အခန်း (၆၁၆)
Vol. 42 Ch. 616
မုန့်ချီက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ သူ့အကြောင်း မေးနေသည်ကို ကြားသည့်အခါ သူ့ရင်ထဲတွင်လည်း တဒိန်းဒိန်း ဖြစ်လာခဲ့၏။
“သူက ငါ့ကို သတိထားမိသွားခဲ့တာလား…”
အမှောင်ဓားသခင်နှင့် မတူညီသည်မှာ အရှေ့ပင်လယ်ဓားကျေးရွာမှ ဓားသိုင်းကျမ်းများက ကျင့်ကြံသူ၏မသိစိတ်ကို ပြောင်းလဲပေးနိုင်သည်။
ထိုအရာက ကျန်းကျိဝေ ပြောသည့်စကားနှင့် တူညီနေ၏။
‘သူတို့ရဲ့ဓားကို ရိုးရိုးသားသား ကိုင်ဆောင်တဲ့သူတွေမှာ လှိုက်လှဲတဲ့ နှလုံးသားတစ်ခု ရှိကြတယ်။ ဆောင်းရာသီမှာ လေလှိုင်းလေးတွေက အရာအားလုံးကို တိုက်ခတ်သွားသလိုမျိုးပဲ။ သူတို့က အရာအားလုံးကို သိနိုင်ကြတယ်။ ကျင့်ကြံသူတစ်ယောက်က ရန်သူ၏ချီစွမ်းအင် လှုပ်ရှားမှုများကို မြင်လိုက်ရုံနှင့် ရန်သူကို ချက်ချင်းဖော်ထုတ်နိုင်တယ်…..’
“ငါက ဘာလုပ်သင့်လဲ…”
မုန့်ချီကတော့ အခွင့်အရေးယူရန် စဉ်းစားနေခဲ့ခြင်း မရှိဘဲ ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်လာခဲ့သည်။ သူကတော့ အရှေ့ပင်လယ်ဓားကျေးရွာနှင့် ယွင်မိသားစု၏ ပတ်သက်မှုကြောင့်ဟု သူက တွေးခဲ့မိ၏။
အကယ်၍ ဟယ်ကျူးကသာ အမှောင်ဓားသခင်ကို ယုံကြည်ပြီး ယွင်သခင်ကြီး၏ သေဆုံးမှု အမှန်တရားကို ရှာဖွေရန် ဆုံးဖြတ်ထားမည်ဆိုလျှင် သူက ယွင်မိသားစုဆီကို တိုက်ရိုက်လာရောက်ပြီး သူတို့၏ရည်ရွယ်ချက်ကို ရှင်းပြ၍ ယွင်သခင်ကြီး၏သေဆုံးမှုကို ပွင့်ပွင့်လင်းလင်း အတည်ပြုလိမ့်မည်ဟု ယုံကြည်နေခဲ့သည်။
ယွင်မိသားစုထဲတွင် ရှိနေသော မည်သူကမျှ ထိုအရာကို ကန့်ကွက်လိမ့်မည်မဟုတ်ဟု မုန့်ချီက ယူဆနေခဲ့သည်။ ဘာကြောင့် ဟယ်ကျူးက ငိုကြွေးနေသည့်အချိန်တွင် စောစောရောက်လာပြီး တိတ်တဆိတ် စုံစမ်းနေရသနည်း။ သူကတော့ ဟယ်ကျူး၏ ရည်ရွယ်ချက်ကို မှားယွင်းသုံးသပ်မိခဲ့ပြီး ရလဒ်အနေနှင့် ပိုင်ဟွာမိန်းမပျို၏ တောင်းဆိုချက်ကို လက်ခံခဲ့သည်။
“တောင်းဆိုလိုက်မယ်ဆိုရင် ယွင်မိသားစုရဲ့ခံစားချက်ကို ထိခိုက်သွားမှာမျိုး ဟယ်ကျူးက စိုးရိမ်နေတာလား။ ဒါမှမဟုတ် သူတို့ကို မောင်းထုတ်မှာ ကြောက်တာလား။ လျို့ဝှက်ချက်တချို့ကို သိနေတဲ့အတွက် မဆင်မခြင် မလုပ်တာလား…”
မုန့်ချီက ဟယ်ကျူး၏ ခံစားချက်များကို ဖော်ထုတ်ရန် ခက်ခဲနေကြောင်း တွေ့လိုက်ရသည်။ သို့သော် လက်ရှိအခြေအနေက အန္တရာယ်များနေသည့်အတွက် မုန့်ချီက သူ့ကိုယ်သူ အရင်ကယ်တင်ရမည် ဖြစ်၏။
“အခုအချိန်မှာ အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကို သုံးလိုက်မယ်ဆိုရင် ငါ ဆိုတာ ပေါ်သွားလိမ့်မယ်။ ဟယ်ကျူးက ငါ့ရဲ့ဖုံးကွယ်မှုကို မမှတ်မိဖို့ မျှော်လင့်ရုံကလွဲရင် ငါ ဘာမှလုပ်လို့ မရတော့ဘူး…”
“ငါက အရေးပေါ်အနေနဲ့ သံသရာတံဆိပ်ကို သုံးပြီးတော့ ထွက်ပြေးသင့်တာလား။ ဒါမှမဟုတ် ငါက အင်မော်တယ်အဖွဲ့အစည်းက သက်တော်ရှည် အင်မော်တယ်ဘိုးဘေး ဟယ်ရှိုနဲ့ ဆက်သွယ်ပြီး ငါ့ကိုယ်ငါ ဖုံးကွယ်လိုက်ရမလား..”
