည်။ သူ၏တရားဝင် သားသမီးများစွာကတော့ ဝမ်းနည်းခြင်းခန်းမကို အလှည့်ကျ စောင့်ကြပ်နေရသည်။ ထို့ကြောင့် သူတို့ကပင် အတည်ပြုရန် လုံလောက်သော အခွင့်အရေးများ ရှိနေနိုင်၏။

“သခင်(၉)က စစ်ဆေးကြည့်ဖို့ သေချာပေါက် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဘာမှ အတည်မပြုနိုင်ခဲ့ဘူး။ သူက ကျွန်မတို့ရဲ့နည်းလမ်းကိုသုံးပြီး အကူအညီပေးစေချင်တာ။ ဒါကြောင့် ကျွန်မက ဆရာကြီး ကရုဏာမဲ့နတ်ဆိုးရဲ့ အကူအညီကို လာတောင်းတာပါ။ ဆရာကြီးက အသက်နုတ်မကောင်းဆိုးဝါး ကျင့်စဉ်ကို ကျွမ်းကျင်ဖူးတယ်လေ။ ဒီတော့ သေတဲ့လူနဲ့ ရှင်တဲ့လူကို ခွဲခြားတဲ့နေရာမှာ သာမန်သိုင်းသခင်တွေထက် ပိုပြီးတော့တော်တယ်။ အခုက ဆရာကြီးရဲ့ အစွမ်းကို ပြရမယ့် အချိန်ရောက်ပြီ…”

ပိုင်ဟွာမိန်းမပျိုက အသေးစိတ် ပြောပြလိုက်သည်။

“ဒီကိစ္စမှာ ဆရာကြီးထက်ပိုပြီး သင့်တော်တဲ့သူကို ကျွန်မတော့ မစဉ်းစားမိဘူး…”

ကရုဏာမဲ့နတ်ဆိုးက ကမ္ဘာကြီးထဲတွင် အလွန်ထူးခြားသော စွမ်းရည်များကြောင့် နာမည်ကျော်ခဲ့ဖူးသည်။ သို့သော် ခရီးများ သွားလာခဲ့ပြီးနောက် သူ၏အစွမ်းက တိုးတက်လာခဲ့၏။ သူက ခွဲခြားရန်အတွက် ထိုစွမ်းရည်များကို အသုံးပြုရန်ပင် မလိုတော့ချေ။ သို့သော် သူက ထိုစွမ်းရည်များကို မေ့လျော့သွားသည်ဟု ဆိုလိုနိုင်ခြင်း မရှိချေ။

မုန့်ချီကလည်း ယွင်သခင်ကြီး သေဆုံးမှုကို အလွန်စိတ်ဝင်စားနေသည့်အတွက် အသက်နုတ်မကောင်းဆိုးဝါး ကျင့်စဉ်ကို လေ့ကျင့်ခဲ့ခြင်း မရှိကြောင်း ပြောရန် တွေဝေနေခဲ့သည်။ သူက ထိုကျင့်စဉ်၏ အပေါ်ယံချီစွမ်းအင် လှည့်ပတ်မှုလမ်းကြောင်းကိုပင် မသိသော်လည်း ခေါင်းညိတ်ပြလိုက်၏။

“ကောင်းပြီလေ။ သွားပြီးကြည့်ပေးမယ်…”

သူက ခဏရပ်လိုက်ပြီး ပြန်လှည့်လာခဲ့သည်။

သူက လက်နောက်ပစ်လိုက်ပြီး ပိုင်ဟွာမိန်းမပျိုဆီသို့ လျှောက်လာခဲ့၏။

“မင်းက ဒီအခွင့်အရေးကို အခွင့်ကောင်းယူပြီး ပြဿနာရှာဖို့တော့ မကြိုးစားနဲ့။ ဒီကိစ္စက ယွင်သခင်ကြီး တကယ် သေမသေဘဲ အတည်ပြုပေးမယ်..”

