အခန်း (၆၁၇)
Vol. 42 Ch. 617
ရေများက စမ်းချောင်းထဲမှ စီးထွက်လာပြီး အနီးအနားတွင် ရှိနေသော ကုန်းမြေပေါ်သို့ ကျဆင်းလာခဲ့သည်။ ပတ်ပတ်လည်တွင်လည်း အလွန်သိပ်သည်းသော မြူခိုးများ ပြည့်နှက်နေပြီး ပတ်ဝန်းကျင် မြင်ကွင်းများက မထင်မရှား ဖြစ်လာခဲ့၏။
လေထဲတွင် ရေစွမ်းအားများ စုစည်းလာနေသည်မှာ တဖြည်းဖြည်းနှင့် စိုစွတ်လာနေခဲ့သည်။ ထိုအချိန်တွင် မုန့်ချီကတော့ ပင်လယ်ရေအောက်ထဲကို ရောက်ရှိသွားခဲ့သလို ခံစားနေရ၏။
အပြာရောင် လူသားကတော့ အတော်လေးကို အဆင့်မြင့်ပုံရသည်။ သူက ကမ္ဘာမြေကြီးကို ငုံ့ကြည့်နေသော နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရ၏။ မုန့်ချီက သူ့မျက်နှာကို လက်သီးနှင့် ထိုးချင်နေခဲ့သည်။
သူက တိုက်ခိုက်တော့မည့်အချိန်တွင် မုန့်ချီကတော့ သွေးပြာလူသား၏ မျက်လုံးထဲတွင် ရှိနေသော အထင်သေးမှုများကို မြင်တွေ့လိုက်ရသည်။ သူက မုန့်ချီ၏စိတ်ကို ဖောက်မြင်နေရသည့်အလား သူ၏မပြည့်စုံမှုကို လှောင်ပြောင်နေခဲ့၏။
မုန့်ချီဆီတွင် ဆိုးရွားသော ခံစားမှုတစ်ခု ပေါ်လာခဲ့သည်။
"သူက ဒီလိုအားနည်းတဲ့ အငွေ့အသက်တစ်ခုကို ပိုင်ဆိုင်ထားတယ်။ ဒါဆိုရင် ဘာကြောင့် သူက ဒီလောက်တောင် ယုံကြည်ချက်ရှိနေရတာလဲ။ သူ့ဆီမှာ တခြားလျှို့ဝှက်ကျင့်စဉ်တွေ၊ လျှို့ဝှက်နည်းလမ်းတွေ ရှိနေတာလား…"
ထိုအချိန်တွင် မုန့်ချီကတော့ သူ၏သွေးများ ဆူပွက်လာသလို ပူလောင်လာကြောင်း ခံစားလိုက်ရသည်။ မုန့်ချီက အပူချိန်ကို ဖိနှိပ်ရန် ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်၏။ သူ့သွေးများက သစ္စာဖောက်သွားပြီး သူ့ကို ပုန်ကန်နေကြပုံ ရသည်။
အကယ်၍ အသွင်ပြောင်း (၇၂) မျိုး ကျင့်စဉ်ကြောင့်သာ မဟုတ်လျှင် မုန့်ချီက ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားပါလိမ့်မည်။ အကယ်၍ သူကသာ သေခြင်းရှင်ခြင်း လျှို့ဝှက်တံခါးကို မဖြတ်ကျော်ရသေးသော ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တစ်ယောက်သာဆိုလျှင် ချက်ချင်း သေဆုံးသွားနိုင်၏။ သာမန်လူသားများကလည်း သွေးများ ဆူပွက်သွားလျှင် ချွင်းချက် မရှိနိုင်ချေ။