သို့သော် ပထမအဖြေက သူနှင့် လေဟာနယ်မိန်းမပျိုဂိုဏ်း၏ နီးစပ်မှုကို ဖျက်ဆီးပစ်နိုင်၏။ ထိုအရာက သူ၏နောက်ဆုံးအခြေအနေလည်း ဖြစ်သည်။ ဒုတိယတစ်ခုကတော့ ဟယ်ရှိုက အချိန်မီ တုံ့ပြန်နိုင်ခြင်း ရှိမှသာ အဆင်ပြေနိုင်ပါလိမ့်မည်။
စိတ်ထဲ၌ ရှုပ်ထွေးနေသည့်အချိန်တွင် မုန့်ချီက မျက်လွှာချ၍ မျက်လုံး တစ်စိတ်တစ်ပိုင်းကို ဖုံးကွယ်ထားခဲ့သည်။ သူ၏မျက်လုံးများက မှေးမှိန်နေပြီး အတွင်းထဲတွင် ကြယ်အလင်းတန်းများ ရှိနေသည့်အတွက် အလွန်လျို့ဝှက်ဆန်းကြယ်နေပုံရသည်။
သူက အငွေ့အသက်များကို စုစည်းလိုက်ပြီး ကြောက်မက်ဖွယ်ရာ အငွေ့အသက်များကို ပြသခဲ့ခြင်း မရှိချေ။ သူ၏အာရုံထဲတွင် အခေါင်းက ပျောက်ကွယ်သွားခဲ့၏။ သခင်(၉)နှင့် တခြားသူများလည်း ပျောက်ကွယ်သွားပြီး အဖြူရောင်အလံများနှင့် အမွှေးတိုင်ရနံ့များက မှေးမှိန်သွားသည်။ ဟယ်ရှို၊ ဟွမ်တိုက်ချုံ၊ ဟယ်ကျူးနှင့် အမှောင်ဓားသခင်တို့သာ ကျန်တော့၏။
ထိုအချိန်တွင် ဟွမ်တိုက်ချုံက ဓားဆန္ဒများ ပြည့်နှက်နေသော မျက်လုံးဖြင့် သူ့ကို စိုက်ကြည့်နေခဲ့၏။ သူ၏အာရုံများက တပြိုင်နက်တည်း တုံ့ပြန်လိုက်ပြီး ဟွမ်တိုက်ချုံဆီသို့ ပျံ့နှံ့သွားခဲ့သည်။
“ဖျောက်....”
ခေါင်းထဲတွင် ပေါက်ကွဲမှုတစ်ခု တိတ်တဆိတ် ထွက်ပေါ်လာပြီး မုန့်ချီက ဟယ်ကျူး၊ ဟယ်ရှို၊ အမှောင်ဓားသခင်တို့ကို မမြင်ရတော့ပေ။ ဟွမ်တိုက်ချုံ၏ပုံရိပ်ကသာ သူ့မျက်လုံးထဲတွင် ပြန်ပေါ်လာခဲ့၏။
ဟွမ်တိုက်ချုံဆီတွင် အလွန်များပြားသော ကံကြမ္မာကြိုးမျှင်များ ရှိနေပြီး တချို့ကတော့ လှုပ်ရှားနေသည်။ တချို့ကတော့ တောက်ပ၍ တချို့က မှေးမှိန်နေခဲ့၏။ မုန့်ချီ၏ နှလုံးသားထဲတွင်တော့ ဟယ်ကျူး၏ ကံကြမ္မာကြိုးမျှင်များကို အချိန်မရွေး ထိန်းသိမ်းနိုင်ရန် ပြင်ဆင်ထားသလို ထင်မှတ်ရသည်။
“ဘုန်း....”
ဟွမ်တိုက်ချုံက မျက်မှောင်ကြုတ်လိုက်ပြီး အတော်လေး အလျင်လိုနေသလို ခံစားလိုက်ရ၏။
သူနှင့်မျက်နှာချင်းဆိုင်တွင် ရှိနေသော ဘုန်းတော်ကြီးက ပြောပြ၍ မရနိုင်သော အန္တရာယ်များကို ဖုံးကွယ်ထားသလို ထင်မှတ်ရသည်။ ထိုဘုန်းတော်ကြီးကြောင့် မြေပြင်မှတ်တမ်းတွင် စာရင်းဝင်နေသော လူတစ်ယောက်ပင် ဇဝေဇဝါ ခံစားနေရသည်။
ဟွမ်တိုက်ချုံက သူ့ကို ဆက်လက်စစ်ဆေးလိုက်မည်ဆိုလျှင် မည်သို့ဖြစ်လာမည်ဖြစ်ကြောင်း ကြိုတင်မသိမြင်နိုင်တော့ပေ။
“ငါက အန္တရာယ်ရှိတယ်လို့သူက ခံစားမိနေတာပဲ။ ဒီဘုန်းတော်ကြီးကို တစ်ယောက်ယောက် ခိုင်းစေထားတာများ ဖြစ်နိုင်မလား..”