“ဘာလို့ ဆရာကြီး အဲဒီလို ပြောနေရတာလဲ…”

ပိုင်ဟွာမိန်းမပျို၏ မျက်လုံးများက လှုပ်ရှားသွားခဲ့ပြီး ယင်နင်ကလည်း မျက်လွှာချလိုက်သည်။ သူမက စကားတစ်ခွန်းမျှ မပြောခဲ့ပေ။

“သူ တကယ်ပဲ သေသွားတာဆိုရင် ဘာမှမလိုအပ်ပါဘူး။ ဒါပေမဲ့ တကယ်လို့ သူက သေချင်ယောင်ဆောင်နေတယ်ဆိုရင်တော့ သူ့ရဲ့အစွမ်းနဲ့ ခုခံနိုင်စွမ်းအရ နတ်ဘုရားလက်နက်တွေ ယူလာဖို့ လိုသလို သူ့ကို ထိခိုက်အောင်လုပ်ဖို့ ဓမ္မကာရတစ်ဝက်အဆင့် ပညာရှင် တစ်ယောက်ကိုလည်း ခေါ်လာရလိမ့်မယ်..”

မုန့်ချီက ပြောလိုက်၏။

ပိုင်ဟွာမိန်းမပျိုက အားတင်း၍ ပြောလိုက်သည်။

“ကျွန်မတို့ဂိုဏ်းက သေးသေးလေးပါပဲ။ ကျွန်မတို့မှာ နတ်ဘုရားလက်နက် မရှိသလို ဓမ္မကာရတစ်ဝက်အဆင့်လည်း မရှိပါဘူး။ ဒါကြောင့် ဆရာကြီးက စိတ်အေးအေးထားပါ…”

သူမက တွေဝေစွာ ပြုံးလိုက်မိသည်။

“အဲဒါဆိုရင်တော့ အကောင်းဆုံးပဲ။ ငါက ဝေ့ကျင်းတစ်ဝက်အဆင့် အပျိုစင် လူသားမီးဖိုတစ်ယောက်ကိုပဲ တောင်းဆိုတာပါ။ တကယ်လို့ အရမ်းအန္တရာယ်များရင်တော့ ငါက အချိန်မရွေး ထွက်သွားမှာပဲ…”

မုန့်ချီက ယင်နင်ကို စိုက်ကြည့်လိုက်သည်။

“ကျွန်မက ကောင်းမွန်တဲ့ လူသားမီဖိုတစ်ယောက် ဖြစ်မယ်ဆိုတာ သေချာပါတယ်။ အကြီးအကဲက စိတ်အေးအေးထားပါ…”

ယင်နင်က ချက်ချင်း ပြန်ဖြေလိုက်သည်။ စိတ်ဓာတ်ကျနေသော သူမ၏အမူအရာက အလွန်သနားစရာကောင်း၏။

ယွင်မိသားစု စံအိမ်ထဲတွင် -

မုန့်ချီက သူ၏ဝတ်ရုံကြီးကို မလိုက်ပြီး အနည်းငယ် မသက်မသာ ခံစားနေရ၏။ အဆုံးတွင်တော့ သူက ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ ဟန်ဆောင်နေရသည်။

မုန့်ချီ၊ ပိုင်ဟွာမိန်းမပျိုနှင့် ယင်နင်တို့ကို သခင်(၉)က လျို့ဝှက်ခေါ်ဆောင်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့က အရှေ့ပင်လယ် ကျွန်းတစ်ကျွန်းမှ တမန်တော်များအဖြစ် ဟန်ဆောင်၍ အရှေ့တံခါးပေါက်မှ ဝင်ရောက်လာခဲ့ရ၏။ ထိုသို့ဆိုမှသာ သူတို့က အရေးပေါ် အခြေအနေများကို ကာကွယ်နိုင်ပါလိမ့်မည်။ မည်သို့ဖြစ်စေကာမူ ပုန်းအောင်းနေသော လျို့ဝှက်အင်အားစုများ ရှိနေ၏။

လူတစ်ယောက်က ဝမ်းနည်းခြင်းခန်းမကို စောင့်ကြည့်နေခြင်းရှိမရှိ မည်သူကမျှ သေချာ မသိနိုင်ပေ။ ထို့ကြောင့် သခင်(၉)က မဆင်မခြင် မလှုပ်ရှားရဲခြင်းပင် ဖြစ်၏။ လျှပ်ပြေးကျွန်းက အရှေ့ပင်လယ်၏အတွင်းပိုင်းထဲတွင် ရှိနေပြီး နာမည်ဂုဏ်သတင်း ကျော်ကြားမှု မရှိချေ။ သို့သော် လျှပ်ပြေးကျွန်းက ယွင်မိသားစုနှင့် စီးပွားရေးများ လုပ်ဆောင်ဖူးသည့်အတွက် သူတို့က ဝမ်းနည်းခြင်း အထိမ်းအမှတ်တမန်တော်များ စေလွှတ်ရန် ဖြစ်နိုင်သည်။