"ဘယ်လိုလဲ။ တစ်ကိုယ်လုံး ပူလောင်လာပြီး ထိန်းချုပ်လို့မရတော့ဘူး မဟုတ်လား…"
သွေးပြာလူသားက နှိပ်စက်ရခြင်းကို အလွန်ကျေနပ်နေပုံရသည်။ သူက သတ်ဖြတ်ခြင်း၊ ထိန်းချုပ်ခြင်းများတွင် ပျော်မွေ့နေသူတစ်ယောက်ကဲ့သို့ ထင်ရ၏။ တစ်ချိန်တည်းတွင် သူ၏လက်ထဲ၌ တံဆိပ်တစ်ခု ဖန်တီးလိုက်ရာ သူ့ဆီမှ အပြာရောင် ဝဲကတော့လေးများ ထွက်ပေါ်လာခဲ့၏။
မုန့်ချီက အံ့သြသွားခဲ့သည်။
"သွေးပြာလူသားက ရန်သူရဲ့သွေး ၊ ချွေးနဲ့ ဦးနှောက်ရည်တွေကိုတောင် တိုက်ရိုက်ထိန်းချုပ်နိုင်စွမ်း ရှိတာလား။ ဒါက ဝေ့ကျင်းအဆင့် ပညာရှင်တွေရဲ့ အစွမ်းတွေထက်တောင် ကျော်နေသေးတယ်…"
သူနှင့် တွေ့ခဲ့ဖူးသော အနောက်ပိုင်းသခင်မက သတ္တုစွမ်းရည်တွင် အလွန်ကျွမ်းကျင်လှသည်။ သို့သော် သူမက ရန်သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော သတ္တုအပိုင်းအစတိုင်းကို ထိန်းချုပ်နိုင်ရန်အတွက် ဝေ့ကျင်းအဆင့်အထွဋ်အထိပ်ကို ရောက်ရှိရန် လိုအပ်နေသေးသည်။ သူ့ရှေ့တွင် ရှိနေသော သွေးပြာလူသား၏ အငွေ့အသက်များအရ သူက ပထမကောင်းကင်လှေကားကို ဖြတ်ကျော်နိုင်ရုံသာ ရှိနေသေးသည်။
သွေးပြာလူသားက ရှေ့ကို တစ်လှမ်း လှမ်းလာလိုက်၏။ သူ၏လက်ဖဝါးထဲတွင် ရှိနေသော တံဆိပ်က ပြောင်းလဲလာပြီး အဝေးသို့ ပျံ့နှံ့သွားသည်။ တံဆိပ်ဆီမှတဆင့် အပြာဖျော့ရောင် ဝဲကတော့လေးများ ထွက်ပေါ်လာခဲ့၏။
မုန့်ချီက ခေါင်းထဲတွင် မူးဝေသွားသလို ခံစားလိုက်ရသည်။ သူ့ခေါင်းထဲတွင် ရေသံများ စီးဆင်းလာနေခြင်းကို ကြားလိုက်ရပြီး သူက ကောင်းမွန်စွာ တွေးတောနိုင်ခြင်း မရှိတော့ချေ။ သူက ပင်မဝိညာဉ်၏အစွမ်းနှင့်သာ ဆက်လက် ထိန်းသိမ်းနေရ၏။
"မင်းက ထိတ်လန့်မသွားသေးဘူးလား…"
သွေးပြာလူသားက ကောက်ကျစ်စွာ ပြုံးလိုက်သည်။
သွေးပြာလူသားက တံဆိပ်ကို နောက်တစ်ကြိမ် ပြောင်းလဲလိုက်ပြန်ရာ မုန့်ချီ၏ကိုယ်တွင်းအင်္ဂါ၊ အရေပြား၊ အသွေးအသားများအားလုံးက မာကျောလာခဲ့၏။ ခန္ဓာကိုယ်ထဲတွင် ရှိနေသော ရေများကလည်း ထိန်းချုပ်၍ မရနိုင်တော့သည့်အတွက် သူက သဘာဝစွမ်းအားများကို လှုံ့ဆော်၍ မရနိုင်တော့ပေ။