ငိုကြွေးခြင်းခန်းမထဲတွင် ဟွမ်တိုက်ချုံကတော့ သတိလွတ်နေခဲ့ခြင်း မရှိခဲ့ပေ။ သူက မျက်လုံးအကြည့်ကို ရုပ်သိမ်းလိုက်ပြီး နှလုံးသားနှင့် နှာခေါင်းရှိရာကို လှည့်ကြည့်လိုက်သည်။ သူက မုန့်ချီကို စောင့်ကြည့်နေခြင်း မရှိတော့ချေ။
ထိုသို့ ကြည့်နေသည့်အချိန်တွင် မုန့်ချီကတော့ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိ၏။ ကံကြမ္မာကွင်းဆက်ကျင့်စဉ်ကို တိတ်တဆိတ် အသုံးချလိုက်ပြီး သူက ဟွမ်တိုက်ချုံကို စစ်ဆေးကြည့်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
ဟွမ်တိုက်ချုံ၏ကံကြမ္မာက ဆန်းကြယ်နတ်သမီးကဲ့သို့ လေးလံခြင်း မရှိသော်လည်း မုန့်ချီက ဟွမ်တိုက်ချုံကို ရင်ဆိုင်ရန် အခွင့်အရေးတစ်ခု ရှိနေသေးသည်။ သို့သော် မုန့်ချီက အန္တရာယ် အငွေ့အသက်တစ်ခုကို ခံစားမိခဲ့၏။
သို့သော် ယွင်မိသားစု၏ ငိုကြွေးခြင်းခန်းမတွင် ဟွမ်တိုက်ချုံက လှုပ်ရှားရဲခြင်း မရှိချေ။ တခြားသူများကို စစ်ဆေးခြင်းက အပြစ်တစ်ခု ဖြစ်နိုင်သည်။ သူ၏တိုက်ခိုက်မှုကြောင့် ငိုကြွေးခြင်းခန်းမက ပျက်စီးသွားမည်ဆိုလျှင် ဟွမ်တိုက်ချုံ၏ ဂုဏ်သတင်းကလည်း ပျက်စီးသွားနိုင်၏။
အမှန်တရားလမ်းစဉ် ပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် အန္တရာယ်အငွေ့အသက်တစ်ခု ခံစားမိခြင်းကလွဲလျှင် သူ၏စုံစမ်းမှုကို အဆုံးသတ်လိုက်သည်။ အချိန်မှန် နေရာမှန်တွင် ရောက်ရမည့်လူများ ရှိနေသည့်အတွက် မုန့်ချီက အကြောင်းပြချက်များစွာကို ပေါင်းစပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
“အကြီးအကဲဟွမ်…
ထူးဆန်းတဲ့ခံစားမှုဆိုတာ သိပြီလား…”
ဟယ်ကျူးက လျို့ဝှက်အသံပို့ဆောင်မှုနှင့် မေးလိုက်သည်။
ဟွမ်တိုက်ချုံက စဉ်းစားပြီး ပြန်ဖြေလိုက်၏။
“ဖာကျန်းက ခန့်မှန်းလို့ မရနိုင်ဘူး။ ငါက သူ့ကို စစ်ဆေးတာ မအောင်မြင်ဘူး…”
“ခန့်မှန်းလို့ မရနိုင်ဘူးလား…”
သူက အနီရောင်ဝတ်ရုံနှင့် ဘုန်းတော်ကြီး ဖာကျန်းကို သတိလက်လွတ် ကြည့်နေမိသည်။ ဖာကျန်းဆီတွင် အလွန်တည်ငြိမ်အေးချမ်းသော အငွေ့အသက်တစ်ခု ရှိနေပြီး သူ့ပုံစံက အေးချမ်းနေပုံရသည်။
ဟယ်ကျူးက ရင်ထဲတွင် တီးတိုးရေရွတ်လိုက်မိ၏။
“ဒီဘုန်းတော်ကြီးဖာကျန်းက အဆင့်မြင့်တဲ့အပြင် တော်တော်လေးကို ကြောက်ဖို့ကောင်းတယ်။ မဟုတ်ရင် ကောင်းကင်(၈)သွယ် ဝေ့ကျင်းအဆင့်ကို ရောက်နေတဲ့ အကြီးအကဲဟွမ်ကတောင် ခန့်မှန်းလို့ မရနိုင်ဘူးလို့ ဘယ်လို ခံစားမိမှာလဲ။ သူက အနည်းဆုံးတော့ မြေပြင်မှတ်တမ်းကို ရောက်နိုင်တဲ့ အစွမ်းမျိုး ရှိသင့်တယ်…”
“ဒီကမ္ဘာကြီးထဲမှာ ပင်လယ်နဲ့တောင်တန်းတွေ ကြားထဲမှာ တံခါးပိတ် နေထိုင်ကြတဲ့ ပညာရှင်တွေ ရှိနေသေးတာပဲ။ ဒါကြောင့် သူတို့က ပညာရှင်တွေ ဖြစ်ပေမဲ့ မြေပြင်မှတ်တမ်းမှာ ပေါ်မလာကြတာ…”
ထိုအချိန်တွင် အမှောင်ဓားသခင်ကလည်း အဝေးသို့ကြည့်လိုက်ပြီး ဇဝေဇဝါနှင့် ခေါင်းခါပြလိုက်သည်။
“ကျွန်တော်လည်း သူ့ကို မသိဘူး…”
သူ မြင်နေရသည့်အရာက ကံကြမ္မာကွင်းဆက်ကျင့်စဉ်ကို သယ်ဆောင်ထားသော အစစ်အမှန် ဘုန်းတော်ကြီးမုန့်ချီ ဖြစ်သည်။ သူက အငွေ့အသက်များကို သိသိသာသာ ပြောင်းလဲထားခဲ့၏။
ဟယ်ကျူးက ရှားရှားပါးပါး မျက်မှောင်ကြုတ်လိုက်မိပြီး တစ်ယောက်တည်း စဉ်းစားနေခဲ့၏။
“ငါက အရှေ့ပင်လယ်မှာ သူနဲ့ တွေ့ခဲ့ဖူးတာလား။ ဒါမှမဟုတ် သူက ငါ ရင်းနှီးနေတဲ့ ကျင့်စဉ်ကို လေ့ကျင့်ထားတာ များလား..”