မုန့်ချီ၏ရှေ့တွင်တော့ အစစ်အမှန် လျှပ်ပြေးကျွန်းမှ တမန်တော်တစ်ယောက် ရှိသည်။ သူကတော့ ပြိုင်ဘက်ကင်းသိုင်းပညာရှင် တစ်‌ယောက်ဖြစ်ပြီး အစောင့်အရှောက် သိုင်းပညာရှင် တစ်ယောက် ဖြစ်သည့် လက်တစ်သန်း ဖြစ်သည်။ တခြားသော အစောင့်အရှောက်ကတော့ လက်တစ်ထောင် ဖြစ်၏။

ထိုတမန်တော်က ပိုင်ဟွာမိန်းမပျိုနှင့် ယင်နင်တို့ကို သိနေသည့်အတွက် လျှပ်ပြေးကျွန်းက လေဟာနယ်မိန်းမပျိုဂိုဏ်း၏ ဖုံးကွယ်မှုတစ်ခုဟု မုန့်ချီက သံသယ ဝင်နေခဲ့သည်။ ထို့ကြောင့် သူတို့၏တပည့်များဆီတွင် ဟာကွက်များ မရှိပေ။

မုန့်ချီကတော့ သူ၏မျက်နှာနှင့် ဂုဏ်သတင်းကို တန်ဖိုးထားပုံရသည်။ ထို့ကြောင့် မုန့်ချီက ပေါ်မသွားစေရန်အတွက် လျှပ်ပြေးကျွန်း၏ ကျောင်းဆောင်တစ်ခုတွင် နေထိုင်သော ဘုန်းတော်ကြီးတစ်ပါးဟုသာ ပြောခဲ့၏။ သူက သေဆုံးသွားသူများကို ကောင်းမွန်ရာသို့ ပို့ဆောင်ပေးရာတွင် ပညာရှင်တစ်ယောက်ဟုလည်း ပြောခဲ့သည်။

ထိုသို့ နည်းလမ်းဖြင့် မုန့်ချီက အခေါင်းနားကိုကပ်ရန် အကြောင်းပြချက်တစ်ခု ရနိုင်၏။ မည်သို့ဖြစ်စေကာမူ ယနေ့ ဝမ်းနည်းခြင်းခန်းမကို သခင်(၉)က စောင့်ကြည့်နေရသည်။

အဝါရောင်ဝတ်စုံနှင့် အနီရောင်ခြုံလွှာ ဝတ်ဆင်ထားသော မုန့်ချီက ရှေ့ကို တည်ငြိမ်စွာ လျှောက်လာခဲ့၏။ သူက သူ၏အငွေ့အသက်ကို ဖုံးကွယ်ပြီး ပြောင်းလဲထားသည့်အတွက် သူက ကရုဏာမဲ့နတ်ဆိုးဖြစ်ကြောင်း တခြားသူများက ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။

မုန့်ချီကတော့ အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်နှင့် ရုပ်ပြောင်းရုပ်လွှဲ မလုပ်ဘဲ ပုံမှန်ရုပ်ဖျက်ခြင်း နည်းလမ်းကိုသာ သုံးထားခဲ့သည်။ မဟုတ်လျှင် ပိုင်ဟွာမိန်းမပျိုနှင့် ယင်နင်တို့က သူ့ကိုပင် သံသယဝင်လာနိုင်၏။

တုံးထားသော ခေါင်းတုံးကတော့ သူ၏သက်ရှိဖန်တီးခြင်း စွမ်းရည်အရ စက္ကန့်ပိုင်းအတွင်း ပြန်ပေါက်လာနိုင်သည်။ ယွင်မိသားစုစံအိမ်၏ နေရာတိုင်းတွင် လူများပြည့်နှက်နေပြီး လူတိုင်းက ဝမ်းနည်းခြင်းဝတ်စုံ ဝတ်ဆင်ထားကြသည်။ ခန်းမထဲတွင် တွေ့နေရသောလူတိုင်းက အစစ်ဖြစ်စေ၊ အတုဖြစ်စေ၊ ဝမ်းနည်းနေကြသည်။