ထို့ပြင် သူက ခန္ဓာကိုယ်အစွမ်းကိုလည်း အသုံးပြု၍ မရနိုင်သည့်အတွက် သာမန်အတိုင်း လမ်းလျှောက်ရန်ပင် ခက်ခဲနေခဲ့သည်။
"ကောင်းကင်မိုးကြိုး (၅) သွယ်က ဘာလဲ။ တဟုန်ထိုးဓားသိုင်းပညာကရော ဘာလဲ။ ကံကြမ္မာကွင်းဆက်က ဘာလဲ။ ယင်ယန်တံဆိပ်က ဘာလဲ။ ငါက ဒီလိုအခြေအနေမျိုးမှာ တစ်ခုမှ အသုံးပြုလို့ မရနိုင်ဘူး…"
သွေးပြာလူသား၏ ခန္ဓာကိုယ်က ကြည်လင်တောက်ပသော အပြာရောင် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး တလက်လက် တောက်ပနေခဲ့သည်။ သူက အလွန်အဆင့်အတန်းမြင့်သော အမူအရာနှင့် ပြောလိုက်၏။
"ငါ့ကို ကိုးကွယ်လိုက်ပါ။ ဒါက နတ်ဘုရားတွေရဲ့အစွမ်းပဲ။ ငါက သာမန်လူသားတွေ သန်းပေါင်းများစွာ ငိုကြွေးနေတာကို မြင်ခဲ့ဖူးတယ်။ သူတို့ရဲ့မျက်ရည်တွေ သူတို့ရဲ့ချွေးတွေကတောင် သူတို့ကို သစ္စာဖောက်ကြတာပဲ…”
“မင်းက အခုချိန်ထိ ပထမကောင်းကင်လှေကားကိုတောင် မဖြတ်ကျော်နိုင်သေးဘူး။ မင်းကို အလစ်ချောင်းတိုက်ခိုက်မယ်လို့ ငါ့ကို ဘယ်လိုများ မေးရဲသေးတာလဲ။ ငါ့ထက်အဆပေါင်းများစွာ ပိုပြီးအဆင့်မြင့်နေတာ မဟုတ်သရွေ့ ဘယ်သူကမှ ငါ့ရဲ့ထိန်းချုပ်မှုကို ခုခံနိုင်မှာ မဟုတ်ဘူး။ မင်းလို ပိုးကောင်လေးတစ်ကောင်ကို ငါက ဘာလို့အလစ်ချောင်း တိုက်ခိုက်ရမှာလဲ…"
သူ၏လုပ်ဆောင်မှုများအားလုံးက အလွန်ကြောက်စရာကောင်းနေပြီး မုန့်ချီ၏ ရှေ့တွင် ဖြည်းညင်းစွာ လှုပ်ရှားနေခဲ့သည်။ မုန့်ချီကတော့ သူ့ကိုယ်သူ ထိန်းချုပ်နိုင်ရန် စွမ်းအားပင် မရှိခဲ့ချေ။
သွေးပြာလူသားက လက်ဖဝါး(၂) ဖက်ကို ကပ်လိုက်ပြီး မုန့်ချီ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော ရေလှိုင်းများကို ဖောက်ခွဲပစ်ရန် ပြင်ဆင်လိုက်သည်။ သူက ပြုံးလိုက်ပြီး ရုတ်တရက်ဆိုသလို သူ့လက် (၂) ဖက်ကို ဆွဲလိုက်၏။ သို့သော် ထိုအချိန်တွင် ဘယ်ကမှန်းမသိသော တစ္ဆေလက်တစ်ဖက်ပေါ်လာပြီး သူ၏လက်ကောက်ဝတ်ကို ချုပ်ကိုင်ထားလိုက်သည်။
"ဘယ်လို..."