“ဦးလေး(၅)…
လျှပ်ပြေးကျွန်းက ဖာကျန်းဘုန်းတော်ကြီးဆိုတာကို ကြားခဲ့မိဖူးလား…”
သူက သီးသန့်မေးလိုက်သည်။
ဟယ်ရှိုနှင့် ဟွမ်တိုက်ချုံတို့က ခဏကြာစဉ်းစားပြီး ခေါင်းခါပြလိုက်ကြသည်။
“ငါတို့တော့ မကြားဖူးဘူး။ သူက လျှပ်ပြေးကျွန်းပေါ်မှာ သီးသန့်နေထိုင်တဲ့ ဗုဒ္ဓဂိုဏ်းခွဲတစ်ခုကနေ ဖြစ်နိုင်တာပဲလေ…”
ဟယ်ကျူးက ခေါင်းထဲရှိ အတွေးများကို ရှင်းထုတ်လိုက်ပြီး နောက်ထပ် မမေးတော့ပေ။ သူက ခေါင်းညိတ်ပြလိုက်ပြီးနောက် ယွင်သခင်ကြီးကို အရိုအသေပေးရန် ရှေ့ဆက်လျှောက်လာခဲ့သည်။
မုန့်ချီနှင့် တခြားသူများကတော့ ငိုကြွေးခြင်းခန်းမထဲမှ ထွက်သွားခဲ့ကြပြီး ဝင်လာခဲ့သော တံခါးမှ အပြင်သို့ ထွက်သွားခဲ့ကြ၏။ ထိုအချိန်ကျမှသာ မုန့်ချီက အမှန်တကယ် စိတ်အေးသွားခဲ့သည်။
သူက ချက်ချင်းပင် ကံကြမ္မာကွင်းဆက် နှလုံးကျင့်စဉ် ရွတ်ဆိုနေခြင်းကို ရပ်တန့်လိုက်ပြီး ခေါင်းထဲတွင် မူးဝေနေသလို ခံစားလိုက်ရသည်။ သူ၏ လက်ရှိအစွမ်းအရ သူက တစ်ကြိမ်တစ်ခါမျှ မတိုက်ခိုက်လျှင်ပင် သူက နှလုံးကျင့်စဉ်ကို အချိန်ကြာမြင့်စွာ ရွတ်ဆိုနိုင်ခြင်း မရှိသေးချေ။
“ဆရာတော်ဖာကျန်း…
ကျေးဇူးပြုပြီး ခဏနေပါဦး…”
နောက်မှနေ၍ ဟယ်ကျူး၏အသံ ထွက်ပေါ်လာသည်။
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိ၏။ သူကတော့ တုန်လှုပ်သည့်အမူအရာကို ထိန်းသိမ်းလိုက်သည်။
“ငါက ပေါ်သွားပြီလား…”
သူက အန္တရာယ်များသော အခြေအနေများစွာကို ဖြတ်ကျော်နိုင်ခဲ့သည်မှာ ကံကောင်းသွားသည်။ သူက ဖိအားများလေလေ ပို၍ တည်ငြိမ်လာလေလေ ဖြစ်၏။ သူက လက်အုပ်ချီပြီး တည်ငြိမ်စွာ ပြန်လှည့်လိုက်သည်။
“အော်မီတော်ဖော်…
ဘာကူညီပေးရမလဲ ဒကာလေးဟယ်…”
“ဗုဒ္ဓလမ်းစဉ် ဘုန်းတော်ကြီးတွေက သေလွန်သူရဲ့နှလုံးသားကို ကြည့်ပြီး အဆုံးမဲ့ စကြဝဠာနဲ့ ဆက်သွယ်နိုင်တဲ့ အရင်းအမြစ်တွေ ရှိတယ်လို့ ကြားဖူးတယ်။ ဆရာတော်ဖာကျန်းက ယွင်သခင်ကြီးဆီမှာ အဲဒီအရာကို မြင်ခဲ့လား သိချင်လို့ပါ..”