ခဏကြာလမ်းလျှောက်လာပြီးနောက် မုန့်ချီနှင့် အခြားသူများက ဝမ်းနည်းခြင်းခန်းမထဲကို ရောက်လာကြ၏။ သခင်(၉)က ဝမ်းနည်းခြင်းဝတ်စုံနှင့် တံခါးတွင် ရပ်နေပြီး ဧည့်သည်များကို ကြိုဆိုနေခဲ့သည်။

သူက သက်လတ်ပိုင်းအရွယ်ရှိပြီး သေးငယ်သည့် မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထား၏။ သူက ယဉ်ယဉ်ကျေးကျေး ဦးညွှတ်၍ မေးလိုက်သည်။

“ဒီကကိုယ်တော်က ဘယ်သူပါလဲ…”

လက်တစ်သန်းပညာရှင်က ပြန်ဖြေလိုက်သည်။

“ငါတို့ကျွန်းပေါ်မှာရှိတဲ့ ကျောင်းဆောင်မှာ သီတင်းသုံးတဲ့ ဆရာတော် ဖာကျန်းလို့ ခေါ်တယ်။ သူက ဘဝကူးပြောင်းပေးတဲ့ကိစ္စတွေမှာ ပညာရှင် တစ်ယောက်ပဲ။ ဒါကြောင့် သူက အကူအညီပေးနိုင်မလား သိချင်တဲ့အတွက် ငါက သူ့ကိုဖိတ်ခေါ်ထားခဲ့တာ…”

ဤကမ္ဘာကြီးထဲတွင် အစစ်အမှန် သန့်စင်နယ်မြေများ ရှိနေသည့်အတွက် ဘဝကူးပြောင်းခြင်းက အစစ်အမှန်ကိစ္စတစ်ခု ဖြစ်သည်။ သူတို့က ဗုဒ္ဓလမ်းစဉ်နောက်လိုက်များ မဟုတ်ကြသော်လည်း တခြားသော သားသမီးမြေးမြစ်များကတော့ ထိုဘုန်းတော်ကြီးကို ကျေးဇူးတင်၍ ဦးညွှတ်နေကြ၏။

“ကျွန်တော်တို့က အစီအစဉ်တချို့ လုပ်ထားတယ်။ ဒါပေမဲ့ ကိုယ်တော့်ကိုတော့ ဒုက္ခမပေးရဲဘူး။ အစီအစဉ်တွေက အဆင်ပြေမပြေ ကိုယ်တော်က စစ်ဆေးကြည့်နိုင်ပါတယ်…”

သခင်(၉)က လှိုက်လှိုက်လှဲလှဲ မရှိသော်လည်း ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။ တခြားသူများ၏ မျက်လုံးထဲတွင်တော့ သခင်(၉)က ထိုကဲ့သို့အရာမျိုးကို စိတ်ဝင်စားပုံ မရချေ။ သူက ယဉ်ကျေးမှုအရ ပြောလိုက်ခြင်းသာ ဖြစ်နိုင်၏။

မုန့်ချီက လက်အုပ်ချီလိုက်ပြီး အော်မီတော်ဖော်ဟု ရေရွတ်လိုက်သည်။ သူက သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားခဲ့ပြီး တိတ်ဆိတ် ငြိမ်းချမ်းသော အငွေ့အသက်များ ထုတ်လွှတ်၍ ဝမ်းနည်းခြင်းခန်းမထဲသို့ ရောက်သွားခဲ့၏။

တချိန်တည်းတွင် သူက ကမ္ဘာကြီး၏ ချီစွမ်းအင်များကို ခံစားကြည့်နေခဲ့သည်။ သူက ပတ်ပတ်လည်ကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်ပြီး အခေါင်းနားသို့ ကပ်သွားခြင်းမှ ရှောင်ကျဉ်လိုက်၏။

ထိုဘုန်းတော်ကြီးအား သင့်တော်သောကျင့်ဝတ်များကို လိုက်နာနေသည့်အတွက် ဝမ်းနည်းခြင်းခန်းမထဲတွင် ရှိနေသော ဧည့်သည်များအားလုံးက ရင်ထဲတွင် ချီးကျူးနေမိကြသည်။