ကြည်လင်တောက်ပသော တစ္ဆေတစ်ကောင်အဖြစ် ပြောင်းလဲနေသည့် သွေးပြာလူသားက မုန့်ချီကို ကြည့်လိုက်မိသည်။ သူက မုန့်ချီ၏ ခန္ဓာကိုယ်ထဲတွင် ရေစွမ်းအားများကို ခံစားမိခဲ့ခြင်း မရှိချေ။
"ငါက ဘာလို့သူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေစွမ်းအားတွေကို မခံစားမိတာလဲ…"
သွေးပြာလူသားက မယုံကြည်နိုင်ဖြစ်နေခဲ့၏။
မုန့်ချီ၏ပါးစပ်က လှုပ်ရှားသွားခဲ့ပြီး သူက တခြားလက်တစ်ဖက်နှင့် သွေးပြာလူသား၏ လက်ကောက်ဝတ်ကို ချုပ်ကိုင်လိုက်သည်။
‘လက်လျှော့လိုက်...။ ငါက တစ္ဆေတစ်ကောင်အဖြစ် ပြောင်းလဲနိုင်တယ်။ တစ္ဆေတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ရေမရှိဘူး။ဒါက အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်လို့ခေါ်တယ်။ အချိန်မရှိ ၊ နေရာမရှိ ၊ စွမ်းအားကန့်သတ်ချက်မရှိဘူး။ တကယ်လို့ ငါက မင်းကို ထွက်ပြေးမသွားအောင် မတားမြစ်နိုင်ဘူးဆိုရင်တောင် စလာကတည်းက မင်းကို ရှင်းပစ်နိုင်တယ်…’
သွေးပြာလူသားက အံ့ဩမှင်တက်သွားခဲ့ပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။ ရုတ်တရက်ဆိုသလို မုန့်ချီ၏လက်က သူ့ကို ပြန်ဆွဲထားကြောင်း ခံစားမိလိုက်၏။ သူ၏ပင်မဝိညာဉ်က ဝေဝါးနေပြီး သူ၏ခန္ဓာကိုယ်က စတင်ပျက်စီးလာသည်။ သူ့ခန္ဓာကိုယ်က မုန့်ချီဆီသို့ ဆွဲခေါ်ခံလိုက်ရသလို ထင်မှတ်ရ၏။
"ခန္ဓာကိုယ် ဖျက်ဆီးခြင်းနဲ့ စိတ်ဝိညာဉ်ဖျက်စီးခြင်းကျင့်စဉ်လား…"
သူ့ရှေ့တွင် ရှိနေသောလူက မကောင်းဆိုးဝါးတစ်ကောင် ဖြစ်ခဲ့ဖူးကြောင်း သူလည်း နားလည်သွားခဲ့သည်။
သူက စိတ်ဝိညာဉ်စွမ်းအားများကို စုစည်းလိုက်ပြီး လျှို့ဝှက်ကျင့်စဉ်ကို အသက်သွင်းလိုက်၏။ သူ၏ခန္ဓာကိုယ်ထဲမှနေ၍ အပြာရောင် ဝဲကတော့များ ပျံ့နှံ့လာပြီး မုန့်ချီ၏စွမ်းအားကို ခုခံရန် ကြိုးစားလိုက်သည်။
ထိုအချိန်တွင် မုန့်ချီ၏လက် (၂) ဖက်က ညင်သာစွာ လှုပ်ရှားသွားခဲ့၏။
ထို့နောက် သူက တည်ငြိမ်းအေးချမ်းမှုနှင့် ပျော်ရွှင်မှုများကို ခံစားလိုက်ရပြီး ရေစီးကြောင်းငယ်လေးတစ်ခုက သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာသလို ခံစားလိုက်ရသည်။ သွေးပြာလူသားက သူ လေ့ကျင့်ထားသော လျှို့ဝှက်ကျင့်စဉ်များ ထိန်းချုပ်မှုကို လက်လွှတ်ဆုံးရှုံးလိုက်ရတော့မလို ခံစားလိုက်ရ၏။
"ကောင်းကင်နတ်ဆိုးကျင့်စဉ်…"
သို့သော် တခဏအတွင်း သွေးပြာလူသားက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ခဲ့၏။ သူက တည်ငြိမ်းအေးချမ်းမှုကို ပြန်လည်ရရှိခဲ့ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"သွားသေလိုက်စမ်း။ မင်းက သွားသေရမှာ..."
သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသော အပြာရောင်ဝဲကတော့လေးများက ရုတ်တရက် စုစည်းလာပြီး နှလုံးသား ပုံသဏ္ဍာန်တစ်ခု ပြောင်းလဲလာသည်။ ထို့နောက် နှလုံးသားက ပေါက်ကွဲသွားခဲ့၏။
အသက်မရှိသော အပြာရင့်ရောင်အရိပ်တစ်ခုကလည်း ကမ္ဘာမြေကြီးကို လွှမ်းခြုံလာခဲ့သည်။ ရေစွမ်းအားများက ရေကို ထိန်းချုပ်နိုင်သည့်အပြင် ကျူးကျော်လာသော စွမ်းအားများကိုလည်း ထိန်းချုပ်နိုင်သည်။ သွေးပြာလူသားက သူ မထိန်းချုပ်နိုင်သော စွမ်းအားများကို ခက်ခက်ခဲခဲ အသုံးပြုလိုက်ရပြီး ဖန်တီးခြင်းစွမ်းအင်များကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်၏။ သူက မဆင်မခြင် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။
အကယ်၍ သူက ရေသရဲတစ်ယောက် ဖြစ်နေလျှင်ပင် ဆက်လက် တည်ရှိနိုင်နေသေးသရွေ့ ခန္ဓာကိုယ်ထဲတွင် စွမ်းအားများ ရှိနေနိုင်သည်။ သွေးပြာလူသားက မုန့်ချီကို အပိုင်းပိုင်းအစစ ဖျက်ဆီးဖြစ်ချင်နေသည့်အလား မုန်းတီးစွာ ကြည့်လိုက်၏။
သူက မုန့်ချီ၏ စွမ်းအားများကို ဖျက်ဆီးပစ်ရန် ပြင်လိုက်စဉ် မုန့်ချီကလည်း ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရာ အပြာရင့်ရောင် ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲမှနေ၍ အပြာရောင်ဝဲကတော့လေးများ ထွက်ပေါ်လာပြီး ဖျက်ဆီးမှုနှင့် ထိန်းချုပ်မှုကို ခုခံနိုင်ခဲ့၏။
"ဘယ်လို..."
သွေးပြာလူသားက မျက်လုံးပြူးသွားခဲ့သည့်အချိန်တွင် မုန့်ချီက လှောင်ပြုံး ပြုံးနေသည်ကို တွေ့လိုက်ရသည်။
"သူက ငါတို့လို အမျိုးအစားအဖြစ် ပြောင်းလဲနိုင်တယ်။ သူကလည်း ရေစွမ်းအားတွေရဲ့ အရှင်သခင် ဖြစ်နိုင်တာပဲ…"
သူတို့က အမျိုးအစား တူညီနေပြီး တူညီသော အစွမ်းမျိုးရှိနေသည့်အချိန်တွင် မုန့်ချီကို အမှန်တကယ် နှောင့်ယှက်ရန် ခက်ခဲနိုင်သည်။
မုန့်ချီက ကောင်းကင်နတ်ဆိုးကျင့်စဉ်ကို ကောင်းမွန်စွာ အသုံးပြုနိုင်ခြင်း မရှိချေ။ သူက အဘိုးကြီးကျုံး၏ ချီစွမ်းအင်လှည့်ပတ်မှုလမ်းကြောင်းကို လေ့လာထားသည့် အတွက်ကြောင့် အသုံးပြုနိုင်ရုံသာ ရှိသည်။ ကောင်းကင်နတ်ဆိုးကျင့်စဉ်၏ တိုက်စားမှု (၄) သွယ်နှင့် ကောင်းကင်နတ်ဆိုး အဆုံးမဲ့သာယာမှု စွမ်းအားများကို အသွင်ပြောင်း(၇၂) မျိုးကျင့်စဉ်သုံး၍ တုပနိုင်ရုံသာ ရှိသည်။ သူက ထိုစွမ်းအင်များကို အသုံးချပြီး အနိုင်ရရန် လုံးဝမတွေးခဲ့ပေ။
တစ္ဆေတစ်ကောင်၏ ပုံသဏ္ဍာန်နှင့် စွမ်းရည်များ ရှိနေသည့်အတွက်ကြောင့် မုန့်ချီက ထိုအရာများကို အသုံးချပြီး သူ၏ရည်ရွယ်ချက်ကို ဖုံးကွယ်ထားနိုင်ခဲ့သည်။ သူက သူ၏စိတ်ဝိညာဉ်စွမ်းအားကို ရေစီးကြောင်းတစ်ခုအဖြစ် အသုံးချခဲ့ပြီး သွေးပြာလူသား၏ ခန္ဓာကိုယ်နှင့် ပင်မဝိညာဉ်ကို လေ့လာ၍ သူ၏ခန္ဓာကိုယ် တည်ဆောက်ပုံကို နားလည်နိုင်ခဲ့၏။ အဆုံးတွင်တော့ မုန့်ချီကလည်း သွေးပြာလူသားတစ်ယောက်အဖြစ် ဖန်တီးနိုင်ပြီး ရေစွမ်းအားများကို ရရှိလာခဲ့သည်။
သွေးပြာလူသားကတော့ အနည်းငယ် တုန်လှုပ်သွားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်၍ မရတော့ပေ။ တစ်ချိန်တည်းတွင် မုန့်ချီ၏နောက်ကျောမှနေ၍ လက်တစ်စုံ ပေါက်လာပြီး သွေးပြာလူသား၏ ပင်မဝိညာဉ် ရှိနေသောနေရာကို တံဆိပ်ခတ်လိုက်သည်။
“ပျော်ရွှင်ခြင်း၏လမ်းညွှန်မှုနှင့် ကမ္ဘာမြေကြီး၏တိုက်ခိုက်မှု..”