ဟယ်ကျူးက မတ်မတ်ရပ်နေပြီး ခေါင်းမော့ထားခဲ့၏။ သူက ရည်ရွယ်ချက် မရှင်းလင်းသော မုန့်ချီကို လျို့ဝှက်ဆန်းကြယ်စွာ စိုက်ကြည့်နေခဲ့သည်။
ယွင်မိသားစုမှ သားသမီးမြေးမြစ်များက မျက်မှောင်ကြုတ်လိုက်မိကြ၏။
“သခင်လေးက ဒီဘုန်းတော်ကြီးကနေတဆင့် နောက်ထပ်သခင် တင်မြှောက်မယ့် ပြဿနာတွေကို ဖြေရှင်းဖို့အတွက် သခင်ကြီးရဲ့ဆန္ဒကို ကြားချင်နေတာများလား..”
ယွင်မိသားစုက အရှေ့ပင်လယ် ဓားကျေးရွာနှင့် ပတ်သက်နေသော်လည်း သီးခြားဖြစ်သည်။ သို့သော် သူတို့က မိသားစုတစ်ခုတည်း သီးသန့်ဖြစ်နေရန် အလွန်ဝေးကွာနေသေး၏။ အကယ်၍ အရှေ့ပင်လယ်ဓားကျေးရွာကသာ ယွင်မိသားစု၏ ပြဿနာများကို ဝင်ရောက်ပါဝင်လာမည်ဆိုလျှင် တန်ပြန်တိုက်ခိုက်မှုများကို ကြုံရနိုင်ပြီး သူတို့၏ ကြားထဲတွင် ပြဿနာများ ဖြစ်လာနိုင်သည်။ တဖြည်းဖြည်းနှင့် ယွင်မိသားစုက တခြားအင်အားစုများနှင့် ပေါင်းစည်းသွားနိုင်၏။
မုန့်ချီက ဟယ်ကျူး၏ ရည်ရွယ်ချက်ကို မသိခဲ့ပေ။ သူက ခဏကြာစဉ်းစားပြီး ပြန်ဖြေလိုက်၏။
“ဒကာလေးဟယ်က ဘယ်လိုအရာမျိုးကို ကြည့်စေချင်တာလဲ…”
“ဆရာတော်ဖာကျန်းက သိုင်းလောကသားဆိုတဲ့ အခြေအနေအရ ကျွန်တော်တို့ကို အကူအညီပေးဖို့ တောင်းဆိုချင်တာပါ။ ဆရာတော်ရဲ့မှော်အစွမ်းကိုသုံးပြီး ယွင်သခင်ကြီးရဲ့သေဆုံးမှု အသေးစိတ်ကို သုံးသပ်ပေးပါ။ ကျွန်တော်တို့က သခင်ကြီးရဲ့ဆန္ဒတွေအားလုံးကို ပြီးဆုံးအောင် လုပ်ပြီးပြီလားဆိုတာ သိချင်ပါတယ်..”
ဟယ်ကျူးက အလွန်ရည်မှန်းချက် ကြီးမားသည်။ သူက အစစ်အမှန် ဘုန်းတော်ကြီးတစ်ပါး ဟုတ်မဟုတ် ဟယ်ကျူးက စစ်ဆေးချင်နေခြင်းပေလော၊ သို့မဟုတ် ယွင်သခင်ကြီး၏သေဆုံးမှု အကြောင်းတရားကို ထုတ်ဖော်လိုခြင်းလော ဟူသည်ကိုတော့ မုန့်ချီလည်း သေချာ မသိနိုင်ပေ။
“ဘာဖြစ်လို့လဲ…”
ဟွမ်တိုက်ချုံက လျို့ဝှက်အသံပို့ဆောင်မှုနှင့် မေးလိုက်သည်။ သူ ကိုယ်တိုင်လည်း သံသယဝင်နေခဲ့၏။
ဟယ်ကျူးက ဖြေလိုက်သည်။
“ကျွန်တော်တို့ရဲ့တွက်ချက်ခြင်းစွမ်းရည်တွေက မြစ်အရှေ့ပိုင်း ဝမ်မိသားစု၊ ဗုဒ္ဓလမ်းစဉ်နဲ့ တာအိုလမ်းစဉ်တွေထက် အဆပေါင်းများစွာ ပိုပြီးတော့ အားနည်းတယ်။ ကျွန်တော်တို့က ဘုန်းတော်ကြီးတစ်ပါးကို နေ့တိုင်းတွေ့နေရမှာလည်း မဟုတ်တော့ သူ့ကို တွက်ချက်ခိုင်းလိုက်ရင် ပိုမကောင်းဘူးလား..”