သို့သော် အမှန်အတိုင်းပြောရလျှင် မုန့်ချီ၏ မျက်လုံးများက မည်းမှောင်နေခဲ့၏။ တောက်ပသော ကြယ်အလင်းတန်းများစွာကလည်း သူ၏မျက်လုံးထဲတွင် ရှိနေသလို ထင်မှတ်ရသည်။ သူက သာမန်ကမ္ဘာကြီးတစ်ခုကို မမြင်ရတော့ဘဲ ကြယ်အလင်းတန်းများ ရောယှက်နေသည့် လျို့ဝှက်ဆန်းကြယ်သော ကမ္ဘာကြီးတစ်ခုကိုသာ မြင်နေရသည်။

သူက ကံကြမ္မာကွင်းဆက် နှလုံးကျင့်စဉ်ကို တိတ်တဆိတ် ရွတ်ဆိုနေခြင်း ဖြစ်သည်။ ကံကြမ္မာအငွေ့အသက် အနည်းငယ်က အခေါင်းထဲတွင် လှုပ်ရှားနေပြီး လေထဲတွင် လွင့်နေခဲ့သည်။ သူတို့က လေဟာနယ်ထဲမှ ရောက်ရှိလာပြီး ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့၏။

တချို့ကတော့ အလောင်းဆီကို ရောက်လာပြီး တချို့ကတော့ မထင်မရှားနေရာ တချို့သို့ ပျံ့နှံ့သွားခဲ့၏။ သူတို့က တခြားဘဝတွင် အချင်းချင်း ရောယှက်နေသလို ထင်မှတ်ရသည်။

ခဏကြာစစ်ဆေးကြည့်လိုက်ပြီးနောက် မုန့်ချီက တီတိုးရေရွတ်လိုက်မိသည်။

“ယွင်သခင်ကြီးက အတွင်းထဲမှာ တကယ်ပဲ ရှိနေတယ်။ ပြီးတော့ ကံကြမ္မာကြိုးမျှင်တွေ အများစုက ပြတ်နေပြီး ကမ္ဘာကြီးနဲ့ ဆက်သွယ်မနေတော့ဘူး။ ဒါဆိုရင်တော့ ယွင်သခင်ကြီးက သေချာပေါက် သေပြီလို့ ပြောရမှာပဲ။ ကံကြမ္မာတွေရဲ့ ပတ်သက်မှုအရတော့ သူက သေသွားပြီ။ သူက သက်တမ်းရှည် ဆေးရည်တွေ လဲလှယ်ခဲ့ပေမဲ့ သဘာဝအတိုင်း သေသွားခဲ့တာ…”

မုန့်ချီက ကျန်ရှိနေသော ကံကြမ္မာကြိုးမျှင်များကို စိုက်ကြည့်နေခဲ့သည်။ သီးသန့် အခြေအနေများကို စိုးရိမ်နေခြင်း မရှိသော်လည်း တချို့ကံကြမ္မာများကတော့ တခြားနေရာမှ ရောက်လာကြောင်း ပြောပြနိုင်သည်။ သေဆုံးခြင်းကို ခွဲခြား၍လည်း မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အမည်မသိ ကံကြမ္မာများ ရောယှက်နေခြင်းကြောင့် ဖြစ်၏။

ထိုအရာက သေဆုံးသူ၏ ကံကြမ္မာတချို့လည်း ဖြစ်သည်။ အချိန်ကြာလာလျှင် ကံကြမ္မာကြိုးမျှင်များအားလုံးက ပျောက်ကွယ်သွားနိုင်ပြီး ကံကြမ္မာကွင်းဆက် လေ့ကျင့်ထားသော မုန့်ချီကပင် မြင်တွေ့ရန် မဖြစ်နိုင်တော့ပေ။ သေဆုံးသွားသော ကံကြမ္မာကြိုးမျှင်များကိုကြည့်ပြီး မုန့်ချီက နောက်ပိုင်းမှာသာ လေ့လာရန် ဆုံးဖြတ်လိုက်သည်။

သူက အကြည့်ကို ရုတ်သိမ်းလိုက်ပြီး သူ၏မျက်လုံးများက ပုံမှန် ပြန်ဖြစ်သွားခဲ့၏။ ယခု သူက ဝမ်းနည်းခြင်းခန်းမထဲတွင် တိတ်ဆိတ်နေပြီး ဧည့်သည်များအားလုံးက သူ့ကို စိုက်ကြည့်နေကြောင်း ခံစားမိနေခဲ့၏။