သွေးပြာလူသား၏ ပင်မဝိညာဉ်က ချုပ်နှောင်ခံလိုက်ရပြီး သူ၏နှလုံးသားက သိသိသာသာ လှုပ်ရှားသွားခဲ့သည်။ မုန့်ချီ၏ မှတ်ဉာဏ်များက သူ့ခေါင်းထဲသို့ ဝင်ရောက်လာခဲ့ပြီး ပထမဆုံး တွေ့ရသည့်အရာကတော့ အထူးခြားဆုံး ဖြစ်သည်။ သူ၏မှတ်ဉာဏ်များထဲတွင် လှိုင်းလုံးတစ်ခု မြင့်တက်လာပြီး အပြာရင့်ရောင် စိတ်ဝိညာဉ်ကျောင်းဆောင်ကြီးတစ်ခု ပေါ်လာခဲ့၏။
ထိုကျောင်းဆောင်ကြီးက သူ၏ပုံသဏ္ဍာန်ကြောင့် ရပ်တည်နေခြင်း ဖြစ်သည်။ ထိုအရာက တိုင်လုံးကြီးတစ်ခုဖြစ်ပြီး ထိုတိုင်လုံးပေါ်တွင် အတောင်ပံကဲ့သို့သော အပြာဖျော့ရောင် အဆောင်အယောင်များ ရှိနေခဲ့သည်။ ထိုအရာက အလွန်ထူးဆန်းပုံရသော စင်မြင့်တစ်ခုပေါ်တွင် အပြားကြီးတစ်ခု တင်ထားခြင်း ဖြစ်သည်။ ထိုအပေါ်တွင်တော့ နတ်ဘုရားရုပ်တုတစ်ခု ရှိနေခဲ့၏။
မုန့်ချီက ထိုနတ်ဘုရားကို စစ်ဆေးကြည့်ရန် ပြင်လိုက်စဉ် လှိုင်းလုံးများက သူ့ဆီကို လျင်မြန်စွာ ပျံ့နှံ့လာခဲ့သည်။
"ဗွမ်း..."
သွေးပြာလူသား၏ မှတ်ဉာဏ်များက ပျက်စီးသွားခဲ့ပြီး သူ၏သိစိတ် ပင်လယ်ထဲတွင် ရှိနေသော လှိုင်းလုံးများက စတင်ပျက်စီးလာခဲ့၏။
မုန့်ချီက သွေးပြာလူသား၏ခေါင်းကို လက်တစ်ဖက်နှင့် ချုပ်ကိုင်ထားသည်။ ထိုအရာကို မြင်သည့်အခါ သူက လက်ကို ရုတ်သိမ်း၍ နောက်ပစ်ထားခဲ့သည်။ သွေးပြာလူသား၏ ခန္ဓာကိုယ်က ရေထဲတွင် ပျက်စီးသွားခဲ့ပြီး အငွေ့ပျံသွားသည်ကို မြင်သည့်အခါ သူလည်း မျက်မှောင်ကြုတ်လိုက်မိသည်။
နောက်ဆုံးတော့ မုန့်ချီ၏ ညာဘက်လက်ဖဝါးထဲတွင် အလွန်လျှို့ဝှက်ဆန်းကြယ်သော အပြာရောင် သလင်းကျောက်ကလေးတစ်ခု ပေါ်လာခဲ့သည်။ ထိုသလင်းကျောက်၏ အတွင်းထဲတွင်တော့ ရေလှိုင်းလေးများ ရှိနေခဲ့၏။
"ဒါက စုံစမ်းစစ်ဆေးတာတွေကို တားဆီးနိုင်တာပဲ.."