သူက ပုံမှန်အတိုင်း ပြောလိုက်ခြင်း ဖြစ်သော်လည်း ဟွမ်တိုက်ချုံကတော့ သူ၏ အစစ်အမှန် ရည်ရွယ်ချက်ကို စဉ်းစားနေသေးသည်။
ပိုင်ဟွာမိန်းမပျိုက အနည်းငယ် စိုးရိမ်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် လမ်းမှားပညာရှင်များက တွက်ချက်ရာ၌ ကျရှုံးတတ်ပြီး ထိုအထဲတွင် ကရုဏာမဲ့နတ်ဆိုးလည်း အပါအဝင် ဖြစ်သည်။ ယခုဟယ်ကျူး၏ တောင်းဆိုမှုကို သူတို့က ဘာလုပ်သင့်သနည်း။
မုန့်ချီကလည်း ထိုအရာကို စမ်းသပ်မှုတစ်ခုအဖြစ်အလေးအနက်ထားခဲ့သည်။ သူက ပြုံးလိုက်ပြီး လက်ဖဝါးပေါ်တွင် တံဆိပ်တစ်ခုကို တိတ်တဆိတ် ဖန်တီးလိုက်၏။ သူက ဗုဒ္ဓ၏ ‘ငါ ၊ထူးခြားမှုနှင့် အမှန်တရား’ဟူသော သိုင်းကွက်ကို ပုံဖော်လိုက်ပြီး စစ်ဆေးကြည့်လိုက်သည်။
ထိုအချိန်တွင် မုန့်ချီ၏ ပတ်ပတ်လည်၌ အလင်းရောင်များ ထွက်ပေါ်လာပြီး သူ၏ ပတ်ပတ်လည်တွင် သန့်စင်နယ်မြေတစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။ ဓမ္မတေးသံများလည်း စတင်ထွက်ပေါ်လာသည့်အတွက် ငိုကြွေးခြင်းခန်းထဲတွင် ရှိနေသော လူတိုင်းက အံ့အားသင့်စွာ ခေါင်းညိတ်နေမိကြ၏။
“ဆရာတော်ဖာကျန်းက တကယ့်အစစ်အမှန်ဘုန်းတော်ကြီးတစ်ပါးပဲ…”
ပိုင်ဟွာမိန်းမပျိုနှင့် ယင်နင်တို့ကလည်း မျက်လုံးပြူးသွားခဲ့သည်။
“ဆရာကြီး ကရုဏာမဲ့နတ်ဆိုးက လမ်းမှားကျင့်စဉ်တွေကိုသုံးပြီး ဓမ္မသိုင်းကွက်တွေကိုရော အတုခိုးနိုင်တာလား။ ဒါမှမဟုတ် ဗုဒ္ဓနဲ့ နတ်ဆိုးတွေရဲ့ ကြားထဲမှာ အလွှာပါးပါးလေးတစ်ခုပဲ ခြားထားတာလား။ သူ့ရဲ့စွမ်းအားက ဘယ်လိုအဆင့်ကို ရောက်နေပြီလဲ…”
ဟယ်ကျူးက သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်ပြီး သူ၏အမူအရာက ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။ မုန့်ချီက သေချာခြင်း ရှိမရှိ သူလည်း ယခုအထိ မသိနိုင်သေးပေ။
တူညီသော ကရုဏာ အကြည့်မျိုးကိုသုံးပြီး မုန့်ချီက သူ လေ့ကျင့်ထားခဲ့သော ကျောက်စိမ်းပုံရိပ်ယောင်တွက်ချက်မှုအစွမ်းနှင့် သေဆုံးသူ၏ ကံကြမ္မာကြိုးမျှင်များကို လေ့လာခဲ့သည်။ မုန့်ချီက ကြောက်လန့်နေခြင်း မရှိဘဲ ကောင်းကင်ဘုံဆန္ဒနှင့် ကံကြမ္မာကြိုးမျှင်များ ရောက်သွားသည့်ဖြစ်စဉ်ကို ခွဲခြားကြည့်နေခဲ့သည်။
ကောင်းကင်ဘုံ၏ဆန္ဒများ ကျဆင်းလာသည့်အချိန်တွင် ရလဒ်က တဖြည်းဖြည်း ပေါ်လာရ၏။ ရုတ်တရက်ဆိုသလို မုန့်ချီက ခေါင်းမော့၍ မျက်မှောင်ကြုတ်လိုက်မိသည်။ သူက အက်ရှရှ လေသံနှင့် ပြောလိုက်၏။ “အပြာရောင်သွေး..”
သူက အရှေ့ဝင်ရိုး အင်မော်တယ်ဆေးရည် ဝယ်သွားခဲ့သော လက်(၉)ချောင်းနှင့်လူကို အမှတ်ရသွားခဲ့သည်။ ထိုလူ၏လက်ချောင်းပြတ်နေသည့်နေရာတွင် အပြာရောင် ကြည်လင်တောက်ပနေပြီး သူ၏သွေးကြောများထဲတွင် အပြာရောင်သွေးများ စီးဆင်းနေသလို ထင်မှတ်ရ၏။
“သူနဲ့ ယွင်သခင်ကြီးက အဲဒီနေရာမှာ ဘာတွေဖြစ်ခဲ့တာလဲ…”
“အပြာရောင်သွေး....”