“ဒီဘုန်းတော်ကြီးက တကယ့်ကို အရည်အချင်းရှိတဲ့ ဗုဒ္ဓဘုန်းတော်ကြီး တစ်ပါးပဲ။ ငါက သူ့အပေါ် ရိုင်းမိခဲ့တယ်…”

သခင်(၉)က သူ၏အေးစက်သော သဘောထားကို ပြောင်းလဲလိုက်ပြီး အလွန်လေးစားလာခဲ့သည်။

ထိုအချိန်တွင် သူက ဝမ်းနည်းခြင်းခန်းမထဲ၌ ချီစွမ်းအင်လှုပ်ရှားမှုတစ်ခုကို ခံစားမိခဲ့သည်။ သူက ထိုချီစွမ်းအင်၏ လျှို့ဝှက်ဆန်းကြယ်မှုများကို သေချာမမြင်ရပေ။ လှုပ်ရှားမှုလမ်းကြောင်းအတိုင်း ကြည့်လိုက်သည့်အချိန်တွင် ဆရာတော်ဖာကျန်း၏ အငွေ့အသက်များက လျှို့ဝှက်ဆန်းကြယ်ပြီး ကမ္ဘာမြေကြီးထက်ပင် ပို၍မြင့်မားနေကြောင်း တွေ့လိုက်ရသည်။

ထိုအငွေ့အသက်က ကြည်လင်သန့်စင်နေပြီး သာမန်အမျိုးအစားနှင့် ကွဲထွက်နေသည်။ ထိုအရာက ခန့်မှန်း၍ မရနိုင်သော်လည်း ဗုဒ္ဓခံစားမှုကြောင့် မုန့်ချီက အစစ်အမှန် ဘုန်းတော်ကြီးတစ်ပါးဟု သူလည်း ယုံကြည်လာခဲ့သည်။ သူက မုန့်ချီကို အပေါ်ယံ သဘောထားခြင်း မရှိတော့ချေ။

ခန်းမထဲတွင် ရှိနေသော လူတိုင်းကလည်း သတိပြန်ဝင်လာကြပြီး ဘုန်းတော်ကြီးကို ကျေးဇူးတင်စကားပြောလိုက်၏။ လူတိုင်းက လေးစားပြီး အံ့သြနေကြသည်။

ပိုင်ဟွာမိန်းမပျိုက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်၏။

“ဆရာကြီး ကရုဏာမဲ့နတ်ဆိုးမှာ တကယ်ပဲ ထူးခြားတဲ့အစွမ်းတွေ ရှိနေတာပဲ။ ဆရာကြီးက ယွင်သခင်ကြီးရဲ့သေဆုံးမှုကို အတည်ပြုနိုင်ပြီလား…”

“သူ သေသွားပြီ…”

မုန့်ချီက ယုံကြည်ချက်ရှိရှိ ပြန်ဖြေလိုက်သည်။

“ဟုတ်လား။ ဒါဆိုရင်တော့.....”

ပိုင်ဟွာမိန်းမပျိုက တီးတိုးရေရွတ်လိုက်ပြီး ဆက်မပြောခဲ့ပေ။

သူမက လက်တစ်သန်းပညာရှင်ကို လှည့်ကြည့်လိုက်ပြီးနောက် ဝမ်းနည်းခြင်းခန်းမထဲမှ ထွက်လာခဲ့၏။

ထိုအချိန်တွင် အသံတစ်ခု ကြားလိုက်ရသည်။

“အရှေ့ပင်လယ်ဓားကျေးရွာက သခင်လေး ဟယ်ကျူး၊ တိုင်ရှန်အကြီးအကဲ ဟွမ်တိုက်ချုံနဲ့ အကြီးအကဲဟယ်ရှိုတို့ ရောက်လာပါတယ်…”

“ဟယ်ကျူးက ရောက်လာပြီလား။ ဒီလောက်မြန်မြန် ရောက်လာတာလား။ အရှေ့ပင်လယ်ဓားကျေးရွာက လူတွေက နောက်ဆုံးမှပဲ ရောက်လာသင့်တာ မဟုတ်လား…”

“သခင်လေးနဲ့ သိုင်းသခင် (၂)ယောက်။ တော်တော်အစွမ်းထက်တဲ့ အဖွဲ့တစ်ခုပဲ။ သက်တော်ရှည်အင်မော်တယ်ဘိုးဘေးကလည်း ဒီနေရာကို ရောက်လာပြီ..”