မုန့်ချီက လက်နောက်ပစ်လိုက်ပြီး အပြာရောင်သလင်းကျောက်လေးကို သေချာစိုက်ကြည့်နေခဲ့သည်။
အစောပိုင်းတွင် ရှာဖွေခဲ့လိုက်ပြီးနောက် သွေးပြာလူသား၏ ခန္ဓာကိုယ်က သာမန်လူသားများ၊ နတ်ဆိုးမျိုးနွယ်ဝင်များနှင့် ကွဲပြားကြောင်း တွေ့လိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်ထဲတွင် သွေးကြောမှတ်များ၊ ကိုယ်တွင်းအင်္ဂါများ ပါဝင်နေခြင်း မရှိချေ။
ထိုအစား သူတို့၏ခန္ဓာကိုယ်က အစက်အပြောက်များ ပြည့်နှက်နေပြီး အလွန်ပါးလွှာသော သွေးကြောငယ်လေးများကလည်း သစ်ကိုင်းများကဲ့သို့ ရှိနေသည်။ ထိုသစ်ကိုင်းတစ်ခုချင်းဆီတိုင်းက ရေစွမ်းအားများကို လှုံ့ဆော်နိုင်သော တံဆိပ်တစ်ခုကဲ့သို့ ဖြစ်နေပြီး အလွန်နူးညံ့သော လက်မှုပညာရှင်တစ်ယောက်၏ လက်ရာကဲ့သို့ ဖြစ်နေ၏။
"ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားလို့ သတ်မှတ်ထားတဲ့ မျိုးနွယ်လား…"
မုန့်ချီက နှာခေါင်းရှုံ့လိုက်မိသည်။
သူက ခဏကြာစဉ်းစားပြီး ဘုန်းတော်ကြီးဖာကျန်းအဖြစ် နောက်တစ်ကြိမ် ပြောင်းလဲလိုက်၏။ သူက အဝါရောင်ဝတ်စုံနှင့် အနီရောင်ခြုံလွှာကို ဝတ်ဆင်ထားပြီး မျက်နှာအမူအရာက လေးနက်နေခဲ့သည်။
သူက လင်းဟိုင်သို့ ပြန်လာခဲ့ပြီး သူ၏လက်ဖဝါးထဲတွင်တော့ အပြာရောင် သလင်းကျောက်လေး ရှိနေခဲ့၏။ သူက ယွင်မိသားစုစံအိမ်ရှေ့သို့ တိုက်ရိုက်ရောက်လာပြီး ဟယ်ကျူးကိုတွေ့ဆုံရန် တောင်းဆိုလိုက်သည်။
တောင်းဆိုမှုကို ကြားသည့်အချိန်တွင် ဟယ်ကျူးကလည်း ရေစွမ်းအားများကို ရုတ်တရက် ခံစားမိခဲ့၏။ သူ့ရင်ထဲတွင် လှုပ်ရှားသွားခဲ့ပြီး အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီး ဘုန်းတော်ကြီးဖာကျန်းကို ကြိုဆိုရန် အစေခံတစ်ယောက် စေလွှတ်လိုက်၏။ မည်သူကမျှ သူ့ကို သတိမထားမိခဲ့ပေ။
မုန့်ချီက ဧည့်သည်အဆောင်ထဲသို့ ရောက်ရှိလာသည့်အချိန်တွင် ရေကန်ထဲတွင် ရေတစ်စက်မျှ မရှိကြောင်း တွေ့လိုက်ရသည်။ ရေတွင်းကလည်း ခြောက်ကပ်နေခဲ့၏။ သူက အနည်းငယ် ခေါင်းညိတ်လိုက်မိသည်။ ကြည့်ရသည်မှာတော့ အရှေ့ပင်လယ်ဓားကျေးရွာက သွေးပြာလူသားများ၏ တည်ရှိမှုကို အမှန်တကယ် သိနေပုံရ၏။
ဟယ်ကျူး၊ ဟွမ်တိုက်ချုံနှင့် ဟယ်ရှိုတို့ကလည်း ပညာရှင်များ ဖြစ်ကြသည်။ သူတို့အားလုံးက စိတ်ရှည်လက်ရှည် စောင့်နေကြ၏။ မုန့်ချီက အထဲသို့ဝင်လာပြီး အစေခံက နောက်ဆုတ်သွားသည့်အချိန်မှသာ သူတို့က မုန့်ချီ၏ လက်ဖဝါးထဲတွင် ရှိနေသော အပြာရောင်သလင်းကျောက်ကို စိုက်ကြည့်လိုက်ကြ၏။
"ဆရာတော်ဖာကျန်းက သွေးပြာလူသားတွေကို တကယ်ပဲ သတ်ခဲ့တာလား…"
ယခုမှ သူ့ကိုယ်သူ ယုံကြည်ချက် ပြန်ရှိလာသော ဟယ်ကျူးက မေးလိုက်သည်။
"အော်မီတော်ဖော်...