ဟယ်ကျူးနှင့် ဟွမ်တိုက်ချုံတို့က ထိုစကားလုံးကို တပြိုင်နက်တည်း ရေရွတ်လိုက်မိကြသည်။
ဟယ်ကျူး၏အပြုအမူက အလွန်ထူးဆန်းနေခဲ့သည်။ မုန့်ချီက သူ့ကို စတွေ့ခဲ့သည့် အချိန်ကစပြီး အမြဲလိုလို ယုံကြည်ချက် ရှိနေပုံရ၏။ သူက ဇဝေဇဝါဖြစ်နေခြင်း မရှိသလို ရန်သူများကို ကြောက်လန့်နေခြင်းလည်း မရှိခဲ့ပေ။ သူက ခံစားချက်များ ပြည့်နှက်စွာ မျက်မှောင်ကြုတ်သည်မှာပင် အလွန်ရှားပါး၏။ ယခုတော့ သူက မျက်မှောင်ကြုတ်နေပြီး သူ၏အမူအရာက ထိတ်လန့်နေကြောင်း ပြသနေသည်။
“အပြာရောင်သွေးဆိုတဲ့ စကားလုံးက သူတို့ကို စိတ်လွတ်သွားစေနိုင်တာလား..”
မုန့်ချီက သခင်(၉)၊ လက်တစ်သန်းပညာရှင်၊ ပိုင်ဟွာမိန်းမပျိုနှင့် အမှောင်ဓားသခင်တို့ကို ကြည့်လိုက်သည်။ သူတို့အားလုံးက လုံးဝကို တွေဝေနေကြပြီး အပြာရောင်သွေးဟူသော စကားလုံးကို တုံ့ပြန်နိုင်ခြင်း မရှိချေ။
“အပြာရောင်သွေးဆိုတဲ့ စကားလုံးရဲ့နောက်ကွယ်မှာ ရှိနေတဲ့ လျို့ဝှက်ချက်က လူနည်းစုလား၊ ဒါမှမဟုတ် အရှေ့ပင်လယ်ဓားကျေးရွာရဲ့အကြီးအကဲတွေနဲ့ ပတ်သက်နေတာလား…”
မုန့်ချီက အပြာရောင်သွေးဟူသော စကားလုံးကို ပြန်လည်သုံးသပ်နေခဲ့သည်။
“မဟုတ်သေးဘူး။ ရွမ်ကလန်က တတိယသခင်လေးကလည်း အပြောရောင်သွေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားနေတယ် ထင်တယ်…”
ဟယ်ကျူးက သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီး ရင်ဘတ်ပေါ်သို့ လက်တစ်ဖက်တင်၍ ပြောလိုက်သည်။
“ဆရာတော်ရဲ့တွက်ချက်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ တခြားရှိသေးလား..”
သူက အပြာရောင်သွေးဟူသော စကားလုံးကလွဲ၍ တခြားအရာ မတွေ့ခဲ့ရပေ။
“နောက်ထပ်တော့ မရှိတော့ဘူး…”
မုန့်ချီက ခေါင်းခါပြလိုက်၏။
ဟယ်ကျူးက ထိုကိစ္စကို ဆက်လက် ပြဿနာရှာနေခြင်း မရှိတော့သလို မုန့်ချီကိုလည်း အလေးထားနေခြင်း မရှိတော့ချေ။ သူ့အဖော်များနှင့် ရှေ့ကို ဆက်လျှောက်သွားခဲ့၏။ သူက နောက်ထပ်အစီအစဉ်များ မလုပ်ခင် ယွင်မိသားစု၏ စံအိမ်ထဲတွင် တစ်ည နားခိုရမည် ဖြစ်သည်။
ခြံဝန်းထဲကို ပြန်ရောက်လာပြီးနောက် ပိုင်ဟွာမိန်းမပျိုက ထိတ်လန့်အံ့သြမှုများကို ဖုံးကွယ်ပြီး အပြုံးနှင့် ပြောလိုက်သည်။
“ဆရာကြီး ကရုဏာမဲ့နတ်ဆိုးက ဘယ်လောက်တောင်လျို့ဝှက်ဆန်းကြယ်လဲဆိုတာ ကျွန်မက စဉ်းစားနေရပြီ။ ပြောရမယ်ဆိုရင်တော့ ဆရာကြီးက နောက်ထပ် နတ်ဆိုးဗုဒ္ဓတောင် ဖြစ်လာနိုင်တယ်။ ဒါမှမဟုတ် ရှင့်ကို ဗုဒ္ဓနတ်ဆိုးလို့ ခေါ်ရမှာလား…”
မုန့်ချီကတော့ သူမကို လျစ်လျူရှုထားပြီး လက်တစ်သန်းပညာရှင်နှင့် ယင်နင်တို့ကို လှည့်ပြောလိုက်သည်။
“ငါက ဘုန်းတော်ကြီးတစ်ပါးအဖြစ် အာရုံစိုက်တာကို ခံခဲ့ရတယ်။ ငါက ဒီလိုဆက်ပြီး နေလို့ မရနိုင်တော့ဘူး။ ငါက ဖုံးကွယ်ထားတဲ့ အတောအတွင်း မြို့ထဲကနေထွက်ပြီး လူတချို့ကို ကယ်တင်ပေးရမယ်။ ပြီးမှ အစစ်အမှန်အနေနဲ့ ပြန်လာသင့်တယ်…”