မုန့်ချီက ရှုပ်ထွေးနေခဲ့ပြီး ဝမ်းနည်းခြင်းခန်းမထဲတွင် ရှိနေသော လူတိုင်းကလည်း အံ့သြနေကြသည်။

သခင်(၉)ကတော့ အလွန်ထိတ်လန့်ပြီး သံသယဝင်နေသော်လည်း သူတို့ကို တံခါးဝတွင် ကြိုဆိုလိုက်၏။

သိပ်မကြာခင် အညိုရောင်ဆံပင်နှင့် အဘိုးအိုတစ်ယောက်၊ မျက်နှာပျက်နေသော ဟယ်ရှိုတို့က ဝမ်းနည်းခြင်းခန်းမထဲသို့ ဝင်လာခဲ့ကြသည်။ ထို့ပြင် အမှောင်ဓားသခင်ကလည်း သူတို့နှင့် လိုက်လာခဲ့ကြသည်။

“အမှောင်ဓားသခင်…”

မုန့်ချီက နောက်ကို တိတ်တဆိတ် ပြန်ဆုတ်သွားမိသည်။

“သူက ဒီလိုအခြေအနေမျိုးမှာ ပြန်လာခဲ့တယ်ဆိုတော့ ငါ့ရဲ့ရိုးရှင်းတဲ့ လှည့်စားမှုက သူ့ကို လှည့်စားနိုင်ပါ့မလား..”

သို့သော် အမှောင်ဓားသခင်က မုန့်ချီကို အာရုံစိုက်နေခြင်း မရှိဘဲ အခေါင်းကိုသာ တည့်တည့် စိုက်ကြည့်နေခဲ့သည်။

“သူကလည်း မိသားစုသခင်ရဲ့ သေဆုံးခြင်းကို အတည်ပြုဖို့ ရောက်လာတာပဲ…”

မုန့်ချီက နားလည်သွားခဲ့၏။

ဟယ်ကျူးက အခန်း၏ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်၏။

“ဒီဘုန်းတော်ကြီးက ဘယ်သူလဲ…”

တချိန်တည်းတွင် သူက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ဟွမ်တိုက်ချုံ၊ ဟယ်ရှိုနှင့် အမှောင်ဓားသခင်တို့ကို ပြောလိုက်သည်။ ထိုဘုန်းတော်ကြီးက ထူးထူးဆန်းဆန်း ရင်းနှီးနေသော်လည်း သူ ဘယ်သူဖြစ်ကြောင်း ပြောပြနိုင်ခြင်း မရှိချေ။

“သူက လျှပ်ပြေးကျွန်းမှာ သီတင်းသုံးတဲ့ ဘုန်းတော်ကြီး ဖာကျန်းပါ…”

ယွင်ဖေးရန်က သူ့ကို မိတ်ဆက်ပေးလိုက်သည်။

“ငါ့ဆီမှာလည်း ထူးဆန်းတဲ့ ခံစားမှုတစ်ခု ရှိနေတယ်…”

ဟွမ်တိုက်ချုံက လျှို့ဝှက်အသံ ပို့ဆောင်မှုနှင့် ပြန်ပြောလိုက်၏။

အရှေ့ပင်လယ်ဓားကျေးရွာကို ဂိုဏ်းခွဲ(၅)ခွဲ ခွဲထားသည်။ ဂိုဏ်းခွဲများက တလှည့်ဆီ တာဝန်ယူထားရ၏။ ဟယ်ကျူးက သခင်လေး ဖြစ်လာသည့် အချိန်ကတည်းကစပြီး ဟယ်မိသားစု ဂိုဏ်းခွဲက သီးခြားစွမ်းအားများ ပိုင်ဆိုင်ထားကြသည်။

ဟွမ်တိုက်ချုံက တခြားသော ဂိုဏ်းခွဲဖြစ်သည့် ဓားတစ်သန်းဂိုဏ်း၏ အရှင်သခင် ဖြစ်သည်။ ထို့ပြင် သူက မြေပြင်မှတ်တမ်းတွင် စာရင်းဝင်နေသူ တစ်ယောက်လည်း ဖြစ်၏။ ရုတ်တရက်ဆိုသလို သူက မုန့်ချီကို စိုက်ကြည့်နေပြီး သူ၏ဖုံးကွယ်ထားသော အငွေ့အသက်များကို ဖောက်မြင်နေသလို ထင်မှတ်ရသည်။

Translated by Hein Htet.

All Chapters