ငါက လင်းဟိုင်ကနေ ထွက်သွားပြီး လူတွေကို ကယ်တင်ဖို့ ပြင်ဆင်နေတာ...။ ဒါပေမဲ့ ငါက သွေးပြာရောင် ဒကာတစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ သူက လူသားတစ်ယောက် ဝိညာဉ်တစ်ယောက် မဟုတ်သလို နတ်ဆိုးတစ်ယောက်လည်း မဟုတ်ဘူး။ သူက ငါ့ကို တိုက်ရိုက် တိုက်ခိုက်ခဲ့တယ်။ သူက တခြားသတ္တဝါတွေကို ထိခိုက်အောင်လုပ်မှာ စိုးရိမ်နေတဲ့အတွက် ငါက သူ့ကို ရှင်းပစ်လိုက်ရတယ်…"
မုန့်ချီကတော့ တရားနည်းလမ်းကျကျ ပြောပြလိုက်၏။
ဟွမ်တိုက်ချုံက မုန့်ချီကိုစိုက်ကြည့်ပြီး ရေရွတ်လိုက်သည်။
"ဆရာတော်ဖာကျန်းက အမြင်အာရုံတော်တော်လေး စူးရှတာပဲ။ ကျွန်တော်က ဆရာတော်ဖာကျန်းကို အလေးအနက် မထားမိခဲ့ဘူး…"
သူက ဟယ်ကျူးနှင့် အချင်းချင်းကြည့်လိုက်ပြီး ဆွေးနွေးလိုက်သည်။
"သွေးပြာလူသားတွေက လက်ဆောင်ရထားကြတဲ့အတွက် ထူးခြားတဲ့ ခန္ဓာကိုယ်တစ်ခု ရှိကြတယ်။ တကယ်လို့ အဆင့်မြင့်တဲ့ လူတစ်ယောက်သာဆိုရင် သာမန်လူတွေက သူတို့ကို ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူး။ တကယ်လို့ သိုင်းသခင်တစ်ယောက် ဖြစ်မယ်ဆိုရင်တော့ အနှစ်သာရတွေနဲ့ ပေါင်းစပ်ပြီး အဆင့်တူဖြစ်နေတဲ့ သွေးပြာလူသားတစ်ယောက်ကို အနိုင်ရနိုင်တယ်။ ဒီနှလုံးသားသလင်းကျောက်ကို ကြည့်ရတာတော့ ဆရာတော်ဖာကျန်းသတ်လိုက်တဲ့ သွေးပြာလူသားက ပထမကောင်းကင်လှေကားကို အခုလေးမှ ဖြတ်ကျော်ထားတာ...။ တကယ်လို့ သိုင်းသခင်တစ်ယောက်သာ မဟုတ်ဘူးဆိုရင် သူသတ်တာကို ခံရနိုင်တယ်.."
မုန့်ချီက နှလုံးသားသလင်းကျောက်နှင့်အတူ သူတို့ဆီသို့ ရောက်လာခဲ့သည့်အချိန်တွင် မုန့်ချီက အစစ်အမှန် သွေးပြာလူသားတစ်ယောက်ကိုတွေ့ခဲ့ပြီး အမှန်တကယ် သတ်ပစ်နိုင်ကြောင်း သူတို့က သိနေကြသည်။
အသိပညာဖလှယ်သည့် ခေါင်းစဉ်တပ်၍ သူတို့က ကိုယ့်ကိုယ်ကိုယ် လမ်းမှန်ပညာရှင်များဟု သတ်မှတ်နိုင်သော်လည်း သူတို့က အချက်အလက် အနည်းငယ်သာ ထုတ်ဖော်ပြောပြခဲ့သည်။
Translated by Hein Htet.