“ဆရာကြီး ကရုဏာမဲ့နတ်ဆိုးက တော်တော်လေးကို စဉ်းစားတတ်တာပဲ…”
ယင်နင်က အံ့သြသွားမိ၏။
မုန့်ချီက တခြားဦးတည်ချက်တစ်ဖက်သို့ ထွက်သွားခဲ့ပြီး တောင်တန်းများထဲသို့ ဝင်သွားခဲ့သည်။ ထိုနေရာတွင် သူက ဖုံးကွယ်မှုကို ဖယ်ရှားလိုက်ပြီး အနက်ရောင်ဝတ်စုံကို ပြောင်းလဲလိုက်သည်။ သူက သေချာစစ်ဆေးကြည့်လိုက်ရာ ပတ်ပတ်လည်တွင် မည်သူမျှ လိုက်မလာကြောင်း သိလိုက်ရ၏။
သို့သော် သူက ဆံပင်များ ပြန်လည်ဖန်တီးတော့မည့်အချိန်တွင် အနည်းငယ် မျက်နှာပျက်သွားခဲ့သည်။
“ဆရာတော်ဖာကျန်းက ကရုဏာမဲ့နတ်ဆိုး ဟန်ဆောင်ထားတာပဲ…”
“ဘယ်သူ စကားပြောနေတာလဲ…”
မုန့်ချီက နောက်ဆုတ်သွားမိလိုက်ရာ ရေများက ရုတ်တရက် အပြာရောင် ပြောင်းလဲလာကြောင်း မြင်လိုက်ရသည်။ ရေစက်များကလည်း အပြာရောင် လူတစ်ယောက်အဖြစ် ဖြည်းညင်းစွာ စုစည်းလာခဲ့၏။ နတ်သူငယ်တစ်ယောက်ကို ကြည့်နေရသကဲ့သို့ ထိုနေရာတွင် လူငယ်တစ်ယောက် ရပ်နေပြီး သူ၏ မျက်နှာအမူအရာက လှုပ်ရှားနေခဲ့သည်။
‘သွေးပြာလူသားလား။ စောနတုန်းကတော့ ဒီရေတွေက ပုံမှန်ပဲ။ သူတို့က သာမန်ရေတွေကိုတောင် ပြောင်းလဲပစ်နိုင်တာလား…’
“မင်းက ငါ့ကို ဘာလို့ ပြန်မဖြေရတာလဲ။ မင်းရဲ့ဖုံးကွယ်မှုကို မြင်သွားတဲ့အတွက် ကြောက်နေတာလား…”
သူ၏ပတ်ပတ်လည်တွင် ရေများ လွှမ်းခြုံလာခဲ့သည်။
မုန့်ချီက ခနဲ့သလို ပြောလိုက်၏။
“ငါ့ရဲ့ဖုံးကွယ်မှုကို မြင်ရတာလား…”
‘ဆရာတော်ဖာကျန်းရဲ့အောက်မှာ ရှိနေတာက ကရုဏာမဲ့ နတ်ဆိုး။ ကရုဏာမဲ့နတ်ဆိုးရဲ့ အောက်မှာ ရှိနေတာက နေမင်းကျင့်ကြံသူ။ နေမင်းကျင့်ကြံသူရဲ့ အတွင်းထဲမှာ ဖုံးကွယ်ထားတာက သတ်ဖြတ်ရေးဓား စုမုန့်။ နောက်ဆုံး အစစ်အမှန်တစ်ယောက်ကတော့ အချိန်ခရီးသွားမုန့်ချီ ပဲ။ မင်းက အမှန်တရားကို နည်းနည်းလေးတောင် နီးမလာသေးဘူး..’
မုန့်ချီကတော့ ပုံမှန်အတိုင်းသာ ရပ်နေပြီး အပြုံးနှင့် ပြောလိုက်၏။
“ဘာလို့ ငါ့ကို အလစ်ချောင်းပြီး မတိုက်ခိုက်ရတာလဲ။ ဒါမှမဟုတ် ငါနဲ့ အပေးအယူလုပ်ချင်လို့လား…”
ထိုလူက ပြုံးလိုက်သည်။
“မင်းက ဘာတွေမြင်ခဲ့ရလဲ သိချင်လို့ ငါက နောက်ကနေ လိုက်လာခဲ့တာ။ အစောပိုင်းမှာ မင်းဆီကနေ ထွက်လာတဲ့ အငွေ့အသက်တွေအရ မင်းက ပထမဆုံး ကောင်းကင်လှေကားကိုတောင် မဖြတ်ကျော်ရသေးဘူး။ မင်းက တစ်နေရာရာက ရထားတဲ့ အချက်အလက်တွေကြောင့်သာ အခွင့်ကောင်းယူနိုင်ခဲ့တာ။ ဒီလိုဆိုမှတော့ ငါက မင်းကို အကူအညီတောင်းစရာ မလိုတော့ဘူး..”
သူက ခဏရပ်လိုက်ပြီး ကြောက်စရာကောင်းစွာ ပြောလိုက်သည်။
“ပြီးတော့ ငါက မင်းလို လူတစ်ယောက်ကို ဘာကြောင့် အလစ်ချောင်းပြီး တိုက်ခိုက်ရမှာလဲ…”
Translated by Hein Htet